အပိုင်း(၁၃၄၉)

မိုးကြိုးများအကြား လမ်းလျှောက်ခြင်း

ရီဖူရှင်းသည် လူအများ၏ ဆွေးနွေးမှုကို ကြားသိကာ ထိုလူငယ် အကြောင်းကို သိရှိခဲ့သည်။

‘သို့ဆိုလျှင် သူက ဝူထူတောင်၏ ထိပ်ဆုံးတွင် နတ်မိုးကြိုးအချက် ကိုးရာ ခံယူခဲ့သည်လား’ ရီဖူရှင်းက တွေးလိုက်သည်။

ရီဖူရှင်းသည် ခရမ်းရင့် ကောင်းကင်နန်းတော်မှ မိုးကြိုးလမ်းစဉ်၏ ဒဏ္ဍာရီဂိုဏ်းများက မည်မျှ အစွမ်းထက်သည်ကို အမှန်တကယ် စိတ်ဝင်စားကာ မြင်တွေ့လိုပေသည်။

ထိုသို့သော အခွင့်အရေးမျိုးမှာ မိုးကြိုးလမ်းစဉ် တန်ခိုးရှင်များအတွက် အလွန်ပင် ရခဲလှပေသည်။ ထိုသည်ကပင် နတ်တောင်ရှစ်ခုကို ဖွင့်လှစ်ခြင်း အခမ်းအနားသည် ကောင်းကင် အာဏာစက်ဘုံတွင် ကြီးမားသော ပွဲတော်ကြီး ဖြစ်နေပြီး များပြားလှသော သန်မာသည့် တန်ခိုးရှင်များအား ဆွဲဆောင်နိုင်ရသည့် အကြောင်းရင်းပင် ဖြစ်သည်။

“နောက်ဆုံးတစ်ခု အနေနဲ့ သတိပေးချင်တာက ဝူထူတောင်ပေါ်မှာ ကိုယ့်ရဲ့ လုံခြုံရေးအတွက် ကိုယ်ပဲ တာဝန်ရှိတယ်။ နတ်မိုးကြိုးလမ်းစဉ်က အန္တရာယ်များပြီး ပြိုင်ဘက်ကင်း ဝူထူမိုးကြိုးက သေစေနိုင်တယ်။ မင်းတို့ရဲ့ ကျင့်ကြံဆင့်က မြင့်လေ မင်း ကြုံရမယ့် စွမ်းအားက ပိုများလေပဲ” လူငယ်က ဆက်ပြောလိုက်သည်။ လူအများသည် သူ ဘာကို ဆိုလိုသည်အား နားလည်ကြပေသည်။

တစ်စုံတစ်ယောက်၏ ကျင့်ကြံမှု စွမ်းရည်က အားကောင်းလေ မဟာလမ်းစဉ်မှ ကျဆင်းလာမည့် မိုးကြိုးက ပို၍ ပြင်းထန်လေ ဖြစ်သည်။ ထို့ကြောင့်ပင် ပြန်လည် မွေးဖွားခြင်းအဆင့်များက နတ်တောင်ရှစ်ခုသို့ ဝင်ရောက်နိုင်ခြင်း မရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သည်။

သို့သော် တန်ခိုးရှင်များပေါ်တွင် သိပ်ပြီး လွှမ်းမိုးမှု မရှိပေ။ အားလုံးသော တန်ခိုးရှင်များသည် ရှန့်ထိုအဆင့် ပထမနှစ်ဆင့်တွင် နတ်တောင်များသို့ ဝင်ရောက်ရန် ရွေးချယ်ကြလိမ့်မည် ဖြစ်ပြီး ထိုသည်ကပင် သူတို့အတွက် ပို၍ အခွင့်အရေး ရနိုင်ပေသည်။ သူတို့သာ ဤအဆင့်နှစ်ခုတွင် မအောင်မြင်ခဲ့လျှင် သံသယကင်းစင်ခြင်း အဆင့်နှင့် ပြန်လည်မွေးဖွားခြင်း အဆင့်၌ ဝင်ရောက်ရန်မှာ မဖြစ်နိုင်တော့ပေ။

ထိုအချိန်တွင် လူငယ်၏ နောက်တွင် ပြင်းထန်သည့် မိုးကြိုးက ထွက်ပေါ်လာသည်။ ထိုသည်က ဝင်္ကပါ အစီအရင် တစ်ခုကဲ့သို့ပင် ဖြစ်သည်။

အဝေးမှ ကောင်းကင်သည်ပင် အရောင်ပြောင်းလဲသွားပြီး  ဖျက်ဆီးခြင်း မိုးကြိုးစွမ်းအားများက တစ်နေရာတည်းသို့ စုစည်းလာပေသည်။

လူငယ်သည် သူ၏ ခေါင်းကို လှည့်ကာ တစ်ချက် ကြည့်လိုက်သည်။ ခဏအကြာတွင် သူသည် လက်ကို ဝှေ့ယမ်းကာ ပါဝင်သူများအတွက် လမ်းပြုလုပ် ပေးခဲ့ပြီးနောက် ပြောလိုက်သည်။ “နတ်မိုးကြိုးက မကြာခင်မှာ နတ်တောင်ပေါ်ကို ကျလာလိမ့်မယ်။ နတ်တောင်ကို ဝင်ဖို့ အသင့်ပြင်ထားကြပါ”

သူ စကားပြောပြီးသည့်နောက် ရုတ်တရက် တန်ခိုးရှင်များသည် ဝူထူနတ်တောင်သို့ စတင် ပျံသန်း သွားကြသည်။

“သွားစို့” ရီဖူရှင်းက ပြောလိုက်သည်။ ဤတစ်ကြိမ်တွင် သူ့အဖွဲ့ထဲမှ ငယ်ရွယ်သော တန်ခိုးရှင်များ အားလုံး နတ်တောင်သို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး အသက်ကြီးသည့် ပြန်လည် မွေးဖွားခြင်း အဆင့်များကတော့ အပြင်ဘက်၌ စောင့်ဆိုင်းနေမည် ဖြစ်သည်။

ဓားသခင်၊ ဝူချင်းနှင့် မိုးကြိုးလမ်းစဉ် မကျင့်ကြံသော အခြားလူများသည်လည်း မဟာလမ်းစဉ် နတ်မိုးကြိုး၏ စွမ်းအားကို အသုံးချ၍ သူတို့ခန္ဓာကိုယ် စွမ်းအားကို သန့်စင်ကာ သူတို့၏ ကိုယ်ပိုင် လမ်းစဉ်ကိုလည်း သန့်စင်ချင်ကြပေသည်။

ထိုသည်က တန်ခိုးရှင်များ အတွက် အလွန်ပင် အကျိုးရှိလှသည်။ သူတို့သာလျှင် ထိုသို့ တွေးသည်မဟုတ်ဘဲ  ကောင်းကင် အာဏာစက်ဘုံရှိ များပြားလှသော တန်ခိုးရှင်များသည်လည်း ဖွင့်လှစ်သည့် ရက်တွင် နတ်တောင်ပေါ်သို့ တက်ရောက်ရန် ရွေးချယ်ကြပေသည်။

ကျီမင်မြို့၏ တော်ဝင်နန်းတော်အတွင်း များပြားလှသည့် အရေးကြီး ပုဂ္ဂိုလ်များမှာ နတ်တောင်ဆီသို့ လှမ်းမျှော် ကြည့်နေကြသည်။ သူတို့အားလုံးသည် နတ်တောင်ရှစ်ခု ဖွင့်လှစ်မည်ကို သိရှိကြသည်။ သူတို့ထဲမှ အချို့သော တန်ခိုးရှင်များက နတ်တောင်သို့ ဝင်ရောက်ကာ ကောင်းကင် အာဏာစက်ဘုံ၏ မိုးကြိုးလမ်းစဉ် ဆက်ခံသူ အသစ်များ ဖြစ်လာကြလိမ့်မည်။

သူတို့ထဲမှ အချို့သည် အနာဂတ်တွင် ကျီမင်ဂိုဏ်းကဲ့သို့သော မိုးကြိုးလမ်းစဉ်၊ ဒဏ္ဍာရီ ဂိုဏ်းရှစ်ခုကို ဝင်ရောက် နိုင်ကြလိမ့်မည်။

သူတို့ထဲမှ ပို၍ ထူးချွန်သော သူများသည် ခရမ်းရင့် ကောင်းကင် နန်းတော်သို့ပင် ဝင်ရောက်နိုင်ရန် အခွင့်အရေးရှိပြီး ၎င်းတို့၏ တပည့်များ ဖြစ်လာကြပေလိမ့်မည်။

ရီဖူရှင်းသည် ဝူထူနတ်တောင်၏ လေဟာနယ်အတွင်း ခြေလှမ်းလိုက်သည်။ အဖြူနှင့် ခရမ်း ရောစပ်ထားသည့် မိုးကြိုးလျှပ်စီးများက ကမ္ဘာပေါ်တွင် တစ်လက်မပက် မကျန်ဖုံးလွှမ်း ကျရောက်လျက် ရှိသည်။ မွန်းကျပ်ဖွယ် ကောင်းလှသော အငွေ့အသက်များသည် ကောင်းကင်မှ နေ၍ ကျဆင်း လာနေသည်။

သူတို့၏ ခေါင်းထက်တွင် ကောင်းကင်မှနေ၍ မိုးကြိုးအတွဲလိုက် ကျဆင်းလာသည်။ မရေတွက်နိုင်သည့် မိုးကြိုးမုန်တိုင်းသဏ္ဌာန် ဝင်္ကပါ အစီအရင် အတွင်းတွင်သာ ကျဆင်းနေသည်။ ကောင်းကင်နှင့် မြေကြီးသည် အမှောင်ထုဖြင့် ဖုံးလွှမ်းထားခြင်း ခံရသော်လည်း တစ်ချိန်တည်းမှာပင် မိုးကြိုး လျှပ်စီးများဖြင့် လင်းလက် နေပြန်သည်။

ပန်းကန်ပြား ပုံသဏ္ဌာန် ကောင်းကင်မိုးကြိုးသည် ကောင်းကင် အလွှာအားလုံးကို လွှမ်းခြုံထားပြီး အထက် လေထုထဲတွင် လှည့်ပတ်နေကြသည်။ မုန်တိုင်း၏ အလယ်ဗဟိုသည် စွမ်းအား အားအကောင်းဆုံး ဖြစ်ပြီး ဝူထူနတ်တောင်သည် ယင်းနေရာ၏ အောက်ဘက်တွင် ရှိသည်။

နတ်တောင်၏ ထိပ်ဖျားတွင် ရပ်နေသူများသည် သူ၏ ခေါင်းပေါ်တွင် လွှမ်းခြုံနေသည့် ကြောက်မက်ဖွယ် မုန်တိုင်းစွမ်းအားကို ခံစားရပေသည်။ အဝေးမှ မြင်ရသည်ပင် ထိုမြင်ကွင်းသည် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ တောင်၏ ထိပ်ဖျားတွင် ရပ်နေသည်ဟု စိတ်ကူးနေရုံဖြင့်ပင် လူအများကို ကြက်သီးမွေးညင်းများ ထလာစေသည်။

“ဂရုစိုက်ကြ” ရီဖူရှင်းက သတိပေးလိုက်သည်။ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် လမ်းလျှောက်သွားကြသည်။ မြေပြင်မှ အလင်းများက သူတို့ ခန္ဓာကိုယ်ဆီသို့ ပျံသန်းလာပြီး သူတို့၏ ခန္ဓာကို ရစ်ပတ် ထားကြသည်။

မိုးကြိုးစွမ်းအားသည် သူတို့ကို မတိုက်ခိုက်သော်လည်း သူတို့၏ ခန္ဓာကိုယ်ကို ရစ်ပတ်လာသည့် အခါတွင် ရီဖူရှင်းသည် သူနှင့် ကောင်းကင်ထက်ရှိ ကောင်းကင်မိုးကြိုးမှ ဆက်သွယ်မှုကို ရှင်းလင်းစွာ ခံစားနိုင်ပေသည်။

ရီဖူရှင်းသည် အခြားလူများဆီသို့ ကြည့်လိုက်လျှင် များပြားလှသော တန်ခိုးရှင်များသည် မိုးကြိုး စွမ်းအားများကို သူတို့၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရန် ကြိုးစားနေသည်ကို မြင်ပေသည်။ သူ နားလည်သွားသည်။ သူ၏ စိတ်ကို ဖွင့်လှစ်ကာ ချက်ချင်းပင် တောက်ပသည့် အလင်းများက သူ့ခန္ဓာကိုယ် အနီးသို့ စတင်စီးဆင်း လာပြီးသူ၏ ကိုယ်ပိုင်အဖြစ် မိုးကြိုးစွမ်းအားများကို ပေါင်းစပ်နေသည်။ မိုးကြိုးစွမ်းအား စီးကြောင်းများသည် ပို၍ လျင်မြန်လာသည်။

သူ့ခန္ဓာကိုယ်နှင့် ကောင်းကင်ထက်မှ မဟာလမ်းစဉ် မိုးကြိုးစွမ်းအားများ အကြား ဆက်သွယ်မှုသည် ပို၍ အားကောင်းလာသည်။

အချို့သော ပါရမီအရည်အချင်း ထူးချွန်သည့် ပုဂ္ဂိုလ်များသည် အလွန်ပင် ယုံကြည်ချက် ပြင်းထန်ကြသည်။ သူတို့သည် တစ်ချိန်တည်းတွင် မိုးကြိုးများ ကြောက်မက်ဖွယ် အရှိန်နှုန်းဖြင့် တရစပ် ကျရောက်နေသည့် နတ်တောင် အလယ်ဗဟိုသို့ အလွန် လျင်မြန်လှစွာ ဦးတည်လိုက်ကြသည်။

သူတို့သာလျှင် တောင်ပေါ်တွင် ရပ်တည်နိုင်ပြီး ပြိုင်ဘက်ကင်း ဝူထူမိုးကြိုး လမ်းစဉ်အတွက် အဆင့်မီကာ ကျီမင်ဂိုဏ်းတွင် ကျင့်ကြံရန် အခွင့်အရေးရှိပေလိမ့်မည်။

ရီဖူရှင်းသည်လည်း နတ်တောင်သို့ ဦးတည်လိုက်သည်။ သူသာလျှင် မကဘဲ လူတိုင်းသည်လည်း ထိုကဲ့သို့ပင် တစ်ချိန်တည်း လုပ်ဆောင်ခဲ့ကြသည်။  သူတို့သည် သူတို့အနီးတွင် မိုးကြိုးစွမ်းအားများ လွှမ်းခြုံလျက်နှင့် ရှေ့သို့ ဆက်လျှောက်နေရင်း သူတို့၏ ခန္ဓာကိုယ်များထဲသို့ မိုးကြိုးစွမ်းအားများကို ပေါင်းစပ် နေသည်။

ဝှီး… ဝှီး… ဝှီး…

အဝေးမှ တန်ခိုးရှင်များသည် အလွန်လျင်မြန်စွာဖြင့် နတ်တောင်ဆီသို့ လှမ်းသွားနေကြသည်။

သူသည် လက်နှစ်ဖက်ကို လေထဲတွင် မြှောက်လိုက်ပြီး ရုတ်တရက် ဓားတစ်လက် ထွက်ပေါ် လာသည်။ အဆုံးမဲ့ မိုးကြိုး စွမ်းအားများက ဓားအနီးတွင် ပျံသန်းနေသည်။

“ဓားဆီကို လာစမ်း” သူက ပြောလိုက်သည်။ ရုတ်တရက် ကောင်းကင်မှ ကျဆင်း ရိုက်ခတ် လာသည့် အသံများသည် စည်ကို တီးခတ် နေသကဲ့သို့ပင် ဖြစ်လေသည်။

တောက်ပသည့် အလင်းတန်းများ ဓားဆီမှ ထုတ်လွှတ်လာသည်။ မဟာလမ်းစဉ် နတ်မိုးကြိုးက ကောင်းကင်မှ ကျဆင်းလာသောအခါ နောက်ထပ် ဆူညံသံကြီး ထွက်ပေါ်လာသည်။ ကောင်းကင်မှ မိုးကြိုး အလင်းသည် ဓားအလင်းနှင့် ထိခတ်သွားခဲ့သည်။ အဆုံးမဲ့ နတ်မိုးကြိုးသည် ဓားအတွင်းသို့ ကျဆင်းလာပြီး တန်ခိုးရှင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ သူ၏ အသွေးအသား အရိုးများနှင့် ပေါင်းစပ် သွားခဲ့သည်။

“အဲဒါ ကောင်းကင်ဓားအင်ပါယာရဲ့ မျိုးဆက်ပဲ” တစ်စုံတစ်ယောက်က ထိုဓားသမားကို မှတ်မိသွားကာ ပြောလိုက်သည်။

ကောင်းကင် ဓားအင်ပါယာ၏ မျိုးဆက် လုယွိသည် ဝူထူကောင်းကင်မိုးကြိုးကို ဖြတ်ကျော်၍ နတ်တောင်၏ ထိပ်ဖျားသို့ ရောက်ရှိရန် အဖြစ်နိုင်ဆုံးဟု ဆုံးဖြတ်နိုင်ပေသည်။

အနည်းငယ်သော ယှဉ်ပြိုင်သူများသာလျှင် သူနှင့် ယှဉ်ပြိုင်နိုင်ပေမည်။

ဘုန်း…

ထိုအခိုက်တွင် သူ၏ ဓားက ကောင်းကင်မှ မိုးကြိုးများကို ဆွဲယူလိုက်ပြီး ကျဆင်းလာသည့် ကောင်းကင် မိုးကြိုးများကို ဓားမှတစ်ဆင့် ဖြတ်ကာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်နေသည်။ ယင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ် ဝင်ရောက် သွား၏။

လုယွိသည် ရှေ့သို့ ဆက်လက်၍ သွားနေပြီး သူသည် တတ်နိုင်သမျှ မြန်မြန် ဝူထူနတ်တောင်၏ ထိပ်ဖျားသို့ တက်ရောက် ချင်နေသည်။

လုယွိနှင့် မနီးမဝေး၌ မိုးကြိုးပုံရိပ် တစ်ခုသည်လည်း သူ့ကိုယ်သူ ရှေ့သို့ ဆက်သွားရန် တွန်းအား ပေးနေသည်။ အဆုံးမဲ့ မိုးကြိုးစွမ်းအားများက သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ် ထားသည်။ သူသည် ကြောက်မက်ဖွယ် နတ်သားရဲ တစ်ကောင်ကဲ့သို့ ရှေ့သို့ ဦးတည်နေ၏။

သူသည် လူသားကျင့်ကြံသူ မဟုတ်ပေ။ သူသည် မိုးကြိုးစွမ်းရည်၌ အစွမ်းထက်သည့် နတ်ဆိုး အင်ပါယာ၏ မျိုးဆက်ဖြစ်ပေသည်။

သူ၏ မူလခန္ဓာကိုယ်သည် မြင့်မြတ်သားရဲဖြစ်သည့် နတ်မိုးကြိုးငှက်ဖြစ်ပြီး အလွန်အစွမ်းထက် လှသည်။ သူသည် လူသားအသွင်နှင့်ပင်လျှင် သူ၏ ပါးစပ်က ငှက်နှုတ်သီးနှင့် တူညီနေကာ သူက နတ်တောင်သို့ တစ်ဟုန်ထိုး သွားနေသည့် အချိန်တွင် သူ၏ ပါးစပ်ကို ဖွင့်ဟထားလေသည်။ သူ၏ ခန္ဓာကိုယ်သည် မိုးကြိုးစွမ်းအားများဖြင့် ဖုံးလွှမ်းထားသည်။

ဘုန်း….

ကောင်းကင်မှ မိုးကြိုး ကျဆင်းလာပြီး သူ့ကို ရိုက်ခတ်သွားသော်လည်း သူ့ကို ကြည့်ရသည်မှာ ဂရုစိုက်သည့်ပုံ မပေါ်ပေ။ သူသည် ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ရုတ်ချည်းပင် သူ၏ လူသားခန္ဓာက သားရဲ အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ ထက်ရှသည့် နှုတ်သီးက ခပ်ကျယ်ကျယ် ဖွင့်ဟထားပြီး သူ၏ ငှက်အမွေး အတောင်တိုင်းတွင် မိုးကြိုးစွမ်းအားများ ပျော်ဝင်နေပုံရသည်။

သူသည် သူ၏ နှုတ်သီးကို ဖွင့်ဟလိုက်သည့်အခါ ကောင်းကင်မှ မိုးကြိုးများသည် သူ၏ ပါးစပ် အတွင်းသို့ တိုက်ရိုက်ကျဆင်း ဝင်ရောက် သွားလေသည်။ သူသည် ယင်းကို အားတိုးဆေးကဲ့သို့ပင် အငမ်းမရ ဝါးမျို လိုက်လေသည်။

ထိုသို့ဆိုလျှင်ပင် သူ၏ ခန္ဓာကိုယ်သည် တစ်ခါတစ်ခါတွင် တုန်ယင် သွားတတ်ပြီး သူ၏ အရှေ့သို့ ရွေ့လျားနေသည့် အရှိန်က နှေးကွေး သွားတတ်ပေသည်။

သို့သော်လည်း ထိုသည်က တခဏသာ ဖြစ်သည်။ သူသည် မိုးကြိုးကို ဝါးမျိုပြီးသော အခါတွင် ရှေ့သို့ ဆက်သွားလေသည်။

နတ်မိုးကြိုးငှက်သည် သန့်စင်သည့် မိုးကြိုးများမှ မွေးဖွားလာခြင်း ဖြစ်သည်။ သူတို့သည် မိုးကြိုးလမ်းစဉ်၏ စွမ်းအားကို တိုက်ရိုက် ဝါးမျိုနိုင်ကြသည်။ သူတို့သည် မိုးကြိုးမှ ဖြစ်တည်လာသော သဘာဝသားရဲများ ဖြစ်ကြပေသည်။

အချို့သော လူသားကျင့်ကြံ သူများကဲ့သို့ သဘာဝ အရည်အချင်းပင် ဖြစ်တော့သည်။

လုယွိအပြင် အခြားနတ်မိုးကြိုးငှက် တန်ခိုးရှင်များစွာမှာ နတ်တောင်သို့ ဝင်ရောက် လာကြသည်။ သူတို့ကြားတွင် ကျက်သရေရှိကာ လှပတင့်တယ်ပြီး အရည်အချင်း ရှိလှသည့် အမျိုးသမီး တစ်ဦး ရှိနေကာ သူမသည် မိုးကြိုးစွမ်းအား ထုတ်ဖော်ရာ၌ အားကောင်းပေသည်။

လူအများသည် ဝူထူနတ်တောင်ပေါ်သို့ ဆက်လက်ဝင်ရောက်နေသည်။ အချို့သော တန်ခိုးရှင်များက ထိခိုက်ဒဏ်ရာရကာ ဝူထူနတ်တောင်ပေါ်မှ ပြုတ်ကျသွားပြီး သူတို့၏ ပါးစပ်မှ သွေးများ စီးကျနေပေသည်။ သူတို့သည် အလွန် နာကျင် ခံစား နေရပုံပေါ်သည်။

အချို့သော တန်ခိုးရှင်များ ကြားတွင် တိုက်ပွဲများလည်း ဖြစ်ပေါ်လာသည်။

တောက်ပ သန့်စင်သည့် အလင်းက ရီဖူရှင်းကို ဖုံးလွှမ်းထားသည်။ သူ၏ ခန္ဓာကိုယ်သည် မဟာလမ်းစဉ်၏ မီးပြင်းဖိုသဖွယ် ပြောင်းလဲသွားကာ ကမ္ဘာပေါ်ရှိ အရာအားလုံးကို လောင်ကျွမ်း ပစ်လေသည်။ မိုးကြိုးစွမ်းအားသည် သူ့ခန္ဓာကိုယ်အနီးတွင် လှည့်ပတ်နေပြီး သန့်စင်ခံနေရသည်။

ထိုအချိန်တွင် သူသည် ဝူထူနတ်တောင် အတွင်းသို့ ခြေချလိုက်သည်။ ထိုအချိန်တွက် ကောင်းကင်ထက်ရှိ မိုးကြိုးများသည် တစ်ခုခုကို အာရုံခံမိလိုက်ပုံရသည်။

ရုတ်ချည်းပင် ကောင်းကင်မိုးကြိုးသည် သူထံသို့ တိုက်ရိုက် ကျဆင်းလာလေသည်။

လူအများသည် နတ်တောင်ပေါ်သို့ ခြေချကြပြီးစဉ်တွင် ရီဖူရှင်းသည် လောကကြီး အဆုံးသတ်တော့မတတ် အဆုံးမဲ့ ကောင်းကင်မိုးကြိုးများ ကျဆင်းလာနေသည်ကို မြင်နိုင်ပြီး ထိုမြင်ကွင်းသည် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ဘုန်း! ကျယ်လောင်သည့် အသံကို ကြားလိုက်ရပြီး မဟာလမ်းစဉ် မိုးကြိုးများက ရုတ်ခြည်း ကျဆင်းလာသည်။ ရီဖူရှင်းသည် မဟာလမ်းစဉ်၏ ပြင်းထန်သော စွမ်းအားများက သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးသွားပြီဟု ထင်မှတ်ရကာ သူသည် ယင်းကို အတော်ပင် သည်းခံရေပေသည်။ ခြိမ်းခြောက်နိုင်သော ဖျက်ဆီးခြင်း စွမ်းအားများက သူ့ခန္ဓာကို အပိုင်းပိုင်း ပျက်စီးစေတော့ မလိုပင် ဖြစ်ကာ သူ့ခန္ဓာကိုယ်၏ နေရာအနှံ့ကို လွှမ်းမိုး ထားလေသည်။

ပညာရှိကျမ်း၏ တောက်ပသော အလင်းများကို အဆုံးစွန်ထိ ထုတ်လွှတ် လိုက်သည်။ ရီဖူရှင်းသည် သူ၏ ခန္ဓာကိုယ်တွင်းမှ စွမ်းအားများကို မိုးကြိုးအဖြစ်သို့ ပြောင်းလဲလိုက်ပြီး ထိုစွမ်းအားများနှင့် တဖြည်းဖြည်း ရင်းနှီး လာစေသည်။

ရီဖူရှင်းအပြင် ယူချင်းနှင့် အခြားလူများသည်လည်း မိုးကြိုး၏ တိုက်ခိုက်မှုကို တောင့်ခံ နေကြရသည်။ ကျယ်လောင်သည့် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး သူတို့သည် ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိလိုက်ကာ သူတို့၌ ရှိသမျှ စွမ်းအားများနှင့် မိုးကြိုးစွမ်းအားကို ခုခံလိုက်သည်။

တန်ခိုးရှင်များသည် တဖြည်းဖြည်းနှင့် ဝူထူနတ်တောင် အတွင်းသို့ ခြေချလာနိုင်ကြပြီး အဆုံးမဲ့ မိုးကြိုး မုန်တိုင်းများကလည်း ကောင်းကင်ထက်မှ ကောင်းကင်ထက်မှ အဆက်မပြတ် ကျဆင်း လာနေသည်။ လူတိုင်းသည် ထိုစွမ်းအားများတွင် ပါဝင်သည့် အဖျက် စွမ်းအားများကို ခံစားမိကြသည်။ ယင်းသည် လောက တစ်ခုလုံးရှိ မဟာလမ်းစဉ် စွမ်းအားများကိုပင် ပျက်စီး စေလိမ့်မည်။

ဘုန်း…

စွမ်းအားများက ကျဆင်းလာသည်။ မဟာလမ်းစဉ်၏ နတိမိုးကြိုး ကျဆင်းလာမှုက ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်နေသည်။ များပြားလှသည့် လူများသည် သူတို့၏ စိတ်များက တုန်ခါနေပြီး ဦးနှောက်များ ပေါက်ကွဲ ထွက်တော့မလိုပင် ခံစားနေရသည်။ ထိုကဲ့သို့သော ပြင်းထန်သည့် စွမ်းအားများဖြင့် လွှမ်းမိုးခံထားရသည့် အတွက် သူတို့အားလုံး၏ တည်ရှိမှုသည် သေးနုပ် သွားသလို ခံစားလိုက်ရသည်။

အမြင့်ဆုံးနေရာတွင် ရောက်နေသည့် လုယွိသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ထောင်သောင်း ချီသည့် ဓားများမှ သတ္တုခတ်သံများ ထွက်ပေါ်လာသည်။ ဓားများသည် သူ့ခန္ဓာပေါ်သို့ ကျဆင်းလာသည့် ကောင်းကင် မိုးကြိုးစွမ်းအားများကို ဆွဲယူလိုက်သည်။ ယင်းမြင်ကွင်းသည် အလွန်ပင် ခမ်းနား ထည်ဝါလှသည်။

နတ်မိုးကြိုးများသည် ကောင်းကင်တွင် ဆက်လက် ပျံသန်းနေပြီး ကောင်းကင်မိုးကြိုးများ အားလုံးကို ဝါးမျိုနေသည်။

သို့သော် အခြားလူများသည် ထိုမျှ စွမ်းအားကြီးသော တိုက်ခိုက်မှုကို မည်သို့ ရှောင်တိမ်း ရမည်အား စဉ်းစားနေကြသည်။ ဝူထူနတ်တောင်ပေါ်၌ တန်ခိုးရှင် အများအပြား စုဝေးနေခြင်း၏ ရလဒ်သည် အတူတကွ သေဆုံးရခြင်းသာ ဖြစ်တော့သည်။ ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော အရာမှာ နတ်တောင်ပေါ်တွင် စုဝေးနေသည့် လူအများစုကို ဖယ်ရှားပစ်ရမည်ဖြစ်ပြီး သို့မှသာ မိုးကြိုးစွမ်းအားက အားနည်းသွားမည်ဖြစ်သည်။

အဆုံးမဲ့ မိုးကြိုးစွမ်းအားက ရီဖူရှင်း၏ ဘေးသို့ ကျဆင်းလာသည့်အခါ တန်ခိုးရှင် တစ်ဦးသည် သူ၏ လက်နှစ်ဖက်ကို မြှောက်ကာ ကောင်းကင်မိုးကြိုးကို ဆွဲယူလိုက်ပြီး သူ၏ လက်ဝါးတွင် ပေါင်းစပ်လိုက်သည်။ သို့သော် ကောင်းကင်မိုးကြိုးများက အဆက်မပြတ် ကျဆင်းလာနေသည်။ သူသည် ဟစ်ကြွေးလိုက်ပြီး လက်များကို လှုပ်ရှားလိုက်ကာ ရီဖူရှင်းနှင့် အဖွဲ့သားများထံသို့ ပစ်လွှတ် လိုက်သည်။

သူ၏ လက်ဝါးမှ မိုးကြိုးများက ပေါက်ကွဲသွားလျှင် ကောင်းကင်နှင့် မြေကြီးက တုန်ခါသွားသည်။ ကြောက်မက်ဖွယ် မိုးကြိုးများက ရီဖူရှင်းနှင့် ရှားရှင်းယွန်ထံ ရောက်ရှိလာပြီး ရုတ်ခြည်းပင် အားလုံး၏ ရှေ့သို့ ရောက်ရှိလာသည်။

ဘန်း…

ရှားရှင်းယွန်သည် ကောင်းကင်မှ ကျဆင်းလာသည် မိုးကြိုးကို ခုခံ ကာကွယ်လိုက်ပြီး ထိုလူ၏ လက်ဝါးမှ မိုးကြိုးများနှင့် ရိုက်ခတ်မိ သွားသည်။ သို့သော် သူမသည် ကောင်းကင်မှ မိုးကြိုးကို ကာကွယ်ရန် ခန္ဓာကိုယ်ကို အကာကွယ်ဒိုင်းဖြင့် ဖုံးအုပ်ထားသည့်အတွက် ဒဏ်ရာအများအပြား မရရှိလိုက်ပေ။ သို့ဆိုလျှင်ပင် သူမသည် ခပ်တိုးတိုး ညည်းညူ လိုက်ကာ အဝေးသို့ ဆုတ်ခွာလိုက်ရပြီး သူမ၏ ပါးစပ်မှ သွေးတို့ စီးကျလာသည်။

ရှားရှင်းယွန်သာမကဘဲ သူတို့ အဖွဲ့မှ အခြားသူများသည်လည်း တိုက်ခိုက်မှုကို ခံလိုက်ရပေသည်။

တိုက်ပွဲကွင်းပြင်တွင် တန်ခိုးရှင်များသည် မိုးကြိုး စွမ်းအားများကို ဆွဲယူကာ အခြားသူများကို တိုက်ခိုက်နေသည်မှာ နေရာအနှံ့ပင် ဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset