Switch Mode

အပိုင်း(၁၃၆၅):

နတ်ဆိုးဝင်္ကပါ၏ စွမ်းအား
နောက်နေ့နံနက်စောစောတွင် များလှစွာသော နတ်ဆိုးသားရဲများနှင့် လူသားတန်ခိုးရှင်များသည် ကောင်းကင်နတ်ဆိုးမြို့ အလယ်ဗဟိုရှိ ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းတွင် စုဝေးနေကြသည်။
အမျိုးအစားစုံလင်ပြီး ထူးဆန်းသည့် အသွင်အပြင်များနှင့် နတ်ဆိုးသားရဲကြီးများသည် များပြားလှသည့် လူအုပ်ကြားထဲတွင် အထင်ပေါ်ဆုံးပင် ဖြစ်သည်။ သူတို့၏ ပြင်းထန်သော နတ်ဆိုးအရှိန်အဝါများမှာ လေထဲတွင် လွှမ်းမိုးနေသည်။
သို့သော် ရောက်လာကြသည့် လူသားတန်ခိုးရှင်များမှာလည်း ရှန့်ထိုအဆင့်များပင် ဖြစ်ပြီး ထိုအရှိန်အဝါများကြောင့် သက်ရောက်မခံရပေမယ့် ဘုံအတွင်းမှ နတ်ဆိုးသားရဲများ သူတို့၏ ကိုယ်ပိုင်ကမ္ဘာတွင် နေနေသကဲ့သို့ သက်သောင့်သက်သာ မရှိလှပေ။
မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီဂိုဏ်းရှစ်ခုမှ တန်ခိုးရှင်များသည်လည်း ရောက်ရှိနေကြပြီး တစ်နေရာတည်းတွင် စုစည်းနေကြကာ သူတို့၏ နောက်တွင် ကောင်းကင်အာဏာစက်ဘုံမှ အခြားသော ကလန် အများအပြားဆီမှ တန်ခိုးများ ရှိနေကြသည်။
အစွမ်းထက်သည့် တန်ခိုးရှင် အနည်းငယ်လည်း ရောက်ရှိနေကြပြီး အခြားနေရာများတွင် ရှိနေကြသည်။
ဥပမာအနေနှင့် ကောင်းကင် အဝေးတစ်နေရာတွင် အချို့သော တန်ခိုးရှင်များက တိမ်စိုင်များပေါ်တွင် ရပ်နေကြပြီး သူတို့၏ အောက်မှ အရာအားလုံးကို ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများက ထွင်းဖောက်မတတ် ထက်ရှနေပြီး မိုးကြိုးအလင်းများက သူတို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။
အချို့သော တန်ခိုးရှင်များသည် လူအုပ်ကြီး၏ အနောက် အဝေးတွင် ရပ်နေကြပြီး သူတို့ကိုယ်သူတို့ အခြားလူများနှင့် အကွားအဝေးတစ်ခု ထားထားသည်။ သူတို့အားလုံးသည် သာမန်မဟုတ်သည့် အရှိန်အဝါများနှင့် လှပတင့်တယ်သော အမျိုးသမီးတန်ခိုးရှင်များ ဖြစ်ကြသည်။
များပြားလှသည့် ပုဂ္ဂိုလ်များသည် ဟိုဟိုဒီဒီ နေရာအနှံ့တွင် ရပ်နေကြသည်။ သူတို့အားလုံးသည် တသီးပုဂ္ဂလဆန်ကာ ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းဆီသို့ အဝေးမှနေ၍ စောင့်ကြည့်နေကြသည်။ သို့သော် အနီးရှိ များပြားသည့် တန်ခိုးရှင်များက သူတို့ကို အလယ်တွင် ထားကာ ဝန်းရံထားကြသည်။
ကြည့်ရသည်မှာ သူတို့သည် အဝေးမှ စောင့်ကြည့်ချင်ရုံသာ ဖြစ်ပြီး ဝင်ရောက်ပတ်သတ်လိုခြင်း မရှိကြပေ။
ကောင်းကင်နတ်ဆိုးမြို့သည် နတ်ဆိုးဘုံတွင် ကြီးမားသည့် မြို့ဖြစ်ပြီး ကျူးယန့် နတ်ဆိုးအင်ပါယာနှင့် အခြားနတ်ဆိုးအင်ပါယာ သုံးယောက်က စောင့်ကြပ်နေသော်လည်း ယင်း၏ အဆင့်အတန်းသည် ထိုထိပ်တန်းအင်အားစုမှ တန်ခိုးရှင်များ၏ သက်ဆိုင်ရာနေရာများနှင့် နှိုင်းယှဉ်ပါက နှိုင်းယှဉ်နိုင်ရန် လိုအပ်နေသေးပေသည်။
ကျူးယန့်နတ်ဆိုးအိမ်ရှေ့စံအတွက်လည်း တူညီစွာပင် သူတို့ကိုယ်တိုင် လှုပ်ရှားရန် အဆင့်မီမမီကို မရှင်းလင်းသေး ဖြစ်နေပေသည်။
အခြားနေရာတစ်ခုတွင် ရီဖူရှင်းနှင့် အခြားလူများသည်လည်း လူအုပ်ထဲသို့ ရောက်ရှိလာကြသည်။
ဤအချိန်၌ သူတို့သည် အားကောင်းသော အင်အားစုဖြစ်နေပြီး ဥဒေါင်းနတ်ဆိုးအင်ပါယာဘုံမှ လာသည့် ခွန်ရွှမ်နှင့် အခြားလူများသည်လည်း သူတို့ အဖွဲ့ထဲတွင် ပါဝင်လာသည်။
သူတို့သည် လူတွေထဲတွင် ရောနှောကာ အလိုက်သင့်နေနေကြပြီး ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းသို့ မော့ကြည့်လိုက်လျှင် အဝေးမှနေ၍ ယှဉ်ပြိုင်ကွင်းနားသို့ နီးကပ်လာနေသည့် တန်ခိုးရှင်တစ်စုကို တွေ့ရှိလိုက်ရသည်။ လေးယောက်တွင် ဦးဆောင်လာသူမှာ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံဖြစ်ပြီး အခြားနတ်ဆိုးမင်းသားမင်းသမီး သုံးယောက်လည်း ပါဝင်သည်။
မနေ့ကကဲ့သို့ပင် သူတို့ တော်ဝင်နတ်ဆိုး လေးယောက်သည် သူတို့၏ နေရာများတွင် ထိုင်လိုက်ကြသည်။
ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံသည် ပွဲကြည့်စင်ထိပ်ဆုံးမှ ပလ္လင်ထက်တွင် ထိုင်လိုက်သည်။ သူသည် ထိုနေရာတွင် ပျင်းရိစွာ မှီထိုင်လိုက်ကာ ရွှေရောင်မီးလျှံများ ပျော်ဝင်နေသည့် မျက်လုံးတစ်စုံဖြင့် နေရာတစ်ခုလုံးကို ကြည့်လိုက်သည်။ သူ့နောက်မှ နတ်ဆိုးသားရဲတစ်တကာင်က သူ့နားထဲသို့ တစ်ခုခု တီးတိုးပြောလိုက်သည်။
သူက ပျင်းရိစွာဖြင့် ထိုတဝိုက်သို့ ကြည့်လိုက်ပြီး အဝေးတစ်နေရာ လေထဲမှ တန်ခိုးရှင်များကို တွေ့လျှင် သူ၏ မျက်လုံးများထဲတွင် အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်သွားသည်။
သူသည် လူသားလောက၏ အသန်မာဆုံး တန်ခိုးရှင်များက မည်ကဲ့သို့ ဖြစ်သည်ကို မြင်တွေ့လိုသည့်အတွက် ဤနတ်ဆိုးဝင်္ကပါကို အထူးဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤလူများက သတင်းကို မည်သည့် အားထုတ်မှုမှ မရှိဘဲ အလကား ယူချင်နေကြသည်လား။
မဖြစ်နိုင်ဘူး…
သူသည် မည်သူက နတ်ဆိုးဝင်္ကပါအား ချိုးဖျက်နိုင်မည်ကို တွေ့မြင်လိုပေသည်။
“ကျုပ် မင်းတို့ကို နောက်ထပ်အခွင့်အရေးပေးမယ်။ ဒီနေ့က အရင်ကလိုပဲ ပျင်းစရာကောင်းနေတယ်ဆိုရင် မနက်ဖြန် ကျုပ်ကို တွေ့ခွင့်ရတော့မှာ မဟုတ်ဘူး။ မင်းတို့ သတင်းလိုချင်တယ်ဆိုရင် ကိုယ့်ဘာသာ သွားပြီး စုံစမ်းလိုက်ပေါ့” ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ၏ အသံသည် အေးစက်ပြီး အနည်းငယ် ခြိမ်းခြောက်နေသည့် အသွင်ရှိသည်။
သတင်းများရရှိရန်အတွက် သူတို့သည် စိတ်ရင်းတချို့ ပြသရန် လိုအပ်ပေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက စမ်းသပ်ကြိုးစားကြည့်နေသည့် လူများဖြင့်သာ သူ၏ အချိန်များကို ဖြုန်းတီးနေကြပြီး သူက အလွန်းပျင်းစရာကောင်းသည်ဟု ခံစားနေရပေသည်။
သူသည် သူတို့ထံမှ များပြားလှသည့် ပစ္စည်းများနှင့် ကျင့်စဉ်များကို လက်ခံရရှိသော်လည်း သူက ထိုအရာများကို တန်ဖိုးရှိသည်ဟု မမြင်ပေ။ ထို့ကြောင့် သူသည် ထိုအရာများကို သူ၏ လက်အောက်ငယ်များ ဗဟုသုတရ၍ ကျင့်ကြံနိုင်စေရန် ဆုလာဘ်အဖြစ် ပေးခဲ့လိုက်သည်၊
အား…
ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ အောက်မှ မိုးကြိုးနတ်ကလန်၏ မင်းသားက နဂါးအော်သံကို ထုတ်ဖော်လိုက်သည်။ မိုးကြိုးလျှပ်စီးသည် ကောင်းကင်ကို ဖြတ်သန်း ထိုးဖောက်ကာ ပေါက်ကွဲထွက်လာ၍ လူတိုင်း၏ နားစည်များသို့ တုန်ခါရိုက်ခတ်လာသည်။
လူသားတန်ခိုးရှင်အားလုံးသည် အေးစက်ကုန်ကြသည်။ ကောင်းကင်နတ်ဆိုးမြို့၏ စိတ်ကြီးဝင်နေသော နတ်ဆိုးမင်းသားလေးပါးသည် သူတို့ကို တဖန်ပြီး တဖန် ရန်စရန် ကြိုးစားနေလေသည်။
အလွန်ကြီးမားသည့် ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းတွင် နတ်ဆိုးဝင်္ကပါကို စီရင်ခင်းကျင်းထားသည်။ များပြားလှသည့် နတ်ဆိုးသားရဲများက ဝင်္ကပါကို စောင့်ကြပ်နေကြပြီး သူတို့၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် နတ်ဆိုးအရှိန်အဝါများ ထုတ်လွှတ်နေသည်။
ထိုအချိန်တွင် လူအုပ်ကြီးသည် အလယ်မှ ထွက်လာသည့် တန်ခိုးရှင်တစ်စုအတွက် လမ်းဖယ်ပေးလိုက်ကြသည်။
သူတို့သည် မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီဂိုဏ်းရှစ်ခုမှ လူများဖြစ်သည်။ သူတို့သည် ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်း၏ အောက်ဘက်ရှိ နေရာတွင် ခြေချလိုက်လျှင် နတ်ဆိုးသားရဲများကလည်း သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။
“သူတို့အားလုံးက အဆင့်တူတွေချည်းပဲ” ပွဲကြည့်စင်ထက်မှ နတ်ဆိုးလေးယောက်သည် ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းကို ကြည့်ကာ ပဟေဠိဖြစ်သွားခဲ့သည်။ ဤလူသားတန်ခိုးရှင် အားလုံးသည် မိမိကိုယ်ကိုယ်သိမြင်ခြင်း အဆင့်ရှန့်ထိုများဖြစ်ပြီး အဆင့်တူများပင် ဖြစ်ကြသည်။ သူတို့သည် အင်အားစုတစ်ခုတည်းမှ မဟုတ်ဘဲ များပြားလှသည့် အင်အားစုများမှ ရွေးချယ်ထားသည်မှာ သေချာပေသည်။
မိမိကိုယ်ကိုယ်သိမြင်ခြင်း အဆင့် ရှန့်ထိုများ စိန်ခေါ်ရမည့် ဝင်္ကပါသည် နတ်ဆိုးဝင်္ကပါသုံးခုမှ တစ်ခုဖြစ်ပြီး မိုးကြိုးနတ်ကလန်မှ တန်ခိုးရှင်များ ထိန်းချုပ်သည့် မိုးကြိုးနတ်ဆိုးစည်တော်ဝင်္ကပါ ဖြစ်သည်။
အခြားနတ်ဆိုးဝင်္ကပါနှစ်ခုမှာ ဘေးတစ်ဖက်တစ်ချက်တွင် ရှိပြီး မိုးကြိုးနတ်ကလန်မှ တန်ခိုးရှင်များကို ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းတွင် နေရာကျယ်ပြောစွာ ပေးထားသည်။ မိုးကြိုးနတ်ကလန်မှ နတ်ဆိုးသားရဲများက ယှဉ်ပြိုင်ကွင်းထက်တွင် နေရာယူထားပြီး မတူညီသည့် နေရာများ၌ စောင့်ဆိုင်းနေကြသည်။
ထို့နောက် လူတစ်ယောက်က ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းသို့ ခုန်တက်လာသည်။ သူသည် အရင်ဆုံး ဘေးသို့ ခြေလှမ်းလိုက်ကာ များပြားလှသည့် သိုလှောင်လက်စွပ်များကို တန်းစီကာ ချထားလိုက်ကာ ပြောသည်။ “ဒီရတနာတွေနဲ့ ကျင့်စဉ်တွေက ကျုပ်နဲ့ ကျုပ်နောက်က လူတွေ ပါလာတဲ့ ပစ္စည်းတွေ။ ကျုပ်က သူတို့နဲ့ အစဉ်လိုက် စီထားတယ်။ ကျုပ်တို့ထဲက တစ်ယောက် ကျရှုံးသွားရင် ဒီထဲက တစ်ခုကို ယူလိုက်လို့ရတယ်”
“သူ ဘာလုပ်နေတာလဲ” နတ်ဆိုးသားရဲများက တွေဝေနေကြသည်။
ဒဏ္ဍာရီအင်အားစုရှစ်ခုက မိုးကြိုးနတ်ဆိုးစည်တော်ဝင်္ကပါကို တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်ရန် ပြင်ဆင်ထားသည်လား။
“သိုလှောင်လက်စွပ်တွေ ဘေးကို အရင်ရွှေ့လိုက်ပါ” ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက ဖြေးညင်းစွာ ပြောလိုက်သည်။ နတ်ဆိုးသားရဲများက ချက်ချင်း ရှေ့သို့ ထွက်လာပြီး သိုလှောင်လက်စွပ်များကို ယူဆောင်သွားသည်။ ထိုသည်က လူသားတန်ခိုးရှင်များအား ဘဝင်မကျဖြစ်စေသည်။
“စိတ်မပူပါနဲ့။ စည်းမျဉ်းက သတ်မှတ်ပြီးသားမို့လို့ မင်းတို့ နိုင်တာနဲ့ ပြန်ပေးမှာပါ။ မင်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မောင်ပိုင်မစီးပါဘူး” ကျူးယန့် အိမ်ရှေ့စံက အေးစက်စွာ ပြောလိုက်သည်။ မိုးကြိုးလမ်းစဉ်ကို ကျင့်ကြံထားသည့် တန်ခိုးရှင်တစ်ဦးက ရှေ့သို့ လှမ်းလာပြီး ကောင်းကင်နတ်ဆိုး ဝင်္ကပါအတွင်းသို့ ခြေချလိုက်ပြီးနောက် အိမ်ရှေ့စံက ပြောလိုက်သည်။ “စတော့”
“ဘုန်း”
သူ ပြောလိုက်သည်နှင့် တောက်ပသည့် မီးလျှံများ ပေါက်ကွဲထွက်လာပြီး ထိုတန်ခိုးရှင်၏ ခန္ဓာကိုယ်မှ မိုးကြိုးစွမ်းအားများ ထွက်ပေါ်လာသည်။ ထိုသည်က မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီဂိုဏ်းရှစ်ခုမှ တစ်ခုဖြစ်သော ပင်းဟော်၏ ခြိမ်းခြောက်နိုင်စွမ်းရှိသည့် နေမိုးကြိုးစွမ်းအား ဖြစ်သည်။
သူ၏ နောက်ဘက်မှ တောက်ပသည့် ငှက်တစ်ကောင် ထွက်ပေါ်လာသည်။ ထိုသည်က သူ၏ သက်စောင့်ဝိညာဉ် ဖြစ်ကာ ထောင်ချီမိုးကြိုးငှက်ဟု ခေါ်သော နတ်မိုးကြိုးငှက် ဖြစ်သည်။
သက်စောင့်ဝိညာဉ်က ဆက်လက်၍ ကြီးထွားလာနေပြီး နေမင်းကို ဖုံးကွယ်၍ ကောင်းကင်ကို လွှမ်းခြုံသွားသည်။ ယင်း ပါးစပ်မှ မိုးကြိုးနှင့် မီးတောက် လှိုင်းများ ထုတ်လွှတ်လိုက်ပြီး မိုးကြိုးနတ်ကလန်မှ နတ်ဆိုးသားရဲများထံသို့ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
နတ်ဆိုးသားရဲကြီးများက အော်ဟစ်လိုက်ပြီး သူတို့၏ ကျယ်လှသော ပါးစပ်များကို ဖွင့်ကာ တောက်ပနေသည့် ခရမ်းရောင်မိုးကြိုးလျှပ်စီးများကို ထုတ်လွှတ်လိုက်သည်။ ယင်းတို့သည် မိုးကြိုးငှက်၏ မီးလျှံနေမိုးကြိုးများနှင့် တိုက်မိသွားခဲ့ပြီး ပြင်းထန်သည့် အလင်းတန်း ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုစဉ်တွင် မိုးကြိုးနတ်ကလန်မှ တန်ခိုးရှင်များ၏ ကြီးမားသော ခန္ဓာကိုယ်များတွင် ပြင်းထန်သည့် မိုးကြိုးစွမ်းအားများ ဖုံးလွှမ်းထားသည်။ မိုးကြိုးလျှပ်စီးတန်းများက သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြီး သူတို့၏ အလယ်တွင် မိုးကြိုး စစ်ဗုံအဖြစ်သို့ ပေါင်းစည်းသွားသည်။
မိုးကြိုးနတ်ကလန်မှ တန်ခိုးရှင်များသည် နဂါးဘာသာစကားများကို ရွတ်ဆိုရင်း မိုးကြိုးများကို ပစ်လွှတ်နေပြီး မိုးကြိုးများက ပေါင်းစည်းသွားကာ မိုးကြိုးစစ်ဗုံများပေါ်သို့ ရိုက်ခတ်သွားသည်။
“ဘုန်း”
လျှပ်စီးအရှိန်အဝါများက ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးထားသည်။ လူသားတန်ခိုးရှင်သည် နတ်ဆိုးသားရဲထံသို့ တည့်မတ်စွာ ဦးတည်လိုက်ပြီး ထုတ်ဖော်လိုက်သည့် သူ၏ လက်ဝါးသည် ထောင်ချီမိုးကြိုးငှက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ ဦးခေါင်းထဲတွင် ပြင်းထန်စွာ တုန်ခါလာသည့် စစ်ဗုံမှ အသံများက သူ၏ ဝိညာဉ်ကိုပင် အပိုင်းပိုင်း ဖြစ်သွားစေတော့မတတ် ခံစားလိုက်ရပေသည်။
သူသည် စစ်ဗုံမှ အဆုံးမဲ့ မိုးကြိုးများ ထွက်ပေါ်လာသည်နှင့် ညည်းညူလိုက်ရသည်။ မိုးကြိုးနတ်ကလန်မှ တန်ခိုးရှင်၏ တိုက်ခိုက်မှုကြောင့် လောင်ကျွမ်းခံရကာ ကျယ်လောင်သည့်အသံနှင့်အတူ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့သည်။ သူ့ကို ကြည့်ရသည်မှာ ရှုပ်ထွေးနေသည်။
မိုးကြိုးလျှပ်စီးများက ကောင်းကင်ထက်တွင် တောက်ပနေပြီး ကောင်းကင်နှင့် နေမင်းကို အရိပ်လွှမ်းထားကာ မြင်ကွင်းမှာ တုန်လှုပ်ခြောက်ခြားစရာ ကောင်းလှသည်။
ဤအခြေအနေကို ပြင်ဆင်ထားသည့် ပုံစံဖြင့် မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီဂိုဏ်းရှစ်ခုမှ အခြား တန်ခိုးရှင်တစ်ဦး အလျင်အမြန် ထွက်လာသည်။
ဤတစ်ကြိမ်၌ လူသားတန်ခိုးရှင်များသည် ပြိုင်ဘက်များ တိုက်ခိုက်ရာတွင် အရှိန်အဟုတ် ရသွားစေရန် ခွင့်မပြုဘဲ တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ရန် အစီအစဉ်ဆွဲထားခဲ့ပြီး ဝင်္ကပါ၏ တိုက်ခိုက်မှုကို နှောင့်နှေးစေမည် ဖြစ်သည်။
မိုးကြိုးနတ်ကလန်မှ မိုးကြိုးနဂါးများသည် တိမ်များထဲသို့ ထိုးတက်သွားပြီး သူတို့၏ အော်သံများက ကောင်းကင်ကိုပင် တုန်ခါနေသည်။ နဂါးခန္ဓာများက ဖြောင့်တန်းနေပြီး အဆုံးမဲ့ မိုးကြိုးအလင်းများက ကောင်းကင်တွင် ပေါင်းစည်းလာသည်။ နဂါးကိုးကောင်အကြားတွင် ကြီးမားသည့် မိုးကြိုးစစ်ဗုံကြီး ပေါ်ပေါက်လာသည်။ ထိုနဂါးများသည် တစ်ချိန်တည်းမှာပင် စစ်ဗုံထံသို့ နတ်မိုးကြိုးများကို ထုတ်လွှတ်လိုက်သည်။
ရုတ်တရက် စစ်ဗုံက လေထဲတွင် တုန်ခါလာသည်။ ရောက်လာသည့် တန်ခိုးရှင်က နှာမှုတ်လိုက်ပြီး ဆက်လက်ရွေ့လျားလာသည်။
သို့သော် အခြားတစ်ဖက်မှ တိုက်ခိုက်မှုသည်လည်း ရပ်တန့်မသွားခဲ့ပေ။ စစ်ဗုံမှ မိုးကြိုးများတွင် မဟာလမ်းစဉ်ကိုပင် ဖျက်ဆီးနိုင်သည့် စွမ်းအားများ ပါဝင်နေသည်။ ယင်းတို့သည် ကျဆင်းခါပြီး တန်ခိုးရှင်၏ ကိုယ်ခန္ဓာ ခုခံမှုကို ထိုးဖောက်သွားခဲ့ကာ နောက်ထပ်တန်ခိုးရှင်တစ်ဦးကို ယှဉ်ပြိုင်ကွင်းမှ အဝေးသို့ ပစ်ထုတ်လိုက်သည်။
ထိုအရာအားလုံးသည် စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
သူတို့၏ ဗျူဟာက အသုံးမဝင် ဖြစ်သွားပုံရလေသည်။
နတ်ဆိုးဝင်္ကပါ၏ အကျိုးသက်ရောက်မှုက အလွန် ထင်ရှားပေါ်လွင်ပေသည်။
“ဝင်္ကပါက မနေ့ကထက် ပိုပြီး အားကောင်းလာတယ်” တစ်ယောက်က ပြောလိုက်သည်။ မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီရှစ်ခု အင်အားစုများ၏ တန်ခိုးရှင်များ၏ မျက်နှာများအားလုံးက မှောင်မည်းသွားသည်။
စိန်ခေါ်သူများ အားကောင်းလာသည်နှင့်အမျှ ဝင်္ကပါကလည်း အားကောင်းလာပေသည်။ မနေ့က တန်ခိုးရှင်များမှာ အားလုံး စမ်းသပ်ကြိုးစားကြည့်ရုံသာ ဖြစ်သည်။ ယခု နတ်ဆိုးသားရဲများက သူတို့ကို ကစားနေသည်လား။
ထိုနတ်ဆိုးသားရဲများသည် မျှော်လင့်ထားသည်ထက် ပို၍ ကောက်ကျစ်ပေသည်။
မကြာခင်တွင် တန်ခိုးရှင်လေးဦး ထွက်ခွာသွားရပြီး ဖြစ်သည်။ လူအုပ်ထဲမှ တပြန့်တကျဲ ဖြစ်နေသည့် နတ်ဆိုးသားရဲများ၏ အော်ဟစ်အားပေးသံက မိုးယံသို့ လျှံတက်သွားကာ ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။
“မိုးကြိုးနတ်ကလန်က အရင်ကလောက် အောင်မြင်မှု မရှိတော့ပေမယ့် တစ်ချိန်တုန်းက အရမ်းစွမ်းအားကြီးတဲ့ နတ်ဆိုးကလန် ဖြစ်ခဲ့တယ်။ ဒီ ရွေးချယ်ထားတဲ့ နတ်ဆိုးသားရဲတွေ အားလုံးက မိုးကြိုးနတ်ကလန်ရဲ့ သန့်စင်သွေးမျိုးဆက် ထူးချွန်တဲ့ တန်ခိုးရှင်တွေပဲ။ ဝင်္ကပါနဲ့ နည်းစနစ်တွေကို ပေါင်းစပ်ပြီး သူတို့ရဲ့ ပေါင်းစပ်စွမ်းအားက စွမ်းရည်အမျိုးမျိုးထက်ပိုပြီး အစွမ်းထက်အောင် ထုတ်ဖော်နိုင်တာပဲ။ မိုးကြိုးနတ်ကလန်က တန်ခိုးရှင်တွေက စစ်ပွဲကို ဦးဆောင်နိုင်တဲ့ အသန်မာဆုံး သားရဲတွေပဲ” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က သူ့ဘေးမှ ရီဖူရှင်းကို ပြောလိုက်သည်။
“ဒီလို ဝင်္ကပါမျိုးက မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီရှစ်ခု အင်အားစုက တန်ခိုးရှင်တွေကို တိုက်ခိုက်ဖို့ အခွင့်အရေးတောင် မရစေဘူး။ နတ်ဆိုးမင်းသားတွေက အဲဒီ ထိပ်တန်းပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားနေတာ ဖြစ်မယ်” ချင်ရွှမ်ကန်းက ပြောလိုက်သည်။
ဝင်္ကပါ၏ စုပေါင်းစွမ်းအားသည် တစ်ယောက်ချင်း တိုက်ခိုက်သည့် တိုက်ပွဲစွမ်းရည်ထက် ပို၍ အားကောင်းပေသည်။ ဝင်္ကပါက ပုံစံချထားပြီးခဲ့ပြီ ဖြစ်ရာ အစမ်းတိုက်ခိုက်ခြင်းဖြင့် စွမ်းအားများကို အလဟဿ ဖြစ်စေရန် မလိုအပ်တော့ပေ။ ရိုးရှင်းစွာဖြင့် သူတို့ကို တိုက်ခိုက်မှုကသာ အနိုင်ရရှိရန် အမြန်ဆုံး ဖြစ်နိုင်သည့် အကောင်းဆုံး နည်းလမ်းဖြစ်ပေလိမ့်မည်။
ထိုသည်က မိုးကြိုးနတ်ကလန်၏ တန်ခိုးရှင်များ အမြဲ လုပ်ဆောင်ခဲ့သည်များ ဖြစ်သည်။
ပိုမိုများပြားသော တန်ခိုးရှင်များညရှုံးနိမ့်လာလေ ကျန်သည့်သူများ၏ ယုံကြည်ချက်က ပျောက်ဆုံးလာလေဖြစ်သည်။
“တော်လောက်ပြီ” ကျန်းချန်ချင်းက အတူရပ်နေပြီး ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းဆီသို့ ကြည့်လိုက်သည်။ သူတို့တွင် အခွင့်အရေး မရှိတော့သည်ကို သူတို့ သိရှိပေသည်။
နှစ်ဖက်မှ စွမ်းရည်များ အလွန် ကွာဟနေသည့်အခါ တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် စိန်ခေါ်ရသည့် ဗျူဟာသည်ပင် အလုပ်မဖြစ်ပေ။
မတိုက်ခိုက်ရသေးသည့် သူများသည် နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး အတော်လေး အခက်တွေ့နေကြပုံပေါ်သည်။
“မင်းတို့ မတိုက်ဘူးဆိုရင် အရှုံးပေးတယ်လို့ ယူဆလိုက်မယ်။ မင်းတို့ ပစ္စည်းတွေကိုတော့ ပြန်ပေးမှာ မဟုတ်ဘူး” ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက ပလ္လင်တွင် မှီနေရင်းက ပျင်းရိစွာ ပြောလိုက်သည်။ သူသည် သာမန်ကာလျှံကာနှင့် အတော်လေး အရေးမထားသည့် အသွင်ရှိပြီး အောက်က လူများကို ပျင်းရိလေးတွဲ့စွာ ကြည့်နေပေသည်။
ကျန်းချန်ချင်းက မည်သည့်စကားမှ မပြောပေ။ ထိုသည်က သူတို့ ဘာကြောင့် အစကတည်းက ပစ္စည်းများ သိမ်းသွားသလဲဟူသည့် အကြောင်းရင်း ဖြစ်သည်။
ယနေ့ နတ်ဆိုးဝင်္ကပါက မနေ့ကထက် ပို၍ အားကောင်းနေတာကြောင့် အခြား နတ်ဆိုးဝင်္ကပါများငည်လည်း ကျိန်းသေ အစွမ်းထက်ပေလိမ့်မည်။
အခြားစကားနှင့် ဆိုရလျှင် နတ်ဆိုးဝင်္ကပါကို ဖြတ်ကျော် အောင်နိုင်ရန်မှာ အလွန် ခက်ခဲလှပေသည်။
ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက ကျန်းချန်ချင်းကို လျစ်လျူ ရှုလိုက်ပြီး အဝေးတွင် ရပ်နေသော တန်ခိုးရှင်များဆီသို့ လှမ်းကြည့်လိုက်သည်။
သူတို့က ဘာကြောင့် စောင့်နေသေးတာလဲ။
သူသည် ထိုလူသားတန်ခိုးရှင်လောကမှ ဤထိပ်တန်းအင်အားစုများက မည်မျှ စောင့်ဆိုင်းနိုင်မည်ကို ကြည့်ချင်ပေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset