Switch Mode

စာစဥ် (၂၅) အပိုင်း (၃၄၅)

အဆင့်ကြီးလေးဆင့်

အဆင့်ကြီးလေးဆင့်

ဝုန်း…

ဧရာမချီလက်ဝါးသည် နေလုံးကိုပင်ဖုံးကွယ်သွားကာလက်ဝါးအရိပ်ကြီးသည် တောင်တစ်ခုလုံးအားစိုးမိုးထားလျက်ရှိသည်။ ချီစွမ်းအင်များသည် စိန်းထိုက်ယွမ်၏ အမျက်ဒေါသကြောင့် ပို၍ဆူပွက်လာခဲ့ပြီး အရာအားလုံးကို ဖျက်စီးတော့မည့်အလား ကြောက်မက်ဖွယ်ဖိအားကို ထုတ်လွှတ်လျက်ရှိသည်။

တပည့်များအားလုံး၏မျက်ဝန်းထဲတွင် ကြောက်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီး မျက်နှာများပင် ဖြူရော်လာခဲ့၏။

ဇူယွမ်နှင့်ဝေယိုရွှမ်းတို့နှစ်ဦး တိုက်ခိုက်ခဲ့သောတိုက်ပွဲသည် အကြီးအကဲနှစ်ဦး၏ အမျက်ဒေါသနှင့်နှိုင်းယှဥ်ရမည်ဆိုပါလျှင် ကလေးကစားပွဲမျှသာရှိပေသည်။

“စိန်းထိုက်ယွမ်..”

ဧရာမလက်ကြီးအား မြင်တွေ့လိုက်ရသောအချိန်တွင်လုဟုန်းမှာလည်း ထိတ်လန့်သွားခဲ့ပြီးနောက် အော်ဟစ်လိုက်သည်နှင့်တစ်ပြိုင်နက် ပြင်းထန်သောချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး အမိုးအကာသဏ္ဍာန်သို့ ပြောင်းလဲသွားကာ ဧရာမချီလက်ဝါးကြီးအား ကာဆီးထားလိုက်၏။

ဝုန်း…

ကျယ်လောင်ပြင်းထန်သော အသံလှိုင်းကြီးသည်မိုးခြိမ်းသံအလား ပတ်ဝန်းကျင်အား လွှမ်းမိုးသွား၏။စိန်းထိုက်ယွမ်နှင့်လုဟုန်းတို့နှစ်ဦးသည် မည်မျှပင်အမျက်ဒေါသထွက်နေစေကာမူ တပည့်များကိုထိခိုက်စေခြင်းမှကာကွယ်ရန်အတွက် သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားဆဲပင် ဖြစ်သည်။

ထို့ကြောင့်ထွက်ပေါ်လာသော အသံလှိုင်းမှာ ပြင်းထန်သော်လည်း ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်မှာ အလွန်ပင်သေးငယ်လေသည်။

ဘန်း…

ချက်ချင်းဆိုသလိုပင် လုဟုန်း၏ကျောက်တုံးပွဲကြည့်စင်မှာ ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားခဲ့ရသည်။ကျောက်တုံးပွဲကြည့်စင်နှင့် အနီးတဝိုက်တွင် ရှိနေသော တပည့်များမှာ ကြောက်လန့်တုန်လှုပ်လွန်းလှသဖြင့် ခြေထောက်များပင် ပျော့ခွေနေကြပြီ ဖြစ်၏။ယွမ်ဟောင်လို ထူးချွန်ထက်မြက်ပါသည်ဆိုသော တပည့်၏မျက်နှာသည်ပင် အကြောက်တရားများကြောင့် ဖြူရော်ကာ တုန်လှုပ်ခြောက်ခြားလျက် ရှိပေသည်။

အကယ်၍ စွမ်းအင်လှိုင်းဂယက်မှာ အနည်းငယ်မျှသာပို၍အားကောင်းခဲ့မည်ဆိုပါက တပည့်များ၏ကံကြမ္မာသည်လည်း ကျောက်တုံးစင်မြင့်အား ပြည့်နှက်စေခဲ့သော ဖုန်မှုန့်များကဲ့သို့ပင် ဖြစ်သွားရပေလိမ့်မည်။

“စိန်းထိုက်ယွမ် မင်းရူးနေတာလား။”

လုဟုန်း၏အမူအရာမှာ ခက်ထန်လျက်ရှိနေပြီး စိန်းထိုက်ယွမ်အား အော်ဟစ်လိုက်၏။ လူပေါင်းများစွာ၏ ရှေ့၌ပင် စိန်းထိုက်ယွမ်က သူ့အားတိုက်ခိုက်ရဲလိမ့်မည်ဟု တစ်ခါမှ ထင်မှတ်မထားခဲ့ဖူးချေ။အကယ်၍ တပည့်များကိုသာ ထိခိုက်စေခဲ့မည်ဆိုပါက သူတို့နှစ်ဦးလုံးသည် ကြီးလေးသောအပြစ်ဒဏ်ကိုခံယူရမည် ဖြစ်ပေသည်။

ထိုဖြစ်နိုင်ချေများအား စဥ်းစားလိုက်သည်နှင့်ပင်လုဟုန်းမှာဖြူရော်လာကာ နဖူးမှချွေးစေးများပင်ထွက်လာခဲ့ရသည်။စိန်းထိုက်ယွမ်၏ခက်ထန်လျက်ရှိသော မျက်နှာသည်ဖုန်မှုန့်များကြားမှ ပေါ်ထွက်လာခဲ့သည်။ထို့နောက်သူသည် လုဟုန်းအား စူးစိုက်၍ကြည့်လိုက်ပြီးကျောချမ်းဖွယ်ရာလေသံဖြင့် စကားဆိုလိုက်၏။

“လုဟုန်း…မင်းကမင်းရဲ့နောက်ဆုံး ကံတရားလေးကိုအဝေးကို လွှင့်ပစ်ချင်နေတာလား။တပည့်တွေကြားက ယှဥ်ပြိုင်ပွဲလေးတစ်ခုလောက် ရှုံးတာနဲ့ပဲငါ့မျက်စိရှေ့မှာတင် ငါ့တပည့်ကိုဖိနှိပ်ဖို့ ကြံစည်ရဲတယ်ပေါ့လေ။”

လုဟုန်း၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားကာအလျင်အမြန် ပြန်၍ပြောလိုက်သည်။

“အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့။ ခုနက ခဏလေး ငါ့စိတ်ခံစားချက်ပြင်းထန်သွားလို့ ချီစွမ်းအင်ထိန်းချုပ်နိုင်စွမ်းလေး နည်းနည်း လျော့ပါးသွားရုံပဲ။”

သူသည်အမျက်ဒေါသကြောင့် ဇူယွမ်အား အတင်းအကြပ်ဒူးထောက်စေရန် ဖိအားပေးခဲ့သည်အား ဝန်ခံခြင်းမပြုချင်သည်မှာ သိသာပေသည်။စိန်းထိုက်ယွမ်မှာ ​လှောင်ပြောင်သရော်လိုဟန်ဖြင့်အေးစက်စွာ ရီမောလိုက်၏။

“ဒေါသထွက်နေတဲ့အရှုံးသမားပါလား။ မင်းက ကစားချင်တယ်ဆိုရင်ငါကအဆုံးထိ လိုက်ပြီးအဖော်ပြုပေးဖို့ အသင့်ပဲနော်။”

တပည့်ပေါင်းများစွာ၏ရှေ့၌ပင် လှောင်ပြောင်သရော်ခြင်း ခံလိုက်ရသည့်အတွက် လုဟုန်း၏အမူအရာမှာအလွန်အမင်းခက်ထန်နေလျက် ရှိ၏။

“အဟက်…မင်းကိုငါက ကြောက်မယ်လို့ထင်နေတာလား။မူလသူတော်စင်တောင်ထွတ်မှာ နှစ်ပေါင်းများစွာ ပုန်းနေခဲ့တဲ့မင်းရဲ့စွမ်းရည် ဘယ်လောက်ရှိနေပြီလဲဆိုတာ ငါလည်းသိချင်မိသားပဲ။”

“စမ်းကြည့်လေ…”

စိန်းထိုက်ယွမ်သည် အရှေ့သို့တိုးလိုက်ပြီးသည်နှင့်တကွ ကြောက်မက်ဖွယ်ရာချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကောင်းကင်တဝက်ခန့်အား လွှမ်းခြုံသွားခဲ့ကာ စွမ်းအင်ဖိအားများက ပတ်ဝန်းကျင်တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေခဲ့၏။

“ဒါဆိုလည်း စမ်းကြည့်ရတော့မှာပေါ့လေ။”

လုဟုန်းမှာ ဒေါသထွက်စွာဖြင့် ရီမောပစ်လိုက်ပြီး အရှေ့သို့တိုးသွားခဲ့သည်။ချီပင်လယ်နှစ်ခုသည် ပတ်ဝန်းကျင်အား အလျင်အမြန် ဖြည့်တင်းသွားခဲ့ပြီး တစ်ခုနှင့်တစ်ခုအဆက်မပြတ် တိုးဝင်တိုက်ခိုက်လျက်ရှိနေကာတောင်တန်းများပင် ပြိုကျတော့မည့်အလားတုန်လှုပ်နေခဲ့ရ၏။

တပည့်များအားလုံး၏မျက်နှာသည် ကြောက်လန့်တုန်လှုပ်မှုကြောင့် ဖြူရော်နေ​ပေသည်။ အကြီးအကဲနှစ်ဦးသာ အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်ခဲ့မည်ဆိုပါလျှင် ထိုတိုက်ခိုက်မှုမှထွက်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များအကြားသူတို့တစ်ဦးမှ လွတ်မြောက်ရှင်သန်နိုင်မည် မဟုတ်ပေ။

“တော်ကြတော့…”

အကြီးအကဲလုစုန့်သည် အလျင်အမြန်ပင် ရှေ့သို့လျှောက်လှမ်းသွားကာ အော်ဟစ်လိုက်၏။

“မင်းတို့နှစ်ယောက်လုံး တော်လိုက်ကြတော့။ တကယ်လို့တပည့်တွေကိုသာ တစ်ခုခုထိခိုက်သွားစေမယ်ဆိုရင်ကလန်ခေါင်းဆောင်ရော တခြားတောင်ထွတ်ဆရာသခင်တွေရော မင်းတို့ကို လွှတ်ပေးမှာမဟုတ်ဘူး။”

လုစုန့်သည် အကြီးအကဲနှစ်ဦး၏ကြားသို့ လျင်မြန်စွာပင် ဝင်သွားပြီး သူ၏အင်္ကျီလက်မောင်းအိုးအားခါယမ်းလိုက်ကာ တွေ့ဆုံတိုးဝင်နေကြသောချီပင်လယ်နှစ်ခု၏ဖိအားကို ကာကွယ်ပေးထားလိုက်၏။

စိန်းထိုက်ယွမ်နှင့်လုဟုန်းတို့သည် တစ်ဦးနှင့်တစ်ဦးဒေါသဖြစ်စွာ ကြည့်နေကြသော်လည်း အဆုံးတွင်သူတို့၏စိတ်များအား ပြန်လည်ထိန်းချုပ်ကာ ချီစွမ်းအင်များကို ပြန်လည်ရုတ်သိမ်းခဲ့လေသည်။

ထိုအချိန်မှသာ ဖြည်းညင်းစွာဖြင့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်ဖိအားတို့ အလုံးစုံကွယ်ပျောက်သွားခဲ့ရ၏။သူတို့နှစ်ဦးလုံးသည် တကယ်သာ ရင်ဆိုင်တိုက်ခိုက်ခဲ့မည်ဆိုပါလျှင်မူ ကလန်ခေါင်းဆောင်ချင်းယန်သည်ထိုကိစ္စအား  လွယ်ကူစွာလွှတ်ပေးလိုက်မည်မဟုတ်ကြောင်း ရှင်းလင်းစွာ သိရှိနားလည်ထားကြပြီး ထိုသို့ဖြစ်လာခဲ့ပါက နှစ်ဦးလုံးအတွက်လည်း မည်သည့်ကောင်းကျိုးမှ မရှိနိုင်ကြောင်း သဘောပေါက်ထားကြလေသည်။

တောင်ပေါ်မှ ကြောက်မက်ဖွယ်ရာဖိအားများမှေးမှိန်ပျောက်ကွယ်သွားသည့်အခါမှသာ ဇူယွမ်၏တောင့်တင်းနေသော ခန္ဓာကိုယ်မှာ ပြေလျော့သွားခဲ့ရသည်။ သူ၏ပခုံးများထက်မှ လေးလံနေသောဖိအားများ ပျောက်ကွယ်သွားသည့်အခါမှသာဇူယွမ်မှာ သက်ပြင်းရှည်ကို ချနိုင်တော့သည်။

ခုနက ချီစွမ်းအင်ဖိအားများသည် သူ့အား ကြောက်လန့်တုန်လှုပ်ခြင်း၏အဓိပ္ပါယ်ကို ကောင်းစွာ သိရှိစေခဲ့သည်။အကြီးအကဲတစ်ဦး၏ အတွေးလေးတစ်ချက်သည်ပင်လျှင် သူ့အား ဤကမ္ဘာမြေကြီးမှ ပျောက်ကွယ်သွားစေရန် လုံလောက်ပေသည်။

ဇူယွမ်၏မျက်ဝန်းအစုံမှာ ကျဥ်းမြောင်းသွားပြီးတိုးတိတ်စွာ ရေရွတ်လိုက်သည်။

“ပြောကြတာကကန်ရွှမ်းကလန်မှာ အကြီးအကဲဖြစ်လာဖို့ဆိုရင်ကောင်းကင်ဘုံနေမင်းအဆင့်ကို ရောက်နေဖို့လိုတယ်တဲ့။”

မူလစဦးအဆင့်များပြီးနောက်တွင် နတ်ဘုံအဆင့်ချီပင်လယ် ပွင့်ဟလာမည်ဖြစ်ပြီး နတ်ဘုံခန်းဝါအဆင့်အား ဦးစွာရောက်ရှိမည်ဖြစ်သည်။ နတ်ဘုံခန်းဝါအဆင့်မှ နောက်တစ်ဆင့်တက်သွားမည်ဆိုလျှင် နတ်ဘုံအဆင့် ချီပင်လယ်ထဲတွင် နေမင်းသဏ္ဍာန်ချီစွမ်းအင်များ ပေါင်းစည်းလာမည်ဖြစ်ကာ ထိုအဆင့်အားကောင်းကင်ဘုံနေမင်းအဆင့်ဟု ခေါ်ဆိုကြလေသည်။

ချီစွမ်းအင်နေမင်းကြီးထွားလာသည်နှင့်အမျှ စွမ်းအင်အရင်းအမြစ်များစွာသည် ထိုနေမှတဆင့်မွေးဖွားလာမည်ဖြစ်ပြီး ထိုအဆင့်အား ရင်းမြစ်အခြေတည်အဆင့်ဟု ခေါ်ဆိုပေသည်။ရင်းမြစ်အ​ခြေတည်အဆင့်၏ နောက်တဆင့်အား လောကကိုကြီးစိုးခြင်းအဆင့်ဟု ခေါ်ဆို၏။

နတ်ဘုံခန်းဝါအဆင့်၊ကောင်းကင်ဘုံနေမင်းအဆင့်၊ရင်းမြစ်အ​ခြေတည်အဆင့်နှင့် လောကကိုကြီးစိုးခြင်းအဆင့်။

မူလစဦးအဆင့်များ၏နောက်တွင် အဆင့်ကြီးလေးဆင့် ရှိပေသည်။အကြီးအကဲစိန်းထိုက်ယွမ်၊လုစုန့်နှင့် လုဟုန်းတို့သုံးဦးလုံးသည် ကောင်းကင်ဘုံနေမင်းအဆင့်၏အထွတ်အထိပ်သို့ ရောက်ရှိနေကြသူများဆိုသည်မှာထင်ရှားပေသည်။

ထိုကျင့်ကြံခြင်းအဆင့်သည်ဇူယွမ်ရောက်ရှိရန် ကြိုးစားနေသော ကျင့်ကြံခြင်းအဆင့်လည်း ဖြစ်၏။

“ကန်ရွှမ်းကောင်ကင်ဒေသမှာ ကန်ရွှမ်းကလန်က သြဇာအာဏာနဲ့ပြည့်စုံတဲ့ ကလန်တစ်ခုပဲ။”

ဇူယွမ်မှာသက်ပြင်းချလိုက်မိ၏။သူ၏အကြီးဆုံးရန်သူဖြစ်သော ဝူအင်ပါယာအရှင်မှာ နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိနေသူဖြစ်သော်လည်း ကန်ရွှမ်းကလန်တွင်သူ၏အဆင့်ဖြင့် အကြီးအကဲတစ်ဦးမျှပင်  မဖြစ်နိုင်ချေ။ ကန်ရွှမ်းကလန်နှင့် နှိုင်းယှဥ်ရမည်ဆိုပါလျှင်မူဝူအင်ပါယာအရှင်မှာ အရေးမပါသောသူတစ်ယောက်မျှသာ ဖြစ်သော်လည်း ဇူယွမ်၏စိတ်ထဲတွင်တော့ သူသည်အရေးပါသော ရန်သူတစ်ယောက် ဖြစ်နေသေးသည်။

ဝူဘုရင်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်သောအဆင့်အား ရောက်ရှိစေရန်အတွက် ဇူယွမ်သည်ကန်ရွှမ်းကလန်ထဲတွင် များစွာကြိုးစားရဦးမည်ဖြစ်၏။ဇူယွမ်မှာ အတွေးများကို ရပ်တန့်ေစလိုက်ကာ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်လေသည်။သူသည်ခေါင်းကိုမော့လိုက်ကာ များစွာသောအကြည့်များ၏အောက်၌ပင် လုဟုန်းအား အနည်းငယ်မျှပင်အကြောက်အလန့်မရှိသော လေသံဖြင့် စကားဆိုလိုက်သည်။

“အကြီးအကဲလုဟုန်း…..ဒီအချိန်ကဂူနန်းယှဥ်ပြိုင်ပွဲရဲ့ အနိုင်ရသူကို ကြေညာပေးရတော့မယ့်အချိန်လို့ ထင်တယ်နော်။”

ဇူယွမ်၏အသံမှာ တည်ငြိမ်နေလျက်ရှိပြီး ခုနမှလုဟုန်း၏ကြောက်မက်ဖွယ်ရာဖိအားများသည်ပင် သူ့အား မတုန်လှုပ်စေနိုင်ကြောင်း ထင်ရှားနေပေသည်။ ဤနေရာသည် ကန်ရွှမ်းကလန်ဖြစ်ပါသောကြောင့် အကြီးအကဲလုဟုန်းသည်ပင်လျှင် ကလန်၏စည်းမျဥ်းများကို လိုက်နာရမည်ဖြစ်သည်။

ထိုသို့မဟုတ်လျှင်ကလန်ခေါင်းဆောင်နှင့် အခြားသောတောင်ထွတ်ဆရာသခင်တို့သည့် လုဟုန်းအား အလွယ်တကူ အလွတ်ပေးမည် မဟုတ်ချေ။လုဟုန်းသည် ဒေါသထွက်စွာဖြင့် ဇူယွမ်အား စိမ်းစိမ်းဝါးဝါး ကြည့်လိုက်၏။

စိန်းထိုက်ယွမ်မှာမူ အေးစက်စက်ပြုံးလိုက်ကာ စကားဆိုလိုက်သည်။

“အကြီးအကဲလုဟုန်း….မင်းရလာဒ်တွေကို မကြေညာသေးဘူးလား။”

ပြီးခဲ့သော ယှဥ်ပြိုင်ပွဲများတွင် လုဟုန်းသည်စိန်းထိုက်ယွမ်အား အညှာအတာကင်းမဲ့စွာဖြင့် လှောင်ပြောင်သရော်ခဲ့လေသည်။ အခု ရှားပါးသောအခွင့်အရေးလေး ရရှိစဥ်၌ စိန်းထိုက်ယွမ်မှာသူ၏စိတ်မကျေမနပ်ဖြစ်မှုများကို အနည်းငယ်တော့ဖြေဖျောက်ပစ်ရမည်ပင် ဖြစ်သည်။

စိန်းထိုက်ယွမ်နှင့်ဇူယွမ်တို့နှစ်ဦး အတိုင်အဖောက်ညီစွာ ပြောဆိုနေမှုများအောက်တွင် လုဟုန်း၏မျက်နှာမှာ အလွန်အမင်း ခက်ထန်လာလျက် ရှိ၏။ လုစုန့်မှာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရင်းအခြေအနေများပို၍ မဆိုးဝါးလာခင်မှာပင်ဝင်ရောက်ဖျန်ဖြေရန် ဆုံးဖြတ်ခဲ့လေသည်။

“ဂူနန်းယှဥ်ပြိုင်ပွဲရဲ့ ရလာဒ်က အရမ်းကို ရှင်းလင်းနေပါပြီ။အကြီးအကဲစိန်းထိုက်ယွမ်ရဲ့ဖက်က အနိုင်ရရှိပါတယ်။ဒါကို ကန့်ကွက်ချင်တဲ့သူ ရှိသေးလား။”

တောင်ကုန်းပေါ်၌စောင့်ကြည့်လျက်ရှိသောတပည့်များမှာ ခေါင်းကိုခါယမ်းပြလိုက်ကြ၏။ယနေ့ကျင်းပခဲ့သော ဂူနန်းယှဥ်ပြိုင်ပွဲသည် အလှည့်အပြောင်းများစွာဖြင့် ပြည့်နှက်နေပြီး နောက်ဆုံးရလာဒ်မှာ လူတိုင်းမျှော်မှန်းထားသည်ထက် များစွာပို၍ ကျော်လွန်နေခဲ့သည်။

ပွဲအစ၌ လူတိုင်းသည် စင်မြင့်ပေါ်တွင် နောက်ဆုံးရပ်နေနိုင်မည့်သူမှာ မူလစဦး တတိယအဆင့်မျှသာ ရှိသေးသော ဇူယွမ်ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။မရေမတွက်နိုင်သော အကြည့်များသည်ကျိုးပဲ့ပျက်စီးနေသောစင်မြင့်ပေါ်၌ ရပ်လျက်ရှိနေသော လူငယ်လေး၏ပုံရိပ်အား စိတ်ရှုပ်ထွေးမှုများစွာဖြင့် ကြည့်ရှုနေခဲ့ကြ၏။

ဒီနေ့ပြီးလျှင် ဇူယွမ်၏ဂုဏ်သတင်းသည် ကန်ရွှမ်းကလန်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့မည်ဖြစ်ကြောင်းလူတိုင်းက သိရှိထားကြပေသည်။သူတို့အားလုံးမှာ ဇူယွမ်၏ရှုံးနိမ့်မှုအား မြင်တွေ့ခံစားနိုင်ရန် လာရောက်ကြည့်ရှုခဲ့ခြင်းသာဖြစ်ပြီးဇူယွမ်၏အံ့အားသင့်ဖွယ်ကောင်းလောက်သောစွမ်းအင်များအား တွေ့ရှိရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

နဂါးရှစ်ကောင်ကောင်းချီးရရှိခဲ့ခြင်းအားကံကောင်းလွန်းလှသဖြင့်ဟု ပြော၍ရနိုင်သော်လည်းဒီနေ့ယှဥ်ပြိုင်ပွဲ၏ရလာဒ်ကတော့ တိုက်ပွဲစွမ်းရည်ကိုသာ အခြေခံလေသည်။

လုဟုန်း၏မျက်နှာအမူအရာမှာ တင်းမာခက်ထန်နေခဲ့သော်လည်း အဆုံးတွင်တော့ သူသည် စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ခဲ့ပြီး ပြိုင်ပွဲအခမ်းအနားမှ ထွက်ခွာသွားလေ၏။ သူ၏တပည့်များမှာ အနောက်မှ တိုးတိတ်စွာဖြင့် လိုက်ပါသွားကြသည်။

လုရွှမ်းယင်မှာလက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ထားကာ အံကြိတ်လျက် ဇူယွမ်အား မကျေမနပ်ဖြစ်စွာစူးစိုက်ကြည့်နေပေသည်။ ထိုအချိန်၌ပင် ရှုယန်သည် သူမနားသို့ တိုးကပ်သွားရင်း ဖြည်းညင်းစွာ ပြုံးလိုက်ကာ သူမ၏ကိုယ်သင်းနံ့အား ရှူရှိုက်လိုက်ပြီး စကားဆိုလိုက်သည်။

“ဒေါသထွက်စရာ မလိုပါဘူး ညီမတော်ရွှမ်းယင်ရဲ့။ ဇူယွမ်ကတော်တော်လေး အရည်အချင်း ရှိတာတော့ မှန်ပါတယ်။ ဒါပေမယ့် အကိုကသူ့ဆီ လူတစ်ယောက်လောက်လွှတ်ပြီး မင်းကိုလာတောင်းပန်ခိုင်းလိုက်မယ်လေ။ အဲ့လိုဆိုရင် မင်းတို့နှစ်ယောက်ကြားမှာရှိနေတဲ့အစိုင်အခဲတွေလည်း ပြေပျောက်သွားတာပေါ့။”

ရွှမ်းယင်ဘာမှ ပြန်၍မပြောသေးမှာပင် သူသည် တပည့်တစ်ဦးအား ခေါင်းငြိမ့်ပြလိုက်၏။ဇူယွမ်မှာ တောင်ကုန်းပေါ်သို့ ပျံသန်းရောက်ရှိလာစဥ်မှာပင် ထိုတပည့်သည် ဇူယွမ်အနားသို့ ရောက်လာပြီးရှုယန်ပြောခိုင်းလိုက်သော စကားများကို ပြောကြားလိုက်၏။

ဇူယွမ်သည် ရှုယန်အား လှမ်း၍ကြည့်လိုက်သောအခါတွင် ရှုယန်မှသူ့အား ပြုံး၍ကြည့်နေလေသည်။ဇူယွမ်မှာပြန်လည်၍ ပြုံးပြလိုက်ပြီး ရှုယန်ပြောသကဲ့သို့ လုရွှမ်းယင်အား လာရောက်တောင်းပန်ခြင်းမပြုပဲ တစ်ဖက်သို့လှည့်ကာ အကြီးအကဲစိန်းထိုက်ယွမ်ဆီသို့လျှောက်သွားလိုက်၏။

ဇူယွမ်မှာ တောင်းပန်နေစရာမလိုအပ်ဟု ထင်မြင်မိသောကြောင့် ဖြစ်သည်။

“သူကမောက်မာတာပဲ..”

ရှုယန်မှ ရေရွတ်လိုက်၏။ထို့နောက် လုရွှမ်းယင်အားကြည့်ကာ စကားဆိုလိုက်သည်။

“သွားကြစို့ ဂျူနီယာညီမတော် ရွှမ်းယင်..အနာဂတ်မှာ အခွင့်အရေးရခဲ့မယ်ဆိုရင် မင်းရဲ့စီနီယာအကိုကြီးက မင်းကိုသူကိုယ်တိုင် တောင်းပန်ချင်လာအောင် လုပ်ပေးမယ်။”

“ဟီးဟီး…ကြည့်ရတာ ငါတို့ရဲ့ဂျူနီယာညီတော်ဇူယွမ်လေးကတော့ သူတစ်ခါမှမခံစားဖူးတာတွေ ခံစားရတော့မယ်နဲ့တူတယ်။”

Comment

Leave a Reply

Options

not work with dark mode
Reset