အပိုင်း(၁၃၇၇)

ဂူထျန်းရှင်း၏သေခြင်းရှင်ခြင်း

ကျူးယန့်မင်းသားက သတင်းကို ထုတ်ပြန်လျှင် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများက ရီဖူရှင်းကို သုန်မှုန်စွာဖြင့် ကြည့်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ပြောသည် “သွားကြစို့…”

ထို့နောက်တွင် သူတို့သည် ကောင်းကင်ထက်ကို တက်ကာ ထွက်ခွာသွားကြတော့သည်။

မိုးကြိုးကလန်ရှစ်ခုသည် သူတို့နောက်မှ လိုက်ပါသွားကြ၏။ နတ်မိစ္ဆာမြို့တိုက်ပွဲတွင် မိုးကြိုးလမ်းစဉ်ကျင့်ကြံသူများသည် အရှက်တကွဲဖိနှိပ်ခံရပြီးဖြစ်ရာ သူတို့သည် ဆက်လက်နေလိုစိတ်များ မရှိကြတော့ပေ။

သူတို့အားလုံးက မထွက်ခွာခင် ရီဖူရှင်းကို စိုက်ကြည့်သွားခြင်းအား ကြည့်ကာ ရှားရှင်းယွန်က တီးတိုးပြောသည် “သူတို့အားလုံးက ရှင့်ကြောင့် အရှက်ရခဲ့မှတော့ သူတို့က ရှင့်ကို တစ်သက်မေ့မယ်မထင်တော့ဘူး”

ရီဖူရှင်းကား အမုန်းတရားများစွာကို ဖန်တီးခဲ့ပေသည်။ တစ်လောကလုံးရှေ့တွင် မိုးကြိုးလမ်းစဉ်တို့၏မူလဘူတဖြစ်သော ခရမ်းရင့်ကောင်းကင်နန်းတော်ကား သူတို့၏ဂုဏ်သိက္ခာများအားလုံး ကျဆင်းခဲ့ရသည်။

ရီဖူရှင်းက ရှန့်ထိုလေးဆင့်ကြိုက်ရာရွေးစေကာ တစ်ဆင့်ချင်းအား အနိုင်ယူပြခဲ့သည်။

ရီဖူရှင်းနှင့် ခရမ်းရင့်ကောင်းကင်နန်းတော်တို့အကြား ရန်မီးကာ စတင်တောက်လောင်ခဲ့ပြီဖြစ်ရာ ထိုသတင်းသည် မကြာခင် ပျံ့နှံ့သွားတော့မည်ဖြစ်သည်။

ရီဖူရှင်းက ပုခုံးတွန့်လိုက်သည်။ သူက ရှားရှင်းယွန်ကို ကြည့်ကာ ပြောသည် “သူတို့က မင်းသမီးကို ဘယ်လိုပြောဆိုဆက်ဆံခဲ့သလဲ မေ့သွားပြီလား”

ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများသည်ကား မိမိကိုယ်ကို လွန်စွာ အထင်ကြီးကာ တခြားလူများ၏ခံစားချက်များကို အလေးထားခြင်းအလျဉ်းမရှိရာ ရီဖူရှင်းက သူတို့အား သင်ခန်းစာအနည်းငယ်ပေးလိုခဲ့သည်။

ထို့အပြင် တိုက်ပွဲသည် အများရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူတို့ကသာ လူအများရှေ့၌ မတိုက်ခိုက်ခဲ့ပါက ခရမ်းရင့်ကောင်းကင်နန်းတော်သည် မျှမျှတတ တိုက်ခိုက်မည်ဟု အာမ မခံနိုင်ပေ။

ရှားရှင်းယွန်က သူမနှင့်ပတ်သက်၍ပြောလိုက်သောအခါ သူမသည် ရီဖူရှင်း၏မျက်လုံးများကို မကြည့်ရဲဘဲ တစ်ဘက်ကို လှည့်လိုက်သည်။ သူမက မည်သည့်စကားမှ မဆိုသော်လည်း သူမ၏ခံစားချက်များမူကား လှုပ်ခတ်ခဲ့ရသည်။

ဒါက သူမကြောင့်လား…

သည်မတိုင်ခင် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တစ်စုံတစ်ယောက်က သူမအား စကားပြောရင်အဆင့်မမှီဟု ပြောကြားခဲ့ရာ နောက်ပိုင်းပြဿနာများ ဆက်လာခဲ့၏။ ရီဖူရှင်းက ခရမ်းရင့်ကောင်းကင်နန်းတော်မှ ရှန့်ထိုလေးဆင့်ကို မောက်မာစွာ စိန်ခေါ်ခဲ့ကာ တစ်လောကလုံးရှေ့တွင် အနိုင်ယူပြခဲ့သည်။

လူများ တဖြည်းဖြည်း ကျဲပါးသွားကာ ထိပ်တန်းအင်အားစုများအားလုံး ထွက်ခွာသွားကြသည်။ သူတို့အားလုံးက ရီဖူရှင်းရှိရာအရပ်သို့ ကြည့်ရန် မေ့လျော့ခြင်းမရှိခဲ့ကြပေ။

ယနေ့ ရီဖူရှင်းနှင့်သူ့လူများသည် ထင်ပေါ်ခြင်းများအားလုံးကို ယူဆောင်သွားခဲ့ကြကာ ခရမ်းရင့်ကောင်းကင်နန်းတော်၏ဂုဏ်သိက္ခာမှာ မြေပြင်၌ ချနင်းခံခဲ့ရ၏။

သူတို့သည် လက်ရှိအခိုက်အတန့်တွင် ဂုဏ်ဝင့်နေလောက်ပေသည်။

သို့သော်လည်း သူတို့၏အနိုင်ရလဒ်သည် မည်မျှ တာရှည်မည်ကို မည်သူမှ မပြောနိုင်။

ကောင်းကင်အာဏာစက်ဘုံမှ အထွတ်အထိပ်အင်အားစုများအတွက်မူ သူတို့သည် အချင်းချင်း၏အင်အားများကို သိနားလည်ကြပေသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်သည် အထွတ်အထိပ်အင်အားစုငါးခုထဲမှ တစ်ခုဖြစ်ပေသည်။ သူတို့တွင် မရေမတွက်နိုင်သော တန်ခိုးရှင်များရှိပြီး ပင်မတပည့်အချို့ရှိပေသည်။ ထိုအထဲတွင် အချို့သော လူများမှာ နတ်ဆိုးဘုံခရီးကြမ်းသို့ စေလွှတ်ခဲ့ခြင်းမရှိပေ။ မည်သို့ဆိုစေ ထိုသို့သော ခရီးမှာ မမြင်နိုင်သော အန္တရာယ်များရှိရာ သူတို့က မလိုအပ်ဘဲ မစွန့်စားလိုကြပေ။ ဂိုဏ်းများက သူတို့၏ပင်မတပည့်များကို နတ်ဆိုးဘုံ၏နက်ရှိုင်းသောနေရာများသို့ မစေလွှတ်လိုကြပေ။

ရီဖူရှင်းသည် ခရမ်းရင့်ကောင်းကင်နန်းတော်ကို မြေလှန်ခဲ့ရာ တစ်နေ့တွင် ခရမ်းရင့်ကောင်းကင်နန်းတော်က သူ့အား လက်စားခြေမည်မှာ သေချာ၏။ ရန်ဟောင်တန်ခိုးရှင်များက သူ့ကို မည်သို့မျှလုပ်မည်မဟုတ်သော်လည်း ရှန့်ထိုတန်ခိုးရှင်များက လက်စားချေသတ်ဖြတ်ခြင်းကိုမူကား မည်သူမှ တားဆီးနိုင်မည်မဟုတ်ပေ။ သူတို့သည် ကျင့်ကြံခြင်းလောကတွင် တစ်ဖန်ပြန်တွေ့ကာ တိုက်ခိုက်ကြပေဦးမည်။

နှစ်ဘက်အင်အားစု၏အင်အားကွာဟချက်အရ ခရမ်းရင့်ကောင်းကင်နန်းတော်ကသာ သူတို့အား သတ်ဖြတ်လိုပါကလည်း မည်သူမှ ပြောဆိုရဲမည်မဟုတ်ပေ။

ထို့ကြောင့် လူအချို့၏အမြင်တွင် ရီဖူရှင်းတို့က ကောင်းမွန်သော အရည်အချင်းများအား ပြသခဲ့သော်လည်း သူတို့တွင် မှီခိုစရာ ထိပ်တန်းအင်အားစုများရှိမနေခြင်းက ကောင်းသောအချက်မဟုတ်ပေ။

သူ့တွင် ထိပ်တန်းအင်အားစုနောက်ခံမရှိသော်လည်း ထိပ်တန်းပါရမီရှိသည်။ ဆိုလိုသည်က သူသည် သူ့ပတ်ဝန်းကျင်၏တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံရနိုင်ချေများ၏။

ခရမ်းရင့်ကောင်းကင်နန်းတော်သည် သူ့အား အနှေးနှင့်အမြန်ရှင်းလင်းရန် ကြံစည်မည်ဖြစ်သည်။

အားလုံး ထွက်သွားလျှင် ကျူးယန့်မင်းသားက မြစိမ်းရောင်ဒရယ်နန်းတော်သခင်ကို ကြည့်ကာ ပြောသည် “ခင်ဗျားက နတ်မိစ္ဆာမြို့ကို လိုက်နေမှာလား”

မြစိမ်းရောင်ဒရယ်နန်းတော်သခင်က သူ့အား အံ့အားသင့်စွာ ကြည့်သည်။ ကျူးယန့်မင်းသားက အဘယ်ကြောင့် ထိုသို့မေးသည်ကို သူနားမလည်ပေ။ သို့သော်လည်း ကျူးယန့်မင်းသားက သူ့အား နတ်မိစ္ဆာမြို့သို့ လိုက်နေရန် ကမ်းလှမ်းမှတော့ သူ့အား ကူညီလိုသော သဘောဟု ယူဆနိုင်ပေသည်။

သူ့တကိုယ်ရည်စာအတွက်ဆိုလျှင် သိပ်ဂရုစိုက်မည်မဟုတ်သော်လည်း သူ၏သမီး ချင်းယန်ဟယ်သည်ကား  နတ်မိစ္ဆာမြို့သို့ လိုက်ကာ ကျူးယန့်မင်းသားအနီး၌လေ့ကျင့်ခွင့်ရခြင်းသည် ကြီးမားသော အခွင့်အလမ်းဖြစ်ပေသည်။

အနည်းဆုံး ထိုနေရာကား မြစိမ်းရောင်ဒရယ်နန်းတော်ထက် ပိုကောင်းမွန်ပေလိမ့်မည်။ သူမအနေဖြင့် အနိုင်ကျင့်စော်ကားမှုများနှင့် ကြုံမည်မဟုတ်တော့ပေ။

“အရှင့်သားကို ကျေးဇူးတင်ပါတယ်” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ပြောသည်။

“ကောင်းတယ်” ကျူးယန့်မင်းသားက ခေါင်းညိတ်လိုက်ပြီးမှ ရီဖူရှင်းကို ကြည့်ကာ ပြောသည် “ကျုပ်နဲ့လမ်းနည်းနည်း လျှောက်ရအောင်”

ဤတွင် မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ကျူးယန့်မင်းသားသည် သူ့ကို ဖိတ်ခေါ်ခဲ့ခြင်းမှာ ရီဖူရှင်းကြောင့်ဖြစ်သည်ကို နားလည်လိုက်သည်။

“သေချာတာပေါ့” ရီဖူရှင်းကလည်း‌ခေါင်းညိတ်သည်။ သူသည်လည်း ကျူးယန့်မင်းသားနှင့်စကားပြောလိုပေသည်။

ကျူးယန့်မင်းသား၏ဘိုးဘေးများနှင့် ဧကရာဇ်ရီချင်တို့သည် အဆက်အသွယ်များပင် ရှိနိုင်ပေသည်။

ထို့ကြောင့် သူတို့စကားပြောဖြစ်ကြသည်။

“ဒါဆို သွားကြမယ်” ကျူးယန့်မင်းသားက ပြောသည်။ ရီဖူရှင်းလည်း လှမ်းသွားလိုက်၏။ ကျူးယန့်မင်းသားက သူ့အား တမင်စောင့်ဆိုင်းပြီးမှ ရီဖူရှင်းနှင့်အတူ လျှောက်သွားလျှင် တခြားသော သားရဲမင်းသားသုံးဦး လိုက်ပါလာကြသည်။

“မင်းရဲ့နှင့်တံပညာကို ဘယ်လိုခေါ်လဲ။ အဲဒါကို ဘယ်ကနေ သင်ခဲ့တာလဲ” ကျူးယန့်မင်းသားက မေးသည်။ သူသည် ရီဖူရှင်းကဲ့သို့ပင် လူသားအသွင်ဖြင့် ဖြစ်သည်။ သူသည် အလွန်မာနကြီးသူဖြစ်သော်လည်း သူ့အား အနိုင်ယူနိုင်သူအပေါ်တွင် မင်းသားသည် လေးစားမှုရှိပေသည်။

ထို့အပြင် ရီဖူရှင်းသည် လူဝံကလန်နှင့် အဆက်အသွယ်ရှိနိုင်ပေသည်။

“ကျုပ်က အဆင့်နိမ့်ဘုံတစ်ခုက လာပြီးတော့ အဲဒီမှာ ရွှေလူဝံကလန်ရဲ့ ကောင်းကင်ဖြတ်သန်းခြင်းနှင်တံ ၈၁ချက်ကို လေ့လာသင်ယူခဲ့တယ်။ နောက်ပိုင်း ကိုယ်ပိုင်ထိုးထွင်းသိမြင်မှုနဲ့ နှင်တံပညာကို ဆင့်ကဲတီထွင်မှုတွေ လုပ်ခဲ့တယ်” ရီဖူရှင်းက ပြန်ပြောသည်။

ရွှေလူဝံကလန်က ကောင်းကင်ဖြတ်သန်းခြင်းနှင်တံ ၈၁ချက်ကို လေ့ကျင့်ခြင်းမှာ လျှို့ဝှက်ချက်မဟုတ်ပေ။ ကောင်းကင်ဘုံကိုးဆင့်ရိုက်ချက်မှာလည်း ကောင်းကင်ဖြတ်သန်းခြင်း ၈၁ချက်ကို အခြေခံ၍ ဆင့်ကဲတီထွင်ထားခြင်းဖြစ်ပေသည်။

“အင်း…” ကျူးယန့်မင်းသားက ခေါင်းညိတ်သည်။ သူကလည်း ထိုသို့ တွေးထင်ထား၏။

ယခင်နှစ်ပေါင်းများစွာက ရွှေလူဝံကလန်သည် အစိတ်စိတ်ကွဲကာ နေရာအနှံ့သို့ ရောက်သွားခဲ့သည်။

“အရှင့်သားကရော…” ရီဖူရှင်းက မေးသည် “နှင်တံပညာကို ဘယ်ကသင်ခဲ့တာပါလဲ”

“ကျူးယန့်ကလန်က ရွှေလူဝံကလန်နဲ့ ဇာစ်မြစ်အတူတူပဲ။ ငါတို့ကျူးယန့်ကလန်က ရွှေလူဝံကလန်ရဲ့ပညာရပ်တွေ အကုန်လုံးကို ပိုင်ဆိုင်တယ်” ကျူးယန့်မင်းသားက ဆက်ပြောသည် “မင်းရဲ့ နှင်တံပညာကို နားလည်သဘောပေါက်မှုကတော့ ငါ့ထက်မြင့်တယ်။ ဒါကြောင့်ပဲ မင်းဆီမှာ ငါရှုံးခဲ့တာပေါ့။ ဘယ်လိုပြောပြော ထိုးထွင်းသိမြင်မှုမှတော့ လူသားတွေက သားရဲတွေထက် ပိုကောင်းကြတာပါပဲ”

“ဒါပေမဲ့ ငါနားမလည်တာက မင်းရဲ့ရုပ်ခန္ဓာကိုယ်က ဘာလို့ ဒီလောက် သန်မာရတာလဲ” ကျူးယန့်မင်းသားက စိတ်ဝင်စားစွာ မေးသည်။ ရီဖူရှင်းကား အလွန်ထူးချွန်ရုံသာမက ယူချင်းသည်လည်း ကြောက်မက်ဖွယ်ကောင်းအောင် သန်မာလွန်းပေသည်။

“ကျုပ် ရှန့်ထိုအဆင့်ကို မတင်ခင်ကတည်းက ရှန့်ထိုခန္ဓာကိုယ်ကို တည်ဆောက်ပြီးပါပြီ။ ကျုပ်ကျင့်ကြံမှုကို စတင်ခဲ့ကတည်းက ခန္ဓာကိုယ်ကို အမြဲတမ်းသန့်စင်ပြီးတော့ ဘယ်တော့မှ လက်မလျှော့ခဲ့ပါဘူး” ရီဖူရှင်းက ပြန်ပြောသည်။

“ဒါပေမဲ့လည်း ငါတို့ကျူးယန့်ကလန်က ရုပ်ပိုင်းဆိုင်ရာမှာ မင်းထက်သန်မာသင့်တယ်” ကျူးယန့်မင်းသားက လက်မခံလိုဟန်ဖြင့် ပြောသည်။

“အရှင်မင်းသားရဲ့ရုပ်ခန္ဓာကိုယ်က တကယ်ပဲ သန်မာပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကြယ်တာရာလောကဓာတ်ကိုလည်း အထူးပြုလေ့ကျင့်လို့ ခွန်အားပိုင်းမှာ အရှင့်သားထက် မနိမ့်ကျပါဘူး” ရီဖူရှင်းက ဆိုသည်။

ကျူးယန့်မင်းသားက ခေါင်းညိတ်ကာ ပြောသည် “အခုကစပြီး ကျုပ်ကို ကျူးကျောက်လို့ပဲ ခေါ်တော့”

“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။

သူတို့နောက်မှ မြစိမ်းရောင်ဒရယ်နန်းတော်သခင်က အံ့အားသင့်သွားသည်။ ကျူးယန့်မင်းသားကား အဆင့်အတန်းမြင့်မားသူဖြစ်သည်။ ယခု သူက ရီဖူရှင်းအား မိတ်ဆွေအဖြတ်သတ်မှတ်လို၏။

“သခင်… သူက လူသားပဲ” ထောင်းထျယ့်သားရဲမင်းသားက သဘောမကျစွာ ပြောသည်။

ကျူးကျောက်က ထောင်းထျယ့်သားရဲမင်းသားကို ကြည့်လိုက်သည်။

ထောင်းထျယ့်မင်းသားက ခေါင်းငုံ့လိုက်သော်လည်း သဘောမကျဟန်ကား အထင်းသား။

သိမ်းငှက်နက်က ထိုမင်းသားအား ခနဲ့စွာဖြင့် ကြည့်သည်။ သားရဲမင်းသားကလည်း သိမ်းငှက်နက်၏အကြည့်ကို ခံစားမိသာ ဒေါသတကြီး ပြန်ကြည့်၏။ သို့သော်လည်း သိမ်းငှက်လေးကား ကြောက်ရွံ့ဟန်တစ်စက်မျှမရှိပေ။

“ကျုပ်က နတ်ဆိုးမြို့ဟောင်းကို သွားမလို့။ ကျုပ်နဲ့ လိုက်ခဲ့မလား” ကျူးကျောက်က မေးသည်။

“မင်းသားက ခေါ်မှတော့ ပိုမြန်သွားတာပေါ့” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

“အရမ်းလည်း မမျှော်လင့်နဲ့။ သားရဲအင်ပါယာတွေက နတ်မိစ္ဆာမြို့မှာ မရှိဘူး။ ဒါကြောင့် ငါတို့က ကိုယ်တိုင်ခရီးသွားဖို့လိုတယ်။ ဒါက အချိန်တော်တော်ကြာလိမ့်မယ်” ကျူးယန့်မင်းသားက ပြောသည်။

ရီဖူရှင်းက အံ့အားသင့်သွားကာ ပြောသည် “သားရဲအင်ပါယာတွေက ဘယ်ကိုသွားတာလဲ”

“သူတို့ကလည်း မင်းတို့လို ဂူထျန်းရှင်းရဲ့သတင်းကြောင့်ပဲ။ မဟုတ်ရင် ငါက ဒီသတင်းကို ဘယ်လိုသိမှာလဲ” ကျူးကျောက်က ပြောသည်။ ဂူထျန်းရှင်း၏သတင်းသည် နတ်ဆိုးဘုံကိုလည်း လှုပ်ခတ်စေခဲ့သည်။

“ဘာဖြစ်ခဲ့တာလဲ” ရီဖူရှင်းက မေးသည်။

“ဂူထျန်းရှင်းက နတ်ဆိုးဘုံရဲ့ မူလနေရာကို သွားခဲ့တယ်” ကျူးကျောက်က ပြောသည်။ သူ၏ရွှေရောင်မျက်လုံးများက တောင်ပစွာဖြင့် အဝေးကို ကြည့်သည်။

ထိုအခိုက်တွင် မြစိမ်းရောင်ဒရယ်နန်းတော်သခင်ကလည်း အနည်းငယ် အံ့အားသင့်သွားသည်။

လူသားတစ်ဦးက နတ်ဆိုးဘုံ၏မူလနေရာကို ခြေချခဲ့သည်လား။

ထိုနေရာကား နတ်ဆိုးဘုံ၏တားမြစ်နေရာဖြစ်ပေသည်။

ဂူထျန်းရှင်းက ထိုနေရာတွင် ဘာလုပ်နေသနည်း။

ရီဖူရှင်းကလည်း အခြေအနေမှာ ပိုမို၍ မူမမှန်ဖြစ်လာသည်ဟု ခံစားရသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset