အပိုင်း(၁၃၄၈)

နတ်ဘုရားတောင်ကုန်း

ကျီမင်မြို့တွင် လူတိုင်းသည် အကြောင်းအရာ နှစ်ခုကိုသာ ပြောဆိုနေကြသည်။

တစ်ခုမှာ ဂူကလန်၏ မျိုးဆက် အကြောင်း ဖြစ်သည်။

သိသာစွာပင် အတိတ်နေ့ရက်များမှ ဂူကလန်၏ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်သည် ကောင်းကင် အာဏာစက်ဘုံကို အလွန် လွှမ်းမိုးနိုင်ခဲ့သည်။ ထိုသည်က နှစ်ပေါင်းများစွာ ကြာသွားသည့် နောက်မှာပင် ဂူကလန်၏ မျိုးဆက် ပေါ်ပေါက်လာမှုက မုန်တိုင်းထန်စေရန် ပြုလုပ်နိုင်နေဆဲ ဖြစ်သည်။

ဂူကလန်၏ ထိုပုဂ္ဂိုလ်သည် လူများစွာ၏ ပါးစပ်ဖျားတွင် မကြာခဏ ညွှန်းဆိုခြင်းကို ခံရပေသည်။

ရီဖူရှင်းသည် သူ၏ အမည်ရင်းမှာ ဂူထျန်းရှင်းဟူ၍ သိရှိခဲ့ရပေသည်။

သူသည် သူ၏ အစ်ကိုသုံးက ဂူကလန်၏ မျိုးဆက် ဟုတ်မဟုတ် မသေချာသလို ထိုဒဏ္ဍာရီ ပုဂ္ဂိုလ် ဂူထျန်းရှင်းက သူ့အစ်ကိုသုံးနှင့် ပတ်သက်မှု ရှိမရှိ မသိပေ။

သို့ပေမဲ့ ယခုတွင် သူ၏ အစ်ကိုသုံးက အကျဉ်းချခံထားရကာ သူ မည်သို့ ဖြစ်လိမ့်မည်ကို မည်သူမှ မသိရှိကြပေ။

မရေတွက်နိုင်သော တန်ခိုးရှင်များသည် ကောင်းကင်အာဏာစက်ဘုံသို့ ဦးတည်နေကြသည်။ မရေတွက်နိုင်သော လူတို့သည် ဂူကလန်၏ မျိုးဆက်အတွက် ထိုထိပ်တန်း အင်အားစုများ လာမည် မလာမည်ကို ဆွေးနွေးနေကြသည်။ ထိုသို့သော အခြေအနေအောက်တွင် ရီဖူရှင်းသည် မရေမရာ ခံစားနေရပေသည်။

ဒုတိယ လူပြောများနေသည့် တစ်ခုမှာ ဝူထူတောင်ပေါ်တွင် ကျင်းပမည့် ကောင်းကင် မိုးကြိုးပွဲတော် အကြောင်းပင် ဖြစ်သည်။ ထိုပွဲတော်သည် ကျီမင်နယ်မြေတွင် အကြီးဆုံး ပွဲတော်ဖြစ်ကာ အထူးသဖြင့် မိုးကြိုးလမ်းစဉ် ကျင့်ကြံ ကြသူများ အတွက် အရေးပါလှပေသည်။ ထိုသည်က ရခဲလှသည့် အခွင့်အရေးပင် ဖြစ်သည်။

မဟုတ်လျှင် အင်ပါယာချီသည် သူ၏ သားတော်ချီယိုကို ဤနေရာသို့ စေလွှတ်လိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းသည် ဝူထူ တောင်ပေါ်တွင် ကျင်းပမည့် ကောင်းကင် မိုးကြိုးပွဲတော်နှင့် ပတ်သက်၍လည်း အများအပြား ကြားသိခဲ့ရသည်။

အချက်အလက်များအရ ကောင်းကင် မိုးကြိုးပွဲတော်နှင့် ခရမ်းရင့် မြေအောက် လောကဂိုဏ်းမှာ အများကြီး ပတ်သက်မှုမရှိပေ။ ယင်းသည် ကောင်းကင် အာဏာစက်ဘုံ၏ မိုးကြိုးလမ်းစဉ် အများအပြား၏ မူလအစဖြစ်သည့် ခရမ်းရင့် ကောင်းကင် နန်းတော်မှ တိုက်ရိုက် ဆင်းသက်လာခြင်း ဖြစ်သည်။ သူတို့သည် လောကတစ်ခွင်ကို ပညာကပ်များ ဖြန့်ဝေပေးပြီး သင့်တော်သည့် တန်ခိုးရှင်များက မိုးကြိုးလမ်းစဉ်ကို သင်ယူခွင့် ရနိုင်စေရန် အခွင့်အရေး ပေးသည်။

အချို့လူများသည် ပြိုင်ဘက်ကင်း ဝူထူမိုးကြိုး လမ်းစဉ်ကို သင်ယူရန် အခွင့်အရေးကိုပင် ရရှိကာ ခရမ်းရင့်မြေအောက်လောကဂိုဏ်း၏ ဆက်ခံသူများပင် ဖြစ်လာကြသည်။

ဝူထူတောင်သည် ဤနယ်မြေတွင် နတ်ဘုရား တောင်ကုန်းဟုပင် တင်စားရမည်ဖြစ်ကာ ယင်းသည် ကျီမင်မြို့အတွင်း တည်ရှိပေသည်။

ထိုအခိုက်တွင် မရေတွက်နိုင်သော တန်ခိုးရှင်များမှာ မြို့၏ တစ်နေရာထဲတွင် စုစည်း နေကြသည်။ နေရာတစ်ခုလုံးသည် လူများဖြင့် ပြည့်နှက် နေပေသည်။

လူအုပ်၏ ရှေ့တွင် လှေကားထစ်များရှိပြီး နတ်တောင်၏ ဝင်ပေါက်သည် ထိုလှေကားများ ထိပ်ဆုံးတွင် ရှိသည်။

ပုံမှန်အားဖြင့် လူအများကို ဤနတ်တောင်အတွင်း ဝင်ရောက်ခြင်းမှ တားမြစ်ထားပြီး မည်သူ့ကိုမှ အတွင်းသို့ ဝင်ရောက်ခွင့် မပြုပေ။

တောင်၏ အပြင်ဘက်တွင် လှေကား အနီးအောက်ခြေတွင် ကြောက်မက်ဖွယ် မိုးကြိုး စွမ်းအားများဖြင့် ဝန်းရံထားသည့် ကျောက်တိုင်ကြီးများ ရှိသည်။ ယင်းတို့မှ မိုးကြိုးသံများဖြင့် ဆူညံနေကာ လူအများကို ဝေးဝေးမှ ရှောင်သွား စေပေသည်။

ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် ရီဖူရှင်းသည်လည်း ဤနယ်မြေတွင် ရောက်ရှိနေပြီ ဖြစ်သည်။ နတ်တောင်သည် တရားဝင် မဖွင့်လှစ်သေးသော်လည်း လူအများသည် ကြိုတင် ရောက်ရှိ နေကြကာ ရှုမြင်ကွင်းများကို ကြည့်ရှုနေကြသည်။

ဤတစ်ကြိမ်၌ နတ်တောင်၏ မိုးကြိုးလမ်းစဉ်ကို လူ မည်မျှ များများ ဆက်ခံနိုင်မည်ကို မည်သူမှ မသိရှိကြပေ။

ရီဖူရှင်းသည် ဤနေရာသို့ လာရောက်ခြင်းမှာ နတ်တောင်သို့ ဝင်ရောက်ခြင်းသည်သာ ခရမ်းရင့် မြေအောက် လောကဂိုဏ်းသို့ ချဉ်းကပ်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကာ အစ်ကိုသုံး၏ အခြေအနေကိုလည်း သိရှိနိုင်မည် ဖြစ်သည်။

“ဒီတစ်ခေါက် လူဘယ်လောက်များများ အရွေးခံကြရမလဲ မသိဘူး” လူအုပ်ထဲမှ လူတစ်ယောက်က ပြောလိုက်သည်။

“မသေချာဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ကျုပ်က ဘယ်သူ နတ်တောင်ရဲ့ ထိပ်ဖျားကို ရောက်ရှိပြီး ဝူထူရဲ့ ကောင်းကင် မိုးကြိုးလမ်းစဉ်ကို ဆက်ခံရမလဲဆိုတာ သိတယ်” တစ်ယောက်က ရယ်မောရင်း ပြောလိုက်သည်။

“ပြောနေစရာ လိုသေးလို့လား” အနီးရှိ လူများမှ လှောင်ပြောင် လိုက်သည်။ “ကောင်းကင် ဓားအင်ပါယာရဲ့ မျိုးဆက် လုယွိက သူ့ရဲ့ ဓားကိုသုံးပြီး ကောင်းကင်မိုးကြိုးကို ပေါင်းစပ်နိုင်တဲ့ လူတစ်ယောက် ကျိန်းသေ ဖြစ်လာလိမ့်မယ်”

ကောင်းကင် ဓားအင်ပါယာသည် ဤနယ်မြေအတွင်းရှိ ရန်ဟောင် အရှင်သခင်တစ်ပါး ဖြစ်သည်။ သူသည် မိုးကြိုးစွမ်းရည်နှင့် ဓားစွမ်းအားကို ကျင့်ကြံပြီး ဓားဖြင့် မိုးကြိုးစွမ်းအားကို ဖော်ထုတ်ရာတွင် တော်ပေသည်။ သူသည် ထူးချွန်သည့် စွမ်းရည် ရှိသည်။

ဤတစ်ကြိမ်၌ သူသည် နတ်တောင်၏ ထိပ်ဆုံးသို့ ရောက်ရှိနိုင်ရန် အာမခံချက် အရှိဆုံးပင် ဖြစ်သည်။

“သိပ်လည်း မသေချာပါဘူး။ ဒီတစ်ကြိမ်မှာ နယ်မြေအားလုံးက ပါရမီရှင်တွေ ဒီနယ်မြေကို လာကြလိမ့်မယ်။ မိုးကြိုးစွမ်းအား အထူးပြုတဲ့ တန်ခိုးရှင်တိုင်း ဒီကို ရောက်လာကြတယ်။ အဲဒါကြောင့် ပြိုင်ဆိုင်ရမယ့် တန်ခိုးရှင်က ထင်ထားတာထက်ကို ပိုပြီး များလိမ့်မယ်။ ထူးချွန်တဲ့ပုဂ္ဂိုလ်တွေ အများကြီး ထွက်ပေါ်လာမှာ သေချာတယ်”

“တခြားလူကို မပြောနဲ့ဦး.. နတ်ဆိုးအင်ပါယာရဲ့ မျိုးဆက်ကရော အားနည်းလိမ့်မလား။ သူ့ရဲ့ ကြံ့ခိုင်သန်မာတဲ့ ခန္ဓာကိုယ်က မိုးကြိုးလမ်းစဉ်နဲ့ မွမ်းမံထားတာမို့လို့  ကောင်းကင်မိုးကြိုးရဲ့ ပမာဏ အများကြီးကို တောင့်ခံနိုင်လိမ့်မယ်။ သူက ဘာလို့ ကောင်းကင်မိုးကြိုးရဲ့ ရွေးချယ်ခံ တစ်ယောက် ဖြစ်မလာနိုင်ရမှာလဲ” အနီးမှ တစ်ယောက်က ဆက်ပြောလိုက်သည်။ “မင်းတို့ အင်ပါယာကျူရဲ့ သမီးကို မေ့မနေကြနဲ့ဦး” (Note: ကျူ – ဝါးပင်)

လူအများသည် ဖြည်းညင်းစွာ ခေါင်းညိတ် လိုက်ကြသည်။ အမှန်တကယ်ပင် ဤတစ်ကြိမ်၌ ကျယ်ပျောသည့် နေရာအနှံ့မှ တန်ခိုးရှင် အများအပြားသည် ပွဲတော်၌ ပါဝင်ရန် ရောက်ရှိလာကြပြီး အခြားနယ်မြေမှ တန်ခိုးရှင်များပင်လျှင် ပါဝင်ကြလိမ့်မည် ဖြစ်သည်။

ရီဖူရှင်းသည် လူအုပ်ထဲတွင် တိတ်ဆိတ်စွာ နားထောင်နေသည်။ ရန်ဟောင်၏ ကလေးများမှာ ကောင်းကင် အာဏာစက်ဘုံ အတွင်းတွင် မြင်ရခဲလှသည်။

ထိုလူများ၏ အစစ်အမှန် ခွန်အားသည် ထူးကဲသာလွန်ကြပေသည်။

ယခု နောက်ဆုံး၌ သူသည် ဘုံသုံးထောင်မှ အမြင့်ဆုံးဘုံကို ရောက်ရှိနေခြင်း ဖြစ်သည်။

သူသည် ဤနေရာမှ ထူးချွန်သူများ အားလုံးနှင့် တွေ့ဆုံသွားရပေမည်။

“ကျုပ် ကြားတာတော့ အဲဒီ ရီမု၊ ပင်းဟော်နဲ့ တခြား မိုးကြိုးလမ်းစဉ် ကျင့်ကြံတဲ့ အကျော်အမော်တွေ အားလုံး တဖြည်းဖြည်း ရောက်လာကြပြီး တော်ဝင်နန်းတော်ကို သွားကြတယ်တဲ့”

“အဲဒါတင်မကဘူး။ ဒီနေ့မှာ ကျီမင်မြို့ကို ဒီကနေ အရမ်းဝေးတဲ့ နေရာက လူတွေတောင် ရောက်လာ ကြတယ်တဲ့။ ဒါပေမဲ့ သူတို့က နတ်တောင်အတွက် လာကြတာ မဟုတ်ဘူး”

“ဂူကလန်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကွယ်ပျောက်သွားပြီး သမိုင်းတစ်ခု ဖြစ်လာတယ်။ ဒါပေမဲ့ အခု ထွက်ပေါ်လာတဲ့ ဂူကလန် မျိုးဆက်ကတော့ ကျင့်ကြံခြင်းမှာ သာမန်စွမ်းရည်ပဲ ရှိတယ်လို့ ပြောကြတယ်။ သူက ဘယ်လိုဖြစ်ပြီး ဒီလို မုန်တိုင်းထန်အောင် လုပ်နိုင်တာလဲ” တစ်ယောက်က ဝေခွဲမရစွာ မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ သူ့ရဲ့ မျိုးနွယ်နာမည်က ဂူ ဖြစ်နေတယ်လေ။ ပြီးတော့ ဂူထျန်းရှင်းကလည်း ဂူကလန်ကပဲ” အသက်ကြီးကြီး တန်ခိုးရှင် တစ်ယောက်က လေးနက်စွာ ပြန်ဖြေလိုက်သည်။ မျိုးဆက်သစ် လူငယ်များသည် ထိုဂယက်ရိုက်ခဲ့သည့် ကာလကို ကြုံတွေ့ခဲ့ဖူးခြင်း မရှိကြပေ။ ထို့ကြောင့် သူတို့သည် ဂူထျန်းရှင်းကို မသိသည့်အတွက် လေးစားခြင်းလည်း မရှိကြပေ။

အဆင့်မြင့်သည့် တန်ခိုးရှင်များကတော့ ဂူထျန်းရှင်း၏ စွမ်းအားကို ပိုမိုနားလည်နိုင်ပြီး ဂူကလန်၏ မျိုးဆက်ကို အာရုံစိုက် အလေးပေးလိမ့်မည် ဖြစ်သည်။

ထိုနှစ်က လှုပ်ခတ်မှုကို ကြုံဖူးသည့် မည်သူမဆို တည်ငြိမ်စွာ နေနိုင်ခြင်းမရှိကြပေ။ သူတို့သည် ဂူကလန်၏ မျိုးဆက်အကြောင်း ကြားသိရသည်နှင့် မည်သို့မှ မဖြစ်သကဲ့သို့ ဟန်ဆောင် မနေနိုင်ကြတော့ပေ။

“သွားကြစို့” လူအုပ်ထဲမှ ရီဖူရှင်းက ပြောလိုက်သည်။

သူနှင့် လိုက်ပါလာသူများက ခေါင်းညိတ်လိုက်ပြီး သူနှင့်အတူ ထွက်ခွာ သွားတော့သည်။

ရှားရှင်းယွန်သည် သူ့ကို မေးလျုက်သည်။ “ရှင် ဝူထူနတ်တောင်ကို ဝင်နိုင်ရင်တောင် ထိပ်ဆုံးကို ရောက်ပြီး မိုးကြိုးလမ်းစဉ်ကို ဆက်ခံနိုင်ဖို့ ဘယ်လိုလုပ်မှာလဲ။ ရှင်က တကယ်ပဲ ကျီမင်ဂိုဏ်းမှာ ပညာသင်ပြီး ခရမ်းရင့် ကောင်းကင်နန်းတော်က ဒဏ္ဍာရီရှစ်ခုရဲ့ ဆက်ခံသူ ဖြစ်လာချင်တာလား”

“အဲဒီလိုတော့ မဟုတ်ဘူးပေါ့” ရီဖူရှင်းက ပြန်ဖြေ လိုက်သည်။ ထိုသည်က သူ၏ ရည်ရွယ်ချက် မဟုတ်ပေ။

ဝူထူနတ်တောင်သည် မဟာလမ်းစဉ်၏ မိုးကြိုးစွမ်းအားကို ဆက်ခံနိုင်ပြီး ထိုရွေးချယ်ခံများထဲမီ တစ်ယောက်ကသာ ခရမ်းရင့်ကောင်းကင်နန်းတော်၏ ဒဏ္ဍာရီရှစ်ခုထဲမှ တစ်ခုဖြစ်သည့် ကျီမင်ဂိုဏ်း၏ ဆက်ခံသူ ဖြစ်လာနိုင်ပေသည်။

သူသည် ထိုဒဏ္ဍာရီဂိုဏ်း ရှစ်ခုလုံး၏ ဆက်ခံသူ ဖြစ်ခဲ့လျှင်တော့ စိတ်ဝင်စားချင် စိတ်ဝင်စား ပေလိမ့်မည်။

သူ၏ ရည်ရွယ်ချက်သည် ကျီမက်ဂိုဏ်းအစား ခရမ်းရင့် ကောင်းကင်နန်းတော်သာ ဖြစ်ပေသည်။

ကျီမင်ဂိုဏ်းသည် အမွေအနှစ် ရှစ်ခုမှ တစ်ခုကို ဆက်ခံရကာ ဂိုဏ်းရှစ်ဂိုဏ်းသည် ကောင်းကင် အာဏာစက်ဘုံ အတွင်း မိုးကြိုးလမ်းစဉ်များကို သင်ကြားဖြန့်ဝေ ပေးသည်။

ကျီမင်ဂိုဏ်းကဲ့သို့သော အင်အားစုပင်လျှင် ခရမ်းရင့် ကောင်းကင်နန်းတော်နှင့် တိုက်ရိုက် ပတ်သက်နေခြင်း မရှိပေ။ ကျီမင်ဂိုဏ်းသည် ခရမ်းရင့် ကောင်းကင် နန်းတော်၏ လက်အောက်ခံ မဟုတ်ဘဲ လမ်းစဉ် အမွေအနှစ်ကိုသာ ဆက်ခံထားခြင်း ဖြစ်သည်။

သူတို့၏ ပတ်သက်မှုမှာ သိမ်မွေ့နက်နဲပေသည်။

သို့သော် သူတို့အားလုံးသည် ခရမ်းရင့် ကောင်းကင်နန်းတော်မှ အမွေဆက်ခံကြသည်ဖြစ်ရာ တူညီသည့် မျိုးရိုး အဆက်အနွယ် အဖြစ် လူအများက လေးစားကြပေသည်။

***

ရီဖူရှင်းနှင့် အခြားလူများသည် နေထိုင်ရန် နေရာ ရှာဖွေခဲ့ကြပြီး ကျင့်ကြံရင်းသာ အချိန်ကို အသုံးချ၍ စောင့်ဆိုင်း ခဲ့ကြသည်။

နေ့ရက်တိုင်းတွင် ကျီမင်မြို့သို့ တန်ခိုးရှင်များ တဖွဲဖွဲ ဝင်ရောက် လာပေသည်။ ပို၍ များပြားလှသော လူများ ရောက်ရှိလာနေသည်။ ကျီမင်နန်းတော်မှ ရန်ဟောင်ဖြစ်သည့် ကျီမင် အင်ပါယာသည် ဂူကလန်၏ မျိုးဆက်နှင့် မည်သို့ ရင်ဆိုင်ရမည်ကို ဆုံးဖြတ် နေသည်ဟု သတင်း စကားများပင် ထွက်ပေါ် လာနေသည်။

သို့သော် ယခုတွင် ပြဿနာက ပို၍ ကြီးထွားလာပြီး ရန်ဟောင် တစ်ပါးဖြစ်သည့် ကျီမင် အင်ပါယာပင်လျှင် စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက် မချရဲတော့ပေ။

ပြောကြသည်မှာ ထိပ်တန်း အင်အားစုများသည်လည်း ဤနေရာသို့ လာနေသည့် လမ်းခုလတ်တွင် ရောက်နေပြီဟူ၍ ဖြစ်သည်။

ထိုကောလာဟလများသည် တည်းခိုခန်းမှ အခန်းဆောင်တွင် ကျင့်ကြံနေသည့် ရီဖူရှင်းကို အတော်လေး နေမထိထိုင်မသာ ဖြစ်ကာ စိုးရိမ်ပူပန်လာစေသည်။

ယခု အစ်ကိုသုံးသည် အသတ်ခံရရန် စောင့်ဆိုင်းနေရသော်လည်း ရီဖူရှင်းသည် ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

အကြောင်းရင်းမှာ ကောင်းကင် အာဏာစက်ဘုံ၏ ထိပ်တန်း အင်အားစုများက ပါဝင်ပတ်သက် လာပြီ ဖြစ်ရာ သူ့ကို မဆိုထားနှင့် အင်ပါယာရှားနှင့် သွေးနဂါးအင်ပါယာပင်လျှင် သူ့အတွက် မည်သို့မှ လုပ်ပေးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

“မင်းရဲ့ အစ်ကိုအတွက် စိတ်ပူနေသေးတာလား” လူတစ်ယောက်က သူ့အနီးသို့ ရောက်လာကာ မေးလိုက်သည်။ ရီဖူရှင်းသည် သူ့ခေါင်းကို မော့လိုက်လျှင် သူ့ဆရာအား မြင်တွေ့ရလေသည်။ သူသည် ဖြည်းညင်းစွာ ခေါင်းညိတ် လိုက်ပြီး မေးသည်။ “ဆရာ့မှာရော အကြံဉာဏ် တစ်ခုခုလောက် မရှိဘူးလား”

“အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး။ အရင်က သေသေချာချာ မစူးစမ်းနိုင်ခဲ့ပေမယ့် မင်းအစ်ကိုနဲ့ အတူနေတဲ့ အချိန်တွေအတွင်း မင်းအစ်ကိုရဲ့ ကံကြမ္မာကို မြင်ခဲ့တယ်။ သူ အဆင်ပြေပါတယ်” ချင်ရွှမ်ကန်းက ပြောလိုက်သည်။ ဒီမုန်တိုင်းက သူ့အတွက် အခွင့်အရေး ဖြစ်လာနိုင်တယ်”

“ဒါပေမဲ့ ဂူကလန်က ပျောက်ကွယ် သွားပြီလေ။ ဘယ်သူက သူ့ကို ကယ်မှာလဲ” ရီဖူရှင်းက မေးလိုက်သည်။ သူက အရမ်းစိတ်ပူနေ၍ သူ့ဆရာက နှစ်သိမ့် ပေးနေသည်ဟုသာ တွေးလိုက်မိသည်။

“ဒီအချိန်မှာ ဘာဖြစ်မယ်ဆိုတာ မင်းမသိသေးဘူး။ မင်းက မင်းအစ်ကိုရဲ့ အတိတ်နဲ့ သူ့ရဲ့ သရုပ်အမှန်ကိုလည်း မသိဘူး။ အရင်က မင်းပြောသလိုပဲ။ မင်းအစ်ကိုက မင်းရဲ့ တခြားဆရာက နေပြီး ပြန်ပေး ဆွဲလာခဲ့တာ။ ပြီးတော့ သူက ဂူတုံးလျှိုရဲ့ မိသားစုနောက်ခံနဲ့ သူ့ရဲ့ ထူးချွန်တဲ့ ပါရမီ အရည်အချင်းတွေ အကြောင်းကို တစ်ခုမှ ပြောမပြခဲ့ဖူးဘူး။ အဲဒီလိုဆိုရင် ဒါက တစ်ယောက်ယောက်က ရည်ရွယ်ချက် ရှိရှိနဲ့ တမင် စီစဉ် ထားခဲ့တာရော မဖြစ်နိုင်ဘူးလား”

ချင်ရွှမ်ကန်းက ပြောလိုက်သည်။ “ကောင်းကင် အာဏာစက်ဘုံကနေ အောက်ဘုံတွေကို လူတစ်ယောက် ပို့လိုက်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး”

ရီဖူရှင်းသည် တိတ်ဆိတ်နေခဲ့သည်။ သူ့ဆရာ ပြောသည်မှာ သဘာဝကျပေသည်။

သူသည်လည်း ထိုအကြောင်းအရာကို သတိထားမိသည်။ သူ၏ အစ်ကိုသုံးသည် ဂူကလန်၏ မျိုးဆက် ဖြစ်နိုင်သည်။ အမှန်တကယ်ပင် သာမန်လူများအဖို့ အောက်ဘုံ၏ ပြည်နယ်ကိုးခုသို့ လူပို့ရန်မှာ အလွန် ခက်ခဲလှပေသည်။

ထို့ပြင် အစ်ကိုသုံး၏ ပါရမီက ထူးကဲ သာလွန်သော်လည်း သူ၏ ခွန်အားအစစ်အမှန်ကို ပြသနိုင်ရန် ခက်ခဲလှသည်။ ထိုအကြောင်း၏ နောက်ကွယ်တွင် လျှို့ဝှက်ချက် ရှိနိုင်သည်လား။

သူသည် အစ်ကိုသုံး၏ သက်စောင့် ဝိညာဉ် နိုးထခြင်းကို ကြုံဖူးသည်အား မှတ်မိလိုက်သည်။

“မဟာလမ်းစဉ်ကို ကျင့်ကြံတဲ့အခါမှာ ဆက်လျှောက်ရမယ့်လမ်းက အမြဲရှိတယ်။ ဖြစ်လာသမျှ အရာအားလုံးကို အတွေးထဲ ထည့်သိမ်းထားစရာ မလိုဘူး။ လက်ရှိကိုပဲ အာရုံစိုက်ပြီး လုပ်ဖို့ ရည်ရွယ် ထားတာကိုသာ ဆက်လုပ်” ချင်ရွှမ်ကန်းက ဆက်ပြောလိုက်သည်။

ရီဖူရှင်းသည် ခေါင်းညိတ်လိုက်ပြီး အများကြီး မပြောတော့ပေ။

ခဏအကြာတွင် ချင်ရွှမ်ကန်းသည် လှည့်ကာ ထွက်သွားတော့သည်။ ချင်ရွှမ်ကန်း၏ ပခုံးများသည် အလွန်ကျယ်ပြန့်ပြီး နောက်မှ မှီခိုချင်စရာ ကောင်းပေသည်။

သူက ဘာကြောင့် ရီဖူရှင်းနှင့်အတူ ကောင်းကင်အာဏာစက်ဘုံသို့ လာရောက်ခဲ့သနည်း။

ထိုအချိန်များ အတွင်း ချင်ရွှမ်ကန်းသည် သူ့ကိုယ်သူ တွေးနေခဲ့သည်။ အမှန်တကယ်အားဖြင့် သူသည် အဆင့်မြင့်ဘုံများသော လာရောက်ရန် မသင့်သော်လည်း လိုက်လာခဲ့သည်။

ယခင်အကြိမ်ကကဲ့သို့ပင် သူသည် သူ၏ စိတ်ဆန္ဒ အတိုင်းသာ လိုက်နာခဲ့ပေသည်။

ဖြစ်လာမည့် အရာအားလုံးတွင် အကောင်းဆုံး ရလဒ်ရှိပေလိမ့်မည်။ စိုးရိမ်ပူပန်နေမည့် အစား ဖြစ်ပျက်နေသည့် အရာများကို လိုက်ကာ ပိုကောင်းအောင် ရွေးချယ်ရပေမည်။

အရာအားလုံးသည် သူ့အချိန်နှင့်သူ ရှိပေသည်။ သူသည် အသက်ရှင်ရန် အကောင်းဆုံး ကြိုးစားနေမည် ဖြစ်ကာ သူ့အချိန်ရောက်လာလျှင် ကောင်းကင်က ဆုံးဖြတ်ပေးမည် ဖြစ်သည်။

***

ဝူထူနတ်တောင် ဖွင့်လှစ်သည့်နေ့ ရောက်ရှိလာပြီ ဖြစ်သည်။ မရေတွက်နိုင်သည့် တန်ခိုးရှင်များသည် နတ်တောင် အပြင်ဘက်တွင် စုရုံးရောက်ရှိ နေကြသည်။

ယနေ့သည် ဝူထူနတ်တောင်၏ သင်ကြားခြင်းကို ဖြန့်ဝေမည့်နေ့ ဖြစ်ကာ ခရမ်းရင့် ကောင်းကင်နန်းတော်သည် ကောင်းကင်လမ်းစဉ်၏ နတ်မိုးကြိုးစွမ်းအားများကို ထုတ်လွှတ်လိမ့်မည် ဖြစ်သည်။

မရေတွက်နိုင်သည့် တန်ခိုးရှင်များသည် နတ်တောင်သို့ ရောက်ရှိလာကြသည်။ သူတို့သည် နတ်တောင်သို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသည်။ သူတို့အားလုံး၏ အရှိန်အဝါများမှာ ထူးကဲ သာလွန် လှပေသည်။ အရည်အချင်းရှိသည့် တန်ခိုးရှင်များသာ နတ်တောင်သို့ ဝင်ရောက်ရဲကြပြီး သာမန်လူများသည်တော့ နတ်မိုးကြိုးစွမ်းအား အောက်တွင် ပြာမှုန်အဖြစ် ပြောင်းလဲ ပျောက်ကွယ် သွားလိမ့်မည် ဖြစ်သည်။

တန်ခိုးရှင်အဖွဲ့တစ်ခုသည် လှေကားထက်သို့ ရောက်ရှိလာသည်။ ဦးဆောင်လာသူများ အားလုံးမှာ ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့အကြားတွင် လူငယ်တစ်ဦး မတ်တတ်ရပ်နေခဲ့သည်။ ထိုလူကို ကြည့်ကာ ရီဖူရှင်း၏ မျက်လုံးများက ထိုနေရာတွင် မြဲမြံသွားခဲ့သည်။

ထိုနေ့က အင်ပါယာချီ သူ့ကို ပြသခဲ့သည့် မြင်ကွင်းတွင် သူ့အစ်ကိုသုံးကို ခေါ်ဆောင်သွားသူမှာ ဤလူငယ်ပင် ဖြစ်သည်။

သိသာစွာပင် သူသည် ကျီမင်ဂိုဏ်း၌ မြင့်မားသော အဆင့်အတန်း ရှိသည်။

ရီဖူရှင်းသည် ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေသည်။ ထိုလူ၏ စိတ်အာရုံ ခံစားမှုသည် ကောင်းမွန်ကာ သူသည် ရီဖူရှင်းကို သတိပြုမိပုံရပြီး လှမ်းကြည့်လိုက်သည်။

ရီဖူရှင်း၏ အမူအရာကို ကြည့်ကာ သူသည် ထူးဆန်းစွာ ခံစားလိုက်ရသော်လည်း သူ၏ မျက်လုံးများကို အခြားနေရာသို့ ရွှေ့လိုက်သည်။ သူသည် ရီဖူရှင်း၏ တည်ရှိမှုကို အာရုံစိုက်ခြင်း မရှိတော့ပေ။

“ဒီနေ့ တစ်ချိန်တည်းမှာ နတ်တောင်ရှစ်ခုလုံး ဖွင့်လှစ်လိမ့်မယ်။ ဒီနေရာက ဝူထူနတ်တောင်ပဲ။ မင်းတို့အားလုံးက ဝူထူနတ်တောင်ကို ဝင်ရောက်ပြီး ပြိုင်ဘက်ကင်း ဝူထူမိုးကြိုး လမ်းစဉ်ကို ဆက်ခံနိုင်တယ်။ မင်းတို့တွေ မိုးကြိုးလမ်းစဉ်ကို ဆက်ခံနိုင်ပြီး ကျီမင်ဂိုဏ်းမှာ ကျင့်ကြံနိုင်ဖို့ မျှော်လင့်ပါတယ်” လူငယ်က ကြေညာလိုက်သည်။ လူပေါင်းများစွာက သူ့ကို ကြည့်နေပြီး သူတို့သည် ခပ်တိုးတိုးဖြင့် အချင်းချင်း ပြောဆိုနေကြသည်။

သူသည် အင်ပါယာကျီမင်၏ နှစ်သက်မှုအခံရဆုံး တပည့်ဖြစ်ကာ ဤနယ်မြေတွင် ကျော်ကြား ပေသည်။ သူသည် ထူးကဲသာလွန်သည့် အရည်အချင်းများနှင့် နတ်တောင်တွင် ကောင်းကင်မိုးကြိုး အကြိမ်ကိုးရာ ခံယူကာ ယခင်စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ သူ့ကို ဝူထူ၏ မျိုးဆက်အဖြစ် ဆက်ခံသူဟု သတ်မှတ်၍ ရနိုင်ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset