ကောင်းကင် အာဏာစက်ပြည်ထောင်မှ လူများ မည်သို့ ရည်ရွယ်နေသည်မှာ သိသာပေသည်။ ဂူထျန်းရှင်းနှင့် သူတို့မှာ ကြီးမားသော ရန်ငြိုးများ ရှိနေရာ သူတို့အနေဖြင့် ဂူကလန်၏ နောက်ဆုံး လက်ကျန် မျိုးဆက်ကို အရှင်ထားလိုခြင်း မရှိသည်မှာ ထင်ရှား၏။
“မင်းတို့ ပြည်ထောင်က အဲဒီတိုက်ပွဲမှာ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသလို ငါတို့ ကောင်းကင် နတ်တံခါးကလည်း မရေမတွက်နိုင်တဲ့ အသက်တွေ ဆုံးခဲ့ရတာပဲ။ စစ်ပွဲပြီး ကတည်းက နှစ်ဖက်ရန်ငြိုးတွေ ပြေလေသွားပြီမလား။ အခုမင်းတို့က ဂူကလန်ရဲ့ နောက်ဆုံး လက်ကျန် မျိုးဆက်ကိုတောင် မချန်ထားချင်တဲ့ သဘောလား”
ကောင်းကင်နတ်တံခါးမှ စွမ်းအားမြင့်တန်ခိုးရှင်တစ်ဦးက အေးစက်စွာ ပြောသည် “ငါတို့က ဘာပဲဖြစ်ဖြစ် သူ့ကို ခေါ်သွားမယ်”
“ခင်ဗျား စမ်းကြည့်ရဲလား” ကောင်းကင် အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်တစ်ဦးက အေးစက်စွာ ပြောသည်။ ယခင်နှစ်များစွာက စစ်ပွဲ၏ ရန်ငြိုးအား ပြေလေစေလိုသည်မှာ မဖြစ်နိုင်ပေ။
“ဒီလူက ခရမ်းရင့် မြေအောက်လောကရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ ခင်ဗျားတို့က သူ့ကို ခေါ်သွားချင်တယ် ဆိုမှတော့ သူတို့ရဲ့အမြင်ကို ထည့်မတွက် သင့်ဘူးလား” ခရမ်းရင့် ကောင်းကင် နန်းတော်မှ လူတစ်ယောက်က ပြောသည်။
သူတို့က သည်မတိုင်ခင် ကတည်းက ရောက်နှင့်ပြီးဖြစ်ရာ တခြားသော အင်အားစုများ အားလုံးက ကိုယ်စီ ရည်ရွယ်ချက်များ ရှိသည်ကို သိပေသည်။ သူတို့က ဂူတုံးလျှိုအား ခေါ်သွားရန် မလွယ်ကူသည်ကိုလည်း နားလည်၏။
လက်ရှိတွင် မည်သည့် လှုပ်ရှားမှုမဆို ပြဿနာကြီးကြီးမားမား ဖြစ်စေနိုင်ပေသည်။ ဂူတုံး လျှိုထွက်ပေါ်လာခြင်းက ထိပ်သီးအင်အားစုငါးခုလုံးကို ရောက်လာစေ၏။ သူတို့အားလုံးက ဂူတုံးလျှိုကို ခေါ်သွား လိုကြသည်။
ကောင်းကင် အာဏာစက် ပြည်ထောင်က ယခင် ရန်ငြိုးများကြောင့် ဂူတုံးလျှိုကို ခေါ်သွား လိုသည်ဆိုသော်လည်း အမှန်တကယ် အားဖြင့် ဂူထျန်းရှင်း အသက်ရှင် ကျန်သေးသလားဟူသော သံသယမေးခွန်းကို အတည်ပြုရန်သာ ဖြစ်သည်။ မဟုတ်လျှင် ဂူကလန်၏ နောက်ဆုံး အကြွင်းအကျန် မျိုးဆက်ငယ် တစ်ဦးကို သူတို့က မည်သို့ ဂရုစိုက်မည်နည်း။
ကောင်းကင်နတ်တံခါး ဂိတ်ကလည်း ဂူတုံးလျှိုကို စိတ်ရင်းဖြင့် ကာကွယ်လိုကြောင်း မည်သူမှ မယုံကြည်ပေ။ သူတို့တွင်လည်း အကြံအစည် တစ်ခုခု ရှိနိုင်ပေသည်။
“ခရမ်းရင့်မြေအောက် လောကက ဒီလူကို ခရမ်းရင့် ကောင်းကင်နန်းတော်ဆီကို လက်လွှဲပေးဖို့ ဆန္ဒရှိသလား မေးသင့်တယ်” ပြောလိုက်သူကား ဗြဟ္မာသန့်စင် ကောင်းကင်၏ နတ်မိမယ် ဖြစ်ပေသည်။ ထိုအခိုက်တွင် မျက်လုံးများ အားလုံးက ခရမ်းရင့် မြေအောက် အင်ပါယာထံသို့ ရောက်လာသည်။
ထိုအင်ပါယာက ဗြဟ္မာသန့်စင် နတ်မိမယ်အား အေးစက်စွာ တစ်ချက်ကြည့်ကာ တခြား လူများက သူ့အား ပစ်မှတ်ဖြစ်စေရန် သွေးထိုး နေခြင်းလောဟု သူက တွေးနေသည်။
ခရမ်းရင့် မြေအောက်လောကက ခရမ်းရင့် ကောင်းကင်နန်းတော်၏ ဘက်တွင် ဖြစ်နေလျှင်ပင် လက်ရှိ အခြေအနေတွင် သူတို့၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြုလုပ်၍ မရပေ။
တခြားသော ထိပ်သီး အင်အားစုလေးခုအား ဆန့်ကျင်ခြင်းက ကြီးမားသော အကျိုး သက်ရောက်မှုအား ဖြစ်စေနိုင်ပေသည်။
အင်အားစုများ အားလုံးက ဂူတုံးလျှိုကို ခေါ်သွားလိုကာ အခြေအနေက ဘေးကျပ်နံကျပ်ဖြစ်လာသည်။
“ကောင်းပြီ။ ခင်ဗျားတို့ ဒီလူကို ဒီလောက် လိုချင်နေမှတော့ ဘာလို့ မတိုက်ခိုက်ကြတာလဲ။ အနိုင်ရသူက ခေါ်သွားပေါ့။ ကောင်းကင် အာဏာစက်ဘုံက ထိပ်သီးတွေ ဘယ်လောက် စွမ်းတယ်ဆိုတာ ကြည့်ရအောင်” နတ်ဘုရားတောင်ကုန်း တစ်သောင်းမှ လူကြီးက ပြုံးလျှက်ပြောသည်။
ထို့အပြင် သူက ဂူတုံးလျှိုအား ခေါ်သွားလိုသည်ဟု မပြောခဲ့ပေ။ သူတို့က ပွဲကြည်ရန် လာသည်နှင့် ပိုတူ၏။
အားလုံးက တိတ်ဆိတ်သွားကြသည်။ ခရမ်းရင့် မြေအောက် လောကအပါအဝင် အဆင့်နိမ့် အင်အားစုရှစ်ခုမူကား သည်ကိစ္စတွင် ဝင်ရောက် စွက်ဖက်နိုင်စွမ်း မရှိပေ။ ထိပ်သီးအင်အားစုငါးခု ရင်ဆိုင်သည်ကိုသာ သူတို့က ကြည့်ရှုနိုင်ကြသည်။
ရီဖူရှင်းကလည်း ကောင်းကင်ကို ကြည့်သည်။ သည်လူများ အားလုံးမှာ ကောင်းကင် အာဏာစက်ဘုံ၏ ထိပ်သီးများ ဖြစ်ကြ၏။
သူ၏ အစ်ကို(၃)ကား ထိုလူများကို တစ်ကြိမ်တစ်ခါမှ သိမြင်ဖူးခြင်း မရှိပေ။ သို့သော်လည်း ထိုလူများ အားလုံးမှာ အစ်ကို(၃)၏အသက်ရှင်ခြင်း သေခြင်းကို ဆုံးဖြတ်ကြမည် ဖြစ်သည်။
“ကျုပ်တို့က ဘာလုပ်ရမယ် မသိမှတော့ ဒါကို ဘာလို့ အဆုံးမသတ်ရမှာလဲ” နောက်ထပ် အသံတစ်သံကို ကြားရသည်။ ပြောလိုက်သူကား ကောင်းကင်အာဏာစက် ပြည်ထောင်မှ ရန်ဟောင်တစ်ပါး ဖြစ်သည်။ သူ၏ဂူတုံးလျှို အပေါ် ကြည့်နေသော အကြည့်မှာ သေလူကို ကြည့်ခြင်းနှင့် မခြားပေ။
ထိုတန်ခိုးရှင်က ရှေ့ကို တက်လာကာ သူ၏ဖိအားကို ဂူတုံးလျှိုထံသို့ ကျဆင်းစေသည်။ ထိုရန်ဟောင်က ငုံ့ကြည့်ကာ ပြောသည် “မင်းကို အောက်ဘုံသို့ ခေါ်သွားတဲ့လူက ဘယ်သူလဲ”
သူပြောလိုက်ဟန်ကား တစ်ဘက်လူက သူ့အား ခစားစေလိုသော ပုံစံမျိုးဖြစ်သည်။ ဂူတုံးလျှို၏ စိတ်နယ်ပယ်က ယိုင်နဲ့သွားကာ သူသည် ပုံရိပ်ယောင်များအား စတင်မြင်ယောင် လာ၏။ ကြီးမြတ်သော ရန်ဟောင် တန်ခိုးရှင်သည် သူ၏ စိတ်နယ်ပယ်ထဲတွင် သူ့အား လာရောက် စစ်ကြော မေးမြန်းသည်။
ဂူတုံးလျှိုက သူ၏လျှာကို ကိုက်ကာ စကားပြောရန် ငြင်းဆန်သည်။
“ပြောစမ်း” ပြည်ထောင်မှ ရန်ဟောင်က သူ့အား ဆက်လက်၍ ဖိအားပေးသည်။ ရန်ဟောင်၏ အသံသည် သူ၏နားထဲတွင် အဆက်မပြတ် တုန်ခါနေကာ သူ၏ ခံနိုင်ရည်အားကို ဖျက်ဆီး၏။
တခြားလူများအားလုံးက အခြေအနေကို နားလည် ကြပေသည်။ အင်အားစုငါးခုသည် ဂူတုံးလျှို သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ သည်နေရာတွင် ဖြေရှင်းရန် ဆုံးဖြတ် ထားကြဟန်ရသည်။
မရေမတွက်နိုင်သော အသံများ သူ၏နားထဲကို ဝင်လာနေခဲ့ကာ သူ၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့တွလာ၏။
တစ်ဖက်လူ၏ စွမ်းအားမှ သူသည် သတ်ဖြတ်လိုသော အငွေ့အသက်များအား ခံစား နေရပေသည်။
“ကျုပ်မသိဘူး” ဂူတုံးလျှိုက အပေါ်ကို မော့ကြည့်ကာ အေးစက်စွာ ပြောသည်။
ထိုအခိုက်တွင် ခရမ်းရင့် ကောင်းကင်နန်းတော်မှ ရန်ဟောင်သည် ပြင်းထန်သော မိုးကြိုး အလင်းများ သူ့မျက်လုံးမှ ထုတ်လွှတ် လိုက်သည်။
“မင်းက ထူးခြားဆန်းပြားတဲ့ နည်းလမ်းနဲ့ လေ့ကျင့်ဖူးလား” ခရမ်းရင့် ကောင်းကင်နန်းတော်မှ ရန်ဟောင်က မေးသည်။ မိုးကြိုးလျှပ်စီးသည် ဂူတုံးလျှို၏ စိတ်ထဲကို ဝင်လာလျှင် သူ့ဆံပင်များကို ယိမ်းခါစေခဲ့သည်။ သူ၏စိတ်က အက်ကွဲကြောင်းများ ထင်လာသည်ဟု ခံစားရ၏။ သူ့မျက်နှာသည် ပြင်းထန်သော နာကျင်မှုကို ခံစားရဟန် ပေါ်လာသည်။
“ငါမင်းကို မေးနေတယ်” ဂူတုံးလျှို နှုတ်ဆိတ်နေသည်ကို မြင်လျှင် ခရမ်းရင့် ကောင်းကင် နန်းတော်မှ တန်ခိုးရှင်က နောက်ထပ်တစ်လှမ်း တက်လိုက်သည်။ လျှပ်စီးတန်း တစ်ခုသည် ဂူတုံးလျှို၏ စိတ်ထဲကို ဝင်လာကာ သူ့သက်စောင့် ဝိညာဉ်အား အသက်ဝင်စေ၏။
သူက ဂူတုံးလျှို၏ အလားအလာ မည်မျှရှိသည်၊ ဂူကလန်သည် ယခင်နှစ်များစွာက မည်သို့သော အကွက်မျိုး ခင်းခဲ့သည်ကို ဆွဲထုတ်လိုသည်။
ဂူတုံးလျှို၏ ခန္ဓာကိုယ်က တုန်ယင်လာခဲ့သော်လည်း သူကား ခေါင်းမော့ကာ ကောင်းကင်ထက်မှ နတ်ဘုရားအလား ပုဂ္ဂိုလ်ကို အေးစက်နီရဲသော မျက်လုံးများဖြင့် ကြည့်နေဆဲ ဖြစ်သည်။
သည်လူများမှာ ကောင်းကင် အာဏာစက်ဘုံ၏ ထိပ်သီးများ ဖြစ်ကြသော်လည်း သူ့လိုရှန့်ထိုငယ် တစ်ယောက်ကို အနိုင်ကျင့်နေကြသည်။
မည်သူမှ မတားဆီးကြသလို မည်သူကမှလည်း တားဆီးရဲဟန် မတူပေ။
“တုံးလျှို” ဓားသခင်၏ မျက်လုံးများက မိစ္ဆာအငွေ့အသက်များ ယှက်သန်း လာခဲ့သည်။ ရီဖူရှင်းကလည်း လက်သီးကို တင်းတင်းဆုပ် ထားမိ၏။
“စီနီယာ …” ရီဖူရှင်းက အော်ဟစ်သည် “ခင်ဗျားက ဒီမတိုင်ခင် သူ့ကို အတင်းဖိအား မပေးတော့ဘူးလို့ ပြောခဲ့တယ်”
ခရမ်းရင့် မြေအောက် အင်ပါယာက ရီဖူရှင်းအား မျက်နှာသေဖြင့် ကြည့်သည်။ သူတစ်ယောက်တည်းသာ မဟုတ်ပေ။ တခြားသော အင်ပါယာများ အားလုံးကလည်း ရီဖူရှင်းအား သနားစဖွယ် ကောင်လေး တစ်ဦးအလား ကြည့်ကြသည်။
ရီဖူရှင်းကား ဝူထူနတ်တောင်၏ အကန့်အသတ်ကို ချိုးဖျက်ခဲ့ပေသည်။ သူသည်သာ ယနေ့ ယခုအချိန်တွင် တစ်လောကလုံး၌ ကျော်ကြားလာရမည့်သူ ဖြစ်သော်လည်း ယခုတွင် အားလုံးက ဂူမျိုးနွယ် မျိုးဆက်ကိုသာ အာရုံစိုက်နေကြပေသည်။
သူသည် ခရမ်းရင့် မြေအောက်လောကကို မဝင်ရောက်နိုင်သလို အင်ပါယာ လက်အောက်၌လည်း လေ့ကျင့်ခွင့်မရှိတော့ပေ။ ယခု သူ့ရှေ့တွင် ရက်စက်သော မြင်ကွင်းအား ကြည့်မြင်ရကာ ထိုအတွက် မည်သို့မှ လုပ်နိုင်စွမ်းမရှိပေ။
မည်သူမျှ ဘာမှ မပြောကြပေ။ ခရမ်းရင့်မြေအောက် အင်ပါယာသည်ပင် တိတ်ဆိတ်နေသည်။ အရာအားလုံးက သူ၏ထိန်းချုပ်မှုထဲမှ လွတ်နေပြီ ဖြစ်သည်။
“အမှန်ကိုပြောလိုက်။ မင်းခံစားနေရတာတွေ သက်သာသွားလိမ့်မယ်” ဗြဟ္မာသန့်စင် ကောင်းကင် နတ်မိမယ်က ဂူတုံးလျှိုအား ဂရုဏာသက်စွာ ပြောသည်။ ဂူတုံးလျှိုသည် သူ၏ ဇာစ်မြစ်ကိုပင် သိဟန်မတူဟု သူမက တွေးထင်မိသည်။
သို့သော်လည်း သူ၏ မျိုးရိုးနာမည်က ဂူဖြစ်နေခြင်းသည်ပင် ပြဿနာမဟုတ်ပါလား။
တခြားလူများက မည်သို့လုပ်မည်ကို မရှင်းလင်းသော်လည်း ကောင်းကင်အာဏာစက် ပြည်ထောင်ကတော့ သူ့အား အသက် ရှင်ခွင့်ပေးမည် မဟုတ်ပေ။
“အားလုံး တော်လောက်ပြီ” ကောင်းကင် နတ်တံခါးမှ စွမ်းအားမြင့်တန်ခိုးရှင်တစ်ဦးက အားကောင်းသော စွမ်းအားလှိုင်း တစ်ခုအား ထုတ်လွှတ်လိုက်၏။ အားလှိုင်းသည် ယင်ယန် စက်ဝန်း အသွင်သို့ ပြောင်းကာ တစ်ဖက် အင်ပါယာများ၏ ဖိအားများကို တားဆီး၏။
“ခင်ဗျား ဘာလုပ်တာလဲ” ကောင်းကင် အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်က အေးစက်စွာ မေးသည်။
“သူ ဘာမှ မသိတာလည်း ဖြစ်နိုင်တာပဲ။ အရင်နှစ်တွေက ဖြစ်ရပ်တွေအပေါ် လူငယ်မျိုးဆက်က ဘယ်လို အကျိုးသက်ရောက်မှု ရှိတော့မှာလဲ။ ခင်ဗျားတို့ နည်းနည်းလွန်တယ် မထင်ဘူးလား” ကောင်းကင် နတ်တံခါးမှ တန်ခိုးရှင်က အေးစက်စွာ ပြောသည်။
“ဂူကလန်က တစ်ယောက်ယောက် အသက်ရှင် နေသေးသရွေ့ ဒါက မပြီးသေးဘူး” ကောင်းကင် အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်က ရင့်သီးစွာ ပြောသည်။
သူတို့နှစ်ဦး၏ စကားများက ကြည့်နေသူများ အားလုံးကို စိတ်လှုပ်ရှားစေသည်။ ဂူတုံးလျှိုကြောင့် ကောင်းကင် နတ်တံခါးနှင့် ကောင်းကင် အာဏာစက် ပြည်ထောင်တို့ တိုက်ပွဲ ဖြစ်ပွားမည်လား အားလုံးက သိလိုကြသည်။
ပြည်ထောင်မှ ရန်ဟောင်၏ ကြီးမားသော အရှိန်အဝါသည် ဂူတုံးလျှိုထံသို့ ကျဆင်းလာခဲ့ကာ တစ်ဘက်မှ ကောင်းကင် နတ်တံခါးမှ တန်ခိုးရှင်၏ စက်ဝန်းနှင့် ရင်ဆိုင်မိသည်။
ထိုမြင်ကွင်းက လူတိုင်းကို စိတ်ဝင်စားစေသည်။ ထိုထိပ်တိုက် ရင်ဆိုင်မှုက ဂူတုံးလျှို၏ ခန္ဓာကိုယ် တောင့်ခံနိုင်သော အရာမဟုတ်ရာ သူသည် အချိန်မရွေး ပျက်စီး သေဆုံးသွားနိုင်သည်။
“မင်းက အောက်ဘုံကို သွားလေ့ကျင့်တယ်။ အခု ဘာလို့ ပြန်လာတာလဲ” ကောင်းကင် နတ်တံခါးမှ တန်ခိုးရှင်က မေးသည်။ သူသည် ဂူကလန်၏ နောက်ဆုံး လက်ကျန်မျိုးဆက် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ကောင်းကင် အာဏာစက် ပြည်ထောင်၏ သဘောထားအရ တစ်ဖက် လူများသည် သူ့အား အသက်ရှင်ရက် လွှတ်ပေးမည် မဟုတ်သည်မှာ သေချာ၏။
“ပြောစမ်း” ခရမ်းရင့် ကောင်းကင်နန်းတော်မှ ရန်ဟောင်က ကြီးမားသော ဖိအားကို ထုတ်လွှတ်ကာ လျှပ်စီးတန်းအား ဂူတုံးလျှို၏ ဝိညာဉ်သို့ ကျရောက်စေသည်။ လျှပ်စီးတန်းသည် ဂူတုံးလျှို၏ သက်စောင့်ဝိညာဉ်ကို ဖြတ်သန်းသွာကာ သူ့ခန္ဓာကိုယ်က အချိန်မရွေး ပြိုလဲတော့မည့်ဟန် ဖြစ်လာသည်။
ဂူတုံးလျှို၏ အကန့်အသတ်က မည်သည့်နေရာတွင် ရှိသည်ကို သူသိလိုသည်။ ဂူတုံးလျှို၏ လျှို့ဝှက်ချက်အား သူသိမြင်လို၏။
***