Switch Mode

အပိုင်း(၁၃၇၂):

တုန်ခါစေခြင်း
ရီဖူရှင်းက ကျူးယန့်နတ်ဆိုးမင်းသားကို ကြည့်လိုက်ကာ သူ၏သဘောကို နားလည်လိုက်သည်။ နှင်တံပညာရပ်က ရင်းနှီးနေသည်ဟု သူက ခံစားမိမှတော့ နတ်ဆိုးမင်းသားသည်လည်း ထိုသို့ခံစားမိပေလိမ့်မည်။
ထို့ကြောင့် သူက ရီဖူရှင်း၏နှင်တံပညာကို စမ်းကြည့်လိုပေသည်။
“မင်းသားက စိတ်ဝင်စားမှတော့ ကျုပ်ကလည်း မင်းသားစိတ်မပျက်အောင် ကြိုးစားပေးရတာပေါ့” ရီဖူရှင်းကလည်း သဘောတူသည်။
တန်ခိုးရှင်အများအပြားက ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ ထန်ကျစ်မော့သည်ပင် နတ်ဆိုးမင်းသားထံတွင် ရှုံးနိမ့်ခဲ့သည်။ ရီဖူရှင်းက ကျူးယန့်မင်းသားကို မည်သို့ ယှဉ်နိုင်မည်နည်း။
ရီဖူရှင်း၏တိုက်ရည်ခိုက်ရည်က အတော်ကောင်းသော်လည်း ထန်ကျစ်မော့၏စွမ်းရည်ကလည်း မခေပေ။ မိုးကြိုးလျှို့ဝှက်ပညာရပ်ရှစ်ခု၊ ကောင်းကင်မှ ဆင်းလာလာသော မိုးကြိုးလျှပ်စီး၊ မဟာလမ်းစဉ်မိုးကြိုးစွမ်းအား၏တိမ်တိုက်ကဒ်ဆိုးမှသည် နောက်ဆုံးသော ကဒ်ဆိုးအထိ…။
သို့တိုင်အောင် တစ်ဘက်လူ၏ခံစစ်ကို မချိုးဖျက်နိုင်ခဲ့။ ထိုအချက်မျှကပင် နတ်ဆိုးအိမ်ရှေ့စံမင်းသားအား ပြိုင်စံရှားစေသည်။
ထို့အပြင် သူသည် လူသားတို့၏ခြေလှမ်းနှင့် ပုံရိပ်ယောင်ပညာကိုလည်း လေ့ကျင့်ဟန်ရှိကာ အားနည်းချက်မရှိသကဲ့သို့ဖြစ်သည်။
သူနှင့်တိုက်ခိုက်နိုင်သောသူများမှာ ကောင်းကင်အာဏာစက်ဘုံ၏ အထွတ်အထိပ်အင်အားစုများမှ ထန်ကျစ်မော့ကဲ့သို့သောသူ ဖြစ်ရပေမည်။
စိန်ခေါ်ခြင်းထက် ဝင်္ကပါအား ကျော်ဖြတ်ရန်က ပိုမိုခက်ခဲမည်ဟု သည်မတိုင်ခင်က လူအများအပြား တွေးတောကြ၏။ သို့သော်လည်း ကျူးယန့်၏စစ်မှန်သောခွန်အားကို မြင်တွေ့ကြသောအခါ သည်စမ်းသပ်မှုက ပို၍ ခက်ခဲသယောင်ရှိသည်ဟု သိနားလည်လာကြသည်။
အားလုံး အတွေးနက်နေစဉ် ရီဖူရှင်း ရှေ့ကို တက်သွားသည်။ သူက ကျူးယန့်အိမ်ရှေ့စံမင်းသားထံကို ဦးတည်လိုက်ခြင်းဖြစ်သည်။
“နှင်တံကိုထုတ်…” ကျူးယန့်က သူကရွှေမီးလျှံနတ်နှင်တံကို ကိုင်ကာ ရီဖူရှင်းကို ပြောသည်။
ရီဖူရှင်းက လက်ဆန့်တန်းလျှင် နှင်တံရှည်တစ်လက်ထွက်ပေါ်လာ၏။
“ဒါဆို အိမ်ရှေ့စံမင်းသားမြင်ချင်တာ သူ့နှင်တံပညာရပ်ပေါ့” လူသားတန်ခိုးရှင်များက ထိုမြင်ကွင်းကို ကြည့်ကာ ကျူးယန့်မင်းသားက ရီဖူရှင်းအား တိုက်ခိုက်လိုသော ရည်ရွယ်ချက်ကို နားလည်လိုက်ကြသည်။
“သူ့နှင်တံပညာရပ်က ကျူးယန့်မင်းသားရဲ့နှင်တံပညာနဲ့နည်းနည်းဆင်ပုံရတယ်။ ဒါက လမ်းစဉ်တစ်ခုတည်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပြီးတော့ မင်းသားက ရီဖူရှင်းရဲ့ နှင်တံပညာကို မြင်ချင်တာဖြစ်မယ်” တစ်ယောက်က ပြောသည်။
“သူတို့ပညာနှစ်ခုက ဆင်တယ်ဆိုပေမဲ့ နှစ်ယောက်သားရဲ့ခွန်အားက အရမ်းဟနေတာပဲကို။ ကျူးယန့်မင်းသားက အရမ်းကို ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်တတ်တော့ ရီဖူရှင်းက ခံနိုင်ပါ့မလား”
“ဒီတိုက်ပွဲမှာ ရီဖူရှင်း ဘယ်လောက် ခံနိုင်ရည်ရှိမလဲ ကြည့်ကြတာပေါ့”
ထန်ကျစ်မော့ရှုံးနိမ့်ပြီးနောက်တွင် မိုးကြိုးကလန်မှ လူများသည် ရီဖူရှင်းအားလည်း ကျူးယန့်မင်းသားထံတွင် ရှုံးနိမ့်သွားစေလိုနေကြသည်။ မဟုတ်လျှင် ခရမ်းရင့်ကောင်းကင်နန်းတော်အတွက် အရှက်ရဖွယ်ရာကောင်းပေသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်ကား လျှို့ဝှက်မိုးကြိုးလျှပ်စီးပညာရပ်ရှစ်မျိုး၏အချုပ်ဖြစ်ရာ အကယ်၍ ရီဖူရှင်းသာ ကျူးယန့်မင်းသားနှင့် ယှဉ်နိုင်ခဲ့ပါက သူတို့၏အဆင့်အတန်းက မည်သည့်နေရာသို့ ရောက်သွားမည်နည်း။
အနည်းဆုံး ကျူးယန့်မင်းသားက အလွန်စွမ်းအားကြီးခြင်းသည် ထန်ကျစ်မော့၏အရှုံးအား အရှက်ရခြင်းမှ အနည်းငယ် သက်သာစေနိုင်ပေသည်။
“သူက ရိုက်ချက် ဘယ်နှစ်ချက် ခံနိုင်မယ်ဆိုတာ မသိနိုင်သေးပေမဲ့ မင်းတို့ကတော့ သူ့ရိုက်ချက်ကို တစ်ချက်မှ ခံနိုင်မှာ မဟုတ်ဘူး” ယူချင်းက မိုးကြိုးကလန်ရှစ်ခုအား ကြည့်ကာ ပြောသည်။
မျက်လုံးများအားလုံးက ယူချင်းထံကို ရောက်လာသော်လည်း ယူချင်းကား ခံစားချက်ကင်းမဲ့စွာဖြင့် တိုက်ပွဲကိုသာ ကြည့်နေသည်။
ထိုအခိုက်တွင် ပြင်းထန်သော အရှိန်အဝါတစ်ခု လေထုထဲ၌ ဖြစ်ပေါ်လာရာ အားလုံးက ယူချင်းကို အာရုံမစိုက်နိုင်တော့ဘဲ ကောင်းကင်ထက်မှ နတ်ဆိုးတိုက်ပွဲစင်မြင့်အား ကြည့်ကြသည်။
ကျူးယန့်မင်းသားသည်လည်း နှင်တံရှည်တစ်လက်ကို စွဲကိုင်ထား၏။ လေထဲတွင် လျှပ်စီးအလင်းတန်းအလား သူသည် ရီဖူရှင်းထံသို့ တိုးဝင်သွား၏။
ကောင်းကင်ထက်တွင် နှင်တံပုံရိပ်တစ်ခုဖြစ်ပေါ်လာခဲ့ကာ ပုံရိပ်ကိုယ်ပွားများနှင့်အတူ အောက်ကို ကျဆင်းလာ၏။ တချိန်တည်းမှာပင် ကြီးမားသော ဖိအားသည် ရီဖူရှင်းထံသို့ ကျဆင်းလာခဲ့တော့သည်။
ဘန်း…
ရီဖူရှင်းက ခြေတစ်လှမ်းလှမ်းလိုက်လျှင် သူ့ပတ်ပတ်လည်၍ ကြယ်တာရာအလင်းများ ရစ်ပတ်သွား၏။ သူ့လက်မှ နှင်တံလှုပ်ရှားသွားလျှင် လေထဲတွင် ကျယ်လောင်သောအသံတစ်သံနှင့်အတူ ကြယ်အစစ်တစ်လုံးအလား ကောင်းကင်ကို ဖြတ်သန်းသွား၏။
ဘုန်း…
အလွန်ပြင်းထန်သော လေလှိုင်းတစ်ခု ရိုက်ခတ်သွားကာ ကျူးယန့်မင်းသား နောက်ကို ဆုတ်သွားရသည်။ မာန်သွင်းသံတစ်ခုနှင့်အတူ သူ၏အတောင်ပံများကို ဖြန့်လိုက်ကာ သူ၏လက်များက နှင်တံကို ကိုင်စွဲလျှက် လေထဲတွင် လှည့်ပတ်သည်။ မဟာလမ်းစဉ်၏လေပွေလှိုင်းတစ်ခုဖြစ်ပေါ်လာပြီးနောက်တွင် နှင်တံသည် လေထုကို ထက်ခြမ်းခွဲလျှက် ကျဆင်းလာခဲ့၏။
ရီဖူရှင်းသည် ရှောင်တိမ်းရန် မကြိုးစားဘဲ ကြယ်တာရာအလင်းများနှင့်အတူ ရှေ့ကို ဆက်လှမ်းလာခဲ့သည်။
နောက်ထပ် ဝှေ့ယမ်းမှုတစ်ခုတွင် ကောင်းကင်နှင့်ကြယ်တာရာများသည် နှင်တံတွင် ပေါင်းစပ်ကြ၏။
ထို့နောက် နောက်ထပ် ရင်ဆိုင်မှုတစ်ခု ဖြစ်ပေါ်လာ၏။
ကျူးယန့်မင်းသား၏ခန္ဓာကိုယ်က အဆက်မပြတ်လည်သွားကာ သူ့ရှေ့တွင် မရေမတွက်နိုင်သော နှင်တံပုံရိပ်များအား ဖြစ်ပေါ်စေ၏။
ဖုန်း…
ခန္ဓာကိုယ်သည် ဘေးတစ်စောင်း ကျဆင်းလာခဲ့ကာ များစွာသော နှင်တံပုံရိပ်များသည်လည်း မည်သည့်လောကဓာတ်များမှ မပါဘဲ ကျဆင်းလာကြသည်။
ရီဖူရှင်းကလည်း ထိုအချက်ကို သတိထားမိကာ ကျူးယန့်မင်းသား၏နှင်တံပညာသည် လူဝံကလန်၏ပညာကို အခြေခံထားကာ သူ၏ကိုယ်ပိုင်ဟန်အဖြစ် လုံးဝ ပြောင်းလဲထားဟန်ရကြောင်း သိလိုက်သည်။ မည်သည့်လောကဓာတ်မှ မပါဝင်သလို ရိုးရှင်းစွာ ပြောရလျှင် ခွန်အားသီးသန့်အခြေခံထားသော တိုက်ခိုက်ဟန်စနစ်မျိုးသာဖြစ်ပေသည်။
ရီဖူရှင်း၏အလိုဆန္ဒအလျောက်ဖြစ်ပေါ်လာသော နှင်တံသည်လည်း ရိုက်ခတ်လာခဲ့၏။
ဘန်း…
နောက်ထပ် ရိုက်ချက်နှင့်အတူ နှင်တံနှစ်လက် ရင်ဆိုင်တွေ့သော်လည်း မည်သူမျှ နောက်မဆုတ်ကြပေ။
ရွှေရောင်အလင်းတစ်ချက် ကောင်းကင်တွင် လင်းလက်သွားကာ ကျူးယန့်မင်းသား၏ပုံရိပ်သည် ပျောက်ကွယ်သွားပြီး ကောင်းကင်နှင့်မြေပြင်တွင် ပြင်းထန်သော လေလှိုင်းများသာ ကျန်ရစ်၏။
ရီဖူရှင်းသည်လည်း လှုပ်ရှားလိုက်လျှင် လေထဲပျောက်ကွယ်သွားသည်။ ပရိသတ်များက ကောင်းကင်ကို မော့ကြည့်လျှင် အလင်းတန်းနှစ်ခု ကောင်းကင်တွင် ရွေ့လျားနေသည်ကိုသာ မြင်ကြရ၏။
ဘုန်း… ဘုန်း… ဘုန်း…
ရင်ဆိုင်မှုတစ်ခုစီတိုင်းသည် ကမ္ဘာပျက်တော့မည့်ဟန်ထင်မြင်ရကာ ကောင်းကင်တစ်ခုလုံး ပြိုဆင်းလာတော့မည့်အလား။
ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် မိုးကြိုးလျှပ်စီးကလန်ရှစ်ခုတို့၏အမူအရာများ ပြောင်းလဲသွားကြသည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…။
ရီဖူရှင်းသည် ကျူးယန့်မင်းသားနှင့်ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ကာ တိုက်ခိုက်မှုတိုင်းက ထပ်တူညီစွာ ကြမ်းတမ်းခက်ရော်လွန်း၏။
ကျူးယန့်မင်းသား၏ခွန်အားနှင့်ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် နတ်ဆိုးတို့ဘုံတွင်ပင် အကောင်းဆုံးထဲ၌ ရှိသည်။ လူသားတစ်ဦးက ထိုအကန့်အသတ်သို့ ရောက်ရှိခြင်းက ဖြစ်နိုင်ဖွယ်ပင် မရှိချေ။
သို့သော်၊ ရီဖူရှင်းသည် ကျူးယန့်မင်းသားနှင့် တစ်ကြိမ်ပြီး တစ်ကြိမ် ရင်ဆိုင်တိုက်ခိုက်နေသည်။
သူ၏ခွန်အားက မည်သို့ အလွန်ကြီးမားနေရသနည်း။
သို့သော်လည်း ကျူးယန့်မင်းသားသည် သားရဲအသွင်မပြောင်းသေးပေ။ သူက ရီဖူရှင်း၏နှင်တံပညာရပ်ကိုသာ တွေ့မြင်လိုဟန်ရသည်။
သူက သားရဲအသွင်ပြောင်းလိုက်လျှင် သူ့အမြန်နှုန်းမှာ နှေးကွေးသွားနိုင်သော်လည်း ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ခွန်အားတို့မှာ များစွာ တိုးပွားသွားနိုင်ပေသည်။
ဘန်း…
ကျယ်လောင်သောအသံနှင့်အတူ လူရိပ်နှစ်ခု ခွာလိုက်ကြသည်။
ကျူးယန့်မင်းသားက ရီဖူရှင်းနှင့်မျက်နှာချင်းဆိုင်ရပ်နေရာမှ ပြောသည် “နှင်တံပညာရပ်ကောင်းပဲ”
ရင်ဆိုင်တိုက်ခိုက်မှုတွင် သိခဲ့ရသည်မှာ ရီဖူရှင်း၏နှင်တံပညာရပ်က သူ၏နှင်တံပညာနှင့် အမှန်ပင် ဇာစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာသကဲ့သို့ တူညီမှုများစွာ ရှိနေခဲ့သည်။
“ခွန်အားက မလုံလောက်တာလေးတစ်ခုပဲ။ ငါသာ ဖိအားပေးခဲ့ရင် မင်းက နှင်တံကို အားပြည့်အင်ပြည့်သုံးနိုင်မှာမဟုတ်ဘူး” ကျူးယန့်မင်းသားက ထူးမခြားနားစွာ ပြောသည်။ သူ၏မျက်လုံးများက ရွှေရောင်တောက်ပနေခဲ့ကာ သူသည် အဆင့်အတန်းမြင့်မား၍ အရှိန်အဝါကြီးမားသည်ဟု ဂုဏ်သတင်းကျော်ဇောသော်လည်း ရီဖူရှင်းအပေါ် အမြင်ကောင်းများ ရှိနေသည်။
မည်သို့ဆိုစေ သူတို့၏နှင်တံပညာရပ်က ကလန်တစ်ခုတည်းမှ ဆင်းသက်လာခြင်းမဟုတ်ပါလား။
“အမှန်ပဲ” တခြားလူများအားလုံးကလည်း တိတ်တဆိတ် လက်ခံကြရသည်။ ကျူးယန့်မင်းသားက သက်ညှာခဲ့ဟန်ရသည်။
ရီဖူရှင်းက ထိုမျှ ခံနိုင်ခဲ့သည်မှာ မထူးဆန်းတော့။
“ဒါဆို ကျုပ်တို့အကြား ငြိမ်းချမ်းရေးရနေတဲ့သဘောပေါ့။ ကျုပ်ကလည်း မင်းသားထိခိုက်မှာစိုးလို့ နှင်တံရဲ့ခွန်အားကို ထိန်းထားခဲ့တာ” ရီဖူရှင်းကလည်း ပြောလိုက်သည်။
ရီဖူရှင်း၏စကားကိုကြားလျှင် ကျူးယန့်မင်းသားက ပြုံးလိုက်သည်။
သူ၏တိုက်ခိုက်မှုကို ပေါ့ပေါ့တန်တန်သဘောထားသော တစ်စုံတစ်ဦးအား သူတွေ့ချေပြီ။
“ဒီလိုဆိုရင်လည်း မင်းအစွမ်းကုန်တိုက်ပေတော့။ မင်း ဘယ်လောက်တတ်နိုင်မလဲ ကြည့်တာပေါ့”
ကျူးယန့်မင်းသားကလည်း ထိုသို့ပြောလိုက်ပြီး ချက်ချင်းပင် သူ့ခန္ဓာကိုယ်သည် နတ်မီးလျှံများဖြင့် ဖုံးအုပ်သွားကာ ကောင်းကင်နှင့်မြေပြင်မှ အဆုံးမဲ့သော အလင်းများသည် သူ၏လက်ထဲမှ နှင်တံအား စီးဆင်းစေလျှက် တက်သစ်စနေမင်းကဲ့သို့ အလျှံညီးညီးတောက်လောင်စေသည်။
“ကောင်းပြီ”
ရီဖူရှင်းကလည်း သဘောတူသည်။ သူက ရှေ့ကို တစ်လှမ်းလှမ်းလိုက်လျှင် သူ့ခန္ဓာကိုယ်မှ ရောင်စဉ်ရောင်ဝါများ ထွန်းလင်းလာခဲ့ကာ မဟာလမ်းစဉ်၏မီးပြင်းဖိုသဖွယ်ဖြစ်လာခဲ့ပြီး အဆုံးအစမဲ့သော စွမ်းအားများအား သန့်စင်သည်။ သူက လက်ကို ဆန့်တန်းလိုက်လျှင် နှင်တံရှည်တစ်လက်ဖြစ်တည်လာ၏။
ဘုန်း…
သူ၏အဝတ်အစားများသည် မာန်သွင်းသံနှင့်အတူ ရွေ့လျားသည်။ ပေါက်ကွဲမှုတစ်ခုနှင့်အတူ သူ့ခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေပြင်နှင့် တသားတည်းဖြစ်သွားဟန်ရ၏။
ထိုအခိုက်တွင် ရီဖူရှင်း၏ဟန်ပန်အမူအရာကပင် လုံးဝ ပြောင်းလဲသွားဟန်ရသည်။
ဂါး…
ကောင်းကင်နှင့်မြေပြင်က ဒေါသူပုန်ထလာဟန်နှင့်အတူ ကောင်းကင်တွင် ဧရာမသားရဲပုံရိပ်ကြီးတစ်ခုသည် ကျူးယန့်မင်းသားကို ခြုံလွှားလာ၏။ သူသည် သားရဲအသွင်မပြောင်းလဲရသေးသော်လည်း သူထုတ်ဖော်သော ပုံရိပ်က သိပ်မခြားနားပေ။
ဘန်း…
သူ့ခြေလှမ်းနှင့်အတူ လေထုတုန်ခါသွားကာ ကောင်းကင်နှင့်မြေပြင်အကြားမှ ဖိအားသည် ရီဖူရှင်းထံသို့ ကျဆင်းလာ၏။
“ဖမ်းထား…”
နက်ရှိုင်းသော အသံတစ်ခုနှင့်အတူ ဧရာမရွှေရောင်နှင်တံကြီးသည် ကောင်းကင်မှ ဆင်းသက်လာ၏။ နှင်တံကျဆင်းလာလျှင် ရွှေရောင်အလင်းတစ်ခုသည် ကောင်းကင်နှင့်မြေပြင်ကို ပိုင်ခြားသွား၏။
ဘန်း…
ရီဖူရှင်း၏ခန္ဓာကိုယ်က ထပ်မံ လှုပ်ရှားသွားကာ သူသည် ရှေ့ကို ထပ်လှမ်းလိုက်၏။ ပညာရှိကျမ်း၏အလင်းများသည် နှင်တံနှင့်ပေါင်းစပ်လာဟန်ရသည်။
နှင်တံ၏လှုပ်ရှားမှု၊ မဟာလမ်းစဉ်၏ပေါင်းစပ်မှုတို့က နည်းစနစ်အား ပြည့်စုံစေသည်။ ထို့နောက်တွင် နှင်တံက တစ်ဘက်မှ တိုက်ကွက်အား ခုခံတွန်းလှန်၏။
လူအများအပြားက တိုက်ပွဲအား ကြည့်နေကြသည်။ ရီဖူရှင်းသည် ထိုတိုက်ကွက်အောက်တွင် ကွယ်ပျောက်သွားမည်လား။
ဘုန်း…
ကောင်းကင်ထက်တွင် နှင်တံနှစ်ခု ရင်ဆိုင်တွေ့ကာ ပုံရိပ်တစ်ခုသည် နောက်ကို မြန်ဆန်စွာ ဆုတ်သွားရ၏။
အရာအားလုံး ရှင်းလင်းသွားသောအခါ အားလုံး၏အကြည့်ကာ နှင်တံပိုင်ရှင်များထံသို့ ရောက်လာသည်။
လေထဲတွင် တော်ဝင်အလင်းများဖြင့် ခန့်ညားထည်ဝါစွာ ရပ်နေသေးသောသူမှာ ရီဖူရှင်းဖြစ်ပေသည်။
တစ်ဘက်တွင် ကျူးယန့်မင်းသားကား ရီဖူရှင်း၏ရိုက်ချက်ကြောင့် နောက်ကို လွင့်စင်သွားခဲ့သည်။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
များစွာသော သားရဲများနှင့် လူသားများအားလုံးမှာ မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။
သူတို့အားလုံးသည် ကျူးယန့်မင်းသားက ထန်ကျစ်မော့အား အနိုင်ယူခဲ့ခြင်းအား မြင်တွေ့ခဲ့ပြီးဖြစ်သည်။
ယခု သူကား ရီဖူရှင်း၏နှင်တံကြောင့် နောက်ဆုတ်သွားရသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များ၏အမူအရာများမှာလည်း ပြောင်းလဲသွားကြသည်။ ဆိုလိုသည်က ရီဖူရှင်းသည် ထန်ကျစ်မော့ထက် အားကောင်းသည်လား။
မဟုတ်လျှင် သူက ကျူးယန့်မင်းသားကို မည်သို့ နောက်ဆုတ်စေမည်နည်း။
***

Comment

Leave a Reply

Options

not work with dark mode
Reset