အပိုင်း(၁၃၄၆)

ပျောက်ဆုံးနေသော ကလန်

အင်ပါယာချီနယ်မြေအတွင်း စားသောက်ပွဲက ဆက်လက်ကျင်းပနေသည်။

ရီဖူရှင်းနှင့် အခြားလူများ ရောက်ရှိနေကြသည်။ အင်ပါယာချီသည်လည်း ကိုယ်တိုင် ကြွရောက် လာခဲ့သည်။

“ဒီရက်ပိုင်းမှာ နန်းတော်က တန်ခိုးရှင် အချို့က ရီဖူရှင်းရဲ့ ယာယီနန်းဆောင်ကို သွားလည် ကြပြီးတော့သူတို့ အားလုံးကို ထမ်းစင်နဲ့တောင် ထမ်းထုတ် သွားရတယ်ဆိုတာ အမှန်ပဲလား”  အင်ပါယာချီက တန်ခိုးရှင်များကို ကြည့်ကာ မေးလိုက်သည်။

များပြားလှသည့် လူများမှာ သူတို့၏ ခေါင်းကို ငုံ့ထားပြီး အတော်လေး ရှက်ရွံ့ နေကြပုံရသည်။

ထိုမာနကြီးပြီး ဘဝင်ခပ်မြင့်မြင့် ပုဂ္ဂိုလ်များက ရီဖူရှင်းထံသို့ စိန်ခေါ်ရန် ရောက်ရှိ လာကြသော်လည်း ရှုံးနိမ့်ခြင်းဖြင့်ပင် အဆုံးသတ် သွားကြသည်။

“ဆရာရီက သွေးနဂါးဘုံရဲ့ မျိုးဆက်တူတွေထဲမှာ အစွမ်းထက်ဆုံး တန်ခိုးရှင်ပဲ။ အဲဒါကြောင့် အင်ပါယာချီနယ်မြေက ဘယ်သူမှ သူ့ကို မယှဉ်နိုင်တာ ပုံမှန်ပါပဲ” အနီးတွင် မတ်တတ်ရပ်နေသည့် ချီယိုက ပြောလိုက်သည်။ အင်ပါယာချီက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကိုယ့်ရဲ့ ချို့ယွင်းချက်ကို ကိုယ် သိမြင်ခြင်းက ကျင့်ကြံခြင်းလမ်းကြောင်းမှာ ပိုပြီး အစွမ်းထက်လာစေမယ့် ပထမဆုံး ခြေလှမ်းပဲ။ အခုချိန်ကစပြီး ရေတွင်းထဲမှာပဲ နေပြီး လောကကြီးကို သိလှပြီ တွေးထင်နေတဲ့ ဖားသူငယ်လို မဖြစ်စေနဲ့။ ပြီးတော့ မကြာခင်မှာ မင်းတို့ ချီယိုနဲ့အတူ ထွက်ခွာကြရမယ်”

“အမိန့်အတိုင်းပါ အရှင်မင်းကြီး” လူအားလုံးက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်ကြသည်။ သူတို့အားလုံးက အင်ပါယာချီ မည်သည်ကို ဆိုလိုသည်လဲ သိရှိလိုကြသည်။

မကြာခင်တွင် ကောင်းကင် အာဏာစက်ဘုံတွင် ပွဲတော်ကြီးတစ်ခု ကျင်းပလိမ့်မည် ဖြစ်သည်။ ယင်းပွဲတော်သည် ဤနယ်မြေအတွင်းရှိ မိုးကြိုးသိုင်းပညာ ကျင့်ကြံသည့် တန်ခိုးရှင်များအတွက် အရေးကြီးပြီး ရခဲလှသော အခွင့်အရေး ဖြစ်ပေလိမ့်မည်။

သူတို့က အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခြင်းမရှိလျှင်ပင် ထိုပွဲတော်သို့ သွားကြည့်သင့်ပေသည်။

“ရီဖူရှင်း လော့မြို့ ယွင်ကလန်က တန်ခိုးရှင်တွေကလည်း မိုးကြိုးစွမ်းရည် လေ့ကျင့်တယ်ဆိုတာ ကျုပ် သိတယ်။ ချန်းယွဲ့က မင်းရဲ့ တပည့်ဆိုမှတော့ မင်းလည်း မိုးကြိုးလမ်းစဉ်ကို ကျွမ်းကျင်မှာပဲ ဟုတ်တယ်မလား” အင်ပါယာချီက ရီဖူရှင်းကို မေးလိုက်သည်။

“ကျွန်တော့်ကိုယ် ကျွန်တော် ကျွမ်းကျင်တယ်လို့ မပြောရဲပါဘူး။ အခြေခံလောက်ပါပဲ” ရီဖူရှင်းက ကျိုးနွံစွာ ပြောလိုက်သည်။

“မင်းက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတာပဲ။ မင်း မိုးကြိုးစွမ်းရည်မှာလည်း ကျွမ်းကျင်မယ် ဆိုတာ ကျုပ် ပြောနိုင်ပါတယ်” အင်ပါယာချီက ပြန်ဖြေလိုက်သည်။ မကြာခင်မှာ ပညာ ဆက်ခံနိုင်ဖို့ အခွင့်အရေး ရှိလိမ့်မယ်။ ကျုပ်က အဲဒီလို လူအများကြီး လွှတ်မှာ။ မင်းရော သူတို့နဲ့အတူ သွားဖို့ ဆန္ဒရှိလား”

ထိုသည်က ရီဖူရှင်း မျှော်မှန်းထားသည်ထက် ပိုသွားပြီ ဖြစ်သည်။ အင်ပါယာချီသည် ရန်ဟောင်တစ်ပါး ဖြစ်သော်လည်း ထိုသည်ကို အလွန် အာရုံစိုက်နေပုံရသည်။

မဟုတ်လျှင် အင်ပါယာချီက ရီဖူရှင်းကို သူ့ဘက်သို့ သိမ်းသွင်းသည်မှာ ထိုကိစ္စကြောင့်များလား။

သူ့ကို ချီယိုနှင့်အတူ လိုက်ပါစေလို၍လား။

“ဘယ်ကိုသွားမှာလဲ သိခွင့်ရှိမလား” ရီဖူရှင်းက မေးလိုက်သည်။

“ကောင်းကင်အာဏာစက်ဘုံကို လာပြီးတော့ ဒီအကြောင်း ကြားဖူးမလားပဲ” အင်ပါယာချီက မေးလိုက်သည်။ “တစ်လောကလုံးမှာ ရှိတဲ့ မိုးကြိုးစွမ်းရည်ပညာရပ်အားလုံးက ကောင်းကင် နန်းတော်ကနေ ဆင်းသက်လာတယ် ဆိုတာမျိုးလေ”

“ကြားဖူးပါတယ်” ရီဖူရှင်းက ခေါင်းညိတ် လိုက်သည်။ သူက လော့မြို့ ယွင်ကလန်၌ ရှိစဉ်က ယွင်နီထံမှ ထိုအကြောင်းကို ကြားဖူးခဲ့သည်။

တစ်လောကလုံးရှိ မိုးကြိုးစွမ်းရည်ပညာရပ်များမှာ ကောင်းကင်နန်းတော်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

ကောင်းကင် နန်းတော်ဆိုသည်မှာ ကောင်းကင် အာဏာစက်ဘုံအတွင်း ထိပ်တန်းစွမ်းအားစု ဖြစ်သည့် ခရမ်းရင့်ကောင်းကင်နန်းတော်ကို ရည်ညွှန်းလေသည်။

ထိုကိစ္စက ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ဆက်စပ်နေသည်လား။

“အခု သွားရမယ့်နေရာက ခရမ်းရင့် ကောင်းကင်နန်းတော်ရဲ့ မိုးကြိုးရှစ်ခုလမ်းစဉ် အမွေအနှစ်တွေထဲက တစ်ခုဖြစ်ပြီးတော့ ခရမ်းရင့် ကောင်းကင်နန်းတော်ရဲ့ မြင့်မြတ်နယ်မြေ အဖြစ် အများက လက်ခံထားတဲ့ နေရာတစ်ခုပဲ” အင်ပါယာချီက ဖြည်းညင်းစွာ ပြောလိုက်သည်။ သူ့ကို ကြည့်ရသည်မှာ တည်ငြိမ်နေကာ အတိတ်ကို တွေးတောနေပုံပြီး ထို့နောက်တွင် ပြောလိုက်သည်။ “ခရမ်းရင့် ကောင်းကင်နန်းတော်က ကောင်းကင်ဘုံကနေ အမွေဆက်ခံခဲ့ရပြီး ခရမ်းရင့်ကောင်းကင် နတ်မိုးကြိုးပညာရပ် ကောင်းကင်လမ်းစဉ်ကို ပိုင်ဆိုင်တယ်။ ခရမ်းရင့်ကောင်းကင် နတ်မိုးကြိုးမှာ ခုနစ်ဆယ့်နှစ်လွှာ ရှိပြီးတော့ လောကထဲမှာ ပင်မဂိုဏ်းရှစ်ဂိုဏ်းနဲ့ ဂိုဏ်းခွဲပေါင်းများစွာ ရှိတယ်။ ဒီကျယ်ပြောတဲ့ နယ်မြေမှာ ခရမ်းရင့် ကောင်းကင်နန်းတော် ရှစ်ခုထဲက တစ်ခု တည်ရှိတယ်။ မင်းတို့ သွားရမယ့်နေရာက အဲဒီနဲ့ ဆက်စပ်နေတယ်။ သွားဖို့ကတော့ ဘယ်သူမှ ဖိအားမပေးပါဘူး။ ကိုယ့်သဘော ဆန္ဒအလျောက်ပဲ”

ရီဖူရှင်းက ခေါင်းညိတ် လိုက်သည်။ အင်ပါယာချီသည် အသေးစိတ်အချက်များ မပြောဘဲ ရိုးရှင်းစွာပင် မိတ်ဆက် ပြောသွားခဲ့သော်လည်း သူသာ သွားရန် ဆုံးဖြတ်လိုက်လျှင် ထို့ထက်ပို၍ သိခွင့်ရလာမည် ဖြစ်သည်။

ရီဖူရှင်းကလည်း သွားချင်သည်။ တစ်လောကလုံးရှိ မိုးကြိုးစွမ်းရည် ပညာရပ်အားလုံးမှာ ကောင်းကင်နန်းတော်မှ ဆင်းသက်လာသည်။ ထိုနေရာသည်  ခရမ်းရင့်ကောင်းကင် နန်းတော်၏ ဒဏ္ဍာရီ ရှစ်ခုထဲမှ တစ်ခု ဖြစ်သည်။

သူသည် ကောင်းကင်အာဏာစက်ဘုံသို့ ပို၍ မြင့်မားသော အဆင့်ကို တက်ရောက်နိုင်ရန်နှင့် အဖြေရှာရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။

သူက ခရမ်းရင့်ကောင်းကင်နန်းတော်ကို ချဉ်းကပ်နိုင်ရန် အခွင့်အရေးရှိလျှင် ထိုသည်က အလွန်ကောင်းသည့် ရွေးချယ်မှု ဖြစ်လာပေလိမ့်မည်။

“ကျွန်တော်တို့က မိုးကြိုးလမ်းစဉ်ကို မကျင့်ကြံကြဘူး။ ဒီတိုင်း လျှောက်ကြည့်ရုံမို့လို့ အဲဒီကို မလိုက်တော့ဘူး” ချီရှန်းက ပြောလိုက်သည်။ သူသာလျှင် မဟုတ်ဘဲ များလှစွာသော လူများကလည်း မိုးကြိုးလမ်းစဉ် မကျင့်ကြံကြပေ။

သူက အဆင်ပြေသည့် နေရာသို့ သီးခြား ခွဲထွက် ကျင့်ကြံကြမည်ဟု ရီဖူရှင်းနှင့် သဘောတူညီမှု ယူထားခဲ့ပြီး ဖြစ်သည်။

“ဒါဆို ကောင်းပြီလေ” အင်ပါယာချီက ခေါင်းညိတ် လိုက်သည်။

ရုတ်တရက် အင်ပါယာချီက သူ၏ မျက်ခုံးများကို ပင့်မလိုက်သည်။

သူက သူ့ခေါင်းကို မော့ကာ အဝေးသို့ ကြည့်လိုက်ပြီး တစ်ခုခုကို စူးစမ်းနေသည်။ သူ၏ ပြင်းထန်လှသော စိတ်ဝိညာဉ် စွမ်းအားက မုန်တိုင်းကဲ့သို့ ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို အကန့်အသတ်မဲ့ လွှမ်းခြုံသွားသည်။

မကြာခင်တွင် သူက ထိုနေရာသို့ မြင်တွေ့လိုက်သည်။

တော်ဝင်မြို့၏ အစွန်အဖျားတွင် လူတစ်စုသည် အဖြူရောင်ဝတ် လူငယ်လေးကို ဝန်းရံ ထားကြသည်။

အဖွဲ့ခေါင်းဆောင်တွင် ပုံမှန်မဟုတ်သော အရှိန်အဝါရှိသည်။ သူသည် လောကကြီးနှ သီးခြား ခွဲထွက်နေပုံ ရလေသည်။ သူက အဖြူရောင်ဝတ်စုံနှင့် လူငယ်ကို ခံစားချက်မဲ့စွာ စိုက်ကြည့်နေသည်။

ထိုအဖြူရောင်နှင့် လူငယ်မှာ ဂူတုံးလျှို ဖြစ်သည်။

သူက ထွက်ပြေးလာခဲ့ပြီး ဤ မြို့ထဲတွင် ဖြစ်ပျက်ခဲ့သော အကြောင်းများကို ကြားသိခဲ့ပြီးနောက် ရောက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူသည် မြို့ထဲသို့ ဝင်ရောက်စဉ်တွင် တားဆီးခံခဲ့ရသည်။

အဖွဲ့ထဲမှ လူငယ် ခေါင်းဆောင်သည် သူ့လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။ ထိုလူများသည် ချက်ချင်းပင် ဂူတုံးလျှိုကို ဝန်းရံလိုက်ကြသည်။

“သူ့ကို မသေစေနဲ့” လူငယ်ခေါင်းဆောင်က သနားညှာတာမှု ကင်းမဲ့စွာ အမိန့်ပေးလိုက်သည်။ ပြင်းထန်သည့် အသက်စွမ်းအားက သူ့ခန္ဓာကိုယ်မှ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။

ဂူတုံးလျှို၏ ခန္ဓာကိုယ်မှလည်း ပြင်းထန်သည့် အသက်စွမ်းအားများ ပေါက်ကွဲ ထွက်လာသည်။

ဝိညာဉ်စွမ်းအား၏ သင်္ကေတကိုးခုက ပေါ်ပေါက်လာပြီး သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေသည်။

နတ်ဘုရားပုံရိပ်တစ်ခု ပေါ်ပေါက်လာပြီး ပမာဏများပြားလှသော စွမ်းအားများ တစ်ရှိန်ထိုး ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းကို ကြည့်၍ လူငယ်ခေါင်းဆောင်၏ မျက်နှာက ပိုမို လေးနက်လာပြီး အော်ဟစ်လိုက်သည်။ “အခုချက်ချင်း တိုက်တော့”

သို့သော် ထိုအခိုက်တွင် မွန်းကျပ်ဖွယ် ဖိအားက ကောင်းကင်မှ ဆင်းသက်လာပြီး နေရာတစ်ခုလုံးကို အကန့်အသတ်မဲ့ လွှမ်းခြုံသွားသည်။ ထိုသည်က ရန်ဟောင် တစ်ပါး၏ စွမ်းအားပင် ဖြစ်သည်။

ကောင်းကင်ထက်တွင် မျက်နှာကြီးတစ်ခု ပေါ်ပေါက်လာသည်။ ယင်းသည် စိတ်စွမ်းအားမှ ဖြစ်တည် လာခြင်း ဖြစ်သည်။ ထိုသူကား အင်ပါယာချီ၏ မျက်နှာ ဖြစ်ပေသည်။

သူသည် ဂူတုံးလျှိုကို ရစ်ပတ်နေသည့် ရှေးဟောင်း သင်္ကေတများနှင့် နတ်ဘုရားပုံရိပ်ကို မြင်သည့်အခါ ခေတ္တမျှ ရပ်တန့် သွားပြီးနောက် ခဏအကြာတွင် လူစုကို မေးလိုက်သည်။ “ကျုပ်ရဲ့ နယ်မြေ နန်းတော်ထဲကို မင်းတို့ ကျူးကျော်ခွင့် မရှိဘူးဆိုတာ မသိဘူးလား”

ဦးဆောင်လာသည့် လူငယ်က အင်ပါယာချီကို ဦးညွှတ်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီးကို အနှောင့်အယှက် ပေးမိတာ တောင်းပန်ပါတယ်။ ဒီလူ့ကို ခေါ်ပြီးတာနဲ့ ကျွန်တော်တို့ ချက်ချင်း ထွက်သွားမှာပါ”

ထို့နောက် သူက တံဆိပ်ပြားတစ်ခု ထုတ်ယူကာ ပြလိုက်သည်။ ထိုနေရာတွင် ‘ဝူထူ’ ဟူသော စာလုံးနှစ်လုံးသာ ရှိနေသည်။

“ဝူထူရဲ့ တံဆိပ်ပြားလား” ကောင်းကင်ထက်မှ အင်ပါယာချီက ထိုမြင်ကွင်းကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ဂူတုံးလျှိုသည် သူ့ခေါင်းကို မော့ကာ အင်ပါယာချီကို ကြည့်လိုက်သည်။ သူက ဤနေရာမှာ ရှိနေသည့် အကြောင်းကို အင်ပါယာချီက သိရှိပေလိမ့်မည်။ ရီဖူရှင်းက ဤနေရာတွင် ရှိနေပြီး ဘုံတစ်ခုလုံးကို မွှေနှောက်ကာ သူ့ကို ရှာဖွေနေခဲ့သည်။ အင်ပါယာချီက ထိုအကြောင်းကို ခန့်မှန်းမိခဲ့ပြီး ဖြစ်မည်။

သို့သော် ထိုအခိုက်တွင် အင်ပါယာချီက မည်သည်ကိုမှ မပြောခဲ့ပေ။ သူက ဂူတုံးလျှို၏ အရှိန်အဝါထဲမှ တစ်ခုခုကို မြင်တွေ့နေသကဲ့သို့ စိုက်၍သာ ကြည့်နေပေသည်။

သူတို့က သူ့ကို ဖမ်းဆီးချင်သည့် အကြောင်းရင်းမှာ ဖြစ်နိုင်သည်က…..

မဟုတ်ဘူး… အဲဒီလိုမဖြစ်နိုင်ဘူး။

ကောင်းကင်ဘုံ နတ်တံခါးက ပျောက်ကွယ် သွားခဲ့ပြီပဲ။

“အနှောင့်အယှက် ပေးရတာကို တောင်းပန်ပါတယ် အရှင်မင်းကြီး” လူငယ်က အနည်းငယ် အရိုအသေ ပြုလိုက်ပြီး ဂူတုံးလျှိုဆီသို့ လျှောက်လာသည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အသက်စွမ်းအားမှာ အလွန် ပြင်းထန်၍ များပြားလှသည်။

ဂူတုံးလျှိုသည် ဒဏ်ရာအများအပြား ရရှိထားခဲ့သည်။ သူထံသို့ လာနေသည့် တန်ခိုးရှင်များကို ကြည့်ရင်း သူသည် အင်ပါယာချီ၏ သဘောထားကို သိလိုက်သည်။

ဂူတုံးလျှိုသည် ချက်ချင်းပင် နားလည် သွားရသည်က သူ့ကို ဖမ်းဆီးရန် ရောက်လာသည့် လူများမှာ ရန်ဟောင် တစ်ပါးဖြစ်သည့် အင်ပါယာချီထက်ပင် မြင့်မားသော အနေအထား ရှိသည်ကိုပင် ဖြစ်သည်။

မဟုတ်လျှင် သူတို့သည် တော်ဝင်နန်းတော် အတွင်းသို့ ကျူးကျော်ရဲမည် မဟုတ်ပေ။

“ကျုပ်ဘာသာကျုပ် သွားမယ်” ဂူတုံးလျှိုက ပြောလိုက်သည်။ သူက ဆက်၍ ခေါင်းမာနေရန် မလိုအပ်တော့ပေ။ သူက သူတို့နှင့်အတူ ရှေ့သို့ လျှောက်လိုက်ပြီး ခုခံရန် လက်လျှော့လိုက်သည်။

သူသည် ရီဖူရှင်းတို့အကြောင်း သတင်းကြားပြီးနောက် တော်ဝင်နန်းတော်သို့ ရောက်ရှိလာရန် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည်။ သူ၏ ညီငယ်လေး ရီဖူရှင်းက ဤနယ်မြေမှ ရန်ဟောင် တစ်ပါး၏ အာရုံစိုက်မှုကို ရရှိထား၍ သူက ဤနေရာတွင် လုံခြုံလိမ့်မည်ဟု တွေးထင်ခဲ့သည်။

သို့သော်လည်း သူသည် ဤလူများ၏ သရုပ်မှန်ကို လျှော့တွက်မိခဲ့သည်။ ရန်ဟောင် တစ်ပါးပင်လျှင် သူတို့ကို တားဆီးရန် မဝံ့ရဲချေ။

ဆိုလိုသည်က သူက ရီဖူရှင်းနှင့် အခြားလူများကို ရှာတွေ့လျှင်ပင် အသုံးမဝင်ဘဲ သူတို့ကို ဆွဲထည့် မိသလို ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် သူက ထိုလူများနှင့်အတူ လိုက်ပါသွားတော့မည် ဖြစ်၏။

သို့ပေမဲ့ သူက ဤအကြောင်းကိစ္စ တစ်ရပ်လုံးက်ု နားလည်နိုင်ရန် အလွန်ကွာဝေး နေပေသေးသည်။

ထိုလူများက သူ့ကို မည်သည့်အတွက် ဖမ်းဆီးချင်ရသနည်း။

“အနှောင့်အယှက် ပေးမိတဲ့အတွက် နောက်တစ်ခါ ထပ်ပြီး တောင်းပန်ပါတယ် အရှင်မင်းကြီး” ဂူတုံးလျှိုက သူတို့နှင့်အတူ လိုက်မည်ကို သတိပြုမိသည့် အခါ လူငယ်က အင်ပါယာချီကို တစ်ဖန် ဦးညွတ်ကာ ပြောလိုက်သည်။ “အခွင့်အရေး ရှိရင် နောက်ထပ် လာရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ အရှင်မင်းကြီးရဲ့ လူတွေလည်း အခု ထွက်ခွာဖို့ လုပ်နိုင်ပါပြီ”

ထိုစကားတို့ကို ပြောပြီးနောက် သူတို့သည် ပြန်လှည့်ကာ တော်ဝင်နန်းတော်မှ ထွက်ခွာ သွားခဲ့ကြသည်။

အင်ပါယာချီ၏ မျက်နှာသည်လည်း ကောင်းကင်မှ တဖြည်းဖြည်း ကွယ်ပျောက် သွားခဲ့သည်။

စားသောက်ပွဲတွင် အင်ပါယာချီ၏ စိတ်က ပြန်လည်ရောက်ရှိလာပြီး လူအများက သူ့ကို ကြည့်နေကြသည်။

သူတို့အားလုံးက အင်ပါယာချီ စိတ်လွှင့်လိုက်သည်ကို သတိပြုမိကြပြီး မည်သည်တို့ ဖြစ်ပျက် သွားသည်ကိုတော့ မည်သူမီ မသိကြပေ။

စိတ်ဝိညာဉ်၏ အလင်းတန်းက ထိုးထွက်လာပြီး ချက်ချင်းပင် ကောင်းကင်၌ ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ ရီဖူရှင်းသည် ချက်ချင်းထရပ်လိုက်ပြီး အော်ဟစ်လိုက်၏။

“အစ်ကိုသုံး”

အင်ပါယာချီက ရီဖူရှင်းဆီသို့ ကြည့်လိုက်သည်။ သူက ထိုသူကို အစ်ကိုသုံးဟု ခေါ်လိုက်သည်လား။

ဓားသခင်သည်လည်း ထရပ်လိုက်သည်။ သူက အတော်လေး စိုးရိမ်နေပုံရလေသည်။

“အရှင်မင်းကြီး၊ အဲဒီလူက ကျွန်တော့်ရဲ့ အစ်ကိုပါ။ ကျေးဇူးပြု ပြီး ထောက်ထား ညှာတာစွာနဲ့ သူတို့ကို ရပ်တန့်ပေးပါ” ရီဖူရှင်းက တောင်းပန်လိုက်သည်။ သူက ဂူတုံးလျှို မည်သူ့ကို ဆန့်ကျင်မိခဲ့လဲ မသိပေမယ့် အင်ပါယာချီသာလျှင် သူ့ကို ကယ်တင်နိုင်ပေလိမ့်မည်။

အင်ပါယာချီက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “သူ့လက်ထဲမှာ ကိုင်ထားတဲ့ တံဆိပ်ပြားကို ဝူထူတံဆိပ်ပြားလို့ ခေါ်တယ်။ သူတို့က ကျုပ် အခုလေးတင် ပြောခဲ့တဲ့ ခရမ်းရင့် ကောင်းကင်နန်းတော်ရဲ့ ဒဏ္ဍာရီရှစ်ခုထဲက တစ်ခုကနေ လာခဲ့တာ။ သူတို့ရဲ့ တကယ့် စွမ်းအားက အရမ်း အားကောင်းတယ်”

ရီဖူရှင်း လုံးဝကို သွေးဆုတ်ဖြူရော် သွားခဲ့သည်။ အင်ပါယာချီပင်လျှင် သူတို့ကို မတားဆီး ရဲသည်လား။

ခရမ်းရင့်ကောင်းကင်၏ ဒဏ္ဍာရီရှစ်ခု။ အစ်ကိုသုံးက သူတို့ကို ဘယ်လိုများ ဆန့်ကျင် မိခဲ့ရတာလဲ။

“ဆရာ၊ ကျွန်တော်တို့ သူတို့နောက် လိုက်ကြရအောင်” ရီဖူရှင်းက ချင်ရွှမ်ကန်းကို ပြောလိုက်သည်။

“အသုံးမဝင်ဘူး။ သူတို့က လေဟာနယ်ကို ဖြတ်သွားဖို့ နတ်လက်နက် တစ်ခုခုကို သုံးလိမ့်မယ်” အင်ပါယာချီက ပြောလိုက်သည်။ ဤဂူတုံးလျှိုသည် နန်းတော်၏ တိုက်ရိုက် မျိုးဆက်များကပင် လိုက်ဖမ်းရသည့် အတွက် သူက ရိုးရှင်းသည့်လူ မဟုတ်လောက်ပေ။ ထိုကဲ့သို့ နတ်လက်နက်မျိုးနှင့် ချက်ချင်း ခေါ်ဆောင်သွားနိုင်ခြင်းမှာ အံ့သြစရာမဟုတ်ပေ။

ထိုနေရာသို့ တခြားနည်းဖြင့်သွားရန် နည်းလမ်းမရှိချေ။

“မင်း အစ်ကို တကယ်ပဲ သွေးနဂါးဘုံက ဟုတ်ရဲ့လား” အင်ပါယာချီက ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။

ရီဖူရှင်းက ခေါင်းမော့ ကြည့်လိုက်ပြီး အနည်းငယ် တွေဝေ သွားပုံရ၏။

“မင်းအစ်ကိုက ကောင်းကင် နတ်တံခါးဂိုဏ်း နဲ့များ ပတ်သက်မှုရှိနေလား” အင်ပါယာချီက မေးလိုက်သည်။

“ကောင်းကင် နတ်တံခါးဂိုဏ်းလား” ရီဖူရှင်းက ရေရွတ်လိုက်သည်။ ယင်းက ကောင်းကင် အာဏာစက်ဘုံမှ ထိပ်တန်း အင်အားစုတစ်ခု ဖြစ်သည်။ တတိယ အစ်ကိုသည် အောက်ဘုံမှ လာခြင်းဖြစ်ကာ သူက သူတို့နှင့် မည်သို့ ပတ်သက်နိုင်မည်နည်း။

“မဟုတ်ဘူး။ ကျွန်တော်တို့က သွေးနဂါးဒေသ အင်ပါယာရှားဘုံရဲ့ နေရာသေးသေးလေးက လာတာပါ။ အဲဒါကြောင့် ကျွန်တော့်အစ်ကိုက သူတို့နဲ့ ပတ်သက်မှု ရှိမှာ မဟုတ်ဘူး” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“မင်း အစ်ကိုရဲ့ မျိုးနွယ်နာမည်က ဘာလဲ” အင်ပါယာချီက ရီဖူရှင်းကို ကြည့်ကာ ဆက်မေး လိုက်သည်။

“သူ့ မျိုးနွယ်က ဂူ ပါ” ရီဖူရှင်း က ပြောဖြေလိုက်သည်။ သူက အလွန်ပင် စိုးရိမ် ပူပန်နေသော်လည်း အင်ပါယာချီက တစ်ခုခု သိထားနိုင်တာကြောင့် သူက အရိုးသားဆုံး ပြန်ဖြေ ပေးနေလေသည်။

“ဂူ….” ပြင်းထန်သည့် ထက်ရှသော စွမ်းအား အလင်းတန်းက အင်ပါယာချီ၏ မျက်လုံးထဲမှ ထွက်ပေါ် လာသည်။ သူ့ ခန္ဓာကိုယ်အနီးမှ အသက်စွမ်းအား များသည် စတင်၍ မငြိမ်မသက် ဖြစ်လာသည်။

ကောင်းကင် နတ်တံခါး ဂိုဏ်းကို ထိန်းချုပ်သည့် အမြင့်ဆုံး ရှေးဟောင်း ကလန်ကြီး လေးခုသည် ကောင်းကင် အာဏာစက်ဘုံတွင် အထွတ်အထိပ်တွင် ရပ်တည်နေ၏။

ကောင်းကင်နတ်တံခါးဂိုဏ်း၏ ဂူကလန်သည် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။

ထိုစဉ်က မိုက်ရူးရဲပုဂ္ဂိုလ်မှာ ကလန်၏ နောက်ဆုံးမျိုးဆက် ဖြစ်ခဲ့သင့်သည်။

ယခုတွင် ကောင်းကင် အာဏာစက်ဘုံတွင် မျိုးရိုးအမည် ‘ဂူ’ ဟူသော လူတစ်ယောက် ထွက်ပေါ် လာခဲ့သည်။ သူသာ အမှန်တကယ် ဂူကလန်မှ ဖြစ်လျှင် သူသည် ကောင်းကင် အာဏာစက်ဘုံ တစ်ခုလုံးကို မုန်တိုင်းထန် စေလိမ့်မည်။

“အရှင်မင်းကြီး” ရီဖူရှင်းက အင်ပါယာချီကို ကြည့်ကာ ပြောလိုက်သည်။ “ဘာဖြစ်လို့လဲ”

အင်ပါယာချီက သူ့ကို စိုက်ကြည့်သော်လည်း မည်သို့မှ မတုံ့ပြန်ပေ။ ထို့နောက်တွင် သူက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။ “မင်း အစ်ကိုရဲ့ သက်စောင့်ဝိညာဉ်နဲ့ စွမ်းရည်က အတိတ်တုန်းက ကောင်းကင် နတ်တံခါးဂိုဏ်းရဲ့ လူတွေ အသုံးပြုတာနဲ့ တူတယ်။ ဒါပေမဲ့ ကောင်းကင် နတ်တံခါးဂိုဏ်းရဲ့ ဂူကလန်က အခု ပျောက်ကွယ်သွားခဲ့ပြီ”

ရီဖူရှင်းသည် အင်ပါယာချီ သူ့ကို ပြောလိုက်သည့် စကားကြောင့် ထိတ်လန့် တုန်လှုပ် သွားသည်။

ဂူကလန်က ပျောက်ကွယ် သွားခဲ့ပြီ။

သို့ပေမဲ့ အစ်ကိုသုံး၏ ကျင့်စဉ်သည် ကောင်းကင်နတ်တံခါး ဂိုဏ်းမှ ဂူကလန်နှင့် အလွန် တူညီနေသည်။

ထိုသည်က တိုက်ဆိုင်ခြင်းပေလော။

ဆရာက အစ်ကိုသုံးကို ပြန်ပေးဆွဲလာခဲ့တာ မဟုတ်ဘူးလား။ ပြီးတော့ ဆရာက အစ်ကိုသုံးမှာ ဘာထူးခြားတာမှ မရှိဘူးလို့ မပြောခဲ့ဘူးလား။

မဟုတ်လျှင် ဂူတုံးလျှိုသည် အောက်ဘုံသို့ ငယ်စဉ်ကလေးဘဝကပင် ပို့ဆောင်ခြင်းကို ခံခဲ့ရသည်လား။

***


Comment

Leave a Reply


Options

not work with dark mode
Reset