ငွေရောင်ဆံပင်နှင့် ပုံရိပ်သည် ဝူထူနတ်တောင် ထိပ်ဖျားပေါ်တွင် မားမားမတ်မတ် ရပ်နေသည်။ မိုးကြိုး တိမ်တိုက်များသည် သူ၏ အထက်တွင် အော်မြည်နေပြီး မိုးကြိုးများက သူ့ထံသို့ ဆက်လက် ကျဆင်းလာကာ သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်နေသည်။
တောင်အောက်မှ လူများသည် ထိုမြင်ကွင်းကို မြင်သည့်အခါတွင် တစ်စုံတစ်ယောက်က ကောင်းကင်လမ်းစဉ်ကို အံတုရန် သတ္တိရှိသည်ဟု ထင်မှတ်မိကြပေသည်။
ထိုငွေရောင်ဆံပင်နှင့် လူသည် မတွန့်မဆုတ်နှင့် မိုးကြိုးများကို တစ်ချက်ပြီး တစ်ချက် ခံယူနေခဲ့သည်။
ထိုသည်သာမက ထိုအချိန်တွင် ဝူထူနတ်တောင်ပေါ်ရှိ မည်သူမှ မလှုပ်ရှားကြပေ။ အားလုံးသည် သူတို့ ရှိနေသည့် နေရာတွင်သာ ဆက်လက် ရှိနေကြပြီး မိုးကြိုးစမ်းသပ်မှုကို တိတ်ဆိတ်စွာ ခံယူနေကြသည်။
နတ်မိုးကြိုးများသည် နတ်တောင် အထက်တွင် မိုးများကဲ့သို့ တဖွဲဖွဲ ကျဆင်းနေပေသည်။
ထိုမြင်ကွင်းသည် ကောင်းကင်ဘုံမှ ဆန်းကြယ်မှု တစ်ခုကဲ့သို့ ထင်မှတ်ရကာ ထိုသည်ကို ကြည့်ရင်း နှလုံးသားများပင် ရပ်တန့် သွားသလိုပင် ခံစားနေကြရပေသည်။
“အခု ဘယ်နချက် ရှိသွားပြီလဲ” တောင်အောက်မှ တစ်ယောက်က မေးလိုက်သည်။
“၁၂၇” တစ်ယောက်က ပြန်ဖြေလိုက်သည်။ ထိုသူ၏ မျက်လုံးများသည် ရီဖူရှင်းထံ၌သာ သော့ခတ် ထားသကဲ့သို့ မြဲမြံနေသည်။ သူသည် မိုးကြိုး အချက်တစ်ရာကျော် ခံယူပြီးသော်လည်း မတုန်မလှုပ်နှင့် ကျန်ရှိနေသေးသည်။ ဆန့်ကျင်ဘက်ပင် တောင်၏ အခြားနေရာများမှ လူများသည်ပင် ထပ်၍ ရင်မဆိုင် နိုင်တော့သည့် အတွက် တောင်အောက်သို့ ပစ်ထုတ်ခြင်း ခံရပေသည်။
ကျယ်ပြောလှသည့် အဆုံးမဲ့ မိုးကြိုးကွန်ယက်သည် တောင်ထိပ်တွင် ပေါ်ပေါက် လာသည်။ ရီဖူရှင်း၏ ခန္ဓာသည် အလယ်ဗဟိုတွင် ဖြစ်ကာ ယင်းသည် အောက်ဘက်သို့ ဆက်လက် ပျံ့နှံ့သွားသည်။ ယင်းကွန်ယက်သည် နတ်တောင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပေသည်။
“ကြည့်ရတာ သူက တကယ်ပဲ စံချိန်ကို စိန်ခေါ်ဖို့ လုပ်နေတာ ထင်တယ်” တစ်ယောက်က ပြောလိုက်သည်။
သို့သော်လည်း မိုးကြိုးအချက်ပေါင်း ၉၀၀ ကို ရင်ဆိုင်ပြီးသည့်အခါတွင်တော့ လူတိုင်းကို ထိတ်လန့်တုန်လှုပ် သွားစေပေသည်။
နတ်တောင်ပေါ်၌ မည်သည့်အရာကိုမဆို ကြည့်ရလျှင် မိုးကြိုး အချက်ပေါင်း ကိုးရာကို မဆိုထားနှင့် တစ်ချက်ဆိုလျှင်ပင် ကြောက်မက်ဖွယ် ကောင်းလှနေပြီ ဖြစ်သည်။
“သူ့ရဲ့ ပြိုင်ဘက်ကင်း ဝူထူမိုးကြိုး မျိုးစေ့က ဘယ်လောက် သန့်စင်လဲဆိုတာ ကြည့်ရအောင်” ဘေးမှ တစ်ယောက်က ပြောလိုက်သည်။ ရိုက်ချက် မည်မျှ ရင်ဆိုင်နိုင်စွမ်း ရှိသည်ဟူသော အချက်မှာလည်း မျိုးစေ့၏ အခန်းကဏ္ဍက လွန်စွာ အရေးကြီလေသည်။
နတ်တောင်ရှစ်ခုကို ဖွင့်လှစ်ရခြင်းသည် ကောင်းကင်မိုးကြိုး မျိုးစေ့များကို မည်သူက ယူဆောင်နိုင်မည်နှင့် ကောင်းချီးပေးခံရကာ ဉာဏ်အလင်းပွင့်ခြင်း အခြေအနေကို ရောက်ရှိရန် ဖြစ်သည်။
ထိုသို့ မိုးကြိုးလမ်းစဉ် ကျင့်ကြံခြင်းတွင် ယင်းသည် အခွင့်အရေး တစ်ခုဖြစ်ပြီး ပြိုင်ဘက်ကင်း ဝူထူမိုးကြိုးကို ရရှိနိုင်ရန် အခွင့်အရေး ဖြစ်ကာ ဖိအားပေး၍ သူတု့ိ၏ အတွင်းတွင် မျိုးစေ့စိုက်ပျိုးခြင်း ခံရပေမည်။ ယင်းသည် သူတို့ကို မျိုးစေ့ဖွံ့ဖြိုးရန် အထောက်အကူ ပြုပေလိမ့်မည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သူတို့သည် ပြိုင်ဘက်ကင်း ဝူထူမိုးကြိုးကို ကျွမ်းကျင်လာရန် ထောက်ကူပေသည်။ တစ်စုံတစ်ယောက်၏ သဘောပေါက် နားလည်နိုင်မှုက မြင့်မားလာလေ သူတို့၏ မိုးကြိုးခံနိုင်အားက မြင့်တက်လာလေ ဖြစ်သည်။
တစ်စုံတစ်ယောက်သည် သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုမှ ရရှိလာသည့် ဇွဲသတ္တိ ခံနိုင်ရည်တို့ဖြင့်သာ မိုးကြိုးအချက်ကိုးရာ ခံယူပါက မည်သို့ သေ၍ သေမှန်းပင် သိသွားလိမ့်မည် မဟုတ်ပေ။
အချိန်တချို့ကြာသွားပြီးနောက်တွင် နတ်တောင်ပေါ်တွင် ကျန်ရှိသူမှာ နည်းသထက် နည်းလာပေသည်။ ကြည့်ရသည်မှာ သူတို့သည် တစတစ အားကောင်းလာသည့် မိုးကြိုး ရိုက်ချက်များကို ခံနိုင်ရည် ရှိတော့သည့်ပုံ မပေါ်ပေ။
အတော်လေး ကြာပြီးသည့်အချိန်တွင် ဝူထူနတ်တောင်ပေါ်၌ လူသုံးယောက်သာလျှင် ကျန်ရှိ နေတော့သည်။
ထိုလူများမှာ ရီဖူရှင်း၊ လုယွိနှင့် ကျူချီတို့ ဖြစ်ကြသည်။
သို့သော် ထိုအချိန်၌ ကျူချီသည် သွေးတပွက် အန်လိုက်ရ၏။ သူမသည် အထက်၌ ရှိနေသည့် လူကို အတော် လေးစားမှုကို ခံစားလိုက်ရပြီး ထို့နောက်တွင် ပြန်လှည့်ကာ တောင်ပေါ်မှ ဆင်းသွား တော့သည်။
သူမသည် ယနေ့တွင် သူမပင် လုံးဝမသိသော တန်ခိုးရှင်သည် ယခင်စံချိန်ကို စိန်ခေါ်ရန် ထွက်ပေါ်လာလိမ့်မည်ဟု မည်သည့်အခါမှ တွေးမထားဖူးခဲ့ပေ။
လုယွိသည် သက်ပြင်းချလိုက်၏။ သူသည် ယခင်စံချိန်ကို စိန်ခေါ်လိုသော်လည်း ရီဖူရှင်းကြောင့် ဒဏ်ရာရရှိခဲ့သည် ဖြစ်ရာ မိုးကြိုးရိုက်ချက်များကို နောက်ထပ် ခံနိုင်ရည် မရှိတော့ပေ။ သူသည် ကျူချီ ထွက်သွားပြီးနောက် မကြာခင်မှာပင် ဆုံးဖြတ်ထားသည့် အမူအရာနှင့် တောင်ပေါ်မှ ဆင်းသွား တော့သည်။
သူသည် ယခင်က လူတိုင်း၏ ဦးဆောင်သူ ဖြစ်ခဲ့ကာ မောက်မာစွာ ပြုမူခဲ့သည်။ လူတိုင်းသည် တောင်ထိပ်တွင် ရပ်တည်နိုင်သူမှာ သူသာလျှင် ဖြစ်မည်ဟု တွေးထင်ခဲ့ကြလိမ့်မည်။
သို့သော် ယခု အဖြစ်အပျက်သည် သူ့တွင် အနည်းငယ် လိုအပ်နေသေးသည်ဟူသော သက်သေ ဖြစ်စေသည်။
သူ၏ တည်ရှိမှုသည် ထိုငွေရောင်ဆံပင်နှင့် လူငယ် မည်မျှ ထူးခြား ခမ်းနားသည်ကို ပြသရန် အတွက်သာ ဖြစ်ခဲ့ရသည်။
တဖြည်းဖြည်းနှင့် နတ်တောင်ပေါ်တွင် မားမားမတ်မတ် ရပ်နေသည့် လူတစ်ယောက်သာလျှင် ကျန်ရှိပေတော့သည်။ သူသည် တောင်ထိပ်တွင် ရပ်နေပြီး တစ်လောကလုံး၏ စောင့်ကြည့်မှုကို ခံရသော တစ်ဦးတည်းသော သူ ဖြစ်လာခဲ့လေသည်။
“အခု ၈၂၀ ရှိပြီ” တစ်စုံတစ်ယောက်က တုန်ယင်စွာ ရေရွတ်လိုက်သည်။ တောင်ထိပ်ပေါ်မှ လူသည် ယခင်စံချိန်သို့ ရောက်ရှိရန် သိပ်မလိုတော့ပေ။
တောင်ထိပ်ဖျားမှ ထိုလူသည် ရှေးဟောင်း နတ်ဘုရား တစ်ပါးကဲ့သို့ မားမားမတ်မတ်နှင့် ရပ်နေဆဲပင် ဖြစ်သည်။
ထိုအချိန်တွင် ရီဖူရှင်းသည် တောင်ထိပ်ပေါ်မှ ပြင်းထန်သည့် ဖိအားအောက်တွင် ရောက်ရှိ နေလေသည်။
မိုးကြိုး အချက်တိုင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်နေပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် အမှတ်အသားများ ဖြစ်ကျန်ရစ် ပေသည်။ ထိုအခိုက်တွင် မရေတွက်နိုက်သည့် မျိုးစေ့ အမှတ်အသားများ ရှိနေပြီ ဖြစ်သည်။ သူ၏ သက်စောင့်ဝိညာဉ် ကမ္ဘာ့သစ်ပင်သည် မိုးကြိုး သစ်ပင်ကဲ့သို့ ပြောင်းလဲသွားကာ တောက်ပသည့် အလင်းများနှင့် လွှမ်းခြုံနေပေသည်။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည့် အရာမှာ နတ်တောင်ပေါ်ရှိ မိုးကြိုးလမ်းစဉ်များ အားလုံးသည် မျိုးစေ့များ အတွင်းသို့ ပေါင်းစပ်နေသည်။ ဝူထူနတ်တောင်သည် ၎င်းကိုယ်တိုင်က မိုးကြိုးတောင်ကဲ့သို့ ဖြစ်လာသည်။ သူသည် ထိပ်ဆုံးတွင် ရပ်နေပြီး ကောင်းကင် မိုးကြိုးများဖြင့် ဖုံးလွှမ်း ထားသည်။ မိုးကြိုးများဖြင့် ရိုက်ခတ်ခံရသည့် အချိန်တိုင်း သူ၏ ခန္ဓာကိုယ်အတွင်းမှ အမှတ်အသားသည် ပြောင်းလဲလာပြီး တောင်တခွင်ရှိ အဆုံးမဲ့ မိုးကြိုး စွမ်းအားများနှင့် ပေါင်းစပ် နေသည်။ ခဏချင်းအတွင်းတွင် ဖျက်ဆီးခြင်း စွမ်းအားများသည် မယုံကြည် နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလာပေသည်။ ရိုက်ချက်များက တစ်စထက်တစ်စ ပို၍ အားကောင်း လာသည်။
သို့သော် သူ၏ သက်စောင့်ဝိညာဉ်က မိုးကြိုးရိုက်ချက်တိုင်း၏ စွမ်းအားများနှင့် ပေါင်းစပ်နိုင်စွမ်း ရှိပေသည်။ ထို့ကြောင့်ပင် သူသည် အနည်းငယ်မျှ ယိမ်းယိုင် မသွားဘဲ မားမားမတ်မတ်နှင့် ကျန်ရှိနေခြင်း ဖြစ်ပေသည်။ သို့ရာတွင် မိုးကြိုး ရိုက်ချက် ကျရောက်လာသည့် အခါတိုင်းတွင် သူသည် ထိတ်လန့် ကြောက်ရွံ့ဖွယ် ဖိအားအောက်၌ ကျရောက်လျက် ရှိသည်။
ရီဖူရှင်းသည် သူ၏ ခန္ဓာကိုယ်တစ်လျှောက် အဆုံးမဲ့ မိုးကြိုးစွမ်းအားများ ဖြစ်ပေါ် တိုးပွားလာသည်ဟု ခံစားရသည်။ ထိုသည်မှာ ပြိုင်ဘက်ကင်း ဝူထူမိုးကြိုးပင် ဖြစ်သည်။ ယိမု၏ ကောင်းမြတ်ခြင်း မိုးကြိုး၊ ပင်းဟော်၏ နေမိုးကြိုး၊ ကွေရွှေ၏ အရိပ်မိုးကြိုး၊ ကန်းကျင့်၏ သတ်ဖြတ်ခြင်း မိုးကြိုး၊ ကျူးရှဲ့၏ နတ်မိုးကြိုး၊ လုရှန်း၏ မိစ္ဆာမိုးကြိုးနှင့် ရှန်းမေ့၏ ခရမ်းရင့်မိုးကြိုး အားလုံးတို့သည် အခြား မိုးကြိုးလမ်းစဉ်၏ အစစ်အမှန် အမွေအနှစ် ခုနစ်ခု၏ အစိတ်အပိုင်းများ ဖြစ်ကြပေသည်။ ထိုအခြား ခုနစ်ခုသည် မည်မျှ အစွမ်းထက်သည်ကို သိချင်ပေသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်သည် မိုးကြိုးလမ်းစဉ်၏ ရှစ်ခုသော အမွေအနှစ် အားလုံးကို စုစည်း ထားသော နေရာဖြစ်သည်။ မိုးကြိုးလမ်းစဉ် ခုနစ်ဆယ့်နှစ်လွှာထိ ကျင့်ကြံခဲ့ပါက မည်မျှ ကြောက်မက်ဖွယ် ကောင်း၍ အစွမ်းထက်လိမ့်မည်ကို မှန်းဆနိုင်ကြပေသည်။
ဘုန်း… အခြားသော မိုးကြိုးရိုက်ချက် ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် နတ်တောင် တစ်ခွင်လုံး၌ တောက်ပမှုများဖြင့် လွှမ်းမိုး နေပေသည်။ ထိုသည်မှာ ဤနေရာသည် သူနှင့် တစ်သားတည်း ရောယှက် သွားသကဲ့သို့ ဖြစ်လေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်တွင် မိုးကြိုးများဖြင့် လင်းလက်နေပြီး သူ၏ ခန္ဓာကိုယ်ကပင် မိုးကြိုးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားစေသည်။
မိုးကြိုး ရိုက်ချက်များက သူ့ထံသို့ ဆက်လက် ရိုက်ခတ်နေပြီး အောက်ဘက်ရှိ လူတိုင်းသည် သူတို့၏ စိတ်ထဲတွင် ရေတွက်နေကြသည်။
“၈၉၁ ချက်” အောက်ဘက်ရှိ လူများမှာ တုန်လှုပ်နေကြသည်။ လေထုသည် မွန်းကျပ်ဖွယ် ကောင်းလာသည်။
“၈၉၂”
“၈၉၃….”
၈၉၉ ချက်မြောက် ရိုက်ချက်သို့ ရောက်သည့်အခါ သူတို့ အားလုံးသည် အလွန် စိတ်လှုပ်ရှား နေကြသည့်အတွက် အသက်ရှူပင် ရပ်တန့်သွားတော့မလို ထင်မှတ်လိုက်ကြရသည်။
ဘုန်း..
တောက်ပသည့် အလင်းများဖြင့် မိုးကြိုးရိုက်ချက်သည် ကောင်းကင်ပေါ်မှ ကျဆင်း လာခဲ့သည်။ အချက် ကိုးရာမြောက် ရိုက်ချက်သည် ဝူထူတောင်ပေါ်သို့ ကျရောက်လာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် သွားခဲ့သည်။
အချက်ကိုးရာမြောက် ကောင်းကင်မိုးကြိုး။ ထိုသည်က ယခင်စံချိန်ကို ပြည့်မီသွားခဲ့ပြီ ဖြစ်လေသည်။
နတ်တောင် တစ်ခွင်လုံးတွင် မိုးကြိုးများဖြင့် ဖုံးလွှမ်းထားခဲ့သည်။ တောင်ထိပ်တွင် ရပ်နေသည့် သူသည် ခိုင်မာစွာ ရပ်၍ ကျန်ရှိနေဆဲပင် ဖြစ်သည်။ သူသည် အချက်ကိုးရာ ရင်ဆိုင်ပြီးနောက်တွင်ပင် မယိမ်းမယိုင် ရှိနေသေးပေသည်။
ထိုအဓိပ္ပါယ်မှာ သူ၏ အကန့်အသတ်သို့ ရောက်ရှိရန် ဝေးကွာနေသေးသည်ဟု ဆိုလိုပေသည်။
“စံချိန်က ချိုးဖျက်ခံရတော့မယ်” လူအများက ရေရွတ်လိုက်ကြသည်။ မကြာခင်တွင် နောက်ထပ် မိုးကြိုးက လင်းလက်လာကာ ဝူထူနတ်တောင်၏ စံချိန်ကို ချိုးဖျက် သွားခဲ့သည်။
ဝူထူနတ်တောင်တွင် စံချိန်အသစ် ဖြစ်ပေါ်လာပြီ ဖြစ်ကာ လူတိုင်း၏ ရီဖူရှင်းက အင်ပါယာ ကျီမင်၏ တိုက်ရိုက်တပည့် ဖြစ်လာတော့မည်ဟု တွေးလိုက်ကြသည်။
လူတိုင်းသည် သူက ယခင် စံချိန်ရှင် ကျန်းချန်ချင်း၏ နေရာကို အစားထိုး၍ ခရမ်းရင့် ကောင်းကင်နန်းတော် ဝူထူ အမွေအနှစ်၏ အစစ်အမှန် ဆက်ခံသူ ဖြစ်လာနိုင်မလားဟု သိချင် နေကြသည်။
လူတိုင်းသည် အနာဂတ်တွင် သူနှင့် ကျန်းချန်ချင်းကြားမှ ယှဉ်ပြိုင်မှုက မည်မျှ ပြင်းထန်မည်ကို တွေးနေကြသည်။
ကျန်းချန်ချင်းသည် အင်ပါယာကျီမင်၏ ဆက်ခံသူအဖြစ် ချီးမြှောက်ခံထားရသည်ကို အားလုံးသိရှိပြီး သူက ပြိုင်ဘက်ကင်း ဝူထူမိုးကြိုး၏ ဆက်ခံသူ ဖြစ်လာစေသည်။
များပြားလှသော တန်ခိုးရှင်များမှာ နတ်တောင် အပြင်ဘက်တွင် ကျန်ရှိနေသည်။ သူတို့၏ မျက်လုံးများသည် နတ်တောင်ပေါ်တွင် မြဲမြံနေပြီး ကျန်းချန်ချင်းသည်လည်း သူ၏ လက်ကို နောက်ပစ်ကာ ရပ်နေခဲ့သည်။
“ချန်ချင်း.. တစ်ယောက်ယောက်ကတော့ မင်းရဲ့ စံချိန်ကို ချိုးသွားပြီ” သူ့ဘေးမှ အကြီးအကဲ တစ်ဦးက ပြောလိုက်သည်။
“စံချိန်ဆိုတာက ချိုးဖျက်ဖို့ ထားတာပဲလေ” ကျန်းချန်ချင်း၏ အသံက တည်ငြိမ်နေပြီး တုံ့ဆိုင်းခြင်း အနည်းငယ်မျှ ရှိမနေပေ။
အမြဲထာဝရ တည်ရှိနေမည့် စံချိန်ဟူသည်မှာ မရှိပေ။
အကြီးအကဲက ပြုံးကာ ပြောလိုက်သည်။ “ဟုတ်တယ်.. ဒါပေမဲ့ အခု ဝူထူ အမွေအနှစ်အတွက် မင်းတော့ ပြိုင်ဘက် ရလာပြီပဲ”
ကျန်းချန်ချင်းက ကြည့်ကာ ပြောလိုက်သည်။ “ဝူထူ အမွေအနှစ်အတွက် နောက်ထပ် ဆက်ခံသူ ပေါ်လာတာ ကောင်းတာပဲ။ ယှဉ်ပြိုင်ဖို့ အတွက်ကတော့ သူ့မှာ အဲဒီလို အရည်အချင်းရှိဖို့ မျှော်လင့်ပါတယ်”
“မင်းက ယုံကြည်ချက် တကယ် ရှိတာပဲ” အကြီးအကဲက ပြုံးလိုက်ပြီး ထပ်၍ မပြောတော့ပေ။ သူသည် ကျန်းချန်ချင်း မည်မျှ လုပ်နိုင်စွမ်းရှိသည်ကို သိရှိပေသည်။ ကျန်းချန်ချင်း၏ မိုးကြိုးလမ်းစဉ်၌ ပါရမီသည် ဒုတိယပင် မရှိနိုင်လောက်အောင် ထူးချွန်လှပေသည်။ သူသည် ခရမ်းရင့် မြေအောက် လောက၏ နံပါတ်တစ် ရွေးချယ်ခံဖြစ်ပြီး သူတို့၏ အမွေအနှစ်နှင့် အထိုက်တန်ဆုံး ဆက်ခံသူ ဖြစ်သည်။
သို့သော် ယခုချိန်တွင် ထိုစံချိန်ကို ချိုးဖျက်ခဲ့သည့် လူငယ်လေး၏ လုပ်နိုင်စွမ်းက မည်မျှ ရှိမည်ကို မည်သူမှ မသိကြပေ။
ကျန်းချန်ချင်းသည် မည်သည့်စကားမှ မပြောတော့ပေ။ သူသည် စကားလမ်းကြောင်း လွှဲကာ တခြားအကြောင်း များကိုသာ ပြောလေသည်။ “အခု ဒီကို အများကြီးပဲ ရောက်လာကြတယ်။ ကျွန်တော် တကယ် မမှန်းတတ်တော့ဘူး။ အဲဒီ ဂူကလန် မျိုးဆက်တစ်ယောက်က ထိပ်တန်း အင်အားစုတွေ ကိုတောင် ဘာလို့ ဒီလောက်ထိ ဆွဲဆောင်နိုင်တာလဲ။ လွန်ခဲ့တဲ့ နှစ်များစွာက ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ ဂူထျန်းရှင်းက တကယ် လွှမ်းမိုးနေသေးတယ် ဆိုရင်တောင် သူတစ်ယောက်တည်းပဲလေ။ သူက ဂူကလန်က လူတစ်ယောက် သာသာပဲ။ ဂူကလန်မှာ ဆက်ခံသူရှိတယ် ဆိုရင်တောင် သူက သာမန် ကလန်သား တစ်ယောက်ပဲ မဟုတ်ဘူးလား။ ဘာလို့ သူက ဒီလောက်ထိ မုန်တိုင်းထန်အောင် လုပ်နိုင်ရတာလဲ။ ခရမ်းရင့် ကောင်းကင် နန်းတော်က လူတွေတောင်မှ သူ့ကို ခေါ်ဖို့ လာခဲ့ကြသေးတယ်”
“ဖြစ်သမျှ အရာရာတိုင်းမှာ အကြောင်းပြချက် ရှိတယ်။ ကျုပ် ကြားတာတော့ ဂူထျန်းရှင်းရဲ့ ဦးဆောင်မှု အောက်မှာ ဂူကလန်က နှစ်ပေါင်းများစွာ တိုးတက် အောင်မြင်ခဲ့တယ်။ ပြီးတော့လည်း ဂူကလန် တစ်ခုတည်း ဆိုရင်တောင် သူတို့က ကောင်းကင် နတ်တံခါးဂိုဏ်းကို ကိုယ်စားပြုနိုင်တယ်။ ဂူထျန်းရှင်းက လျှို့ဝှက်ဆန်းကြယ်တဲ့ ပြိုင်ဘက်ကင်း ကျင့်စဉ်တွေကို ကျွမ်းကျင်ပြီးတော့ ကောင်းကင် လမ်းစဉ်ကိုတောင် ချိုးဖျက်ဖို့ ဖြစ်နိုင်ခဲ့တယ်။ ဂူကလန်က လျှို့ဝှက်ဆန်းကြယ်တဲ့ တန်ခိုးရှင် ဆယ့်နှစ်ယောက်ကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပြီး ဂိုဏ်းခွဲတစ်ခု ဖြစ်လာစေခဲ့တယ်။ သူတို့တွေရဲ့ အောင်မြင်မှုက အထွတ်အထိပ် ဖြစ်ပြီးတော့ ဂူထျန်းရှင်းရဲ့ ကျော်ကြားမှု အောင်မြင်မှုတွေနဲ့ အတူ သူတို့ကို ကောင်းကင် အာဏာစက်ဘုံ အတွင်း အထွတ်အထိပ်မှာ ရပ်တည် စေခဲ့တယ်။ ကျုပ်ထင်တာတော့ ဒီအကြီးအကျယ် ဂယက်ရိုက်မှုက သူ့ရဲ့ တန်ဖိုးက အရမ်းမြင့် နေတာကြောင့် ဖြစ်မယ်”
ကျန်းချန်ချင်းက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး မည်သည်မှ ထပ်မပြောတော့ပေ။
ထိုအချိန်တွင် ကောင်းကင်မိုးကြိုးများသည် နတ်တောင်ပေါ်တွင် ဆက်လက်၍ လှုပ်ရှားနေဆဲ ဖြစ်သည်။
တောင်အောက်ရှိ မရေတွက်နိုင်သည့် လူများမှာ မော့ကြည့်နေကြပြီး သူတို့၏ မျက်လုံးများမှာ ရီဖူရှင်း ပေါ်သို့သာ စွဲမြဲနေကြ၏။
ရီဖူရှင်းသည် တောင်ထိပ်ဖျားတွင် မိုးကြိုးရိုက်ချက်များကို ရင်ဆိုင်နေဆဲပင် ဖြစ်သည်။
“နတ်တောင်ရှစ်ခုက ဖွင့်လှစ်ခဲ့ပြီး မဟာလမ်းစဉ် ဝင်္ကပါကြောင့် ကောင်းကင်ကနေ မိုးကြိုးတွေ အဆက်မပြတ် ကျဆင်း နေတယ်။ မိုးကြိုး အချက်ရေပေါင်း ၉၉၉ အထိရောက်အောင် စံချိန်ကို ဆက်ပြီး ကြိုးစားနေတုန်းလား” တစ်စုံတစ်ယောက်က ထိုသို့ အရူးလို အားထုတ်နေခြင်းကို တွေးကာ မေးလိုက်သည်။
ထိုသို့သော အကန့်အသတ်ကို လူအများက ကောင်းကင်မိုးကြိုး ထောင်ချီ ရိုက်ချက်ဟု ခေါ်ဆိုကြသည်။
နတ်တောင်ရှစ်ခုတွင် သုံးခုသာလျှင် မိုးကြိုး ၉၉၉ ချက်ကို မယိမ်းမယိုင် ရင်ဆိုင်နိုင်ပြီး မိုးကြိုးများ ပျောက်ကွယ် သွားသည်အထိ ကျန်ရှိခဲ့သော စံချိန်မျိုး တင်နိုင်ခဲ့သည်။
ထိုအချိန်တွင် ရီဖူရှင်းသည် ဝူထူတောင်ပေါ်၌ ရှိနေပြီး သူက ထိုသို့ အားထုတ်ရန် ကြိုးစား နေသည်လားဟု လူအများက သိချင်နေကြသည်။
ချီယိုသည် ကောင်းကင်ကို မော့ကြည့်ကာ အမှန်တကယ်ပင် ပြောစရာ စကားများ ဆွံ့အ နေခဲ့သည်။
ထိုလူသည် သွေးနဂါးဘုံတွင်သာ ပြိုင်ဘက်ကင်း စွမ်းရည်ရှိသည် မဟုတ်ဘဲ ယခုတွင် နတ်တောင်ပေါ်ရှိ စံချိန်ကို ချိုးဖျက်ရုံမျှမက စံချိန်သစ် တင်တော့မည့်ပုံ ပေါ်လေသည်။
“၉၃၆”
တောင်အောက်ခြေရှိ မရေတွက်နိုင်သော လူများမှာ တိတ်ဆိတ်နေသည်။ မိုးကြိုး ရိုက်ချက်တိုင်းသည် သူတို့၏ နှလုံးသားများကို တုန်ခါနေစေသည်။
သူတို့၏ လက်သီးများသည် အချက်ရေ ကိုးရာ့ကိုးဆယ် အရောက်ကတည်းက ကျစ်ကျစ် နေအောင် ဆုပ်ထားပြီး မျက်တောင် မခတ်တမ်း ကြည့်ရှု နေကြပေသည်။
ထိုသည်က ဝူထူတောင်၏ စံချိန်ကိုသာ ချိုးဖောက်ခြင်း မဟုတ်တော့ပေ။
သူသာ အောင်မြင်သွားခဲ့လျှင် ဝူထူနတ်တောင်သည် ထိုသို့ စံချိန်တင်သည့် စတုတ္ထ မြောက်တောင် ဖြစ်လာပေလိမ့်မည်။
အပြင်ဘက်၌ ရပ်နေသည့် ကျန်းချန်ချင်းသည် ယခင်ကကဲ့သို့ ဆက်၍ တည်ငြိမ်နေနိုင်ခြင်း မရှိတော့ပေ။ သူသည် ထိုအချိန်တွင် အတော်လေး စိတ်လှုပ်ရှား နေပုံရသည်။
ထိုသည်က သူ၏ စံချိန်ကို ချိုးဖျက်ခြင်း မဟုတ်တော့ဘဲ တောင်ထိပ်ပေါ်မှ လူသည် သူ့ကို နောက်တွင် ချန်ထားရစ်ခဲ့ကာ တောင်၏ အကန့်အသတ်ကို စိန်ခေါ်နေခြင်း ဖြစ်ပေသည်။
ယခင်က လူတိုင်းသည် သူနှင့် ရီဖူရှင်းကို နှိုင်းယှဉ် နေကြသော်လည်း ယခုတွင် အသစ် ရောက်လာသူက သူ့ကို အပြတ်အသတ် သာလွန် သွားခဲ့ပြီ ဖြစ်သည်။
သူ့ဘေးမှ အကြီးအကဲသည် အလွန် စိတ်လှုပ်ရှား နေကာ ထူးခြားသော အကြည့်များနှင့် ကြည့်နေ ပေသည်။
သူတို့သည်လည်း ဝူထူတောင်၏ စံချိန် ပြည့်မီ သွားသည်အား မြင်တွေ့ လိုကြပေသည်။
“၉၉၆” အကြီးအကဲက ရေရွတ် လိုက်သည်။
သူတို့သာလျှင် မဟုတ်ဘဲ နတ်တောင်နှင့် အဝေးတွင် ရှိသော အင်ပါယာကျီမင် တော်ဝင် နန်းတော်မှ လူများသည်လည်း သူတို့၏ အကြည့်များကို အဝေးသို့ ပို့ထားကြပေသည်။
အင်ပါယာ ကိုယ်တိုင်ပင်လျှင် လက်ရှိတွင် သူ၏ လက်များကို နောက်ပစ်ကာ ရပ်နေသည်။ သူ၏ မျက်လုံးများက အဝေးသို့ ငေးရီနေသည်။ ထိုမျက်လုံးများသည် လေဟာနယ်ကို ထိုးဖောက် ဖြတ်ခွင်းကာ နတ်တောင်ပေါ်သို့ ကြည့်နေကြခြင်း ဖြစ်ပေသည်။
ဘုန်း! အခြားသော မိုးကြိုးတစ်ချက် လင်းလက်လာသည်။ အင်ပါယာ ဝတ်ဆင်ထားသည့် ဝတ်စုံက လေအလျင်နှင့် လွင့်ဝဲနေသည်။ သူ့အနီးတွင် များပြားလှသည့် ထိပ်တန်းပုဂ္ဂိုလ်များ ရှိနေသည်။ သူတို့ထဲမှ အချို့သည် ရန်ဟောင်များ ဖြစ်ကြသည်။ သူတို့ အားလုံးသည် အစစ်အမှန် အမွေအနှစ်၏ အခြား အင်အားစုများ ဖြစ်ကြသည်။ ထိုအချိန်တွင် သူတို့အားလုံးသည် အဝေးသို့ ကြည့်နေကြသည်။
“အဲဒါ နောက်ဆုံး ဖြစ်လိမ့်မယ်” တစ်ယောက်က ရေရွတ်လိုက်သည်။
ထိုသို့ပြောပြီးနောက်တွင် မိုးကြိုးတစ်ခုက ကျဆင်းလာသည်။ အင်ပါယာ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။
အင်ပါယာကျီမင်သည် ဝူထူ အမွေအနှစ်ကို ကိုယ်စားပြု သည့် သူတို့၏ ဝူထူနတ်တောင်၏ စံချိန်ပြည့်မီ သွားခဲ့သည်ကို မြင်တွေ့ခဲ့ရပေသည်။
“ဂုဏ်ယူပါတယ် အရှင်မင်းကြီး” လူအများက အင်ပါယာကို ဦးညွတ်ကာ ဂုဏ်ပြု လိုက်ကြသည်။
အင်ပါယာ ကျီမင်သည် နောက်ထပ် အရည်အချင်းရှိလှသော တပည့်တစ်ယောက် ရရှိခဲ့ပြီ ဖြစ်သည်။
***
Good