ရူကောင်းမြို့ ကျန်းပေခရိုင်၏ နံပါတ်သုံး အထက်တန်းကျောင်း၌ အတန်း၏ နောက်ဆုံး၌ ထောင့်နေရာတွင်။
“ရဲ့လင်းချန် … ထတော့”
ရဲ့လင်းချန်သည် ခန္ဓာကိုယ်အား အလင်းတစ်ခုက ပုတ်လိုက်သည်ဟု ခံစားမိပြီး မကြာခင်မှာပင် လန့်နိုးလာသည်။ သူ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကြည့်လိုက်နောက် မူးဝေလာရသည်။
သူ့မြင်ကွင်းထဲသို့ ဖက်တီးကျန်း၏ အဆီအစ်နေသော မျက်နှာ ပေါ်လာသည်။ ဖက်တီးကျန်းက သတိထား၍ စိုးရိမ်နေသော အကြည့်များဖြင့် စာသင်ခုံဘက်သို့ ခဏခဏ လှမ်းကြည့်နေသည်။
“မင်း ဘယ်လိုလုပ် ဒီလို အိပ်ပျော်သွားနိုင်ရတာလဲ၊ လီရှို့လောက ငါတို့ဘက်ကို ကြည့်နေတာ များနေပြီ၊ သူ စိတ်ပေါက်လာဖို့ တဲတဲလေးပဲ လိုတော့တယ်လို့ ငါ ခံစားမိနေတယ်”
ဖက်တီးကျန်းက စိုးရိမ်တကြီး ပြောလာသည်။
“ငါလည်း ဘာလို့မှန်း မသိပါဘူးကွာ၊ ခုနက ရုတ်တရက်ကြီး အိပ်ငိုက်လာတာ”
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။ ပါရမီရှင်စနစ်၏ နှောင်ဖွဲ့သောအသံကို ကြားလိုက်ရပြီးသည်နှင့် သူ သတိလစ်သွားသည်ကို ရေးတေးတေး မှတ်မိနေပါသည်။
သူ မော့ကြည့်လိုက်သောအခါ မိစ္ဆာလီ၏ အလွန့်အလွန် ရန်လိုသော အကြည့်များနှင့် သွားဆုံလေသည်။ ရဲ့လင်းချန် ချက်ချင်း ကိုယ်ကိုမတ်၍ အလေးအနက် အာရုံစိုက်နေသော မျက်နှာဖြင့် အရှေ့တည့်တည့်သို့ ကြည့်လိုက်သည်။
မိစ္ဆာလီ၏ နာမည်အရင်းမှာ လီဟုန်ခိုင် ဖြစ်ပြီး ရဲ့လင်းချန်၏ သင်္ချာဆရာ ဖြစ်သလို အတန်းပိုင်ဆရာလည်း ဖြစ်သည်။ ထို့အပြင် သူသည် ကျောင်းတစ်ခုလုံး၏ ကျောင်းသားရေးရာ ဒါရိုက်တာလည်း ဖြစ်သည်။ သူသည် မနှိုင်းယှဉ်နိုင်လောက်အောင် ရက်စက်ကြမ်းတမ်းသူ ဖြစ်ပြီး ကျောင်းသားမိဘများနှင့် မကြာခဏ တွေ့ဆုံသူ ဖြစ်လေသည်။ ထို့ကြောင့်ပင် မိစ္ဆာလီဟူသော နာမည်ပြောင်ကို သူ ရလာလေ၏။
*ငါ ဘယ်လိုလုပ် မိစ္ဆာလီရဲ့ စာသင်ချိန်မှာ တစ်မှေးလောက် အိပ်ပျော်သွားရတာလဲ*
ဤသို့ တွေးလိုက်ရုံနှင့်တင် ရဲ့လင်းချန် ဖျားချင်လာသည်။
*ဟမ်*
တစ်ခဏကြာသော် သူ၏အတွေးထဲ၌ စာတန်းများ ဆက်တိုက်ပေါ်လာသောကြောင့် အံ့ဩကာ ဖြူဖပ်ဖြူရော် ဖြစ်လာသည်။
[အထက်တန်းပြ ဆရာလီဟုန်ခိုင်ထံမှ လမ်းညွှန်မှု ရရှိခြင်း၊ သင်္ချာစွမ်းရည် တစ်မှတ်]
[အထက်တန်းပြ ဆရာလီဟုန်ခိုင်ထံမှ လမ်းညွှန်မှု ရရှိခြင်း၊ သင်္ချာစွမ်းရည် တစ်မှတ်]
[အထက်တန်းပြ ဆရာလီဟုန်ခိုင်ထံမှ လမ်းညွှန်မှု ရရှိခြင်း၊ သင်္ချာစွမ်းရည် တစ်မှတ်]
…
လီဟုန်ခိုင်၏ သင်ခန်းစာ ပို့ချခြင်းက အလွန် လျင်မြန်သောနှုန်းဖြင့် ဆက်သွားနေသလို သူ၏အတွေးထဲမှ စာတန်းများကလည်း ထပ်တူ လျင်မြန်စွာ ပေါ်လာသည်။
*ဘာတွေဖြစ်နေတာလဲ*
ရဲ့လင်းချန် ရင်တဒိန်းဒိန်း ခုန်နေသည်။ သူ စာသင်နေရာသို့ ဆက်မကြည့်တော့ဘဲ ခေါင်းငုံ့၍ သင်္ချာဖတ်စာအုပ်ကို ကောက်ကိုင်လိုက်သည်။ သူ ဟန်ဆောင်ပန်ဆောင်ဖြင့် စာရွက်များကို လှန်လှောလိုက်လေသည်။
[သင်္ချာဖတ်စာအုပ်အား ကိုယ်တိုင်လေ့လာခြင်း၊ သင်္ချာစွမ်းရည် တစ်မှတ်]
[သင်္ချာဖတ်စာအုပ်အား ကိုယ်တိုင်လေ့လာခြင်း၊ သင်္ချာစွမ်းရည် တစ်မှတ်]
…
ရဲ့လင်းချန် လက်တုန်လာပြီး သင်္ချာဖတ်စာအုပ်အား လွှင့်ပစ်လုနီးပါး ဖြစ်လာရသည်ကို သတိထားမိသွားသည်။
*စိတ်အေးအေးထားစမ်း၊ ငါ စိတ်ငြိမ်နေမှ ဖြစ်မယ်*
လက်ရှိအချိန်၌ ရဲ့လင်းချန်သည် သူ၏ အားကောင်းသော စိတ်နေစိတ်ထားကို ထုတ်ဖော်နေ၏။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အာရုံကို အတွေးထဲသို့ ပြောင်းလိုက်သည်။
သူ၏အတွေးထဲ၌ မှန်ကွက်တစ်ခု ပေါ်လာသည်။ ထိုမှန်ကွက်ပေါ်၌ ဂိမ်းထဲ၌ တွေ့နိုင်သည့် စွမ်းရည်များ နှင့်တူသော သေးငယ်သော စတုရန်းဘောင် အကန့်တစ်ချို့ ရှိနေသည်။ လက်ရှိတွင် ထိုစတုရန်းဘောင်များထဲမှ တစ်ချို့သာ မီးလင်းနေသည်။
တရုတ်စကား စွမ်းရည်: နှစ်ဆယ် ရာခိုင်နှုန်း
အင်္ဂလိပ်စကား စွမ်းရည်: ငါး ရာခိုင်နှုန်း
သင်္ချာ စွမ်းရည်: လေးဆယ် ရာခိုင်နှုန်းနှင့် တစ်မှတ်စီ ဆက်လက် တိုးလျက်ရှိ
ရူပဗေဒ စွမ်းရည်: တစ်ဆယ် ရာခိုင်နှုန်း
…
သူ၏ စက်ဘီးစီး စွမ်းရည် အပါအဝင် လင်းနေသော သင်္ကေတ အခုနှစ်ဆယ်ကျော် ရှိသည်။ သင်္ချာဘာသာမှ လွဲ၍ မည်သည့်အရာကမှ စွမ်းရည်ရာခိုင်နှုန်း သုံးဆယ်ကို မကျော်သေးပေ။ မည်းနေသေးသော ကျန်လေးထောင့် ဘောင်ကွက်များကမူ ပွင့်ရန်လိုသေးသော စွမ်းရည်များ ဖြစ်ပုံရသည်။
ရဲ့လင်းချန် အံ့ဩပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူကဲ့သို့ အသုံးမကျသော လူတစ်ယောက်၌ ဤသို့ မြင်တွေ့လာရလိမ့်မည်ဟု သူ ထင်မထားမိပါ။
*ပါရမီရှင် စနစ်ဆိုတာ တကယ် ရှိနေတာများလား*
ရဲ့လင်းချန်၏ မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာပြီး တဖြည်းဖြည်း တိုးလာနေသည့် သင်္ချာစွမ်းရည်ကို ကြည့်နေမိသည်။ အချိန်တိုအတွင်းမှာပင် သူ၏သင်္ချာစွမ်းရည်က ခြောက်ဆယ်ရာခိုင်နှုန်းအထိ တိုးလာသည်။ ယခင်က သူ့စိတ်ထဲ ဝေဝါးသည်ဟု ခံစားခဲ့ရသော သင်္ချာဘာသာ ဗဟုသုတများက ယခု သလင်းကျောက်ကဲ့သို့ ရှင်းလင်းလာ၏။
သူ၏ စွမ်းရည်အသစ်ကို စမ်းသပ်ချင်သည့်စိတ်ကို ထိန်းမရတော့ချေ။ ဤသည်က သူ ထင်ထားသကဲ့သို့ အထင်ကြီးလောက်စရာ ကောင်းပါ့မလားဟု သိချင်နေမိသည်။
သူ အခန်းကို ဝေ့ကြည့်လိုက်ပြီးနောက် ဖက်တီးကျန်းက သင်ခန်းစာကို ဇဝေဇဝါဖြင့် ကြည့်နေသည်ကို သတိထားမိလိုက်သည်။ ဖက်တီးကျန်းသည် သင်ခန်းစာကို နားထောင်နေရင်း ရုတ်တရက် နားလည်သွားဟန်ဖြင့် မကြာခဏ ဟန်ဆောင် ခေါင်းညိတ်နေ၏။
“ဖက်တီးကျန်း မင်း သင်ခန်းစာကို နားလည်ရဲ့လား”
ရဲ့လင်းချန် လှမ်းမေးလိုက်သည်။ ဖက်တီးကျန်းက ချီတုံချတုံဖြင့် ပြန်ဖြေလေသည်။
“ထင်တာပဲ … ငါ နည်းနည်းလောက်တော့ နားလည်တယ် ထင်တာပဲကွာ”
“စိုးရိမ်မနေနဲ့၊ မင်း နားမလည်တာရှိရင် ငါ မင်းကို သင်ပေးမယ်”
ရဲ့လင်းချန်က ယုံကြည်မှုရှိသော အပြုံးဖြင့် ပြောလိုက်သည်။
“မင်းက ငါ့ကို သင်ပေးမလို့လား”
ဖက်တီးကျန်း အံ့ဩသွားသည်။ သူ တစ်ခဏမျှ တွေးနေပြီးနောက် မရေမရာဖြင့် ပြောလိုက်သည်။
“ငါ မှတ်မိတာ မမှားဆိုရင် မင်းက အတန်းထဲမှာ အဆင့်နောက်ဆုံးပဲလေ၊ ငါက မင်းပြီးရင် ဒုတိယမြောက် နောက်ဆုံး ရောက်နေတဲ့လူလေ”
“ဟဲဟဲ”
သူ၏ပုံမှန် ပုံရိပ်မှ လွတ်မြောက်ရန် လိုသည်ဟု ရဲ့လင်းချန် ခံစားမိလိုက်သည်။
“မင်း စာမေးပွဲမှာတုန်းက multiple-choice ကို ရမ်းရွေးတာ မဟုတ်လား”
ဖက်တီးကျန်းက တစ်ကိုယ်တည်း ခပ်တိုးတိုး ပြောလိုက်သည်။
“မေးခွန်းအားလုံးတော့ မဟုတ်ပါဘူးကွာ …”
သူ မေးခွန်းတိုင်းကို အဖြေမှန်ထွက်အောင် ကြိုစား၍ တွက်ကြည့်ပါသေးသည်။ သူ၏ တွက်ချက်မှုတိုင်းက အကြိမ်တိုင်း မှားယွင်းသော အဖြေများသာ ထွက်လာသည်။
ရဲ့လင်းချန်က ဆက်ပြောလိုက်သည်။
“မင်း ရမ်းဖြေပင်မယ့် တစ်ခါတလေ အဖြေမှန်ကို ရွေးမိသွားတယ်မလား၊ ဒါပေမဲ့ ငါ့ကို ကြည့်လေ၊ ငါ အမြဲတမ်း အဖြေမှန်တွေကို အမှားအယွင်းမရှိ ရှောင်ဖြေနိုင်တယ်လေ၊ အဲ့ဒါ ရမ်းရွေးလို့ ဖြစ်တယ်လို့ မင်း ထင်လား”
“အင်း … အမှားတွေကြီးပဲ ရွေးဖို့ကတော့ နည်းနည်း ခက်မယ်ထင်တယ်”
ဖက်တီးကျန်းက တစ်နှစ်လုံး ရမ်းရွေးခဲ့သော အတွေ့အကြုံပေါ် သုံးသပ်ပြီး ခေါင်းခါပြလိုက်သည်။
“မင်း စာမေးပွဲမှာ တမင် ဘဲဥ ရအောင် လုပ်နေခဲ့တာလား”
ရဲ့လင်းချန်က ပါးနပ်စွာ ခေါင်းညိတ်ပြသည်။
“ဟုတ်တယ်”
ဖက်တီးကျန်း မသိမသာ သံသယဝင်နေမိသေးသည်။ ထိုစဉ် အတန်းရှေ့မှ အေးစက်သော အကြည့်များ ကျရောက်လာသည်။ ထိုအေးစက်စက် အကြည့်များကြောင့် သူ တုန်ယင်သွားရသည်။
“ရဲ့လင်းချန်၊ ကျန်းဟောင်၊ မင်းတို့ သင်ခန်းစာကို စိတ်မဝင်စားရင် အတန်းထဲက ထွက်သွားစမ်း”
မိစ္ဆာလီ၏ ဒေါသသံနှင့်အတူ ခြိမ်းခြောက်သော အရှိန်အဝါတို့က တစ်ခန်းလုံးသို့ ပျံ့လွင့်လာသဖြင့် အားလုံး ငြိမ်ကုပ်သွားသည်။
လူတိုင်း ရယ်စရာကောင်းသော မြင်ကွင်း ကြည့်ရတော့မည်ဟု ထင်မှတ်ထားချိန်တွင် ဖက်တီးကျန်း၏ လေးစားမှုနှင့် ခံစားချက်တို့ ရှုပ်ထွေးနေသော အကြည့်အောက်၌ ရဲ့လင်းချန်က ဖြည်းဖြည်းချင်း ထရပ် လိုက်သည်။
“ဆရာလီ၊ ကျွန်တော် ကျန်းဟောင်ကို စာသင်ပေးနေတာပါ”
“မင်းတို့နှစ်ယောက် ကိုယ့်အခြေအနေ ကိုယ် မသိကြဘူးလား၊ မင်းတို့ထဲက တစ်ယောက်က အတန်းရဲ့ ဘိတ်ချေး၊ နောက်တစ်ယောက်က ဘိတ်ချေးရဲ့ရှေ့ကကောင်၊ ဒါကိုများ မင်းတို့ကောင်တွေက အချင်းချင်း စာပြန်သင်ရဲ သေးတာလား”
အားလုံး၏ စောင့်ကြည့်နေသော အကြည့်နှင့် ရင်ဆိုင်နေရသော်လည်း ရဲ့လင်းချန်က မည်သည့် ခံစားချက်မှ မပြဘဲ ဘုရင်တစ်ပါး၏ အထင်သေးသော အကြည့်မျိုးဖြင့် တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် အင်္ကျီကို သေသပ်သွားအောင် လုပ်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ငါက မင်းတို့လို အပျင်းထူတဲ့ ကျောင်းသားတွေနဲ့ တမင် လိုက်လျောညီထွေဖြစ်အောင် နေမယ်လို့ စီစဉ်ခဲ့တာ၊ ဒါပေမဲ့ ငါ ရလိုက်တာဆိုလို့ ခပ်တန်းတန်း ဆက်ဆံခံရတာနဲ့ အထင်သေးတာတွေပဲ၊ အခုချိန်ကစပြီး ငါ ဟန်ဆောင်နေတာကို ရပ်လိုက်တော့မယ်၊ ငါက ပါရမီရှင်ပဲ၊ အခု ငါ့လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြတော့မယ်”
“ဝိုး…”
တစ်ခန်းလုံး ချက်ချင်း ဆူညံသွားသည်။
“ချီးပဲ၊ ရဲ့လင်းချန်က သူ့ကိုယ်သူ ပါရမီရှင်လို့ ဘယ်လိုတောင် ပြောရဲတာလဲ၊ သူ့ကြမ္မာဆိုးကို သူ ရှာနေတာလား”
“အိုးဟိုးဟိုး … တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ စခါနီးပြီဆိုတော့ ငါတို့ထဲက နောက်တစ်ယောက်တော့ ဖိအားကြောင့် ရူးသွားပြီနဲ့တူတယ်”
“လောကကြီးတော့ ဖောက်ပြန်သွားပြီ၊ ရဲ့လင်းချန်တောင်မှ သူ့ကိုယ်သူ ပါရမီရှင်လို့ ခေါ်ရဲလောက်အောင် ရဲတင်းနေပါလား”
“ရဲ့လင်းချန်က သူ့ကိုယ်သူ ဖော်ထုတ်မယ်ဆိုမှတော့ ငါလည်း မဖုံးထားနိုင်တော့ဘူးနဲ့ တူတယ်၊ တကယ်တော့ ငါလည်း ဘီလီယံနာတစ်ယောက်ကွ၊ အဲ့ဒါကို ငါ ဖုံးကွယ်ထားတာ”
“ဒါ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမတိုင်ခင် ဖျော်ဖြေတဲ့ ဖျော်ဖြေပွဲများလား၊ အားလုံး တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး ကြည့်ကြဟေ့”
…
ဘုန်း ဘုန်း ဘုန်း
မိစ္ဆာလီက စားပွဲကို ရိုက်လိုက်သည်နှင့် စာသင်ခန်းတစ်ခုလုံး မုန်တိုင်းမလာခင် လေငြိမ်သကဲ့သို့ ချက်ချင်း ငြိမ်ကျ သွားသည်။
“ပါရမီရှင်လား”
ရဲ့လင်းချန်၏ ဝင့်ကြွားသော စကားကို ကြားပြီး မရယ်ဘဲ မနေနိုင်တော့ချေ။ ထို့နောက် သူ နောက်သို့လှည့်၍ ကျောက်သင်ပုန်း၌ တစ်စုံတစ်ရာကို ချရေးလေတော့သည်။
သူ ဘာမျှပုံကြီးမချဲ့သော်လည်း အေးစက်နေသော အခန်းတွင်း၌ အားလုံးက ရဲ့လင်းချန်ကို သနားဟန်ဖြင့် ကြည့်နေကြသည်။
စက္ကန့်သုံးဆယ် ကြာပြီးနောက် မိစ္ဆာလီက စာရေးနေခြင်းအား ရပ်လိုက်သည်။ ကျောက်သင်ပုန်း၌ သင်္ချာပုစ္ဆာ တစ်ပုဒ် ရှိနေသဖြင့် အားလုံး အံ့ဩသွားကြသည်။
“အရှေ့ကိုလာခဲ့၊ မင်း ဒီသင်္ချာပုစ္ဆာကို ဖြေရှင်းနိုင်မယ်ဆိုရင် ငါ့စာသင်ချိန်မှာ မင်း အာရုံမစိုက်ခွင့် ပေးမယ်”
မိစ္ဆာလီက ရဲ့လင်းချန်ကို အေးတိအေးစက် ပြောလိုက်သည်။
“မင်း ဒါကို မဖြေရှင်းနိုင်ရင် ငါ မင်းမိဘတွေနဲ့ စကားပြောရလိမ့်မယ်”
“ဟိုး … ဒါ ပြီးခဲ့တဲ့ တတိယမြောက် နမူနာစာမေးပွဲက နောက်ဆုံးပုစ္ဆာ မဟုတ်လား”
ကျောင်းသားတစ်ချို့က မေးခွန်းကိုမြင်ပြီး အချင်းချင်း တီးတိုးပြောလာသည်။
“ဟုတ်တယ်၊ အတိအကျပဲ၊ ဒါ တတိယ နမူနာ စာမေးပွဲက အခက်ဆုံးမေးခွန်းပဲ၊ ကျောင်းတစ်ခုလုံး ဒီသင်္ချာ နောက်ဆုံးပုစ္ဆာကို ဘယ်သူမှ မတွက်နိုင်ဘူးလို့ ငါ ကြားခဲ့တယ်ကွ”
“ကြည့်ရတာ ရဲ့လင်းချန်တော့ မိစ္ဆာလီကို အဆုံးစွန်ထိ ရန်စလိုက်မိပြီနဲ့ တူတယ်၊ သူတော့ သေပြီပဲ”
ရဲ့လင်းချန်က ထိုင်ခုံမှာ ဂုဏ်ယူဝင့်ကြွားစွာ ထလာပြီး အတန်းရှေ့သို့ လျှောက်သွားလိုက်သည်။ သူ၏ အရှိန်အဝါက ပြင်းထန်လှပြီး လူရည်ချွန်တစ်ယောက်၏ ယုံကြည်မှုမျိုး ထွက်ပေါ်နေသည်။ ကျောင်းသား တော်တော်များများက သူ၏ အရှိန်အဝါကို ခံစားမိပြီး ပါးစပ်ပိတ်လိုက်မိသည်။
ရဲ့လင်းချန်က စိတ်မပါလက်မပါဖြင့် ခေါင်းခါပြီး ကျောက်သင်ပုန်းရှေ့သို့ လျှောက်လာသည်။ ရဲ့လင်းချန် ခေါင်းခါလိုက်သည်ကိုမြင်ပြီး မိစ္ဆာလီ၏ မျက်လုံးများက ပိုမို အေးစက်လာ၏။
“မင်း မတွက်တတ်ရင် မတွက်တတ်ဘူးလို့ ဝန်ခံလိုက်တာ အကောင်းဆုံးပဲ၊ အားလုံးရဲ့ အချိန်ကို ဖြုန်းမနေနဲ့”
ရဲ့လင်းချန်က ဘယ်လက်ကို နောက်ပစ်၍ ညာလက်ဖြင့် မြေဖြူကို ကိုင်လိုက်သည်။ သူ၏ ကျောပြင်က ပင်လယ်လှိုင်းဒဏ်ကို ခံနိုင်သည့် တောင်ကြီးတစ်လုံးလိုပင်။ သူက ခပ်အေးအေး ပြန်ပြောလိုက်သည်။
“ကျွန်တော့် ဉာဏ်ရည်ကို ဒီလို ရိုးရှင်းတဲ့ မေးခွန်းလေးနဲ့ စော်ကားဖို့ ကြိုးစားနေတာလားဗျ”
ထိုသို့ပြောပြီးနောက် ရဲ့လင်းချန်သည် မိစ္ဆာလီ ဒေါသူပုန် ထမလာခင် ကျောက်သင်ပုန်းမှ ပုစ္စာကို စတွက်လေတော့သည်။
Good
Nice
Good
မဋ
မိုက်တယ်