ရီဖူရှင်းသည် အခြားလူများ၏ အမြင်ကို သိပ်ဂရုမစိုက်ပေ။ ခရမ်းရင့်ကောင်းကင်နန်းတော်သည် သူ၏ မိုးကြိုးလမ်းစဉ် အသုံးပြု ခြင်းကို တားမြစ်ခဲ့တာကြောင့် သူက အနာဂတ်တွင် ထိုမိုးကြိုးလမ်းစဉ်ကို သုံးတော့မည် မဟုတ်ပေ။
အခြားလူများ သူ့ကို မည်ကဲ့သို့ တွေးသည်မှာ အရေးမကြီးလှပေ။
“ကြည့်ရတာ မင်းကို အခက်အခဲဖြစ်စေမိပြီ ထင်တယ်။” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က သူ့ဘေးမှာ ရပ်နေသည့် ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ သူ လုပ်ခဲ့သည့် အပြုအမူများက ရီဖူရှင်းအပေါ်တွင် လွှမ်းမိုးမှု ရှိသွားပုံ ရလေသည်။
“ကိစ္စမရှိပါဘူး။ စီနီယာ၊ စိတ်ထဲ မထားပါနဲ့” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူက မြစိမ်းရောင်ဒရယ်နန်းတော်သခင် ဆိုလိုသည်အား နားလည်ပေသည်။ သူက ရီဖူရှင်းကို ကူညီရန် ကြိုးစားခဲ့တာကြောင့် ထိုသည်က အလုပ်ဖြစ်ဖြစ် မဖြစ်ဖြစ် သူ၏ မျက်နှာသာပေးမှုပင် ဖြစ်သည်။
ထို့ပြင် သူသည် ထိုနတ်ဆိုးမင်းသားများကိုလည်း ရန်လိုမှု ကိုင်စွဲမထားခဲ့ပေ။
ဤသည်က နတ်ဆိုးဘုံ၏ နယ်မြေဖြစ်သည်။ သူတို့က ဤနေရာသို့ လာသည့် မည်သည့် တန်ခိုးရှင်ကိုမဆို ဒုက္ခပေးမည့်အစား ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်း၌ နတ်ဆိုးဝင်္ကပါကို ခင်းကျင်းကာ စိန်ခေါ်လိုသည့် သူများအား စိန်ခေါ်စေသည်။
ထိုသည်မှာ နတ်ဆိုးသားရဲများ လူသားတန်ခိုးရှင်လောကသို့ လာရောက်လျှင်လည်း တူညီသည့် အခြေအနေမျိုး ဖြစ်လိမ့်မည် ဖြစ်သည်။
သူသည် အင်ပါယာရီချင်နှင့် နဂါးအိုကြီးကြောင့်လား မဆိုတတ်သော်လည်း ရက်စက်ကာ ကြောက်မက်ဖွယ်ကောင်းပုံပေါ်သော မိုးကြိုးနတ်ကလန်နှင့် ရင်းနှီးသလို ခံစားရပေသည်။
“အရင်ဆုံး နားဖို့ နေရာရှာပြီး မနက်ဖြန် ထပ်လာကြတာပေါ့” ရီဖူရှင်းက ပြောလိုက်သည်။ မကြာခင်၌ တစ်ဖွဲ့လုံး ထွကိသွားခဲ့ကြသည်။
နတ်ဆိုးသားရဲများနှင့် လူသားတန်ခိုးရှင်အဖွဲ့များသည် လူစုကွဲသွားကြသည်။ ထွက်သွားပြီးနောက်၌ များပြားလှသော တန်ခိုးရှင်များသည် စုဝေးကြရင်း နတ်ဆိုးဝင်္ကပါကို ဖျက်ဆီးရန် ပြင်ဆင်နေကြသည်။
ဤနတ်ဆိုးဝင်္ကပါသုံးခုသည် ကောင်းကင်နတ်ဆိုးမြို့၏ တော်ဝင်ကလန်များမှ အသေအချာ ဖန်တီးထားသော ဖြတ်ကျော်ရမည့် စိန်ခေါ်မှုဖြစ်သည်။ သူတို့သည် ခရမ်းရင့်ကောင်းကင်နန်းတော်ကဲ့သို့ အမြင့်ဆုံး အင်အားစုများမှ တန်ခိုးရှင်များမဟုတ်လျှင် ယင်းဝင်္ကပါကို စိန်ခေါ်သူတိုင်း ကျရှုံးကြလိမ့်မည် ဖြစ်သည်။ ထို့အစား သူတို့သည် တစ်ဖွဲ့တည်းအဖြစ် ဖွဲ့စည်းလိုက်ပါက ဝင်္ကပါကို ချိုးဖျက်နိုင်မည့် အခွင့်အရေးက မြင့်မားလာလိမ့်မည်ဖြစ်သည်။
မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ရီဖူရှင်းတို့ နေရန်အတွက် နေရာကို ရှာဖွေပေးခဲ့သည်။ အိမ်တော်ဝန်းထဲတွင် သူတို့သည် ထိုင်ကာ ရောက်ရှိလာသည့် ချင်းယန်ဟယ်နှင့်လည်း ရောက်တတ်ရာရာ စကားပြောနေကြသည်။ သူမသည် ရီဖူရှင်းကို သူတို့၏ ကျင့်ကြံခြင်းအကြောင်း မေးမြန်းပြီးနောက် သူမက ချင်ရွှမ်ကန်းနှင့် အများဆုံး စကားပြောလေသည်။ သူမ ရှာတွေ့ခဲ့သည်မှာ ဤလူစုများအကြား၌ ချင်ရွှမ်ကန်းသည် ကျင့်ကြံရေးနည်းလမ်းများတွင် အကျွမ်းကျင်ဆုံး ဖြစ်ပေသည်။
“မိန်းကလေးချင်းယန်က သင်ယူရတာကို နှစ်သက်တာပဲ” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။
“သူမပ လူသားလောကကို ကျင်ကြံဖို့ သွားချင်ပေမယ့် အရမ်းအန္တရာယ်များတာမို့ ကျုပ်က ခွင့်မပြုခဲ့ဘူးလေ။ အခု မင်းတို့နဲ့ တွေ့ခွင့်ရတော့ ဒီအခွင့်အရေးကို လုံးဝ လက်လွတ်ခံလိမ့်မှာ မဟုတ်ဘူး” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က အပြုံးနှင့် ပြောလိုက်သည်။
“ကျွန်တော့်မှာလည်း နတ်ဆိုးသားရဲ သူငယ်ချင်းတစ်ယောက် ရှိတယ်။ ဒါပေမယ့် သူက ပေါ့ပျက်ပျက်နဲ့ သင်ယူရတာကို မုန်းတယ်။ သူ ဒီနေ့ ရောက်လာလိမ့်မယ်” ရီဖူရှင်းက ရယ်မောကာ ပြောလိုက်သည်။ သူနှင့် သိမ်းငှက်နက်သည် တစ်ယောက်နှင့်တစ်ယောက် စိတ်ချင်းဆက်သွယ်နိုင်သည့်အတွက် သူတို့က အခု လမ်းမှာရောက်နေပြီဆိုတာကို သိရှိလေသည်။ ဥဒေါင်းနတ်ဆိုးအင်ပါယာသည်လည်း ဤနေရာသို့ လူကိုယ်တိုင် လိုက်ပါလာသည်။
ယခု သူတို့သည် ကောင်းကင်အာဏာစက်ဘုံသို့ ရောက်ရှိပြီး နတ်ဆိုးဘုံနှင့် နီးကပ်လာခဲ့ပြီ ဖြစ်သည်။ သူတို့ ရောက်ရှိရန် အချိန်သိပ်ကြာမြင့်တော့မည် မဟုတ်ပေ။
ရုတ်တရက် ရှားရှင်းယွန်သည် သူမ၏ မျက်လုံးကို ရီဖူရှင်းထံသို့ လှည့်ကာ မေးလိုက်သည်။ “အဲဒီအကောင် လာမှာလား”
“အင်း..”
ရီဖူရှင်းက ရှားရှင်းယွန်၏ အမူအရာကို မြင်တွေ့လိုက်သည်။ ထိုတုံ့ပြန်ချက်က ဘယ်လိုကြီးလဲ။
ဘာကြောင့် သူက အတော်လေး ထူးထူးဆန်းဆန်း ခံစားမိနေတာလဲ။
အင်ပါယာရှားနန်းတော်၌ သိမ်းငှက်လေး၏ အဖြစ်ဆိုးလှသော ဘဝကို တွေးမိသည့်အခါ ရှားရှင်းယွန်ကို ထပ်တွေ့ရလျှင် မည်သို့ ပြုမူလိမ့်မည်ကို ရီဖူရှင်းမသိပေ။
“ဟုတ်တယ်။ ဥဒေါင်းနတ်ဆိုးအင်ပါယာလည်း ဒီကို ကိုယ်တိုင်လိုက်လာလိမ့်မယ်။ သိမ်းငှက်လေး ပြောတာတော့ နတ်ဆိုးဥဒေါင်းအင်ပါယာအရှင်က ဒီကို လာလည်ချင်နေတယ်တဲ့” ရီဖူရှင်းက ပြောလိုက်သည်။ ဥဒေါင်းနတ်ဆိုးအင်ပါယာသည် ကြီးမားသည့် နတ်ဆိုးဘုံတစ်ခုကို စုစည်းပြီး ထိုနေရာ၌ ဘုရင်တစ်ပါးဟု ဆို၍ ရသည်။ တခါတရံ၌ သူသည်လည်း အထီးကျန်သလို ခံစားရပေလိမ့်မည်။
ဤနေရာသည် နတ်ဆိုးကလန်များ၏ အစစ်အမှန်ပိုင်နက် ဖြစ်သည်။
“တခြားစကားနဲ့ ပြောရရင် ခွန်ရွှမ်လည်း ဒီကို လာမှာပေါ့” ရှားရှင်းယွန်က ပြောလိုက်သည်။ ရီဖူရှင်းက သူမကို ကြည့်လိုက်၏။ အမျိုးသမီးတွေရဲ့ ဆန်းစစ်မှန်းဆချက်တွေက အမြဲတမ်း ထူးခြားလွန်းပေသည်။
ထိုသည်က ခွန်ရွှမ်သည် လူသားအသွင် ပြောင်းလဲပြီးနောက် အလှတစ်ပါးဖြစ်လာသည့်အတွက် သူမကို မလွယ်ကူသလို ခံစားရစေသည်လား။
လူအများသည် ရှားရှင်းယွန်နှင့် ခွန်ရွှမ်ကို နှိုင်းယှဉ်ကြသည်။ သူတို့သည် တစ်နှစ်တည်းမှာပင် နတ္ထိဘုံတိုက်ပွဲ၌လည်း တွေ့ဆုံခဲ့သည်။
“ဟုတ်တယ်” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
ရှားရှင်းယွန်သည် ထူးဆန်းသော အကြည့်နှင့် သူမ၏ မျက်လုံးများကို ရီဖူရှင်းထံမှ အဝေးသို့ ရွှေ့လိုက်သည်။ သူမက တွေးလိုက်သည်။ ‘ခွန်ရွှမ်က ဒီကို ဘာလာလုပ်တာလဲ’
သူတို့ ဘေးမှာ ထိုင်နေသော မြစိမ်းရောင်ဒရယ်နန်းတော်သခင်သည် သူတို့၏ စကားကို ကြားလိုက်ရပြီး သူသည် ရီဖူရှင်းက သာမန်မဟုတ်သည်ကို စတင် ခံစားလာမိသည်။ နတ်ဆိုးအင်ပါယာတစ်ပါးက သူ့အတွက်နှင့် ဤနေရာသို့ ကိုယ်တိုင် လာရောက်သည်လား။
ကြည့်ရသည်မှာ ရီဖူရှင်းက နည်းနည်းလေးမျှပင် မရိုးရှင်းလှပေ။
အချိန်အတော်လေး ကြာပြီးနောက် ရီဖူရှင်းသည် အိမ်တော်ဝန်းအတွင်း၌ တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။ ရုတ်တရက် ဝူသည် မျက်လုံးများကို ဖွင့်ကာ အဝေးသို့ ကြည့်ရင်း ပြုံးလိုက်သည်။
မြစိမ်းရောင်ဒရယ်နန်းတော်သခင်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ရွေ့လျားသွားပြီး ရောက်ရှိလာခဲ့သည်။
ထိုခဏ၌ ချင်ရွှမ်ကန်းနှင့် ရှားရှင်းယွန်သည်လည်း ထွက်လာခဲ့ကြသည်။ သူတို့အားလုံးသည် သာမန်မဟုတ်သည့် အသက်စွမ်းအား တည်ရှိမှုကို ခံစားမိကြပေသည်။
ပြင်းထန်သည့် အသက်စွမ်းအားက အဝေးမှ လာနေသည်။ မကြာခင်တွင် လေပြင်းတစ်ချက် ဝှေ့တိုက်သွားက လူတစ်စုသည် အိမ်တော်၏ အထက် ကောင်းကင်တွင် ပေါ်ပေါက်လာသည်။
ခေါင်းဆောင်လာသည့် အမျိုးသားသည် သာမန်မဟုတ်သည့် အရှိန်အဝါရှိပြီး သူ၏ လက်ကို နောက်ပစ်ကာ ကောင်းကင်ထက်တွင် ရပ်နေသည်။
သေးသွယ်၍ လှပသော အမျိုးသမီးလေးနှင့် နတ်ဆိုးသားရဲတစ်ကောင်သည် သူ၏ ဘယ်ညာတစ်ဖက်တစ်ချက်တွင် ရပ်နေကြသည်။ သူ၏ အနောက်မှာတော့ တန်ခိုးရှင် အများအပြား ရှိနေပေသည်။
ဥဒေါင်းနတ်ဆိုးအင်ပါယာက ရောက်ရှိလာပြီ ဖြစ်သည်။
ရီဖူရှင်းသည် မတ်တပ်ရပ်လိုက်ပြီး ဦးညွှတ်ကာ အရိုအသေပြုလိုက်သည်။ “ရီဖူရှင်းက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
“အရှင်မင်းကြီး” မြစိမ်းရောင်ဒရယ်နန်းတော်သခင်နှင့် အခြားတန်ခိုးရှင်များကလည်း ဂါရဝပြုလိုက်သည်။ သူတို့ အားလုံးသည် ရန်ဟောင်အဆင့် နတ်ဆိုးအင်ပါယာကို လေးစားမှုပြသရန် လိုအပ်ပေသည်။
ဥဒေါင်းနတ်ဆိုးအင်ပါယာက ဖြေးညင်းစွာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။ “မင်း နတ်ဆိုးဘုံရဲ့ နယ်မြေကို လာလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။ ဒီခရီးမှာ ကျုပ်က ခွန်ရွှမ်နဲ့ သိမ်းငှက်နက်ကို လိုက်ပို့တာ။ ကျုပ် နတ်ဆိုးဘုံက တစ်နေရာကို သွားနေတဲ့အချိန်မှာ ခွန်ရွှမ်က မင်းနဲ့ အတူ အချိန်တချို့ထိ နေလိမ့်မယ်။”
“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ ဥဒေါင်းနတ်ဆိုးအင်ပါယာသည် အခြားသော နတ်ဆိုးအင်ပါယာများနှင့်လည်း သိကျွမ်းပေလိမ့်မည်။
“မင်းသမီးကို ဂရုစိုက်” ဥဒေါင်းနတ်ဆိုးအင်ပါယာက သူ့နောက်မှ နတ်ဆိုးသားရဲများကို ပြောလိုက်သည်။ ထို့နောက်တွင် သူက လက်ကို မ လိုက်ပြီး နတ်အလင်းများ လင်းထိန်လာကာ ချက်ချင်းပင် နေရာမှ ပျောက်ကွယ်သွားတော့သည်။
ဥဒေါင်းနတ်ဆိုးအင်ပါယာ ထွက်သွားပြီးနောက် သိမ်းငှက်နက်သည် ဥဒေါင်းအင်ပါယာ အမှန်တကယ် ထွက်သွားခြင်းရှိမရှိ လှည့်ကြည့်ကာ အတည်ပြုလိုက်သည်။ သူထွက်သွားသည်ကို မြင်မှ သိမ်းငှက်လေးသည် နောက်ဆုံး၌ သက်ပြင်းချလိုက်လေသည်။ သူ၏ ထက်ရှသော မျက်လုံးများက လင်းလက်သွားပြီး သူ၏ အတောင်ပံကို ဖွင့်ကာ ရီဖူရှင်းထံသို့ ပျံသန်းလာသည်။ သူက ပြောလိုက်၏။ “သခင်.. ကျွန်တော့်ကို လွမ်းလား”
“ငါ လွမ်းမယ်လို့ မင်းထင်လား” ရီဖူရှင်းက ပြုံးကာ ပြောလိုက်၏။ “မင်း ဘာလို့ အသွင်မပြောင်းတာလဲ”
သိမ်းငှက်လေးသည် ယခုတွင် နတ်ဆိုးရှန့်ထို ဖြစ်နေပြီဖြစ်ကာ သူသည် နတ်ဆိုးသားရဲကြီး ဖြစ်လာပြီ ဖြစ်သည်။
“အမ်း.. ကျွန်တော့်ရဲ့ လူသားမျက်နှာက ချောမောလွန်းလို့ သခင့်ထက်တောင် တောက်ပနေလိမ့်ဦးမယ်” သိမ်းငှက်နက်က ရယ်မောရင်း ပြောလိုက်သည်။ ရီဖူရှင်းက ပြုံးလိုက်သည်။ ထိုအကောင်လေးက အမြဲ နောက်ပြောင်ရန်သာ စဉ်းစားနေ၏။
သိမ်းငှက်နက်သည် ရှားရှင်းယွန်ကို ကြည့်ကာ ပြောလိုက်သည်။ “မတွေ့တာ ကြာပြီနော် အရှင်မင်းသမီး။ မင်းသမီးက ခုထိကို မင်သက်လောက်အောင် လှပနေတုန်းပဲ…” သူက သူမအနီးမှာ အင်ပါယာရှားဘုံက တန်ခိုးရှင်များ ရှိမရှိသေချာစေရန် စစ်ဆေးကြည့်လိုက်သည်။ သူက အတည်ပြု ပြီးသွားသည့်နောက် ထပ်ဖြည့်၍ ပြောလိုက်သည်။ “. . ပြီးတော့ အမြဲ ယောက်ျားဆန်နေတာပဲ”
ရှားရှင်းယွန်သည် သူမ၏ မျက်ခွံတို့ကို ပင့်မကာ သိမ်းငှက်နက်ကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။ သူက နတ်ဆိုးရှန့်ထို ဖြစ်လာသည်နှင့် ယုံကြည်ချက် ပိုရှိလာပုံရသည်။
“အရှင်မင်းသမီးရဲ့ စီးတော် ဖီးနစ်စိမ်းရော ဘယ်မှာလဲ။ ကျွန်တော် သူနဲ့ ဘဝအကြောင်း ဆွေးနွေးစရာရှိတယ်” သိမ်းငှက်နက်က အံကြိတ်ကာ ပြောလိုက်သည်။ သူသည် ထပ်ခါထပ်ခါ အနိုင်ကျင့်ခံခဲ့ရသည်ကို မည်သည့်အခါမှ မေ့လိမ့်မည် မဟုတ်ပေ။ သူသည် တစ်နေ့တွင် ပြန်၍ အနိုင်ကျင့်နိုင်ရမည်ဟု ကျိန်ဆိုထားသည်။
“နင့်မှာ အချိန်ရှိရင် အင်ပါယာရှားဘုံကို သွားပြီး သူနဲ့ သွားပြော” ရှားရှင်းယွန်က အထင်အမြင်သေးစွာ ကြည့်ရင်း ပြောလိုက်သည်။
“ကောင်းပြီ” သိမ်းငှက်နက်က ဟိတ်ဟန်ထုတ်ကာ ပြန်ဖြေလိုက်၏။
သူက အနောက်ရှိ ခွန်ရွှမ်ကို လှမ်းကြည့်ပြီးနောက် ရီဖူရှင်းကို ပြောလိုက်သည်။ “အိုး.. ဟုတ်သားပဲ… သခင်.. မင်းသမီးခွန်ရွှမ်က သခင့်ကို အရမ်းလွမ်းနေတာ။ သူမက ကျွန်တော် သခင့်ဆီ ဘယ်တော့ သွားမှာလဲလို့ ခဏခဏမေးတယ်။ မင်းသမီးခွန်ရွှမ်ကြောင့်သာ မဟုတ်ရင် ကျွန်တော် ဆက်ပြီး ကျင့်ကြံနေဦးမှာ”
“အာ…” ရီဖူရှင်း ကြက်သေသေသွားသည်။ ဒီ မကောင်းတဲ့ အကောင်…။
သူ့နောက်မှ ခွန်ရွှမ်သည်လည်း ဆွံ့အသွားလေသည်။
သူမ ဘယ်အချိန်က ရီဖူရှင်းဆီ လာချင်နေလို့လဲ။
ဒီအကောင် ဘာတွေပြောနေတာလဲ။
“သူ့ရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နားထောင်မနေနဲ့” ခွန်ရွှမ်က အေးစက်စွာ ပြောလိုက်သည်။ ဒီအကောင်က အရမ်း….။
ရီဖူရှင်းသည်လည်း ပြောစရာစကား ကင်းမဲ့သွားရသည်။ သူသည် သိမ်းငှက်လေး၏ စရိုက်ကို သေသေချာချာ သိရှိထားသည့်အတွက် အကြောင်းပြချက်ပေးခြင်းကိုသိပေသည်။
“အဲဒါ ပေါက်ကရမဟုတ်ပါဘူး။ အရှင်မင်းသမီးက ဥဒေါင်းအင်ပါယာဘုံကို ပြန်ရောက်ကတည်းက ကျွန်တော့်သခင်ကို အမြဲ လွမ်းနေတာ မဟုတ်ဘူးလား။ မင်းသမီးက အရှင်မင်းကြီးရှေ့မှာ ကျွန်တော့် သခင်အကြောင်း နေ့တိုင်းပြောတယ်လေ။ ကျွန်တော့် သခင်ရဲ့ အရည်အချင်းက ဘယ်လောက် ထူးချွန်တာ။ ပြီးတော့ မင်းသမီးက အပြင်လောကမှာ သွားပြီး ကျင့်ကြံဖို့ မျှော်လင့်နေတာ။ မဟုတ်ရင် အရှင်မင်းကြီးက ဘာလို့ ချက်ချင်းကြီး မင်းသမီးကို ဒီအထိ လိုက်ပို့ရမှာလဲ” သိမ်းငှက်နက်က လေးနက်စွာ ပြောလိုက်သည်။ “အရှင်မင်းကြီးက မင်းသမီးအတွက် အခွင့်အရေး ဖန်တီးပေးဖို့ ကြိုးစားနေတာလေ”
ခွန်ရွှမ် တစ်ယောက် ဆွံ့အပြီးရင်း ဆွံ့အသွားရသည်။
သူက ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး လိမ်လည်နိုင်ရတာလဲ။
ထို့နောက် ရှားရှင်းယွန်က ရုတ်တရက် ဖြတ်ပြောလိုက်သည်။ “နင်က ရှန့်ထိုအဆင့် ရောက်သွားပြီးတော့ ဥဒေါင်းအင်ပါယာဘုံမှာ ရှန့်ထို ဖြစ်လာခဲ့တယ်။ အခု နင် တော်တော်လေး တိုးတက်နေလောက်ပြီပေါ့”
သိမ်းငှက်လေးက ဂူဏ်ယူစွာနှင့် သူ၏ ခေါင်းကို မော့ထားလိုက်သည်။ “ဒါပေါ့”
“ဒါဆို နင့်ရဲ့ ကျင့်ကြံမှု စွမ်းရည်က ဘယ်လောက်ရှိလဲဆိုတာ ငါ စမ်းကြည့်ပါရစေလား။ နင့်သခင်အတွက် ဒီနှစ်တွေထဲ ဘယ်လောက် ကြိုးစားခဲ့လဲ သိရအောင်လို့လေ” ရှားရှင်းယွန်က သိမ်းငှက်နက်ထံသို့ လျှောက်လာရင်းက ပြောလိုက်သည်။ သိမ်းငှက်နက်သည် သူ၏ ခေါင်းကို မော့ချီထားဆဲဖြစ်ကာ သူက ငကြောက်မဟုတ်ဟု တွေးနေသည်။
သူမက သူ့ကို အရင်ကလိုများ ထင်နေသေးတာလား။
အလင်းက ရုတ်တရက် လင်းလက်လာပြီး ရှားရှင်းယွန်၏ လက်ထဲတွင် နတ်လက်နက်တစ်ခု ပေါ်ပေါက်လာသည်။ ယင်းသည် တောက်ပနေသော ရွှေရောင်ကြာပန်းဖြစ်ပြီး ထိုအရာမှ ထုတ်လွှတ်နေသည့် စွမ်းအားတွင် ရန်ဟောင်စွမ်းအားများ ပါဝင်နေသည်။ စွမ်းအားသည် သိမ်းငှက်နက်၏ ခန္ဓာပေါ်သို့ လွှမ်းခြုံသွားသည်။
သိမ်းငှက်နက်သည် မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ရှားရှင်းယွန်ကို ကြောင်တောင်တောင်နှင့် ကြည့်လိုက်သည်။ “အရှင်မင်းသမီး ဒါ ဘာအဓိပ္ပါယ်လဲ”
“အရှင်သိမ်းငှက်ရဲ့ အရည်အချင်းက အရမ်းကို ထူးချွန်လာတယ်ဆိုကတည်းက အရှင်သိမ်းငှက်ရဲ့ စွမ်းရည်ကို စမ်းသပ်ဖို့က အထူးနည်းလမ်းသုံးဖို့ပဲ ရွေးချယ်ရတော့တာပေါ့” ရှားရှင်းယွန်က အေးစက်စွာ ပြောလိုက်သည်။ သိမ်းငှက်နက်သည် ဖိအားကို ခံစားရကာ အော်ငိုလုနီးပါး ဖြစ်သွားသည်။ သူ၏ ဂုဏ်ယူဝံ့ကြွားသော အကြည့်များက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ “ကျွန်တော် မင်းသမီးရှင်းယွန်ကို မတွေ့ရတာ နှစ်တွေ အတော်ကြာနေတာတောင် မင်းသမီးက ကျက်သရေရှိပြီး လှပနေတုန်းပဲနော်။ အရှင်မင်းသမီးရဲ့ အလှက ဘုံသုံးထောင်မှာတောင် ပြိုင်ဘက်ကင်းပါပဲ”
“အဟမ်း…” မြစိမ်းရောင်ဒရယ်နန်းတော်သခင်သည် ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေသော်လည်း သူသည် ထိုစကားများကြောင့် မထိန်းချုပ်နိုင်ဘဲ အသံပင် ထွက်သွားရသည်။
ဤအကောင်က အတော်လေး ကိုးရို့ကားယားနိုင်လှသည်။
ရီဖူရှင်းသည် အနည်းငယ် ရှက်ရွံ့သည့် ခံစားမှုကို ခံစားလိုက်ရပြီး သူ့ခေါင်းကို သူ ကိုင်လိုက်မိသည်။
ရှားရှင်းယွန်သည် သိမ်းငှက်နက်ကို အလွတ်မပေးဘဲ တစ်လှမ်းချင်း ရှေ့သို့ လျှောက်လာသည်။ သိမ်းငှက်နက်က တုန်ယင်စွာနှင့် ရီဖူရှင်းနောက်သို့ ပြေးကာ ပုန်းကွယ်လိုက်သည်။
ဖြန်း…
ရီဖူရှင်းသည် သူ့ခေါင်းကို ရိုက်ကာ သတိပေးလိုက်သည်။ “မင်းနောက်တစ်ခါ မဟုတ်တာတွေ ထပ်ပြောနေရင် ဒီည မင်းကို ငှက်ကင်လုပ်ပစ်မယ်”
“အာ…” သိမ်းငှက်နက်က သနားစဖွယ် ကောင်းစွာနှင့် ရီဖူရှင်းကို ကြည့်လိုက်သည်။
ဒီမိန်းမက သူမရှိတုန်း သူ့သခင်ရဲ့ နှလုံးသားကို သိမ်းသွားခဲ့ပြီလား။
“ဒီအကောင်က တဖြည်းဖြည်း စည်းမရှိကမ်းမရှိ ဖြစ်လာတယ်။ သူ့ကို အရေးမစိုက်ပါနဲ့” ရီဖူရှင်းက ရှားရှင်းယွန်ကို ပြောလိုက်သည်။ ရှားရှင်းယွန်သည် ရီဖူရှင်းကို ကြည့်လိုက်ပြီးနောက် သိမ်းငှက်နက်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ကာ နတ်လက်နက်ကို ပြန်သိမ်းလိုက်သည်။
ထိုအချိန်တွင် သိမ်းငှက်နက်က လူသားအသွင်သို့ ပြောင်းလဲလိုက်၏။ ရီဖူရှင်းသည် လှည့်ကြည့်လိုက်လျှင် ကျယ်ပြန့်သည့်နဖူး ရှည်လျားသော နှာခေါင်းနှင့် ထက်ရှရှ ပါးစပ်တို့နှင့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
“မူလပုံစံပဲ ပြန်ပြောင်းလိုက်ပါတော့” ရီဖူရှင်းက ပြောလိုက်သည်။ သူက ထိုအကောင်၏ အကျည်းတန်သော မျက်နှာကို သည်းခံပြီး ကြည့်မနေနိုင်ပေ။
သို့ဆိုလျှင်ပင် သူ့မျက်နှာက ရီဖူရှင်းကို အံ့အားသင့်စေသည်။
သိမ်းငှက်နက်က တွေဝေသွားသည်။ သူက သူ့သခင်လို မချောဘဲနဲ့ အဲဒီလောက် ရုပ်ဆိုးတယ်လား။
သူ၏ အတွေးနှင့် လူသားခေါင်းမှ သိမ်းငှက်ခေါင်းအဖြစ်သို့ ပြောင်းလဲလိုက်သော်လည်း လူသားခန္ဓာကိုယ်နှင့်ပင် ရှိနေသေးသည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒါကမှ ငါတို့ မျက်စိထဲ ပိုပြီး ပသာဒဖြစ်သေးတယ်”
သိမ်းငှက်နက်က ပြောစရာစကား ကင်းမဲ့သွားရလေသည်။
တစ်ယောက်က သိမ်းငှက်နက်၏ ပုခုံးကို ရိုက်ကာ ပြောလိုက်သည်။ “မင်းက ငါ တွေ့ဖူးသမျှ မိစ္ဆာသားရဲတွေထဲမှာ အသွင်ပြောင်းတာ အထူးခြားဆုံးပဲ” ဒေါသထွက်စွာနှင့် အရှင်သိမ်းငှက်က လှည့်ကြည့်ကာ ထိုသူကို သင်ခန်းစာပေးရန် ရည်ရွယ်လိုက်သော်လည်း ထိုသူ၏ မျက်နှာကို မြင်သည့်အခါ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
ဆရာယူ ခင်ဗျား ဘယ်တုန်းက စပြီး ဟာသပြောတတ်သွားတာလဲ။
“ကောင်းပြီ.. အခုက စပြီး ကိုယ့်ဟာကိုယ် အိနြေ္ဒရရနေ” ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် သူက ခွန်ရွှမ်ကို ကြည့်ကာ ပြောလိုက်၏။ “ဒီနှစ်တွေမှာ သူ့ကို ဂရုစိုက်ပေးထားခဲ့လို့ အရှင်မင်းကြီးနဲ့ မင်းသမီးကို ကျေးဇူးတင်ပါတယ်”
“ကိစ္စမရှိပါဘူး။” ခွန်ရွှမ်က သူမ၏ ခေါင်းကို ယမ်းကာ ပြောလိုက်သည်။ “အပြန်အလှန်အနေနဲ့ ကျွန်မ ဒီမှာ ရှင်တို့နဲ့ ခဏလောက် နေလို့ဏတယ်မလား”
“ဒါပေါ့… နေလို့ရတာပေါ့” သိမ်းငှက်နက်က လျင်မြန်စွာ ဝင်ပြောလိုက်သော်လည်း ရှားရှင်းယွန်၏ အေးစက်သော အကြည့်ကို မြင်သည့်အခါ ထပ်မပြောတော့ရန် ရွေးချယ်လိုက်ရသည်။
“အရှင့်သမီးရှိတော့ ကျုပ်တို့အတွက် အားရှိတာပေါ့”
ရီဖူရှင်းက ရယ်မောရင်း ပြောလိုက်သည်။ ခွန်ရွှမ်က သူမနှင့်အတူ တန်ခိုးရှင်များစွာကို ခေါ်လာခဲ့သည့်အတွက် အပြန်အလှန် အကူအညီ ဖြစ်စေပေသည်။ သူတို့အားလုံးက နတ်ဆိုးကလန်မှ လူတွေ ဖြစ်သည့်အတွက် ဤနယ်မြေတွင် သူတို့နှင့် အတူသွားခြင်းက ပို၍ အဆင်ပြေစေလိမ့်မည် ဖြစ်သည်။