နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများက သူတို့ နားကြားမှားသလားဟုပင် ထင်မိကြ၏။
သူတို့ ပြောသကဲ့သို့ပင် တန်ခိုးရှင်တစ်ယောက်၏ တိုက်ပွဲစွမ်းရည်က အရာအားလုံးကို ကိုယ်စားမပြုပေ။ သို့သော် ခရမ်းရင့်ကောင်းကင်နန်းတော်သည်ပင် ရီဖူရှင်းသည် အလွန်သန်မာကြောင်း ဝန်ခံရ၏။
သို့ပေမဲ့ ထန်ကျစ်မော့သည် အားနည်းသည်တဲ့လား။
မိုးကြိုးလမ်းစဉ်ဂိုဏ်းရှစ်ဂိုဏ်း၏ မိုးကြိုးမုန်တိုင်းကပ်ဘေး စွမ်းအားသည် မည်မျှ ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းလိုက်သနည်း။ ကျူးယန့်မင်းသားကဲ့သို့ အစွမ်းထက်ဆုံး တန်ခိုးရှင်သာလျှင် သူ့ကို အနိုင်ရနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတွင် ရီဖူရှင်းက သူနှင့် သူ့အဖွဲ့သည် ရှန့်ထိုအဆင့်လေးဆင့်မှ မည်သူ့ကိုမဆို စိန်ခေါ်ရဲသည်ဟု ဆိုနေပေသည်။
သူ့အဖွဲ့သားများသည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ရှန့်ထိုအဆင့်လေးဆင့် တန်ခိုးရှင်များအားလုံးကို အနိုင်ရနိုင်သည်ဟု ဆိုနေသည်လား။
သာမန် တန်ခိုးရှင် အဖွဲ့က ခရမ်းရင့်ကောင်းကင်နန်းတော်မှ ရှန့်ထိုအဆင့် လေးဆင့်ထက် မည်မျှ သန်မာနိုင်မည်နည်း။
သူ့ကို အလွန် ဘဝင်မြင့်နေသည်ဟု သတ်မှတ်ရပေမည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများအတွက် သူသည် ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်တန်းအင်အားစုဖြစ်သော ခရမ်းရင့်ကောင်းကင်နန်းတော်ကို အရှက်ရစေသူ ဖြစ်ပေသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများသာလျှင် သူ၏ စကားကြောင့် တအံ့တသြ ဖြစ်ခဲ့ရသည်မဟုတ်ဘဲ ကောင်းကင်အာဏာစက်ဘုံမှ လာသည့် လူတိုင်းသည် ထိတ်လန့်အံ့သြစွာဖြင့် ရီဖူရှင်းကို ကြည့်နေကြသည်။
ငွေဖြူရောင်ဆံပင်နှင့် လူငယ်သည် တိုက်ပွဲတွင် အလွန် သန်မာသော်လည်း ဘဝင်မြင့်လွန်းလှသည်။
သူ၏ အဖွဲ့သားများက ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များအား စိန်ခေါ်စေလိုနေသည်လား။
သူတို့သာ ကိုယ်တိုင် မြင်တွေ့ရခြင်းမဟုတ်ခဲ့လျှင် သာမန်တန်ခိုးရှင် အဖွဲ့လေးက ကောင်းကင်အာဏာစက်ဘုံ၏ အစွမ်းထက်ဆုံး အင်အားစုတစ်ခုကို ဤသို့စိန်ခေါ်ခြင်းအား ယုံကြည်မိမည်မဟုတ်ပေ။
“မင်းက မိုးကောင်းကင် ဘယ်လောက် မြင့်မှန်းမသိတဲ့ အကောင်ပဲ” ကျန်းချန်ချင်းက အေးစက်စွာ ပြောလိုက်သည်။
လောကရှိ အားလုံးသော မိုးကြိုးလမ်းစဉ်အားလုံးမှာ ကောင်းကင်နန်းတော်မှ ဆင်းသက်လာသည်။ ကောင်းကင်လမ်းစဉ် ဒဏ္ဍာရီဂိုဏ်း ရှစ်ဂိုဏ်းသည်ပင် ခရမ်းရင့်ကောင်းကင်နန်းတော်၏ အမွေအနှစ်ကို ဆက်ခံကြရသည်။
ရီဖူရှင်းက ကျန်းချန်ချင်းကို အထင်အမြင်သေးစွာ လှမ်းကြည့်လိုက်ပြီး မည်သည့်စကားမှ မပြောပေ။
သူ၏ အကြည့်က ကျန်းချန်ချင်းကို နည်းနည်းလေးမှ ဂရုမစိုက်ဟု ပြောနေသကဲ့သို့ ထင်မှတ်ရသည်။
“မင်းက နတ်ဆိုးဝင်္ကပါကိုတောင် မချိုးဖျက်နိုင်ဘဲနဲ့များ.. သောက်ပါးစပ်ကို ပိတ်ထားစမ်းကွာ” သိမ်းငှက်နက်က ရီဖူရှင်း၏ နောက်မှနေ၍ ကျယ်လောင်စွာ ပြောလိုက်သည်။ ကျန်းချန်ချင်း၏ မျက်လုံးများက ရုတ်တရက် တောက်ပမှုတို့ ပျောက်ဆုံးသွားသည်။ သူကား အမှန်ပင် ထိုသို့မစွမ်းသာပါချေ။
မိုးကြိုးလမ်းစဉ် ဂိုဏ်းရှစ်ဂိုဏ်းမှ မည်သည့် တန်ခိုးရှင်မှ နတ်ဆိုးဝင်္ကပါကို မချိုးဖျက်နိုင်သည့်အတွက် သူတို့က ကျူးယန့်မင်းသားကို စိန်ခေါ်သည့် အခါတွင်လည်း သူတို့သည် ကျူးယန့်မင်းသား၏ တိုက်ခိုက်မှု တစ်ခုတည်းနှင့်ပင် ရှုံးနိမ့်ခဲ့ရသည်။
သို့သော် နောက်ပိုင်း၌ ရီဖူရှင်းက နတ်ဆိုးဝင်္ကပါ အားလုံးကို ထိထိရောက်ရောက် ဖြိုခွဲနိုင်ခဲ့သည်။
သူတို့က အမှန်တကယ်ပင် ပြန်လည်ချေပခြင်း မပြုနိုင်ခဲ့ချေ။
ဤရှုထောင့်မှဆိုလျှင် ရီဖူရှင်းသည် မိုးကြိုးလမ်းစဉ် ဂိုဏ်းရှစ်ဂိုဏ်းကို အနိုင်ရ၏။
“မင်းတို့ ရွေးချယ်မှာလား မရွေးချယ်ဘူးလား ကျုပ်ကိုပြော” ရီဖူရှင်းက ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များကို ကြည့်ကာ ပြောလိုက်သည်။ သူတို့က မြင့်မြတ်သလိုနဲ့ သူ့အပေါ် အထင်နေသေးနေမှတော့ ဤခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များ အားလုံးကို တလောကလုံး ရှေ့တွင် ရှုံးနိမ့်စေပြီး သိက္ခာကျစေရန် သူလုပ်ပြလိုက်ပေမည်။
သူက ထိုလူများသည် သူတို့၏ပြိုင်ဘက်များကို ရှုံးနိမ့်ပြီးသွားသည့်အခါ ဂိုဏ်းကိုပြန်၍ သူတို့၏အကြီးအကဲခေါင်းဆောင်များအား မည်သို့ မျက်နှာပြကြမည်ကို ကြည့်လိုပေသည်။
သူက ခရမ်းရင့်ကောင်းကင်နန်းတော်မှ လက်စားချေမည်ကို စိတ်ပူခြင်းမရှိပေ။ ခရမ်းရင့်ကောင်းကင်နန်းတော်၏ တပည့်များက ထိပ်တိုက်ရင်ဆိုင်ရာ၌ ရှုံးနိမ့်သွား၍ ခရမ်းရင့်ကောင်းကင်နန်းတော်မှအကြီးအကဲများသည် သူတို့ကို တိုက်ခိုက်ရန် ရန်ဟောင်အဆင့် တန်ခိုးရှင်များ ပို့လွှတ်ပါက သူတို့အတွက် တစ်လောကလုံး၏လှောင်ပြောင်ခြင်းကို ဖိတ်ခေါ်နေခြင်းနှင့် မခြားနားတော့ပေ။
ထို့ကြောင့် ခရမ်းရင့်ကောင်းကင်နန်းတော်သည် သူတို့၏အခြားသောတပည့်များကို စေလွှတ်၍ ရီဖူရှင်းတို့အား စိန်ခေါ်ခိုင်းရုံသာ တတ်နိုင်ပေလိမ့်မည်။
“မင်း ဆန္ဒကို သဘောတူတယ်” ခရမ်းရင့်ကောင်းကင်နန်းတော်အဖွဲ့၏ ခေါင်းဆောင်က ရီဖူရှင်းကို စိုက်ကြည့်ရင်း ပြန်ဖြေလိုက်သည်။ သူ၏ မျက်လုံးများတွင် အလွန် အစွမ်းထက်သည့် ခရမ်းရင့်မိုးကြိုးစွမ်းအားများ ပါဝင်နေသည်ဟု ထင်မှတ်ရသည်။ သူတို့အနီး လေဟာနယ်တွင် ပြင်းထန်သည့် လေစီးကြောင်းများက မြင့်တက်လာသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များက အတူတကွ ရပ်နေကြပြီး ပြင်းထန်သည့် စွမ်းအင်များက ရီဖူရှင်းနှင့် သူ့အဖွဲ့ကို ဝန်းရံထားကြသည်။
“ဝမ်ယန်” သူက သူ့ခေါင်းကို လှည့်ကာ တစ်စုံတစ်ယောက်၏ နာမည်ကို ခေါ်လိုက်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်တစ်ယောက်က ရှေ့သို့ ထွက်လာသည်။
ထိုသူသည် အသက်သုံးဆယ်ခန့် ရှိပြီး သူကို ကြည့်ရသည်မှာ ဆံပင်ရှည်တို့နှင့် သိမ်မွေ့၍ ခန့်ညားပေါ်ပေါ်သည်။ သူသည် ရှန့်ထိုပထမဆင့် နတ်ဘုရားဆေးကြော သန့်စင်ခြင်းအဆင့် ဖြစ်သည်။
ဤခရီးတွင် သူတို့၌ ရှန့်ထိုပထမဆင့် တန်ခိုးရှင် များများစားစား မပါလာခဲ့ပေ။ ၎င်းတို့အထဲကမှ ဝမ်ယန်သည် အသန်မာဆုံးဖြစ်သည်။
သူက ခရမ်းရင့်ကောင်းကင်နန်းတော်ကို စိန်ခေါ်လိုသည်ဆိုပါက သူတို့ကလည်း သူတို့၏အစစ်အမှန်စွမ်းအားကို ပြသပေးရမည် ဖြစ်သည်။
“ကျေးဇူးပြု ပြီး” ဝမ်ယန်က ပြောလိုက်သည်။ သူ၏ အသံက သိမ်မွေ့ပြီး ခံစားချက် ကင်းမဲ့နေဟန်ရှိသည်။
သို့သော် ရီဖူရှင်းသည် ခရမ်းရင့်ကောင်းကင်နန်းတော်ကို ရန်စထားခဲ့သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်၏ တန်ခိုးရှင်တစ်ယောက်အနေနှင့် ဝမ်ယန်၏ တည်ငြိမ်နေပုံမှာ ပို၍ အန္တရာယ်များပေသည်။
ကောင်းကင်အာဏာစက်ဘုံ ထိပ်တန်းအင်အားစု၏ ဂုဏ်သိက္ခာမှာ အထိပါးခံ၍မရပေ။
“ယူချင်း.. မင်းတာဝန်ယူလိုက်”
ရီဖူရှင်းက သူ့ခေါင်းကို လှည့်ကာ ယူချင်းကို တီးတိုးပြောလိုက်သည်။ ယူချင်းက မည်သည့် စကားမှ မဆိုပေ။ သူက ရှေ့သို့ ထွက်ကာ ခေါင်းကို မော့၍ ကောင်းကင်မှ ဝမ်ယန်ကို ကြည့်လိုက်သည်။
ဝမ်ယန်က သူ့ကို ကြည့်လိုက်ပြီးနောက် တိမ်များအတွင်းသို့ ပျံသန်းတက်ရောက်သွားခဲ့သည်။
သူသည် ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းသို့ မသွားခဲ့ပေ။ ထိုအခိုက်အတန့်တွင် ဝမ်ယန်သည် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်ထက်တွင် မိုးကြိုးလျှပ်စီးများသည် တောက်ပလင်းလက်စွာဖြင့် မတူညီသည့် နေရာအသီးသီးမှ ကျဆင်းလာသည်။ ထိုမြင်ကွင်းမှာ ယခင်က မိုးကြိုးမုန်တိုင်းကဲ့သို့ပင် ဖြစ်သည်။
ကြောက်မက်ဖွယ်ရာ မိုးကြိုးများသည် သူ၏ မျက်လုံးများအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားကာ သူ၏ မျက်လုံးများကို ခရမ်းရင့်ရောင်သို့ ပြောင်းလဲသွားစေသည်။ ထိုမျက်လုံးတစ်စုံသည် အလွန်အေးစက်ပြီး အတွင်းထဲ၌ သတ်ဖြတ်လိုသည့် အငွေ့အသက်များကို သိုဝှက်ထားလေသည်။
ဘုန်း…
ကောင်းကင်မှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မရေတွက်နိုင်သည့် မိုးကြိုးများက အဆက်မပြတ် ကျဆင်းလာသည်။ သူ၏ မျက်လုံးအတွင်းမှ ခရမ်းရောင်အလင်းများသည် အားကောင်းသထက် အားကောင်းလာ၏။ သူ့ မျက်လုံးများသည် လူသားများတွင် တွေ့မြင်ရသည့် မျက်လုံးမျိုးနှင့် မတူတော့ပေ။
ဘန်း…
ယူချင်းကလည်း လေထဲခုန်တက်ကာ ဝမ်ယန်နောက်သို့ လိုက်သွားသည်။
သူ့ခန္ဓာကိုယ် အနီးတွင် မိုးကြိုးအလင်းများ ကျဆင်းလာသော်လည်း သူက အနည်းငယ်မျှပင် ဂရုစိုက်ပုံမရဘဲ ထိုမိုးကြိုး စွမ်းအားများကို လျစ်လျူရှုကာ အထက်သို့ ဆက်လက်တက်သွားသည်။
အောက်ဘက်မှ လူသားတန်ခိုးရှင်များနှင့် နတ်ဆိုးသားရဲများသည် ကောင်းကင်သို့ မော့ကြည့်နေကြသည်။ သူတို့သည် ရီဖူရှင်း၏ လူများက အမှန်တကယ် ခရမ်းရင့်ကောင်းကင်နန်းတော်ကို ခြိမ်းခြောက်နိုင်မည်လား သိလိုနေကြသည်။
သူတို့က ရီဖူရှင်း၏ စွမ်းရည်ကို အသိအမှတ်ပြုသော်လည်း သူ၏ စကားလုံးများကတော့ အလွန် မောက်မာဝင့်ကြွားလှသည်ဟု ခံစားမိကြသည်။
ဤတစ်ကြိမ်တွင် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ဝမ်ယန်သည် သူ့အပေါ်၌ ထောက်ထားညှာတာလိမ့်မည် မဟုတ်ပေ။
ဘုန်း…
ရုတ်တရက် ကောင်းကင်မှ ကျယ်လောင်သည့် ဆူညံသံ တစ်သံနှင့်အတူ လူအုပ်ကြီးသည် ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးများ ချက်ချင်းစုစည်းလာသည်ကို မြင်တွေ့လိုက်ရသည်။ ကောင်းကင်ထက်တွင် ကြီးမားသည့် ခရမ်းရင့်ရောင် မျက်လုံးတစ်စုံ ပေါ်ပေါက်လာသည်။ ထိုမျက်လုံးတစ်စုံသည် လေဟာနယ်အတွင်းရှိ မိုးကြိုးစွမ်းအားများကို အရူးအမူး ဝါးမျိုနေပြီး နတ်ဘုရားပြစ်ဒဏ် တိမ်တိုက်များအသွင်သို့ ပြောင်းလဲသွားသည်။
“ခရမ်းရင့်မျက်လုံးတွေ” လူအများက ထိုမြင်ကွင်းကြောင့် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ဝမ်ယန်၏ သက်စောင့်ဝိညာဉ်သည် ခရမ်းရင့်ဝိညာဉ်ဖြစ်ပြီး မိုးကြိုးစွမ်းအားများကို ဆွဲယူနိုင်ပေသည်။
ယူချင်းသည် လေထဲတွင် ပျံသန်းနေဆဲ ဖြစ်ကာ ရုတ်တရက် ကောင်းကင်မှ မိုးကြိုးအလင်းများ ကျဆင်းလာသည်။ တောက်ပသည့် အလင်းတန်းများသည် ကောင်းကင်တွင် တိုက်ရိုက်ခွဲထွက်သွားကာ ယူချင်း၏ ခန္ဓာကိုယ်ကို ရိုက်နှက်လိုက်သည်။ အလင်းတန်းသည် မြန်ဆန်လွန်း၏။
“သူ မလွတ်နိုင်လောက်ဘူး”
လူတိုင်း၏ စိတ်ထဲတွင် ထိုအတွေးက ဝင်ရောက်လာ၏။ ထို့နောက်တွင် မိုးကြိုးများက တိုက်ရိုက်ကျဆင်းလာပြီး ယူချင်း၏ ခန္ဓာကိုယ်ကို တည့်မတ်စွာ ရိုက်ခတ်သွားသည်။ ကြောက်မက်ဖွယ် အသံက လူအများ၏ နှလုံးသားများကို မိုးခြိမ်းသံကဲ့သို့ ပြင်းထန်စွာ ခုန်လှုပ်သွားစေသည်။
ဤနတ်မိုးကြိုး၏ ရိုက်ခတ်မှုက မည်မျှ ပြင်းထန်မည်ကို မည်သူမှ မသိပေ။
ဒိန်း…
မိုးကြိုးက ယူချင်းကို ရိုက်ခတ်ပြီး အဆုံးမဲ့ မိုးကြိုးမုန်တိုင်းများသည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ လူတိုင်းက ယူချင်း ဒဏ်ရာရရှိသွားလိမ့်မည်ဟု တွေးလိုက်မိကြ၏။ သို့သော်လည်း သူတို့ မြင်တွေ့လိုက်ရသည်ကား ယူချင်းသည် မိုးကြိုးကြောင့် ခဏတာမျှသာ တုံ့ဆိုင်းသွားခဲ့ပြီး မကြာခင်တွင် အထက်သို့ ဆက်လက်၍ ထိုးတက်သွားခဲ့သည်။ သူ့ခန္ဓာကို မိုးကြိုးများက ဝန်းရံထားသော်လည်း သူ၏ ခန္ဓာကိုယ်တွင် နတ်ဆိုးလမ်းစဉ် ချပ်ဝတ်ကို ဝတ်ဆင်ထားသည်ဟု ထင်မှတ်ရပေသည်။
မိုးကြိုးစွမ်းအားများက သူ့အနီးတွင် သွားလာနေသော်လည်း သူ့ကို အနည်းငယ်မျှ သက်ရောက်ခြင်းမရှိပေ။ သူ၏ ခန္ဓာကိုယ်သည် မိုးကြိုးစွမ်းအားများကို နည်းနည်းချင်း ဝါးမျိုနေသည်။
ထိုမြင်ကွင်းက လူအများကို ထူးဆန်းသည့် ခံစားချက်များ ဖြစ်လာစေကာ သူတို့၏ စိတ်ကို မသေချာမရေရာဖြစ်စေသည်။
ကျူးယန့်မင်းသား၏ ရုပ်ပိုင်းဆိုင်ရာ ခုခံမှုက အလွန်သန်မာပြီး ရီဖူရှင်းသည်လည်း တိုက်ပွဲအတွင်းတွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ပြသခဲ့ပြီး ဖြစ်သည်။
ထို့အပြင် ယခု ယူချင်းကပါ ထပ်ပြီးတော့လား။
မည်သည့်အချိန်က စပြီး ရုပ်ပိုင်းဆိုင်ရာ သန်မာသည့် အဆင့်မြင့်ခန္ဓာကိုယ်များကို နေရာအနှံ့ တွေ့လာရသနည်း။
တူညီသည့် အဆင့်တွင် ရှိနေသော မည်သည့် သာမန် တန်ခိုးရှင်မဆို ဤခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်၏ မိုးကြိုးလမ်းစဉ် တိုက်ခိုက်မှုတစ်ခုကို ခံရပါက အပိုင်းပိုင်း ဖြစ်သွားနိုင်ပေသည်။
ဝမ်ယန်က မျက်မှောင်ကြုတ်လိုက်ပြီးမှ သူ၏ ခန္ဓာကိုယ်သည် လျှပ်စီးအလင်းတန်းအသွင်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ရှိ မိုးကြိုးများအတွင်းသို့ တစ်ဟုန်ထိုး ဝင်ရောက်သွားသည်။ မိုးကြိုးလမ်းစဉ်တိုက်ခိုက်မှုက မိုးကြိုးစွမ်းအား အပေါ်တွင် မူတည်သည်။
ပို၍ ပြင်းထန်သည့် နတ်ဘုရားပြစ်ဒဏ် တိမ်တိုက်များ ပေါ်ပေါက်လာပြီး မိုးကြိုးကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် ခရမ်းရင့် မျက်လုံးတစ်စုံ ထွက်ပေါ်လာသည်။ ၎င်းက ယူချင်းကို ကြည့်လိုက်သည့် အခိုက်အတန့်တွင် ယူချင်းသည် မိုးကြိုးကမ္ဘာအတွင်းသို့ ရောက်ရှိသွားကာ ခရမ်းရင့်မျက်လုံးတစ်စုံအတွင်း ကျရောက်သွားသည်ဟု ထင်မှတ်မှားရသည်။
သူ၏ ခန္ဓာကိုယ်နှင့် ဤကမ္ဘာသည် အဆုံးမဲ့ ခရမ်းရင့်နတ်မိုးကြိုးများနှင့် ဝန်းရံခံထားရသည်ဟု ထင်မှတ်ရပြီး သူ့ထံကို မိုးကြိုးများ တစ်ချိန်တည်းတွင် ကျရောက်လာသည်။
ယူချင်း၏ခန္ဓာကိုယ်ပေါ်မှ မဟူရာရွှေရောင် နတ်ဆိုးချပ်ဝတ်သည် မိုးကြိုးတိုက်ခိုက်မှုများကို တိုက်ရိုက်ခံရပြီးနောက်တွင် သူ၏ မျက်လုံးများသည် တွင်းနက်ကြီးကဲ့သို့ အလွန်နက်ရှိုင်းလာကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ၌ ကြောက်မက်ဖွယ် နတ်ဆိုးမျက်လုံးတစ်စုံအဖြစ် ပြောင်းလဲသွားလေသည်။
ယူချင်း၏ နတ်ဆိုးမျက်လုံးများထဲတွင် အစွမ်းထက် နတ်မိစ္ဆာကဲ့သို့ နတ်ဆိုးရုပ်တုတစ်ခု ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရသည်။
ယူချင်းက လက်နှစ်ဘက်ကို ဆန့်ထုတ်လိုက်လျှင် အဆုံးမဲ့ မိုးကြိုးစွမ်းအားများမှာ နတ်ဆိုးခန္ဓာကိုယ်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်ကို ဗဟိုပြု၍ ကြောက်မက်ဖွယ်ဝဲဂရက်တစ်ခုဖြစ်လာခဲ့ကာ သူနှင့် ဝမ်ယန်တို့ကြားအကွာအဝေးတွင် ပြင်းထန်သည့် ဝါးမျိုခြင်းစွမ်းအင်စီးကြောင်းများ ဖြစ်တည်လာသည်။
ကျဆင်းလာသည့် မိုးကြိုးစွမ်းအားများက နတ်ဆိုးပုံရိပ်၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။
ထိုနတ်ဆိုးမျက်လုံးတစ်စုံနှင့် ဝမ်ယန်၏ ခရမ်းရင့်မျက်လုံးများသည် အချင်းချင်း ထိပ်တိုက် တွေ့ဆုံကြသည်။ ထိုအချိန်တွင် ဖိနှိပ်ခံရသော ခံစားချက်သည် ဝမ်ယန်အား နတ်ဆိုးအသွင်သဏ္ဌာန်ထံ၌ ခစားလိုစိတ်များဖြစ်လာစေရန် အတင်းတွန်းအားပေးနေ၏။
ထိုသို့သော ခံစားချက်က သူ့ကို တုန်ယင်လာစေသည်။
ဒုန်း…
ယူချင်းသည် ရှေ့သို့ ခြေလှမ်းလိုက်လျှင် ကောင်းကင်နှင့် မြေကြီးသည်ပင် ဖိနှိပ်ခံရ၏။ ဝမ်ယန်၏ နှလုံးသားများက တုန်ယင်နေသည်။ သူသည် လျှပ်စီးတန်းကဲ့သို့ ပြောင်းလဲလိုက်ကာ တိုက်ပွဲကွင်းပြင်မှ ထွက်ခွာသွားလိုသော်လည်း သူ့အနီးတွင် နတ်ဆိုးကဲ့သို့သော ပုံရိပ်များက နေရာအနှံ့တွင် ပေါ်ပေါက်လာကာ ကောင်းကင်ထက်တွင် ရပ်နေခဲ့သည်။
ထိုမြင်ကွင်းက ဝမ်ယန်ကို တောင့်တင်းသွားစေ၏။ သူသည် လက်နှစ်ဖက်ကို စုစည်းလိုက်လျှင် အဆုံးမဲ့ မိုးကြိုးစွမ်းအားများက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာ၍ ကြောက်မက်ဖွယ် နတ်ဘုရားပြစ်ဒဏ် မိုးကြိုးများအဖြစ် ပြောင်းလဲသွားကာ နေရာအနှံ့ ထိုးထွက်သွားသည်။
နတ်မိုးကြိုးအရိပ်များက တစ်ချိန်တည်းတွင် သူ၏ လက်များထဲသို့ ဆွဲယူခံလိုက်ရသည်။ မိုးကြိုးလမ်းစဉ် အလင်းနှင့် လက်ဝါးရိပ်များ ထိတွေ့သွားသည်နှင့် သန်မာ၍ တောက်ပသော အလင်းများ ထွက်ပေါ်လာသည်။
ယူချင်းသည် ကောင်းကင်ထက်တွင် ဆက်လက်၍ လျှောက်လာနေပြီး သူ၏ လက်များဖြင့် ရှေ့သို့ ကုတ်ဆွဲလိုက်သည်။
ရုတ်တရက် ကြောက်မက်ဖွယ် နတ်ဆိုးလမ်းစဉ် စွမ်းအင်လှိုင်းများက ဝမ်ယန်၏ ခန္ဓာကိုယ်ဆီသို့ စီးဆင်းသွားပြီး ပြင်းထန်သည့် ဖျက်ဆီးခြင်းလေပွေတစ်ခု ဖြစ်တည်လာကာ ယင်းသည် သူ၏ ခန္ဓာကိုယ်အထက်မှ မိုးကြိုးအလင်းများကို စုပ်ယူဝါးမျို လိုက်သည်။ ထို့နောက် ယင်းစွမ်းအားများသည် နတ်ဆိုးလမ်းစဉ် လက်ဝါးထံသို့ စီးဆင်းသွားခဲ့သည်။
“ဒါက…”
အောက်ဘက်မှ သူတို့ကို ကြည့်နေသည့် လူများ လိုက်မမီနိုင်အောင် ဖြစ်သွားရသည်။ ဝမ်ယန်၏ ခန္ဓာကိုယ်သည် နတ်ဆိုးစွမ်းအင်လှိုင်းများဖြင့် ဝန်းရံခံထားရပြီး သူ့စွမ်းအားများကတော့ တဖြည်းဖြည်း ပျက်ပြယ်လာခဲ့သည်။ သူ၏ အသက်စွမ်းအားသည်လည်း ယုတ်လျော့လာခဲ့သည်။
“ဒီကိုလာခဲ့”
အာဏာပြည့်ဝသောအသံတစ်ခုထွက်ပေါ်လာခဲ့ကာ ထိုအသံသည် ကောင်းကင်နှင့်မြေပြင်အကြားမှ နတ်ဆိုးတေးသွားတစ်ပုဒ်အလား တချိန်တည်းတွင် နတ်ဆိုးများစွာတို့၏ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။
ဘုန်း…
ဝမ်ယန်၏ ခန္ဓာကိုယ်က ထိန်းချုပ်နိုင်စွမ်းကင်းစွာဖြင့် ယူချင်းထံသို့ ရွေ့လျားသွားခဲ့သည်။ သူ၏ စွမ်းအားများက အားနည်းနေခဲ့ပြီဖြစ်ရာ သူက ထိုစွမ်းအားကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။ သူသည် နတ်ဘုရားဆေးကြောသန့်စင်ခြင်းအဆင့်မှ အခြား တန်ခိုးရှင်များထက် သန်မာသော်လည်း ခရမ်းရင့်ကောင်းကင်နန်းတော်တွင် သူ၏ အရည်အချင်းနှင့် ထန်ကျစ်မော့တို့အကြားတွင် ကွာခြားချက် ကြီးမားလှသည်။ သူက ယူချင်းကို မည်သို့ရင်ဆိုင်တိုက်ခိုက်နိုင်ပါမည်နည်း။
ထိုအသံတစ်ခု ထွက်ပေါ်လာပြီးနောက်တွင် ဝမ်ယန်သည် နတ်ဆိုးစွမ်းအင်စီးကြောင်းများဖြင့် ယူချင်း၏ လက်ဝါးဆီသို့ တိုက်ရိုက်ဆွဲယူခံလိုက်ရသည်ကို မြင်တွေ့ကြပေသည်။ ထို့နောက် သူ၏ လည်ပင်းက ယူချင်းလက်တွင်းသို့ ကျရောက် ဖမ်းဆုပ်ခံလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်က အထိတ်တလန့် ရုန်းကန်နေခဲ့ပြီး သူ၏ မျက်နှာတွင် ကြောက်ရွံ့ထိတ့်လန့်ခြင်းများ ထင်ထင်ရှားရှားဖြစ်ပေါ်လာ၏။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ တပည့်တစ်ယောက်ဖြစ်သည့် သူက အမှန်တကယ် ထိုမျှ အားနည်းနေသည်လား။
***