ထိုအချိန်တွင် တန်ခိုးရှင်တစ်ဦးသည် ကောင်းကင်သို့ ခြေချလာပြီး ကောင်းကင်နတ် ယှဉ်ပြိုင်ကွင်းအထက် ပွဲကြည့်စင်ထက်မှ သူတို့ကို ကြည့်ကာ ပြောလိုက်သည်။
“ဒီနတ်ဆိုးဝင်္ကပါသုံးခုက နတ်ဆိုးရှန့်ထိုအများကြီးကနေ တစ်ခုတည်းအဖြစ် ဖန်တီးထားကြတာ။ ကျုပ်တို့ စိန်ခေါ်သူတွေက ဝင်္ကပါထဲကို ဝင်သွားလိုက်တာနဲ့ ခံစစ်အနေနဲ့ပဲ ခုခံနိုင်တယ်။ အဲဒါက ကျုပ်တို့အတွက် မမျှတဘူး”
ဤနတ်ဆိုးဝင်္ကပါသုံးခုသည် မတူညီသည့် ဝင်္ကပါနည်းလမ်းသုံးခု ပါဝင်ပြီး မတူညီသော ရှန့်ထိုအဆင့်မှ တန်ခိုးရှင်များကို ပစ်မှတ်ထားသည်။ နတ်ဘုရားဆေးကြောသန့်စင်ခြင်းအဆင့်၊ မိမိကိုယ်ကိုယ်သိမြင်ခြင်းအဆင့်နှင့် သံသယကင်းစင်ခြင်းအဆင့် တို့ ဖြစ်သည်။ ပြန်လည်မွေးဖွားခြင်းအဆင့် နတ်ဆိုးရှန့်ထိုများက တွေ့ရှိရန် ခက်ခဲလှသည့်အတွက် ပြန်လည်မွေးဖွားခြင်းအဆင့်တော့ မပါဝင်ပေ။
ဝင်္ကပါများသည် နတ်ဆိုးကလန်၏ တော်ဝင်မင်းသား မင်းသမီး လေးယောက်သာ တာဝန်ယူမလုပ်ဆောင်လျှင် ထိုမျှ ကြီးကျယ်ခမ်းနားအောင် ပြုလုပ်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
“မင်းက ဝင်္ကပါထဲ မဝင်ချင်လည်း ရတယ်လေ။ ငါတို့ လေးယောက်ထဲက တစ်ယောက်ယောက်ကို စိန်ခေါ်ဖို့ ရွေးလိုက်။ ကျုပ်တို့ အားလုံးကို ရှုံးနိမ့်စေနိုင်ရင် မင်းနိုင်လိမ့်မယ်” မိုးကြိုးကလန်မှ အစွမ်းထက် နတ်ဆိုးသားရဲက မိုးကြိုးကဲ့သို့ အောင်မြင်လှသော အသံနှင့် ပြောလိုက်သည်။
ထိုတန်ခိုးရှင်က ကောင်းကင်မှနေ၍ နတ်ဆိုးသားရဲ လေးယောက်ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့ကို ကောင်းကင်နတ်ဆိုးမြို့တွင် မကောင်းဆိုးဝါးလေးဖော်ဟူ၍ ခေါ်ကြသည်။ သူတို့သည် အလွန် အရည်အချင်းရှိပြီး အထူးသဖြင့် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ ဖြစ်သည်။ သူတို့ အကြောင်းကို စုံစမ်းကြည့်လျှင် ပြောကြသည်မှာ ဤအိမ်ရှေ့စံမင်းသားသည် အရည်အချင်းရှိလှသည့် တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်ပြီး ကောင်းကင်နတ်ဆိုးမြို့တစ်ခုလုံးသည် သူ၏ ထိန်းချုပ်မှု အောက်၌ ရှိလေသည်။
ထို့ပြင် ထို နတ်ဆိုးသားရဲ လေးယောက်၏ အဆင့်က အလွန်မြင့်မားသဖြင့် သူတို့ကို စိန်ခေါ်ရာတွင် ကျင့်ကြံဆင့်သည်လည်း သက်ရောက်မှု ရှိလေသည်။ ယခင်က ကြိုးစားခဲ့ဖူးသည့် သူတစ်ယောက်သည် ဒဏ်ရာအများအပြား ရရှိ၍ အဆုံးသတ်သွားခဲ့လေသည်။
အကယ်၍ သူက ဝင်္ကပါကို စိန်ခေါ်ပြီး ကျရှုံးခဲ့လျှင် သူ့တွင် ရှိသည့် ပစ္စည်းများနှင့် ကျင့်စဉ်များကို ပေးအပ်လိုက်ပါက ထိုသူတို့ထံမှ ထောက်ထားညှာတာမှုကို ရရှိသေးသည်။
အဓိကအချက်မှာ သူတို့၏ အရေးကြီးပုဂ္ဂိုလ်များမှာ အကြွင်းမဲ့ မသေချာသည့်အတွက် လှုပ်ရှားမှု မပြုသောကြောင့် ဖြစ်သည်။ သူတို့သာ ကျရှုံးခဲ့လျှင် သူတို့ ကျင့်ကြံထားသည့် ကျင့်စဉ်များကို ပေးအပ်ခဲ့ရမည် ဖြစ်သည်။ ယခင်က ကျရှုံးခဲ့သူ အချို့က သူတို့ ဝင်္ကပါအတွင်း တိုက်ခိုက်စဉ် အသုံးပြုခဲ့သော သိုင်းပညာများအား လက်လွှဲပေးရန် ငြင်းဆန်ခဲ့သောကြောင့် ကျူးယန့်နတ်ဆိုးအိမ်ရှေ့စံက သူတို့ကို သတ်ဖြတ်ခဲ့ပေသည်။
သူတိ့သည် မည်သည့် စကားမှ မပြောနိုင်ခဲ့ပေ။ စည်းမျဉ်းက ချမှတ်ပြီးသား ဖြစ်ကာ ဤနေရာသည် ထိုသူတို့၏ နယ်မြေ ဖြစ်သည်။ သူတို့ အားလုံးသည် နာခံရုံသာ တတ်နိုင်လေသည်။
သူတို့သာ မလိုက်နာလျှင် သူတို့၏ သေဆုံးခြင်းအတွက် မည်သည့် အပြစ်ကိုမှ တင်ရန် မဖြစ်နိုင်ပေ။
ထိုအချိန်တွင် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံသည် ပလ္လင်ပေါ်မှ ပျင်းရိစွာ ထ၍ လာကာ လူသားအသွင် ပြောင်းလဲလိုက်ပြီး သူ၏ ရွှေရောင်မျက်လုံးအစုံဖြင့် တန်ခိုးရှင်များဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက ပြောလိုက်၏။
“ဒီနေ့ ကြည့်ရတာ ဝေခွဲမရ ဖြစ်နေကြတယ် ထင်တယ်။ ကောင်းပြီ.. ဒီနေ့တော့ ထားလိုက်ပြီးတော့ မနက်ဖြန်မှ ဆက်ပြိုင်ကြတာပေါ့။ မင်းတို့ ပြန်သွားပြီး ဘာလုပ်ကြမယ်ဆိုတာ ဆွေးနွေးထားပေါ့။ မနက်ဖြန်လည်း ဒီနေ့လိုပဲ လုပ်နေမယ်ဆိုရင်တော့ ကျုပ်ရဲ့ မျက်စိရှေ့က ထွက်သွားကြပေါ့”
အခြား နတ်ဆိုးသားရဲ သုံးကောင်ကလည်း သူ့နောက်မှ လိုက်ကာ ထရပ်လိုက်သည်။ သူတို့ ထွက်သွားသည်နှင့် ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းမှ နတ်ဆိုးဝင်္ကပါများက ဖယ်ရှားပြီးသား ဖြစ်သွားခဲ့သည်။
လူသားတန်ခိုးရှင်များသည် မည်သည့်စကားမှ ပြောစရာရှာမရပေ။ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံသည် အလွန် မောက်မာဝံ့ကြွားလှကာ လူသားကျင့်ကြံသူတို့ ကျင့်ကြံသည့် ကျင့်စဉ်များနှင့် ရတနာများကို ဓားပြတိုက်နေသည်နှင့် ထူးမခြားနားပင် ဖြစ်သည်။
“ကျုပ် ကြားတာတော့ လူသားမျိုးနွယ်တွေရဲ့ သဘာဝကိုက သတိကြီးတယ်ဆိုတာ ကြားပြီးပြီ။ ကြည့်ရတာ အဲဒါက အမှန်ပဲ ထင်တယ်။ မင်းတို့ လူသားကျင့်ကြံခြင်း လောကက အဓိကအင်အားစု ငါးခုက လူတွေ အားလုံး ဒီမှာ ရောက်နေကြတာ မဟုတ်ဘူးလား” ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက သရော်လိုက်သည်။ သူက လူအုပ်ထံမှ သူ့အကြည့်များကို ရုတ်သိမ်းလိုက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
နတ်ဆိုးကလန်တို့၏ နတ်ဆိုးသားရဲများ အားလုံးသည် စိတ်လှုပ်ရှားနေကြသည်။ လူသားလောကမှ ထိပ်တန်းအင်အားစုများ၏ တန်ခိုးရှင်များသည် အရည်အချင်း အရှိဆုံး လူများ ဖြစ်သင့်ပေသည်။
ကြည့်ရသည်မှာ ကောင်းကင်နတ်ဆိုးမြို့မှ နတ်ဆိုးအိမ်ရှေ့စံက အားအကောင်းဆုံး ပြိုင်ဘက်ကို ရှာဖွေနေခြင်း ဖြစ်ရပေမည်။
ကောင်းကင်နတ်ဆိုးမြို့အတွင်းတွင် ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံသည် သူ၏ ရက်စက်မှုနှင့် မကောင်းဆိုးဝါးဆန်သော စရိုက်ကြောင့် ကျော်ကြားလေသည်။ များလှစွာသော နတ်ဆိုးများသည် သူ့အပေါ်တွင် ကြောက်ရွံ့ရိုသေကြပြီး မည်သူကမှ သူ့ကို မဖိနှိပ်နိုင်ပေ။
ဤမြို့သည် လူသားလောကနှင့် နယ်နိမိတ်ကပ်လျက် နတ်ဆိုးဘုံ၏ အကျော်ကြားဆုံး အဓိကက မြို့တစ်မြို့ ဖြစ်သော်လည်း လူတိုင်းက ကြားဖူးသည်မှာ ကျူးယန့် နတ်ဆိုးအင်ပါယာသည် သာမန် နတ်ဆိုးအင်ပါယာမဟုတ်ဟူ၍ ဖြစ်သည်။ သူသည် နတ်ဆိုးလောကအတွင်းတွင် အစွမ်းထက်သော နတ်ဆိုးအင်ပါယာအဖြစ် ကျော်ကြားပေသည်။
ထို့အတွက်သာ မဟုတ်လျှင် အခြားသော တော်ဝင်နတ်ဆိုးသုံးဦးက သူ့နောက်သို့ လိုက်ရန် ဆန္ဒရှိကြမည် မဟုတ်ဘဲ နတ်ဆိုးအိမ်ရှေ့စံအတွက် ပြဿ နာများ ဖြစ်လာစေလိမ့်မည် ဖြစ်သည်။
“ကြည့်ရတာ ဘယ်သူမှ သတင်းမရသေးဘူးထင်တယ်” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ပြောလိုက်သည်။ “နတ်ဆိုးအိမ်ရှေ့စံမင်းသားဆီ သွားတွေ့ကြရအောင်”
“ချင်းယန် မင်းက မြစိမ်းရောင်ဒရယ်နန်းတော်ရဲ့ ခေါင်းဆောင်ဆိုပေမယ့်လည်း နတ်ဆိုးအိမ်ရှေ့စံက အဖက်လုပ်မှာမဟုတ်ဘူးနော်”
နွားသိုး နတ်ဆိုးသားရဲက မြစိမ်းရောင်ဒရယ်နန်းတော်သခင်ကို ပြောလိုက်သည်။
“ကြိုးစားကြည့်လို့တော့ ရပါတယ်” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က မသိလိုက်မသိဘာသာပင် ပြောလိုက်သည်။ သူအတွက်တော့ ရီဖူရှင်းတို့ နတ်ဆိုးဝင်္ကပါများကို ဖြတ်ကျော်နိုင်ရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိပေသည်။ သူက ရီဖူရှင်းထံမှ ကြင်နာမှုကို ပြန်ပေးဆပ်လိုလျှင် သူက နတ်ဆိုးအိမ်ရှေ့စံထံသို့ သွားရောက်တွေ့ဆုံရန်သာ လုပ်နိုင်ပေသည်။
ကောင်းကင်နတ်ဆိုးမြို့အတွင်းတွင် မြစိမ်းရောင်ဒရယ်နန်းတော်သခင် တစ်ယောက်အနေနှင့် သူသည် နတ်ဆိုးအင်ပါယာကို ခစားရတာကြောင့် သူက အနည်းဆုံးတော့ အိမ်ရှေ့စံနှင့် စကားပြောဆိုနိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ သူ ကျရှုံးခဲ့လျှင် သူက မျက်နှာပျက်ရလိမ့်မည် ဖြစ်သည်။
မြစိမ်းရောင်ဒရယ်နန်းတော်သခင်သည် လမ်းတစ်ဖက်မှ နတ်ဆိုးအိမ်ရှေ့စံနှင့် သူ့အဖွဲ့သားများ ရှိနေရာသို့ သွားလိုက်သည်။
ခဏအကြာ၌ သူတို့သည် စင်မြင့်အောက်ခြေသို့ ရောက်ရှိလာသည်။ မြစိမ်းရောင်ဒရယ်နန်းတော်သခင်က လက်သီးဆုပ် အရိုအသေပြုကာ ပြောလိုက်သည်။ “အရှင်မင်းသား၊ မြစိမ်းရောင်ဒရယ်နန်းတော်သခင်က အရှင်မင်းသားကို တွေ့ဆုံနှုတ်ဆက်ပါတယ်”
ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံ၏ ရွှေရောင်မျက်လုံးများကမြစိမ်းရောင်ဒရယ်နန်းတော်သခင်ထံသို့ ကျရောက်လာသည်။ သူက ပြောလိုက်၏။ “ကျုပ်က မြစိမ်းရောင်ဒရယ်နန်းတော်သခင်ရဲ့ အကြောင်းကို ကြားဖူးတာ ကြာပါပြီ။ အဲဒါကြောင့် အမြဲတွေ့ဖူးချင်နေခဲ့တာ။ ဒီနေ့ ဘာကိစ္စများ ရှိလို့လဲ”
ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက ရက်စက်ကြမ်းကြုတ်ပြီး ခေါင်းမာသည်ဟုဆိုသော်လည်း သူက လူဖျင်းလူညံ့ဟုတော့ မဆိုလိုပေ။ သူက နယ်မြေအတွင်းမှ အစွမ်းထက် နတ်ဆိုးများအကြောင်းကို သိရှိပေသည်။ မြစိမ်းရောင်ဒရယ်နန်းတော်သခင်သည် နတ်ဆိုးသားရဲများကြားတွင် ရှားပါးလှသည့် ပြန်လည်မွေးဖွားခြင်းအဆင့် ရှန့်ထိုဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန် ရှားပါးလှပြီး သူ့ထံမှ သင်ယူရန်ပင် ထိုက်တန်လေသည်။
မြစိမ်းရောင်ဒရယ်နန်းတော်သခင်က သူ့အနီးမှ လူများကို ကြည့်လိုက်ပြီး ကျူးယန့်အိမ်ရှေ့စံမင်းသားသည်လည်း ချက်ချင်းပင် ရီဖူရှင်းကို သတိပြုမိသွားခဲ့သည်။
“လူသားတန်ခိုးရှင်တွေလား” ကျူးယန့်အိမ်ရှေ့စံမင်းသားက မေးလိုက်သည်။
“ဟုတ်ပါတယ်” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျွန်တော့် သမီးက အန္တရာယ်များတဲ့ အခြေအနေထဲကို ကျရောက်ခဲ့ပြီး ဒီတန်ခိုးရှင်တွေက ကယ်တင်ပေးခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်က ဒီနေရာကို လာပြီး အရှင်မင်းသားက ထောက်ထားညှာတာစွာနဲ့ သတင်းတစ်ခုခုများ ပြောပြပေးနိုင်မလားလို့ အရဲစွန့်ပြီး လာမေးရတာပါ”
ကျူးယန့်အိမ်ရှေ့စံမင်းသားသည် မည်သည့်အမူအရာမှ မပြဘဲ တည်ငြိမ်နေသည်။
“ခင်ဗျားက သူတို့ရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်ချင်တယ်။ ဒါပေမယ့် ဒီနေ့ ဘာတွေ ဖြစ်သွားလဲဆိုတာ ခင်ဗျားလည်း မြင်တာပဲ။ ဘာလို့ အလုပ်ရှုပ်ခံပြီး လာမေးနေတာလဲ” သူ့ဘေးမှ ထောင်းထျယ့်နတ်ဆိုးသားရဲက ပြောလိုက်သည်။ သူ၏ ဦးခေါင်းက လူသားအသွင် ဖြစ်နေသော်လည်း သူ၏ ရောင်ဝါလက္ခဏာက အလွန် ကြမ်းကြုတ်ရက်စက်ပုံ ပေါ်သည်။ သူ၏ သားရဲခန္ဓာကိုယ်သည် အလွန် မြင့်မားပြီး ကြီးမားတုတ်ခိုင်ကာ ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အသွင်အပြင်မျိုး ဖြစ်ပေါ်စေသည်။
ကျူးယန့် အိမ်ရှေ့စံက လက်ကို ဝေ့ယမ်းကာ ပြောလိုက်သည်။ “မြစိမ်းရောင်ဒရယ်နန်းတော်သခင်က မေးလာမှတော့ ခွင့်ပြုပေးရမှာပေါ့။ ဒါပေမယ့် သူတို့က ပွဲပြီးသွားတဲ့အထိတော့ စောင့်ပေးရမယ်”
သူတို့ကို ပြောပြီးနောက် သူ၏ ရွှေရောင်မျက်လုံးများက ရီဖူရှင်းနှင့် အခြားလူများထံသို့ ကြည့်ကာ ပြောလိုက်သည်။ “လူသားတွေဆီမှာ ကံကောင်းခြင်းတွေ အများကြီးရှိတယ်ဆိုတာ ကျုပ် သိတယ်။ ဒါပေမယ့် တခါတလေကျတော့ မင်းတို့က သိပ်ကို ပါးနပ်ပြီး ခိုးကြောင်ခိုးဝှက် ချဉ်းကပ်မှုတွေကို အသုံးပြုရတာ သိပ်သဘောကျပုံရတယ်။ မင်း သတင်းလိုချင်ရင် ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းကို တိုက်ရိုက်သွားနိုင်တယ်။”
ရီဖူရှင်းက သူ့ကို ကြည့်လိုက်လျှင် သူ၏ မျက်လုံးများထဲတွင် ရွှေရောင်မီးလျှံများ တောက်လောင်နေသည်ဟု ခံစားမိလိုက်သည်။ ကျူးယန့်အိမ်ရှေ့စံမင်းသားသည် မြစိမ်းရောင်ဒရယ်နန်းတော်သခင်၏ တောင်းဆိုချက်ကို လိုက်လျောပေးမည်ဟု ပြောခဲ့သော်လည်း သူက တိုက်ရိုက်အဖြေကိုတော့ မပေးခဲ့ပေ။
သူက ပြောပြီးသွားသည်နှင့် ကျူးယန့် အိမ်ရှေ့စွက လှည့်ထွက်သွားတော့သည်။ အခြားသော နတ်ဆိုးမင်းသားများ အားလုံးသည်လည်း သူ၏ အနောက်မှနေ၍ ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ မိုးကြိုးကလန်မှ နတ်ဆိုးမင်းသားသည် သူ၏ ကြီးမားသော မျက်လုံးများနှင့် ရီဖူရှင်းကို စူးစိုက်ကြည့်နေသည်။
ရီဖူရှင်းသည် သူ့ကို ပြုံးကာ ကြည့်နေသော်လည်း မည်သည့် စကားမှ မပြောပေ။
စင်စစ်တွင်တော့ သူနှင့် မိုးကြိုးနတ်ကလန်က ရှည်လျားသော သမိုင်းကြောင်း ရှိလေသည်။
မိုးကြိုးနတ်ကလန်မှ မင်းသားသည် ရီဖူရှင်း၏ မျက်လုံးများထဲမှ နူးညံ့မှုတို့ကို ခံစားမိခဲ့ပုံရသည်။ သူက ရီဖူရှင်းကို ဇဝေဇဝါနှင့် ကြည့်ကာ ထွက်သွားခဲ့သည်။
“ကျေးဇူးတင်ပါတယ် အရှင်မင်းသား” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က သူတို့နောက်မှ နေ၍ နှုတ်ဆက်စကားဆိုလိုက်သည်။ နတ်ဆိုးအိမ်ရှေ့စံမင်းသား၏ ကတိသည် သူ့ကို အများကြီး မျက်နှာပေးခဲ့ပြီး ဖြစ်လေသည်။
“ချင်းယန် အိမ်ရှေ့စံက ပုံမှန်ဆို အဲဒီလိုတောင်းဆိုချက်မျိုးကို သဘောတူမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီတစ်ခေါက်တော့ သူ သဘောတူခဲ့တယ်။ ကျုပ် ခန့်မှန်းရသလောက်တော့ မင်းအကြောင်းတွေ သူ ကြားရပြီးတော့ မင်းအပေါ်မှာ အမြင်ကောင်း ရှိထားပုံရတယ်။ ဒီတောင်းဆိုချက်ကို မဟုတ်ရင်တောင် သူက နောက်ပိုင်းမှာ မင်းကို ပိုပြီး ကူညီလိမ့်မယ်လို့ ထင်တယ်” နွားသိုးနတ်ဆိုးက ပြောလိုက်သည်။ “ဥပမာအနေနဲ့ဆိုရင် မင်းကို သူနဲ့အတူ ကျင့်ကြံစေတာမျိုးပေါ့”
“ကိစ္စမရှိဘူး” မြစိမ်းရောင်ဒရယ် က စိတ်မပါစွာ ပြန်ပြောလိုက်သည်။ သူက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်၏။ “မင်းသားက ကတိပေးလိုက်ပြီဆိုတော့ ယှဉ်ပြိုင်ကွင်း သွားဖို့အတွက် အရမ်း စိတ်မပူလည်း ရပါပြီ။ မင်းသားက ဒီပွဲပြီးသွားတာနဲ့ ပြောပြမယ်လို့ ပြေတာမို့ သူက တောင်းဆိုချက်ကို ခွင့်ပြုခဲ့တယ်လို့ ပြောနိုင်တယ်။ တကယ်လို့ ဘယ်လူသားတန်ခိုးရှင်မှ သတင်း သိရဖို့ ဝင်္ကပါကို အောင်အောင်မြင်မြင် မဖြတ်ကျော်နိုင်ရင်တောင်မှ သတင်းက ရနိုင်ပါတယ်”
“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းည်တ်ကာ ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် စီနီယာ”
ယခု နွားသိုးနတ်ဆိုးက သူ့ကို ပြောသည်အား သူ သိပေသည်။
အနီးအနားမှ နတ်ဆိုးသားရဲများသည် တဖြည်းဖြည်း လူစုကွဲကာ လျော့ပါးလာသည်။ အနီးရှိ အဖွဲ့တစ်ခုမှ လူများသည် ထိုနေရာ၌ ရပ်ကာ သူတို့ဘက်သို့ ကြည့်နေခဲ့သည်။
ရီဖူရှင်းလည်း ထိုသည်ကို သတိပြုမိပေသည်။ သူက လှည့်ကြည့်လိုက်လျှင် သူ့ကို မြောက်မြားစွာသော လူများက ကြည့်နေသည်အား မြင်လိုက်ရသည်။
သူတို့သည် ခရမ်းရင့်မြေအောက်လောက နယ်မြေမှ ဖြစ်ကာ ကျန်းချန်ချင်းလည်း ထိုနေရာ၌ ရှိနေသည်။
မမျှော်လင့်စွာနှင့် သူနှင့် ရီဖူရှင်းက ဤနေရာတွင် ထိပ်တိုက်တွေ့ခဲ့သည်။ ရီဖူရှင်းသည်လည်း သူ့အစ်ကိုအကြောင်း လာစုံစမ်းသည်လား။
“ကြည့်ရတာ မင်းက မိုးကြိုးစွမ်းရည်မှာ အရည်အချင်းရှိရုံတင်မကဘဲ အရမ်းလည်း ပါးနပ်ပုံပဲ” ကျန်းချန်ချင်းက ပြောလိုက်သည်။ သူတို့အားလုံးသည် နတ်ဆိုးဝင်္ကကို ဖြေရှင်းရန် အဖြေရှာနေကြသော်လည်း ရီဖူရှင်းကတော့ ပုံမှန်မဟုတ်စွာနှင့် နတ်ဆိုးသားရဲ၏ အကူအညီဖြင့် ကစားပွဲအတွင်း ဝင်ရောက်ခဲ့သည်။ ဤနည်းလမ်းဖြင့် သူက နတ်ဆိုးအိမ်ရှေ့စံထံမှ သတင်းများ ရရှိနိုင်မည် ဖြစ်သည်။
သူ၏ လေသံက တင်းမာခက်ထန်နေသည်။ နတ်ဆိုးအိမ်ရှေ့စံသည် သူတို့အပေါ်တွင် ကြမ်းတမ်းရက်စက်စွာနှင့် သူတို့ကို ရင်ဆိုင်ရန် ရည်ရွယ်၍ နတ်ဆိုးဝင်္ကပါကိုပင် ခင်းကျင်းထားခဲ့သည်။ သို့သော်လည်း ရီဖူရှင်းကတော့ နတ်ဆိုးအိမ်ရှေ့စံကို ချဉ်းကပ်ရန် ကြိုးစားခဲ့သည်။ သူ၏ အပြုအမူက စိတ်ပျက်စရာပင် ဖြစ်သည်။
ရီဖူရှင်းသည် သူ့ထံသို့ တစ်ချက်ကြည့်လိုက်သော်လည်း အဖြေပြန်မပေးပေ။
ထို့နောက်တွင် ဒဏ္ဍာရီဂိုဏ်းရှစ်ခုမှ တန်ခိုးရှင်များ အားလုံး ရောက်ရှိလာပေသည်။
“ကျန်းချန်ချင်း၊ သူက ဘယ်သူလဲ” တစ်ယောက်က မေးလိုက်သည်။
“ဝူထူနတ်တောင် မူလစံချိန်ချိုးခဲ့တဲ့ ရီဖူရှင်း” ကျန်းချန်ချင်းက ပြန်ဖြေလိုက်၏။ အားလုံး၏ မျက်နှာထက်တွင် ထူးဆန်းသော အကြည့်များ ပေါ်ပေါက်လာပြီး အချို့လူများသည် သူတို့၏ ခန္ဓာကိုယ်မှ တိုက်ခိုက်ရေးစွမ်းအားများကိုပင် ထုတ်လွှတ်လိုက်ကြသည်။
ဒဏ္ဍာရီဂိုဏ်းရှစ်ခုမှ လူများသည် မိုးကြိုးလမ်းစဉ်တွင် အရည်အချင်းရှိသော တန်ခိုးရှင်များ ဖြစ်ကြသည်။ နတ်တောင်ရှစ်ခု ဖွင့်လှစ်သည့်အခါ လူအများက ထိုနေရာသို့ သွားရောက်ခဲ့သည်။ သူတို့အကြားတွင် ရီဖူရှင်းကဲ့သို့ စံချိန်ချိုးခဲ့သူမှာ တစ်ယောက်သာ ရှိသည်။
သူတို့ထဲက လူအချို့သည် ယခင်တစ်ချိန် နတ်တောင်များ ဖွင့်လှစ်စဉ်က ကြိုးစားခဲ့ကြသူများ ဖြစ်သည်။ သူတို့၏ ရှေ့မှ စံချိန်ကို ချိုးဖျက်ခဲ့သူ ရီဖူရှင်းသည် ဝူထူနတ်တောင်သို့ ဝင်ရောက်ခဲ့ဝေါ တန်ခိုးရှင်များအားလုံးကိုပင် ဖိနှိပ်နိုင်ခဲ့သည်မဟုတ်ဘဲ နတ်တောင်ရှစ်ခုမှ စိန်ခေါ်သူအားလုံးထက်ပင် သာလွန်ခဲ့ခြင်း ဖြစ်ပေသည်။
ရီဖူရှင်းက ထိုနေ့က ဂူထျန်းရှင်း၏ ထွက်ပေါ်လာမှုကြောင့် အင်ပါယာကျီမင်၏ တပည့် ဖြစ်မလာခဲ့သော်လည်း အနည်းဆုံးတော့ သူ၏ အမည်ကို မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီဂိုဏ်းရှစ်ခုမှ တန်ခိုးရှင်အားလုံးက သိရှိကြပြီး ထိုသူတို့အပေါ်၌ လွှမ်းမိုးမှု ရှိခဲ့ပေသည်။
“သူ့ကို လူကိုယ်တိုင် မြင်လိုက်ရတော့ နာမည် ကြားရသလိုလည်း မဟုတ်ဘူးပဲ” တစ်ယောက်က စိတ်ပျက်စွာ ပြောလိုက်သည်။ သူတို့ အားလုံးသည် ဝူထူနတ်တောင်၏ မူလစံချိန်ကို ချိုးဖျက်ပြီး အင်ပါယာကျီမင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်၏ ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့သူအား မြင်တွေ့ချင်နေခဲ့ကြသည်။ ယခု သူတို့ သူ့ကို မြင်သည့်အခါတွင် ရီဖူရှင်းသည် နတ်ဆိုးအိမ်ရှေ့စံ၏ မျက်နှာသာရရန် ချဉ်းကပ်လိုနေသည်ကို မြင်တွေ့ရသည့်အခါ သူတို့သည် ရီဖူရှင်းအကြောင်းကို ထပ်၍ မတွေးကြတော့ပေ။
ထိုမြင်ကွင်းကို ကြည့်ရင်း မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ရီဖူရှင်းက လူသားတန်ခိုးရှင်များကြား၌ ကျော်ကြားပုံရလေသည်။ မဟုတ်လျှင် ဤမျှ လူအများကြီး၏ အာရုံကို ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
သူ၏ နတ်ဆိုးအိမ်ရှေ့စံထံ သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်ခဲ့မှုက ရီဖူရှင်း၏ ဂုဏ်သတင်းကို ထိခိုက်ကာ အခက်အခဲအချို့ ဖြစ်စေခဲ့ပုံပေါ်သည်။
သူက ရီဖူရှင်း၏ ကြင်နာမှုကို ပြန်ပေးဆပ်ချင်သော်လည်း ယခု အခြေအနေက သူ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။
“လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုရှိတာပဲ။ နတ်ဆိုးဝင်္ကပါတွေကို မနက်ဖြန် ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲပဲ သွားဆွေးနွေးရအောင်” အခြားတစ်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။ ရီဖူရှင်းသည် သူတို့အတွက် ဖြတ်သွားဖြတ်လာတစ်ယောက်ပင် ဖြစ်ကာ သူတို့၏ စိတ်အခြေအနေကို အများကြီး သက်ရောက်စေလိမ့်မည် မဟုတ်ပေ။
ယခုတွင် နတ်ဆိုးဝင်္ကပါကို မည်ကဲ့သို့ ချိုးဖျက်ရမည်ကသာ အရေးကြီးဆုံး ဖြစ်သည်။
လူများသည် ခေါင်းညိတ်ကာ တဖြည်းဖြည်း ထွက်ခွာသွားကြကာ လျှပ်တပြက်အတွင်း မြင်ကွင်းမှ ဝေးကွာသွားတော့သည်။
***
GooD