Switch Mode

အခန်း ( ၃၁၉ )

အင်္ဂါဂြိုဟ်ပေါ်ရှိ မူမမှန်သော အပြောင်းအလဲ

” ငါ စလေ့ကျင့်ခဲ့တဲ့ အချိန်ကတည်းက ငါနဲ့အဆင့်အတူတူမှာရှိတဲ့ ဘယ်သူကမှ ငါ့ကို အခုလိုမျိုး မပြောရဲခဲ့ဘူး။ နင့်လို အလယ်အလတ်အဆင့် အခြေတည်အဆင့်လောက်မှာပဲရှိတဲ့ ကောင်မျိုးဆို စကားထဲတောင် ထည့်ပြောနေစရာမလိုဘူး ”
လီဝမ်အာ၏ မျက်ဝန်းများမှာ ပိုမိုအေးစက်လာပြီး သူမ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု ထွက်ပေါ်လာသဖြင့် ရုံခန်းထဲရှိပစ္စည်းများအားလုံး အနည်းငယ်ခန့် တုန်ရီသွားရ၏။

လီဝမ်အာ၏ ဖိအားကို အာရုံခံမိလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ မျက်ခုံးပင့်၍ ရယ်မောလိုက်၏။

” တိုက်ဆိုင်လိုက်တာ။ ကျုပ်ကို အဲဒီလိုပြောတဲ့လူတိုင်းကလည်း ကျုပ်လက်ချက်နဲ့ သေသွားရတာချည်းပဲ။ ဘယ်သူက အခြေတည်အဆင့်ကျင့်ကြံသူတွေ ပိုများများ သတ်ဖူးသလဲဆိုတာ ပြိုင်ကြမလား ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ တည်ကြည်စွာဆိုလိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှလည်း ကြောက်မက်ဖွယ်အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး သူသည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။

အကယ်၍ သူသည် အစောပိုင်း အခြေတည်အဆင့်တွင်သာ ရှိနေဦးမည်ဆိုပါက ယခုလို လုပ်ရဲနေမည် မဟုတ်ပေ။ သို့သော် သူသည် အလယ်အလတ် အခြေတည်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ပြီး ကောင်းကင်မိုးကြိုးသွားနှင့် ဓမ္မလက်နက်တို့ကို ပိုင်ဆိုင်ထားသည်ဖြစ်သလို သူ၏ အပြင်အားမှာလည်း အလွန်အင်မတန်မှ မြင့်မားနေသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနအပေါ် ထားရှိသော မကျေနပ်ချက်များမှာ ပေါက်ကွဲထွက်လာတော့မည့် အနေအထားသို့ ရောက်နေတော့သည်။

သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်တိုက်ခိုက်နေပြီး သူတို့၏ ရန်လိုသော အငွေ့အသက်များမှာလည်း ပို၍ ပြင်းထန်လာနေသည်ကို အာရုံခံမိလိုက်သောအခါ လီဝမ်အာသည် ရုတ်တရက်ဆိုသလို မတ်တတ်ထလာ၏။ ထို့နောက် သူမသည် တိုက်ခိုက်ခြင်းမရှိဘဲ သူမ၏လက်ဖြင့် ပြူတင်းပေါက်ကို တွန်းဖွင့်လိုက်ပြီး အပြင်သို့ထွက်သွား၏။ ထိုအခါ သင်္ဘောပျံကြီးတစ်စင်း ချက်ချင်းပင် ပေါ်ပေါက်လာပြီး သူမ၏ ခြေထောက်အောက်သို့ ရောက်ရှိလာ၏။

” ငါ့ရဲ့ ဆုံးဖြတ်ချက်က မှားနေတာလားဆိုပြီး နင် မေးခဲ့တာနော်။ လာ… သင်္ဘောပျံပေါ်တက်။ သက်သေအစစ်အမှန်က ဘာလဲဆိုတာ ငါ နင်သိအောင်ပြမယ် ”
လီဝမ်အာက ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်၏။

ဝမ်ပေါင်လဲ့မှာ လီဝမ်အာအား စိုက်ကြည့်ကာ ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ချင့်ချိန်သုံးသပ်လိုက်ပြီးနောက် လီဝမ်အာ၏ သင်္ဘောပျံကြီးပေါ်သို့ တက်သွားလိုက်တော့သည်။ ထိုအခါ ထိုသင်္ဘောပျံကြီးမှာ ချက်ချင်းဆိုသလိုပင် မြန်ဆန်လာပြီး အဝေးသို့ ထွက်ခွာသွားတော့သည်။ ၎င်းမှာ မြန်ဆန်လွန်းနေသောကြောင့် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနမှ အခြားသူများမှာ သတိထားမိလိုက်မည် မဟုတ်ပေ။

ထိုသင်္ဘောပျံကြီးမှာ မြန်ဆန်လွန်းနေသည့်အပြင် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနအတွက် အထူးတည်ဆောက်ထားသည်ဖြစ်ရာ ၎င်းမှာ အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်အား ဝန်းရံထားသည့် အပြင်ဘက်အကျဆုံး မန္တန်အစီအရင် အကာအကွယ်ကြီးအား ကျော်ဖြတ်သွားခွင့် ရှိပေသည်။ ထိုသို့ဖြင့် သိပ်မကြာခင် ၎င်းမှာ ကိုလိုနီမြို့တော် အပြင်ဘက်သို့ ထိုးထွက်လာတော့သည်။

ယခုတွင် အင်္ဂါဂြိုဟ်ပေါ်၌ ဆောင်းရာသီသို့ ရောက်နေသည်ဖြစ်ရာ တိုက်ခတ်နေသည့် လေပြင်းများမှာ အရိုးထဲအထိ စိမ့်အောင် အေးစက်နေပြီး အပူချိန်မှာလည်း အလွန်အင်မတန်မှ နိမ့်ကျနေ၏။ သင်္ဘောပျံကြီးမှာ လျင်မြန်စွာ ခုတ်မောင်းနေသည်ဖြစ်၍ ၎င်း၏ အပူချိန်မှာ မြင့်တက်လာသောကြောင့် ဆီးနှင်းလွှာများ ထွက်ပေါ်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ဖျတ်ခနဲလက်သွား၏။ သူသည် အင်္ဂါဂြိုဟ်မြို့တော်ထဲမှ ထွက်ခွာလာသည့် အချိန်တုန်းက သူ၏ကျောက်စိမ်းပေလွှာကို အသုံးပြု၍ ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးအား လှမ်း၍ ဆက်သွယ်ခဲ့ပြီး ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြခဲ့သည်။ ထို့နောက် သူသည် ထိုကျောက်စိမ်းပေလွှာကို သိမ်းဆည်းလိုက်ပြီး လီဝမ်အာအား အေးစက်စက်နှင့် စိုက်ကြည့်ကာ သူမသည် ဧရာမသစ်ပင်ကြီးနှင့် အချိတ်အဆက်များ ရှိနေနိုင်သည်လော တွေးတောမိနေတော့သည်။

သို့သော် သူတို့နှစ်ယောက်၏ကြားတွင် အမှန်တကယ်ပင် ချိတ်ဆက်မှုတစ်ခုခု ရှိနေရမည်ဆိုပါက သူ၏ အသံလွှင့်အကြောင်းကြားစာမှာ သေချာပေါက် ပိတ်ဆို့တားဆီးခံလိုက်ရမည်သာဖြစ်သည်။ သူသည် ပုံမှန်အတိုင်းပင် အသံလွှင့်အကြောင်းကြားစာများကို ပေးပို့နိုင်စွမ်း ရှိနေသေးသည်ဖြစ်ရာ လီဝမ်အာမှာ ဧရာမ သစ်ပင်ကြီးနှင့် အချိတ်အဆက် မရှိကြောင်း သိနိုင်ပေသည်။

လီဝမ်အာမှာ ဝမ်ပေါင်လဲ့ အသံလွှင့်အကြောင်းကြားစာတစ်ခုအား ထုတ်လွှတ်လိုက်သည်ကို သတိထားမိလိုက်သောအခါ လီဝမ်အာ၏ မျက်ဝန်းများထဲတွင် အထင်သေးသည့်အကြည့်များ ပေါ်လာ၏။ သို့သော် သူမသည် စကားတစ်ခွန်းမှမပြောဘဲ သင်္ဘောပျံကြီးအား ဆင်၍မောင်းနှင်လိုက်၏။ ထိုသို့ဖြင့် ၎င်းမှာ အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်နှင့် အဝေးသို့ ဆက်လက်ပျံသန်းသွားပြီး နောက်ဆုံးတွင် လူသူကင်းမဲ့သော လွင်ပြင်ကြီးတစ်ခုဆီသို့ ရောက်ရှိလာတော့သည်။

ထိုလွင်ပြင်ကြီး တစ်ခုလုံးမှာ ဖြူဆွတ်နေပြီး နှင်းများဖြင့် ဖုံးအုပ်နေ၏။ နှင်းများ ဖုံးအုပ်ထားခြင်းမရှိသည့် ကွက်တိကွက်ကြား နေရာတချို့တွင်မူ အနီရင့်ရောင် မြေပြင်ကြီးကို မြင်နေရသည်။

သင်္ဘောပျံကြီးမှာ ဖြေးဖြေးချင်း ဆင်းသက်လာ၏။ လီဝမ်အာမှာ သင်္ဘောပျံကြီးပေါ်မှ ခုန်ဆင်းကာ နှင်းများပေါ်သို့ ဆင်းသက်လိုက်၏။ ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားကာ မျက်လုံးများ မှေးလိုက်ပြီး သူမ၏နောက်မှ ခုန်ဆင်းသွားလိုက်သည်။ ထိုအချိန်တွင် လီဝမ်အာမှာ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်ပြီး ၎င်းအား မြေပြင်ပေါ်သို့ ချိန်ရွယ်ကာ ဖိလိုက်၏။

သူမ ထိုကျောက်စိမ်းပေလွှာအား ဖိလိုက်သောအခါ ၎င်းထဲမှ ခရမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ချက်ချင်းပင် ပျံ့နှံ့သွားသောကြောင့် ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရသည်။ ထို့နောက် ထိုနေရာကြီးတစ်ခုလုံး တွန့်လိမ်ပုံပျက်ကာ မှုန်ဝါးဝါး ဖြစ်သွားသည်ကို သူ မြင်လိုက်ရသည်။ ခဏအကြာတွင် သူတို့၏ ပေတစ်ရာကျော် ပတ်ပတ်လည်တွင် ရှိနေသည့် နှင်းများမှာ မှန်ကွဲသွားသကဲ့သို့ တစ်စစီ ကြေမွပျက်စီးကာ ပျောက်ကွယ်သွားကြပြီး မြေအောက်ဂူကြီးတစ်လုံး ပေါ်ပေါက်လာတော့သည်။

ထိုဂူကြီးမှာ အစကတည်းက ထိုနေရာ၌ ရှိနေခဲ့သည့်ပုံပင်။ လူများတပ်ဆင်ထားသည့် မန္တန်အစီအရင်ကြီးတစ်ခု ၎င်းအား လွှမ်းခြုံထားသောကြောင့် အပြင်လူများမှာ ထိုဂူကြီးထဲသို့ သွားရောက်ကာ စူးစမ်းရှာဖွေနိုင်မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ထိုမြေအောက်ဂူကြီးကို မြင်လိုက်ရသောအခါ အသက်ရှူသံများ မြန်ဆန်လာ၏။ သူသည် လီဝမ်အာကို လှမ်းကြည့်လိုက်သောအခါ သူမသည် ရှေ့ကနေ၍ ဂူကြီးထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ ခဏအကြာတွင် မြေကြီးအောက်မှ သူမ၏စကားသံ ထွက်ပေါ်လာသည်။
” ဘာလဲ။ နင်က အောက်ဆင်းလာဖို့ကို ကြောက်နေတာလား။ နင်ပဲသက်သေအထောက်အထား အစစ်တွေကို လိုချင်တယ်ဆို ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး သူ၏လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ ထိုအခါ သတ္တမအဆင့်ဓမ္မလက်နက်ကြီးမှာ သူ၏လက်ထဲ၌ ပေါ်လာ၏။ ထို့နောက် သူသည် ထိုမြေအောက်ဂူကြီးဘက်သို့ လှည့်ကာ ၎င်းထဲသို့ ပြေးဝင်သွားလိုက်တော့သည်။ ထိုဂူထဲမှ အပူချိန်မှာ အပြင်ဘက်မှ အပူချိန်ထက် သိသိသာသာပို၍ မြင့်မား၏။ ခပ်လှမ်းလှမ်းကို ကြည့်လိုက်မည်ဆိုပါက စင်္ကြန်လမ်းတစ်ခု ရှိပေသည်။ ဝမ်ပေါင်လဲ့မှာ ထိုလမ်းအတိုင်း အဆုံးအထိ လျှောက်သွားလိုက်သောအခါ လီဝမ်အာနှင့် သူ့အား အလွန်အင်မတန်မှ တုန်လှုပ်ချောက်ချားသွားစေသည့် မြင်ကွင်းကြီးတစ်ခုကို မြင်လိုက်ရသည်။

ထိူမြေအောက်ဂူကြီး၏ အတွင်းပိုင်းထဲတွင် ဝိညာဉ်ကျောက်တုံးများဖြင့် မှေးမှိန်စွာ အလင်းပေးထားသည့် လျှို့ဝှက်အခန်းတစ်ခန်း ရှိနေသည်။ သို့သော် သူသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ထိုကဲ့သို့ မှေးမှိန်နေသည့်တိုင်အောင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရဆဲပင်။

လက်ရှိတွင် ထိုလျှို့ဝှက်အခန်းတံခါးမှာ ပွင့်လျက်သား ဖြစ်နေပြီး ထိုအခန်းထဲရှိ နေရာတိုင်းတွင် ထည့်စရာ အိုးခွက်များက နေရာယူထားသည်ကို မြင်နိုင်ပေသည်။ သူသည် ထို အိုးခွက်များထဲတွင် ထည့်ထားသည့် အရာများကို သေသေချာချာ ကြည့်ရှုလိုက်သောအခါ ၎င်းတို့မှာ လူသားများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖြစ်နေသည်ကို သိလိုက်ရ၏။

တချို့သောအိုးခွက်များထဲတွင်ဆိုလျှင် မွေးကင်းစကလေးငယ်များ၏ ရုပ်အလောင်းများပါ ရှိနေ၏။

အိုးခွက်အများစုထဲတွင်မူ အတိအကျ အမည်တပ်ရန် မဖြစ်နိုင်သည့် သွေးသံတရဲရဲနှင့် အသားစများ ရှိနေကြသည်။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အားလုံးမှာ မည်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်ကြောင်း တပ်အပ်မပြောနိုင်ပါသော်လည်း ဤ လျှို့ဝှက်အခန်းကြီးထဲတွင် ယုတ်မာရက်စက်မှုအပေါင်း သရဖူဆောင်းသော ဖြစ်ရပ်များ ဖြစ်ပျက်ခဲ့ကြောင်း သိလိုက်ရတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ လေးလံလာရ၏။ လူသားများ လုံးဝမချိုးဖောက်သင့်သည့် ကိုယ်ကျင့်တရားများ ရှိပါသော်လည်း ယခုလက်ရှိတွင် ဝမ်ပေါင်လဲ့ သူ၏ရှေ့၌ မြင်နေရသည့်မြင်ကွင်းမှာ လူ့ကိုယ်ကျင့်တရားများကို အပြင်းအထန် ချိုးဖောက်ထားသည့် မြင်ကွင်းကြီးပင် ဖြစ်သည်။

” ဒါတွေကို မြင်လား ”
လီဝမ်အာမှာမူ မျက်နှာအမူအရာ ပျက်သွားခြင်းမရှိဘဲ သူမ၏ ညာဘက်လက်ကို ဝှေ့ရမ်းကာ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူမသည် ၎င်းအား လှမ်း၍ဆုပ်ကိုင်လိုက်သောအခါ ထိုကျောက်စိမ်းပေလွှာထဲမှ ထွက်ပေါ်လာသည့် အလင်းတန်းက ပုံရိပ်တစ်ခုကို ဖန်တီးပေးလိုက်၏။

၎င်းမှာ ဤ လျှို့ဝှက်အခန်း၏ ပုံရိပ်ဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ ထိုအခန်းထဲ၌ ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့ မဟုတ်ဘဲ သက်လတ်ပိုင်းလူကြီးတစ်ယောက် ရှိနေခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် ထိုလူကြီးမှာ ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနက ဖမ်းဆီးသွားခဲ့သည့် ဆရာဖြစ်ကြောင်း ချက်ချင်းပင်သိလိုက်၏။

ထိုပုံရိပ်ထဲတွင် ထိုလူကြီးမှာ တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေ၏။ သူ၏မျက်နှာမူအရာများမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေပြီး သူသည် လေ့ကျင့်နေသည့်ပုံ ပေါက်နေသည်။ သူ၏ပတ်ပတ်လည်တွင် လူများ၏ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများထည့်ထားသော အိုးခွက်များ ရှိနေပြီး သူသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကြီးတစ်ခုကို စုပ်ယူနေသည့်ပုံ ပေါက်နေသည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ တည်ကြည်သွားပြီး အသက်ပြင်းပြင်း ရှူမိလိုက်သည်။ သူ၏စိတ်နှလုံးထဲတွင် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနမှာ ဤကိစ္စအား မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းနေခြင်းဖြစ်ကြောင်း လက်ခံလိုက်၏။ သူသည် စကားပြောရန် ပြင်လိုက်ပါသော်လည်း လီဝမ်အာမှာ သူ့အား စကားပြောခွင့်မပေးဘဲ ထိုကျောက်စိမ်းပေလွှာကို သိမ်းဆည်းလိုက်ပြီး အေးစက်စက်လေသံဖြင့် ဆိုလိုက်၏။

” ဒီနေရာကို ခြေရာလက်ရာမပျက် ထားထားရတဲ့အကြောင်းအရင်းက သူ့ရဲ့အပေါင်းအပါတွေကို မျှားခေါ်နိုင်ဖို့ပဲ။ နင့်ကို ဒီနေရာအထိ ခေါ်လာတာကတော့ ချွင်းချက်တစ်ခုပေါ့။ နောက်ကျရင် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနရဲ့ ကိစ္စတွေကို ထပ်ပြီး မေးခွန်းမထုတ်နဲ့တော့ ”
လီဝမ်အာမှာ ထိုသို့ဆိုလိုက်ပြီး အေးစက်စက်မျက်နှာထားဖြင့် စင်္ကြန်လမ်းလေးဆီသို့ လျှောက်လှမ်းသွားလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာမူ အနည်းငယ်ခန့် အရှက်ရသွား၏။ အကယ်၍ အခြား အခြေအနေတစ်ခုခုတွင် လူတစ်ယောက်မှာ သူ့ကို ယခုလို လာပြောမည်ဆိုပါက သူသည် ယမ်းပုံမီးကျ ပေါက်ကွဲသွားမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် အနည်းငယ်မျှပင် ဒေါသမထွက်နိုင်တော့ပေ။ ထို့ကြောင့် သူသည် ရှက်စိတ်များကို မျိုသိပ်၍ လီဝမ်အာ၏နောက်မှ လိုက်သွား၏။ ထို့နောက် သူမ၏ အသားကပ်ဝတ်စုံကြောင့် အထင်းသားပေါ်နေသည့် သူမ၏ စွဲမက်ဖွယ်ရာ ခန္ဓာကိုယ်အလှကို ငေးကြည့်ရင်း လီရှို့က သူ့အား ယောက်ဖတော်ချင်နေသည့် ကိစ္စအား အလိုလို တွေးမိသွားတော့သည်။

သို့သော် ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ထိုအတွေး ပေါ်လာစဉ်မှာပင် ဂူကြီး၏ အပြင်ဘက်၌ ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။

မြေအောက်ဂူကြီး၏ အပြင်ဘက်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ပျံ့နှံ့ထွက်ပေါ်လာ၏။ ၎င်းမှာ လူအမြောက်အမြား သနားစရာကောင်းသော ငိုကြွေးနေကြသည့်အသံနှင့် ဆင်တူနေပြီး ထိုငိုသံများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ လီဝမ်အာနှင့် ဝမ်ပေါင်လဲ့တို့မှာ ခပ်လှမ်းလှမ်းရှိ လွင်ပြင်များဆီမှ သွေးရောင်လေပြင်းများ သူတို့ဆီတို့ ဦးတည်တိုက်ခတ်လာနေသည်ကို မြင်လိုက်ရသဖြင့် မျက်နှာထားများ တည်ကြည်သွားကြတော့သည်။

ထို‌သွေးရောင်လေပြင်းများကို လေမဟုတ်ဘဲ မြူခိုးများဟု သတ်မှတ်ပါက ပို၍သင့်တော်ပေမည်။ ၎င်းတို့မှာ အရပ်မျက်နှာအနှံ့မှ သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြသည့် လှိုင်းလုံးများ ကဲ့သို့ပင်။ ကောင်းကင်အထက်မှနေ၍ ကြည့်လိုက်မည်ဆိုလျှင် ၎င်းတို့မှာ အဝေးတစ်နေရာမှနေ၍ အရှိန်အဟုန်ဖြင့် စီးဆင်းလာသည့် အဆုံးအစမဲ့လောက်အောင် ကျယ်ပြောနေသော အနီရောင်ပင်လယ်ကြီး တစ်စင်းကဲ့သို့ ဖြစ်နေ၏။

သူတို့မှာ အပြင်သို့ပြန်ထွက်ရန် အချိန်မမီတော့ပေ။ ထို့ကြောင့် သွေးရောင်လေပြင်းကြီးများမှာ မြေအောက်ဂူကြီး၏ အနီး၌ ရှိနေသော ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့ကို ဖုံးလွှမ်းသွားတော့သည်။

ငိုကြွေးသံများမှာလည်း ပို၍ပင် သနားစရာကောင်းလာ၏။ ထို သွေးရောင် မြူခိုးများထဲတွင် ဦးတည်ရာမဲ့ မျောလွင့်နေကြသည့် ဝိညာဉ်မြောက်မြားစွာမှာ သူတို့၏ နာကျင်မှုများကြောင့် အော်ဟစ်မြည်တမ်းနေကြသည့် အလားပင်။ ထိုအသံများကို ကြားလိုက်ရပါက ထိုဝိညာဉ်များနှင့် ကိုယ်တိုင် ထိတွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရမည်ဖြစ်ပြီး ကျောချမ်းသွားကြမည်သာ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ စိတ်နှလုံးများထဲတွင် ကြောက်စိတ်များနှင့် တုန်လှုပ်ချောက်ချားမှုများ အလိုလို ပေါ်ပေါက်လာတော့သည်။ တချိန်တည်းမှာပင် ထိုမြူခိုးများထဲ၌ အံကြိတ်သံများမှာလည်း ပဲ့တင်ထပ်နေသေးသည်။

ထိုအခြင်းအရာအားလုံးမှာ တုန်လှုပ်ချောက်ချားစရာကောင်းနေပြီး ဂူကြီးတစ်ခုလုံး ဖုံးလွှမ်းခံလိုက်ရသောကြောင့် ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့မှာ အံ့ဩမှင်တက်နေရတော့သည်။ ငိုကြွေးသံများမှာ ပဲ့တင်ထပ်နေပြီး ထိုနေရာကြီးတစ်ခုလုံးကို သွေးရောင်မြူခိုးများက လွှမ်းခြုံထားကြပြီးဖြစ်ရာ သူတို့မှာ ဘေးဘီဝဲယာကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ ထိုအခိုက်တန့်တွင် သူတို့၏ ခန္ဓာကိုယ်များထဲမှ ဝိညာဉ်ချီများမှာလည်း အားလျော့စ ပြုလာတော့သည်။

သူတို့၏ ဝိညာဉ်ချီများမှာ ချုပ်တည်းခံလိုက်ရသကဲ့သို့ ဖြစ်သွားသောကြောင့် သူတို့မှာ ၎င်းတို့ကို အာရုံမခံနိုင်တော့ပေ။ ၎င်းတို့မှာ လုံးဝပျောက်ကွယ်သွားသည့်အလားပင်။ ထို့ကြောင့် လီဝမ်အာမှာ အသက်ရှူသံများ မြန်လာပြီး အော်ဟစ်မိလိုက်၏။

” ဝိညာဉ်ချုပ်တည်းခြင်းပဲ ”

” ဘာတွေ ဖြစ်နေတာလဲ ”

ဝမ်ပေါင်လဲ့၏ ခေါင်းထဲတွင် အတွေးမျိုးစုံဖြင့် ယောက်ယက်ခတ်နေပြီဖြစ်သည်။ သူသည် သူ၏ ဝိညာဉ်ချီများကို အာရုံမခံနိုင်တော့ပေ။ အစိမ်းရောင်ကြာပွင့်ပင်လျှင် သူနှင့် အဆက်အသွယ်များအားလုံး ဖြတ်တောက်လိုက်သကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ ဝါးမျိုခြင်းသစ်စေ့ကိုသာ ခပ်ရေးရေးမျှ အာရုံခံနိုင်စွမ်း ရှိတော့သည်ဖြစ်သော်လည်း ၎င်းမှာလည်း ပျောက်ကွယ်စပြုနေပြီဖြစ်သည်။

ထို့ကြောင့် သူသည် ၎င်းအား အပြည့်အဝ အာရုံခံမိနိုင်ရန် အချိန်ပေးလိုက်ရ၏။ ထိုအချိန်အတွင်း သူ၏ ဝိညာဉ်ချီများမှာ ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် ၎င်းတို့ကို အသုံးပြု၍မရတော့ပေ။ ထိုအခိုက်အတန့်တွင် ကျင့်ကြံသူတစ်ယောက်မှာ သာမန်လူသားတစ်ယောက်ကဲ့သို့ ဖြစ်သွားပြီဖြစ်သည်။

အသံလွှင့်လက်စွပ်၊ သိုလှောင်လက်ကောက်…. အစရှိသော ပစ္စည်းအားလုံးမှာလည်း အလုပ်မလုပ်တော့ပေ။ ဝိညာဉ်ချီနှင့် ပတ်သက်သမျှ အရာအားလုံး ချုပ်တည်းခံလိုက်ရပြီဖြစ်သည်။

ကံကောင်းသည်မှာ ကျင့်ကြံခြင်းစွမ်းအားဖြင့် ဖန်တီးထားသည့် အသက်အခြေခံအုတ်မြစ်မှာ အကောင်းအတိုင်း ကျန်ရှိနေဆဲပင်။ ထို့ကြောင့် သူတို့၏ အသက်ရှူနှုန်းများမှာမူ ချက်ချင်းကြီး ထိခိုက်သွားမည်တော့မဟုတ်ပေ။ သို့သော် မြို့တော်ကြီး၏ အပြင်ဘက်တွင် အချိန်အကြာကြီး နေနေမည်ဆိုပါက အသက်အန္တရာယ် ကြုံရနိုင်သောကြောင့် အချိန်ဖြုန်းနေ၍မဖြစ်ပေ။

အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ ကျင့်ကြံခြင်းစွမ်းအားများ ပျောက်ဆုံးသွားပြီး ဝိညာဉ်ချုပ်နှောင်ခြင်း ခံလိုက်ရသည့်အပြင် ဝိညာဉ်ကျောက်တုံးများ၏ အလင်းရောင်များမှာလည်း ငြိမ်းသက်သွားပြီဖြစ်ရာ သူတို့၏ အမြင်အာရုံစွမ်းအားများမှာ ချက်ချင်းပင် လျော့ကျသွားတော့သည်။ တချိန်တည်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်သွား၏။ ကံကောင်းသည်မှာ ဝမ်ပေါင်လဲ့နှင့် ဝါးမျိုခြင်းသစ်စေ့၏ ကြားတွင် အလွန်အင်မတန်မှ အားပျော့နေသည် ဆက်သွယ်မှုတစ်ခု ရှိနေဆဲဖြစ်သောကြောင့် သူသည် ဘေးဘီဝဲယာကို အနည်းငယ်ခန့် မြင်နိုင်စွမ်းရှိနေဆဲပင်။ အနီရောင်မြူခိုးများမှာ မြေအောက်ဂူကြီး၏ စင်္ကြန်လမ်းလေးထဲအထိ ပျံ့နှံ့ဝင်ရောက်လာပြီဖြစ်ပြီး ထိုမြူခိုးများ ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ မြေသားများမှာ ဆွေးမြေ့စ ပြုလာနေကြပြီ ဖြစါသည်။

တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ အန္တရာယ်ကြီးတစ်ခုကို အာရုံခံမိလိုက်၏။ အကယ်၍ သူသာ ထိုအနီရောင်မြူခိုးများနှင့် ထိတွေ့လိုက်မည် ဆိုပါက မလွဲဧကန် သေဆုံးသွားမည်သာဖြစ်သည်။ ထို့ကြောင့် သူသည် ဝိညာဥ်စွမ်းအင်အားလုံး ဆုံးရှုံးလိုက်ရပြီဖြစ်သည့် လီဝမ်အာကို ဆွဲကာ လျှို့ဝှက်အခန်းဆီသို့ ပြေးသွားလိုက်တော့သည်။

လီဝမ်အာမှာ ရုန်းကန်ချင်ပါသော်လည်း သူမသည်လည်း ထိုကဲ့သို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည် မြူခိုးများ၏ အန္တရာယ်ကို အာရုံခံမိလိုက်သည့်ပုံပင်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ အကူအညီကို မယူဘဲ လျှို့ဝှက်အခန်းဆီသို့ ချက်ချင်းပင်ပြေးသွားလိုက်၏။

သို့သော် သူတို့နှစ်ယောက်စလုံး နောက်ကျသွားပြီဖြစ်သည်။ သွေးရောင်မြူခိုးများမှာ တလိပ်လိပ်ထကာ စင်္ကြန်လမ်းလေး၏ တစ်ဝက်အထိသာ ပျံ့နှံ့လာပြီးနောက် ရှေ့သို့ဆက်၍ တိုးမလာတော့ပေ။ သို့သော် သူတို့နှစ်ယောက် လျှို့ဝှက်အခန်းထဲသို့ ရောက်ရှိသွားပြီး သူတို့၏နောက်မှတံခါးကို ပိတ်လိုက်သည့်အချိန်တွင် မြူခိုးအနည်းငယ်မှာ ဝမ်ပေါင်လဲ့အား အာရုံခံမိသွားသည့်ပုံဖြင့် သူတို့၏နောက်သို့ သက်ရှိသတ္တဝါ တစ်ကောင်ကဲ့သို့ ပြေးလိုက်လာတော့သည်။ ၎င်းမှာ ပိတ်လုဆဲဆဲ ဖြစ်နေသော တံခါးပေါက်ထဲသို့ တိုးဝင်လာပြီး ဝမ်ပေါင်လဲ့၏ နှာခေါင်းနှင့် ပါးစပ်ပေါက်များထဲသို့ လူးလွန့်ဝင်ရောက်သွားတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားသွားရပြီး ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ထဲ၌ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သော နာကျင်မှုတစ်မျိုးကို ခံစားလိုက်ရ၏။ သူ၏ အသက်နှင့်ဝိညာဉ်တို့မှာ အရည်ပျော်နေသကဲ့သို့ပင်။ ကံကောင်းသည်မှာ ဝမ်ပေါင်လဲ့သည် မြူခိုး အနည်းငယ်မျှသာ ရှုရှိုက်မိလိုက်သောကြောင့် သူ၏ ခန္ဓာကိုယ်မှာ ၎င်းတို့ကို ခြေဖျက်နိုင်လိုက်၏။ ထို့ကြောင့် ထိုနာကျင်မှုကို ယာယီမျှသာ ခံစားလိုက်ရပြီးနောက် ၎င်းမှာ ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။ သို့သော် သူသည် ဇောချွေးများ ပြန်နေပြီဖြစ်ပြီး အားအင်နုံးချည့်စ ပြုလာပြီဖြစ်သည်။

ထိုကဲ့သို့ မည်းမှောင်နေသော နေရာကြီးထဲတွင် သူတို့နှစ်ယောက်မှာ သတိကြီးကြီးထား၍ တစ်ခဏမျှ စောင့်ဆိုင်းနေလိုက်၏။ ထိုအနီရောင်မြူခိုးများမှာ စင်္ကြန်လမ်းလေး၏ တစ်ဝက်အထိသာ ပျံ့နှံ့လာပြီး လျှို့ဝှက်အခန်းလေးဆီသို့ ဆက်လက် ပျံ့နှံ့လာခြင်းမရှိကြောင်း သိလိုက်ရသောအခါမှသာ သူတို့နှစ်ယောက်မှာ စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်တော့သည်။

သို့သော် သူတို့မသိသည့် အချက်မှာမူ ထိုအနီရောင်မြူခိုးများမှာ သူတို့ရှိနေသည့် နေရာတစ်ခုတည်းတွင်သာ ပေါ်လာခြင်းမဟုတ်ဘဲ အင်္ဂါဂြိုဟ်ပေါ်ရှိ နေရာအများအပြားတွင် တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာသည့် အချက်ပင်ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset