Switch Mode

Chapter 2

ပိုက်ဆံရှာနည်း

ရဲ့လင်းချန်၏ အပြုအမူက လူတိုင်း၏ အာရုံကို ဖမ်းစားသွားလေသည်။

“သူက တကယ်ကို ပုစ္ဆာကို တွက်ရဲတာပဲ၊ အံ့ဩဖို့ကောင်းလိုက်တာ”

“လခွမ်း၊ အထင်ကြီးစရာပဲဟေ့၊ ငါက ဖြေရှင်းချက်ဆိုတဲ့ စာလုံးပဲ ရေးနိုင်တာ၊ အနည်းဆုံးတော့ သူ ရေတွက်မှုအပိုင်း ဆိုတဲ့စာလုံးတော့ ရေးနိုင်မှာပါ”

“သူ ဟန်ဆောင်နေတာပါကွာ၊ သူ သိတဲ့ ပုံသေနည်းတစ်ခုကို သုံးပြီး ရေးချင်ရာ ရေးမှာလို့ ငါ လောင်းရဲတယ်”

အစပိုင်း၌ မိစ္ဆာလီသည် ဒေါသအိုး ပေါက်ကွဲရန် တဲတဲလေးမျှသာ လိုတော့သည်။ သူ့ဒေါသထွက်ပေါက် ရှာရန်အတွက် ရဲ့လင်းချန် အမှားလုပ်မိမည့် အချိန်ကို စောင့်နေခြင်း ဖြစ်သည်။ သို့သော် ကျောက်သင်ပုန်း၌ ချရေးထားသော အကြောင်းအရာကို မြင်လိုက်ရချိန်တွင် သူ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ သူ ပါးစပ် တပြင်ပြင် ဖြစ်လာသော်လည်း တစ်ခွန်းမျှ မဟနိုင်ပေ။

တစ်ခန်းလုံးတွင် ရဲ့လင်းချန် ကျောက်သင်ပုန်း၌ ချရေးနေသော အသံတစ်ခုတည်းကိုသာ ကြားနေရသည်။

ပုံသေနည်း ရေးပြီးသည်နှင့် ရဲ့လင်းချန်က မြေဖြူကိုကိုင်၍ ဆက်၍ ရေးနေသည်။ ပထမနှစ်မှ နောက်ဆုံးနှစ်အထိ သင်ယူခဲ့ရသည့် ပုံသေနည်းများတွင် အသုံးများသော ပုံသေနည်းများ ရှိသလို သမားရိုးကျ မဟုတ်သော ပုံသေနည်းများ ရှိလေသည်။ ရဲ့လင်းချန်က ထိုပုံသေနည်းများကို အကျိုးရှိရှိ အသုံးချနေပြီး မတူညီသော ပုံသေနည်းများဖြင့် ပုစ္ဆာကို ပြီးပြည့်စုံစွာ တွက်ချက်ပြလိုက်သည်။

အတန်း၏ ဆန်ကုန်မြေလေးများက ပုစ္ဆာဖြေရှင်းသည့်နည်းလမ်းကို နားလည်နိုင်မည် မဟုတ်ပါ။ သူ၏ စွမ်းအောင်မှုကြောင့် အတန်း၏ လူရည်ချွန်အချို့သာ အံ့ဩမှင်တက်နေကြသည်။ သူတို့၏ စိတ်ထဲတွင် ထိုပုစ္ဆာက ရဲ့လင်းချန် လက်ထဲရောက်မှ အသက်ဝင်လာသည်ဟု ခံစားမိနေသည်။

*လတ်စသက်တော့ ဒီပုံသေနည်းတွေကို ဒီလိုအသုံးချနိုင်တာပဲ၊ ဒီမေးခွန်းမှာ ဒီပုံသေနည်း သုံးဖို့ လိုတာကိုး*

ဖက်တီးကျန်းသည် ရဲ့လင်းချန်ထံမှ ရောင်ခြည်များ ဖြာထွက်နေသကဲ့သို့ တအံ့တဩ ငေးကြည့်နေသည်။ ဘာဖြစ်နေမှန်း ဖက်တီးကျန်း မသိသော်လည်း ရဲ့လင်းချန်က ရှိန်လောက်သော လူတစ်ယောက် ဖြစ်နေသည့်ပုံပင်။

နောက်ဆုံးတွင် d=2 ဟူသော အဖြေဖြင့် ပြီးပြည့်စုံစွာ အဆုံးသတ်သွားလေ၏။

“အံ့ဩစရာကောင်းလောက်အောင် သူ တွက်နိုင်တာပဲ၊ အဖြေက တကယ်ပဲ d=2 လား”

“လခွမ်း၊ ဒါ တကယ်ကြီးလား၊ ငါ့လောကကြီး ပြိုကျတော့မယ်လို့ ခံစားနေရတယ်”

“ဒါ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား၊ ရဲ့လင်းချန်က တကယ်ပဲ ရွက်ပုန်းသီး လူရည်ချွန်လား”

“စာမေးပွဲတိုင်း သုညရနေတာက သူ့ကံကြောင့် မဟုတ်ဘဲ သူ့ဉာဏ်နဲ့ တမင်လုပ်တာ ဖြစ်နေတာလား”

လူတိုင်း အံ့ဩကာ ကြက်သေ သေနေကြသည်။ ရဲ့လင်းချန်၏ ဆောင်ရွက်ချက်က သူတို့၏ အတွေးကို ကယောင်ခြောက်ခြား ဖြစ်သွားစေကာ ဆူညံ ပွက်လောရိုက်သွားစေသည်။

“ငြိမ်ငြိမ်နေစမ်း”

မိစ္ဆာလီက တင်းမာသော အကြည့်များဖြင့် ကျောင်းသားတိုင်း၏ ဂနာမငြိမ် ဖြစ်နေသော ခံစားချက်ကို ဖိနှိပ် လိုက်သည်။

“ကျောင်းသား ရဲ့လင်းချန် ပုစ္ဆာဖြေရှင်းနေတာကို မနှောင့်ယှက်နဲ့”

“အဖြေက ထွက်နေပြီ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ပုစ္ဆာက တွက်လို့ မပြီးသေးရတာလဲ”

လူတိုင်း ကျောက်သင်ပုန်းကို ပြန်ကြည့်လိုက်မိကြသည်။ ထိုအခါ သူတို့၏ မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်လာ၏။ ရဲ့လင်းချန်က နောက်နည်းလမ်းတစ်ခုဖြင့် အစောပိုင်းက ပုစ္ဆာက တွက်ပြနေသဖြင့် အားလုံး အံ့ဩသွားကြပြန်သည်။

လက်ရှိတွင် ရဲ့လင်းချန်က ရှုထောင့်ပြောင်း၍ နောက်ထပ် ပုံသေနည်းတစ်ခုဖြင့် ပုစ္ဆာကို တွက်ပြနေ၏။ သူသည် မြေဖြူအား အားသွန်ခွန်စိုက် ကိုင်၍ တွက်နေလေသည်။

သူ၏လက်ရေးက ယခင်ထက်ပင် ပိုမြန်လာပြီးနောက် d=2 ဟူသော အဖြေသာ ထပ်ထွက်လာသည်။ ရဲ့လင်းချန်သည် ပုံသေနည်းနှစ်ခုဖြင့် တွက်ပြီးသော်လည်း မြေဖြူကိုကိုင်၍ ဆက်ရပ်နေသည်။ သူသည် အတွေးထဲ နစ်နေသကဲ့သို့ ကျောက်သင်ပုန်းရှေ့၌ ငြိမ်၍ရပ်နေ၏။ တစ်ခဏကြာသော် သူသည် ဒုတိယဖြေရှင်းနည်းဘေး၌ နံပါတ်သုံးဟု ရေးချလိုက်သည်။

*တ…တတိနည်း ရှိသေးတာလား*

မိစ္ဆာလီ အသက်ရှူမြန်လာသည်။ တစ်ခန်းလုံးမှ ကျောင်းသားများထက် သူက ပို၍ အံ့ဩနေရသူ ဖြစ်သည်။ ဤပုစ္ဆာက အထက်တန်းကျောင်း၏ အခက်ဆုံးသော အပိုင်းများကို စုစည်းထားသော ပုစ္ဆာဟု ဆိုရပေမည်။ ဤပုစ္ဆာအား ဖြေရှင်းရန် သမားရိုးကျ မဟုတ်သော ပုံသေနည်းကို လိုအပ်ပေသည်။ တစ်ချို့သော အပိုင်းများဆိုလျင် အထက်တန်းကျောင်း၏ သင်ရိုးမာတိကာထဲကပင် ကျော်လွန်နေသေးသည်။

သို့သော် ရဲ့လင်းချန်က သင်ယူထားခဲ့သော ဗဟုသုတများကို ထက်မြက်စွာ အသုံးချ၍ ပုစ္ဆာကို ဖြေရှင်းနိုင်နေသည်။ မိစ္ဆာလီသည် မိမိက ဆရာတစ်ယောက် ဖြစ်သော်ငြားလည်း ရဲ့လင်းချန်ကို နှိမ်ချခဲ့သည့် လုပ်ရပ်ကို အရှက်ရမိလာသည်။

တတိယနည်းလမ်းကို မြင်လိုက်ပြီးနောက် မိစ္ဆာလီ မျက်မှောင်ကြုတ်သွားသည်။ သူ စကြဝဠာအသစ်စက်စက်ကို မြင်တွေ့လိုက်ရသည်ဟု ခံစားမိလာရသည်။ သူ မနေနိုင်ဘဲ ခပ်ကျယ်ကျယ် ရေရွတ်လိုက်မိသည်။

“ဒီပုစ္ဆာကို ဒီနည်းနဲ့လည်း ရှင်းလို့ရတာပဲကိုး”

အထင်ကြီးစရာကောင်းလှသည်။ ရဲ့လင်းချန်၏ ပုစ္ဆာကို ဖြေရှင်းသော တတိယနည်းက ပုံစံကားချပ်ဆွဲ၍ ရှင်းခြင်းပင်။ နည်းလမ်းက ရိုးစင်းသော်လည်း ထိရောက်သည်။ တစ်စုံတစ်ယောက်က ဤပုံစံကားချပ်ကို ကြည့်ခြင်းဖြင့် ပုစ္ဆာအဖြေက ၂ ဖြစ်ကြောင်း တန်းသိနိုင်ပေသည်။

“မှော်ဆရာ၊ သူက မှော်ဆရာပဲ”

မိစ္ဆာလီသည် ဝိညာဉ် ပျောက်ဆုံးသွားသကဲ့သို့ ခံစားလာရသည်။ ကျောက်သင်ပုန်းမှ အဖြေကိုကြည်ပြီး ရဲ့လင်းချန်ကို ဆရာတင်၍ သူ ကျောင်းသားလုပ်သင့်ကြောင်း ထင်မြင်လာ၏။

“ဟူး … ကျောက်သင်ပုန်းပေါ်မှာ ထပ်မဆံ့တော့ဘူး”

ရဲ့လင်းချန်က သက်ပြင်းချ၍ မြေဖြူကို ပြန်ချလိုက်သည်။

*သူ့မှာ ပုစ္ဆာကို ဖြေရှင်းနိုင်တဲ့ လေးခုမြောက် နည်းလမ်းရှိသေးတာလား*

ကျောင်းသားများ တအံ့တဩဖြင့် ပါးစပ်ကိုအုပ်နေပြီး မျက်ရည်ကျလုနီးနီး ဖြစ်နေကြသည်။ ဤသို့ တစ်မူထူးသော ပါရမီရှင်မျိုး လောက၌ တကယ် တည်ရှိနေသည်။ ဤအဖြစ်အား မည်သူ့ကိုမှ အပြစ်မတင်နိုင်ဘဲ ကောင်းကင်ဘုံ၏ တရားမမျှတမှုဟုသာ ဆိုရပေမည်။

“ရဲ့လင်းချန်ရဲ့ ပုစ္ဆာဖြေရှင်းတဲ့နည်းက တအားကို ပြီးပြည့်စုံလွန်းတယ်၊ သူ့နည်းသုံးခုလုံးက ချို့ယွင်းချက် မရှိတဲ့အထိ ကောင်းမွန်တယ်၊ အားလုံး ဒါကို မှတ်စုရေးပြီး သင်ယူထားကြ”

မိစ္ဆာလီက ရဲ့လင်းချန်၏ စွမ်းဆောင်ရည်ကို သဘောကျစွာဖြင့် ပခုံးပုတ်၍ ချီးကျူးလေသည်။ သူ၏ ယခင်က ခက်ထန်မှုများ အစရှာမရအောင် ပျောက်ကွယ်သွားပြီး ကြင်နာ၍ ကျေးဇူးတင်သော အမူအရာများ အစားထိုး ပေါ်ထွက်လာသည်။

“မင်းက ငါ့တပည့်ဆိုတာကို သေသေချာချာ သက်သေပြလိုက်တာပဲ၊ မင်းက အထင်ကြီးစရာကောင်းတယ်၊ ဒီနေ့ကစပြီး မင်း တစ်ခြားကျောင်းသားတွေ စာသင်နေတာကို မနှောင့်ယှက်သရွေ့ ငါ့သင်ခန်းစာကို မင်းအာရုံမစိုက်လည်း ရတယ်၊ ငါ ခွင့်ပြုတယ်”

ရဲ့လင်းချန်က တစ်ခန်းလုံး၏ ဝိုင်းကြည့်နေသောအကြည့်အောက်၌ တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်ခုံသို့ သွားပြန်ထိုင် လိုက်သည်။ ဖက်တီးကျန်းသည် အစောကတည်းက ကြက်သေ သေ၍ စိတ်ရှုပ်ထွေးနေလေ၏။ သူသည် ရဲ့လင်းချန်အား ပါးစပ်လှုပ်ရုံမျှ လှမ်းပြောလိုက်သည်။

“မင်း သောက်ရမ်းမိုက်တယ်ကွာ”

ရဲ့လင်းချန်သည် အစောပိုင်းက သူ၏ ထူးချွန်မှုက ဘာမှမဟုတ်ဟန်ဖြင့် ပခုံးတွန့်ပြလေသည်။ သူသည် စားပွဲပေါ်မှ သင်္ချာဖတ်စာအုပ်ကို ဖယ်၍ အင်္ဂလိပ်စာ ဖတ်စာအုပ်ကိုထုတ်၍ စာရွက်တစ်ရွက်ခြင်းကို လှန်လောလေသည်။

သူသည် စာဖတ်နေသည်နှင့် မတူလောက်အောင် စာရွက်များကို လျင်မြန်စွာ လှန်လောနေ၏။ သို့ရာတွင် ရဲ့လင်းချန်၏ အပြုအမူကိုမြင်ပြီး အခြားသူများက ဉာဏ်အလင်းရသွားသော အမူအရာမျိုး ဖြစ်လာသည်။

*ဒါကပဲ ပါရမီရှင်နဲ့ သာမန်လူတွေရဲ့ မတူခြားနားတဲ့ အချက်များလား*

[အင်္ဂလိပ်စာဖတ်စာအုပ်အား ကိုယ်တိုင်လေ့လာခြင်း၊ အင်္ဂလိပ်စာ စွမ်းရည် တစ်မှတ်]

ကလင် ကလင် ကလင်။

နောက်ဆုံးစာသင်ချိန် ပြီးဆုံးသော ခေါင်းလောင်းသံ ထွက်လာချိန်တွင် တစ်နေ့တာ စာသင်ခြင်း ကုန်ဆုံး သွားလေသည်။ ကျောင်းသားတိုင်း လွယ်အိတ်ထဲသို့ ပစ္စည်းများ ပြန်ထည့်၍ ပုံမှန်အတိုင်း အိမ်ပြန်ရန် ပြင်ဆင်ကြလေသည်။

“ဖက်တီးကျန်း ငါ့ကို ပြောပြဦး၊ အခု ပိုက်ဆံရှာဖို့ အကောင်းဆုံးနည်းက ဘာလဲ”

ရဲ့လင်းချန်က ဖက်တီးကျန်းကို လှမ်းမေးလိုက်သည်။

“ပိုက်ဆံရှာဖို့လား”

ဖက်တီးကျန်းက ရဲ့လင်းချန်ကို အံ့ဩဟန်ဖြင့် ပြန်ကြည့်လေသည်။

“ငါတို့ ပိုက်ဆံရှာဖို့က တက္ကသိုလ်ကျောင်းသား အရည်အချင်းရှိမှ ဖြစ်ဦးမှာလေ၊ မင်းမှာ ပိုက်ဆံအခက်အခဲ ရှိနေရင် ငါ မင်းကို နည်းနည်းချေးလို့ ရပါတယ်ကွ”

“ချီးပဲ … လူတစ်ယောက်က တက္ကသိုလ်မတက်ရင် ပိုက်ဆံမရှာနိုင်ဘူးလို့ ဘယ်သူ ပြောလဲ”

ရဲ့လင်းချန် နှုတ်ခမ်းစူမိသွားသည်။

“အခုအချိန်က လူတစ်ယောက်က ကိုယ့်အရည်အချင်းနဲ့ အခြားသူတွေကို ယှဉ်ပြိုင်နေရတဲ့အချိန်လေ၊ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါကွာ၊ ပိုက်ဆံရှာနိုင်မယ့် အကောင်းဆုံး နည်းလမ်းကို မင်း သိလား”

“အဲ့တော့ မင်းက တကယ်ကြီး ပိုက်ဆံရှာချင်နေတာလား”

ဖက်တီးကျန်း၏ ခပ်ဖိုင့်ဖိုင့်မျက်နှာကြီးက ရှုံ့မဲလာသည်။

“မင်းပြောတာ မှန်တယ်၊ အခု မင်းက ပညာရေးမှာ တအားတော်နေတော့ မင်း ဘာထပ်သင်စရာ လိုဦးမှာလဲ”

သူ တစ်ခဏမျှ ငြိမ်သွားပြီးမှ ဆက်ပြောလေသည်။

“အဲ့ဒါ တိုက်ရိုက်ထုတ်လွှင့်တာပဲကွ”

“တိုက်ရိုက်ထုတ်လွှင့်တာလား”

ရဲ့လင်းချန် စဉ်းစားရခက်သွားသည်။

“ဟုတ်တယ်၊ တိုက်ရိုက် ထုတ်လွှင့်တာလည်း ပိုက်ဆံရှာနည်း တစ်ခုပဲကွ၊ တိုက်ရိုက်ထုတ်လွှင့်တဲ့လူတွေရဲ့ တစ်နှစ် ဝင်ငွေက တစ်သန်းကျော်ရတာ ပုံမှန်ပဲလို့ ငါ ကြားဖူးတယ်၊ မင်း အင်တာနက်ကို အသုံးချပြီး ပိုက်ဆံရှာလို့ ရတယ်”

ဖက်တီးကျန်းက ဝမ်းသာ၍ အားကျဟန်ဖြင့် ပြောပြလေသည်။

“မင်း ဝတ္ထုရေးတာကနေလည်း ငွေရှာလို့ရတယ်၊ အဲ့ဒါက မင်းရဲ့ ကျော်ကြားမှုကို မြင့်တက်လာစေသလို ပိုက်ဆံလည်း ရစေတယ်လေ”

လူတစ်ယောက်သည် ဝတ္ထုရေးရန်အတွက် အချိန်အတော်ကြာ အရည်အချင်းများနှင့် အတွေ့အကြုံများ ဆည်းပူးရန် လိုအပ်ပြီး စာရေးခြင်းက အလောသုံးဆယ် လုပ်၍ရသော ကိစ္စမဟုတ်ပေ။ ရဲ့လင်းချန် ထိုအကြံကို ချက်ချင်း ဖယ်လိုက်သည်။

“အဲ့တော့ တစ်ခုခုနဲ့ ပတ်သက်ပြီး တိုက်ရိုက်ထုတ်လွှင့်တာကို မင်း ပြောချင်တာလား”

“မင်းက မိန်းကလေး မဟုတ်တော့ မင်းအလှနဲ့ ပိုက်ဆံရှာလို့ မရဘူးလေ၊ မင်းအတွက် အကောင်းဆုံးကတော့ မင်း ဂိမ်းကစားတာကို တိုက်ရိုက်ထုတ်လွှင့်တာပဲ”

ဖက်တီးကျန်းက သူ လေ့လာထားသမျှကို ရှင်းပြလေသည်။

“DotA, LoL, PUBG နဲ့ တစ်ခြားဂိမ်းတွေပေါ့ကွာ၊ အဲ့လိုတိုက်ရိုက်ထုတ်လွှင့်တာတွေကို ကြည့်တဲ့ ပရိသတ်က ထောင်ချီတယ်လေ”

“ဒါပေမဲ့ မင်း အရင်က တစ်ခါမှ ဂိမ်းမကစားဖူးဘူးမလား၊ မင်းအတွက် ဒါက နည်းနည်းတော့ ခက်ခဲတဲ့ လမ်းကြောင်း ဖြစ်နိုင်တယ်”

ဖက်တီးကျန်းက ခပ်အေးအေး ထပ်ပြောလိုက်သည်။ ရဲ့လင်းချန်က ဖက်တီးကျန်း၏ ပခုံးကို ပုတ်၍ ပြန်ပြောလိုက်သည်။

“ငါ သိပြီ၊ ကျေးဇူးပဲကွာ”

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲက နီးကပ်နေပြီ ဖြစ်သည်။ ကျောင်းသားများ စိတ်ဖိစီးမှု လွန်ကဲခြင်းအား တားမြစ်ရန်အတွက် ကျောင်းက ကျောင်းသားများ ညအထိ စာလေ့လာခြင်းကို မတင်းကြပ်ပေ။ ရဲ့လင်းချန်သည် ကျောင်းဆင်းသည်နှင့် တရုတ်ရိုးရာ တိုင်းရင်းဆေး ဆေးရုံသို့ တန်းသွားလေသည်။

“အဖေ ဒီနေ့ အလုပ်များလား”

ရဲ့လင်းချန်က ဆေးရုံ၏ စီမံခန့်ခွဲရေးရုံးခန်းသို့ အေးအေးဆေးဆေး ဝင်သွားပြီး စားပွဲပေါ် လွယ်အိတ် တင်လိုက်သည်။ ရဲ့ကျင်းက မျက်မှန်ကို ပင့်ကာ ပြန်ပြောလေသည်။

“အဖေ ဒီည ခွဲစိတ်ခန်းဝင်ရဦးမယ်၊ မင်း အဖေ့ရုံးခန်းမှာ နေပြီး စာကြည့်နေပေါ့”

*ငါ ထင်တဲ့အတိုင်းပဲ အဖေ ခွဲခန်းဝင်ရဦးမှာကိုး*

ရဲ့လင်းချန် နှုတ်ခမ်းစူမိသွားသည်။ သူ့အဖေ၏ အဖြေက အမြဲတမ်း အတူတူပင်။ ရဲ့ကျင်းသည် တရုတ်တိုင်းရင်းဆေး ဆေးရုံ၏ တာဝန်ခံ ဆရာဝန်ဖြစ်သည်။ သူ၏ နေ့ရက်အား ဆေးရုံ၌ အလုပ်ရှုပ်၍ ကုန်ဆုံးရသည်။ သူသည် သားဖြစ်သူ ရဲ့လင်းချန်အပေါ် အချိန်မပေးနိုင်၍ အပြစ်ရှိသလို ခံစားရပုံပေါ်သည်။ ရဲ့လင်းချန် စာမေးပွဲ၌ ရလဒ်မကောင်းသည့်အပေါ်တွင် သူ တစ်ခါမှ အပြစ်မပေးဖူးချေ။

သူ၏တစ်ခုတည်းသော တောင်းဆိုချက်က ရဲ့လင်းချန်အား ကျောင်းဆင်းသည်နှင့် ဆေးရုံသို့လာ၍ နေ့တိုင်း စာပြန်ကြည့်ရန်ပင်။

ရဲ့လင်းချန် ခုံကိုဆွဲထုတ်၍ ထိုင်လိုက်သည်။ သူသည် စာကြည့်ရန်အတွက် မည်သည့်စာအုပ်ကိုမှ မထုတ်ဘဲ အခန်းကိုသာ ဝေ့ကြည့်နေ၏။ နောက်ဆုံးတွင် စားပွဲပေါ်မှ ဆေးစာအုပ်အထူပေါ်သို့ အကြည့်ရောက်သွားသည်။

ထိုစာအုပ်များမှာ ဆေးပညာ အနှစ်ချုပ်၊ အဆင်သင့် ကိုးကားရန်အတွက် တန်ဖိုးမဖြတ်နိုင်သော ဆေးညွှန်းများ၊ ခန္ဓာဗေဒနှင့် ဇီဝမ္မဗေဒ တို့ဖြစ်သည်။

ဆေးရုံက မိမိဝန်ထမ်းများကို ဆေးပညာနှင့် သတ်ဆိုင်သော စာအုပ်များ တစ်လတစ်ကြိမ် ဝေငှပေးသည်ဟု သူ့ဖခင်ထံမှ ကြားခဲ့ဖူးသည်။ သို့မှသာ ဝန်ထမ်းများ မိမိတို့၏ အသိပညာကို တိုးပွားနိုင်ပေမည်။ သူ့ဖခင် ဖတ်ပြီးသလား၊ မဖတ်ရသေးသလား သူ မသိပေ။

ရဲ့လင်းချန် စာအုပ်တစ်အုပ်ကို ကောက်ယူ၍ သာမန်ကာလျှံကာ လှန်လှောကြည့်လိုက်သည်။

[ဆေးပညာ အနှစ်ချုပ်အား ကိုယ်တိုင် လေ့လာခြင်း၊ တရုတ်တိုင်းရင်းဆေးပညာ စွမ်းရည် တစ်မှတ်]

[ဆေးပညာ အနှစ်ချုပ်အား ကိုယ်တိုင် လေ့လာခြင်း၊ တရုတ်တိုင်းရင်းဆေးပညာ စွမ်းရည် တစ်မှတ်]

[ဆေးပညာ အနှစ်ချုပ်အား ကိုယ်တိုင် လေ့လာခြင်း၊ တရုတ်တိုင်းရင်းဆေးပညာ စွမ်းရည် တစ်မှတ်]

ရဲ့လင်းချန်၏ အတွေးထဲ၌ စာတန်းများက မရပ်မနား ဆက်တိုက် ပေါ်ထွက်နေသည်။ အနက်ရောင် ဖြစ်နေသော စွမ်းရည်အကန့်တစ်ခု ပွင့်လာပြီး သူ၏ အသစ်သင်ယူထားသော ဆေးပညာစွမ်းရည်ကို ဖော်ပြလာသည်။

[စွမ်းရည်အဆင့် ဆယ်ရာခိုင်နှုန်းနှင့် ဆက်လက် တိုးတက်ဆဲ]

နာရီဝက်ကြာပြီးနောက် ရဲ့ကျင်း ထိုင်နေရာမှ ထရပ်လိုက်ပြီး ရဲ့လင်းချန်က ဆေးပညာစာအုပ်များကို စိတ်ဝင်တစား ဖတ်နေသည်ကို တွေ့လိုက်ရသည်။ သူ ညင်သာစွာ သက်ပြင်းချပြီး ပြောလိုက်သည်။

“ဒီမှာနေပြီး အဖေ့ဂျူတီချိန်ကို ကာထားပေး၊ အဖေ ဒီနေ့ အသေးစား ခွဲစိတ်မှု လုပ်ရမှာဆိုတော့ နှစ်နာရီလောက် ကြာလိမ့်မယ်”

ရဲ့လင်းချန်က အေးအေးလူလူ ခေါင်းညိတ်၍ လက်ထဲမှ ဆေးပညာ စာအုပ်ကို ဆက်ဖတ်နေသည်။ သူသည် တစ်ချက် တစ်ချက် အလေးအနက် တွေးတောနေသကဲ့သို့ မျက်မှောင်ကြုတ်သွားသေးသည်။

“ဟုတ်သား၊ အဖ မင်းကို သတိပေးရဦးမယ်၊ စာအုပ်ကို ယူဖတ်တာက ကိစ္စမရှိဘူး၊ ဒါပေမဲ့ ဒါကို တစ်ခြားလူဆီမှာ နမော်နမဲ့ သွားမစမ်းကျင့်နဲ့၊ ဆေးပညာရဲ့ စည်းကမ်းနံပါတ်တစ်က သေချာမှုမရှိဘဲနဲ့ ဆေးကုသခြင်း ဆောင်ရွက်တာကို ရှောင်ကြဉ်ပါတဲ့”

ရဲ့ကျင်းက အလွန် အလေးအနက်ထားသော လေသံဖြင့် ပြောလိုက်သည်။ ရဲ့လင်းချန်၏ အကျင့်စရိုက်ကို ရဲ့ကျင်း ကောင်းကောင်း သိသည်။ ရဲ့လင်းချန်သာ စာအုပ်ဖတ်ပြီး လူနာများကို ဆေးပညာ လေ့ကျင်ဟန်ဖြင့် ကျပန်း ကုသလိုက်ပါက သူ ဒုက္ခ အကြီးအကျယ် ရောက်ပေတော့မည်။

[ဆေးပညာကျင့်ဝတ်ဆိုင်ရာ ဆရာဝန်၏ လမ်းညွှန်မှု ရရှိခြင်း၊ တရုတ်တိုင်းရင်း ဆေးပညာစွမ်းရည် ဆယ်မှတ်]

[ဆေးပညာကျင့်ဝတ်ဆိုင်ရာ ဆရာဝန်၏ လမ်းညွှန်မှု ရရှိခြင်း၊ တရုတ်တိုင်းရင်း ဆေးပညာစွမ်းရည် ဆယ်မှတ်]

*လခွမ်း ငါတော့ ကံဆိုးပြီနဲ့တူတယ်*

ရဲ့လင်းချန်၏ ဖခင်ပေါ်မြင်သော အမြင်က အကြီးအကျယ် ပြောင်းလဲသွားသည်။ ရဲ့လင်းချန်သည် ရဲ့ကျင်း အခန်းထဲမှ ထွက်သွားသည်နှင့် ဆေးပညာ အနှစ်ချုပ်စာအုပ်သို့ အကြည့်ပြန်လွှဲလိုက်သည်။ ထိုအခါ သူ၏ စွမ်းရည်အမှတ်က ဆက်မတိုးတော့သည်ကို တွေ့လိုက်ရသည်။

“ငါ ထင်တဲ့အတိုင်းပဲ စာအုပ်တစ်အုပ်တည်းကိုပဲ ဆက်ဖတ်နေရင် ငါ့စွမ်းရည်အဆင့် တိုးတက်နှုန်းက အကန့်အသတ် ရှိနေတာကိုး”

ရဲ့လင်းချန် တစ်ခဏမျှ တွေးဆနေပြီးနောက် အဆင်သင့် ကိုးကားရန်အတွက် တန်ဖိုးမဖြတ်နိုင်သော ဆေးညွှန်းများ စာအုပ်ကို ကောက်ဖတ်လိုက်သည်။ သူ၏စွမ်းရည်အဆင့်က တစ်ဖန်ပြန်၍ တိုးလာလေသည်။

သူ၏ ခန့်မှန်းချက်အတိုင်းပင် စာအုပ်တစ်အုပ်ကိုသာ ဆက်ဖတ်နေပါက သူ၏စွမ်းရည်အဆင့် တိုးတက်မှုက အကန့်အသတ် ဖြစ်ဖြစ်သွားသည်။ အတတ်ပညာရှင်တစ်ယောက်၏ အသိပညာက စာအုပ်တစ်အုပ်ထဲ၌သာ ရှိနေနိုင်မည် မဟုတ်ပါ။ သူ၏ စွမ်းရည်အဆင့် တိုးတက်နှုန်းကိုကြည့်ပြီး စွမ်းရည် မြင့်တက်လာအောင် လုပ်ပေးနိုင်မည့် စာအုပ်များ နည်းလာတော့မည်ဟု ခန့်မှန်းမိသည်။ နောက်ဆုံးတွင် သူ၏ စွမ်းရည်အဆင့် ဆက်မြင့်တက်လာအောင် လုပ်နိုင်သည့် နည်းလမ်းမှာ ဆရာများ၏ နည်းလမ်းညွှန်ပြမှုကို ရှာဖွေခြင်းသာ ရှိတော့သည်။

ရဲ့လင်းချန်သည် ထိုအတွေးများကို အချိန်တစ်ခုမျှ သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သော်လည်း သူ၏အကြည့်များက ဖခင်ဖြစ်သူ၏ စားပွဲပေါ်မှ ကွန်ပျူတာထံ အကြည့်ရောက်သွားသည်။

*တိုက်ရိုက်ထုတ်လွှင့်ခြင်းတဲ့လား၊ ငါ အခု စမ်းကြည့်ရင်ရော …*

Comment

  1. Aung Zaymyint says:

    Good novel

Leave a Reply

Options

not work with dark mode
Reset