နတ်တောင်ပေါ်မှ လူအများသည်လည်း ရီဖူရှင်းကို ကောင်းစွာ သတိပြုမိကြသည်။ အကြောင်းမှာ သူသည် တောင်ထိပ်သို့ နီးကပ်လာပြီး အပေါ်သို့ ဆက်လက် တက်ရောက်နေသည့် တစ်ယောက်တည်းသော သူ ဖြစ်သောကြောင့် ဖြစ်ပေသည်။
မိုးကြိုးငှက်နှင့် ကျူချီ နှစ်ယောက်လုံးက လက်လျှော့လိုက်ပြီ လုယွိ၏ တောက်ပမှုကို ခွင့်ပြု လိုက်ကြသည်။
သူတို့သည် ရီဖူရှင်းက ဘာလုပ်ရန် ကြိုးစားနေသည်ကို သိချင်နေကြပေသည်။
သူက လုယွိကဲ့သို့ အကျော်အမော် တစ်ယောက်ကို အမှန်တကယ် စိန်ခေါ်ချင်နေသည်လား။
သူက လုယွိ၏ ဓားများကို ရင်ဆိုင်နိုင်စွမ်း ရှိသည်လား။
ထိုသူက မည်သူနည်း။ လူအများသည် အတော်လေး အံ့အားသင့်နေကြပြီး မေးသံအချို့ပင် ထွက်ပေါ်လာသည်။
“ဘယ်သူသိမှာလဲ” လူတိုင်းသည် ခေါင်းခါလိုက်ကြပြီး သူတို့ထဲက မည်သူကမှ ရီဖူရှင်းကို မသိကြပေ။
အင်ပါယာချီ၏ သားတော် ချီယိုသည် ရီဖူရှင်းကို သိသော်လည်း သူသည် ရီဖူရှင်းကို ကြည့်ရင်း အတော်လေး စိုးရိမ်စွာ ခံစားနေရပေသည်။
ရီဖူရှင်း၏ မြင့်မားသော အရည်အချင်းက သူ့ကို သွေးနဂါးဒေသ၏ နံပါတ်တစ် အဖြစ် ကျော်ကြားစေရန် ပြုလုပ်ပေးသည်။ သို့သော် လုယွိထံမှ ထိုဓားတိုက်ခိုက်မှုသည် အလွန် ထူးကဲ သာလွန်လှ၏။ ရီဖူရှင်းသာ ထိုဓားတစ်ချက်၏ တိုက်ခိုက်မှုကို မခံနိုင်ခဲ့ပါလျှင် သူသည် တန်ဖိုး ကြီးကြီးမားမား ပေးဆပ် ရပေလိမ့်မည်။
နတ်တောင်၏ တောင်ထွတ်ဖျားသို့ တက်ရောက်ခြင်းသည် အပြောင်အပျက် လုပ်၍ မရပေ။ ထိုအချင်းအရာသည် မည်သူမဆို လုပ်ဆောင်နိုင်စွမ်း ရှိမည့် ကိစ္စမဟုတ်ပေ။
လူအများသည် ထိုသူက ကိုယ့်နေရာကိုယ် မသိသည့် ရှန့်ထို တစ်ယောက်သာလျှင် ဖြစ်မလား သိချင် နေကြပေသည်။
သို့သော်လည်း ရီဖူရှင်းသည် အခြားလူများ၏ အတွေးကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ မိုးကြိုးများက ကျဆင်း လာသော်လည်း သူသည် အပေါ်သို့ ဆက်ကာ လှမ်းနေပြီး တောင်ထိပ်သို့ နီးကပ် လာသည်။
သူသည် အလွန် လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားနေပြီး မိုးကြိုးငှက်ကို လိုက်မီရန် အချိန် မည်မျှမှပင် မယူလိုက်ရချေ။
ထိုမြင်ကွင်းသည် မာနကြီးသည့် မိုးကြိုးငှက်၏ မျက်လုံးများထဲတွင် အေးစက်မှုများ ဖြတ်ပြေး သွားစေသည်။
ရီဖူရှင်းက အလွယ်တကူ ဖြတ်ကျော် နိုင်စွမ်း ရှိသွားသည်မှာ ခံစားရ အတော်ခက်ပေသည်။
မိုးကြိုးငှက်သည် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ လုယွိထံမှ ဓားတိုက်ခိုက်မှုက မိုးကြိုးငှက်ကို ရောက်ရှိသည့် နေရာတွင်ပင် ရပ်ကာ ကျင့်ကြံစေရန် ပြုလုပ်ခဲ့သည်။
ထိုသည်မှာ လုယွိ၏ ခွန်အားကို သိရှိပြီးဖြစ်သဖြင့် ပြဿနာ မရှိသော်လည်း ရီဖူရှင်းက သူ့ကို ဖြတ်ကျော်၍ လျှောက်သွားသည်ကို မြင်သည့်အခါ စိတ်ရှုပ်သွားခဲ့ပေသည်။
“မင်း ရောက်တဲ့နေရာမှာ ရပ်လိုက်” နတ်တောင်ထွတ်မှ လုယွိက ရှင်းလင်းစွာ ပြောလိုက်သည်။ သူ၏ အသံတွင် မည်သည့် ခံစားချက်မှ ရှိမနေဘဲ ရီဖူရှင်းကို တောင်ထွတ်အောက်တွင်သာ နေရန် ပြောလိုက်သည်။
သူ၏ ဓားသည် လေထဲတွင် ရှိနေဆဲ ဖြစ်ကာ အထက်မှ မိုးကြိုးများကို ဆွဲယူနေသည်။ သူသည် ရီဖူရှင်းက အရှေ့သို့ ဆက်ရွေ့လျားလာလျှင် မိုးကြိုးဖြင့် ရီဖူရှင်း ခေါင်းပေါ်သို့ ပစ်ခတ်ရန် ရည်ရွယ်နေပုံ ရသည်။
ထိုအခိုက်တွင် မိုးချုန်းသံကဲ့သို့ ဆူညံနေသည်များကို ကြားနေရသည်။ မိုးကြိုးများသည် ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး သူ့ကို တုန်ယင် သွားစေသည်။ သို့သော် သူသည် ထိုအရာနှင့် အသားကျပြီး ဖြစ်ရာ တည်ငြိမ်နေဆဲပင် ဖြစ်၍ သူ့မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ ပေါ်ပေါက် မလာခဲ့ပေ။
“ဆင်းစမ်း!” ရီဖူရှင်းသည် လုယွိကို မော့ကြည့်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ ရီဖူရှင်းသည် ရပ်တန့်ရမည့်အစား သူ့အား ခက်ထန်စွာ ပြောဆို လိုက်သည်ကို မြင်လေသည်။ ထိုသည်က မည်သို့သော မောက်မာဝံ့ကြွားမှုပေနည်း။
လုယွိသာမကဘဲ နတ်တောင်ပေါ်ရှိ လူတိုင်းသည်လည်း မှင်တက်သွားကြပေသည်။
ရီဖူရှင်းသည် လုယွိ၏ ဓားတိုက်ခိုက်မှုကို မြင်တွေ့ပြီးလျှင်ပင် ဆင်းသွားရန် ပြောလေသည်။ ထိုသည်က အမှန်တကယ်ပင် ပြင်းထန်လှသော ယုံကြည်မှု ဖြစ်သည်။
မိုးကြိုးငှက်ပင်လျှင် ထပ်၍ သည်းခံနိုင်စွမ်း မရှိတော့ပုံပေါ်သည်။ သူသည် ရီဖူရှင်းကို သူ၏ ဝံ့ကြွားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ထွက်သွားစမ်း” မိုးကြိုးငှက်က လူစကားဖြင့် ပြောလိုက်သည်။ သူ၏ မျက်လုံးများက အတော်လေး ကြမ်းတမ်း ခက်ထန်နေသည်။
နတ်ဆိုး သားရဲများသည် ဂုဏ်ယူဝံ့ကြွားစွာ မွေးဖွား လာခဲ့ကြသည်။ သူတို့က ရှန့်ထို ဖြစ်လာလျှင်ပင် သူတို့၏ မွေးရာပါ သဘာဝကို ဖျောက်ပစ်ရန် ခဲယဉ်းပေသည်။ ထိုသို့သော သားရဲများက မိစ္ဆာသားရဲကြီးများဖြစ်သည့်အခါ သူတို့က ပို၍ပင် မောက်မာ ဝံ့ကြွားကြပေသည်။
မိုးကြိုးငှက်သည် လုယွိကို ရှုံးနိမ့်ပြီးနောက်၌သာ သူ၏ ခေါင်းကို နှိမ့်ချခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ရီဖူရှင်းသည်လည်း ထိုသို့ လုပ်ဆောင်ရန် ရည်ရွယ်နေပေသည်။
ရီဖူရှင်းသည် ထိုငှက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အေးစက်မှုတို့ ရှိနေသည်။ အလွန်ပြင်းထန်သည့် မဟာလမ်းစဉ် စွမ်းအားများက ထိုငှက်၏ မျက်လုံးများအတွင်းသို့ ဝင်ရောက် သွားသည်။ ရီဖူရှင်း၏ မျက်လုံးများသည် နတ်ဘုရား မျက်လုံးများကဲ့သို့ပင် ဖြစ်သည်။ ထိုခဏ အတွင်းတွင် မိုးကြိုးငှက်သည် သူ၏ ကြီးမားသော မျက်လုံးများ အတွင်း၌ ရီဖူရှင်းမှ လွဲလျှင် အခြား မည်သည်ကိုမှ မမြင်တော့ပေ။
သူ၏ စိတ်ဝိညာဉ်သည် သူ့အပိုင်မဟုတ်တော့သကဲ့သို့ လွတ်ထွက် သွားပေသည်။ မိုးကြိုးငှက်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက တုန်ယင်နေသည်။
ရွှီး…
ရှည်လျားပြီး စူးရှကျယ်လောင်သည့် အော်သံက မိုးကြိုးငှက်ထံမှ ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ အလွန် ပြင်းထန်သော နာကျင်မှုကို ခံစားနေရပုံ ပေါ်လေသည်။
သူသည် ပြင်းထန်စွာ ရုန်းကန် နေသော်လည်း ရီဖူရှင်း၏ မျက်လုံးထဲမှ မိုးကြိုးအလင်းများသည် သူ၏ မျက်လုံးများ အတွင်းသို့ ပစ်ခတ်လိုက်သည်ကို လျင်မြန်စွာ မြင်လိုက်ရသည်။
“ဒူးထောက်စမ်း” ရီဖူရှင်းက အမိန့်ပေးသည့် ပုံစံဖြင့် အေးစက်စွာ ပြောလိုက်သည်။ နတ်တောင်ပေါ်မှ လူများသည် သူ မည်သူ့ကို ပြောနေသည်လဲ ဇဝေဇဝါ ဖြစ်သွားကြသည်။
ဒူးထောက်စမ်းတဲ့လား။
သူတို့ အားလုံးသည် ရီဖူရှင်း မည်သူ့ကို ပြောနေသည်အား သိချင်သွားကြသည်။
ဘုန်း…
စွမ်းအားများက မိုးချုန်းသံကဲ့သို့ ပေါက်ကွဲထွက်လာကာ တောက်ပသည့် မိုးကြိုးငှက်၏ မျက်လုံးများက မိန်းမော တွေဝေ သွားသည်။ သူ၏ ခြေထောက်များက တဖြည်းဖြည်း ကွေးညွှတ် လာ၏။ သူသည် ရီဖူရှင်း အမိန့်ပေး လိုက်ပြီးနောက်တွင် ချက်ချင်း ဒူးထောက်ခဲ့လေသည်။
ဘုန်း…
အခြားသော ကြောက်မက်ဖွယ် ခရမ်းရောင် မိုးကြိုးများက ကောင်းကင်တွင် ရိုက်ခတ် လာသည်။ မိုးကြိုး စွမ်းအားများသည် ထိုငှက်၏ မျက်လုံးများထဲတွင် ပျက်ပြယ် မသွားခဲ့သေးသော်လည်း သူသည် တစ်ခုခုကို အာရုံပြန်ရလာပေသည်။ သူသည် ခေါင်းကို အနည်းငယ် ခါယမ်း လိုက်သည်။ ကြည့်ရသည်မှာ မကြာသေးခင်က သူ၏ အတွေးများက ရပ်တန့်သွားခဲ့ပြီး သူ၏ ဦးနှောက်များက လုပ်ဆောင်မှု ရပ်ဆိုင်း သွားခဲ့ပေသည်။
ထိတ်လန့်စရာ ကောင်းသည်မှာ သူက အမှန်တကယ်ပင် ရီဖူရှင်းထံ၌ ဒူးထောက်နေခဲ့၏။
ခဏချင်း အတွင်းတွင် သူ၏ မျက်နှာသည် အလွန် မည်းမှောင် သွားခဲ့သည်။
ထိုခဏအတွင်းတွင် သူသည် ထိန်းချုပ်ခံရရန် ခြေတစ်လှမ်းသာ လိုတော့ပြီး ထိုအဖြစ်က ခွင့်လွှတ်နိုင်စရာ မရှိဟု ယူဆလေသည်။
မိုးကြိုးငှက်သည် ရီဖူရှင်းက ထိုမျှထိ အရှက်ခွဲခဲ့သည်ကို အံ့အားသင့်နေမိသည်။
ထိုသို့သော အတွေးတို့ သူ့ခေါင်းထဲ ဝင်လာသောအခါ အဖြူအမည်းစပ်သည့် ကြီးမားသော မျက်လုံးများက အဆမတန် ပြူးကျယ် လာသည်။ ထို့နောက်တွင် ထိတ်လန့်သည့် အကြည့်များ ၎င်း၏ မျက်လုံးအတွင်း ပေါ်ပေါက်လာပြီး အတောင်များကို ဖွင့်ကာ လိုက်ရန် ကြံရွယ်လိုက်သည်။ သို့သော် ထိုပုံရိပ်သည် အလွန်လျင်မြန်စွာ ရွေ့လျားနေသည်။ မွန်းကျပ်ဖွယ် ဆူညံသံများကို ကြားလိုက်ရပြီး ထောင်ချီသည့် မိုးကြိုးများက မိုးကြိုးငှက်၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ခတ်လာသည်။ သူသည် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး အဝေးသို့ လွင့်စဉ်သွားခဲ့သည်။
မိုးကြိုးငှက်သည် မြေပေါ်သို့ ကြမ်းတမ်းစွာ ရိုက်မိကာ တောင်ပေါ်မှ လိမ့်ဆင်း သွားခဲ့သည်။ ရီဖူရှင်းသည် ထိုငှက်ကို အနည်းငယ်မျှပင် အရေးမစိုက်ဘဲ အပေါ်သို့ ဆက်တက် သွားသည်။ သူသည် တောင်ထိပ်သို့ ရောက်လုနီးပါးပင် ဖြစ်သည်။
မိုးကြိုး တိမ်တိုက်များမှာ ပြင်းထန်စွာ အော်မြည်လာသည်။ မွန်းကျပ်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားက နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။ လုယွိနှင့် ရီဖူရှင်းသည် မည်သည်တို့ ဖြစ်ပျက် နေသည်ကို ခံစားနိုင်စွမ်း အရှိဆုံးသူများ ဖြစ်ကြသည်။ မဟာလမ်းစဉ်၏ မိုးကြိုးစွမ်းအားများက သူတို့၏ ပတ်ဝန်းကျင်တွင် လွှမ်းခြုံနေသည်။
လုယွိသည် ရီဖူရှင်း အပေါ်သို့ ဆက်တက် လာသည်ကို ကြည့်ကာ တစ်ခုခုကို စတင်၍ အလေးအနက် ထားလာသည်။
ရီဖူရှင်းသည် မိုးကြိုးငှက်ကို အချိန်တိုအတွင်း လွှမ်းမိုးကာ ရှုံးနိမ့်စေခဲ့ပြီး သူသည် ရီဖူရှင်းက မည်သို့ လုပ်လိုက်သည်ကိုပင် မြင်နိုင်စွမ်း မရှိခဲ့ပေ။
ကြည့်ရသည်မှာ သူ့ရှေ့မှ လူသည် အားနည်းသည့်ပုံ မရှိချေ။
သို့ရာတွင် ရီဖူရှင်းသည် သူ့ကို ထိုကဲ့သို့ ပစ်ထုတ်ရန် ရည်ရွယ် နေသည်လားဟု လုယွိက တွေးလိုက်သည်။
နတ်တောင် ဖွင့်လှစ်လာသည့် ဤတစ်ကြိမ်တွင် သူသည် နတ်တောင်ထိပ်ဖျားတွင် ရပ်တည်နိုင်သည့် တစ်ဦးတည်းသော သူမှာ လုယွိဟူသည့် သူသာ ဖြစ်မည်ဟု ယူဆထားခဲ့ပေသည်။
လုယွိသည် မည်သူကမှ သူ၏ ဂုဏ်သရေ ထွန်းလင်းမှုအား ထိခိုက်လာမည်ကို ခွင့်မပြုနိုင်ပေ။
ထိုသည်မှာ သူ့လက်ထဲတွင် ရရှိလိမ့်မည်ဟု စိတ်ဆုံးဖြတ်ထားသည့် အရာဖြစ်ပေသည်။
သူသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဓားများက အော်မြည်လာသည်။ ဓားကိုးစင်းသည် သူ့ အထက်တွင် ပေါ်ပေါက်လာပြီး မဟာလမ်းစဉ် မိုးကြိုးများကို ဆွဲယူနေသည်။ မိုးကြိုး တိမ်တိုက်များက လှုပ်ရှားလာပြီး မိုးကြိုးစွမ်းအားများက ပြင်းထန်လာသည်။ ဓားတစ်ခုချင်းစီတွင် စစ်မှန်သည့် ဖျက်ဆီးခြင်း မိုးကြိုးစွမ်းအားများ ပါဝင်နေသည်။
ရီဖူရှင်းသည် လုယွိ လှုပ်ရှားလိုက်သည်ကို မြင်လျှင်ပင် တုန့်ဆိုင်းသွားခြင်း မရှိပေ။ သူသည် လက်ကို ဆန့်တန်းလိုက်လျှင် ရတနာလှံက သူ့လက်ထဲတွင် ပေါ်ပေါက်လာ၏။
ထိုလှံရှည်သည် မဟာလမ်းစဉ်၏ မိုးကြိုးများကို ဆင့်ခေါ်နိုင်သည်ဟု ထင်မှတ်ရသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ကမ္ဘာ့သစ်ပင်ရှိ အမှတ်အသားက တလက်လက် တောက်ပလာပြီး သစ်ပင်ကို ကြောက်မက်ဖွယ် တောက်ပမှုများနှင့် လင်းလက် နေစေသည်။ မဟာလမ်းစဉ်၏ အဆုံးမဲ့ စွမ်းအားများက သူ့ခန္ဓာကိုယ်တွင် ပေါင်းစပ်လာပြီး လှံရှည်ဆီသို့ တိုက်ရိုက် စီးဆင်းသွားသည်။
ထိုသည်က အားလုံး မဟုတ်သေးပေ။ နတ်တောင်ပေါ်မှ မဟာလမ်းစဉ် မိုးကြိုး စွမ်းအားများသည် လုံးဝ ထိန်းချုပ်ခံလိုက်ရကာ နဂါးများကဲ့သို့ အသွင် ပေါ်လာပေသည်။ ယင်းသည် ရီဖူရှင်း၏ ခန္ဓာကိုယ်အထက်တွင် တစ်ဟုန်ထိုး ရွေ့လျားနေသည်။ ထိုအချိန်တွင် ရီဖူရှင်းသည် တောင်ပေါ်ရှိ မိုးကြိုးစွမ်းအားများ အားလုံးကို သူ့ခန္ဓာကိုယ်ဆီသို့ စုဆောင်းနေသည်ဟု ထင်မှတ်ရပြီး ပညာရှိကျမ်းနှင့် သန့်စင်နေကာ လှံရှည်အတွင်းသို့ ပေါင်းစပ်နေပေသည်။
ထိုအချိန်တွင် သူ့ဝန်းကျင်မှ အရာအားလုံးကို ဖြတ်၍ မိုးကြိုးစွမ်းအားများက ဆွဲယူခံနေရသည်။ ထိုမြင်ကွင်းသည် ရိုးရှင်းစွာပင် အလွန်တောက်ပ နေပေသည်။
“သတ်” လုယွိသည် အေးစက်စွာ အမိန့်ပေးလိုက်လျှင် သူ့အနီးရှိ စွမ်းအားများက သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်သွားပေသည်။
ကမ္ဘာပျက်သော နေ့ကဲ့သို့ မိုးကြိုးစွမ်းအားများ ကျဆင်းလာပြီး မိုးကြိုးတိမ်တိုက်များက ကောင်းကင်တွင် ပြင်းထန်စွာ လှုပ်ရှားကာ ဓား၏ အထက်တွင် စုဝေးလာကာ ပစ်လွှတ်လိုက်သည်။ ယင်းသည် အရှေ့ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်လေသည်။
ဘုန်း….
မရေတွက်နိုင်သော မိုးကြိုးအလင်းများသည် တစ်ချိန်တည်းတွင် လင်းလက်လာပြီး လူအများကို မျက်စိများ ကျိန်းစပ် သွားစေသည်။ ထိုခဏအတွင်းတွင် မိုးကြိုးသည် လေဟာနယ်ကို ဖြတ်သန်းကာ ရိုက်ခတ် လိုက်သည်။ မဟာလမ်းစဉ်သည် လှံရှည် တစ်ခုတည်းအတွင်းသို့ ပေါင်းစည်းသွားပြီး ထူးကဲ သာလွန်သည့် အရှိန်အဝါကို ပေးစွမ်းနေသည်။
လူအုပ်ကြီးသည် အလင်းတန်းနှစ်ခုက တစ်ခုနှင့်တစ်ခု ရိုက်ခတ် သွားသည်ကို မြင်လိုက်ရပြီး ပြင်းထန်သည့် အဖျက် စွမ်းအားများက မည်သူ့ကိုမှ မျက်လုံးများ ဖွင့်မရစေရန် စူးရှတောက်ပ နေခဲ့သည်။ ထိုနေရာ တစ်ခုလုံးသည် အဖြူရောင် အလင်းများဖြင့် ပြည့်နှက် သွားခဲ့သည်။
သူတို့အားလုံး အနီးရှိ မိုးကြိုးများသည် လင်းလက်နေပြီး လူအုပ်သည် သူတို့၏ မျက်လုံးများကို ထိုနေရာသို့ မြဲမြံစွာ ပို့ဆောင် လိုက်သည်။ အဖြူရောင် အလင်းများ ပြယ်သွားသည့် အခါ အရာအားလုံးက ရှင်းရှင်းလင်းလင်း ဖြစ်လာခဲ့သည်။ တစ်စုံတစ်ယောက်သည် တောင်ထိပ်တွင် တိတ်ဆိတ်စွာ ရပ်၍ နေသည်။ သူသည် ထိုနေရာတွင် တစ်လျှောက်လုံး ရှိနေခဲ့သလိုပင် ဖြစ်သည်။
ရပ်ကျန်ရစ်ခဲ့သူမှာ မည်သူဖြစ်သည်ကို ရှင်းလင်းစွာ သိရှိခဲ့လျှင် လူအများ၏ မျက်လုံးများက အေးခဲသွားခဲ့သည်။
လူငယ်၏ ငွေရောင်ဆံပင်များက လေထဲတွင် ဝဲလွင့်နေသည်။ ဝူထူနတ်တောင်၏ ထိပ်ဖျားတွင် ရပ်၍ ကျန်ရစ်ခဲ့သူမှာ အံ့သြစရာ ကောင်းလောက်အောင်ပင် ရီဖူရှင်း ဖြစ်၍ နေလေသည်။
အဟွတ်… အဟွတ်…
ချောင်းဆိုးသံများကို ကြားလိုက်ရပြီး နောက်မှသာလျှင် လူအများသည် တောင်ထိပ်၏ အောက်ဘက်တွင် ရပ်နေပြီး တစ်ကိုယ်လုံး သွေးများ စွန်းထင်းကာ အားနည်းနေသည့် အရှိန်အဝါရှိသော တစ်စုံတစ်ယောက်ကို မြင်လိုက် ကြပေသည်။
ထိုလူသည် မကြာသေးခင်က အလွန်ပင် ထူးခြား သာလွန်ခဲ့သော လုယွိပင် ဖြစ်လေသည်။
တမဟုတ်ချင်းပင် ကောင်းကင်ဘုံမှ ငရဲသို့ ရောက်ရှိ သွားရလေသည်။
ဝါး…
လူအများသည် သူတို့၏ စက္ကုအာရုံက လှည့်စားနေသလားဟု တွေးလိုက်ကြသည်။ လုယွိသည် အမှန်တကယ်ပင် ရှုံးနိမ့် သွားခဲ့လေသည်။
“သူက ဘယ်သူလဲ” လူအများသည် ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။
သူတို့သည် ရီဖူရှင်းက မည်သူဖြစ်သည်ကို မေးမြန်းနေကြသည်။
လုယွိသည် ဒဏ္ဍာရီ စွမ်းအားများကို ပြသပြီး နတ်တောင်၏ စံချိန်ကို စိန်ခေါ်ရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် တစ်စုံတစ်ယောက်က ထွက်ပေါ်လာပြီး ချက်ချင်းပင် သူ့ကို တောင်ထိပ်မှ ကန်ထုတ် လိုက်လေသည်။
ထိုမြင်ကွင်းသည် လူအုပ်ကြီးအတွက် အလွန်ပင် ထိတ်လန့် တုန်လှုပ်ဖွယ်ပင် ဖြစ်၏။
“သူက တကယ်ပဲ ထိပ်ဆုံး ရောက်သွားတယ်” ချီယိုသည် ပြောစရာစကားပင် အစရှာမရအောင် ခံစားလိုက်ရပြီး ထိုမြင်ကွင်းကိုသာ စူးစိုက် ကြည့်နေလေသည်။ ရီဖူရှင်းသည် တောင်ထိပ်တွင် ရပ်တည် နိုင်သည့်သူ ဖြစ်သွားလေသည်။
တောင်ထိပ်ဖျား၏ အောက်၌ ရှိနေသည့် လုယွိသည် ရှက်ရွံ့မှုတို့ ကြီးစိုး နေပုံရသည်။ နောက်ထပ် ချောင်းဆိုးသံကို ကြားလိုက်ရပြီး သူ့ပါးစပ်များ သွေးများ အန်ထွက်လာသည်။ သူသည် ရီဖူရှင်းကို မော့ကြည့်လိုက်ပြီး မကြာသေးခင်က ရရှိထားသည့် အရာအားလုံး ဆုံးရှုံးသွားပြီကို နားလည်လိုက်သည်။ သူသည် ချက်ချင်း လက်ငင်းပင် ရှုံးနိမ့် သွားခဲ့ရလေသည်။
သူသည် နတ်တောင်ပေါ်၌ မည်သည့် ပြိုင်ဘက်မှ ရှာမတွေ့နိုင်ဟု တွေးထင် ထားခဲ့သည်။ သူ့ ပြိုင်ဘက်သည် ယခင် စံချိန်တင်ခဲ့သော သူများပင် ဖြစ်လိမ့်မည်။
ရီဖူရှင်းသည် တောင်ထိပ်ဖျားတွင် ရပ်နေပြီး သူ၏ အဖြူရောင် ဝတ်စုံက လေထဲတွင် လွင့်ခါနေသည်။ သူ၏ အမူအရာက အလွန်ပင် တည်ငြိမ်နေသည်။ သူက တောင်ထိတ်သို့ ရောက်ရှိ နေလျှင်ပင် မည်သည့် ပျော်ရွှင်မှု အရိပ်အယောင်မှ မပြသခဲ့ပေ။
ထိုအချိန်တွင် သူ၏ စိတ်အခြေအနေသည် ယိမ်းယိုင်မှု ရှိစေရန် ခက်ခဲလှပေသည်။
သူသည် ထိပ်သို့ ရောက်ရှိသည်ထက် ပို၍ အင်ပါယာကျီမင်က သူ့အား သတိထားမိ စေရန် လိုအပ်ပေသည်။
သူသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ရင်း မော့ကြည့်လိုက်သည်။ မိုးကြိုး တိမ်တိုက်များသည် သူ့ခေါင်းထက်ရှိ လက်မအနည်းငယ် အကွာတွင်သာ ရှိတော့သည်ဟု ထင်မှတ်ရသည်။ ထိုသည်က သူ လက်လှမ်းလိုက်လျှင်ပင် ထိတွေ့နိုင်တော့မတတ် ဖြစ်သည်။
မိုးကြိုးအချက်ပေါင်း ၉၀၀ ဟုတ်လား။
ထို့နောက် သူသည် သူ့လက်ကို နောက်ကျောဘက်တွင် ထားလိုက်သည်။ ကောင်းကင်ထက်မှ မိုးကြိုးက ရိုက်ခတ်လာသည်။ သူသည် ယင်းကို တားဆီးမည့်အစား သူ့ကို ရိုက်ခတ်မိစေရန် ခွင့်ပြု ထားလိုက်သည်။
ဘုန်း..
ရီဖူရှင်းသည် အော်မြည်နေသည့် ကောင်းကင် မိုးကြိုးများဖြင့် လွှမ်းခြုံခံထားရပြီး ကြည့်ရသည်မှာ တင့်တယ်တောက်ပ၍ ဒဏ္ဍာရီ ဆန်နေခဲ့သည်။ သူ၏ လက်များသည် ကျောနောက်တွင် ရှိနေပြီး တွန့်ဆုတ်ခြင်းမရှိ တောင်ထိပ်တွင် မားမားမတ်မတ် ရပ်၍ နေပေသည်။
ဘုန်း.. ဘုန်း… ဘုန်း…
မိုးကြိုးများသည် သူ့အပေါ်သို့ ကျဆင်းလာပြီး ယင်းစွမ်းအားများသညိ နတ်တောင်တစ်ခွင်လုံး ဖုံးလွှမ်းထားကာ လူတိုင်းကို တုန်လှုပ်စေသည်။ တောင်ထိပ်၌ ရှိနေသည့် ရီဖူရှင်းသည် ရိုက်ချက်များကို ခန္ဓာကိုယ်ဖြင့် ခံယူရဲသော ပထမဆုံးလူ ဖြစ်သည်။ သို့သော်လည်း သူသည် ကျောက်ရုပ်ကြီးကဲ့သို့ အရာအားလုံးကို တိတ်ဆိတ်စွာ ခံယူနေပေသည်။
လူအများသည် သူတို့၏ ရှေ့မှ သူကို ကြည့်ကာ စိတ်အတွင်းတွင် အတွေးပေါင်းစုံ ပြည့်နှက် နေသည်။
သူတို့အားလုံးသည် သူတို့ရှေ့မှ ထိုသူက စံချိန်အားလုံးကို ချိုးဖျက်နိုင်မည်လားဟု တွေးတော နေကြပေသည်။
***