Switch Mode

အပိုင်း(၁၃၅၅)

ကောင်းကင်နန်းတော်မှ တမန်တော်

သို့သော် ဝူထူနတ်တောင်၏ မူလစံချိန်ကို ပထမဆုံးချိုးဖျက်ခဲ့သူ အနေနှင့် ရီဖူရှင်းသည် ထိုသို့သော ချီးမြှောက်မှုကို ပိုင်ဆိုင်သင့်ပေသည်။

အင်ပါယာကျီမင်ကို ဝန်းရံထားသည့် ရန်ဟောင်များကလည်း ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ကြည့်ရသည်မှာ ယနေ့တွင် အင်ပါယာ ကျီမင်သည် ရီဖူရှင်းကဲ့သို့ ကောင်းမွန်သော ပါရမီရှင်ကို လက်ခံ၍ ပြည့်စုံသော ကျင့်ကြံမှုများ ပြုလုပ်စေခဲ့လျှင် အနာဂတ်တွင် ကျန်းချန်ချင်းထက် လျော့ကျလိမ့်မည် မဟုတ်ပေ။

ဤလူသည် တစ်နေ့တွင် ဝူထူဆက်ခံသူအဖြစ် ကျန်းချန်ချင်းနှင့် တိုက်ပွဲပင် ဖြစ်နိုင်ပေသည်။

အနီးရှိ ရန်ဟောင်များသည်လည်း သူတို့၏ မျိုးဆက်အချို့ကို ခေါ်ဆောင်လာသည် ဖြစ်ရာ သူတို့သည် ရီဖူရှင်းကို စိတ်ဝင်စားမှုများနှင့် ကြည့်နေကြသည်။ သူတို့အားလုံးသည် နတ်တောင်ရှစ်ခု၏ ဂုဏ်သရေကို ဖန်တီးနိုင်မည့် သူများ ဖြစ်ကြသည်။ ဤသူက မည်သည့် ကျင့်စဉ်ကို အသုံးပြုခဲ့၍ ဝူထူနတ်တောင်၏ မူလစံချိန်ကို ချိုးဖျက်နိုင်ခဲ့ရသနည်း။

ရီဖူရှင်းသည် ကောင်းကင်ထက်မှ ပုံရိပ်ကို မော့ကြည့်လိုက်ပြီး အင်ပါယာကျီမင်ကို အရိုအသေ ပြုကာ ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ကျွန်တော် ဝူထူနတ်တောင်ကို  အောင်မြင်အောင် လုပ်ခဲ့တာ အရှင်မင်းကြီးနဲ့ တွေ့ဆုံပြီး တောင်းဆိုစရာလေး ရှိလို့ပါ”

“အိုး..” အင်ပါယာ ကျီမင်ထံတွင် ထူးဆန်းသော အကြည့်များ ထွက်ပေါ်လာပြီး သူ့အနီးမှ လူတိုင်းသည်လည်း အနည်းငယ် သံသယ ဖြစ်သွားခဲ့သည်။

“ပြောပါ” အင်ပါယာကျီမင်က ပြောလိုက်သည်။ သူက ရီဖူရှင်းကို တပည့်အဖြစ် လက်ခံရန် စဉ်းစား ထားသည် ဖြစ်ရာ တောင်းဆိုသမျှကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည် ဖြစ်သည်။

“ကျွန်တော့်ကို ခွင့်လွှတ်ပါ အရှင်မင်းကြီး” ရီဖူရှင်းက ပြောကာ တစ်ဖန် ဦးညွတ်လိုက်သည်။ “အရင်က အရှင်မင်းကြီးရဲ့ လူတွေ အင်ပါယာ ချီနယ်မြေကနေ လူတစ်ယောက်ကို ခေါ်ဆောင် သွားကြတယ်။ ကျွန်တော် ကြားတာတော့ အဲဒီလူက ကျီမင်နယ်မြေမှာ ရှိနေတယ်တဲ့။  သူ့ နာမည်က ဂူတုံးလျှို … သူက ကျွန်တော့်ရဲ့ စီနီယာ အစ်ကိုပါ။ အစ်ကို့ရဲ့ အတိတ်ကို ကျွန်တော် မသိဘူး။ ဒါပေမဲ့ သူက ဒီနေ့အချိန်ထိ အောက်ဘုံမှာ တစ်ဆင့်ချင်း ကျင့်ကြံလာခဲ့တာပါ။ ကျွန်တော် မျှော်လင့်တာက အရှင်မင်းကြီး  ကျွန်တော့်ရဲ့ စီနီယာ အစ်ကိုကို ခက်ခဲအောင် မလုပ်ဘဲ လွှတ်ပေး စေလိုပါတယ်။ ကျွန်တော် သေချာတာက အရှင်မင်းကြီး သိချင်တာ မှန်သမျှ ကျွန်တော့် အစ်ကိုက ပြောပြမှာပါ”

ရီဖူရှင်း ပြောလိုက်သည့် စကားက ကျယ်ပြောသည့် နေရာတခွင်ကို တိတ်ဆိတ် သွားစေသည်။ ယနေ့တွင် ကျီမင်တယ်မြေ၌ အရေးကြီးဆုံး ဖြစ်ရပ်နှစ်ခု ဖြစ်ခဲ့သည်။ တစ်ခုမှာ ဝူထူနတ်တောင် ဖွင့်လှစ်ခြင်း ဖြစ်ပြီး နောက်တစ်ခုမှာ ဂူကလန်၏ မျိုးဆက်နှင့်  မည်သို့ အကောင်းဆုံး ရင်ဆိုင်ရမည်လဲ ဆိုခြင်းပင် ဖြစ်သည်။

ယခု သူတို့ တွေ့ရှိရသည်မှာ ဝူထူနတ်တောင်၏ မူလ စံချိန်ကို ချိုးဖျက်ခဲ့သူသည် ဂူကလန် မျိုးဆက်အတွက် လာရောက်ခြင်း ဖြစ်ပေသည်။

ထို့ပြင် သူတို့နှစ်ယောက်သည် ညီအစ်ကို ဖြစ်သည်။

ဤလောကကြီးက အလွန်ပင် သေးငယ်လှသည်။

စီနီယာအစ်ကိုက ထူးခြားလှသည့် ဂုဏ်သရေရှိ မိသားစုမှ ဆင်းသက်လာသူ ဖြစ်ပြီး သူ၏ ဂျူနီယာ ညီလေးကတော့ ထူးခြားလှသည့် ပါရမီရှင် ဖြစ်သည်။

ထူးခြားလှသည့် လူများအကြားတွင် ဆက်သွယ်မှု အချို့ရှိသည်မှာ ဖြစ်နိုင်ပေသည်။

ကျန်းချန်ချင်းသည်လည်း ထူးဆန်းစွာ ကြည့်လိုက်သည်။ သူသည် ရီဖူရှင်းကို ကြည့်ရင်း နောက်ဆုံး၌ နားလည် သွားခဲ့သည်။ ရီဖူရှင်း၏ သူ့အပေါ်တွင် ထားရှိခဲ့သေူ သဘောထားမှာ သူ၏ နေရာကို စိန်ခေါ်လိုသောကြောင့် မဟုတ်ပေ။

ထိုသည်မှာ ဂူတုံးလျှိုကို ခေါ်ဆောင်လာသူမှာ သူ ဖြစ်နေသောကြောင့် ဖြစ်လေသည်။

ရီဖူရှင်းသည် ဝူထူနတ်တောင်၏ မူလစံချိန်ကို ချိုးဖျက်ခဲ့သည်။ သူသည် အခြားအရာများကိုသာ တောင်းဆိုလျှင် သူ၏ ဆရာက သူတို့ကို သဘောတူလိမ့်မည် ဖြစ်သည်။

သို့သော် သူ၏ တောင်းဆိုချက်မှာ ဂူကလန်၏ မျိုးဆက်ကို လွှတ်ပေးရန် ဖြစ်လေသည်။

ရှင်းလင်းစွာပင် ထိုသည်က မဖြစ်နိုင်ပေ။ ဆရာက ဤအခြေအနေကို လိုက်လျော လိုလျှင်ပင် အဓိကအင်အားစု ရှစ်ခုမှ ရန်ဟောင်များက မည်သူ့အတွက် ရောက်နေကြခြင်း ဖြစ်သနည်း။

ထို့ပြင် ရီဖူရှင်းသည် ဤတောင်းဆိုချက်ကို လူအများကြား၌ အမိအရ ပြုလုပ်ခဲ့သည်။ ထိုသည်က သူ၏ ဆရာကို ခက်ခဲအောင် ပြုလုပ်နေခြင်း ဖြစ်သည်။

နောက်ဆုံးတော့ သာမန်လူများ၏ အမြင်တွင် အင်ပါယာကျီမင် လုပ်ဆောင်ခဲ့သော ကိစ္စမှာ ဂုဏ်သိက္ခာ ရှိသည့် လုပ်ရပ်မျိုး မဟုတ်ပေ။ ရီဖူရှင်းက လွှတ်ပေးရန် တောင်းဆိုလျှင် သူက လိုက်လျော ပေးသင့်ပေသည်။ အဆုံးမှာတော့ ရီဖူရှင်းသည် ဂူတုံးလျှိုက မည်သည့် အမွေအနှစ်ကိုမှ မသိရှိဟု ဆိုခဲ့ပြီး သာမန် တန်ခိုးရှင်များကဲ့သို့ပင် နေထိုင်ခဲ့သည်ဖြစ်ရာ ရန်ဟောင် တစ်ပါးအနေနှင့် မည်သည့် အတွက် သူ့ကို ခက်ခဲ စေတော့မည်နည်း။

သို့သော် ထိုအတွက်ကြောင့်ပင် အင်ပါယာ ကျီမင်အတွက် ခက်ခဲနေခြင်း ဖြစ်ပေသည်။

“ဖြစ်နိုင်တာက မင်းလည်း ဂူကလန်အရေးကို သိပ်ပြီး ရှင်းလင်းမှာ မဟုတ်ဘူး။ သူက မင်းရဲ့ စီနီယာအစ်ကို ဆိုပေမယ့်လည်း ဂူကလန်ရဲ့ မျိုးဆက်တစ်ယောက် အနေနဲ့ မပတ်သက်လို့ မဖြစ်နိုင်တဲ့ အရာတွေ ရှိတယ်။ ကျုပ်က မင်းရဲ့ စီနီယာ အစ်ကိုကို ခက်ခဲအောင် မလုပ်ပါဘူး။ ဒါပေမဲ့ လက်ရှိမှာတော့ သူ့ကို မလွှတ်ပေး နိုင်သေးဘူး။ ပြီးတော့လည်း သူ့ကို မင်းဆီ လွှဲပေးလိုက်ရင်တောင် သူ့အတွက် လုံခြုံမှာ မဟုတ်ဘူး”

အင်ပါယာကျီမင်က ရီဖူရှင်းကို ပြောလိုက်သည်။

ရီဖူရှင်းသည် ဤရလဒ်ကို အစကတည်းက ခန့်မှန်းမိခဲ့ပြီး ဖြစ်သည်။ သူထံမှ စကား အနည်းငယ်မျှဖြင့် တစ်ဖက်လူက အစ်ကိုသုံးကို လွှတ်မပေးနိုင်သည်အား သူ သိရှိပေသည်။

သို့သော် အနည်းဆုံးတော့ သူတို့၏ ရပ်တည်ချက်ကို ရှာဖွေရန် လိုအပ်သည်။

“အရှင်မင်းကြီးက ခရမ်းရင့် ကောင်းကင်နန်းတော်ရဲ့ ဒဏ္ဍာရီရှစ်ခုထဲက တစ်ခုဖြစ်တဲ့ အမွေခံ ရန်ဟောင် တစ်ပါးပါ။ တခြားအကြီးအကဲတွေလိုမျိုး လောကကြီးမှာ သာလွန်တယ်။ ကျွန်တော်က အတိတ်မှာ ဂူကလန် ပါဝင်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါးတော့ ကြားထားတာ ရှိတယ်။ ဒါပေမဲ့ အစ်ကိုသုံးက ဘာတစ်ခုမှ သိမထားဘူး.. သူက အမည်ခံပဲ ရှိတာပါ။ ရန်ဟောင်အဆင့်ကို ရောက်သွားတဲ့ လူတွေက လောကကြီးက အရာအားလုံးကို သည်းခံ ခွင့်လွှတ်နိုင်တယ်လို့ ပြောကြတာမို့လို့ အတိတ်မှာ ဖြစ်ခဲ့တာတွေကို လက်လွှတ်ပေးပါလို့ အရှင်မင်းကြီးကို တောင်းဆို ပါတယ်”

ရီဖူရှင်းက ဦးညွတ် လိုက်သည်။ သူ၏ အသံသည် အစမှ အဆုံးထိ အလွန်ပင် ယဉ်ကျေးကာ မလေးမစားပြုမှု အနည်းငယ်မှပင် ရှိမနေပေ။ သူသည် ရိုးရှင်းစွာ တောင်းပန်နေခြင်း ဖြစ်သည်။

သူသည် မည်သူနှင့် ရင်ဆိုင်နေရသလဲ ဆိုသည်နှင့် သူနှင့်အခြားလူများအကြား ကွာခြားမှုကို ကောင်းစွာ နားလည် သဘောပေါက် ပေသည်။ သူ၏ အကြောင်းပြချက်က ကောင်းမွန်သော်လညိး လောကကြီးတွင် အရာရာကို လက်သီးကသာ အဆုံးအဖြတ် ပေးနိုင်ပေသည်။ သူသာ အဆင်အခြင်မရှိ ပြေးဝင်သွားရဲလျှင် သူ့အစ်ကိုကို မကယ်တင်နိုင်ရုံသာမက သူပင်လျှင် မည်သို့ သေမှန်းမသိ သေဆုံး သွားပေလိမ့်မည်။

အင်ပါယာကျီမင်သည် ရီဖူရှင်းကို ကြည့်လိုက်သည်။ ဤလူငယ်လေးသည် အလွန် ယဉ်ကျေးသိမ်မွေ့ပြီး လေးစားမှုအပြည့် ရှိသော်လည်း သူသည် ရီဖူရှင်းက အတော်လေး တွက်ချက် တတ်သည်ကို မြင်နိုင်ပေသည်။ ရီဖူရှင်းက ဤသို့သော အမူအရာမျိုးကို ဖော်ပြခြင်းဖြင့် ဂူတုံးလျှိုကို သူ၏ လက်ထဲ၌ ကြာကြာ သိမ်းဆည်း ထားနိုင်မည် မဟုတ်ဘဲ ကိစ္စများကို ခက်ခဲသွားစေသည်။

မဟုတ်လျှင် သူတို့ကို အဆိုးမြင် သွားစေလိမ့်မည် ဖြစ်သည်။

သို့သော် ရီဖူရှင်းသည် ကောင်းကင် အာဏာစက်ဘုံတွင် ဂူကလန် မျိုးဆက်၏ လွှမ်းမိုးမှုကို လျှော့တွက် ထားပေသည်။

“မင်းက အတိတ်တုန်းက ဂူကလန် ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို မသိဘူး။ အင်ပါယာကျီမင်က ဒါကို ကိုယ်တိုင် ဖြေရှင်းမှာပါ။ အခု ဆရာက မင်းကို ကျီမင်နယ်မြေမှာ နေပြီး ဆရာ့တပည့် အဖြစ်နဲ့ ကျင့်ကြံချင်လားလို့ မေးနေတယ်” အင်ပါယာကျီမင်၏ နောက်တွင် ရှိနေသော ကျန်းချန်ချင်းက ပြောလိုက်သည်။ ထိုအချက်က ရီဖူရှင်းသည် ဂူတုံးလျှို အတွက်ကြောင့်သာ လာခြင်း ဖြစ်ပြီး အင်ပါယာကျီမင် လက်အောက်သို့ ဝင်ရောက်ရန် စိတ်ကူးမရှိကြောင်းကို လူတိုင်း မြင်တွေ့နိုင်ပေသည်။

ကျန်းချန်ချင်း၏ မေးခွန်းသည် ရီဖူရှင်းကို တိုက်ရိုက်ဖြေစေရန် ဖိအားပေးနေသည်။

“အရှင်မင်းကြီးသာ ကျွန်တော့် အစ်ကိုကို လွှတ်ပေးဖို့ ဆန္ဒရှိရင် သူ့ကို ဒီမှာ ကျင့်ကြံစေပြီး ကျွန်တော်ကလည်း အရှင်မင်းကြီး လက်အောက်မှာ ကျင့်ကြံဖို့ သဘောတူပါတယ်” ရီဖူရှင်းက ဦးညွှတ်ကာ လေးစားမှု အပြည့်ဖြင့် ပြောလိုက်သည်။

အကယ်၍ အင်ပါယာကျီမင်သာ သူ့ အစ်ကိုသုံးကို လွှတ်ပေးပြီး လုံခြုံရေးကို ကာကွယ်ပေးမည် ဆိုလျှင် သူသည် သူ့ကိုယ်သူ ယုံကြည်ထိုက်သူ ဖြစ်ကြောင်း သက်သေပြနိုင်မည် ဖြစ်ကာ သူ့လက်အောက်မှာ ကျင့်ကြံရန် မသင့်လျော်သည်မျိုး ရှိလိမ့်မည်မဟုတ်ပေ။

အင်ပါယာကျီမင်သည် ရီဖူရှင်းကို ကြည့်လိုက်သည်။ အင်အားစုရှစ်ခုမှ ရန်ဟောင်များ သည်လည်း ထူးဆန်းသည့် အကြည့်များ ဖြစ်လာခဲ့သည်။

ရီဖူရှင်းသည် အင်ပါယာ ကျီမင်အတွက် ကိစ္စများကို ခက်ခဲအောင် ပြုလုပ်နေသည်။

ဝူထူနတ်တောင်၏ မူလစံချိန်ကို ချိုးဖျက်ခဲ့သော သူဖြစ်သော်လည်း အင်ပါယာကျီမင်က ဂူတုံးလျှိုကို လွှတ်ပေးရန် ဆန္ဒ မရှိသည့်အတွက် သူကလည်း အင်ပါယာ ကျီမင်လက်အောက်သို့ ဝင်ရောက်ရန် ငြင်းဆန်လေသည်။ ထိုသည်က လူအများကြားတွင် အတင်းအဖျင်းများ ဖြစ်လာ စေလိမ့်မည်။

“ရဲတင်းလိုက်တာ”

ကျန်းချန်ချင်းက အေးစက်စွာ ပြောလိုက်သည်။ “ဆရာ့အတွက် တပည့်လက်ခံတာက အရေးကြီးတဲ့ ပွဲကို မင်းက အလဲအလှယ် လုပ်ချင်နေတာလား”

အင်ပါယာကျီမင်၏ လူများသည် ရီဖူရှင်းကို စူးစူးရဲရဲ ကြည့်လိုက်ကြသည်။ အင်ပါယာသည် ရီဖူရှင်း၏ ပါရမီကြောင့်သာ တပည့်အဖြစ် လက်ခံခြင်းဖြစ်သည်။

သို့သော် ရီဖူရှင်းသည် အင်ပါယာကျီမင်အား အကျဉ်းသားကို လွှတ်ပေးစေချင်နေသည်။

ရီဖူရှင်းသည် ကျန်းချန်ချင်းကို အေးစက်စွာ ကြည့်လိုက်သည်။ ဤကျန်းချန်ချင်းသည် တမင်သက်သက် ဆွပေးကာ အခြေအနေကို မဆိုးဆိုးအောင် လုပ်နေသည်။

“အရှင်မင်းကြီး အဲဒါက ကျွန်တော့် ရည်ရွယ်ချက်မဟုတ်ပါဘူး။ ကျွန်တော်က စီနီယာအစ်ကို လုံခြုံပြီး အန္တရာယ် ကင်းတာကိုပဲ လိုချင်တာပါ” ရီဖူရှင်းက အင်ပါယာကျီမင်ကို ရှင်းပြလိုက်သည်။

အင်ပါယာက သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “မင်း ပြောချင်တာကို ကျုပ် နားလည်ပြီမို့ သွားလို့ ရပြီ”

နတ်တောင်၏ မူလစံချိန်ကို ချိုးဖျက်နိုင်ခဲ့သူ အတွက် သူသည် ရီဖူရှင်းကို ဆက်ခံသူအဖြစ် လက်ခံရန် ဆန္ဒရှိပြီး ထိုသည်က အနာဂတ်တွင် ကျီမင်နယ်မြေ၌ နောက်ထပ် အစွမ်းထက် သူတစ်ဦး ပေါ်ထွန်း လာစေလိမ့်မည် ဖြစ်သည်။

သို့ပေမဲ့ ဂူတုံးလျှိုက ပါဝင်ပတ်သက် လာသည့်အတွက် ထိုသည်က မဖြစ်နိုင်တော့ပေ။

အထူးသဖြင့် ယခုတွင် သူသည် ဂူတုံးလျှိုကို ထိန်းသိမ်းထားရန်ပင် ခက်ခဲနေပြီ ဖြစ်သည်။

ရီဖူရှင်းသည် အင်ပါယာ၏ စကားများကို ကြားသည့်အခါ ယနေ့တွင် ဂူတုံးလျှိုကို လွှတ်ပေးရန် မဖြစ်နိုင်တော့သည်ကို နားလည်လိုက်သည်။

သူသည် အင်ပါယာကို ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြန်ဆုတ်ခွာ လိုက်သည်။

“တခြားလူတွေလည်း ဆန္ဒရှိရင် ကျီမင်နယ်မြေမှာ ကျင့်ကြံနိုင်တယ်။ ဆန္ဒမရှိတဲ့ လူကတော့ သွားလို့ရပြီ” အင်ပါယာက ကျန်သည့် လူအုပ်ကို ပြောလိုက်သည်။

လူတိုင်းသည် ရီဖူရှင်း၏ တောင်းဆိုမှုကြောင့် အင်ပါယာ၏ စိတ်အခြေအနေက သိပ်မကောင်းသည်ကို သိရှိ လိုက်ပေသည်။

ထို့ကြောင့် သူတို့ကို ကိုယ်တိုင် ဆုံးဖြတ်စေ၍ မည်သည်ကိုမှ ထပ်မပြောတော့ပေ။

များပြားလှသော လူများမှာ အင်ပါယာ ကျီမင်နယ်မြေ၌ ကျင့်ကြံရန် ဆန္ဒရှိကြသော်လည်း လူနည်းစုသာလျှင် ငြင်းပယ် ကြပေသည်။

ရီဖူရှင်းသည် အောက်ဘက်မှ လူစုထံသို့ ပြန်လာခဲ့ပြီး ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

သိသာစွာပင် သူသည် နတ်တောင်ရှိ မူလစံချိန်ကိုပင် ချိုးဖျက်ခဲ့သော်လည်း သူ၏ အင်အားမှာ မလုံလောက်သေးပေ။ ဤမျှလောက်သော ပါရမီသည်ပင် အင်ပါယာကို လူလွှတ်ပေးစေနိုင်ရန် မလုံလောက်ခဲ့ပေ။

“မင်း လုပ်နိုင်သမျှ လုပ်ခဲ့ပြီးပါပြီ။ ကံကြမ္မာကို အပ်ထား လိုက်တာပေါ့” သူ၏ ဘေးမှ ချင်ရွှမ်ကန်းက ခပ်တိုးတိုး ပြောလိုက်သည်။ ရှားရှင်းယွန်သည် သူ့ကို ကြည့်လိုက်သည်။ ရီဖူရှင်းက တကယ်ပင် အကောင်းဆုံး ကြိုးစားခဲ့ပြီး ဖြစ်သည်။

ယနေ့ သူ့အဆင့်အတန်းသည် သူ၏ အထက်မှ ရန်ဟောင် တစ်ပါးနှင့် နှိုင်းယှဉ်ရလျှင် အတော်လေး ဝေးကွာ နေသေးတာကြောင့် အခြားသူများကို သက်ရောက်စေရန် မလုံလောက်ခဲ့ပေ။

သူသည် ဝူထူ နတ်တောင်ပေါ်တွင် သမိုင်းတစ်ခု ဖန်တီးခဲ့ပြီး ကောင်းကင်မိုးကြိုး ထောင်ချီ လမ်းစဉ်ကို ဆက်ခံခဲ့လျှင်ပင် မလုံလောက်သေးပေ။

“အင်း” ရီဖူရှင်းက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး မည်သည်မှ ထပ်မပြောတော့ပေ။

သူ၏ လက်ရှိ စွမ်းရည်နှင့် လုပ်နိုင်သမျှ အကုန် လုပ်ခဲ့သော်လည်း သူတို့၏ စွမ်းအား ကွာခြားမှုကြောင့် ဒီထက်ပို၍ မည်သည်ကိုမှ မမေးရဲတော့ပေ။

“နှမြောစရာပဲ”

ဤတစ်ကြိမ်တွင် အခြားသော လူများက အင်ပါယာ ကျီမင်နယ်မြေတွင် ကျင့်ကြံရန် ဆုံးဖြတ် ခဲ့ကြသော်လည်း လူအများသည် ရီဖူရှင်းကို ပို၍ အာရုံစိုက်နေကြဆဲ ဖြစ်သည်။

သူသည် ဝူထူမိုးကြိုးမျိုးစေ့ကို စိုက်ပျိုးနိုင်ခဲ့ပြီး ကောင်းကင် မိုးကြိုး ထောင်ချီလမ်းစဉ်ကို ဆက်ခံနိုင်ခဲ့သည့် အတွက် အင်ပါယာ ကျီမင်နယ်မြေသို့ ဝင်ရောက်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ခဲ့သော်လည်း သူ၏ စီနီယာ အစ်ကိုကြောင့် ထိုသို့ မလုပ်ဆောင်ခဲ့သည်မှာ နှမြောစရာ ကောင်းလှသည်။

ထိုသည်မှာ စံချိန်တင်ခဲ့သော်လည်း ဒဏ္ဍာရီရှစ်ခုမှ တစ်ခု၏ တပည့်အဖြစ် ငြင်းဆန်ခဲ့သည့် တစ်စုံတစ်ယောက် အဖြစ် သမိုင်းတွင် ပထမဆုံး ဖြစ်လာပေလိမ့်မည်။

“ကျီမင်၊ မင်းက ဂူကလန်မျိုးဆက်နဲ့ ဘာလုပ်မလို့လဲ” နောက်ဆုံး၌ တစ်ယောက်က မေးလိုက်သည်။ ရီဖူရှင်းနှင့် အခြားသူများက အင်ပါယာကျီမင်ကို ကြည့်နေကြသည်။

အင်ပါယာကျီမင်က ဂူတုံးလျှိုနှင့် ပတ်သက်ပြီး မည်သည့် အစီအစဉ် ရှိနေလိမ့်မည်နည်း။

“စိတ်မပူနဲ့.. ခဏနေရင် သိရတော့မယ်” အင်ပါယာကျီမင်က ပြောလိုက်လျှင် ကျန်သည့် ရန်ဟောင်များ အံ့သြ သွားကြသည်။

ကြည့်ရသည်မှာ အင်ပါယာကျီမင်သည် သူ့ကို လက်လွှဲပေးရန် ရည်ရွယ် ထားပုံရသည်။

သူတို့သည် သူ့ကို မည်သို့မှ ထိနိုင်တော့မည် မဟုတ်ပေ။

သူတို့သည် အင်ပါယာ ကျီမင်က မည်သည့် နေရာသို့ ဂူတုံးလျှိုကို လက်လွှဲပေးရန် စီစဉ်သည်ကို သဘောပေါက် နားလည်ပေသည်။ ထိုနေရာမှ လွဲ၍ အခြားမရှိနိုင်ပေ။

ကောင်းကင် အာဏာစက်ဘုံ၏ မိုးကြိုးလမ်းစဉ်များ မူလအစ ဖြစ်သော ခရမ်းရင့် ကောင်းကင် နန်းတော်သို့ပင် ဖြစ်သည်။

ခရမ်းရင့် ကောင်းကင် နန်းတော်ကသာ သူ့ကို အဝေးသို့ ခေါ်ဆောင်သွားလျှင် သူတို့သည် ပါဝင် ပတ်သက်ရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

ယခင်က သူတို့သည် အင်ပါယာကျီမင်ကို ဂူကလန်၏ မျိုးဆက်အား လက်လွှဲပေးရန် မေးခဲ့သော်လည်း သူက အဖြေ ပြန်မပေးခဲ့ပေ။

ထိုသည်က မသေချာ မရေရာသည့် အနေအထားပင် ရှိနေခဲ့၏။

ထိုအခိုက်၌ အထက်ကောင်းကင်တွင် မိုးကြိုးများဖြင့် တောက်ပလာပြီး ကြည်လင်နေသည့် အဆုံးမဲ့ ကောင်းကင်တွင် မိုးကြိုးနတ်အလင်းများ ပေါ်ပေါက်လာသည်။

မရေတွက်နိုင်သည့် လူများက ကောင်းကင်သို့ မော့ကြည့် လိုက်ကြသည်။ သူ၏ နှလုံးသားများက တုန်ခါသွားကြသည်။

ကောင်းကင်တစ်ခွင်တွင် လျှပ်စီးများဖြင့် လင်းလက်နေပြီး ခဏအကြာတွင် ကောင်းကင်ထက်၌ လူစုတစ်စု ပေါ်ပေါက် လာလေသည်။

လေထုထဲတွင် ပေါ်ပေါက်လာသည့် လူစုသည် မိုးကြိုးလျှပ်စီးများ ရွေ့လျား လာနေသည်ဟု ထင်မှတ်ရပြီး သူတို့သည် ကြောက်မက်ဖွယ် စွမ်းအားများ ထုတ်လွှတ် နေကြသည်။ အထူးသဖြင့် လူစုကို ဦးဆောင်လာသော သူသည် လူတိုင်းကို ထိတ်လန့် ကြောက်ရွံ့ဖွယ် ခံစားချက်များ ပေးစွမ်းနေသည်။ သူသည် ကောင်းကင်နှင့် မြေကြီးအကြားမှ မိုးကြိုးလမ်းစဉ်နှင့် တစ်သားတည်း ဖြစ်နေပုံရလေသည်။

ဒဏ္ဍာရီရှစ်ခု အင်အားစုမှ ရန်ဟောင်များသည် ရပ်နေပြီး တည်ငြိမ်စွာ မော့ကြည့်နေကြသည်။

“ခရမ်းရင့်ကောင်းကင်နန်းတော်” အောက်ဘက်မှ မရေတွက်နိုင်သော လူများသည် သူတို့၏ နှလုံးသားများက တုန်ယင်နေကြသည်။

လောက၏ မိုးကြိုးလမ်းစဉ်များသည် ကောင်းကင်နန်းတော်မှ ဖြစ်သည်။ ဒဏ္ဍာရီရှစ်ခု အင်အားစုမှ မိုးကြိုး ကျင့်စဉ်များသည် ခရမ်းရင့် ကောင်းကင်နန်းတော်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

ယခု ခရမ်းရင့်ကောင်းကင်နန်းတော်က လူကိုယ်တိုင် လာရောက်နေပြီ ဖြစ်၏။

“ကျီမင်.. လူဘယ်မှာလဲ” အဖွဲ့ကို ဦးဆောင်လာသူက မေးလိုက်သည်။

“သူ့ကို ခေါ်လာခဲ့” အင်ပါယာကျီမင်က ပြောလိုက်သည်။ အောက်ဘက်မှ ရီဖူရှင်းသည် ဖြူဖျော့ သွားခဲ့လေသည်။ ခရမ်းရင့် ကောင်းကင်နန်းတော်က ရောက်ရှိလာပြီး စကားလေး တစ်ခွန်းပြောရုံနှင့် အင်ပါယာက လက်လွှဲ ပေးလိုက်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset