သွေးရောင်လေပြင်းများမှာ အင်္ဂါဂြိုဟ်တစ်ခုလုံး၏ သုံးဆယ်ရာခိုင်နှုန်း နီးပါးတွင် တစ်ပြိုင်နက်တည်း ပေါ်လာကြပြီဖြစ်သည်။ ထိုလေပြင်းများမှာ အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်နေသောကြောင့် ထိုမြင်ကွင်းများမှာ အလွန်အင်မတန်မှ ထူးဆန်းနေ၏။ ထိုကဲ့သို့သောဖြစ်ရပ်မျိုးမှာ အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော် တည်ထောင်ပြီးသည့် အချိန်နောက်ပိုင်းတွင်သာမက သမိုင်းတစ်လျှောက်လုံးတွင်ပါ လုံးဝမဖြစ်ပျက်ခဲ့ဖူးပေ။
အကယ်၍ အပြင်ဘက်အာကာသထဲမှနေ၍ အင်္ဂါဂြိုဟ်အား ကြည့်လိုက်မည်ဆိုပါက ထို အနီရောင်မြူခိုးများမှာ လှိုင်းလုံးများကဲ့သို့ အရှိန်အဟုန်ဖြင့် နေရာအနှံ့အပြားသို့ ပျံ့နှံ့နေသည်ကို မြင်နိုင်မည်ဖြစ်သည်။
ထိုဖြစ်ရပ်ကြီးကို အင်္ဂါဂြိုဟ်ပေါ်ရှိ မန္တန်အစီအရင်ကြီးက အာရုံခံမိလိုက်သောကြောင့် သတိပေးခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ ထို့ကြောင့် အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်ကြီးမှာ ထိုကိစ္စကို ချက်ချင်းပင် သတိထားမိသွားသောကြောင့် ဘုရင်ခံနှင့် လက်ထောက်ဘုရင်ခံကဲ့သို့သော လူများကိုယ်တိုင် မန္တန်အစီအရင်ကြီး၏ ဗဟိုဌာနဆီသို့ ရောက်ရှိလာကြပြီး ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းစစ်ဆေးလိုက်ကြ၏။
ထိုမန္တန်အစီအရင်၏ ဗဟိုဌာနမှာ အင်္ဂါဂြိုဟ်၏ စစ်စခန်းထဲတွင် တည်ရှိသည်။ ထိုအစီအရင်ကြီးမှာ အလွန်အင်မတန်မှ ကြီးမားပြီး အင်္ဂါဂြိုဟ်၏ ခြောက်ဆယ်ရာခိုင်နှုန်းကျော်အထိ ဖုံးလွှမ်းထား၏။ တချိန်တည်းမှာပင် ၎င်းအား စစ်တပ်ဘက်မှ အသုံးပြုနိုင်ရန် တပ်ဆင်ထားခြင်း ဖြစ်ပါသော်လည်း လုပ်ပိုင်ခွင့်အာဏာ အရှိဆုံးလူမှာ ဘုရင်ခံဖြစ်သည်။
ယခုတွင် ထိုစစ်စခန်းထဲ၌ ရှိနေသည့် ဧရာမ ဝိညာဉ်ဖန်သားပြင်ကြီးပေါ်တွင် အင်္ဂါဂြိုဟ်နှင့် ပုံစံတူ ပုံရိပ်ယောင်တစ်ခုကို မြင်နိုင်သည်။ ၎င်း၏ သုံးဆယ်ရာခိုင်နှုန်းတိတိမှာ အနီရောင်မြူခိုးများဖြင့် ဖုံးလွှမ်းခံထားရပြီးဖြစ်သည်။ ထိုမြင်ကွင်းကြီးမှာ အလွန်အင်မတန်မှ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းနေ၏။ ၎င်း၏ ပတ်ပတ်လည်ရှိ လူအုပ်ကြီးထဲတွင် ရှိနေကြသည့် စစ်တပ်ဘက်မှ ထိပ်တန်းအရာရှိများ၊ ဘုရင်ခံနှင့် အခြားသူများအားလုံးမှာ မျက်နှာအမူအရာများ တည်ကြည်နေကြ၏။
” ဘာသတိပေးချက်မှ ပေါ်မလာဘဲနဲ့ သွေးရောင်မြူခိုးတွေက ရုတ်တရက်ကြီး ပေါ်လာတာ ”
” အပြင်ဘက်မှာတာဝန်ကျနေတဲ့ အစောင့်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအရဆိုရင် အဲဒီ သွေးရောင်မြူခိုးတွေက တိုက်စားနိုင်စွမ်းရှိပြီးတော့ ဝိညာဉ်တွေကို ချုပ်နှောင်နိုင်စွမ်း ရှိတယ်။ ပြီးတော့ အဲဒီ မြူခိုးတွေထဲမှာ အမည်မသိ သတ္တဝါကြီးတစ်ကောင် ရှိနေတဲ့ပုံပဲ…. ”
စစ်တပ်ဘက်မှ အဖွဲ့အစည်းအား ဦးဆောင်နေသူမှာ သက်လတ်ပိုင်း လူထွားကြီးတစ်ယောက်ဖြစ်သည်။ ယခုတွင် သူသည် ဘုရင်ခံ၏ နောက်တွင်ရပ်ကာ တည်ကြည်လေးနက်မှုအပြည့်ဖြင့် စကားပြောနေ၏။
” အဲဒီတော့ ဘုရင်ခံဆီကို ဒီအချက်အလက်တွေ တင်ပြရုံတင်မဟုတ်ဘဲ ဘုရင်ခံရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီးတော့ အင်္ဂါဂြိုဟ် မန္တန်အစီအရင်ရဲ့ စွမ်းအားကို မြှင့်တင်ပေးဖို့ တောင်းဆိုပါရစေ။ အဲဒါမှ လက်ရှိအခြေအနေကို စုံစမ်းစစ်ဆေးနိုင်ပြီးတော့ မြူခိုးထဲမှာ ဖြစ်နေတဲ့အရာတွေကို ရှင်းရှင်းလင်းလင်းနားလည်နိုင်မှာ ”
ရဲရဲတောက်နေသည့် အနီရောင်ဝတ်ရုံရှည်ကြီးကို ဆင်မြန်းထားသည့် ဘုရင်ခံမှာ ဝိညာဉ်ဖန်သားပြင်အားစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်သွား၏။ သူမသည် တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ရုတ်တရက်ဆိုသလို သူမ၏ညာဘက်လက်ကို မြှောက်ကာ မန္တန်လက်ကွက်များ ဖော်လိုက်ပြီး သူမ၏ရှေ့တွင်ရှိနေသည့် ဧရာမ ဝိညာဉ်ဖန်သားပြင်ကြီးပေါ်သို့ ဖိလိုက်၏။
ထိုဝိညာဉ်ဖန်သားပြင်ကြီးမှာ အဖိခံလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် တုန်ရီသွားပြီး ၎င်းပေါ်တွင် ရှိနေသည့် ပုံရိပ်ကြီးမှာလည်း ချက်ချင်းပင် မှုန်ဝါးသွား၏။ သို့သော် ထိုပုံရိပ်ကြီးမှာ ချက်ချင်းဆိုသလိုပင် ယခင်ကထက် ပို၍ကြည်လင်စွာ ပြန်ပေါ်လာပြီး ဖန်သားပြင် အပြင်ဘက်သို့ပင် ဖောက်ထွက်နိုင်စွမ်း ရှိနေသကဲ့သို့ ဖြစ်နေ၏။ သွေးရောင်မြူခိုးများကြောင့် မရှင်းမလင်း ဖြစ်နေခဲ့သော ပုံရိပ်ကြီးထဲမှ မြူခိုးများမှာ စစ်ထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသောကြောင့် လူတိုင်း ထို သွေးရောင်မြူခိုးများထဲတွင် ဖြစ်ပျက်နေသည့် အရာများကို ခပ်ရေးရေးခန့် မြင်လိုက်ရတော့သည်။
ထူးဆန်းသည်မှာ ထို သွေးရောင်မြူခိုးများထဲသို့ ရောက်နေသည့် မြေပြင်များနှင့် ကျောက်တုံးများမှာ သာမန်အတိုင်းရှိနေဆဲပင်။ သို့သော် အင်္ဂါဂြိုဟ်ပေါ်တွင် ဝိညာဉ်ချီများ ပေါ်ပေါက်လာခဲ့ပြီးနောက် ပြည်ထောင်စုကြီးက စိုက်ပျိုးရန် ကြိုးပမ်းခဲ့သည့် သာမန်အပင်များနှင့် ရှားပါးအပင်များမှာ ခြောက်သွေ့သေဆုံးသွားကြပြီဖြစ်သည်။
တချိန်တည်းမှာပင် ထိုမြူခိုးများထဲ၌ မျောလွင့်နေကြသည့် အရာများစွာ ရှိနေသည့်ပုံ ပေါက်နေ၏။ ထိုအရာများမှာ တစ်ခုနှင့်တစ်ခု ပုံစံမတူကြသလို အကြည်ရောင်ဖြစ်နေသောကြောင့် ထိုမြူခိုးများနှင့် ခွဲခြား၍မရနိုင်လောက်အောင် ရောနှောနေ၏။ မန္တန်အစီအရင်ပေါ်တွင် ၎င်းတို့ကို မြင်ရပါသော်လည်း ရိုးရိုးမျက်စိဖြင့် ကြည့်မည်ဆိုပါက လုံးဝမြင်ရမည် မဟုတ်ပေ။
ထို့ကြောင့် လူတိုင်း၏ အမူအရာများမှာ ပို၍ပင် တည်ကြည်သွားကြတော့သည်။ တချိန်တည်းမှာပင် အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ၏ ဘုရင်ခံကြီးမှာ ရုတ်တရက်ဆိုသလို အင်္ဂါဂြိုဟ်ပုံစံတူပုံရိပ်ကြီးပေါ်ရှိ အနောက်မြောက်ဘက်ပိုင်းမှ နေရာတစ်ခုကို လှမ်းကြည့်လိုက်သည်။
” ဟင် ”
အင်္ဂါဂြိုဟ်ဘုရင်ခံမှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ထိုနေရာသို့ လက်ညှိုးထိုးလိုက်သောအခါ ထိုနေရာတစ်ဝိုက်မှာ ချက်ချင်းပင် အရွယ်အစားကြီးမားလာ၏။ ထိုအခါ ဝိညာဉ်ဖန်သားပြင်ကြီး တစ်ခုလုံးမှာလည်း ချက်ချင်းဆိုသလိုပင် သွေးရောင်ပြောင်းသွားသည်။ ထို့နောက် ကြိမ်ဖန်များစွာ စစ်ထုတ်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် လူတိုင်း သွေးရောင်မြူခိုးများ၏ အောက်ရှိ ပုံရိပ်အစစ်အမှန်ကို မြင်လိုက်ရတော့သည်။ ထိုအခါ သူတို့အားလုံးမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြပြီး ပင့်သက်များ ရှိုက်မိသွားကြတော့သည်။
ထိုနေရာတွင်… ရွာလေးတစ်ရွာ ရှိနေခြင်းဖြစ်သည်။
” မဖြစ်နိုင်တာ ”
စစ်တပ်ဘက်မှ သက်လတ်ပိုင်း လူထွားကြီးမှာ အော်ဟစ်လိုက်ပါသော်လည်း အသံထွက်မလာပေ။ တချိန်တည်းမှာပင် သူ၏ပတ်ပတ်လည်ရှိ လူများဆီမှလည်း တအံ့တဩနှင့် ပင့်သက်ရှိုက်နေကြသည့် အသံများနှင့် လေးလံနေသော အသက်ရှူသံများ ထွက်ပေါ်လာတော့သည်။
” အင်္ဂါဂြိုဟ်ပေါ်မှာ ဘယ်လိုလုပ်ပြီးတော့ ရွာတစ်ရွာ ရှိနေရတာလဲ ”
” ငါ အဲ့နေရာကိုသိတယ်။ အရင်တုန်းက အဲ့နေရာမှာ ချိုင့်ဝှမ်းတစ်ခုပဲ ရှိတာပါ။ ဘာရွာမှ မရှိဘူး ”
လူအုပ်ကြီးတစ်ခုလုံး အံ့ဩတုန်လှုပ်နေကြစဉ် ဧရာမသစ်ပင်ကြီးမှာလည်း ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းလာပြီး သေသေချာချာ ကြည့်ရှုလိုက်၏။ ထို့နောက် ရုတ်တရက်ဆိုသလို သူ၏လက်ကို ဝှေ့ယမ်းကာ ဖန်သားပြင်ပေါ်ရှိ ပုံရိပ်ကြီး၏ အရွယ်အစားကို ပြန်ချုံ့လိုက်ပြီး အင်္ဂါဂြိုဟ်ပေါ်ရှိ အခြားနေရာများကို လက်ညှိုးထိုးလိုက်၏။ ထိုအခါ ဖန်သားပြင်ကြီးပေါ်တွင် ထိုနေရာအသီးသီး၏ ပုံရိပ်များ ပေါ်လာကြပြီး ထိုပုံရိပ်များထဲတွင် တစ်ပုံစံတည်း တူနေပြီး အလွန်အင်မတန်မှ ထူးဆန်းနေသည့် ရွာများ ရှိနေကြသည်ကို မြင်လိုက်ရတော့သည်။
ထိုကဲ့သို့ နေရာမျိုးမှာ စုစုပေါင်း ခုနစ်ခုအထိ ရှိနေ၏။
ဌာနကြီးတစ်ခုလုံးမှာ ပို၍ပင် မျက်နှာအမူအရာများ တည်ကြည်သွားကြ၏။ လူများမှာ တဖြည်းဖြည်းနှင့်ပို၍ အံ့အားသင့်နေရချိန်တွင် မန္တန်အစီအရင်ကြီး၏ စုံစမ်းစစ်ဆေးမှုကြောင့် ထိုရွာခုနစ်ရွာမှာ အန္တရာယ်အများကြီးမရှိကြောင်း သိလိုက်ရသည်။ တချိန်တည်းမှာပင် ထိုရွာခုနစ်ရွာထဲ၌ ပျက်စီးနေသည့် မန္တန်အစီအရင်များနှင့် ကျိုးပဲ့နေသည့် ဓမ္မရတနာများ ရှိနေသည်ကို သိလိုက်ရပြန်သည်။
ထို့ကြောင့် ထိုရွာခုနစ်ရွာမှာ ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လာရတော့သည်။
” စိတ်ဝင်စားစရာပဲ ”
အင်္ဂါဂြိုဟ်ဘုရင်ခံမှာ မျက်လုံးများမှေးသွားပြီး သူမ၏ မျက်ဝန်းများထဲတွင် အန္တရာယ်များကို အာရုံခံမိနေသည့် အရိပ်အယောင်တစ်ခု ပေါ်လာ၏။ သူမသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အမိန့်တစ်ခုပေးလိုက်သည်။
” မန္တန်အစီအရင်ကြီးရဲ့ စုံစမ်းစစ်ဆေးမှုအရဆိုရင်တော့ ဒီနေရာ ခုနစ်နေရာက အရမ်းကြီး အန္တရာယ်မများလောက်ဘူး။ ဒါပေမဲ့ အထင်သေးလို့လည်း မဖြစ်ဘူး။ ဗိုလ်ချုပ်လီ … ဒီကိစ္စကို ရှင့်ကို တာဝန်ပေးလိုက်မယ်။ တပ်ဖွဲ့ခုနစ်ဖွဲ့ စေလွှတ်ပြီးတော့ ဒီနေရာ ခုနစ်နေရာကို တစ်ပြိုင်နက်တည်း စုံစမ်းခိုင်းလိုက်။ ပြီးတော့ သတိကြီးကြီးထားကြနော်။ အဖွဲ့တစ်ဖွဲ့စီမှာ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်စီကို ခေါင်းဆောင်အနေနဲ့ ထည့်ပေးလိုက် ”
” ပြီးတော့ အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်ထဲက မန္တန်အစီအရင်ကျင့်ကြံသူတွေအားလုံးနဲ့ ဓမ္မလက်နက်ကျင့်ကြံသူတွေ အားလုံးကိုပါ လူစုပြီးတော့ ခေါ်သွားကြ။ အဲဒီ နေရာခုနစ်နေရာထဲမှာ ရှိနေတဲ့ ပစ္စည်းတွေကို အပြင်ဘက်ကို ထုတ်လာလို့မရဘူးဆိုရင် သူတို့ကို အဲဒီနေရာမှာတင် အဲဒီပစ္စည်းတွေကို လေ့လာခိုင်းလိုက် ”
စစ်တက်ဘက်မှ ဗိုလ်ချုပ်လီမှာ ချက်ချင်းပင် အမိန့်နာခံလိုက်ပြီး နောက်သို့လှည့်ကာ အမိန့်အတိုင်း ဆောင်ရွက်ရန် အစီအစဉ်များ ရေးဆွဲလိုက်၏။ ထိုသို့ဖြင့် အင်္ဂါဂြိုဟ်စစ်တပ်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အမိန့်များကို လက်ဆင့်ကမ်းချမှတ်လိုက်ပြီးနောက် အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်ထဲရှိ မန္တန်အစီအရင်ကျင့်ကြံသူများနှင့် ဓမ္မလက်နက်ကျင့်ကြံသူများအားလုံး၏ အိမ်လိပ်စာများကို ရယူလိုက်တော့သည်။
ထိုစာရင်းထဲတွင် ဝမ်ပေါင်လဲ့နှင့် လင်းတျန်ဟောက်တို့၏ အမည်များလည်း ပါဝင်နေသည်။
ထိုအမိန့်များကို ထုတ်ပြန်လိုက်ပြီးနောက် သင်္ဘောပျံပေါင်း မြောက်မြားစွာမှာ စစ်စခန်းထဲမှ အရှိန်အဟုန်ဖြင့် ပျံထွက်လာကြသည်။ သူတို့မှာ မန္တန်အစီအရင် ကျင့်ကြံသူများနှင့် ဓမ္မလက်နက် ကျင့်ကြံသူများကို တပ်ဖွဲ့ခုနစ်ဖွဲ့ဆီသို့ အမြန်ဆုံးနည်းဖြင့် ပို့ဆောင်ပေးလိုက်ကြသည်။
တချိန်တည်းမှာပင် ကိုလိုနီနယ်မြေတစ်ခုလုံး ထိတ်ထိတ်ပျာပျာ ဖြစ်မသွားစေရန် စစ်ဆင်ရေးကြီးတစ်ခုလုံးကို လျှို့ဝှက်ထားစေလိုက်၏။
သင်္ဘောပျံတစ်စင်းက မြူခိုးတာအိုကျောင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။ ၎င်းမှာ မြူခိုးတာအိုကျောင်းသို့ ရောက်လာသောအခါ ဝမ်ပေါင်လဲ့ဆီသို့ ချက်ချင်းပင် အသံလွှင့်အကြောင်းကြားစာ တစ်ခုကို ပေးပို့လိုက်သည်။ သို့သော် မည်သည့်အကြောင်းပြန်စာမှ ပြန်မလာခဲ့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့အား လာခေါ်သည့် စစ်တပ်အရာရှိမှာ အခက်တွေ့သွားရ၏။ သို့သော် သူတို့မှာ လင်းတျန်ဟောက်ကိုမူ ရှာတွေ့လိုက်သည်။
စစ်တပ်၏ ရောက်ရှိလာမှုကြောင့် လင်းတျန်ဟောက်မှာ အံ့အားသင့်သွားရပြီး ဝမ်ပေါင်လဲ့ဆီသို့ ချက်ချင်းပင် အသံလွှင့်အကြောင်းကြားစာတစ်ခု ပေးပို့လိုက်၏။ သို့သော် သူသည်လည်း ဝမ်ပေါင်လဲ့အား ဆက်သွယ်၍မရပေ။ နောက်ဆုံးတွင် စစ်တပ်မှာ အချိန်မရှိတော့သောကြောင့် လင်းတျန်ဟောက်အား ကြည့်ကာ အမိန့်ပေးလိုက်၏။
” လင်းတျန်ဟောက်။ မင်း စစ်မှုထမ်းရမယ် ”
လင်းတျန်ဟောက်မှာ စစ်မှုထမ်းရမည့် အမိန့်ကို မည်သို့မည်ဖုံ ငြင်းဆန်ရမှန်း မသိသလို ငြင်းဆန်နိုင်မည်လည်း မဟုတ်ပေ။ ထို့ကြောင့် အသက်ရှူကြိမ် အနည်းငယ်ခန့် ဆိတ်ငြိမ်သွားပြီးမှ သူသည် ခေါင်းညိတ်၍ စစ်တပ်မှ သင်္ဘောပျံကြီးထဲသို့ ဝင်သွားလိုက်ပြီး တာအိုမြူခိုးတောင်ကျောင်းမှ ထွက်ခွာသွားတော့သည်။
သိပ်မကြာခင် ဝိညာဉ်ချုပ်နှောင်ခြင်းအား ယာယီမျှ တောင့်ခံနိုင်စွမ်းရှိသည့် အထူးတည်ဆောက်ထားသော သင်္ဘောပျံခုနစ်စင်းမှာ အင်္ဂါဂြိုဟ်မြို့တော်ထဲမှ ပျံထွက်လာကြပြီး မတူညီသော အရပ်မျက်နှာခုနစ်ခုဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ထွက်ခွာသွားကြတော့သည်။
တချိန်တည်းမှာပင် ကိုလိုနီမြို့တော် အပြင်ဘက်ရှိ သွေးရောင်မြူခိုးများ ဖုံးအုပ်နေသော လွင်ပြင်ကြီး၏ အောက်ဘက်ရှိ မိစ္ဆာကျင့်ကြံသူကြီး နေထိုင်ခဲ့သော မြေအောက်ဂူကြီးထဲတွင် အရာအားလုံးမှာ မည်းမှောင်နေ၏။ ထိုအမှောင်ထုကြီးထဲတွင် ဝမ်ပေါင်လဲ့မှာ နံရံကို အမှီပြုကာ အောက်သို့ ထိုင်ချလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ သူ၏ ကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည့် သွေးရောင်မြူခိုးများအား ချေဖျက်ပစ်ခဲ့သည့် တိုင်အောင် ရုတ်ချည်းဆိုသလို ပေါ်လာပြီး ချက်ချင်းပြန်ပျောက်သွားသည့် နာကျင်မှုကြီးကြောင့် သူ ပင့်သက်များ ရှိုက်မိနေ၏။
” တိတ်တိတ်နေစမ်း ”
ဝမ်ပေါင်လဲ့ထိုသို့ ပင့်သက်ရှိုက်လိုက်သောအခါ လီဝမ်အာက လေသံတိုးတိုးနှင့် ကြိမ်းမောင်းလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ သူမအား စိုက်ကြည့်နေလိုက်တော့သည်။ သို့သော် သူသည် သူမအပေါ် နားလည်မှုလွဲခဲ့သည်ကို ပြန်တွေးမိလိုက်သောအခါ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်ပြီး လျစ်လျူရှုလိုက်၏။ ထို့နောက် သူ၏မျက်လုံးကိုမှိတ်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အမြန်ဆုံး ပြန်လည်ရရှိနိုင်ရန်အလို့ငှာ ဝါးမျိုခြင်းသစ်စေ့နှင့် ပြန်လည်ချိတ်ဆက်နိုင်ရန် ကြိုးပမ်းလိုက်၏။
တချိန်တည်းမှာပင် သူသည် စိတ်သောကရောက်နေရ၏။ တုံ့ပြန်နိုင်ခြင်းမရှိဘဲ ဤနေရာ၌သာ ပိတ်မိနေမည်ဆိုပါက ပြုသမျှနုခံနေရမည်သာဖြစ်ကြောင်း သူက မှတ်ယူထားသည်။ သို့သော် အပြင်ဘက်ရှိ သွေးရောင်မြူခိုးများမှာ အကြာကြီး ရှိနေလောက်မည် မဟုတ်ကြောင်းကိုလည်း သူက နားလည်ထားသည်။ ထို့အပြင် သူနှင့် လီဝမ်အာတို့နှစ်ယောက် အဆက်အသွယ်မရဘဲ ပျောက်ကွယ်သွားခဲ့သည့်အချိန် ပို၍ကြာလာလေလေ အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်ကြီးမှာ သူတို့၏အကြောင်းကို သတိထားမိနိုင်ခြေ ပို၍များလာလေလေပင် ဖြစ်သည်။ ထို့နောက် သူတို့မှာ သဲလွန်စများနောက်သို့ လိုက်လာပါက သူတို့အား ရှာတွေ့သွားမည်သာ ဖြစ်သည်။
” ငါ ဂိုဏ်းချုပ်ကြီးကို ကြိုပြီး ဆက်သွယ်ထားခဲ့လို့ တော်သေးတယ်။ ငါ သူ့ရဲ့ စာတွေကို အချိန်အတိုင်းအတာတစ်ခုအထိ အကြောင်းမပြန်ဘူးဆိုရင် ငါ ဒုက္ခရောက်နေတယ်ဆိုတာ သူ သိသွားမှာပဲ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သဖြင့် စိတ်သက်သာရာရသွားပြီး သက်ပြင်းချမိလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူသည် သူနှင့် ဝါးမျိုခြင်းသစ်စေ့ကြားရှိ ချိတ်ဆက်မှုကို ပို၍အားကောင်းလာအောင် ဆက်၍ ကြိုးစားနေလိုက်၏။ လီဝမ်အာမှာလည်း သူမ၏ ကျင့်ကြံခြင်းစွမ်းအားများကို ပြန်လည်ရရှိနိုင်အောင် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေ၏။
ပြဿနာမှာ ဝိညာဉ်ချုပ်နှောင်ခြင်းမှာ ရုတ်ချည်းဆိုသလို နေရာအများအပြား၌ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးမှာ သူတို့၏ ကျင့်ခြင်းစွမ်းအားများကို အချိန်တိုအတွင်း ပြန်လည်ရရှိမည့်ပုံ မပေါ်ပေ။ မြေအောက်ဂူကြီးမှာမူ တစ်ဂူလုံး မည်းမှောင်နေရုံလောက်ဆိုလျှင် ကိစ္စမရှိပေ။ သို့သော် ယခုတွင် အင်္ဂါဂြိုဟ်ပေါ်၌ ဆောင်းရာသီသို့ ရောက်နေသည်ဖြစ်၍ အပူချိန်များမှာ နိမ့်ကျနေပြီဖြစ်သောကြောင့် ပိုဆိုးနေတော့သည်။ သာမန်အချိန်များတွင်ဆိုလျှင် မန္တန်အစီအရင်ကြီးမှာ ကိုလိုနီမြို့တော်ထဲတွင် အတိုင်းတာတစ်ခုအထိ အကာအကွယ်ပေးနိုင်၏။ အကယ်၍ သူတို့မှာ မြို့ပြင်သို့ ထွက်ရမည်ဆိုလျှင်တောင် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ သူတို့အား ကာကွယ်ပေးနိုင်မည် ဖြစ်သလို အင်္ဂါဂြိုဟ်၏ အပူချိန်အား တောင့်ခံနိုင်ရန်လည်း ကူညီပေးမည်ဖြစ်သည်။
သို့သော် ယခုတွင်မူ ဝိညာဉ်ချုပ်နှောင်ခြင်းကြောင့် ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့မှာ ရုတ်ခြည်းဆိုသလို သာမန်လူများကဲ့သို့ ဖြစ်သွားကြပြီးဖြစ်သည်။ ထို့ကြောင့် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ချုပ်တည်းခံလိုက်ရရုံသာမက သူတို့မှာ တဖြည်းဖြည်းနှင့် အအေးဒဏ်ကိုလည်း ခံနိုင်ရည်မရှိတော့ပေ။
နာရီဝက်တိတိ သွားပြီးနောက် တချိန်လုံး နှုတ်ဆိတ်နေခဲ့သော ထိုနှစ်ယောက်မှာ မြေအောက်ဂူကြီးထဲတွင် တဖြည်းဖြည်းနှင့် ပို၍ ချမ်းလာတော့သည်။ ဝမ်ပေါင်လဲ့မှာ ဝပြီး အရေထူပါသော်လည်း သူ၏ခန္ဓာကိုယ်မှာ အနီရောင်မြူခိုးများကို ချေဖျက်ရန် ကြိုးစားခဲ့စဉ်တုန်းက အားအင်အနည်းငယ် ကုန်ခမ်းသွားခဲ့သောကြောင့် ပိုမိုနုံးချည့်လာသလို ပို၍လည်းချမ်းလာတော့သည်။
လီဝမ်အာမှာ ဝမ်ပေါင်လဲ့ထက် အဆင့်ပိုမြင့်သော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားပါသော်လည်း သူမ၏ အပြင်ခန္ဓာကိုယ်မှာ သူ့လောက် အစွမ်းမထက်ပေ။ ထို့ကြောင့် လီဝမ်အာတစ်ယောက် သွားများ တဂတ်ဂတ်ရိုက်ကာ အသားများတုန်ရီလာပြီး သူမ၏ အသက်ရှူသံများမှာလည်း တဖြည်းဖြည်းနှင့် အားပျော့လာသည်ကို ဝမ်ပေါင်လဲ့က ကြားလိုက်ရ၏။
အပူချိန် သိသိသာသာ ကျဆင်းသွားသောကြောင့်လား၊ နဂိုကတည်းက အပူချိန်နိမ့်ကျနေခဲ့ပြီးသား ဖြစ်နေသောကြောင့်လားတော့ မသိပေ။ အနီရောင်မြူခိုးကြီး၏ ပေါ်ပေါက်လာမှုကြောင့် သူတို့နှစ်ယောက်စလုံးမှာ အားအင်များ နုံးချည့်သွားရပြီး လီဝမ်အာမှာ သူမ၏ ခန္ဓာကိုယ်ထဲမှ အပူဓာတ်များကို လျင်မြန်စွာ ဆုံးရှုံးလိုက်ရ၏။ နောက်ဆုံးတွင် သူမမှာ ဆက်၍ မတောင့်ခံနိုင်တော့ပေ။
အကယ်၍ ယခုလိုသာ ဆက်ဖြစ်နေမည်ဆိုပါက သူတို့နှစ်ယောက်စလုံး ဝိညာဉ်ချီများ၏ အစွမ်းများကြောင့် တိုးတက်ပြောင်းလဲသွားပြီး ဆက်လက်အသက်ရှူနိုင်စွမ်း ရှိနေဦးမည်ဆိုလျှင်တောင် နောက်ဆုံးတွင် သေဆုံးသွားကြမည်သာဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချီတုံချတုံ ဖြစ်နေ၏။ လီဝမ်အာကမူ တစ်ကိုယ်လုံး တုန်ရီနေပါသော်လည်း သူမ၏ တည်ငြိမ်မှု အပြည့်ရှိသောစကားသံမှာ အမှောင်ထုထဲမှ ထွက်ပေါ်လာသည်။
” ဝမ်ပေါင်လဲ့။ နင့် အင်္ကျီတွေချွတ်လိုက် “