အပိုင်း(၁၃၇၃):

မင်းရဲ့ရွေးချယ်မှုပဲ
မိုးကြိုးကလန်ရှစ်ခုနှင့် ခရမ်းရင့်မြေအောက်နန်းတော်တို့အတွက်ကား ပိုမိုစိတ်ဝင်စားဖွယ်ကောင်းနေသည်။ ကောင်းကင်တွင် တစ်လက်လက်တောက်ပနေသော ရောင်စဉ်ရောင်ဝါများဖြင့် လူတစ်ယောက် ရှိနေ၏။ ခပ်သိမ်းသော စွမ်းအားများအားလုံးသည် ရိုက်ချက်တစ်ခုတည်းအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ရီဖူရှင်း၏ ထိုရိုက်ချက်သည်ပင် ကျူးယန့်မင်းသားကို နောက်သို့ လွင့်သွားစေ၏။
တစ်ကြိမ်တစ်ခါက ရီဖူရှင်းသည် ခရမ်းရင့်ကောင်းကင်နန်းတော်ကို ငြင်းပယ်ခဲ့သောအခါ လူတိုင်းက သူ့အား အခွင့်အလမ်းတစ်ခုကို လွဲချော်ခဲ့သည့်အတွက် သနားဂရုဏာသက်ကြသည်။
ယခု ကြည့်ပါက သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်တွင် ကျင့်ကြံရန် လိုအပ်ပါ၏လော။
ဤကပင် ခရမ်းရင့်ကောင်းကင်နန်းတော်ကို ငြင်းပယ်ရသည့် အကြောင်းအရင်းပေလော။
“မိုက်တယ်…” ကောင်းကင်အာဏာစက်ဘုံမှလူများအားလုံး စိတ်ဝင်တစား ဖြစ်လာခဲ့ကြ၏။ ရီဖူရှင်းကား သူတို့ကို စိတ်ဝင်စားစေမည့်အကြောင်းအရင်းတချို့ ပေးခဲ့သည်။
ယခင်က ကောင်းကင်အာဏာစက်ဘုံမှ လူများသည် ရီဖူရှင်းကို သိပ်အလေးမထားခဲ့ကြပေ။ ယခု သည်လူ၏တိုက်ခိုက်ရေးစွမ်းအားသည် အထွတ်အထိပ်အင်အားစုမှ လူများနှင့်ပင် ယှဉ်နိုင်သည်ကို တွေ့ရှိလာခဲ့ကြ၏။
ကောင်းကင်အာဏာစက်ဘုံတွင် သူ့လိုလူသိပ်မရှိပေ။
ခရမ်းရင့်မြေအောက်အင်ပါယာသာ သည်ကိစ္စကို ကြားသိပါက မည်သို့ခံစားရမည်နည်း။
မှန်သည်၊ နတ်ဆိုးကလန်မှ ကျင့်ကြံသူများသည် ပိုမို၍ပင် အံ့အားသင့်ကြရ၏။ သည်မတိုင် သူတို့သည် ဝမ်းသာအားရ အော်ဟစ်အားပေးနေခဲ့ကြသည်။ ရီဖူရှင်း၏ရိုက်ချက်ကျဆင်းလာသောအခါတွင်ကား ကျူးယန့်မင်းသား နောက်သို့ လွင့်စင်သွားခြင်းနှင့်အတူ အော်ဟစ်အားပေးနေကြသော သားရဲများအားလုံးမှာလည်း တိတ်ဆိတ်သွားချေသည်။
ကောင်းကင်ထက်တွင် ကျူးယန့်၏ခန္ဓာကိုယ်ကား ကွေးကောက်နေချေသည်။ သူက ဟန်ချက်ထိန်းလိုက်ပြီး ရီဖူရှင်းအား ရွှေရောင်မျက်လုံးများဖြင့် ကြည့်သည်။
သူကား လူသားတစ်ဦးထံတွင် ရှုံးနိမ့်ခဲ့၏။
သူက နောက်ကို ဆုတ်လိုက်လျှင် လေထုသည် တုန်ခါသွား၏။ သူရွေ့လျားသွားသည်နှင့် သူ့နောက်တွင် သားရဲပုံရိပ်ကြီးသည် တဖန်ဖြစ်ပေါ်လာခဲ့ကာ သူ့ခန္ဓာကိုယ်ကြီးက ပြင်းထန်စွာ လှည့်ပတ်လျှက် လျှပ်စီးတန်းအလား ရီဖူရှင်းအပေါ်သို့ ကျဆင်းလာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော မာန်သွင်းသံကြီးသည် ကောင်းကင်ကြီးအား တုန်ဟည်းစေပြီးနောက်တွင် ဧရာမမီးလျှံရွှေနှင်တံကြီးသည် ကောင်းကင်နှင့်မြေပြင်အကြား ပေါ်လာပြီး အောက်ကို ကျဆင်းလာတော့သည်။
ရီဖူရှင်းကလည်း ကြယ်တာရာများရစ်ပတ်လျှက် ကောင်းကင်ထက်သို့ လှမ်းတက်သည်။
သူ့လက်ထဲမှ ကြယ်တာရာနှင်တံသည် ပိုမိုကြီးထွားလာခဲ့၏။ သူက လက်နှစ်ဘက်ကို မြှောက်လိုက်ကာ ဧရာမစွမ်းအားကြီးသည် လေထုကို ဖြတ်သန်းသွား၏။
ဘုန်း…
ဧရာမနှင်တံကြီးနှစ်ခု ရင်ဆိုင်မိလျှင် လေထုသည် ပြင်းထန်စွာ တုန်ခါ၏။ ကြမ်းရမ်းခက်ထော်သော ကျူးယန့်မင်းသားသည် သူ့အား ရိုက်ခတ်လာသော အဆုံးမဲ့စွမ်းအားကို ခံစားမိလိုက်သည်။
ဖူး…
သူသည် သွေးတစ်ပွက်အန်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် သူ၏အလေးရှိန်ကိုမထိန်းနိုင်တော့ရာ တဖန် နှင်တံကြောင့် အဝေးကို လွင့်စင်သွားခဲ့သည်။
အားလုံး၏စိတ်နှလုံးသည် ပြင်းထန်စွာ တုန်ခါသွားကြ၏။ သားရိုင်းများလည်း ထိုနည်းတူပါပေ။ သူတို့အားလုံးက ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ ကျူးယန့်မင်းသား၏အသွင်ပြောင်းလဲခြင်းအား ရိုက်နှက်နိုင်သည့် ရီဖူရှင်း၏တိုက်ခိုက်ရေးစွမ်းအားသည် အလွန်အမင်းအားကောင်းသည်ထက်ပင် ပိုနေသေးသည်။
ကောင်းကင်ထက်ပင် လေပြင်းမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်လာ၏။ရုတ်တရက် ဧရာမသားရဲကြီးတစ်ကောင်သည် ရီဖူရှင်းထံသို့ အလွန်အမင်းမြန်ဆန်စွာဖြင့် ရွေ့လျားသွားသည်။ သည်တစ်ကြိမ်ကား အစစ်အမှန်သားရဲကြီးဖြစ်သည်။ သူ၏ကြီးမားသော ခွန်အားသည် လူတိုင်းအား သေအောင်နင်းခြေနိုင်ဟန်ရသည်။
ဘုန်း…
ရီဖူရှင်းက လေထဲကို ခုန်တက်လိုက်သည်။ သူ့ခန္ဓာကိုယ်က မြန်ဆန်စွာ လှည့်ပတ်သွားပြီး နှင်တံသည် သူ့လက်ထဲတွင် ကခုန်လျှင် တဖြည်းဖြည်း ကြယ်တာရာတိုက်ပွဲသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားသည်။ အဆုံးအစမဲ့သော ကြယ်တာရာစီးကြောင်းများသည် နှင်တံ၏လှုပ်ရှားမှုနောက်၌ ဖြစ်ပေါ်လာကြသည်။
သူ့ခေါင်းထက်တွင် ဧရာမနှင်တံကြီးသည် လေထုကို ခွဲခြမ်းလျှက် ကျဆင်းလာခဲ့သည်။
ရီဖူရှင်း၏နှံတံက ထိုအင်အားကို သွားရောက်ရင်ဆိုင်ခဲ့ကာ ကောင်းကင်မှ ကြယ်တာရာများအားလုံးသည် တစ်ခုတည်းအဖြစ်၊ မဟာလမ်းစဉ်ကပေါင်းစည်းသွားကာ၊ အရာခပ်သိမ်းသော ပျက်စီးခြင်းကို ဖြစ်ပေါ်စေ၏။
ဘုန်း… ဘုန်း… ဘုန်း…
အရိပ်များ ရှုပ်ထွေးသွားပြီး ကောင်းကင်သည် ပြိုကျလုမတတ်ဖြစ်လာသည်။ သူတို့ကား လေထဲတွင် တိုက်ခိုက်နေခဲ့ကြကာ မြေပြင်သည်ပင် တုန်ခါနေသည်ဟု လူတိုင်းက ခံစားမိကြသည်။
အရိပ်နှစ်ခုသည် ကောင်းကင်ထက်တွင် ရှိနေကာ ထိုအခိုက်အတန့်သည် ထာဝရအလား ထင်မှားရ၏။
ထိုအခိုက်တွင် လူရိပ်နှစ်ခုသည် ကွဲကွာသွား၏။ သည်တစ်ကြိမ်ကား ရီဖူရှင်းသည်လည်း နောက်ဆုတ်သွားရသည်။ သို့သော် ကျူးယန့်ကား အဝေးကို လွင့်စင်သွား၏။
ကျူးယန့်က ဟန်ချက်ထိန်းကာ ရီဖူရှင်းကို လှမ်းကြည့်လိုက်သောအချိန်တွင် ဧရာမစွမ်းအားကြီးတစ်ခုသည် နှင်တံတွင် လာရောက်စုစည်းကာ နောက်ထပ် ရိုက်ချက်တစ်ခုအဖြစ်အသွင်ပြောင်းလာခဲ့သည်။
ထိုအခိုက်တွင် ကျူးယန့်အိမ်ရှေ့စံမင်းသားသည် သူ၏ယုံကြည်ချက်များ ပျောက်ဆုံးသွား၏။
သည်တစ်ကြိမ်ကား သူ့အတွက် မသေမချာခံစားရခြင်းမှာ ပထမဆုံးဖြစ်ပေသည်။ အတိတ်တွင် သူသည် အမြဲတမ်း တိုက်ပွဲများ၌ ပြိုင်ဘက်ကင်းခဲ့သည်။ သူ့ရှေ့ကို မည်သူရောက်လာပါစေ သူက အပေါ်စီးမှ ရိုက်နိုင်၏။
သို့သော်၊ သည်လူသား၏မျက်လုံးများကို ကြည့်လိုက်လျှင် သူ၏နှင်တံအင်အားကဲ့သို့ အဆုံးရှိဟန်မတူပေ။
“ခင်ဗျား ဆက်တိုက်ချင်လား” ရီဖူရှင်းက ကျူးယန့်မင်းသားကို မေးသည်။ ကောင်းကင်ဘုံကိုးဆင့်ရိုက်ချက်၊ ပညာရှိကျမ်းနှင့် ကြယ်တာရာလမ်းစဉ်တို့အား ရင်ဆိုင်နိုင်သော ကျူးယန့်မင်းသားသည် နတ်ဆိုးဒေသမှ ပါရမီအမြင့်ဆုံးတစ်ဦးဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။ သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်ကိုပင် အနိုင်ယူနိုင်၏။
ကျူးယန့်မင်းသားက ရီဖူရှင်းကို ငုံ့ကြည့်သည်။ သူ့မျက်လုံးများက ရုန့်ရမ်းကြမ်းတမ်းနေဆဲဖြစ်သော်လည်း ကောင်းကင်နှင့်မြေပြင်အကြား လေထုလှုပ်ခတ်မှုများသည် ပြန်လည်၍ တည်ငြိမ်လာခဲ့၏။ သူ၏ဧရာမခန္ဓာကိုယ်ကြီးသည်လည်း မူလအသွင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။
ရီဖူရှင်း၏လက်ထဲမှ နှင်တံရှည်သည်လည်း ပျောက်ကွယ်သွားခဲ့ကာ သူ၏ကိုယ်ရောင်များက ပုံမှန်အနေအထားသို့ ရောက်လာခဲ့၏။
“နှင်တံပညာရပ်မှာ ငါရှုံးတယ်ဆိုပေမဲ့ တကယ့် သေခြင်းရှင်ခြင်းတိုက်ပွဲမှာ ဘယ်သူနိုင်မလဲ” ကျူးယန့်မင်းသားက ရီဖူရှင်းကို စိုက်ကြည့်ကာ မေးသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ ထန်ကျစ်မော့သည်လည်း သူ့အား တူညီသော မေးခွန်းကို မေးခဲ့ကာ ထန်ကျစ်မော့သည် အနိုင်ရနိုင်ခြင်းမရှိဟု သူက သက်သေပြခဲ့သည်။
သို့ဆိုလျှင် ရီဖူရှင်းကရော…။
သူ့ရှေ့မှ လူကား ထန်ကျစ်မော့ထက် သန်မာပေသည်။
ရီဖူရှင်းက ဘာမှ မပြောချေ။ အားကောင်းသော လှိုင်းတစ်ခု သူ့ထံမှ ဖြစ်ပေါ်လာသည်။ ကျူးယန့်မင်းသားသည်ပင် သူ့ခန္ဓာကိုယ်မှာ လေဟာနယ်ဓာတ်များကြောင့် လှုပ်ရှားရခက်လာသည်ဟု ခံစားရသည်။
အမြန်နှုန်းတွင် ကျူးယန့်မင်းသားသည် သူ့အား မှားယွင်းကြောင်း သက်သေပြခဲ့၏။ သို့သော်လည်း လေဟာနယ်ဓာတ်တွင် သူ့အမြန်နှုန်းကား အသာစီးမရနိုင်။
“အိမ်ရှေ့စံမင်းသား စိတ်မရှိပါနဲ့။ ကျုပ်ကျင့်ကြံလာတဲ့တစ်သက်မှာ အဆင့်တစ်ခုတည်းအတွင်း ကျုပ်ကို အနိုင်ရသူ မရှိသေးဘူး” ရီဖူရှင်းက ကျူးယန့်မင်းသားကို ကြည့်ကာ ပြောသည်။
“မင်း တော်တော်မောက်မာတယ်” ကျူးယန့်မင်းသားက ပြောသည် “ဒါပေမဲ့ မင်းက မောက်မာဖို့အဆင့်ရှိတယ်။ အနည်းဆုံး ခရမ်းရင့်နန်းတော်ကလူတွေထက် အဆင့်ရှိတယ်”
ခရမ်းရင့်ကောင်းကင်နန်းတော်မှလူများအားလုံး မျက်နှာပျက်သွားကြသည်။ ထန်ကျစ်မော့ကား ပို၍ပင် မသက်မသာ ခံစားရသည်။
“ပြီးတော့ မင်းတို့ပြောတာတွေ နားထောင်ရတာ မင်းကို ခရမ်းရင့်ကောင်းကင်နန်းတော်က မိုးကြိုးပညာသုံးတာကို တားမြစ်တယ်တဲ့လား” ကျူးယန့်မင်းသားက ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများကို ကြည့်ကာ ပြောသည် “ဒီနေ့ ကျုပ်က ကောင်းကင်အာဏာစက်ဘုံကလူတွေ ဘယ်လောက် ထူးချွန်လဲသိချင်လို့ လာခဲ့တာ။ မင်းတို့က ထင်သလောက် မဟုတ်ဘူးပဲ”
သူ၏စကားများကို ကြားလျှင် ခရမ်းရင့်နန်းတော်မှ လူများသည် ပိုမို၍ပင် အရှက်ရကြသည်။ သည်မတိုင်ခင် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများက အားလုံး၏ရှေ့တွင် ရီဖူရှင်းအား မိုးကြိုးလမ်းစဉ်ကို အသုံးမပြုရန် တားမြစ်ခဲ့ကြသည်။
ယခုအခြေအနေကို ကြည့်ပါလျှင် ရီဖူရှင်းသည် မိုးကြိုးလမ်းစဉ်ကို လေ့ကျင့်ရန် လိုအပ်ပါ၏လော။
ယခု သူထုတ်ပြသော စွမ်းရည်များအရ မိုးကြိုးလမ်းစဉ်အမွေအနှစ်ကို အလေးထားစရာလိုပါသလော။
“ဒါက တိုက်ပွဲတစ်ပွဲတည်းပဲ။ ဒီလိုကောက်ချက်ချတာဟာ ရယ်စရာကောင်းမနေဘူးလား။ ကောင်းကင်အာဏာစက်ဘုံမှာ ကျုပ်ထက်သန်မာတဲ့လူတွေ အများကြီးပဲ။ မင်းသားရဲ့ခွန်အားက ကြီးမားတယ်ဆိုပေမဲ့ ဒါကို သုံးပြီး လောကကြီးကို တိုင်းတာတာက အရမ်းအမြင်ကျဉ်းတာပဲ။ ကောင်းကင်အာဏာစက်ဘုံကလူတွေကိုထား၊ အထွတ်အထိပ်ဘုံတွေကလူတွေတောင် သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းတယ်လို့ မခံယူရဲကြဘူး”
“ရှင်တို့တတွေက တော်တော်ကို အမြင်ကျဉ်းတာပဲ။ ရှင်တို့က လောကမှာ မိုးကြိုးပညာရပ်တစ်ခုတည်းပဲရှိတယ်လို့ ယုံကြည်တဲ့အတွက် တခြားလူတွေရဲ့ပညာရပ်ကို တားမြစ်တယ်” ရှားရှင်းယွန်က ထန်ကျစ်မော့အား ကြည့်ကာ ပြောသည်။
ထန်ကျစ်မော့က ရှားရှင်းယွန်ကို ကြည့်သလို ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများကလည်း သူမအား ကြည့်ကြသည်။ သည်ကိစ္စက လုံးဝ မမေ့နိုင်တော့ပြီလား။
ခရမ်းရင့်ကောင်းကင်နန်းတော်အတွက် ထိုကိစ္စမှာ မျက်နှာပျက်စရာဖြစ်သော်လည်း ထိုကိစ္စကိုပင် ကြိမ်ဖန်များစွာ ရည်ညွန်းပြောဆိုခံနေရသည်။
“မင်းမှာ စကားပြောခွင့်ရှိလို့လား” ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူတစ်ယောက်က ထူးမခြားနားစွာ ပြောသည်။ သူတို့ကား ကောင်းကင်အာဏာစက်ဘုံ၏အထွတ်အထိပ်အင်အားစုများဖြစ်ကာ သည်လူများက သူတို့ကို ဟာသလုပ်နေသည်လား။
ရီဖူရှင်းက ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများကို ကြည့်သည်။
“ဘာလို့ အခွင့်မရှိရမှာလဲ” ရီဖူရှင်းက နတ်မိစ္ဆာစင်မြင့်ထက်မှ ဆင်းလာကာ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများကို မေးသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များ၏အရှိန်အဝါများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
သူတို့၏အရှိန်အဝါကို ခံစားမိလျှင် ရီဖူရှင်းက ထပ်ပြောသည် “ခင်ဗျားတို့က ခရမ်းရင့်ကောင်းကင်နန်းတော်အနေနဲ့ဆိုရင်တော့ ခင်ဗျားတို့ပြောတာမှန်လိမ့်မယ်။ တကယ့်အရည်အချင်းနဲ့ဆိုရင်တော့ …”
“အရည်အချင်းက မလုံလောက်ဘူး”
ရီဖူရှင်း၏စကားက လူတိုင်းကို ဆွံ့အစေသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများ၏အရည်အချင်းမှာ မပြည့်မှီဟု သူက ပြောသည်။
“မင်းက တစ်ယောက်တည်းရဲ့စွမ်းရည်ကို အတည်ယူပြီး အားလုံးရဲ့စွမ်းရည်ကို အကဲဖြတ်တာလား” ခရမ်းရင့်ကောင်းကင်နန်းတော်မှ ဦးဆောင်သူတစ်ဦးက ပြောသည်။
“ရှန့်ထိုလေးဆင့်… ခင်ဗျားတို့ ကြိုက်ရာရွေး” ရီဖူရှင်းက တစ်ဘက်လူများကို ပြောသည်။
သူ၏ရင့်သီးသော စကားက အားလုံးကို တိတ်ဆိတ်စေသည်။ ရီဖူရှင်းက ခရမ်းရင့်ကောင်းကင်နန်းတော်ကို ရှန့်ထိုလေးဆင့်မှ ကြိုက်ရာတန်ခိုးအဆင့်အား ရွေးချယ်ရန် ပြောနေသည်။
***

Comment

Leave a Reply


Options

not work with dark mode
Reset