ခရမ်းရင့် မြေအောက်လောကတွင် လူတစ်ယောက်အား ထိန်းသိမ်းထားသော လူတစ်စု ပေါ်လာ၏။
လှေကားထစ် အောက်တွင် ရီဖူရှင်းက ထိုနေရာကို လှမ်းကြည့်ရာ ဖမ်းခံ ထားရသောသူမှာ ဂူတုံးလျှို ဖြစ်နေသည်ကို တွေ့ရသည်။
“တုံးလျှို” ဓားသခင်၏ ကိုယ်ပေါ်တွင် ဓားစွမ်းအားများ တဖျတ်ဖျတ် လှုပ်ခတ်လာသည်။ ထိုအခိုက်တွင် ဂူတုံးလျှိုသည် အနည်းငယ် မောပန်း နေဟန်ရ၏။
ကျင့်ကြံသူများမှာ ပုံမှန်အားဖြင့် မောပန်းနွမ်းနယ်သည့်ပုံဟန်မရှိပေ။ အထူးသဖြင့် ရှန့်ထိုများမှာ ထိုသို့မဖြစ်နိုင်ပေ။ ထူးခြားသော အခြေအနေ တစ်ခုခုမှသာ မောပန်းသော ပုံစံဖြစ်နိုင်ပေသည်။
မြေအောက်လောက အင်ပါယာအနေဖြင့် ဂူတုံးလျှိုကို အပြင်းအထန် ထိခိုက်အောင် ဘာမှလုပ်မည် မဟုတ်သော်လည်း သည်ရက်ပိုင်းအတွင်း ဂူတုံးလျှိုကို ဖမ်းဆီးထားပြီး သည်အတိုင်း ထိုင်ကြည့်နေမည် မဟုတ်သည် ကတော့ သေချာသည်။
သည်လူများက ဂူတုံးလျှိုထံမှ မည်သည့်အရာကို လိုချင်နေကြသနည်း။
ဂူတုံးလျှိုက ကောင်းကင်ထက်မှ လူကို ကြည့်သည်။ သူ၏ မျက်လုံးများက ခံစားချက်များ ကင်းမဲ့၏။
ယခုအချိန်အထိ သူသည် မည်သည့် အပြစ်များ လုပ်ခဲ့သည်ကို နားမလည်သေးပေ။
သည်လူများက သူ့ကို ဖမ်းဆီးပြီးနောက်တွင် သူ့အား စစ်ဆေး မေးမြန်းခဲ့ကြကာ သူ့စိတ်နယ်ပယ် ထဲကိုပင် အတင်း ဝင်ရောက် စူးစမ်းခဲ့ကြ၏။
ယခု သည်လူများက သူ့အား တစ်စုံတစ်ယောက် ထံသို့ ပေးပို့မည့်ဟန် ရနေသည်။ သူ၏ ရှန့်ထို အဆင့်မျှဖြင့်ပင် သူကား မည်သည့်မှ ခုခံနိုင်စွမ်းမရှိခဲ့ပေ။
သူတို့ ယုံကြည် ကိုးကွယ်သူများ၏ မျက်လုံးထဲတွင်မူကား သူသည် စာရွက်တစ်ရွက်အလား ပျော့ညံ့ လွန်းပေသည်။
ခရမ်းရင့် ကောင်းကင်နန်းတော်မှ လူများက ဂူတုံးလျှိုကို လှမ်းကြည့်ကာ သူ၏ ကိုယ်ရောင် ကိုယ်ဝါမှာ ထူးခြား ကောင်းမွန်သည်ဟု တွေးမိကြသည်။
“မင်းရဲ့ သက်စောင့်ဝိညာဉ်ကို ထုတ်လိုက်” ခရမ်းရင့် ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များက ဂူတုံးလျှိုကို အမိန့်ပေး လိုက်ကြသည်။
ဂူတုံးလျှိုက ထိုလူအား ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။
ဂူတုံးလျှို တိတ်ဆိတ် နေသည်ကို မြင်လျှင် ကြီးမားသော ဖိအားတစ်ခုသည် ဂူတုံးလျှိုထံသို့ တိုက်ရိုက် ကျဆင်းလာ၏။
ဖိအားကို အံတုကာ ဂူတုံးလျှိုသည် အပေါ်ကို အေးစက်စွာ ကြည့်နေဆဲဖြစ်သည်။
ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်သော ရန်ဟောင်တန်ခိုးရှင်သည် မျက်မှောင်ကြုတ် လိုက်ပြီးမှ သူ့မျက်လုံးထံမှ ကြောက်မက်ဖွယ် အလင်းတစ်ခုသည် ဂူတုံးလျှို၏ခန္ဓာကိုယ်ထဲသို့ တိုးဝင် သွားခဲ့သည်။
ထိုအခိုက်တွင် ဂူတုံးလျှို၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားခဲ့ကာ သူ့စိတ်အသိမှာ သူ့ကိုယ်ပိုင် မဟုတ်တော့သလို ခံစားလိုက်ရသည်။
ဘုန်း…
သက်စောင့်ဝိညာဉ် အလင်းတစ်ခု ပေါ်လာခဲ့ကာ ထိုအရာကား အင်မော်တယ် တစ်ပါး၏ ပုံရိပ်ယောင် ဖြစ်သည်။ သင်္ကေတကိုးခုသည် ထိုပုံရိပ်အား ဝန်းရံထားပြီး ကောင်းကင်နှင့် မြေပြင်တို့အား တုန်ဟီးစေသော အသံများအား ပေးနေသည်။
“အမှန်ပဲ” ခရမ်းရင့် ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများ အားလုံးက တိတ်တဆိတ် မှတ်ချက် ချကြသည်။ သူကား သံသယ ဖြစ်စရာမလိုအောင် ဂူကလန်မျိုးဆက် ဖြစ်သည်။
သို့သော်လည်း သူ၏ဝိညာဉ်မှာ သာမန်လူတစ်ယောက်၏ အဆင့်အတန်းတွင်သာ ရှိသည်။
ယခင် ဂူကလန် ထွန်းတောက်စဉ်ကနှင့် စာလျှင် သူ၏ သက်စောင့်ဝိညာဉ်ကား အလွန်ရိုးစင်း လွန်း၏။
အတိတ်တွင် ထိုအရူးကြီးဂူက သူ၏ သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်သော အခါ ကောင်းကင်နှင့် မြေပြင်၏ ကောင်းချီးပေးမှုကို ခံယူရရှိနိုင်ပေသည်။
ခရမ်းရင့်နန်းတော်မှ တန်ခိုးရှင်သည် ရှေ့ကို တက်လာခဲ့လျှင် သူ၏မျက်လုံးမှ နတ်ဘုရား အလင်းသည် တစ်ဖန်ထွက်လာခဲ့ပြန်၏။ မိုးကြိုးက လောကကို တုန်ခါစေကဲ့သို့ ၎င်းအလင်းသည် ဂူတုံးလျှိုထံသို့ တိုးဝင် လာခဲ့ပြန်သည်။
ဘုန်း…
ဂူတုံးလျှို၏ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူ၏ဆံပင်ရှည်သည် လေထဲတွင် ပြင်းထန်စွာ လွင့်နေပြီး စိတ်ဝိညာဉ် စွမ်းအားများက အထိန်းအချုပ် ကင်းမဲ့လာကာ သူ့သက်စောင့် ဝိညာဉ်သည်လည်း ပိုမိုအားကောင်း လာခဲ့တော့သည်။
ရန်ဟောင်တန်ခိုးရှင်က ရပ်တန့်ခြင်း မရှိဘဲ ရှေ့ကို တက်လာသည်။
ဂူတုံးလျှိုထံမှ ညည်းသံတစ်ချက် ထွက်လာသည်။ သူ့မျက်နှာက ရှုံ့တွနေ၏။ သူ၏ သက်စောင့်ဝိညာဉ်က အဆုံးစွန်အထိ ထုတ်လွှတ်ခဲ့ဟန် ရသည်။
သို့သော်လည်း ထိုမျှက ရန်ဟောင် တန်ခိုးရှင်၏မျှော်လင့်ချက်အား ပြည့်မီဟန်မတူ။
“ကျုပ် ကြိုးစားကြည့်ပြီးပြီ” ခရမ်းရင့် မြေအောက်အင်ပါယာက ပြောသည်။ ဂူတုံးလျှို၏ သက်စောင့်ဝိညာဉ်အား သည့်ထက် တွန်းအားပေး၍ ရဟန်မတူတော့။
သည်အဆင့်က ယခင် ဂူကလန်သွေးမျိုးဆက်များ၏အဆင့်နှင့် အလွန်ပင် ကွာဟ နေပေသည်။
“အကြီးအကဲက ရန်ဟောင်အဆင့်မှာ ဖြစ်ပြီးတော့ ဂျူနီယာ တစ်ယောက်ကို အနိုင်ကျင့် နေတာလား” ထိုအခိုက်တွင် အသံတစ်သံ ထွက်ပေါ်လာရာ အားလုံးက သူ့အား လှမ်းကြည့်လိုက်လျှင် ပြောလိုက်သူမှာ ဓားသခင် ဖြစ်နေသည်။
သူနှင့် ထိုလူများ၏ အဆင့်မှာ ကောင်းကင်နှင့် မြေပြင်အလား အလှမ်းကွာဝေးသည် မှန်သော်လည်း ဂူတုံးလျှို ထိုမျှ နှိပ်စက်ခံနေရသည်ကို ကြည့်ကာ အစ်ကိုကြီး တစ်ဦး အနေဖြင့် မည်သို့ သည်းခံနိုင်မည်နည်း။
ရန်ဟောင်တန်ခိုးရှင်က ဓားသခင်အား တစ်ချက် ကြည့်လိုက်လျှင် သူ့မျက်လုံးမှ မိုးကြိုး လျှပ်စီးတစ်ခု မွေးဖွားလာသကဲ့သို့ တဖျတ်ဖျတ် လက်သွားသည်။ ထိုအခိုက်တွင် ဓားသခင်သည် သူ့စိတ်နယ်ပယ် တစ်ခုလုံး တုန်ခါသွားကာ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။
ရန်ဟောင်တန်ခိုးရှင်၏မျက်နှာသည် သူဘာမှ မလုပ်ခဲ့သည့်အလား ခံစားချက် ကင်းမဲ့နေသည်။ သူက ရှင်းလင်းချက်ပေးရန် မလိုဟုလည်း တွေးထင်ဟန်ရသည်။
“အစ်ကိုကြီး” ရီဖူရှင်းကား အားလုံးကို မြင်သည်။ သူက လက်သီးကို တင်းတင်းဆုပ်ကာ လေထဲကို ကြည့်၏။ ဂူတုံးလျှိုက ရီဖူရှင်းတို့အား လှမ်းကြည့်ကာ ပြောသည် “ဝင်မပါနဲ့”
သည်အင်အားစုများ မည်မျှ အားကောင်းသည်ကို ဂူတုံးလျှိုသိပေသည်။ သူ၏စိတ်ထဲတွင် အလွန်ဒေါသ ထွက်နေသော်လည်း သူတို့အား ခုခံအံတုံ့ရန် မဖြစ်နိုင်သည်ကို ဂူတုံးလျှို သိပေသည်။
“ကျုပ် ခင်ဗျားတို့နဲ့လိုက်မယ်’ ဂူတုံးလျှိုက ခရမ်းရင့် ကောင်းကင်နန်းတော်မှ လူများကို ပြောသည်။
ခရမ်းရင့် ကောင်းကင်နန်းတော်မှ လူများကား ဘာမှ မပြောပေ။ ထိုဆုံးဖြတ်ချက်အား ဂူတုံးလျှိုက ပြုလုပ်ခွင့်မရှိပေ။
ဂုဏ်သိက္ခာကြီးမားကာ အင်အားကြီးသော ဂူကလန်၏ ခေတ်ကား ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူက ကောင်းကင်မှ တခြားနေရာအချို့ကို ကြည့်ကာ ပြောသည် “အားလုံး ရောက်နေမှတော့ ထွက်လာခဲ့ကြပါ”
ဂူတုံးလျှို၏ စကားမျှဖြင့် သူ့အား ခေါ်သွား၍ မဖြစ်သည်ကို သူသိပေသည်။ အရေးကြီးသည်ကား တခြား ရောက်လာနေကြသော အင်အားစုများ ဖြစ်ပေသည်။
လှေကားထစ် အောက်တွင် မရေမတွက်နိုင်သော တန်ခိုးရှင်များ စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်ကို ကြည့်လိုက်ကြသည်။
သည်မတိုင်ခင် ကောလာဟလများ အရ ထိပ်သီး အင်အားစုများသည် ခရမ်းရင့် မြေအောက်မြို့ကို ဝင်လာ ခဲ့ကြသည်ဟု ကြားကြရသည်။ ထိုသတင်းများကား အမှန်ဖြစ်ဟန်ရ၏။
ခရမ်းရင့် ကောင်းကင်နန်းတော်မှ ထုတ်ဖော် ပြောကြားရသည့် အင်အားစုများဆိုလျှင် သူတို့နှင့် အဆင့်အတန်းတူ ကလန်များ ဖြစ်ကြပေမည်။
“သူက ကျုပ်တို့ ကောင်းကင်နတ်တံခါးရဲ့ နောက်ဆုံး ဂူကလန် သွေးမျိုးဆက် ဖြစ်လို့ ကျုပ်တို့ခေါ်သွားမှ ဖြစ်မယ်” ထိုအခိုက်တွင် လေထဲမှ နတ်ဘုရား အလင်းများနှင့် အတူ ကြီးမြတ် ထည်ဝါသော ပုဂ္ဂိုလ်များ ဆင်းသက် လာကြသည်။
ကောင်းကင် အာဏာစက်ဘုံ၏တောင်ဘက်ကောင်းကင် ရောက်လာခဲ့ပြီ ဖြစ်သည်။
ကောင်းကင် နတ်တံခါးသည် ကောင်းကင် အာဏာစက်ဘုံ၌ ခရမ်းရင့် ကောင်းကင် နန်းတော်ကဲ့သို့ တူညီစွာ နာမည် ကျော်ကြားပေသည်။
ထို့အပြင် ဂူကလန်ကား ကောင်းကင်နတ်တံခါး၏ ထိပ်သီး ကလန်သုံးခုထဲမှ တစ်ခုဖြစ်ကာ တခြားသော ကလန်နှစ်ခုကဲ့သို့ ဦးစီး ဦးဆောင်များ ဖြစ်ကြသည်။
နောက်ပိုင်းတွင် ဂူကလန် ဖျက်ဆီးခံရသောအခါ တခြားသော ထိပ်သီးကလန် နှစ်ခုလည်း အနည်းနှင့်အများ ထိခိုက်ခဲ့၏။ သို့သော်လည်း ထိုကလန်နှစ်ခုမှာလည်း တူညီစွာပင် အင်အားကြီးမားရာ ယနေ့အထိ ကောင်းကင် အာဏာစက်ဘုံတွင် ဆက်လက် ရပ်တည် နိုင်ခဲ့ကြပေသည်။
“အရင်တုန်းက မင်းတို့ ညှိနှိုင်းခဲ့ကြပြီးပြီ။ အခု ဒီမှာ ဘာလုပ်နေတာလဲ” သရော် လှောင်ပြောင်သော အသံနှင့်အတူ တန်ခိုးရှင်တစ်စု ရောက်လာသည်။ ထိုအုပ်စုသည်လည်း အလွန်စွမ်းအား ကြီးမားဟန် ရ၏။
“နတ်ဘုရား တောင်ကုန်းတစ်သောင်း…” လူအများအပြားက ရေရွက်ကြသည်။ နတ်ဘုရား တောင်ကုန်း တစ်သောင်း အင်အားစုသည် ကောင်းကင် အာဏာစက်ဘုံ၏ အရှေ့ဘက်နယ်တွင် တည်ရှိပေသည်။
ယနေ့ ထိပ်သီး အင်အားစုငါးခုလုံး ရောက်လာကြမည်လား။
အကြောင်းက ဂူကလန်၏ မျိုးဆက်တစ်ဦး ပေါ်ထွက် လာသောကြောင့်လား။ ဂူထျန်းရှင်းက ကောင်းကင် အာဏာစက်ဘုံကို မည်သို့သော သင်ခန်းစာများ ပေးခဲ့သနည်း။
ဂူကလန်၏ မျိုးဆက်တစ်ဦးက သည်တန်ခိုးရှင်များအားလုံး ပေါ်လာအောင် စွမ်းဆောင်နိုင်သည်လား။
“မင်းတို့ နတ်ဘုရားတောင်ကုန်းတစ်သောင်းက ဘယ်လို ကစားပွဲမျိုး ကစားချင်တာလဲ” ခရမ်းရင့် ကောင်းကင် နန်းတော်မှ တန်ခိုးရှင်တစ်ဦးက ရန်လိုစွာ မေးသည်။
“ကျုပ်တို့ကလည်း ပျော်စရာ လာရှာတာပါပဲ” အဖြူရောင်ဝတ် ရန်ဟောင်တစ်ပါးက ပြုံးလျက် ပြောသည် “ကျုပ်တို့က ဗြဟ္မာသန့်စင် ကောင်းကင်က မိတ်ဆွေတွေကိုလည်း တွေ့နိုင်သေးတယ်”
သူက ထိုသို့ပြောလိုက်သည်တွင် တခြားတစ်နေရာမှ ဆန်းကြယ်သော အရောင်အဝါများ ဖြစ်ပေါ်လာသည်။
လူတစ်စု ကောင်းကင်ထက်တွင် ပေါ်လာသည်။ သူတို့အားလုံးမှာ အမျိုးသမီးများ ဖြစ်ကြပြီး ပိုမိုထူးခြားသည်ကား သူတို့အားလုံး ချောမော လှပကြခြင်း ဖြစ်သည်။
သူတို့ ပေါ်လာသောအခါ ကောင်းကင်နှင့်မြေပြင်မှာ သူတို့အလှကြောင့် မှေးမှိန် သွားဟန်ရ၏။
“နတ်မိမယ်က ကိုယ်တိုင် ရောက်လာတာပဲ” ခရမ်းရင့် ကောင်းကင်နန်းတော်မှ တန်ခိုးရှင်က အသာအယာ ပြောသည်။ သူမကား ဗြဟ္မာသန့်စင် ကောင်းကင်၏ ပြိုင်စံရှား နတ်မိမယ်တစ်ပါး ဖြစ်ပေသည်။
သူမဘေးမှ လူများအားလုံးမှာ သူမလက်အောက်တွင် ကျင့်ကြံနေကြသော သမီးတော်များ ဖြစ်ကြပေသည်။
“ဗြဟ္မာသန့်စင် ကောင်းကင်”
ရီဖူရှင်းက ထိုမိန်းမလှလေးများကို လှမ်းကြည့်သည်။ သူတို့အားလုံးသည် ဗြဟ္မာသန့်စင် ကောင်းကင်၏ ဧကရီထံတွင် ခစားကြရသူများ ဖြစ်ကြပေမည်။
ထိုနေရာသည်ပင် ရီဖူရှင်း၏ရည်ရွယ်ချက်ဖြစ်ကာ သူသွားလိုသော နေရာလည်း ဖြစ်သည်။
ရှားရှင်းယွန်က ဗြဟ္မာသန့်စင် ကောင်းကင်မှ တန်ခိုးရှင်များ ရောက်လာသည်ကို မြင်လျှင် ဘေးမှ ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်း မည်သို့တွေးနေမည်ကို သူမသိလို၏။
ရီဖူရှင်းသည်လည်း အမှန်တကယ်ပင် ရှေ့ကို တက်ကာ သူတို့အား မေးမြန်းလိုသော်လည်း ထိုနတ်မိမယ်လေးများသည် သူ၏မေးခွန်းကို အရေးလုပ်မည် မဟုတ်သည်မှာ သေချာ၏။
ထို့အပြင် ထိပ်သီးအင်အားစုများ အားလုံး လာရောက်စုဝေးခြင်းက အစ်ကို(၃)ကြောင့် ဖြစ်နေသည်။
အခြေအနေကား အလွန်ရှုပ်ထွေး၏။
“ဂူကလန်ရဲ့မျိုးဆက်က ကျုပ်တို့နဲ့ပဲ ဆိုင်တယ်”
အမျိုးသမီးအုပ်စုရှိရာအရပ်မှ နောက်ထပ် အသံတစ်သံ ထွက်လာကာ လူတစ်စု ဆင်းသက် လာသည်။ သူတို့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါကား အလွန်အမင်း ကြီးမား၏။
“ကောင်းကင် အာဏာစက် ပြည်ထောင်”
လှေကားထစ်အောက်မှ လူများအားလုံး တုန်ယင် သွားကြသည်။ ကောင်းကင် အာဏာစက်ဘုံ၏ ထိပ်သီး အင်အားစုများ အားလုံး ရောက်လာကြပြီ ဖြစ်သည်။
‘ကောင်းကင်ဘုံ နတ်ဘုရား’ နာမည်သည် ‘ကောင်းကင် အာဏာစက်ဘုံ’၏ရှေးကျသော အင်အားစု ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့သည် ကောင်းကင် အာဏာစက်ဘုံ၏ တစ်ခုတည်းသော အာဏာ စိုးမိုးသူများဟု ဆိုနိုင်ပေသည်။
ယခုကား ကောင်းကင် အာဏာစက် ပြည်ထောင်သည် ကောင်းကင် အာဏာစက်ဘုံ၏ အလယ်ပိုင်း ဒေသကို အုပ်စိုးကာ တခြားသော တော်ဝင် အုပ်စိုးသူများထက် သူတို့၏အင်အားက ပိုမိုခိုင်ခံ့ ပေသည်။ သူတို့၏အခြေခံအုတ်မြစ်ကား အလွန်နက်ရှိုင်း၏။
ဂူကလန်၏ ဇာတ်သိမ်းကား ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ထိပ်တိုက် ရင်ဆိုင်မိသောကြောင့် ဖြစ်ပေသည်။
“သဘောမတူတဲ့သူရှိလား” ကောင်းကင်အာဏာစက် ပြည်ထောင်မှ ရန်ဟောင် တစ်ပါးက ပြောသည်။
အင်အားစုများ အားလုံးက ထိုအင်အားစုနှစ်ခု၏ ထိပ်တိုက် ရင်ဆိုင်မှုကို အသိနားလည်ဆုံး ဖြစ်ကာ အခြေအနေကို အကဲခတ် နေကြသည်။
ဂူထျန်းရှင်း အင်အားကြီးစဉ် အခါက သူသည် ကောင်းကင်အာဏာစက် ပြည်ထောင်အား သွေးချောင်း စီးစေခဲ့သည်။ သူကား အင်မော်တယ် ဖြစ်သွားခဲ့ကာ ကောင်းကင် အာဏာစက် ပြည်ထောင်၏ နန်းတော်ထဲကို ဝင်ရောက် တိုက်ခိုက်ခဲ့၏။
ထိုတိုက်ပွဲကား ဂူထျန်းရှင်း၏နာမည် အကျော်ကြားဆုံး တိုက်ပွဲဖြစ်သည်။
ကောင်းကင် အာဏာစက်ဘုံမှ ယခင်အင်ပါယာဟောင်းနှင့် လက်ရှိအုပ်စိုးသူ အင်ပါယာတို့ ပူးပေါင်းမှ သာလျှင် ဂူထျန်းရှင်းအား တားဆီးနိုင်ခဲ့သည်။ ထိုတိုက်ပွဲတွင် ဂူထျန်းရှင်းသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဂူကလန်လည်း အမြစ်ပြုတ်သုတ်သင်ခံခဲ့ရသည်။
၎င်းအတွက် ကောင်းကင် အာဏာစက် ပြည်ထောင်မှ ပေးဆပ်ခဲ့ရသည်ကား မျိုးဆက်တစ်ခုကို စိုးမိုးခဲ့ဖူးသော ယခင်အင်ပါယာဟောင်း သေဆုံးခဲ့ခြင်း ဖြစ်ပေသည်။ ဂူထျန်းရှင်း မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ခန့်မှန်းနိုင်၏။
ထိုတိုက်ပွဲက ကောင်းကင် အာဏာစက်ဘုံ တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
ထိုတိုက်ပွဲတွင် ကျဆုံးခဲ့သူများမှာလည်း မရေမတွက် နိုင်အောင် များပြားကာ ကောင်းကင်အာဏာစက် ပြည်ထောင်၌ သွေးစွန်းခြင်းက များလွန်းရကား ဂူမျိုးဆက်တစ်ခုလုံး အကြွင်းအကျန်ပင် ဆက်လက် မတည်ရှိနိုင်တော့သော အနေအထား ဖြစ်ပေသည်။
***