Switch Mode

အပိုင်း(၁၃၄၇)

အင်အားကြီးများစုစည်းခြင်း

ရီဖူရှင်းတွင် မေးခွန်းများ ရှိနေဆဲပင် ဖြစ်သည်။ သူက အင်ပါယာချီကို ကြည့်ကာ စိတ်ချင်း ဆက်သွယ်၍ မေးလိုက်၏။ “အရှင်မင်းကြီး၊ ကျွန်တော့် အစ်ကို တကယ် အရည်အချင်း ရှိပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်ကင်း အစွမ်းထက်တာတော့ မဟုတ်ဘူး။ အဲဒါကြောင့် သူက ကောင်းကင်နတ်တံခါး ဂိုဏ်းကလူ မဖြစ်နိုင်ဘူး။ သူ့မှာ တူညီတဲ့ စွမ်းရည်တချို့ ရှိနေတာက တိုက်ဆိုင်တာ မဖြစ်နိုင်ဘူးလား။”

“ဒါဆို သူတို့က ဘာလို့ သူ့ကို ဖမ်းကြတာလဲ” အင်ပါယာချီက မေးလိုက်သည်။ “နောက်ကွယ်က အကြောင်းရင်းကို ကျုပ် မသိဘူး။ ဒါပေမဲ့ ဖြစ်နိုင်ချေအားလုံးက အဲဒီအချက်ကိုပဲ ပြနေတယ်”

ရီဖူရှင်းသည် အခုထိတိုင် တွေဝေနေဆဲဖြစ်ကာ စိုးရိမ်ပူပန်စွာနှင့် ဆက်ပြောလိုက်သည်။ “တကယ်လို့ ကျွန်တော့်အစ်ကို တကယ်ပဲ ဂူကလန်ရဲ့ မျိုးဆက်အမှန် ဖြစ်နေရင် သူတို့က သူ့ကို ဘာလုပ်မှာလဲ။ ပြီးတော့ ရှေးဟောင်းဂူကလန်ကရော ဘယ်လို ပျောက်ကွယ်သွားတာလဲ”

ကောင်းကင်နတ်တံခါးဂိုဏ်းသည် ကောင်းကင်အာဏာ စက်ဘုံတွင် အမြင့်ဆုံးဖြစ်ကာ အခုချိန်ထိတိုင် အမြင့်ဆုံးနှင့် အစွမ်းထက်ဆုံးအဖြစ် ရှိနေဆဲပင် ဖြစ်သည်။ သို့ဆိုလျှင် ဂူကလန်က မည်သို့ ပျောက်ကွယ် သွားရသနည်း။

“မင်းရဲ့ အစ်ကိုကသာ တကယ်ပဲ ဂူကလန် မျိုးဆက်ဖြစ်ခဲ့ရင် ဖြစ်နိုင်တာက သူက ကောင်းကင် အာဏာစက်ဘုံကို မုန်တိုင်း ထန်စေလိမ့်မယ်။ ဒါပေမဲ့ ကျုပ် အာမခံနိုင်တာက သူတို့ မင်းအစ်ကိုကို သတ်ရဲမှာ မဟုတ်ဘူး။ သူတို့ အဲဒီလို လုပ်မှာမဟုတ်ဘူး” အင်ပါယာချီက ပြောလိုက်သည်။ “သူတို့က ခရမ်းရင့် ကောင်းကင်နန်းတော် ရှစ်ခုထဲက တစ်ခု ဖြစ်နေရင်တောင် ကောင်းကင် နတ်တံခါး ဂိုဏ်းကိုတော့ လုံးဝ မဆန့်ကျင်ရဲဘူး”

သူက ဆက်ပြောလိုက်သည်။ “ဂူကလန်က ဘာလို့ ပျောက်ကွယ်သွားလဲ ဆိုတာကတော့ အတော် ရှည်လျားတဲ့ အကြောင်းအရာပဲ။ ဂူကလန်က ကောင်းကင် အာဏာစက်ဘုံမှ ထိပ်တန်းအင်အားစုအဖြစ် ရပ်တည် လာနိုင်တာအားလုံးက ဘုံသုံးထောင်မှာ ပြိုင်ဘက်ကင်း ဖြစ်ခဲ့တဲ့ အကျော်အမော် ပုဂ္ဂိုလ် တစ်ယောက်ကြောင့်ပဲ။ သူကပဲ ဂူကလန်နဲ့ ကောင်းကင် နတ်တံခါးဂိုဏ်းကို ကောင်းကင် အာဏာစက်ဘုံမှာ ထိပ်တန်းအင်အားစု ဖြစ်လာအောင် လုပ်ပေးခဲ့တာ”

အင်ပါယာချီသည် အတိတ်ကို လွမ်းဆွတ်နေသည့် အသွင်ရှိသည်။ သူသည် အဝေးသို့ ကြည့်နေကာ ထိုခေတ်အခါကို ပြန်၍ မှန်းဆနေပုံရသည်။ “ဂူကလန်မှာ လောက ပြိုင်ဘက်ကင်း အစွမ်းထက်တဲ့ ဂုဏ်သရေရှိ နတ်ဘုရားလို ပုဂ္ဂိုလ် ၁၂ ယောက် ရှိတယ်။ သူတို့တွေက ဘုံသုံးထောင်ကို ပိုင်စိုးတဲ့ ဗြဟ္မာသန့်စင် ကောင်းကင် အရှင်သခင်ရဲ့ လက်အောက်က ကိုးလွှာကောင်းကင် နတ်မိမယ်ထက်ပိုပြီး သန်မာကြတယ်။ သူတို့ထဲက တစ်ယောက်က ကောင်းကင် လမ်းစဉ်ရဲ့ ထိန်းချုပ်မှုကို ချိုးဖောက်ဖို့ ကြိုးစားခဲ့ပြီး ကျင့်ကြံခြင်း လမ်းစဉ် အထွတ်အထိပ်ကို ရောက်ခဲ့တယ်။ ပြီးတော့ သူက ကောင်းကင် အာဏာစက်ဘုံရဲ့ ထိပ်တန်း နတ်ဘုရားတစ်ပါး ဖြစ်လာတယ်။ ဒါပေမဲ့ သူ့လို ပြိုင်ဘက်ကင်းတောင် ရှုံးနိမ့်ခဲ့ရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက ကောင်းကင် အာဏာစက်ဘုံ တစ်ခုလုံးကို ဆန့်ကျင်ခဲ့ပြီး ထိပ်တန်းပုဂ္ဂိုလ်တွေအားလုံးက နတ်တံခါးကို ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့တာကြောင့်….”

ထိုတိုက်ပွဲသည် ကောင်းကင်နှင့် မြေကြီး၏ ပျက်စီးခြင်းကို ယူဆောင် လာသည်ဟုပင် ဆိုနိုင်သည်။ တိုက်ပွဲကွင်းပြင်တွင် မဟာလမ်းစဉ်သည် ယိုယွင်းသွားခဲ့ပြီး အလောင်းများကလည်း နေရာအနှံ့ ပြန့်ကျဲနေသည်။ မရေတွက်နိုင်သည့် လူစွမ်းကောင်းမှာ ထိုနေရာတွင် အသက်ပေးခဲ့ရသည်။

ကောင်းကင် နတ်တံခါးဂိုဏ်းသည် ထိုအဖြစ်တို့အား တောင့်ခံနိုင်ခြင်း မရှိတော့သည့် တိုင်အောင် သူ့ကို သူတို့ကိုယ်တိုင် အဆုံးသတ် စေခဲ့သောကြောင့် ထိုခေတ်ကာလက ပြီးဆုံး သွားခဲ့ရသည်။

ထိုအချိန်အတွင်း၌ ထိုဒဏ္ဍာရီ ပုဂ္ဂိုလ်များက မည်မျှ ပြိုင်ဘက်ကင်းခဲ့သနည်း။

တိုက်ပွဲအဆုံးတွင် ကောင်းကင် နတ်တံခါးဂိုဏ်းက ကောင်းကင် အာဏာစက်ဘုံ၏ ထိပ်တန်း အင်အားစုအဖြစ် ကျန်ရစ်နေသေးသော်လည်း ထိုလူနှင့် ပတ်သက်သည့် အားလုံးသော မှတ်ဉာဏ်များက ပျောက်ကွယ် သွားခဲ့ရသည်။ သူသာလျှင် မဟုတ်ဘဲ ဂူကလန်သည်လည်း သမိုင်းမှတ်တမ်းမှ အပြီးတိုင် ကွယ်ပျောက် သွားလေတော့သည်။

ထိုတိုက်ပွဲ ပြီးသည့်နောက်တွင် ထိုမိုက်ကန်းသော သူသည် အရှုပ်အထွေးများ အတွင်း ပျောက်ကွယ် သွားခဲ့သည်။ အချို့လူများက ပြောကြသည်မှာ သူ သေဆုံးသွားပြီ ဟူ၍ ဖြစ်ကာ အချို့လူများက ပြောသည်မှာ သူက ဇတ်မြှုတ်နေထိုင်ကာ အသက်ရှင် နေသေးသည်ဟူ၍ ဖြစ်သည်။

ထိုတန်ခိုးရှင်၏ အဆင့်သည် ပြီးပြည့်စုံသည် ဟူသော အဆင့်ကို အမှန်တကယ် နီးကပ်နေခဲ့ပြီ ဖြစ်၏။

ယခု ဂူကလန်၏ မျိုးဆက်က ထွက်ပေါ်လာခဲ့လျှင် သူက မည်ကဲ့သို့ မုန်တိုင်း ထန်စေလိမ့်မည်ကို လူတိုင်း မှန်းဆ နိုင်ပေလိမ့်မည်။

“ဒီကိစ္စကို အကြာကြီး ဖုံးကွယ် ထားနိုင်မှာတော့ မဟုတ်ဘူး။ မင်းအစ်ကိုရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်မလဲ ဘယ်သူမှ မမှန်းဆနိုင်ဘူး” အင်ပါယာချီက ရီဖူရှင်းကို ပြောလိုက်သည်။

ရီဖူရှင်းက အလွန် ဖြူဖျော့ သွားခဲ့၏။ သူ၏ အစ်ကိုက ဂူကလန် မျိုးဆက် ဖြစ်နေသည်လား။

ထိုသည်သာ အမှန်ဖြစ်လျှင် သူ၏ အစ်ကိုသုံးက အရှုပ်အထွေး မုန်တိုင်းအတွင်း ပါဝင် သွားပေလိမ့်တော့မည်။

“အရှင်မင်းကြီး အဲဒီလူတွေက ဘယ်အင်အားစုကလဲ” ရီဖူရှင်းက မေးလိုက်သည်။

“အင်ပါယာ ကျီမင်နယ်မြေကပဲ” အင်ပါယာချီက ပြောလိုက်သည်။ “အင်ပါယာကျီမင်က နယ်မြေ တစ်ခုကို အုပ်စိုးပြီး ခရမ်းရင့် မြေအောက်လောက ခေါင်းဆောင် ဖြစ်တယ်။ ကျီမင်လောက မျိုးဆက်တွေက ခရမ်းရင့်နန်းတော်ရဲ့ နတ်မိုးကြိုးပညာရပ်ဖြစ်တဲ့ ဝူထူငရဲမိုးကြိုးကို ဆက်ခံထားပြီး သန်မာကြတယ်။ ခရမ်းရင့် မြေအောက်လောကက  ခရမ်းရင့် ကောင်းကင်နန်းတော်ရဲ့ ဒဏ္ဍာရီရှစ်ခုထဲက တစ်ခုပဲ။ အင်ပါယာ ကျီမင်လက်အောက်မှာ သန်မာတဲ့ တန်ခိုးရှင်တွေ မရေတွက်နိုင်အောင် ရှိတယ်။ ကျုပ် ခုနက ပြောခဲ့တဲ့ ပွဲတော်က အဲဒီမှာ ကျင်းပလိမ့်မယ်” [Note: ကျီ= ခရမ်း၊ မင်= မြေအောက် လောက]

ကောင်းကင် အာဏာစက်ဘုံ၏ မြေပုံတွင် အင်ပါယာချီ၏ နယ်မြေသည် အစွန်အဖျားတွင် ရှိကာ အင်ပါယာကျီမင်၏ နယ်မြေသည် အလယ်တွင် တည်ရှိသည်။

နယ်မြေ အပိုင်းအခြားအရ တွက်ဆကြည့်လျှင် ခရမ်းရင့် ကောင်းကင် နန်းတော်သည် ကောင်းကင် အာဏာစက်ဘုံ၏ အလယ်ဗဟိုတွင် တည်ရှိပေသည်။

ခရမ်းရင့် ကောင်းကင် နန်းတော်သည် လောကကို ပညာရပ်များ ပျံ့နှံ့စေပြီး ဤဒေသ အတွင်းတွင် အုပ်ချုပ်ရေးနယ်မြေရှစ်ခု ရှိပေသည်။

ထို အုပ်ချုပ်ရေး နယ်မြေရှစ်ခုမှ ကျင့်ကြံခြင်း ဗဟုသုတများကို ဖြန့်ဝေပေးနေပြီး ဤနေရာ တစ်ခုလုံးသည် သူတို့၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသည်။

ထိုသည်မှာ မိုးကြိုးပညာရပ်များက ကောင်းကင်နန်းတော်မှ ဆင်းသက် လာသည်ဟု ပြောသလဲဆိုသည့် အကြောင်းရင်းပင် ဖြစ်တော့သည်။

အဆုံးမဲ့ မိုးကြိုးနည်းစနစ်များ အားလုံးမှာ ခရမ်းရင့် ကောင်းကင်နန်းတော်၏ မိုးကြိုးလမ်းစဉ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

“အရှင်မင်းကြီး၊ ကျွန်တော် အခု သွားသင့်ပြီ” ရီဖူရှင်းက လက်သီးဆုပ်၍ အရိုအသေပြုကာ အင်ပါယာချီကို ပြောလိုက်သည်။

အင်ပါယာချီသည် သူ၏ ရည်ရွယ်ချက်ကို နားလည်၏။ သူသည် ကျောက်စိမ်းပြား တစ်ခု ထုတ်ယူကာ ပြောလိုက်သည်။ “ဒီကျောက်စိမ်းပြားထဲမှာ ဒီနယ်မြေရဲ့ မြေပုံရှိတယ်။ တကယ်လို့ သတင်းသာ ပျံ့သွားခဲ့ရင် ခရမ်းရင့် မြေအောက် လောကနယ်မြေ တစ်ခုလုံး မုန်တိုင်းထန်သွားလိမ့်မယ်။ အဲဒီလို အခြေအနေ ရောက်ရင် မင်းရဲ့ အစ်ကိုကို ကယ်နိုင်ဖို့ ဒီဟာကို အားကိုးလို့ ရလိမ့်မယ်”

ခရမ်းရင့် မြေအောက်လောက အင်ပါယာ၏ လက်အောက်ခံများက သူ့ကို ဖမ်းဆီးရန် ရောက်လာသည်ဖြစ်ရာ သူတို့သည် ဂူတုံးလျှိုအား အင်ပါယာ ကျီမင်ထံသို့ လွှဲပြောင်းပေးကြလိမ့်မည် ဖြစ်သည်။

အင်ပါယာချီပင်လျှင် ကြားဝင်စွက်ဖက်ရန် မဖြစ်နိုင်ပေ။

အင်ပါယာချီသည် ရန်ဟောင်တစ်ပါး ဖြစ်သော်လည်း ခရမ်းရင့် မြေအောက်လောက၏ အင်ပါယာသည် ခရမ်းရင့် ကောင်းကင် နန်းတော်၏ တရားဝင် ဆက်ခံသူဖြစ်ရာ အင်ပါယာ ကျီမင်သည် မြင့်မားသော အဆင့်အတန်း ရှိပေသည်။

“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

အင်ပါယာချီသည် မည်သည့်စကားမှ မပြောတော့ဘဲ အခြားလူများဘက်သို့ လှည့်ကာ ကြေညာ လိုက်သည်။ “ကျုပ်က ဒီစားသောက်ပွဲမှာ အားလုံးနဲ့ ဒီထက်ပိုပြီး စကားပြောချင်ပေမယ့် မမျှော်လင့်တဲ့ မတော်တဆမှု ဖြစ်သွားခဲ့တာကြောင့် အချိန်အများကြီး ကုန်သွားခဲ့ရတယ်။ အဲဒါကြောင့်မို့ ဆန္ဒရှိတဲ့သူ ပြန်လို့ရပါပြီ”

လူတိုင်းသည် အင်ပါယာချီ၏ စကားများကြောင့် အနည်းငယ် တွေဝေသွားသည်။ သူနှင့် ရီဖူရှင်းသည် စိတ်ချင်း ဆက်သွယ်၍ ပြောကြားခဲ့ကြသည်ဖြစ်ရာ လူအများက မည်သည်တို့ ဖြစ်ပျက်သွားလဲ မသိရှိကြပေ။

ရီဖူရှင်းသည် အနီးကို ကြည့်လိုက်ပြီး ယွင်ထန်၊ ယွင်နီနှင့် ယွင်ချန်းယွဲ့တို့ နောက်ဆုံးတန်းတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

“စီနီယာ၊ သခင်မ.. ဒီရက်တွေအတွင်း လုပ်ပေးခဲ့တာတွေ အတွက် တကယ့်ကို ကျေးဇူး တင်ပါတယ်။ အခု ကျွန်တော် သွားသင့်ပြီ။ အခွင့်အရေး ရှိရင် ပြန်တွေ့ကြတာပေါ့” ရီဖူရှင်းက လက်သီးဆုပ်၍ အရိုအသေပြုကာ ယွင်ထန်ကို ပြောလိုက်သည်။

ယွင်ထန်နှင့် ယွင်နီသည် ထရပ်လိုက်ပြီး ရီဖူရှင်း၏ အနားသို့ ရောက်လာခဲ့သည်။ ယွင်ချန်း ယွဲ့သည်လည်း သူတို့နှင့်အတူ လိုက်လာခဲ့ပြီး အတော်လေး စိတ်ပူနေပုံရသည်။

“ညီလေးရီ၊ ဂရုစိုက်ပါ” ယွင်ထန်က နှစ်နှစ်ကာကာ ပြောလိုက်သည်။ သူသည် ရီဖူရှင်းကို အလွန်ပင် ကျေးဇူး တင်နေလေသည်။

သူသာ ရီဖူရှင်းကို တိုက်ဆိုင်စွာနှင့် ကလန်သို့ ခေါ်ဆောင်မလာမိခဲ့လျှင် ဤမိသားစုအတွက် မည်သို့သော ကံကြမ္မာက စောင့်ကြိုနေမည်ကို မည်သူမှ မသိကြပေ။

“ဆရာရီ.. ကိုယ့်ကိုယ်ကိုယ် ဂရိုစိုက်ပါ” ယွင်နီကလည်း ပြောလိုက်သည်။

“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ ထို့နောက် သူသည် ယွင်ချန်းယွဲ့ ဘက်သို့ လှည့်ကာ ပြောလိုက်၏။ “မင်းက အရှင်မင်းကြီးရဲ့ တပည့် ဖြစ်လာပြီဆိုတော့ မင်းက သူ့ရဲ့ သင်ကြားမှုကို ခံယူဖို့ အခွင့်အရေး ရှိလာလိမ့်မယ်။ ချန်းယွဲ့ အခွင့်အရေးကို ဆုပ်ကိုင်ပြီး အကောင်းဆုံး ကြိုးစားပါ။ အရှင်မင်းကြီးက ကျုပ်ထက် ပိုပြီး ကောင်းကောင်း သင်ပေးနိုင်မှာပါ”

ယွင်ချန်းယွဲ့သည် သူ့ကို ထွက်ခွာ မသွားစေချင်သော်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဆရာပြောတာကို ကျွန်မ စိတ်ထဲမှာ သေချာမှတ်ထားပါ့မယ်”

“ကောင်းပြီ… ကျုပ် သွားသင့်ပြီ” ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် တန်ခိုးရှင်အဖွဲ့ တစ်ခုလုံး အင်ပါယာချီကို အရိုအသေပြုကာ ထွက်ခွာ သွားတော့၏။ သူတို့သည် လေထဲသို့ ခြေချကာ ကောင်းကင်ကို ဖြတ်သန်း သွားကြပေသည်။

အင်ပါယာချီသည် ထိုနေရာတွင် ရပ်ကာ သူတို့ ထွက်ခွာသွားသည်ကို ကြည့်နေကြသည်။ သူသည် ချီယိုနှင့် အခြားလူများကို ရီဖူရှင်းနှင့်အတူ သွားနိုင်ရန် စီစဉ်ခဲ့သည်။ သို့သော် ယခု ကိစ္စများက အလှည့်အပြောင်း ဖြစ်သွားခဲ့ရာ သူသည် ဘေးထွက် ရပ်နေရုံသာ ရှိတော့ပေသည်။

“မင်း သူနဲ့ နောက်ပိုင်း တွေ့ဖြစ်ခဲ့ရင် မင်း တတ်နိုင်သမျှ သူ့ကို ကူညီဖို့ ကြိုးစားပါ” အင်ပါယာချီက ချီယိုကို ပြောလိုက်သည်။ ချီယိုက သူ နားလည်ကြောင်း ခေါင်းညိတ် ပြလိုက်၏။

“မင်းလည်း သွားဖို့ အသင့်ပြင်သင့်ပြီ။ နောက်ရက် နည်းနည်းနေရင် သူတို့နဲ့ အတူ သွားနိုင်တယ်” အင်ပါယာချီသည် အခြားလူများဆီသို့ ကြည့်ကာ ပြောလိုက်သည်။

“အရှင်မင်းကြီး.. ကျွန်တော်တို့လည်း နှုတ်ဆက်ဖို့ အချိန်ရောက်ပါပြီ” ချီရှန်းနှင့် အခြား လူများသည်လည်း ထရပ်လိုက်ကာ ထွက်ခွာရန် တောင်းဆိုလိုက်သည်။

ဤတစ်ကြိမ်တွင် သူတို့သည် သွေးနဂါးဘုံမှ ရီဖူရှင်းနှင့်အတူ လာခဲ့ကြသည်။ သို့သော်လည်း သူတို့သည် တစ်ချိန်လုံး သူနှင့်အတူ ရှိမနေနိုင်ပေ။ သူ့တွင်လည်း တစ်နေရာရာသို့ သွားရန် အစီအစဉ် ရှိနေပေလိမ့်မည်။

ယခု ရီဖူရှင်း၏ အစ်ကိုတွင် အခက်အခဲရှိနေပြီး ရီဖူရှင်းသည် ထွက်ခွာရန် မစောင့်ဆိုင်း နိုင်တော့ပြီ ဖြစ်ရာ သူတို့ကလည်း သူနှင့်အတူ သွားလိမ့်မည် မဟုတ်ပေ။

ချီရှန်းသာမက ချန်ယဲ့မြို့မှ လိုက်ပါလာသော အခြားတန်ခိုးရှင် များသည်လည်း ရီဖူရှင်းနှင့် လိုက်ပါလာကြရုံသာ ဖြစ်သည်။ ဤတစ်ကြိမ် ပြဿနာတာကို သူတို့ ကူညီ၍ ဖြေရှင်းပေးရန် ရီဖူရှင်း မျှော်လင့် မထားပေ။

အကြောင်းမှာ ဤတစ်ကြိမ်၌ သူ ရင်ဆိုင်ရမည့် အခက်အခဲသည် အလွန်ကြီးမား နေသောကြောင့်ပင် ဖြစ်သည်။

***

အင်ပါယာချီ၏ မှန်းဆချက် ကဲ့သို့ပင် ဂူတုံးလျှိုကို ဖမ်းဆီးသည့် ခရမ်းရင့် မြေအောက်လောက အင်ပါယာ၏ လုပ်ဆောင်ချက်က လျှို့ဝှက်သော်လည်း ထိုအဖြစ်ကို အင်ပါယာ ချီတစ်ယောက်တည်း တွေ့ခဲ့သည်မဟုတ်ပေ။

လျှို့ဝှက်ချက်သည် မကြာခင် ပေါက်ကြားသွားတော့သည်။

ကောင်းကင် နတ်တံခါးဂိုဏ်း ဂူကလန်၏ မျိုးဆက်က ထွက်ပေါ်လာခဲ့ပြီး အင်ပါယာကျီမင်၏ လက်အောက်ခံများက လိုက်လံဖမ်းဆီးကာ အင်ပါယာကျီမင်၏ နယ်မြေတွင် အကျဉ်းချ ထားလိုက်သည်။

ဂူကလန်သည် ကောင်းကင် အာဏာစက်ဘုံတွင် ဒဏ္ဍာရီထဲမှ ကလန်တစ်ခု ဖြစ်သည်။

ပြောကြသည်မှာ ထိုကလန်တွင် နတ်ဘုရားကဲ့သို့ ပုဂ္ဂိုလ်ဆယ့်နှစ်ဦး ရှိကာ မိုက်ရူးရဲဆန်သော လူတစ်ယောက်က ထာဝရ ရှင်သန်ခြင်း ကျင့်စဉ်ကို ကျင့်ကြံ၍ ကောင်းကင် လမ်းစဉ်ကို ချိုးဖျက်နိုင်စွမ်း ရှိခဲ့သည်။

သူ၏ ကျင့်စဉ်က ယခုတိုင် တည်ရှိနေသေးသည်လား။

ဂူကလန် မျိုးဆက်က ထွက်ပေါ်လာသည် ဖြစ်ရာ အခြားသူများလည်း ကျန်ရှိနေသေးသည်လား။

ဂူတုံးလျှိုတွင် လျှို့ဝှက်ချက် မည်မျှ ရှိနေသနည်း။

မကြာခင်တွင် ခရမ်းရင့်မြေအောက်လောက အင်ပါယာ၏ နယ်မြေသည် ဘုံတစ်ခုလုံး၏ ပစ်မှတ်ဖြစ်လာကာ ဂူတုံးလျှိုသည် ဖုံးကွယ်ထားသည့် ဆုံးဖြတ်ချက်ကို သိလိုသော များပြားလှသည့် တန်ခိုးရှင်များ၏ ရည်မှန်းချက် ဖြစ်လာတော့သည်။

ထပ်ပြောရလျှင် ထိုသတင်းသည် ထိပ်တန်း အင်အားစုများ၏ အာရုံကိုပင် ဖမ်းစား နိုင်ခဲ့ပေသည်။

ပြောကြသည်က ခရမ်းရင့် ကောင်းကင်နန်းတော်က ဂူတုံးလျှိုကို ခရမ်းရင့် ကောင်းကင် နန်းတော်သို့ ခေါ်ဆောင်ရန် တန်ခိုးရှင်များ ပို့လွှတ်လိုက်သည် ဟူ၍ ဖြစ်သည်။

သို့သော့ ခရမ်းရင့် မြေအောက်လောက အင်ပါယာသည် သူ၏ ကိုယ်ပိုင်စိတ်ကူးများကြောင့် ခရမ်းရင့် ကောင်းကင်နန်းတော်သို့ လက်လွှဲ မပေးလိုက်ဟု ဆိုသည်။

ထိုနေ့တွင် ခရမ်းရင့် မြေအောက်လောကမြို့ အပြင်ဘက်တွင် မရေတွက်နိုင်သော တန်ခိုးရှင်များက လေထဲတွင် သွားလာနေကြကာ ထိုရှေးဟောင်းမြို့သို့ ဦးတည်နေကြသည်။ အစွမ်းထက်သည့် ရှန့်ထိုအဆင့် ပုဂ္ဂိုလ်များသည်လည်း နေရာအနှံ့တွင် ရှိနေသည်။

ထိုခရီးသွားများ အားလုံးကြားတွင် တစ်နေရာတည်းမှ လာသည့် ရှန့်ထိုအဆင့်များသာ ပါဝင်သော အဖွဲ့တစ်ဖွဲ့ရှိသည်။

ရီဖူရှင်းသည် အရှေ့တွင် ရပ်နေသည်။ သူ၏ ဘေးတွင် ယူချင်း၊ ရှားရှင်းယွန်၊ ရီဝူချင်း၊ ဟောင်ကျူဂီနှင့် အခြားလူများအပြင် ချင်ရွှမ်ကန်းနှင့် ဝူယုံးက သူတို့ နောက်တွင် ရပ်နေသည်။ သူတို့၏ ရှန့်ထို အဆင့်များမှာ ကွာခြားပေသည်။

“ကျွန်တော်တို့ ရောက်ပြီ” ရီဖူရှင်းက ခပ်တိုးတိုး ပြောလိုက်သည်။ သူတို့သည် အင်ပါယာ ချီနယ်မြေမှ ထွက်ခွာလာကတည်းက သူတို့သည် ဝေးကွာလှသည့် အကွာအဝေးကို ဖြတ်လာ ခဲ့ရပေသည်။

“တုံးလျှို အဆင်ပြေပါ့မလား မသိဘူး” ဓားသခင်က ရေရွတ်လိုက်သည်။ သူသည် ဂူတုံးလျှို၏ လုံခြုံမှုကို စိတ်ပူနေခဲ့သည်။

သူသည် ဂူတုံးလျှို အဆင်ပြေနေစေရန် မျှော်လင့်မိသည်။

ရီဖူရှင်းသည် ခံစားချက် ကင်းမဲ့နေသည်။ သူတို့ အနီးမှ တန်ခိုးရှင်များက ဖြတ်သန်း သွားလာနေဆဲ ဖြစ်သည်။

သူတို့၏ အနီးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ “ဒီတစ်ကြိမ်တော့ အင်ပါယာ ကျီမင်နယ်မြေက လူတွေ တဖွဲဖွဲ ဝင်လာ နေတော့တာပဲ။ ကျုပ် ကြားတာတော့ ဒီနယ်မြေက တန်ခိုးရှင်တွေတင်မကဘူး… ဘုံတစ်ခုလုံးက ထိပ်တန်း အင်အားစုတွေကလည်း ဒီကို တန်ခိုးရှင် ပို့လိုက်တယ်တဲ့”

“ဂူကလန်ရဲ့ မျိုးဆက်က သူတို့ရဲ့ အာရုံစိုက်မှုကိုတောင် ဆွဲဆောင်နိုင်တာလား” တစ်ယောက်က မေးလိုက်သည်။

“မင်းသာ ဂူကလန်ရဲ့ အကြီးအကဲ တစ်ယောက် အရင်တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းကို ကြားရင် နားလည် သွားလိမ့်မယ်” တစ်ယောက်က ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ဂူကလန်ရဲ့ မျိုးဆက်အပြင် အင်ပါယာကျီမင်နယ်မြေမှာ ပွဲတော်ကြီး တစ်ခုလည်း ကျင်းပဖို့ ရှိတာကြောင့်လည်း အရည်အချင်းရှိတဲ့လူအများကြီး ဒီနေရာကို စိတ်ဝင်စားကြတာပေါ့”

“တကယ်လို့ အဲဒီထိပ်တန်း အင်အားစုကြီးရဲ့ လူငယ်မျိုးဆက်ကိုသာ မြင်တွေ့ခွင့် ရရင်တော့ ပြီးပြည့်စုံ သွားပြီပဲ”

ပုံမှန်ဆိုလျှင် သာမန်လူများသည် ဤနေရာသို့ ရောက်မလာသည့် ထိပ်တန်းအင်အားစုများ အားလုံး၏ မျိုးဆက်များကို မြင်တွေ့နိုင်ခြင်း မရှိကြပေ။

“မင်းပြောတာသာ အမှန်ဖြစ်လာရင် ကောင်းကင်ကိုးလွှာ နတ်မိမယ် လက်အောက်က ရှန့်ထိုမလေးတွေကိုလည်း မြင်နိုင်ဖို့ ငါ့မှာ အခွင့်အရေး ရှိနိုင်တာပေါ့”

“အရူးကောင်”

သူ့အနီးမှ လူများက လှောင်လိုက်ကြသည်။ ဗြဟ္မာသန့်စင် ကောင်းကင်၏ ကောင်းကင် ကိုးလွှာ နတ်မိမယ်သည် ဤလောကတွင် ပြိုင်ဘက်ကင်းဖြစ်ကာ သူမ၏ လက်အောက်မှ လူများသည်လည်း သာမန်ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ ဤလောကအတွင်းမှ မည်သည့်လူက သူတို့၏ မျက်နှာကို မမြင်တွေ့ချင်ဘဲ နေမည်နည်း။

သို့ပေမဲ့ သူတို့ကို မည်သို့ အလွယ်တကူ တွေ့နိုင်မည်နည်း။

ရီဖူရှင်းသည် သူတို့အနီးရှိ လူများပြောနေသည့် အကြောင်းကို တိတ်ဆိတ်စွာ နားထောင် နေသည်။ ဗြဟ္မာသန့်စင်ကောင်းကင်သည်ရော ထွက်ပေါ်လာလိမ့်မည်လား။

ဂူကလန်၏ ထိုတန်ခိုးရှင်က မည်သို့သော ပုဂ္ဂိုလ်နည်း။ ဂူကလန်၏ မျိုးဆက်ပင်လျှင် ထိုမျှ မုန်တိုင်းထန် စေရန် ပြုလုပ်နိုင်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset