အပိုင်း(၁၃၇၅)

ဝင်္ကပါတိုက်ပွဲ

ကျူးယန့်မင်းသားနှင့် ထန်ကျစ်မော့တို့၏တိုက်ပွဲအတွင်း ထန်ကျစ်မော့ ရှုံးနိမ့်ခဲ့ခြင်းက ခရမ်းရင့်ကောင်းကင်နန်းတော်ကို မျက်နှာပျက်စေသည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် ရီဖူရှင်းက ကျူးယန့်မင်းသားကို တွန်းလှန်ပြီးနောက်တွင် ဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့် ထန်ကျစ်မော့၏ အင်အားချို့တဲ့မှုက ပို၍ပင် သိသာသွားခဲ့လေသည်။

သို့သော် ထိုတိုက်ပွဲတွင် ထန်ကျစ်မော့သည် အနည်းဆုံးတော့ ခရမ်းရင့်ကောင်းကင်နန်းတော်၏ တပည့်တစ်ယောက်အနေနှင့် ထူးချွန်ထက်မြက်သော တိုက်ပွဲစွမ်းရည်ကို ပြသနိုင်ခဲ့သေးသည်။ ထို့ကြောင့် သူ၏ ရှုံးနိမ့်မှုက သိပ်မဆိုးဝါးခဲ့ပေ။

ထို့နောက်တွင် ရီဖူရှင်းက ခရမ်းရင့်ကောင်းကင်နန်းတော်မှ ရှန့်ထိုအဆင့် လေးဆင့်မှ မည်သည့် အဆင့် တန်ခိုးရှင်ကိုမဆို ရွေးချယ်၍ သူ၏ အဖွဲ့သားများကို စိန်ခေါ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

သည်ရက်စက်သည့်တိုက်ပွဲမှာ ထိုနေရာမှ စတင်ခဲ့၏။

ခရမ်းရင့်ကောင်းကင်နန်းတော်၏ ရှန့်ထိုပထမဆင့် တပည့်တစ်ယောက်ဖြစ်သော ဝမ်ယန်သည် ပုရွက်ဆိတ်တစ်ကောင်အလား စွမ်းအားမဲ့လှသည်။

ဝမ်ယန်သည် သူ၏ စွမ်းအား အပြည့်အဝကိုပင် ဖော်ထုတ်ခွင့် မရလိုက်ဘဲ ရက်ရက်စက်စက် ဖိနှိပ်ခံခဲ့ရသည်။ သူ့အဖြစ်ကား အလွန်အရှက်ရဖွယ် ကောင်း၏။

ဝမ်ယန်သည် သူကိုယ်တိုင်ပင် သူ၏ ခွန်အားကို စတင်၍ သံသယဝင်လာသည်။ သူက ထိုမျှအထိ အားနည်းလွန်းနေသည်လား။

သူသည် ကျင့်ကြံရန်အတွက် နှစ်ပေါင်းများစွာ အားထုတ်နှစ်မြှုတ်ထားခဲ့သည်မှာ အချိန်ဖြုန်းနေခဲ့ခြင်း သက်သက်ပေလား။

မရေတွက်နိုင်သည့် မျက်လုံးအစုံတို့မှာ ကောင်းကင်သို့ ငေးကြည့်နေကြသည်။ ထိုမြင်ကွင်းက သူတို့အတွက် ထိတ်လန့်ဖွယ်ပင် ဖြစ်သည်။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်အားလုံး၏ မျက်နှာက ဖြူ ဖျော့သွားသည်။ သူတို့သည် ဝမ်ယန်က မည်သည့်အတွက် ထိုသို့ ရှုံးနိမ့်ခဲ့ရသည်ကို နားမလည်နိုင်ကြပေ။ ယခင်က သူတို့သည် ရီဖူရှင်း၏ လွန်ကဲသော စကားကို ဟာသအဖြစ်သာ တွေးထင်ခဲ့ကြသည်။

သို့သော် ယခုတွင် ဟာသဟု ထင်၍ မရနိုင်တော့ပေ။

ရီဖူရှင်းသည် စိန်ခေါ်ရန်အတွက် ရှန့်ထိုအဆင့် လေးဆင့်ထဲမှ သူတို့ကို ကြိုက်ရာ ရွေးချယ်စေသည်။ ထို့နောက် သူတို့က တစ်ယောက်ကို ရွေးချယ်၍  တိုက်ခိုက်စေသောအခါ သူတို့၏ တန်ခိုးရှင်က ရက်စက်စွာ ရှုံးနိမ့်ခဲ့ရသည်။

သူတို့သည် ကောင်းကင်အာဏာစက်ဘုံ၏အထွတ်အထိပ်အင်အားစုတစ်ခုဖြစ်သည်။ သည်ရလဒ်က မယုံကြည်ချင်စရာကောင်းလွန်း၏။

“သူ့ကို မိုးကြိုးလမ်းစဉ် အသုံးပြုတာကနေ တားဆီးမယ် ဟုတ်လား။ အတင့်ရဲချက်” ကောင်းကင်ထက်မှ ယူချင်း၏ အသံ ထွက်ပေါ်လာသည်။ သူက ဝမ်ယန်၏ ခန္ဓာကိုယ်ကို မ ကာ မြေပြင်သို့ ပစ်ပေါက်လိုက်၏။

ဘုန်း…

ကျယ်လောင်သောအသံနှင့်အတူ ဝမ်ယန်ကား မြေပြင်နှင့်မိတ်ဆက်သွားခဲ့ကာ ယူချင်းသည် သူ၏နေရာသို့ ပြန်သွားလိုက်၏။

“သူက အရမ်း ရက်စက်တာပဲ”

လူအများက ရေရွတ်လိုက်သည်။ ဤမြင်ကွင်းက နတ်ဆိုးသားရဲများ ထက်ပင် ပို၍ ရက်စက်လေသည်။

ယူချင်းက မိုးကြိုးလမ်းစဉ်ဂိုဏ်းရှစ်ဂိုဏ်း၏ တန်ခိုးရှင်များကို ဖြတ်ကျော်သွားသည့်အခါ သူက သူ၏ အေးစက်သော နတ်ဆိုးမျက်လုံးများဖြင့် သူတို့ကို ကြည့်လိုက်သည်။ ကျန်းချန်ချင်းနှင့် အခြားလူများသည် မမြင်နိုင်သော ဖိအားများကို ခံစားမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။

သူတို့က ထိုအချိန်၌ အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်နေသည်။ ကမ္ဘာကြီးက ဘာများ ဖြစ်နေသည်လဲ။

သာမန် တန်ခိုးရှင်အဖွဲ့လေးက ခရမ်းရင့်ကောင်းကင်နန်းတော်ကို အောင်မြင်စွာ စိန်ခေါ်နိုင်ခဲ့သည်လား။

ထို့အပြင် သူတို့သည် အောက်ဘုံမှ လာကြခြင်း ဖြစ်လေသည်။

ပွဲကြည့်စင် ထိပ်ဆုံး၌ ကျူးယန့်မင်းသားသည် ထိုမြင်ကွင်းကို စူးစိုက်ကြည့်နေပြီး သူ၏ ရွှေရောင်မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ ယူချင်း၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းပြီး ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်သည် အားနည်းဟန်မရှိသော်လည်း ယူချင်းကို တန်ပြန်တိုက်ခိုက်နိုင်စွမ်းပင် မရှိခဲ့ပေ။

သူသည် ဤကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းကို ဖန်တီး၍ ကောင်းကင်အာဏာစက်ဘုံရှိ ထိပ်တန်းအင်အားစုများမှ တန်ခိုးရှင်အားလုံးကို စိန်ခေါ်စေခဲ့သည်။ သို့သော် ယခုကား သူ၏ယှဉ်ပြိုင်ကွင်းသည် ရီဖူရှင်းနှင့် ခရမ်းရင့်ကောင်းကင်နန်းတော်၏ တိုက်ပွဲကွင်းပြင် ဖြစ်လာလေသည်။

ရီဖူရှင်းသည် မည်သည့်စကားမှ မဆိုဘဲ တစ်ဘက်အဖွဲ့သို့ တည်ငြိမ်စွာ ကြည့်သည်။

ထိုအချိန်တွင် ခရမ်းရင့်ကောင်းကင်နန်းတော် လူအုပ်ထဲမှ နောက်တစ်ယောက် ထွက်လာ၏။

သူတို့က လက်လျှော့မည့်ဟန် မပေါ်သေးပေ။

ခရမ်းရင့်ကောင်းကင်နန်းတော်အတွက် ဤတိုက်ပွဲမှ စော်ကားခံရခြင်းက အလွန် ပြင်းထန်ပေသည်။

ရှေ့တက်လာသော တန်ခိုးရှင်က သူ၏ကြီးမားပြင်းထန်သော အရှိန်အဝါကို ထုတ်လိုက်သည်။

“သံသယကင်းစင်ခြင်းအဆင့်”

ရီဖူရှင်းသည် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ သံသယကင်းစင်ခြင်းအဆင့် ရှန့်ထိုကို စေလွှတ်လိုက်၏။

သူတို့၏ နတ်ဘုရားဆေးကြောသန့်စင်ခြင်း အဆင့်မှ အသန်မာဆုံး တန်ခိုးရှင် ဝမ်ယန်က ရှုံးနိမ့်သွားပြီးသည့်နောက်တွင် မည်သူက ယူချင်းကို စိန်ခေါ်ရဲတော့မည်နည်း။

မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ထန်ကျစ်မော့သည်လည်း ကျူးယန့်မင်းသားကို ရှုံးနိမ့်ခဲ့ကာ ရီဖူရှင်းသည် ကျူးယန့်မင်းသားကို အနိုင်ရခဲ့သောကြောင့် မည်သူက ရီဖူရှင်းကို စိန်ခေါ်ရဲတော့မည်နည်း။

ထို့ကြောင့် သံသယကင်းစင်ခြင်းအဆင့်နှင့် ပြန်လည်မွေးဖွားခြင်းအဆင့်တို့သာ ကျန်ရှိပေတော့သည်။

ယခု ထွက်လာသည့် တန်ခိုးရှင်သည် သံသယကင်းစင်ခြင်းအဆင့်မှ ထူးချွန်သူတစ်ဦးဖြစ်ပေသည်။

ထိုတန်ခိုးရှင်သည် ငယ်ရွယ်ခြင်းမရှိဘဲ တသီးတခြား ပုံစံမျိုး ရှိသည့် သက်လတ်ပိုင်း လူကြီး ဖြစ်သည်။

ရီဖူရှင်းက သူ့ကို ကြည့်ကာ မေးလိုက်သည်။ “ဆက်တိုက်မှာလား”

ယခင်က ရီဖူရှင်းသည် သူတို့ကို စိန်ခေါ်ရန် ရှန့်ထိုအဆင့် လေးဆင့်မှ ကြိုက်သည့်အဆင့်ကို ရွေးချယ်ရန်သာ ပြောခဲ့ပြီး ဆက်တိုက် တိုက်ခိုက်မည်ဟု မပြောခဲ့ပေ။ သို့သော် ကြည့်ရသည်မှာ ခရမ်းရင့်ကောင်းကင်နန်းတော်က တိုက်ပွဲကို ထိုကဲ့သို့ အဆုံးသတ်ရန် ဆန္ဒရှိပုံမပေါ်ပေ။

“မင်းတို့ ဘက်က ပြန်လည်မွေးဖွားခြင်းအဆင့်အောက်က တန်ခိုးရှင်အကုန် ကျုပ်နဲ့ လာတိုက်လှည့်” ထိုတန်ခိုးရှင်က ပြောလိုက်သည်။

“မလိုဘူး။ တစ်ယောက်ဆို လုံလောက်ပြီ” ရီဖူရှင်းက တုံ့ပြန်လိုက်ပြီး သူက သူ့နောက်မှ လူနှစ်ယောက်ကို ကြည့်လိုက်သည်။

သူတို့၏ အဖွဲ့တွင် သံသယကင်းစင်ခြင်းအဆင့် ရှန့်ထိုမှာ နှစ်ယောက်သာ ရှိပြီး ရာရာနှင့် မုချွန်းယန် ဖြစ်သည်။

မုချွန်းယန်သည် ထူးချွန်သော အရည်အချင်းရှိပြီး ချင်ရွှမ်ကန်း၏ တပည့်ဖြစ်သော်လည်း သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ သံသယကင်းစင်ခြင်းအဆင့်ကို အနိုင်ရရန် သိပ်မသေချာပေ။

သို့သော် ရာရာသည် သံသယကင်းစင်ခြင်း အထွတ်အထိပ်အဆင့် ဖြစ်ပြီး သူမက ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့်သို့ ပြန်ရောက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူမသည် ယခင်က ပြန်လည်မွေးဖွားခြင်းအဆင့် ဖြစ်သည့်အလျောက် သူမ၏ စိတ်သဏ္ဍာန်သည် ပြန်လည်မွေးဖွားခြင်း အဆင့်ကို ရောက်ရှိပြီးဖြစ်သည်။

ထို့အပြင် သူမ၏ ဓားဝင်္ကပါစွမ်းအားက အလွန် အစွမ်းထက်သည်။

ထို့ကြောင့် ဤတိုက်ပွဲအတွက် ရာရာသည် မုချွန်းယန်ထက် ပို၍ သင့်တော်ပေသည်။

ရီဖူရှင်းက သူမကို ကြည့်လိုက်သည်ကို မြင်သည်နှင့် ရာရာက မည်သည့်စကားမှမဆိုဘဲ ရှေ့ကို ထွက်လိုက်သည်။

သူမ၏ ခန္ဓာက ထက်ရှသည့် ဓားတစ်ချောင်းအလား ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ သံသယကင်းစင်ခြင်းအဆင့် တန်ခိုးရှင်သည် ဟော့ယန် ဟု ခေါ်ပြီး သူ၏ မိုးကြိုးလမ်းစဉ် ကျင့်ကြံခြင်းမှာ အထွတ်အထိပ်သို့  ရောက်ရှိနေပြီ ဖြစ်သည်။ ရာရာက လေထဲသို့ ခုန်တက်လာသည်ကို မြင်သည်နှင့် သူသည်လည်း တူညီစွာပင် အဆုံးမဲ့ ကောင်းကင်လေဟာနယ်ကို ခြေတစ်လှမ်းနှင့် ဖြတ်ကာ အထက်ကောင်းကင်သို့ ရောက်လာပြီး ရာရာ၏ ရှေ့တွင် ရပ်လိုက်သည်။

သူတို့သည် စကားများများစားစားပြောနေခြင်းမရှိဘဲ သူတို့၏စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။ ဟော့ယန်သည် လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်လျှင် ရုတ်တရက် ရာရာ၏ ခန္ဓာကိုယ်အနီး ကောင်းကင်နှင့် မြေကြီးတွင် မိုးကြိုးစွမ်းအင်များနှင့် ပြည့်နှက်သွားသည်။ ထိုခဏအတွင်းတွင် သူမသည် မိုးကြိုးစွမ်းအား ကွန်ယက်အတွင်း အချုပ်ခံထားလိုက်ရပေသည်။

ထိုသို့သော ထိန်းချုပ်ထားမှုက သိပ်အစွမ်းမထက်လှပေ။ ရာရာက စိန်ခေါ်မှုအတွက် ရောက်လာမှတော့ မည်သို့ အားနည်းမည်နည်း။

ရာရာက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်လျှင် ဓားစွမ်းအားများသည် ကောင်းကင်တွင် စတင်စုစည်းလာကြ၏။ သူမ၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ မရေတွက်နိုင်သည့် ဓားများက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ပေါက်လာကာ သူမကို လှည့်ပတ်ကြသည်။

သူမ၏ ခန္ဓာကိုယ် အနီးတွင် ကြီးမားသည့် ဓားဝင်္ကပါအစီအရင်က ပေါ်ပေါက်လာပြီး ထောင်သောင်းချီသည့် ဓားများက အော်မြည်နေကာ ကောင်းကင်ရှိ ဓားလမ်းစဉ်စွမ်းအားများကို ဝါးမျိုနေသည်။

“ဓားဝင်္ကပါ…”

အားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ တွေးမိလိုက်ကြသည်။

ဤအမျိုးသမီးငယ်လေးက ထိုသို့သော လေဟာနယ်ဓားလမ်းစဉ် စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းရှိလေသည်။

“သူလည်း ဝင်္ကပါကို ဖန်တီးတယ်ဆိုပေမဲ့ အဲဒါက ဖျက်ဆီးခြင်း မိုးကြိုးဝင်္ကပါပဲ” တစ်ယောက်က ပြောလိုက်သည်။

လူအုပ်ကြီးက ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင် ဟော့ယန်ထံသို့ လှည့်ကြည့်လိုက်ကြသည်။ အဆုံးမဲ့ နတ်မိုးကြိုးများက စုစည်းလာပြီး ကောင်းကင်နှင့် မြေကြီးကို ချိတ်ပိတ်လိုက်ကာ တစ်ခါတစ်ရံ၌ ကြောက်မက်ဖွယ် လျှပ်စီးတန်းများ လင်းလက်ပြီး ရာရာ၏ ခန္ဓာကိုယ်ဆီသို့ တိုးဝင်သွားသော်လည်း သူသည် ကြောက်မက်ဖွယ် ဓားစွမ်းအားများကို ချိုးဖျက်နိုင်ခြင်း မရှိပေ။

“သံသယကင်းစင်ခြင်းအဆင့် နှစ်ယောက်က အချင်းချင်း တိုက်ဖို့ ဝင်္ကပါအစီအရင်တွေ သုံးကြတယ်လား” လူများက တစ်ယောက်နှင့်တစ်ယောက် မေးလိုက်ကြသည်။

ကြည့်ရှုနေသူအားလုံး၏ နှလုံးသားများက လျင်မြန်စွာ ခုန်လှုပ်နေကြသည်။ ကောင်းကင်နှင့် မြေကြီးကြားမှ မဟာလမ်းစဉ် စွမ်းအားများ အားလုံးက စုစည်းလာပြီး ပြင်းထန်သည့် တိုက်ခိုက်ရေးစွမ်းအားများအဖြစ် ပြောင်းလဲသွားကာ ဖျက်ဆီးခြင်းစွမ်းအားများကို ပို၍ သန်မာလာစေသည်။

ဟော့ယန်သည် ရှေ့သို့ လှစ်ခနဲ ပျံသန်းသွားသည်။ သူက လက်မောင်းများကို ဖွင့်ထားလိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်မှ ကျဆင်းလာသည့် အလင်းတန်းများက ရာရာ၏ ခန္ဓာကိုယ်ကို လွှမ်းမိုးထားသည်။

မရေတွက်နိုင်သည့် လူများ၏ နှလုံးသားက အလျင်အမြန် ခုန်ပေါက်လာ၏။

“သူက အရမ်း အစွမ်းထက်တာပဲ”

ယခင်က ထန်ကျစ်မော့ အသုံးပြုခဲ့သည့် မိုးကြိုးလမ်းစဉ်နှင့် ဆင်တူစွာပင် နတ်ဆိုးတိမ်တိုက်များ ရွေ့လျားလာနေကြ၏။ ထို့အပြင် စွမ်းအားက ပိုမိုကြီးမားသည်။

“ကောင်းကင် ချိပ်စည်း”

ဟော့ယန်၏ ပါးစပ်မှ ထိုစကားလုံးများ ထွက်ပေါ်လာသည်။ ရုတ်တရက် ပြင်းထန်သည့် မိုးကြိုးအလင်းတန်းများက ကောင်းကင်ကို ပိတ်ကွယ်သွားသည်။ မရေတွက်နိုင်သော မိုးကြိုးသွားများက ရာရာဆီသို့ တိုက်ရိုက်တိုးဝင်သွားပြီး ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုဖြစ်ပေါ်လာ၏။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည် ထိုမြင်ကွင်းကို ဂရုတစိုက်နှင့် ကြည့်နေကြသည်။  ဟော့ယန်သည် သံသယကင်းစင်ခြင်းအဆင့် ဖြစ်ပြီး သူ၏ နတ်ဘုရားပြစ်ဒဏ် မိုးကြိုးလမ်းစဉ် ကျင့်ကြံခြင်းက တတိယအဆင့်သို့ ချိုးဖောက် ဝင်ရောက်နေခဲ့ပြီဖြစ်သည်။

တစ်စုံတစ်ယောက်က နတ်ဘုရားပြစ်ဒဏ် နောက်ဆုံးမိုးကြိုးအဆင့်သို့ ဝင်ရောက်သွားပါက တိုက်ခိုက်မှုသည် နတ်ဘုရားပြစ်ဒဏ် နောက်ဆုံးမိုးကြိုး ဝင်္ကပါအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ ထိုဝင်္ကပါသည် ကောင်းကင်နှင့် မြေကြီး၏ မဟာလမ်းစဉ်ကို သုံးကာ မိုးကြိုးစွမ်းအားများကို အဆုံးမဲ့ ဖြည့်တင်းနိုင်သည်။ သည်နည်းလမ်းသည် ကြီးမားသော စစ်ပွဲများတွင် ထုတ်လွှတ်ခဲ့ပါက ကဒ်ဘေးဆိုက်ခြင်းနှင့်ခြားနားမည်မဟုတ်ပေ။

“သူမတော့ သွားပြီပဲ” မိုးကြိုးလမ်းစဉ်ဂိုဏ်းရှစ်ဂိုဏ်းမှ လူများသည် ရာရာကို ကြည့်ပြီး တီးတိုးပြောလိုက်ကြသည်။

ယခင် တိုက်ပွဲနှစ်ခုတွင် သူတို့က အသာစီးရသော်လည်း ယခုတွင် ရာရာသည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ နတ်ဘုရားပြစ်ဒဏ် နောက်ဆုံးမိုးကြိုး ဝင်္ကပါနှင့် ရင်ဆိုင်တွေ့နေရခြင်းဖြစ်သည်။ သူမက မည်သို့ လွတ်မြောက်နိုင်မည်နည်း။ သူမကို ရက်စက်သောပျက်စီးခြင်းက စောင့်ကြိုနေပေလိမ့်မည်။

နတ်ဘုရားပြစ်ဒဏ် နောက်ဆုံးမိုးကြိုး တတိယအဆင့်သည် သံသယကင်းစင်ခြင်း အဆင့်များကို အဆုံးသတ်နိုင်ရုံသာမက ပြန်လည်မွေးဖွားခြင်း အဆင့်များကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။

ဟော့ယန်သည် သူ့ပြိုင်ဘက်ကိုသတ်ဖြတ်ကာ ခရမ်းရင့်ကောင်းကင်နန်းတော်၏ ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ပေးလိုနေခြင်း ဖြစ်သည်။

အဆုံးမဲ့ မိုးကြိုးအလင်းများက ကျဆင်းလာလျှင် ရာရာ၏တည်ရှိခြင်းက ပမွှားလေးအလားထင်မှတ်ရသည်။ ကောင်းကင်သည်ပင် လျှပ်စီးအလင်းများဖြင့် ချိပ်ပိတ်ခံထားရကာ အဆုံးမဲ့ လေဟာနယ်အတွင်း မိုးကြိုးစွမ်းအားများဖြင့် ပြည့်နှက်နေသည်။ မိုးကြိုးလမ်းစဉ်က ကောင်းကင်ကို ပိတ်ဆို့ထားသည်။ သူမသည် ပုန်းစရာနေရာမရှိတော့သည့်အတွက် တိုက်ခိုက်မှုများကို ခံယူရတော့မည် ဖြစ်၏။

ရီဖူရှင်းသည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူက ရာရာ၏ စွမ်းရည်ကို ယုံကြည်မှု ရှိလေသည်။ သူမက ပြန်လည်မွေးဖွားခြင်းအဆင့် ဖြစ်ခဲ့ဖူးပြီး မကြာခင် သူမသည် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ပြန်လည်ရောက်ရှိတော့မည် ဖြစ်သည်။ သူမ၏ စွမ်းရည်က သံသယဖြစ်စရာမလိုအောင် အားကောင်းလွန်းပေသည်။

သို့သော် တစ်ဘက်လူ၏မိုးကြိုးစွမ်းအားများကိုကြည့်ကာ သူသည် အနည်းငယ် စိုးရိမ်စိတ် ဝင်မိ၏။

ခရမ်းရင့်ကောင်းကင်နန်းတော်သည် ကောင်းကင်အာဏာစက်ဘုံ၏ အထွတ်အထိပ်တွင် ရပ်တည်နေသော အင်အားစုတစ်ခု ဖြစ်သည်။ ထိုနေရာမှ တပည့်များအားလုံးက အလွန်ပင် ထူးချွန်ကြသည်။ သူတို့ ဤနေရာ၌ ကြုံတွေ့ခဲ့ရသည့် ကျူးယန့်မင်းသား၊ ရီဖူရှင်း နှင့် ယူချင်းတို့သည်လည်း အလွန်မြင့်မားသည့် စွမ်းရည် ရှိကြသည်။

ရာရာသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး ကြီးမားသည့် ဓားဝင်္ကပါအစီအရင်က သူမအနီးတွင် ပေါ်ပေါက်လာသည်။ ဓားဝင်္ကပါအစီအရင်တွင် အဆုံးမဲ့ ဓားစွမ်းအားများ ဖြစ်တည်လာပြီး အပြင်ဘက်၌ အလင်းနံရံတစ်ခု ရှိကာ ဓားစွမ်းအားများက အလင်းနံရံကို ကျော်ဖြတ်၍ ဆက်လက်တိုးဝင်လာနေသည်။ ထိုဓားစွမ်းအားများသည် လေထုထဲသို့ တိုက်ရိုက် ထိုးဖောက်သွားပြီး သူ၏ ဝင်္ကပါအစီအရင်သို့ ဝင်ရောက်လာသည်။

ရာရာ ခန္ဓာကိုယ်အနီးတွင် ဓားသဏ္ဌာန်အလင်းလွှာ ပေါ်ပေါက်လာသည်။ အဆုံးမဲ့ ဓားစွမ်းအားများက ဓားမုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်သို့ ဦးတည်ကာ မိုးကြိုးအလင်းများနှင့် ထိခတ်မိလေသည်။

ရာရာသည် ဝင်္ကပါအစီအရင်အတွင်း ထိုင်နေဆဲဖြစ်ကာ ဓားဝင်္ကပါစွမ်းအားက အားကောင်းသန်မာလှပေသည်။

“သေစမ်း…” ဟော့ယန်က အော်လိုက်သည်။ သူက လေထုအတွင်း ခြေချလိုက်ပြီး ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ သူက ခေါင်းငုံ့ကြည့်လိုက်သည်။ ထိုအခိုက်တွင် နတ်ဘုရားပြစ်ဒဏ် နောက်ဆုံးမိုးကြိုးက ပေါက်ကွဲထွက်လာပြီး ထောင်သောင်းချီသော မိုးကြိုးအလင်းများက ကမ္ဘာကို ထိုးဖောက်ကာ ရာရာထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားခဲ့သည်။ ယင်းစွမ်းအားများသည် ကမ္ဘာပေါ်ရှိ နတ်ဘုရားများနှင့် နတ်ဆိုးများအားလုံးကိုပင် သတ်ဖြတ်ပစ်နိုင်လေသည်။

လူများ၏ နှလုံးသားများက ပြင်းထန်စွာ ခုန်လှုပ်နေသည်။ ဤအမျိုးသမီးက အဘယ့်ကြောင့် ထိုသို့သော တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေရသနည်း။

သူမက နတ်ဘုရားပြစ်ဒဏ် နောက်ဆုံးမိုးကြိုး ဝင်္ကပါကိုပင် ဖျက်ဆီးနိုင်လိမ့်မည်ဟု ထင်ရပေသည်။

ထိုအချိန်၌ ရာရာ၏ ခန္ဓာကိုယ်သည် ဓားဝင်္ကပါနှင့် ပေါင်းစပ်သွားပြီး ဓားများအားလုံးသည် တစ်ချိန်တည်းတွင် ညံစီလာကာ ရစ်ဝဲနေပြီး ဓားသဏ္ဌာန်မုန်တိုင်းကဲ့သို့ ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေကြီး အကြားတွင် လှည့်ပတ်နေခဲ့သည်။ ထို့နောက် အလွန်တောက်ပသည့် ဓားများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထက်သို့ ဦးတည်ထိုးတက်သွားခဲ့ကြသည်။

ဟော့ယန်၏ မျက်လုံးများက ထိုနေရာသို့ ရွေ့လျားသွားပြီး ရုတ်တရက် အဆုံးမဲ့ နတ်ဘုရားပြစ်ဒဏ် အလင်းများ ထွက်ပေါ်လာကာ ဓားကို ရိုက်ခတ်၍ ဧရာမဓားကြီးကို တုန်ခါသွားစေသည်။

ထိုအခိုက်တွင် ဓားသည် အရာခပ်သိမ်းကင်းမဲ့ခြင်းအဖြစ် ပြောင်းလဲသွားဟန်ရကာ မိုးကြိုးလျှပ်စီးတန်းများအတိုင်း အပေါ်သို့ တက်သွားခဲ့တော့သည်။ ဓားသည် အကောင်အထည်မဲ့စွာဖြင့် မိုးကြိုးလျှပ်စီးများအတွင်း လမ်းလျှောက်နေသည်နှင့်တူ၏။

ထိုအဖြစ်က ဟော့ယန်ကို စိုးရိမ်ပူပန်စေသည်။ သူ၏ခန္ဓာကိုယ်က ကောင်းကင်သို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သော်လည်း ဓားက မိုးကြိုးများကို တိုက်ရိုက် ထိုးဖောက်ကာ သူ့ခန္ဓာကိုယ်ကို ပစ်မှတ်ထားလာသည်။ ဓားသည် သူ့ထံကို ဦးတည်လာသည်ဟု သူခံစားရ၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset