ဝူထူတောင်ပေါ်၌ ကောင်းကင်ထက်ရှိ မိုးကြိုး တိမ်တိုက်များသည် တဖြည်းဖြည်း ပျက်ပြယ် သွားခဲ့ပြီး ကမ္ဘာပျက်သကဲသို့ မြင်ကွင်းမှာလည်း ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
မရေတွက်နိုင်သော လူများသည် နတ်တောင် ထိပ်ဖျားပေါ်တွင် ရပ်နေသည့် လောကကြီးကို နောက်တွင် ချန်ထားခဲ့သော ဆံပင်ငွေဖြူရောင်နှင့် လူငယ်ကို ကြည့်လိုက်ကြသည်။
သူသည် ကောင်းကင်နှင့် မြေကြီးကြားတွင် သူတစ်ယောက်သာ ရှိသည်ဟု ထင်မှတ်ရပေသည်။
ယနေ့ ရီဖူရှင်းသည် ဝူထူနတ်တောင်၏ သတ်မှတ်စံချိန်ကို ပြည့်မီခဲ့ပြီး ကောင်းကင်မိုးကြိုး ထောင်ချီ လမ်းစဉ်ကို ဆက်ခံခဲ့သည်။ သမိုင်းအားလုံးတွင် နတ်တောင် ရှစ်ခု၌ သုံးခုသာလျှင် ထိုသို့ စံချိန်ကို အောင်မြင် နိုင်ခဲ့သည်။
ယခု ဝူထူနတ်တောင်တွင် တစ်စုံတစ်ယောက်က လုပ်ဆောင်နိုင်ခဲ့သည်။
ဤသည်မှာ ကျီမင်နယ်မြေ အတွက် ဂုဏ်ယူစရာပင် ဖြစ်သည်။ ယခုချိန်မှစကာ မူလစံချိန် ပြည့်မီသည့် နတ်တောင်များ မှတ်တမ်းတွင် ဝူထူတောင်လည်း ပါဝင်လာတော့မည် ဖြစ်သည်။
ထိုသည်ကို အခြေခံ၍ ဆံပင် ငွေဖြူရောင်နှင့် လူငယ်၏ အမည်သည်လည်း လောကတခွင်ကို ပျံ့နှံ့သွားဖို့ရာ အချိန်သိပ်ကြာမြင့် မည်မဟုတ်ဘဲ သူ့ကို မသိသူ မရှိ ဖြစ်လာပေလိမ့်မည်။ အနာဂတ်တွင် ဝူထူတောင်ကို လာသည့် မည်သူမဆို ထိုသူ၏ တည်ရှိမှုကို တွေးမိကြမည်ဖြစ်သည်။ ယခင်က သူတို့ နတ်တောင်သို့ တက်ရောက်သည့် အခါတွင် သူတို့သည် ကျန်းချန်ချင်း၏ အကြောင်းကို တွေးခဲ့ကြသည်။
ထို့ပြင် ဤမူလစံချိန်သည် ကျန်းချန်ချင်း၏ ရိုက်ချက် ကိုးရာထက် ပိုမို အထင်ကြီးဖွယ် ကောင်းပေသည်။
လုယွိသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ၏ နှလုံးသားထဲတွင် တစ်ခုခု ဆုံးရှုံး လိုက်ရသလို ခံစားခဲ့ရပေသည်။ သူ ဤနေရာသို့ လာခဲ့စဉ်က သူ၏ ရည်ရွယ်ချက်မှာ ကျန်းချန်ချင်းကို ကျော်လွန်၍ မူလစံချိန်ကို စိန်ခေါ်ကာ ကောင်းကင်မိုးကြိုးထောင်ချီလမ်းစဉ်ကို ဆက်ခံရန်ပင် ဖြစ်သည်။
သို့သော် သူ မကြိုးစားရသေးခင်မှာပင် သူသည် ရီဖူရှင်းကြောင့် တောင်ပေါ်မှ ကန်ထုတ် ခံခဲ့ရပေသည်။
ယခု သူ့အစား သူ ဖြစ်ချင်ခဲ့သည့် အောင်မြင်မှုကို ရီဖူရှင်းက ရရှိသွားခဲ့ပြီ ဖြစ်သည်။
ကြည့်ရသည်မှာ သူ၏ ရှုံးနိမ့်မှုက မတရားသည်တော့ မဟုတ်ပေ။
သို့သော် နှမြောစရာ ကောင်းသည်မှာ လုယွိ၏ အမည်က လောကသိ မကျော်ကြားနိုင်တော့ပေ။
မရေတွက်နိုင်သော လူများသည် ကောင်းကင်ထက်မှ ပုံရိပ်ကို ကြည့်လိုက်ကြသည်။ ရီဖူရှင်းသည် ထိုနေရာ၌သာ ရပ်နေခဲ့ပြီး သူ့ခန္ဓာကိုယ် အတွင်းမှ အင်အားများကို ဆန်းစစ်နေသည်။ ဤတစ်ကြိမ်၌ သူသည် များပြားလှသော အရာများ ရရှိခဲ့ပေသည်။
ထိုအခိုက်တွင် ပုံရိပ်အများအပြား ရောက်ရှိလာပြီး သူတို့သည် အသစ်ကလေးကို မြင်သည့်အခါ ထူးဆန်းသည့် အကြည့်များ ဖြစ်ပေါ်လာသည်။
ဦးဆောင်လာသူမှာ ရီဖူရှင်း မတိုင်မီက စံချိန်ရှင် ကျန်းချန်ချင်း ဖြစ်လေသည်။
သူသည် အင်ပါယာကျီမင်၏ အနှစ်သက်ဆုံး တပည့်အဖြစ် ကျော်ကြားပြီး ကောလာဟလများက ပြောကြသည်မှာ သူသည် ပါရမီရှင်ဖြစ်ကာ အနာဂတ်၏ ကျီမင်နယ်မြေ ဆက်ခံသူ ဖြစ်လာမည် ဟူ၍ ဖြစ်သည်။
ယနေ့ တစ်စုံတစ်ယောက်သည် သူ၏ စံချိန်ကိုသာမက နတ်တောင်၏ မူလစံချိန်ကိုပါ ချိုးဖျက် ခဲ့သည်။ သူက အစားထိုး ခံရတော့မည်လား။
ယခုချိန်၌ ကျန်းချန်ချင်း တွေးနေသည့် အရာကို သဘောပေါက်ရန် မဖြစ်နိုင်ပေ။
“ကောင်းကင်မိုးကြိုးကျင့်ကြံက ကျုပ် အသေးစိတ် ရှင်းပြဖို့တော့ မလိုလောက်ဘူး။ လူတိုင်းက သူတို့ရဲ့ နှလုံးသားထဲမှာ သဘောပေါက် ထားကြမှာပဲ။ ဒီတန်ခိုးရှင်တွေက နတ်တောင်ပေါ်မှာ ရပ်ပြီး ဝူထူမိုးကြိုးကို နားလည် သဘောပေါက် နိုင်ခဲ့ကြပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေကို သန့်စင် နိုင်ခဲ့တယ်။ အဲဒီလူတွေက ကျုပ်နောက်ကို လိုက်လာပြီး ဆရာ့ကို ဂါရဝပြု ရမယ်”
သူ၏ တောင်းဆိုချက်ထဲတွင် ကောင်းကင်မိုးကြိုး မျိုးစေ့ကို စိုက်ပျိုးနိုင်သူများသာ ဝူထူမိုးကြိုး ကျင့်ကြံရန် သင့်တော်ပြီး ရွေးချယ် ခံရပေမည်။ ထိုလူများသည် ဝူထူမိုးကြိုးလမ်းစဉ် မျိုးစေ့ကို သူတို့ ခန္ဓာကိုယ်တွင်း စိုက်ပျိုးပြီး ဖြစ်ရာ ဤသို့သော စွမ်းအားမျိုးကို ကျင့်ကြံရာတွင် သင့်တော် ပေလိမ့်မည်။
နတ်တောင် ရှစ်ခုသည် ဒဏ္ဍာရီပညာရပ်ရှစ်ခု၏ ဆက်ခံသူကို ရွေးချယ်ပေသည်။
ကျီမင်နယ်မြေကို ယခု ကိုယ်စားပြုသည်မှာ ဝူထူမိုးကြိုး ပညာရပ် ဖြစ်သည်။
တချို့က ပျော်ရွှင်ကြပြီး တချို့က ကျရှုံးကြသည်။
မိုးကြိုးလမ်းစဉ်ကို ကျင့်ကြံရန် အတွက် ဒဏ္ဍာရီပညာရပ်ရှစ်ခုက အသင့်တော်ဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
အကောင်းဆုံး ရွေးချယ်မှုသည် ခရမ်းရင့် ကောင်းကင်နန်းတော် ဖြစ်သည်မှာ ပြောနေရန်ပင် မလိုပေ။
သို့သော်လည်း ခရမ်းရင့် ကောင်းကင် နန်းတော်သို့ ဝင်ရောက်ရန်မှာ လွယ်ကူခြင်း မရှိပေ။
ရီဖူရှင်းကဲ့သို့ မူလစံချိန်ကိုပင် ချိုးဖျက်ခဲ့သူအတွက် ခရမ်းရင့် ကောင်းကင် နန်းတော်သို့ ဝင်ရောက်လိုလျှင် အနာဂတ်၌ ဖြစ်နိုင်သော်လည်း အခြားလူများ အတွက်တော့ လွယ်ကူလိမ့်မည် မဟုတ်ပေ။
ကျင့်ကြံခြင်း လောကမှ လူများတွင် မည်သူက ထိပ်တန်း အင်အားစုသို့ ဝင်ရောက်ပြီး ၎င်း၏ တစ်စိတ်တစ်ပိုင်း မဖြစ်လိုသည့်သူ ရှိသနည်း။
လူများသည် လျင်မြန်စွာပင် ရှေ့သို့ ရွေ့လျားလာပြီး ကျန်းချန်ချင်းနှင့် အခြားလူများ ရှေ့သို့ ရောက်ရှိ လာသည်။
ရီဖူရှင်း၏ ပုံရိပ်သည် လေထဲမှ ဆင်းသက်လာခဲ့သည်။ သူသည် ရှားရှင်းယွန်နှင့် အခြားလူများ၏ ဘေးတွင် ခြေချလိုက်ပြီးနောက် ရှေ့သို့ ခြေလှမ်း လိုက်သည်။
ကျန်းချန်ချင်း၏ မျက်လုံးများက ရီဖူရှင်းပေါ်သို့ ကျရောက် လာသည်။ သူ၏ မျက်နှာက တည်ငြိမ်နေသော်လည်း သူ၏ နှလုံးသားထဲတွင် လှိုင်းထန်နေ၏။
ဤလူငယ်သည် ယခင်က သူ့ကို စူးစိုက် ကြည့်ဖူးခဲ့သည်။ ငွေဖြူရောင် ဆံပင်နှင့် ပုံစံသည် မျက်စိထဲ စွဲနေစေပြီး သူ၏ အရှိန်အဝါသည်လည်း အလွန်ပင် ထူးချွန် သာလွန်လှသည်။
ကြည့်ရသည်မှာ ဤလူသည် အစကတည်းက သူကို ပြိုင်ဘက် အဖြစ် သတ်မှတ်ကာ စံချိန်ကို ချိုးဖျက် ချင်ခဲ့ပုံ ရလေသည်။
“ဂုဏ်ပြုပါတယ်” ကျန်းချန်ချင်းက ရီဖူရှင်းကို ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ နတ်တောင်၏ မူလစံချိန်ကို ချိုးဖျက် ထားသူသည် အင်ပါယာ၏ အချစ်ဆုံး တပည့်ထက် ပို၍ အဖိုးတန်သည် ဖြစ်ရာ သူက လေးစားမှု ပြသရန် လိုအပ်ပေသည်။
“ဒီနေ့ ကျုပ်တို့ရဲ့ ဝူထူနတ်တောင်ရဲ့ မူလစံချိန်က ချိုးဖျက်ခံလိုက်ရပြီ။ အဲဒါက အနာဂတ်မှာ ဂုဏ်ယူစရာ ဖြစ်လာလိမ့်မယ်။ အင်ပါယာ ကျီမင်နယ်မြေကို သွားပြီး ကျင့်ကြံခြင်းကို အာရုံစိုက်ပါ။ နောက်ဆို နယ်မြေ တစ်ခုရဲ့ ရန်ဟောင်ဖြစ်လာဖို့ အခွင့်အရေး ရလာနိုင်တယ်” ကျန်းချန်ချင်း၏ ဘေးမှ အကြီးအကဲက ပြုံးကာ ပြောလိုက်သည်။ ထိုသို့သော မျိုးစေ့ကောင်းသည် ကျီမင်နယ်မြေတွင် ကောင်းစွာ ကျင့်ကြံခြင်းကို ခံယူ ထိုက်ပေသည်။
“ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ခေါင်းညိတ် ပြလိုက်ပြီး သာမန်ကဲ့သို့ တုံ့ပြန် လိုက်သည်။
အခြားလူများသည် သူက အနည်းငယ် အရိုအသေ မဲ့သည်ဟု ခံစားလိုက်ရသည်။
သူသည် နတ်တောင်သို့ လာခဲ့ခြင်းမှာ ကျီမင်နယ်မြေတွင် ကျင့်ကြံလိုသည့် အတွက် မဟုတ်ပေ။ သူ၏ အစ်ကို သုံးကြောင့်သာ ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူသည် အစ်ကိုသုံးနှင့် တွေ့ခွင့်ပင် ရလိမ့်မည် မဟုတ်ပေ။
သူ့အတွက်တော့ သူ့အစ်ကိုသုံးကို ခေါ်ဆောင် သွားသူများနှင့် ရင်ဆိုင်နေရသည့် အခါ ယဉ်ကျေးလိုစိတ်များ ပျောက်ရှ နေခဲ့ပေသည်။
ကျန်းချန်ချင်းသည် ရီဖူရှင်း၏ ပုံစံကြောင့် တစ်ခုခုကို ခံစား လိုက်ရသည်။ သူက ရီဖူရှင်း၏ သာမန်အတိုင်း မောက်မာသော ပုံစံကို မြင်သည့်အခါ ပြောလိုက်သည်။ “ဝူထူနတ်တောင်ရဲ့ ကောင်းကင် မိုးကြိုး အရေအတွက် မူလစံချိန်ကို ချိုးဖျက်နိုင်တာက မင်းမှာ ကျီမင်နယ်မြေရဲ့ ဝူထူမိုးကြိုးစွမ်းအားကို ကျင့်ကြံဖို့ ပါရမီမြင့်တယ်လို့ ဆိုလိုတာပဲ။ မင်းရဲ့ ကျင်ကြံခြင်း ပါရမီက အဆုံးအစမဲ့ပြီး အနာဂတ်မှာလည်း တောက်ပ လိမ့်မယ်။ အဲဒီလိုဆိုရင်တောင် မင်း ဒီလောက်လေးနဲ့ ကျေနပ် မနေသင့်ဘူး။ မိုးကြိုးကျင့်စဉ်တွေက နက်ရှိုင်း ကျယ်ပြန့်တာမို့ သွားရမယ့် ခရီးက ရှည်တယ်”
သူ့အသံက အကြီးတစ်ယောက်၏ လေသံမျိုး ဖြစ်သည်။ နောက်ပိုင်းတွင် ရီဖူရှင်းက ကျီမင်နယ်မြေသို့ ဝင်ရောက်သည့် အခါ သူ၏ ဆရာတူညီလေး ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့် သူသည် ရီဖူရှင်းကို တစ်ခုနှစ်ခု သင်ပေးရန် အရည်အချင်း ပြည့်မီ လေသည်။
“သွားကြစို့”
ရီဖူရှင်းက ပေါ့ပါးစွာ ပြော၍ ကျန်းချန်ချင်းကို ဖြတ်ကာ လျှောက်ထွက်သွားသည်။
ကျန်းချန်ချင်း စကား ပြောပြီးပြီးချင်းမှာပဲ ရီဖူရှင်းက သူ့ကို လျစ်လျူရှု၍ ဖြတ်ကျော် ထွက်ခွာ သွားလေသည်။
ကျန်းချန်ချင်းသည် လှည့်ကြည့်လိုက်ပြီး သူ၏ မျက်နှာက တင်းမာ သွားသည်။
ကျန်းချန်ချင်း၏ မျက်နှာကို တွေ့မြင် လိုက်ကြသည့် သူများမှာ သူ မည်မျှ အရှက်ရသွားသည်ကို မြင်တွေ့နိုင်ပေသည်။
ထိုသည်မှာ လူအများကို နက်နဲသည့် ခံစားမှုများ ပေးစွမ်းလေသည်။ တစ်ယောက်မှာ ယခင် နတ်တောင် စံချိန်တင်ခဲ့သည့် အင်ပါယာကျီမင်၏ အချစ်ခင်ဆုံး တပည့်ဖြစ်ကာ အခြားတစ်ယောက်မှာ နတ်တောင်၏ မူလစံချိန်ကို ချိုးဖျက်ခဲ့သော အသစ်ကလေး ဖြစ်သည်။
သူတို့သည် တံခါးသို့ မဝင်ရောက်ခင်ကပင် အချင်းချင်း စတင် ယှဉ်ပြိုင်နေပြီလား။
ထိုမြင်ကွင်းကို ကြည့်ကာ ဤနှစ်ယောက်သည် အချင်းချင်း လိုက်လျော ညီထွေစွာ နေရန် မဖြစ်နိုင်တော့သည်မှာ သေချာသွားခဲ့ပြီဖြစ်သည်။
“သွားစို့” ကျန်းချန်ချင်းသည် အနည်းငယ် စော်ကား ခံလိုက်ရသော်လည်း သူသည် စကားပြောလိုက်ပြီး အဝေးသို့ လှည့်လျှောက် သွားသည်။ လူတိုင်းသည်လည်း မြန်မြန်ဆန်ဆန်ပင် နတ်တောင်မှ ထွက်ခွာ ကြတော့သည်။
ကျီမင်နယ်မြေမှ အကြီးအကဲများသည် ထူးဆန်းသည့် အမူအရာများနှင့် ဖြစ်နေကြသည်။ သူတို့သည် စကားမပြောကြပေ။ ဤအခြေအနေသည် ကိုင်တွယ်ရ ခက်လှပေသည်။
နတ်တောင်မှ ထွက်ခွာ လာပြီးနောက် လူတိုင်းသည် ကျီမင်မြို့သို့ လမ်းလျှောက် သွားနေကြသည်။ ကျန်းချန်ချင်းနှင့် အခြားလူများသည် လမ်းပြကာ ရှေ့မှ သွားနေပြီး ရီဖူရှင်းနှင့် အခြားလူများက နောက်မှ လိုက်ပါလာသည်။
ကျီမင်မြို့ အတွင်းတွင် ကောင်းကင်ထက်သို့ သွယ်ထားသည့် လှေကားထစ်ပေါင်း ၈၁၀၀ ထစ်ရှိသော ကောင်းကင် လှေကားကို တွေ့လိုက်ရသည်။
တစ်ဖက်တွင်တော့ ကောင်းကင် တံခါးပေါက်ရှိသည်။ ကောင်းကင်တံခါးကို ဖြတ်ပြီးသည်နှင့် ကျီမင်မြို့၏ နန်းတော် ဖြစ်ပြီး ကျီမင်ဂိုဏ်းလည်း ရှိသည်။
များပြားလှသည့် ရှေးဟောင်းခန်းမများ ဤနေရာတွင် တည်ရှိနေပြီး ခန်းနား ထည်ဝါလှပေသည်။
ထိုအချိန်တွင် ကောင်းကင်လှေကား အောက်တွင် နေရာအားလုံးမီ မရေတွက်နိုင်သော လူများ ရှိနေသည်။ အချို့သည် ကျီမင်မြို့မှ လူများဖြစ်သည်။ သူတို့သည် ရှေ့သို့ ကြည့်လိုက်ကြပြီး လေးစားသော အကြည့်များကို ပြသကြသည်။
ကောင်းကင်တံခါး နောက်တွင် မြင့်မားသည့် စင်မြင့်ပေါ်တွင် လူများ ရှိနေသည်။ အလယ်မှ တစ်ယောက်သည် အလွန်ထူးကဲ သာလွန်သည့် အရှိန်အဝါမျိုး ရှိသည်။ သူသည် အင်ပါယာကျီမင်ပင် ဖြစ်သည်။
သူ့ ဘေးတွင် တန်ခိုးရှင် အစုအဝေးကြီး ရှိနေသည်။ ထပ်ပြောရလျှင် အဓိက နေရာယူ တခြားသည့် အခြား တန်ခိုးရှင်များလည်း ရှိသည်။
သူတို့သည် ကျီမင်နယ်မြေမှ မဟုတ်ဘဲ အခြားဒေသများမှ ဖြစ်သည်။
ယနေ့တွင် ဝူထူ နတ်တောင်သာ ဖွင့်လှစ်သည် မဟုတ်ဘဲ အခြားသော နတ်တောင်များလည်း ဖွင့်လှစ်သည့်နေ့ ဖြစ်သည်။ သို့သော်လည်း အဓိက အင်အားစု ရှစ်ခုမှ ဤနေရာသို့ တန်ခိုးရှင်များ ပို့လွှတ်ခဲ့သည်။ သိသာစွာပင် ထိုသည်က နတ်တောင် ဖွင့်လှစ်သောကြောင့်သာ မဟုတ်ပေ။
“ကျီမင်.. အခု နတ်တောင် ဖွင့်လှစ်တဲ့ ပွဲတော်ကလည်း ပြီးဆုံးသွားပြီ။ အခု ဂူကလန်ရဲ့ မျိုးဆက် အကြောင်း ပြောဖို့ အချိန်ရောက်ပြီ။ ကျုပ်တို့ သူတို့ကို ဘယ်အချိန်တွေ့ရမှာလဲ” တစ်စုံတစ်ယောက်က မေးလိုက်သည်။ သူသည် ထူးကဲ သာလွန်လှပြီး သူ၏ လှုပ်ရှားမှုများသည် မဟာလမ်းစဉ်နှင့် တစ်သားတည်း ဖြစ်နေသည်။
ထိုသူသည် အင်ပါယာကျီမင်ကို တန်းတူပြောဆိုနိုင်သည့် ရန်ဟောင် တစ်ပါးပင် ဖြစ်ကာ မိုးကြိုးလမ်းစဉ်ကို ထိန်းချုပ်ရသည့် ပုဂ္ဂိုလ်ရှစ်ဦးထဲမှ တစ်ယောက်ဖြစ်သည်။
“ဟုတ်တယ်။ ဒီနေ့မှာ ဝူထူနတ်တောင်ရဲ့ မူလစံချိန်ကို ချိုးဖျက်နိုင်တဲ့သူ ရှိလာတော့ ဂုဏ်ပြုပေးရမှာ ဆိုပေမယ့် အခုကိစ္စကလည်း ဖြေရှင်းဖို့ လိုသေးတယ်လေ” အခြားရန်ဟောင် တစ်ပါးက ပြောလိုက်သည်။ ယနေ့ သူတို့၏ တက်ရောက်ခြင်းက ကိုယ်ပိုင် အကြံဉာဏ်အချို့ ရှိနေပုံရလေသည်။
အင်ပါယာ ကျီမင်သည် ထိုဂူထျန်းရှင်း၏ ထူးကဲသာလွန်လှသည့် ကျင့်စဉ်သည် ကောင်းကင် လမ်းစဉ်မှ ခြေတစ်လှမ်းသာ လိုတော့သည်ကို နားလည်ပေသည်။
ရန်ဟောင်ပင်လျှင် ဂူထျန်းရှင်း၏ ကျင့်စဉ်ကို မရယူလိုသူ မည်သူ ရှိသနည်း။
အကယ်၍ သူတို့ ဖမ်းဆီးမိခဲ့သည့် ဂူတုံးလျှိုကသာ ဂူကလန်၏ မျိုးဆက်ဖြစ်ခဲ့လျှင် မည်သူက သူ့ထံမှ တစ်ခုခု မရှာဖွေချင်ဘဲ နေလိမ့်မည်နည်း။
သူက ကြိုးစားကြည့်ခဲ့ပြီး ဖြစ်သော်လည်း အချဉ်းနှီးပင် ဖြစ်ခဲ့ရသည်။
သူတို့ ဖမ်းဆီး ရမိခဲ့သူသည် ဂူကလန်၏ လျှို့ဝှက်ဆန်းကြယ်သော ကျင့်စဉ်ကို သိပုံပင်မပေါ်ပေ။ သူ၏ အရည်အချင်းများကိုပင်လျှင် ကန့်သတ်ပိတ်ပင် ထားခံရပုံပေါ်လေသည်။
ထို့ပြင် မည်သူလုပ်ခဲ့သလဲ ဆိုသည်ကိုပင် မသိရှိပေ။
ဖြစ်နိုင်သည်က ဂူကလန်၏ သွေးသား ကျန်ရစ်ရန် ကြိုးစားပြီး သူ့ကို အောက်ဘုံသို့ ပို့ကာ တိတ်ဆိတ် အေးချမ်းစွာ ရှင်သန်စေပြီး ဂူကလန်၏ အမည်ကို ဆက်လက် ရှင်သန်စေခဲ့ခြင်း ဖြစ်ပေမည်။
သို့သော် မမျှော်လင့်ဘဲ သူက ကောင်းကင် အာဏာစက်ဘုံသို့ ရောက်လာခဲ့သည်။
“စိတ်ပူစရာမလိုပါဘူး။ ကျုပ် ကိုယ်တိုင် ဖြေရှင်းလိုက်မယ်” အင်ပါယာကျီမင်က ပေါ့ပါးစွာ ပြန်ဖြေ လိုက်သည်။ သူ့တွင် အစီအစဉ် ရှိလေသည်။ သူကိုယ်တိုင်က မည်သည့်အသုံးဝင်သည့် အရာမှ မရှာဖွေနိုင်ဘဲ ဂူကလန် မျိုးဆက်၏ ဆွဲဆောင်မှုသည်လည်း သိပ်မမြင့်မားလှသည့် အတွက် သူက လက်ဦးမှုယူကာ ပြောင်းလဲပစ်ရမည်ဖြစ်သည်။
“ကျီမင်.. ရိုးရိုးသားသား ပြောပါ။ မင်း သူနဲ့ ဘာတွေ လုပ်ဖို့ စီစဉ်နေတာလဲ” တစ်ယောက်က မေးလိုက်သည်။ တစ်စုံတစ်ခုက မရေမရာ ဖြစ်နေသည်ကို သူတို့ အားလုံးသိရှိကြပြီး ယခု သူတို့ ဘေးတွင် လူများလည်း ရောက်ရှိလာကြပြီ ဖြစ်သည်။
“သူတို့ ရောက်နေကြပြီ။ ဝူထူနတ်တောင်ရဲ့ မူလစံချိန် ချိုးဖျက်ခဲ့တဲ့လူကို အရင် တွေ့ကြရအောင်” အင်ပါယာကျီမင်က ပြောလိုက်သည်။ သူက ငုံ့ကြည့်လိုက်ပြီး လူတစ်စု ကောင်းကင် လှေကားထစ်များမှ တက်လာသည်ကို မြင်လိုက်ရသည်။
ရီဖူရှင်း၏ အဖွဲ့အကြားတွင် သူတစ်ယောက်တည်းသာလျှင် ဝင်ရောက်ခွင့် ရှိပေသည်။ ရှားရှင်းယွန်၊ ချင်ရွှမ်ကန်းနှင့် အခြားလူများသည် အောက်ဘက်တွင် နေနေကြသည်။ သူတို့သည် ကောင်းကင် လှေကားသို့ တက်ရောက်ပြီး ကျီမင်နန်းတော်သို့ ဝင်ရောက်ရန် အခွင့်မရှိပေ။ ထို့ကြောင့် သူတို့သည် အောက်ဘက်မှ ပွဲတော်ကိုသာ စူးစမ်း လေ့လာနိုင်ကြသည်။
ရီဖူရှင်းသည် အဆုံးမဲ့ လူပင်လယ်ကြီးကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကောင်းကင် လှေကားကို တက်လှမ်း လိုက်သည်။ သူသည် ကောင်းကင် တံခါးကို ဖြတ်ကျော်ခဲ့ပြီး ကောင်းကင်လှေကား အထက်တွင် ရှိနေသူများကို မြင်လိုက်ရသည်။
အလယ်တွင် ရပ်နေသူမှာ အင်ပါယာကျီမင် ဖြစ်သည်။
နောက်ဆုံးတွင် ရီဖူရှင်းနှင့် အဖွဲ့သည် ရပ်တန့် လိုက်ကြ၏။ ကျန်းချန်ချင်းနှင့် အခြားလူများသည် အင်ပါယာ ကျီမင်၏ နောက်သို့ ရောက်ရှိသွားပြီး ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေပေသည်။
အင်ပါယာကျီမင်သည် ခေါင်းကို ငုံ့ကာ ရီဖူရှင်းနှင့် အခြားလူများကို ကြည့်လိုက်သည်။
“အင်ပါယာကျီမင်ကို ဂါရဝ ပြုပါတယ်”
“အရှင်မင်းကြီး”
လူတိုင်းက သူတို့၏ ခေါင်းများကို ညွှတ်ကာ သူတို့၏ လေးစားမှုကို ပြသကြသည်။ ရီဖူရှင်းသည်လည်း သူ့အစ်ကိုသုံးကို ဖမ်းဆီးရန် လူများ စေလွှတ်လိုက်သည့် အင်ပါယာ ကျီမင်ကို မကျေနပ်သည့် အတွက် ထိုသို့ လုပ်ဆောင်လိုခြင်း မရှိပေ။
သို့သော် အင်ပါယာကျီမင်၏ ခွန်အားနှင့် အဆင့်အတန်း အပြင် သူတို့က သူ့နယ်မြေအတွင်း ရောက်နေခြင်း ဖြစ်သည့်အတွက် အရိုအသေပြုရလေသည်။
အင်ပါယာ ကျီမင်သည် ပြုံးကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ မျက်လုံးများက ရီဖူရှင်းထံသို့ ကျရောက် လာသည်။ သူက ပြောလိုက်၏။ “နှစ်ပေါင်းများစွာ အကြာမှာ မင်းတစ်ယောက်တည်းပဲ ဝူထူနတ်တောင်ရဲ့ မူလစံချိန်ကို ချိုးဖျက်ပြီး ကောင်းကင် မိုးကြိုး ထောင်ချီလမ်းစဉ်ကို ဆက်ခံနိုင်ခဲ့တယ်။ ကျုပ်ကို မင်းဆရာ ဖြစ်လာစေချင်လား”
အောက်ဘက်ရှိ မရေတွက်နိုင်သော လူများသည် အင်ပါယာ၏ စကားလုံးများကို ကြားသည့်အခါ ပျော်ရွှင် ဝမ်းမြောက်စွာ အားပေးကြသည်။ သို့သော် သူတို့သည် ရီဖူရှင်းကို အတော်လေး မနာလို ဖြစ်မိကြလေသည်။
နတ်တောင် ခရီးစဉ်ကနေ အဖြေထွက်လာချင်းချင်း အင်ပါယာကျီမင်က သူ့ကို တိုက်ရိုက် တပည့်အဖြစ် လက်ခံတော့မည် ဖြစ်သည်။ မည်မျှ ကံကောင်းလိုက်သလဲ။
***