Switch Mode

အပိုင်း(၁၃၅၁)

လုယွိ

ရီဖူရှင်းသည် ခြေတစ်လှမ်းပြီး တစ်လှမ်းလျှောက်သွားပြီး သူ့ခန္ဓာကိုယ်တွင်းမှ ကျန်ရစ်သည့် အမှတ်အသားက ကြီးထွားကာ ပိုမိုအစွမ်းထက် လာသည်။ နတ်တောင်တခွင်မှ မိုးကြိုးများမှာ သူ့ကို ဗဟိုပြုကာ သူ့ အနီးမှနေ၍ ကျယ်ပြန့်သော နေရာအထိ လွှမ်းခြုံထားသည်။

မိုးကြိုးတစ်ခုစီ၏ ပြင်းထန်သော တိုက်ခိုက်မှုတိုင်းသည် ကမ္ဘာမြေကိုပင် တစစီဖြစ်သွားအောင် ဖျက်ဆီး ပစ်နိုင်သည်။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် မိုးကြိုးများဖြင့် ဖုံးလွှမ်းထားခြင်းကို ခံရပေသည်။ သူ့ခန္ဓာတွင်းမှ ရှေးဟောင်း သစ်ပင်သည် အဆုံးမဲ့ မိုးကြိုးများက ထိုးဖောက် သွားသော်လည်း တစ်ချိန်တည်းမှာပင် ယင်းသည် မိုးကြိုးစွမ်းအားများနှင့် ပေါင်းစပ်သွားသည်။

“မဟာလမ်းစဉ်ရဲ့ စွမ်းအား အရင်းအမြစ်လား” ရီဖူရှင်းက သူ့ခန္ဓာကိုယ် အတွင်းကို စူးစမ်းလိုက်ပြီး ရေရွတ် လိုက်သည်။ ပညာရှိကျမ်းကို ထုတ်ဖော်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်သည် မီးပြင်းဖိုကဲ့သို့ ဖြစ်လာပြီး သူ၏ အနီးမှ နတ်မိုးကြိုး စွမ်းအားများကို သန့်စင်နေကာ ယင်းတို့သည် သက်စောင့် ဟော်နန်းအတွင်းရှိ မိုးကြိုးစွမ်းအားများနှင့် အတူ ပျော်ဝင်သွားသည်။

ထိုသည်က နတ်တောင်ရှစ်ခု တည်ရှိနေရခြင်း၏ အဓိပ္ပာယ်ပင် ဖြစ်ကာ ထိုမိုးကြိုး စွမ်းအားများမှ တစ်ဆင့် သင်ယူနိုင်ပြီး သူတို့သည် မိုးကြိုးများကို ခံယူကာ ပြိုင်ဘက်ကင်းဝူထူ မိုးကြိုး စွမ်းအားများကို ဖွံ့ဖြိုးလာစေပြီး အရည်အချင်းများ တိုးတက်လာစေရန် ထောက်ကူနေကာ အင်ပါယာကျီမင်၏ လက်အောက်တွင် ကျင့်ကြံရန် အတွက် သူတို့ကို လမ်းခင်းပေးပြီးသား ဖြစ်နိုင်သည်။

မိုးကြိုးများမှ တစ်ဆင့် အချက်အလက်များကို ဖြန့်ဝေပေးခြင်းသည် အဆင့်မြင့် ထိပ်တန်း အင်ပါယာဘုံမှ ထိပ်တန်းအင်အားစုများသာလျှင် ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။

ထိုသည်က အောက်ဘုံများတွင် စိတ်ပင်မကူးနိုင်သည့် အရာဖြစ်သည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် ကောင်းလောက်သော လိုက်လျောညီထွေ ဖြစ်နိုင်သည့် စွမ်းရည်ရှိသည်။ ကမ္ဘာ့သစ်ပင် သက်စောင့်ဝိညာဉ်နှင့် ပညာရှိကျမ်းကို အသုံးချခြင်းဖြင့် သူ့အနီးရှိ မိုးကြိုးများနှင့် လျင်မြန်စွာ ရောယှက်သွားစေပြီး သူ့ခန္ဓာအတွင်းမှ မိုးကြိုးစွမ်းအားများ အားလုံးသည် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာပြီး ပြိုင်ဘက်ကင်း ဝူထူမိုးကြိုး၏ မဟာလမ်းစဉ် စွမ်းအားများအဖြစ် သန့်စင်စေပေသည်။

ထိုသို့ဖြင့် သူသည် မဟာလမ်းစဉ် မိုးကြိုး စွမ်းအားများကို ခံနိုင်ရည်ရှိလာပြီး ယင်းစွမ်းအားများနှင့် သဟဇာတ ဖြစ်လာပေသည်။

မဟုတ်လျှင် မိုးကြိုးများ၏ အချက်တစ်ရာ ရိုက်ခတ်မှုကို တောင့်ခံနိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ရီဖူရှင်းသည် အပေါ်သို့ ဆက်လက် သွားနေပြီး လူအများကို မီလာခဲ့ကာ တဖြည်းဖြည်းနှင့် သူ့အရှေ့တွင် လူသုံးယောက်သာလျှင် ကျန်ရှိပေတော့သည်။

ကောင်းကင် ဓားအင်ပါယာ၏ မျိုးဆက် လုယွိ ၊ နတ်ဆိုးအင်ပါယာ၏ မျိုးဆက် မိုးကြိုးငှက်နှင့် အင်ပါယာကျူ၏ မျိုးဆက် ကျူချီတို့ ဖြစ်သည်။

မိုးကြိုးငှက်သည် အနီးရှိ မဟာလမ်းစဉ် မိုးကြိုးများကို ဆက်လက် ဝါးမျိုနေသည်။ မိုးကြိုးလျှပ်စီး အလင်းများသည် ကောင်းကင်တစ်ခွင်တွင် ဖုံးလွှမ်းနေပြီး ကျယ်ပြောလှသည့် နေရာတွင် တောက်ပနေသည်။ သူ၏ မျက်လုံးများက အလွန် ထက်ရှနေပြီး သူနှင့် ကျူချီကို နောက်တွင် ချန်ထားခဲ့ကာ အမြင့်ဆုံးတွင် ရောက်နေသည့် လုယွိကို ကြည့်နေသည်။

လက်ရှိတွင် မိုးကြိုးငှက်ပင်လျှင် အလွန်မြင့်မားသည့် ဖိအားကို တောင့်ခံနေရသည်။

ထိုသည်မှာ ကျူချီလည်း အတူတူပင် ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်သည် ပုံရိပ်ယောင်ကဲ့သို့ အလွန် လျင်မြန်စွာ သွားနေသည်။ သို့သော်  မိုးကြိုးများ ကျဆင်းလာသည့် အခါ သူမသည် နှောင့်နှေး သွားလေသည်။

ရီဖူရှင်းသည် တဖြည်းဖြည်း နောက်မှနေ၍ သူတို့ကို လိုက်မီသွားခဲ့သည်။ သူ၏ ခြေလှမ်းများသည် မယိမ်းမယိုင်ဘဲ ဝူထူနတ်တောင် ထိပ်ဖျားသို့ ဦးတည် နေခဲ့သည်။

အထက်မှ မိုးကြိုး တိမ်တိုက်များသည် အော်မြည်နေပြီး ကမ္ဘာပျက်သည့်နေ့ကို မျက်မြင် တွေ့နေရသကဲ့သို့ပင် ဖြစ်သည်။

ဘုန်း…

ဆူညံသည့် အသံတစ်ခုကို ကြားလိုက်ရသည်။ နတ်တောင်ပေါ်မှ မရေတွက်နိုင်သော လူများက မော့ကြည့် လိုက်ကြလျှင် လက်ထဲတွင် ဓားကို ကိုင်စွဲထားသော လူတစ်ယောက်သည် တောင်ထိပ်ဖျားသို့ တစ်လှမ်းချင်း တက်သွားသည်ကို မြင်လိုက်ရသည်။ ထိုသူသည် လုယွိပင် ဖြစ်သည်။

“အတော်မြန်တာပဲ”

လုယွိက အမှန်တကယ် ထိပ်ဖျားသို့ ရောက်ရှိသွားသည်အား မြင်လိုက်ရသောအခါ လူအများက ထိတ်လန့်တုန်လှုပ် သွားကြပေသည်။

လူအများ ခန့်မှန်းထားသကဲ့သို့ပင် လုယွိသည် နတ်တောင်ထိပ်ဖျားသို့ ပထမဆုံး ရောက်ရှိသည့်သူ ဖြစ်သည်။ ကောင်းကင် ဓားအင်ပါယာ၏ ထိုမျိုးဆက်သည် မိုးကြိုးများကို သူ၏ ဓားနှင့် ဆွဲယူနိုင်စွမ်းရှိပြီး မိုးကြိုးလမ်းစဉ်တွင် အလွန်ပင် အရည်အချင်း ရှိလှကာ ကျန်သူများကို ဖြတ်ချ ထားနိုင်ခဲ့သည်။

သူသည် ဓားနတ်ဘုရားနှင့်ပင် တူနေပေသည်။ သူသည် အောက်ဘက်ရှိ လူများကို ကျောပေးကာ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ဘုန်း…

နောက်ထပ် မိုးကြိုးအလင်းက ပြင်းထန်စွာ တိုးဝင်လာသည်။ သူ၏ ဓားက သူ့ခေါင်းထက်တွင် ကာဆီးလိုက်ပြီး မိုးကြိုးများသည် ဓားအတွင်းသို့ အရှိန်ပြင်းပြင်း ဝင်ရောက်သွားကာ ဓားဖြင့် သန့်စင်ခြင်း ခံလိုက်ရပြီး နောက်ဆုံး၌ သူ၏ ခန္ဓာကိုယ်တွင်းသို့ ပေါင်းစပ် သွားသည်။

သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ခြေထောက်ကို မလိုက်၍ အထက်သို့ ဆက်တက်ရန် ရွေ့လျားလိုက်သည်။ သူ၏ ဓားအရှိန်အဝါသည် ပြင်းထန်လှပြီး  အဆုံးမဲ့ မိုးကြိုးများက သူ့ဓားပေါ်တွင် မှုန်ဝါးဝါး တောက်ပနေကာ သူ့ကို ပြိုင်ဘက်ကင်း တောက်ပ နေစေပေသည်။

“သူက တကယ့်ကို ကောင်းကင်ဓား အင်ပါယာရဲ့ မျိုးဆက်တွေကြားမှာ နံပါတ်တစ်အဖြစ် ထိုက်တန်ပါတယ်။ လုယွိက အင်ပါယာကျီမင် လက်အောက်မှာ သင်ယူရဖို့ ဖြစ်နိုင်တယ်” အချို့က ရေရွတ် လိုက်ကြသည်။ လူအများသည် မိုးကြိုးတိမ်တိုက်များ၏ အောက်ခြေမှ အကျော်ဇေယျ ပုဂ္ဂိုလ်ကို ကြည့်နေကြရင်း သူတို့ကိုယ်သူတို့ သိမ်ငယ်လာကြပေသည်။

သူတို့သည် သူတို့ကိုယ်သူတို့ အထင်သေးနေခြင်း မဟုတ်သော်လည်း သူတို့နှင့် သူ၏ စွမ်းအားချင်း နှိုင်းယှဉ်သည့်အခါ ထိုအချက်က သက်သေပြနေပေသည်။

သူ့ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိသူများမှာ သူ၏ အောက်ဘက်တွင် ရှိနေသည့် လက်တစ်ဆုပ်စာ လူမျှသာ ဖြစ်နိုင်ပေလိမ့်မည်။

“သူ ထိပ်ဆုံးရောက်သွားပြီ”

လုယွိသည် ထိုအချိန်တွင် ခြေလှမ်းလိုက်ပြီး ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။

မိုးကြိုးငှက်သည် လုယွိ၏ နောက်မှ ဆက်လက် သွားနေပြီး ပြင်းထန်သည့် မိုးကြိုး စွမ်းအားများနှင့် ပေါင်းစပ်နေသည်။ ကျူချီသည်လည်း တစ္ဆေတစ်ကောင်ကဲ့သို့ အသွင်နှင့် ရှေ့သို့ ဆက်လက် သွားနေပေသည်။ သူမ၏ မိုးကြိုးခန္ဓာများမှာ တစ်ခုတည်း အဖြစ်သို့ ပျော်ဝင်သွားပြီး သူမ ခြေလှမ်းလိုက်တိုင်းတွင် မိုးကြိုးစွမ်းအားများက သူမကို နတ်ဘုရားမသဖွယ် လှပတင့်တယ် နေစေပေသည်။

ရီဖူရှင်းသည် သူတို့၏ အနောက်မှ မယိမ်းမယိုင် ဆက်လက် လျှောက်လာ နေသည်။ သူသည်လည်း တောင်ထိပ်ဖျားနှင့် သိပ်၍ မဝေးကွာတော့ပေ။

မိုးကြိုးအလင်းများက တဖန် လင်းလက် လာပြန်သော်လည်း လုယွိကို နည်းနည်းလေးမှပင် မလှုပ်ခါနိုင်ပေ။ သူသည် မော့ကြည့်လိုက်ပြီး မိုးကြိုးများကို သန့်စင်လိုက်သည်။

မိုးကြိုးအချက်ပေါင်း ၉၀၀ ကို ခံနိုင်သော လူတစ်ယောက် ရှိနေပြီး ထိုလူသည် အင်ပါယာ ကျီမင်၏ တိုက်ရိုက်တပည့် ဖြစ်လာကာ လူအများ၏ အလေးစားခံ ဖြစ်လာကာ ပြိုင်ဘက်ကင်း ဝူထူမိုးကြိုး၏ ဆက်ခံသူအဖြစ် ချီးမြှောက် ခံခဲ့ရသည်။ ထိုသူသည် ခရမ်းရင့် ကောင်းကင်နန်းတော်၏ မိုးကြိုးကိုးပါးထဲမှ တစ်ခု၏ ဆက်ခံသူပင် ဖြစ်လာနိုင်သေး၏။

သို့သော်လည်း လုယွိသည် ထိုသို့ မတွေးပေ။

ကျင့်ကြံရာ၌ မည်သူ အရင်ရောက်သည် ဆိုခြင်းမှာ အရေးမပါပေ။ အခြားလူက ယခင်က လုပ်နိုင်ခဲ့လျှင် ယခု သူလည်း လုပ်နိုင်ရပေမည်။

မည်သူကမှ သူ့ကို တိုက်ခိုက်နိုင်စွမ်း မရှိပေ။

သူသည် အောက်က မည်သူမှ သူ့ကို စိန်ခေါ်နိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်ပေသည်။

မိုးကြိုးတိမ်တိုက်များ၏ အလယ်ဗဟိုမှ နေ၍ မိုးကြိုးလေးစင်း ရိုက်ခတ်လာသည်။ လုယွိသည် သွက်လက်စွာနှင့် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ ခေါင်းထက်တွင် ကာဆီးထားသည့် ဓားသည် လျင်မြန်စွာပင် လေးလက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ထောင့်လေးထောင့်တွင် ပေါ်ပေါက် လာပြီး မိုးကြိုးများကို ရပ်တန့်လိုက်သည်။

ဘုန်း…

မိုးကြိုးများသည် ဓားများကို ရိုက်ခတ်သွားခဲ့ပြီး ယင်းသည် လုယွိကိုလည်း ရိုက်ခတ် သွားခဲ့သည်။ သူ၏ အဝတ်အစားများက လေထဲတွင် တဖျတ်ဖျတ် လွင့်နေပြီး မိုးကြိုးများက တလက်လက် တောက်ပနေသည်။

ဓားလေးလက်ပေါ်မှ မိုးကြိုးစွမ်းအားများသည် သူ့ခန္ဓာကိုယ် အတွင်းသို့ ပေါင်းစပ် သွားသည်။ ထိုအချိန်တွင် သူ၏ ပုံရိပ်သည် အလွန်ပင် ထူးခြားသာလွန်နေပေသည်။

“လုယွိက မိုးကြိုးတွေကို ရပ်တန့်နိုင်ပြီး တခြားမိုးကြိုး လမ်းကြောင်းတွေကိုလည်း ဝါးမျိုနိုင်တယ်” သူလုပ်လိုက်သည့် အရာကြောင့်  လူအများသည် ထိတ်လန့် တုန်လှုပ် သွားခဲ့သည်။ ထိုသည်က သူ့ကိုယ်သူ ယုံကြည်ချက် မည်မျှ ပြင်းထန်သည်ဟူသော သက်သေပင် ဖြစ်သည်။ သူသည် ကျဆင်းလာသည့် ကောင်းကင် မိုးကြိုးများ အားလုံးကို ခံနိုင်ရည်ရှိပြီး သူ့အပိုင်အဖြစ် ပြောင်းလဲနိုင်သည်။ ထိုသို့ လုပ်ဆောင်နိုင်သည်မှာ သူတစ်ယောက်သာ ရှိပြီး သူ့ကို မည်သူကမှ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

“မင်းတို့ အားလုံး အခု ရပ်လိုက်ပါ” လုယွိက အောက်ဘက်သို့ ငုံ့ကြည့်ကာ ဆက်ပြော လိုက်သည်။ “နတ်တောင်က ဒီနေ့ ဖွင့်လှစ်ပြီး ကျုပ်က အရင်စံချိန်ကို ချိုးဖို့ ရည်ရွယ်ထားတယ်။ ကျုပ် အခိက်ရေတစ်ထောင် ရင်ဆိုင်မှာမို့လို့ မင်းတို့အားလုံး အခုရှိနေတဲ့နေရာမှာ ကျင့်ကြံနိုင်တယ်။ မင်းတို့ အားလုံးက ကျီမင်ဂိုဏ်းကို ဝင်ရောက်ကျင့်ကြံဖို့ အခက်အခဲ ရှိမှာမဟုတ်ပါဘူး”

သူက ထိုလူများအားလုံး ထိပ်ဆုံးသို့ ရောက်ချင်ကြကာ နတ်တောင်၏ ထိပ်ဖျားတွင် ရပ်ချင်ကြသည်ကို သိရှိပေသည်။ ထို့နောက်တွင် ကောင်းကင် မိုးကြိုးများကို ခံယူပြီး အားလုံး၏ အလေးစားခံ ဖြစ်လိုကြသည်။

သို့သော် နတ်တောင်၏ ထိပ်ဖျားတွင် တစ်ယောက်သာလျှင် ရပ်နိုင်သည်ဟု သူ ယူဆပေသည်။ မဟုတ်လျှင် ပြီးပြည့်စုံခြင်းက လျော့ကျသွားပေလိမ့်မည်။

သူသည် မည်သူမဆို နတ်တောင်ပေါ်သို့ သူ၏ ပြိုင်ဘက်အဖြစ် တက်လာခြင်းကို မြင်လိုခြင်း မရှိပေ။ သူ၏ ပြိုင်ဘက်သည် အပြင်ဘက်မှ လူများသာ ဖြစ်သည်။ သို့သော် သူသည် သူတို့နှင့် ယှဉ်ပြိုင်ရန်မှာ တူညီသည့် မျိုးဆက်မှ မဟုတ်သည့်အတွက် အချိန်လိုအပ်ပေသည်။

“မောက်မာလိုက်တာ” မိုးကြိုးငှက်က လူသားဘာသာစကားဖြင့် ပြောလိုက်သည်။ “ကျုပ်လည်း တောင်ထိပ်ကို တက်ပြီး အချက်တစ်ထောင် ရင်ဆိုင်ဖို့ စိတ်ကူးထားတာပဲ။ အဲဒီတော့ မင်း ဆင်းသွားပေးရင် ဘယ်လိုလဲ”

မိုးကြိုးငှက်သည် ထိုသို့ ပြောပြီးသည်နှင့် အထက်သို့ ဆက်လက် ရွေ့လျားသွားသည်။ ကြီးမားသည့် မိုးကြိုးငှက်သည် သူ၏ ကြီးမားသော ခန္ဓာကိုယ်မှ ပြင်းထန်သော အလင်းများ ထုတ်လွှတ် လိုက်သည်။

လုယွိသည် သာမန် အကြည့်တစ်ချက်မျှသာ ပေးလိုက်ပြီး မည်သည့်စကားမှ မပြောတော့ပေ။ ထို့နောက် သူသည် လေထဲမှ ဓားကို ညွှန်လိုက်သည်။

ဓားသည် မိုးကြိုးများ၏ အောက်တွင် တုန်ခါ၍ အော်မြည်လာသည်။

ဘုန်း… ဘုန်း.. ဘုန်း…

မိုးကြိုးများသည် လင်းလက်လာပြီး ဓားက ညွှန်ပြလိုက်သည့် အတိုင်း တစ်ဖန် ကျဆင်း လာခဲ့သည်။ သူသည် မိုးကြိုးများကို သူ၏ ဓားဖြင့် ဆွဲယူနေခဲ့ခြင်း ဖြစ်သည်။ နတ်တောင်ပေါ်ရှိ နေရာအနှံ့မှ မိုးကြိုးစွမ်းအားများက ဓားဆီသို့ အရူးအမူး တိုးဝင် လာကြသည်။ သူ၏ အနီးတွင် ဓားသည် တောက်ပနေပြီး ပြင်းထန်သည့် မိုးကြိုးများဖြင့် လင်းလက်နေသည်။ ထိုမြင်ကွင်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလေသည်။

“ဓားတစ်လက်နဲ့ မိုးကြိုး တိမ်တိုက်တွေကို အမိန့်ပေးမယ်” လုယွိသည် ကောင်းကင် ဓားအင်ပါယာ၏ အထူးချွန်ဆုံး မျိုးဆက် ဖြစ်သည်။ သူ၏ အသံသည် လေထဲတွင် ပဲ့တင် ထပ်သွားခဲ့သည်။ ယင်းသည် သာမန်ထက်လွန်ကဲစွာ လွှမ်းမိုးနိုင်ပြီး ထက်ရှနေသည်။

မိုးကြိုးတိမ်တိုက်များသည် အမှန်တကယ်ပင် ဓား၏ လားရာအတိုင်း ရွေ့လျား လာပေသည်။

ကောင်းကင်မှ ဓားတစ်လက် ကျဆင်းလာသည်။ တိမ်တိုက်များသည် ဓားနှင့်အတူ ရွေ့လျားလာပြီး သူ၏ ဝန်းကျင်ကို ပိတ်ကွယ်လိုက်ကာ ကောင်းကင်ကို စုတ်ဖြဲ၍ မိုးကြိုးငှက်၏ ခန္ဓာရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

မိုးကြိုးငှက်သည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကာ မူလပုံသဏ္ဌာန်သို့ ပြောင်းလဲလိုက်သည့် ၎င်း၏ ခန္ဓာကိုယ်သည် အလွန် ကြီးမားလှပေသည်။ ထိုကြီးမားသည့် ခန္ဓာကိုယ်သည် အဆုံးမဲ့ မိုးကြိုး စွမ်းအားများကို စုစည်းလိုက်ကာ ယင်း၏ နှုတ်သီးမှနေ၍ မိုးကြိုးများ ပစ်လွှတ်လိုက်သည်။ သူ ပစ်လွှတ်လိုက်သည့် အကန့်အသတ်မဲ့ မိုးကြိုးစွမ်းအားများက လျင်မြန်စွာပင် မိုးကြိုးအလင်းတန်း ရှစ်ဆယ့်တစ်ခု အဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် ကောင်းစွာဖြင့် လေဟာနယ်ကို ဖျက်ဆီး လိုက်လေသည်။

နတ်တောင်ပေါ်တွင် ထိုနှစ်ယောက်၏ တိုက်ခိုက်မှုက ထိခတ်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုမှ အလင်းများသည် လူအများ၏ မျက်လုံးများကိုပင် ကျိန်းသွားစေပြီး မျက်လုံးများ ဖွင့်ထားရန် ခက်ခဲ သွားကြရပေသည်။

ရှစ်ဆယ့်တစ်ခုသော မိုးကြိုး အလင်းတန်းများသည် မိုးကြိုးငှက် ရှစ်ဆယ့်တစ်ကောင် အဖြစ်သို့ ပြောင်းလဲ သွားသည်ဟု ထင်မှတ်ရကာ ကောင်းကင်တွင် အော်မြည်နေသည်။ သို့သော်လည်း သူ၏ ပြိုင်ဘက်သည် တန်ပြန် တိုက်စစ်ဆင်ရန် ဓားတစ်လက်ကိုသာ အသုံးပြုခဲ့လေသည်။

ဓားသည် တိမ်တိုက်များကို အမိန့်ပေးနေပြီး ဝင်လာနေသည့် တိုက်ခိုက်မှုများကို ဖျက်ဆီးပစ်ကာ မိုးကြိုးငှက်၏ ခန္ဓာ ရှေ့သို့ ဆက်လက် ရွေ့လျားသွားခဲ့သည်။

မိုးကြိုးငှက်သည် စူးစူးရှရှ အော်မြည်လိုက်ပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက ရှေ့သို့ ဆက်လက် တိုးဝင်သွားခဲ့သည်။ သူ၏ ကြီးမားသော အတောင်များက ကြောက်မက်ဖွယ် မိုးကြိုး စွမ်းအားများကို သယ်ဆောင်ထားပြီး ယင်းတို့သည် ဓားသွားများထက်ပင် ထက်ရှကာ တောင်ထိပ်ဖျား ပေါ်ရှိ လူထံသို့ ဆန့်ထုတ်လိုက်သည်။

လုယွိသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၍ သူ၏ လက်ကို ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ ဓားကိုးစင်း ပေါ်ပေါက်လာပြီး ၎င်းတို့၏ စွမ်းအားများမှာ ယခင်ကထက် ကိုးဆပို၍ ပြင်းထန်ပေသည်။

နတ်မိုးကြိုး ကိုးစင်းသည် အောက်သို့ ကျဆင်းလာပြီး သူ့ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ဖျက်ဆီး ပစ်လိုက်ကာ ချက်ချင်းပင် ကောင်းကင်ကို ဖြတ်သန်း၍ မိုးကြိုး ငှက်ထံသို့ တည့်မတ်စွာ ဦးတည် လိုက်သည်။

ဘုန်း…

ပြင်းထန်သည့် ဆူညံသံကို ကြားလိုက်ရပြီး ဓားစွမ်းအားများက ကြီးမားသည့် ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ သွေးများက ပန်းထွက်လာကာ တောင်နှင့် သွား၍ ရိုက်ခတ် မိလေသည်။ သူ၏ ကြီးမားသော မျက်လုံးများက ကောင်းကင်မှ ဓားကို စိုက်ကြည့်နေသည်။ ဓားကိုးစင်းက ကျဆင်းလာရမည့် အစား ထိုနေရာတွင်သာ ရပ်တန့်၍ ကျန်ရှိနေပေသည်။ မဟုတ်လျှင် မိုးကြိုးငှက်သည် ကံကြမ္မာဆိုးနှင့် ကြုံတွေ့ ရပေလိမ့်မည်။

“ကျေးဇူးပဲ” မိုးကြိုးငှက်က လူစကားဖြင့် ပြောလိုက်သည်။ သူ၏ ပြိုင်ဘက်က ဒဏ်ရာ ရရှိခဲ့သော်လည်း ပြိုင်ဘက်အပေါ် ထောက်ထား ညှာတာမှု ပြသခဲ့ခြင်းက ကျေးဇူးတင်စရာပင် ဖြစ်သည်။ ထိုသည်က ရှုံးနိမ့်သော်လည်း လက်ခံနိုင်ဖွယ် ရှိလေသည်။

လုယွိသည် ဒေသတခွင်တွင် ကျော်ကြားပြီး သူသည် ကျော်ကြားမှုနှင့်အညီ သူ၏ စွမ်းအားက မြင့်မားသည်ကို သက်သေပြခဲ့သည်။

“မင်းတို့ နှစ်ယောက်ရော ဘယ်လိုလဲ” လုယွိက အပေါ်သို့ ဆက်တက် လာနေသည့် သူများကို ကြည့်လိုက်သည်။ တောင်ထိပ်ဖျားသို့ နီးကပ်လာသူများမှာ အင်ပါယာကျူ၏ သမီးတော် ကျူချီနှင့် ရီဖူရှင်းတို့ ဖြစ်သည်။ ထို့ကြောင့်ပင် လုယွိက ထိုနှစ်ယောက်ကို ပြောလိုက်ခြင်း ဖြစ်ကြောင်း သိနိုင်ပေသည်။

ကျူချီ၏ မျက်လုံးများက ကောင်းကင်တွင် ရှိနေသည့် လုယွိထံသို့ ရောက်ရှိသွားသည်။ သူမသည် သူမ၏ စွမ်းအားကို အလွန် ယုံကြည်မှု ရှိသော်လည်း ဓားများမှ ပြသသွားသည့် စွမ်းအားအရ သူမသည် ထိုသည်ကို ရင်ဆိုင်နိုင်ရန် မဖြစ်နိုင်သည်ကို သတိပြုမိပေသည်။ လုယွိသာ ဓားများကို ကျဆင်းလာစေလိုက်လျှင် သူမသည် ထိုဓားများကို မည်သို့ ခုခံရမည် သိလိမ့်မည် မဟုတ်ပေ။

သူမက ယင်းတို့ကို ရပ်တန့်ရန် ကြိုးစားနိုင်လျှင်ပင် ဒဏ်ရာတော့ ရရှိသွားပေလိမ့်မည်။

သူသည် ဓားဖြင့် မိုးကြိုးများကို ဆွဲယူနိုင်ပြီး ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ဤနေရာ၏ ဘုရင် ဖြစ်လာပေလိမ့်မည်။

“ရှင် မိုးကြိုး ဘယ်လောက်များများ ခံနိုင်ရည်ရှိမလဲလို့ စောင့်ကြည့်နေမယ်” ကျူချီက ပြောလိုက်သည်။ သူမသည် လက်လျှော့ လိုက်ပုံရလေသည်။ သူမသည် ရောက်ရှိနေသည့် နေရာ၌ပက် ကျင့်ကြံတော့မည် ဖြစ်သည်။

လုယွိက သူမကို ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက်တွင် သူက မိုးကြိုးချက်များကို ရင်ဆိုင်၍ စံချိန် ချိုးဖျက်ခြင်းကို လောကကြီးမှ မြင်တွေ့နိုင်ပေလိမ့်မည်။

သူ၏ ရည်ရွယ်ချက်မှာ မိုးကြိုး အချက်တစ်ထောင် ရင်ဆိုင်နိုင်ရန် ဖြစ်ပေသည်။

“တကယ် အစွမ်းထက်တာပဲ”

“သူက ပြိုင်ဘက်ကင်းပါပဲ”

နတ်တောင်သို့ တက်ကြသည့် လူအများမှာ အံ့သြချီးကျူး မိကြလေသည်။ မိုးကြိုးငှက်သည် ရှုံးနိမ့်သွားပြီး ကျူချီက လက်လျှော့လိုက်သည်။ သူတို့ အားလုံးသည် ယခင်က တူညီစွာပင် အလွန် ကျော်ကြား ခဲ့ကြသည်။ သို့သော် ယခုတွင် သူတို့ကြားထဲမှ မည်သူက ပို၍ ထူးချွန်သူလွန်သည်ကို သက်သေပြလိုက်ပုံ ရလေသည်။

လုယွိသည် လူတိုင်းကို ဖြတ်ချထားခဲ့ပြီး မည်သူကမှ သူ့ကို မလှုပ်ခါနိုင်ပေ။

လူတိုင်းသည် ထိုနေရာ၌ ထိုင်ကာ သူက အချက်ရေ မည်မျှများများ ရင်ဆိုင်နိုင်မည်နှင့် ထိုအရူးပါရမီရှင်၏ စံချိန်ကို ချိုးဖျက်နိုင်မလား စောင့်ကြည့်ရန်သာ လိုအပ်ပေသည်။

လုယွိ၏ အမူအရာက တည်ငြိမ်နေပြီး မဟာလမ်းစဉ်၏ မိုးကြိုးရိုက်ချက်ကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။ သို့သော်လည်း သူ တစ်နေရာသို့ ကြည့်လိုက်မိသည့်အခါ အပေါ်သို့ ဆက်တက် လာနေသည့် တစ်ယောက်ကို သူ မြင်လိုက်ရသည်။ ထိုသည်က သူ့ကို မျက်မှောင်ကြုတ်သွားစေသည်။

သူသည် သူ့ကိုယ်သူ ရှင်းလင်းစွာနှင့် ထောက်ထား ညှာတာ ပေးခဲ့သော်လည်း သူ၏ ကြင်နာမှုကို ငြင်းဆန်နေသည့် တစ်စုံတစ်ယောက် ရှိနေပုံရလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset