စာစဥ် (၂၅) အပိုင်း (၃၄၄)

နဂါးကိုးကောင်မှ မဟူရာမိစ္ဆာအား သုတ်သင်ခြင်း

ဝေါင်း…

ဇူယွမ်၏ဦးခေါင်းထက်တွင် ရစ်ခွေနေလျက်ရှိသည့်ပေထောင်ကျော်ရှိသော နဂါးသားရဲကြီးသည် ကြောက်မက်ဖွယ်ရာ ဖိအားကို ထုတ်လွှတ်လျက်ရှိ၏။

တောင်ကုန်းပေါ်၌စောင့်ကြည့်လျက်ရှိသောတပည့်များမှာ ကြီးမားသောနဂါးသားရဲကြီးအား အံ့သြတကြီးဖြစ်စွာဖြင့် ငေးမောကြည့်ရှုနေကြလေသည်။

အချို့သော မူလစဦး ပဥ္စမအဆင့် တပည့်များသည်ပင် ထိုချီစွမ်းအင်၏ ဖိအားများကို မခံနိုင်ကြသောကြောင့် ကြောက်လန့်တုန်လှုပ်နေလျက် ရှိ၏။သူတို့သာ ဝေယိုရွှမ်းနေရာမှာဆိုလျှင် ထိုချီစွမ်းအင်နှင့် ရင်ဆိုင်နိုင်ရန် သတ္တိပင်ရှိမည်မဟုတ်ဟု တွေးတောနေမိကြလေသည်။

နဂါးကိုးကောင်နိယာမ၏ နောက်ဆုံးအဆင့် နဂါးကိုးကောင်။

မည်သူမှ ဇူယွမ်သည် ဤအချိန်တိုလေးအတွင်းမှာပင်ထိုကောင်းကင်ဘုံငယ်ကျင့်စဥ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ဇူယွမ် ကန်ရွှမ်းကလန်သို့ ရောက်ရှိလာသော အချိန်သည် ခြောက်လပင် မပြည့်သေးပေ။ကန်ရွှမ်းကလန်တွင် နဂါးကိုးကောင်နိယာမကျင့်စဥ်ကိုကျင့်ကြံနေသူ တပည့်အမြောက်အမြားရှိသော်လည်း အများစုမှာ ထိုကျင့်စဥ်အား နှစ်ပေါင်းများစွာ လေ့ကျင့်ရခြင်းဖြစ်ပြီး ထိုထဲမှ လူအနည်းငယ်ကသာကျင့်စဥ်၏အထွတ်အထိပ်သို့ ရောက်ရှိ​ကြခြင်း ဖြစ်လေသည်။

သို့သော် အကြီးမားဆုံး အံ့သြရဆုံးသူမှာ လုရွှမ်းယင် ဖြစ်နေခဲ့သည်။အဘယ့်ကြောင့်ဆိုသော် ဇူယွမ်သည် လွန်ခဲ့သော တစ်လခန့်၌ ကျင်းပခဲ့သည့် တောင်ထွတ်ရွေးချယ်ခြင်း အခမ်းအနားတွင် နဂါးကိုးကောင်နိယာမကျင့်စဥ်မှ နဂါးလေးကောင်သာ အသုံးပြုနိုင်သေးသည်ကို သူမကောင်းစွာ သိရှိနေသောကြောင့် ဖြစ်၏။

အခုတစ်လမျှသော အချိန်လေးအတွင်းမှာပင်နဂါးကိုးကောင်အဆင့်သို့ ရောက်ရှိနေပြီတဲ့လား။ထိုကြီးမားလှသော နဂါးသားရဲကြီးအား မျက်မြင်တွေ့ကြုံရချိန်တွင် သူမ၏စိတ်ဝိဥာဥ်များပါ တုန်လှုပ်ခြောက်ခြားသွားခဲ့ရပေသည်။

အံ့အားသင့်နေသော အကြည့်များစွာ၏အောက်၌ပင်ရှေ့သို့သွားရန်ပြင်နေသော ဝေယိုရွှမ်း၏ခြေလှမ်းများမှာ ရပ်တန့်သွားခဲ့ပြီး မျက်ဝန်းအစုံ ကျဥ်းမြောင်းသွားကာ ကြီးမားလှသော ချီသားရဲကြီးအား မော့၍ကြည့်လိုက်သည်နှင့်တကွ အန္တရာယ်အငွေ့အသက်များကို ခံစားမိလိုက်လေသည်။

ဇူယွမ်၏ နဂါးကိုးကောင်နိယာမသည် ကောင်းကင်ဘုံငယ်ကျင့်စဥ်တစ်ခုသာ ဖြစ်သော်လည်း သူအသုံးပြုနေသော ကြီးမြတ်သောမဟူရာမိစ္ဆာသည်လည်း ပြီးပြည့်စုံသော ကောင်းကင်ဘုံကျင့်စဥ်အဆင့်သို့ မရောက်ရှိသေးပေ။

ပြီးပြည့်စုံသော မဟူရာမိစ္ဆာကျင့်စဥ်သည် သူအနိုင်ရရှိခဲ့မည်ဆိုမှသာ အကြီးအကဲလုဟုန်းမှသူ့အား ပေးအပ်မည်ဖြစ်သည်။မည်သို့ပင်ဖြစ်စေကာမူ မြှားအားလေးကြိုးတင်ကာချိန်ထားပြီးပြီဆိုမှတော့ သူသည်လည်း နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။ရဲစွမ်းသတ္တိများအားလုံးကိုစုစည်းကာ ဇူယွမ်၏တိုက်ခိုက်မှုအား ရင်ဆိုင်ချေမှုန်းရန်သာ ရှိတော့သည်။

ဝေယိုရွှမ်း၏မျက်ဝန်းများတွင် ရက်စက်မှုအရိပ်အယောင်များ ပေါ်လာခဲ့၏။သူ၏ကြီးမားသောခန္ဓာကိုယ်တဝိုက်တွင် ရစ်ဝဲနေလျက်ရှိသော အနက်ရောင်ချီစွမ်းအင်များက ပေါက်ကွဲထွက်ပေါ်လာပြီး ကြွက်သားများကို ပို၍ကြီးထွားလာစေကာ လေထုများကိုပင် တုန်ခါသွားစေခဲ့သည်။

“နဂါးကိုးကောင်ဆိုတော့လည်း ဘာဖြစ်လဲ။ငါပြောခဲ့သလိုပဲ…အဲ့ဒါက ကောင်းကင်ဘုံငယ်ကျင့်စဥ်လေးတစ်ခုပဲဟာ။ ငါရဲ့ကြီးမြတ်သောမဟူရာမိစ္ဆာကျင့်စဥ်က  မပြည့်စုံသေးဘူးဆိုရင်တောင်မှ မင်းကိုးကောင်လောက်ကို ချဖို့တော့ လုံလောက်နေပြီ။”

ဝေယိုရွှမ်းသည် သူ၏လက်အား ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်နှင့်တကွ သူ၏အသွေးအသားထဲတွင် စီးဆင်းနေသော အနက်ရောင်ချီစွမ်းအင်မှာတစ်စထက်တစ်စ ပို၍သိပ်သည်းလာကာ ဦးခေါင်းထက်မှ ကြောက်မက်ဖွယ်ကောင်းပြီး ပြင်းထန်သောချီစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။

ဝုန်း…

ချက်ချင်းဆိုသလိုပင် သူ၏ခြေထောက်အား မြေပြင်သို့ ဆောင့်နင်းချလိုက်ပြီး မြေပြင်များကိုအက်ကွဲစေခဲ့သဖြင့် ကျောက်တုံးစင်မြင့်သည်ပင် ပြိုကျလုနီးပါး ဖြစ်သွားခဲ့ရသည်။

ဝှစ်…

ဝေယိုရွှမ်း၏ကြီးမားသော ခန္ဓာကိုယ်မှာ အနက်ရောင်အခိုးအငွေ့သဏ္ဍာန်သို့ ပြောင်းလဲသွားခဲ့ပြီး အရှေ့သို့လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။ဝေယိုရွှမ်းမှာ ဖျက်စီးခြင်းနတ်ဘုရားတစ်ပါးအလားသူလျှောက်လှမ်းသွားသော မြေပြင်များအားလုံးကိုပျက်စီးစေခဲ့ပြီး သူ၏ဖျက်စီးခြင်းစွမ်းရည်မှာ သိသာထင်ရှားနေပေသည်။

ဝေယိုရွှမ်း၏စွမ်းအင်များကို ကြည့်ခြင်းအားဖြင့်မူလစဦး ပဥ္စမအဆင့်တင်မဟုတ် ဆဋ္ဌမအဆင့်တပည့်ဆိုလျှင်ပင် သူနှင့်ရင်ဆိုင်တိုက်ခိုက်ခြင်းမပြုရဲပဲ ရှောင်ရှားရပေလိမ့်မည်။သို့သော်လည်းဇူယွမ်မှာ ပြိုင်ပွဲမှဆုတ်ခွာမည့် အရိပ်အယောင်ပင်ရှိနေပဲ မျက်ဝန်းများမှာ တောက်လောင်နေခဲ့၏။

ဇူယွမ်သည် အသက်အားရှူသွင်းလိုက်ပြီးသည့်နောက် မျက်ဝန်းများမှာ လေးနက်တည်ကြည်သွားခဲ့သည်။

“နဝမ​မြောက်နဂါး သွားစမ်း”

သူအော်ဟစ်လိုက်သည်နှင့်အတူ ပေထောင်ကျော်မျှရှိသော နဂါးသားရဲကြီးသည် တွန်သံသဲ့သဲ့ပေးကာ ချက်ချင်းဆိုသလိုပင် အောက်သို့ထိုးဆင်းလာခဲ့ပြီး ကြောက်လန့်တုန်လှုပ်စေနိုင်သော မြင်ကွင်းကိုပေးစွမ်းလျက်ရှိ၏။

ပေထောင်ကျော်မျှရှိသော နဂါးသားရဲကြီးနှင့် ဝေယိုရွှမ်းတို့ လေထုထဲ၌ ဆုံတွေ့သွားခဲ့ကြသည်။လူတိုင်းမှာ မျက်တောင်ပင်မခတ်နိုင်ပဲ အဖြစ်အပျက်အား စောင့်ကြည့်နေလျက်ရှိ၏။

သူတို့အားလုံးယခုအချိန်သည် အနိုင်အရှုံး သဲကွဲတော့မည့်အချိန်မှန်း သိရှိထားကြလေသည်။ထို့အပြင် ပြီးပြည့်စုံသောကောင်းကင်ဘုံငယ်ကျင့်စဥ်ဖြစ်သည့် နဂါးကိုးကောင်နိယာမနှင့် ပြီးပြည့်စုံခြင်းမရှိသော ကောင်းကင်ဘုံကျင့်စဥ်ဖြစ်သည့် ကြီးမြတ်သောမဟူရာမိစ္ဆာကျင့်စဥ်နှစ်ခုတွင် မည်သည့်ကျင့်စဥ်က ပို၍သန်မာမည်ကိုအလွန်အမင်း သိချင်နေကြလျက် ရှိ၏။

ဝုန်း…

တောင်တစ်ခုလုံး အပ်ကျသံမျှပင် မကြားရအောင်တိတ်ဆိတ်သွားခဲ့ပြီး သာမန်မျက်စိနှင့်ပင်တွေ့မြင်နိုင်သော စွမ်းအင်လှိုင်းဂယက်များတအိအိနှင့်လှိုင်းထသွားခဲ့သည်။

ဝုန်း…

အနီးနားတွင်ရှိနေသော တောင်ကုန်းများကိုပင်ပျက်စီးသွားစေခဲ့ပြီး ကျောက်သားများတစ်လွှာပြီးတစ်လွှာ ကွဲအက်ကုန်ရတာ တောင်ကုန်းများပါ ပြိုကျကုန်ရပြီး ထိုတောင်ကုန်းများအနီး၌ရှိနေသော တပည့်အချို့ကိုပင် လွင့်ထွက်သွားစေခဲ့သည်။

သူတို့နှစ်ဦး ရင်ဆိုင်တွေ့ဆုံမှုသည် အတော်ပင် ပြင်းထန်သွားခဲ့၏။

ထို့နောက်တွင်တော့ အုပ်စုသုံးခုမှ ခရမ်းရောင်ခါးစည်းတပည့်များ ရှေ့သို့ထွက်လာခဲ့ပြီး ကျောက်တုံးပွဲကြည့်စင်များအား ထိခိုက်စေမှုမှကာကွယ်ရန် လှိုင်းဂယက်များအား ချီစွမ်းအင်များဖြင့် တားဆီးလိုက်ကြသည်။

လှုပ်ယမ်းနေသော ကျောက်တုံးပွဲကြည့်စင်များမှာတဖြည်းဖြည်းနှင့် တည်ငြိမ်သွားခဲ့၏။

“ဇူယွမ်…နင်ဒီတစ်ခါ မရှုံးနိမ့်ဘူးလို့ ငါမယုံဘူး။”

လုရွှမ်းယင်မှာ စိတ်လှုပ်ရှားသဖြင့် မတ်တပ်ပင်ရပ်လျက်ရှိကာ သူမ၏လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ကျောက်တုံးစင်မြင့်သို့ လှမ်း၍ကြည့်ကာ ရေရွတ်လိုက်သည်။သူမသည် ဝေယိုရွှမ်းမှ ဇူယွမ့်အား အနိုင်ရပါစေဟု ဆုတောင်းနေမိ၏။ထိုသို့မဟုတ်ပဲ ဇူယွမ်သာ အနိုင်ရရှိသွားမည်ဆိုပါက ဤဂူနန်းယှဥ်ပြိုင်ပွဲရလာဒ်နှင့်အတူ ဇူယွမ်မှာ ကန်ရွှမ်းကလန်တစ်ခုလုံးတွင် ဂုဏ်သတင်းကျော်ကြားလာမည်ဖြစ်ပြီးထိုအရာအား တွေးကြည့်ရုံမျှနှင့်ပင် သူမအားအလွန်အမင်း ဒေါသထွက်စေလေသည်။

လုစုန့်၏ကျောက်တုံးပွဲကြည့်စင်ပေါ်၌လည်းလုယန်းမှာ ကျောက်တုံးစင်မြင့်ထံမှ အကြည့်မခွာနိုင်ပဲ ဖြစ်နေရကာ ပြိုင်ပွဲရလာဒ်အား အလွန်သိချင်နေလျက် ရှိ၏။သူမနှင့်ဇူယွမ်တို့အကြားတွင်မည်သည့်ပဋိပက္ခမှမရှိသော်လည်း အခြားသူများမှ ထိုကောင်လေးနှင့် အကိုတော်ချူချင်းအားနှိုင်းယှဥ်၍ပြောဆိုနေခြင်းကို သဘောမကျနေခြင်းဖြစ်သည်။

သူမ၏နှလုံးသားထဲတွင်မူ ဇူယွမ်အပါအဝင် မည်သူကမှ အကိုတော်ချူချင်းနှင့်နှိုင်းယှဥ်၍မရနိုင်ပေ။ဇူယွမ်သည် တောင်ထွတ်ရွေးချယ်ခြင်း အခမ်းအနားတွင်သာ သူ၏စွမ်းအင်များကို ထုတ်ဖော်ပြသခဲ့ဖူးခြင်းဖြစ်ပြီး နဂါးရှစ်ကောင်ကောင်းချီး ရရှိခဲ့ခြင်းကိုတော့ ကံအကြောင်းသာမှုကြောင့်ဟု သတ်မှတ်နိုင်ပေသည်။

ထို့ကြောင့် ဤဂူနန်းယှဥ်ပြိုင်ပွဲသည် အတွင်းတောင်သို့ ရောက်ရှိလာပြီးသည့်နောက်သူ၏စွမ်းအင် တိုးတက်လာမှုအား သိရှိခွင့်ရမည့် အကောင်းဆုံးစမ်းသပ်မှုတစ်ခုပင် ဖြစ်လေသည်။ဤပြိုင်ပွဲပြီးဆုံးသည်နှင့်တစ်ပြိုင်နက် လူတိုင်းသည်ဇူယွမ်၏တိုက်ပွဲစွမ်းရည်အား သေချာသိရှိသွားတော့မည်ပင် ဖြစ်၏။

စွမ်းအင်လှိုင်းဂယက်များ ဖြည်းညင်းစွာ ငြိမ်သက်လာသည်နှင့်အတူကျောက်တုံးစင်မြင့်ပေါ်ရှိ မြင်ကွင်းမှာလည်း ထင်ရှားလာခဲ့သည်။ပထမဦးစွာ လူတိုင်းမြင်တွေ့လိုက်ရသည်မှာ နဂါးကိုးကောင်နိယာမ၏ နဝမမြောက်သားရဲအားအသုံးပြုလိုက်ရသောကြောင့် စွမ်းအင်လျော့ပါးနေသော ဇူယွမ်သည် ကျောက်တုံးစင်မြင့်ထက်တွင် ရပ်လျက်ရှိနေခြင်းကို ဖြစ်သည်။

ဇူယွမ်၏မျက်နှာချင်းဆိုင်တွင်မူ အနက်ရောင်မျှော်စင်ကြီးအလား ကြီးမားလှသော ဝေယိုရွှမ်းသည် တိုက်ခိုက်မည့်ဟန်နှင့်ပင် ရပ်လျက်ရှိနေသေးပြီးပေထောင်ကျော်မျှသော နဂါးသားရဲကြီးကတော့ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

“ဇူယွမ်ရဲ့ နဝမမြောက်နဂါးသားရဲက ဖျက်စီးခံလိုက်ရလား။”

တောင်ကုန်းများ၌ စောင့်ကြည့်လျက်ရှိသောတပည့်များထံမှ ဝေဖန်အော်ဟစ်သံများ များစွာ ထွက်ပေါ်လာခဲ့သည်။လုဟုန်း၏တပည့်များမှာမူ ပျော်ရွှင်စွာဖြင့် အောင်ပွဲပင် ခံနေကြပြီဖြစ်၏။ ပျော်ရွှင်စွာအော်ဟစ်နေသံများကို ကြားနေရသော်လည်း ဇူယွမ်၏မျက်ဝန်းများမှာပြောင်းလဲသွားခြင်း မရှိပဲ ဝေယိုရွှမ်းအားကြည့်၍စကားဆိုလိုက်သည်။

“စီနီယာအကိုတော် ဝေယိုရွှမ်းက ကျွန်တော့ကို သင်ခန်းစာပေးဖို့အထိ မလုံလောက်သေးတဲ့ပုံပဲ။”

“အား…”

ထိုစကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက်ဝေယိုရွှမ်း၏ခန္ဓာကိုယ်မှာ တုန်ခါလာပြီး အမည်းရောင် သွေးနက်နက်များ ပါးစပ်နှင့်အပြည့် အန်ထုတ်လိုက်ရသည်။သူ၏ကြီးမားသော ကိုယ်ခန္ဓာမှာလည်းဖြည်းညင်းစွာ ပြန်လည်ကျုံ့ဝင်လာပြီး ပုံမှန်အရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားကာ မြေပြင်ပေါ်သို့  လဲကျသွားခဲ့၏။

ဝေယိုရွှမ်း၏မျက်ဝန်းအစုံမှာ မကျေနပ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ အကယ်၍ အကြီးအကဲလုဟုန်းမှ သူ့အား ပြီးပြည့်စုံသော ကြီးမြတ်သောမဟူရာမိစ္ဆာကျင့်စဥ်ကိုသာ ပေးအပ်ခဲ့ပါက ယနေ့ရှုံးနိမ့်ရမည့်သူသည် ဝေယိုရွှမ်းဆိုသောသူမဟုတ်ပဲနှင့် ဇူယွမ်သာဖြစ်ပေလိမ့်မည်။

လေထုကိုပင် ဖြည့်တင်းလျက်ရှိသော ဝမ်းသားအားရအောင်ပွဲခံနေသူများသည် သူတို့၏လည်မြိုအားညှစ်ခံလိုက်ရသည့်အလား တိတ်ဆိတ်သွားခဲ့၏။​ပျော်ရွှင်နေကြသော လုဟုန်းတပည့်များ၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် အေးစက်တောင့်တင်းသွားကြပြီး ကြည့်ရသည်မှာ အလွန်ပင် ရီစရာကောင်းနေပေသည်။

လုရွှမ်းယင်၏ တင်းကြပ်စွာဆုပ်ထားသော လက်သီးအစုံမှာ ပြေလျော့သွားခဲ့ပြီး မျက်ဝန်းများတွင်အသက်ဝိဉာဥ် မရှိတော့သည့်အလား သူမ၏မျက်နှာသည် လွန်စွာဖြူရော်နေခဲ့၏။ သူမသည် စိတ်မကျေမချမ်းဖြစ်မှုများအား ဖြေဖျောက်ရန် ဂူနန်းယှဥ်ပြိုင်ပွဲကို လာကြည့်ခဲ့ခြင်းဖြစ်​လသေည်။သို့သော်လည်းသူမကို စိတ်ကျေနပ်စေမည့်အစား ဇူယွမ်အမြင့်သို့တက်သွားခြင်းကိုသာ ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။လုရွှမ်းယင်သည် သူမ၏နှလုံးသားထဲတွင် ခံစားနေရသော ဒေါသစိတ်များကြောင့် သွေးပင်အန်မတက်ဖြစ်နေရသည်။

လုယန်းမှာ ယဲ့ယဲ့လေးသာကျန်တော့သော သူမ၏စိတ်အားတည်ငြိမ်စေရန် အသက်ကိုရှူထုတ်လိုက်သည်။လုယန်း၏မျက်နှာမှာ တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း သူမ၏စိတ်ခံစားချက်များသည်မုန်တိုင်းထန်နေသကဲ့သို့ ပြင်းထန်နေလျက် ရှိသည်။

ပြိုင်ပွဲရလာဒ်သည် လူတိုင်းမျှော်မှန်းထားသည်ထက်များစွာပို၍ ကျော်လွန်နေခဲ့၏။ပထမ၌လူတိုင်းမှ အားအနည်းဆုံးဟု သတ်မှတ်ထားခဲ့သော ဇူယွမ်မှာ တစ်ဦးထဲဖြင့် အခြေအနေအားလုံးကိုပြောင်းလဲစေခဲ့ပြီး အံ့အားသင့်ဖွယ်ကောင်း၍ ပြီးပြည့်စုံသော အောင်မြင်မှုအား ရယူနိုင်ခဲ့ပေသည်။

ချူချင်းကြောင့်ဇူယွမ်အား ကြည့်မရဖြစ်နေသော လုယန်းသည်ပင်လျှင် ထိုမြင်ကွင်းကြောင့် အံ့​ဩစွာဖြင့်သက်ပြင်းချမိရ၏။

လုဟုန်း၏အနီးနားရှိ ပတ်ဝန်းကျင်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သော်လည်း တစ်ဖက်တွင်တော့ စိန်းထိုက်ယွမ်၏တပည့်များသည် ထိုမယုံနိုင်စရာကောင်းလောက်အောင် အံ့အားသင့်ဖွယ်ရာမြင်ကွင်းမှာ အမှန်တကယ်ဖြစ်သည်ကို သိရှိသွားပြီးနောက် ဆူညံအော်ဟစ်ကာအောင်ပွဲခံကြတော့သည်။

ကျောက်တုံးပွဲကြည့်စင်ထက်၌ရှိနေသော စိန်းထိုက်ယွမ်၏မျက်နှာသည်လည်း ပျော်ရွှင်သောအရိပ်အယောင်များနှင့် ပြည့်နှက်နေလေသည်။ အားပေးသံများကိုကြားလိုက်ရသောအခါ ဇူယွမ်သည် ဖြည်းညင်းစွာ ရီမောလိုက်၏။ ယနေ့အပြီးတွင် သူ့အားခရမ်းရောင်ဂူနန်း ပိုင်ဆိုင်ရခြင်းအတွက် ကန့်ကွက်မည့်သူ မည်သူမျှ ရှိတော့မည်မဟုတ်ပေ။

ဝုန်း…

သူသည် ပခုံးပေါ်မှ လေးလံသော ဝန်ထုပ်ဝန်းပိုးကြီးမရှိတော့သကဲ့သို့ ပေါ့ပါးစွာဖြင့် သက်ပြင်းချလိုက်သည့်အချိန်မှာပင် အထိန်းအကွပ်မဲ့သော ချီစွမ်းအင်များကောင်းကင်ထက်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီးလုဟုန်း၏ ကျောက်တုံးပွဲကြည့်ခုံမှာ ချက်ချင်းဆိုသလို ကွဲကြေသွားခဲ့ရသည်။

လုဟုန်း၏မျက်နှာအမူအရာမှာ မုန်တိုင်းထန်သကဲ့သို့ ခက်ထန်နေလျက်ရှိပြီး အလွန်အမင်း ဒေါသထွက်နေဟန်ဖြင့် ဇူယွမ့်အား ကြည့်လိုက်သည်။

လုဟုန်း၏ချီစွမ်းအင်များမှာ ကြောက်မက်ဖွယ်ရာဖိအားကိုထုတ်လွှတ်လျက်ရှိပြီး တောင်များကိုပင် ဖြိုခွင်းပစ်နိုင်သောခွန်အားဖြင့် ဇူယွမ်အား အတင်းအကြပ်ဒူးထောက်စေလိုက်၏။ဇူယွမ်သည် တိုက်ပွဲအခြေအနေတစ်ခုလုံးအားပြောင်းလဲပစ်စေလိုက်ခြင်းမှာ လုဟုန်း၏ထိန်းချုပ်နိုင်စွမ်းအလုံးစုံကို ပျောက်ဆုံးသွားစေခဲ့သည်။

ဇူယွမ်၏အမူအရာမှာ ပြောင်းလဲသွားပြီး အံကိုတင်းတင်းကြိတ်ကာ ထိုစွမ်းအင်ဖိအားများကို ခုခံနေလျက် ရှိပေသည်။ဇူယွမ်သည် ဖိအားများကို တွန်းလှန်ခုခံနေစဥ်မှာပင်အခြားကျောက်တုံးပွဲကြည့်စင်ထက်၌ရှိနေသော စိန်းထိုက်ယွမ်၏အမူအရာမှာ ခက်ထန်လာကာ မတ်တပ်ထရပ်လိုက်ပြီး ပြင်းထန်သော ချီစွမ်းအင်များကိုပေါက်ကွဲထွက်ပေါ်စေ၍ ထိုစွမ်းအင်များမှ ​ကြီးမားသောချီစွမ်းအင် လက်ဝါးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး လုဟုန်းအုပ်စုရှိရာ ကျောက်တုံးပွဲကြည့်စင်အား ကောင်းကင်ထက်မှ လွှမ်းမိုးထားခဲ့၏။

“အဖိုးကြီးလုဟုန်း….ငါကတကယ်ရွှံ့စေးတစ်ခုလို မင်းလိုရာ ပုံသွင်းလို့ရနိုင်မယ် ထင်နေတာလား”

စိန်းထိုက်ယွမ်၏ ကျယ်လောင်သော အော်ဟစ်သံသည် ပတ်ဝန်းကျင်တစ်ခုလုံးအား ပျံ့နှံ့သွားခဲ့လေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset