အပိုင်း(၁၃၆၇):

ပဋိပက္ခ
ကျူးယန့်ကလန်၏ အစွမ်းထက် နတ်ဆိုးသားရဲများသည် သားရဲစစ်သည်များအဖြစ် ကျော်ကြားပြီး ကြမ်းတမ်းရက်စက်သည့် လူဝံစစ်သည်တော်များနှင့် တူပေသည်။
ပြောကြသည်မှာ ကျူးယန့်က လူဝံအမျိုးအစားတစ်ခု ဟူ၍ ဖြစ်သည်။ ယခင်က မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ရီဖူရှင်းကို ကျူးယန့်ကလန်က လူဝံကလန်နှင့် ဆက်ဆံရေးကောင်းကြောင်း ပြောဖူးပြီး ထို့ကြောင့်ပင် ကောင်းကင်နတ်ဆိုးမြို့သို့ နယ်နှင်ဒဏ်ခံရကြောင်း ပြောပြခဲ့သည်။
ယခုအချိန်တွင် ရီဖူရှင်းသည် ထိုနှင်တံပညာရပ်နှင့် သူ အနည်းငယ် ရင်းနှီးနေကြောင်း ခံစားမိသည်။
လူဝံကလန်သည် ကောင်းကင်ချိုးဖျက်နှင်တံရိုက်ချက်၏ ရှစ်ဆယ့်တစ်ချက်ကို ဆက်ခံခဲသည်။ ထိုရိုက်ချက် ၈၁ ချက်နှင်တံနည်းစနစ်သည် နတ်ဆိုးသားရဲဖြစ်သည့် လူဝံကလန်မှ အခြေခံလာခြင်းဖြစ်ပြီး သူတို့၏ အသစ်ရှာဖွေတွေ့ရှိသော ဗဟုသုတများအပေါ် အခြေခံ၍ နောက်ဆုံးသော နှင်းလူဝံအင်ပါယာက ကောင်းကင်ဘုံကိုးဆင့်ရိုက်ချက်ကိုဖန်တီးခဲ့သည်။
သို့သော် ဤသည်က သူ၏ အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ပြီး ရီဖူရှင်းတစ်ဦးတည်းသာလျှင် ရွှေရောင်လူဝံကြီးထံမှ ဆက်ခံခဲ့ရသည့် သူ ဖြစ်သည်။
ကျူးယန့်၏ နှင်တံပညာရပ်သည် သူနှင့် ရင်းနှီးနေရခြင်းမှာ အလွန်အစွမ်းထက်သော ထိုနှင်တံနည်းစနစ်ကို လူဝံကလန်မှ ရရှိခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။
ကြည့်ရသည်မှာ ကျူးယန့်ကလန်သည် လူဝံကလန်နှင့် နီးစပ်ပုံရသည်။
ထိုသို့ဆိုလျှင် သူက မိုးကြိုးနတ်ကလန်နှင့် ရင်းနှီးကောင်းမွန်သော ဆက်ဆံရေးရှိပြီး အချင်းချင်း ညီအစ်ကို ခေါ်သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ပေ။
အခြားလူများ၏ အတွေးကတော့ ရီဖူရှင်းနှင့် ကွာခြားနေသည်။ မရေတွက်နိုင်သည့် လူများသည် မိုးကြိုးဂိုဏ်းမှ တန်ခိုးရှင် ပြုတ်ကျသွားသည်ကို မြင်သည့်အခါ သူတို့က နှင်တံကို လက်ထဲမှာ ကိုင်ရင်း လေထဲတွင် ရပ်နေသည့် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံကို မော့ကြည့်လိုက်ကြသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပနေသည်။ မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီဂိုဏ်းရှစ်ခုမှ တန်ခိုးရှင်များ၏ မျှော်လင့်ချက်က တဖန်ပြန်၍ မှေးမှိန်သွားပြန်လေသည်။
သူတို့သည် ထောင်းထျယ့်သားရဲနှင့် မိုးကြိုးနတ်ကလန်မှ နတ်ဆိုးသားရဲတို့ကို ဒဏ်ရာရရှိစေခဲ့သည်။ သူတို့သာ ဆက်လက်၍ စိန်ခေါ်ရန် တန်ခိုးရှင်များကို ဆက်လွှတ်နေပါက အောင်မြင်နိုင်ချေ ရှိသည်။
အကယ်၍ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက အလွန် အစွမ်းထက်နေလျှင် သူတို့ မည်သို့ တိုက်ခိုက်နိုင်လိမ့်မည်နည်း။
ရိုက်ချက်တစ်ချက်တည်းနှင့်ပင် သူက ပြိုင်ဘက်ကို ဒဏ်ရာအများအပြား ရရှိ၍ မသန်မစွမ်း ဖြစ်စေခဲ့သည်။
ရှင်းလင်းစွာပင် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက အခြားသော နတ်ဆိုးမင်းသားနှစ်ယောက်ထက် ပို၍ သန်မာပေသည်။
“ဘယ်သူရှိသေးလဲ” ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက သူ၏ မျက်လုံးများထဲတွင် အထင်အမြင်သေးခြင်းများ ပြည့်နှက်နေပြီး အေးစက်စွာ ပြောလိုက်သည်။
“ဘုန်း”
မိုးကြိုးအလင်းများက ကောင်းကင်တွင် ထွန်းလင်းနေသည်။ အခြသော မိုးကြိုးဂိုဏ်းမှ တန်ခိုးရှင်က ရှေ့သို့ ထွက်လာပြီး သူ၏ လက်ထဲတွင် မိုးကြိုးစွမ်းအားများကို ဖော်ထုတ်ထားသည်။
သူ၏ ရောက်ရှိလာခြင်းကို မျှော်လင့်ထားသလို ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံသည် သူ၏ လက်တွင်းတွင် နှင်တံရှည်ကို ကိုင်စွဲကာ သူ့ခန္ဓာက ကောင်းကင်သို့ လွှမ်းမိုးသွားသည်။ သူ၏ မရေတွက်နိုင်သည့် အရိပ်များက လေဟာနယ်အတွင်း ပေါ်ပေါက်လာပြီး ထောင်သောင်းချီသော နှင်တံအရိပ်များလည်း ပေါ်ပေါက်လာသည်။
နောက်ထပ် ရိုက်ချက်တစ်ခု ထွက်ပေါ်လာပြီး ထောင်သောင်းချီသည့် နှင်တံအရိပ်များ လိုက်ပါလာကာ မဟာလမ်းစဉ်၏ စွမ်းအားများ ကျဆင်းလာသည်။
လူအများသည် သူတို့ ထပ်တိုက်တွေ့ဆုံသည့် နေရာသို့ စူးစိုက်ကြည့်နေကြသည်။ မိုးချုန်းသံ ထွက်ပေါ်လာသည့်အခါ သူတို့သည် တန်ခိုးရှင်၏ ခန္ဓာကိုယ်က နောက်သို့ လွင့်ပျံသွားသည်အား မြင်လိုက်ရပြီး မြေပြင်သို့ ပြင်းထန်စွာ ပြုတ်ကျလာကာ သူ၏ ခန္ဓာကိုယ်က လိမ်တွန့်နေသည်။
“ဘန်း”
ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက လေထဲသို့ ခြေလှမ်းလိုက်ပြီး ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်း၏ အစွန်းတွင် ဆင်းသက်လိုက်သည်။ နတ်မီးလျှံများဖြင့် ပြည့်နှက်နေသော သူ၏ ရွှေရောင်မျက်လုံးများက လူအုပ်ကြီးထံသို့ သိမ်းကျုံးကြည့်လိုက်ကာ အဝေးမှ လူများထံတွင် တည်မြဲသွားသည်။
လူသား ထိပ်တန်းအင်အားစုများမှ ထိုတန်ခိုးရှင်များက ခုထိ အချိန်ဖြုန်းနေကြသေးသည်လား။
ကောင်းကင်ထက်တွင် မိုးကြိုးအလင်းများဖြင့် တောက်ပနေပြီး လူတစ်စုက အဝေးမှ ချဉ်းကပ်လာသည်။ ခေါင်းဆောင်သည် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံထံသို့ ကြည့်လိုက်ပြီး သူ၏ မျက်လုံးများက မိုးကြိုးလျှပ်စီးကဲ့သို့ပင် ဖြစ်သည်။
ထိုအချိန်တွင် နတ်ဆိုးသားရဲများနှင့် လူသားများကလည်း ထိုနေရာသို့ ကြည့်လိုက်ကြသည်။
မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီဂိုဏ်းရှစ်ခုမှ တန်ခိုးရှင်များအားလုံးသည်လည်း ကောင်းကင် ထိုနေရာသို့ ကြည့်လိုက်ကြသည်။ ထိုလူများက ကောင်းကင်တွင် သူတို့၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်ကို မြင်လိုက်ရသည်။ သူတို့သည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များ ဖြစ်သည်။
သူတို့သည် နတ်ဆိုးဘုံ၏ ကောင်းကင်နတ်ဆိုးမြို့သို့ ပထမဆုံးခြေလှမ်းကတည်းက ထွက်ပေါ်လာရန် လိုအပ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူတို့သည် ဒဏ္ဍာရီဂိုဏ်း ရှစ်ခုမှ တန်ခိုးရှင်များနှင့် လုံလောက်ပြီဟု တွေးခဲ့သော်လည်း ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက မျှော်လင့်ထားသည်ထက် ရင်ဆိုင်ရခက်ခဲပေသည်။
အခြားသော နေရာများမှ အခြားလူများလည်း ပိုမို ရောက်ရှိလာပြီး များပြားလှသည့် နတ်ဆိုးသားရဲများက လမ်းဖယ်ပေးလိုက်ကြသည်။
အခြားတစ်ဖက်တွင် လှပတင့်တယ်သော အမျိုးသမီးအဖွဲ့ထွက်ပေါ်လာသည်။ သူတို့သည် နတ်မိမယ်များနှင့် အလားတူပြီး များလှစွာသော လူများကို ဖမ်းစားသွားနိုင်သည်။ များပြားလှသည့် တန်ခိုးရှင်များက သူတို့အနီးတွင် စောင့်ကြပ်နေကာ ထိုငမ်းငမ်းတက်နေသည့် နတ်ဆိုးသားရဲများကို ဖယ်ရှားပြီး နတ်မိမယ်များကို သက်ရောက်စေခြင်းမှ ကာကွယ်ထားသည်။
“ဗြဟ္မာ့သန့်စင်ကောင်းကင်က တန်ခိုးရှင်တွေ” စိတ်လှုပ်ရှားနေသည့် လူအုပ်ကြီးက သူတို့ အကြောင်းကို ပြောလိုက်သည်။ ကြည့်ရသည်မှာ ထိပ်တန်းအင်အားစုများမှ ပုဂ္ဂိုလ်များ ထွက်ပေါ်လာကြပြီ ဖြစ်လိမ့်မည်။
ထူးကဲကောင်းမွန်သည့် ဝတ်စုံများ ဝတ်ဆင်ထားသည့် လူတစ်စုသည်လည်း ထွက်ပေါ်လာပြီး သူတို့ အားလုံးသည် အကန့်အသတ်ကို ကျော်လွန်သည့် အရှိန်အဝါများ ရှိကြသည်။ နတ်ဆိုးသားရဲများသည် သူတို့ကို အလိုက်တသိနှင့် လမ်းဖယ်ပေးလိုက်ကြပြီး ကျယ်ပြောလှသည့် နေရာတစ်ခုလုံးတွင် လူသားတန်ခိုးရှင်များနှင့် ပြည့်နှက်သွားသည်။
ဤလူများသည် ကောင်းကင်အာဏာစက်ပြည်ထောင်မှ လူများ ဖြစ်ကြသည်။
သူတို့၏ ခြိမ်းခြောက်နိုင်သော အကြည့်များက ကောင်းကင်မှနေ၍ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံထံသို့ ကျရောက်လာသည်။
ကောင်းကင်အာဏာစက်ဘုံမှ ထိပ်တန်းအင်အားစုများအနေနှင့် သူတို့သည် လူအများစုထက် ပိုမို သိရှိထားကြသည်။ ကျူးယန့်ကလန်သည် တစ်ချိန်က အလွန် အစွမ်းထက်ခဲ့သည်။ ကျူးယန့် နတ်ဆိုးအင်ပါယာသည် အမြင့်ဆုံး အဆင့်မှာ နတ်ဆိုးအင်ပါယာ မဟုတ်သော်လည်း သူသည် နတ်ဆိုးဘုံ၌ လွှမ်းမိုးနိုင်စွမ်းရှိသည်။
နတ်ဆိုးအိမ်ရှေ့စံသည် နတ်ဆိုးအင်ပါယာထံမှ အရည်အချင်းများကို ပါရမီဆက်ခံခဲ့ပုံရပြီး ထူးကဲသာလွန်သော်လည်း သူက သူတို့ကို ရပ်တန့်လိုလျှင် သူက ဝါးနိုင်တာထက် ပို၍ ကိုက်ရပေလိမ့်မည်။
ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်တန်းအင်အားစုများသည် သူတို့က သူ့ကို ကိုယ်တိုင် တိုက်ခိုက်ခဲ့ပါက ဂုဏ်သတင်း ကျဆင်းသွားလိမ့်မည် ဖြစ်သည်။
ကောင်းကင်ထက်တွင် ကျူးယန့်နတ်ဆိုးအိမ်ရှေ့စံက ထိုလူများကို သူ၏ ရွှေရောင်မျက်လုံးတစ်စုံဖြင့် ကြည့်လိုက်ကာ သူ၏ ခန္ဓာကိုယ်မှ တိုက်ခိုက်ရေးစွမ်းအားများ လျှံကျလာသည်။
နောက်ဆုံး၌ သူတို့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ထို့နောက် အသံတစ်ခု ထွက်ပေါ်လာကာ ပြောလိုက်သည်။ “ကောင်းကင်ဘုံအာဏာစက်ဘုံ မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီဂိုဏ်းရှစ်ခုက ခရမ်းရင့်ကောင်းကင်နန်းတော်ကနေ ဆက်ခံထားကြတယ်။ ဒါက မင်းတို့ လုပ်နိုင်တာ အကုန်ပဲလား” လူတိုင်းသည် ထိုစကားပြောလိုက်သည့် သူမှာ ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူဖြစ်ကြောင်း တွေ့လိုက်ရသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူအများကြီး ဆရာက်မလာခဲ့ဘဲ သူတို့ထဲမှ လူများသည် ကောင်းကင်အာဏာစက် ပြည်ထောင်ကို အုပ်ချုပ်သည့် အရည်အချင်းရှိ တော်ဝင်တန်ခိုးရှင်များ ဖြစ်ကြသည်။
ကောင်းကင်အာဏာစက်ဘုံ အလယ်ပိုင်းဒေသတွင် ကောင်စကင်အာဏာစက် ပြည်ထောင်သည် အော်မြင်ကျော်ကြားသည့် အင်အားစုများစွာကို အုပ်ချုပ်ပြီး အချို့မှာ ဒဏ္ဍာရီဂိုဏ်းရှစ်ခုမှ ခရမ်းရင့်မြေအောက်လောကနယ်မြေကဲ့သို့ ဖြစ်သည်။
ကောင်းကင်အာဏာစက်ပြည်ထောင်သည် ကောင်းကင်အာဏာစက်ဘုံတွင် များပြားလှသည့် အင်အားစုများကို တိုက်ရိုက်အုပ်ချုပ်ပြီ အားအကောင်းဆုံး အင်အားစုဖြစ်ကာ တစ်ချိန်က ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်ဆုံးတွင် ရပ်တည်နေခဲ့သည်။
သို့သော် ကောင်းကင်အာဏာစက် ပြည်ထောင်သည် ဂူထျန်းရှင်းနှင့် တိုက်ပွဲပြီးသည့်နောက် ပျက်စီးခြင်းစိုက်ရောက်ခဲ့ကာ သူတို့၏ စွမ်းအားများသည်လည်း သိသိသာသာ အားနည်းသွားခဲ့ပေသည်။ ယခုတွင် အခြားသော ထိပ်တန်းအင်အားစု လေးခုကဲ့သို့ အရေးသာမှုမရှိတော့ပေ။
“ကောင်းကင်အာဏာစက် ပြည်ထောင်က အင်အားစုတွေပဲ။ ဒါပေမယ့် ဘာလို့ ကျုပ်တို့ကို လက်ကမ်းကူညီတာ မမြင်မိတာလဲ” ကျန်းချန်ချင်းက ပြောလိုက်သည်။ သူတို့ပ ကောင်းကင်အာဏာစက် ပြည်ထောင်က လာခဲ့သော်လည်း ခရမ်းရင့်မြေအောက်လောကနယ်မြေသည် သူတို့၏ လွှမ်းမိုးမှုအောက်၌ မရှိပေ။ ပြည်ထောင်သည် ဒဏ္ဍာရီဂိုဏ်းရှစ်ခုကို ထိပါးရဲခြင်း မရှိတာကြောင့် သူတို့ ခရမ်းရင့်မြေအောက်လောကနယ်မြေက ကောင်းကင်အာဏာစက် ပြည်ထောင်အတွင်း ရှိနေလျှင်ပင် သူက ကြောက်ရွံ့ခြင်း မရှိပေ။
ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များက ကျန်းချန်ချင်းကို ကြည့်ကာ ပြောလိုက်သည်။ “ဒီတစ်ခေါက် နတ်တောင်ရှစ်ခု ဖွင့်လှစ်တဲ့ပွဲမှာ စံချိန်ကို ချိုးခဲ့တဲ့သူနှစ်ယောက်ရှိတယ်။ ဘာလို့ သူတို့ကို မတိုက်ခိုင်းရတာလဲ”
ဤတစ်ကြိမ်၌ ရီဖူရှင်းအပြင် နတ်ဘုရားသတ်ဖြတ်ခြင်းနတ်တောင်တွင် ကောင်းကင်မိုးကြိုးစံချိန်ကို ချိုးဖျက်ခဲ့သူ နောက်ထပ်တစ်ယောက် ရှိပေသေးသည်။
သူသည် နတ်ဘုရားသတ်ဖြတ်ခြင်းတောင်မှ မိုးကြိုးလမ်းစဉ်ကို ဆက်ခံခဲ့ပြီး လုရှန်းမိစ္ဆာမိုးကြိုးစွမ်းအားတွင် ထူးကဲသာလွန်ခဲ့သည်။ ထိုတောင်တွင် စံချိန်ချိုးခဲ့သူ၏ အမည်မှာ ဝမ်ချောင် ဖြစ်ပြီး ယခုတွင် နတ်ဘုရားသတ်ဖြတ်ခြင်းကလန်မှ ရန်ဟောင်၏ တိုက်ရိုက်တပည့် ဖြစ်နေခဲ့ပြီဖြစ်သည်။
ယခုသူသည်လည်း လူအုပ်ထဲတွင် ရှိနေ၏။
သို့သော် နတ်ဘုရားသတ်ဖြတ်ခြင်းကလန်မှ လူများသည် ဝမ်ချောင်ကို တိုက်ခိုက်စေရန် အစီအစဉ်မရှိကြပေ။
ဤလူသည် နတ်တောင်စံချိန်ကို ချိုးခဲ့ပြီး နတ်ဘုရားသတ်ဖြတ်ခြင်း မိုးကြိုးတွင် ထူးကဲသာလွန်သည့် အရည်အချင်းရှိသည်ဟု ဆုံးဖြတ်နိုင်သည့်အတွက် နတ်ဘုရားသတ်ဖြတ်ခြင်းကလန်မှ သူ့ကို မြှောက်စားထားသည်။ မည်သည့် အာမခံချက်မှ မရှိလျှင် သူတို့သည် သူ့ကို ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံနှင့် တိုက်ခိုက်ရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
အခြားသော စံချိန်ချိုးခဲ့သူ ရီဖူရှင်းဝည်တော့ မိုးကြိုးလမ်းစဉ်ဒဏ္ဍာရီဂိုဏ်းရှစ်ခုကိုပင် ဝင်ရောက်ခဲ့ခြင်းမရှိပေ။
ကျန်းချန်ချင်းသည် တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ နတ်ဆိုးသားရဲများက ဤနေရာမှ နောက်သို့ ဆုတ်ခွာသွားသည့်အတွက် ရီဖူရှင်းသည် မနီးမဝေး၌ ရပ်နေပြီး အလွန် ထင်သာမြင်သာ ရှိလှသည်။
ရီဖူရှင်း၏ ဘေးတွင် မြစိမ်းရောင်ဒရယ်နန်းတော်သခင် ၊ နွားသိုးနတ်ဆိုးနှင့် ဥဒေါင်းနတ်ဆိုးအင်ပါယာဘုံမှ တန်ခိုးရှင်များ ရှိနေပြီး သူတို့အားလုံးက နတ်ဆိုးသားရဲများ ဖြစ်ကြသည်။
ထိုမြင်ကွင်းသည် ကျန်းချန်ချင်းကို ပဟေဠိဖြစ်စေသည်။
သူက အခြားနတ်ဆိုးကလန်များနှင့်လည်း အဆက်အသွယ် ရှိနေခဲ့သည်လား။
ထို့ပြင် သူ့အနီးမှ နတ်ဆိုးသားရဲများမှာ အလွန်ပင် အစွမ်းထက်လှသည်။ ခွန်ရွှမ်၏ အသက်စွမ်းအားက သိပ်မသန်မာသော်လည်း ကျန်းချန်ချင်းသည် သူမ၏ သာမန်မဟုတ်သော အလှနှင့် ထူးကဲသည့် အရှိန်အဝါကြောင့် သူမ၏ ဇစ်မြစ်က သာမန်မဟုတ်ကြောင်း ပြောနိုင်ပေသည်။ သူမသည် နတ်ဆိုးအင်ပါယာ တစ်ယောက်ယောက်၏ မျိုးဆက်ဖြစ်နိုင်ပြီး လူသားအသွင် ပြောင်းလဲခြင်း စွမ်းရည်နှင့် မွေးဖွားလာခြင်း ဖြစ်လိမ့်မည်။
“မင်းက မိုးကြိုးလမ်းစဉ် ကျင့်ကြံဖို့ တားမြစ်ခံထားရတော့ အခု နတ်ဆိုးဘုံကို ဝင်တော့မလို့လား” ကျန်းချန်ချင်းက ရီဖူရှင်းကို ပြောလိုက်သည်။
ရီဖူရှင်းသည် တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်နေသော်လည်း သူ့ကိုပါ ဆွဲသွင်းခံရမည်ဟု မမျှော်လင့်ခဲ့ပေ။ သူက အဝေးမှ ကျန်းချန်ချင်းကို ကြည့်လိုက်ပြီး ပြောသည်။ “ကျုပ် သဘောကျတဲ့ နယ်ပယ်ကို ကျင့်ကြံတာ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”
“ကျုပ်က မိုးကြိုးလမ်းစဉ်ကို ကျင့်ကျင့် မကျင့်ကျင့် အဲဒါ ကျုပ်ကိစ္စပဲ။ ခင်ဗျားက ဘာမို့လို့ တားမြစ်တာ မတားမြစ်တာ လာပြောနေရတာလဲ”
ရီဖူရှင်း စကားပြောပြီးပြီးချင်းမှာပဲ တန်ခိုးရှင်များ၏ မျက်လုံးများက သူ့ပေါ်သို့ ကျရောက်လာသည်။ သူတို့အားလုံးသည် ရီဖူရှင်း၏ အကြောင်းကို နည်းနည်းပါးပါး သိရှိကြသည်။ ထိုသူက ဝူထူနတ်တောင် စံချိန်ကို ချိုးဖျက်ခဲ့ပြီး ယခုတွင် နတ်ဆိုးသားရဲများနှင့် ပူးပေါင်းနေသည်။ ကောင်းကင်အာဏာစက်ဘုံတွင် သူ့အနာဂတ်မရှိတော့သည်ကို သိရှိ၍များလား။
“မင်းက မိုးကြိုး ဒဏ္ဍာရီဂိုဏ်းကို မဝင်ဖို့ ရွေးချယ်ခဲ့မှတော့ မင်းက မိုးကြိုးလမ်းစဉ် ကျင့်ကြံဖို့ကို အလိုအလျောက် လိုက်လျှော့လိုက်ရမှာပဲ” အခြားရှန့်ထို တန်ခိုးရှင်များက ပြောလိုက်သည်။
“မိုးကြိုးလမ်းစဉ်ကို ခင်ဗျားတို့ ဖန်တီးထားတာလား” ရီဖူရှင်းက ပြန်လည်ချေပလိုက်သည်။ မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီဂိုဏ်းရှစ်ခုသည် ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းတွင် အနိုင်ကျင့်ခံရသည့်အတွက် ယခု သူ့ဘက်ကို မြှားဦးလှည့်လာသည်လား။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ တပည့်က သူ့ကို မိုးကြိုးလမ်းစဉ် မကျင့်ကြံရဟု ပြောသွားလျှင်ပင် သူ့တွင် ကျင့်ကြံရန် ခွင့်ပြုချက် မရှိတော့သည်လား။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ တပည့်က မည်သည့်အချိန်တုန်းက သူ၏ ကျင့်ကြံခြင်းကို ဆုံးဖြတ်ရန် အခွင့်အရေး ရှိသွားသနည်း။
“လောကရဲ့ မိုးကြိုးလမ်းစဉ် အားလုံးက ခရမ်းရင့်ကောင်းကင်နန်းတော်က လာတာ။ ဝူထူနတ်တောင်က မိုးကြိုးလမ်းစဉ်ကလည်း ခရမ်းရင့်ကောင်းကင်နန်းတော်ရဲ့ အပိုင်ပဲ” ကျန်းချန်ချင်းက ရီဖူရှင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ “မင်းက ကောင်းကင်နန်းတော်ကို ဝင်ဖို့ ငြင်းဆန်မှတော့ မင်းမှာ မိုးကြိုးလမ်းစဉ်ကျင့်ကြံ အသုံးပြုဖို့ ခွင့်ပြုချက်မရှိတော့ဘူး။ မင်းက နတ်ဆိုးကလန်ကို ဝင်ရောက်ရင်တောင် အဲဒါကို မေ့ပစ်လို့ ရနိုင်မယ်ထင်လား”
သူ၏ အသံက မောက်မာကာ သရော်မှုများနှင့် ပြည့်နေသည်။
“ကျုပ် ဝူထူနတ်တောင်ကို မဝင်ခင်တုန်းက နတ်တောင်ကို ကြိုးစားကြည့်ရုံနဲ့ မိုးကြိုးဂိုဏ်းတစ်ခုခုကို ဝင်ရလိမ့်မယ်လို့ ဘယ်သူကမှ မပြောကြဘူး” ရီဖူရှင်းက အေးစက်စွာ ပြောလိုက်သည်။ “ခင်ဗျားတို့ ပြောတဲ့ ခရမ်းရင့်ကောင်းကင်နန်းတော်က တစ်ကမ္ဘာလုံးကို ပညာရပ်တွေ ဖြန့်ဝေပေးပြီး မိုးကြိုးလမ်းစဉ် ပြန့်ပွားအောင် ကျင့်ကြံစေတယ်ဆိုတာက အလိမ်အညာတွေလား”
“မင်းက တော်တော် စိတ်ကြီးဝင်နေတာပဲ” ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များက အေးစက်စွာ ပြောလိုက်သည်။ သူတို့သည် ကောင်းကင်ထက်မှ ရီဖူရှင်းကို ငုံ့ကြည့်လိုက်သည်။
သူတို့ ဝန်းကျင်ရှိ နတ်ဆိုးသားရဲများက ရှုပ်ထွေးကာ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ ဤလူသားတန်ခိုးရှင်များက အချင်းချင်း တိုက်ခိုက်နေကြသည်လား။
ကျူးယန့်နတ်ဆိုးအိမ်ရှေ့စံသည်လည်း စိတ်ဝင်စားမှုကို ပြသလာသည်။ သူက ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်း၏ ပွဲကြည့်စင်ထက်သို့ ပြန်လျှောက်လာပြီး ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။
ရီဖူရှင်းပ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများကို ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တွင် မိုးကြိုးအလင်းများက နတ်ဘုရားပြစ်ဒဏ်အလင်းများကဲ့သို့ တောက်ပနေသည်။
“ဝူထူနတ်တောင်ကို မဝင်ခင်ကတည်းက ကျုပ်က မိုးကြိုးလမ်းစဉ်ကို ကျင့်ကြံခဲ့ပြီးသား။ မင်းတို့က ပြိုင်ဘက်ကင်း ဝူထူမိုးကြိုးလမ်းစဉ်ကို မင်းတို့ အပိုင်လို့ ရည်ညွှန်းတာမို့ ကျုပ်က အဲဒါကို အသုံးပြုမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျုပ်က မိုးကြိုးလမ်းစဉ်ကို ကျုပ်ဘာသာ ကျင့်ကြံတာ။ အဲဒါက ကောင်းကင်နဲ့ မြေကြီးကြားက မဟာလမ်းစဉ်တစ်ခုပဲ။ ဘယ်သူက ကျုပ်ကို အဲဒီစွမ်းရည် မကျင့်ကြံဖို့ တားဆီးပိုင်ခွင့် ရှိလဲ”
ရီဖူရှင်းက ကောင်းကင်ထက်မှ ပုဂ္ဂိုလ်များကို ကြည့်ကာ အေးစက်စွာ တုံ့ပြန်လိုက်သည်။ “မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီဂိုဏ်းရှစ်ခုလို့ ခေါ်တဲ့ မင်းတို့က ကျုပ်ကို မိုးကြိုးလမ်းစဉ် ကျင့်ကြံဖို့ တားမြစ်နေတယ်။ ကျုပ်က အဲဒီပညာရပ်လေးကို တန်ဖိုးထားမယ် ထင်နေတာလား”
သူ၏ စကားလုံးများကြောင့် သူ့အနီးဝန်းကျင်မှ လူတို့ ထိတ်လန့်အံ့သြကုန်သည်။ သူက မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီဂိုဏ်းရှစ်ခု၏ အင်အားကို အထင်အမြင်သေး ပမာမထားနေသည်လား။
***

Comment

Leave a Reply


Options

not work with dark mode
Reset