အပိုင်း(၁၃၄၅)

ကောင်းကင်နတ်တံခါးဂိုဏ်း

အင်ပါယာ ချီနယ်မြေအတွင်း တောင်များသည် ကျိုးတိုးကျဲတဲ တည်ရှိနေသည်။ တန်ခိုးရှင် များသည် ဤနေရာသို့ လာရောက်ခဲ့ကြပြီး တိတ်ဆိတ် ငြိမ်သက်စွာ ကျင့်ကြံချင်ကြသူများသာ တောင်များတွင် ကျင့်ကြံ ကြလိမ့်မည်။

ထိုအချိန်တွင် လူအများသည် တောင်တစ်တောင်၏ ထိပ်ဖျားမှ ဆင်းလာကြသည်။ သူတို့၏ အဝတ်အစားများက လေထဲတွင် ဝဲလွင့်နေကြသည်။ နတ်အလင်းများက သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေကာ အလွန်ပင် ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။

သူတို့သည် အနီးဝန်းကျင်သို့ ဝေ့ဝဲကြည့်ရှုနေပြီး သူတို့ထံမှ ပြင်းထန်လှသည့် စိတ်စွမ်းအားများ ထွက်ပေါ်နေကာ အဆုံးမဲ့ လေဟာနယ်ကို လွှမ်းခြုံထားသည်။ သူတို့သည် တစ်စုံတစ်ရာကို ရှာဖွေနေပုံ ရသည်။

“သူ ဒဏ်ရာရထားတယ်။ ဝေးဝေး မပြေးနိုင်ဘူး။ သူအခုထိ တောင်တန်းပေါ်မှာပဲ ရှိလိမ့်ဦးမယ်။ လူခွဲပြီး ရှာကြ” ထိုလူစု၏ ခေါင်းဆောင်က ပြောလိုက်သည်။ လူများသည် ခေါင်းညိတ်ကာ မကြာခင်မှာပင် မတူညီသည့် နေရာများသို့ လျင်မြန်စွာ ထွက်ခွာ သွားကြပေသည်။ သူတို့သည် ပေါ်ပေါ်ထင်ထင်ပင် အသက်စွမ်းအားများကို ထုတ်လွှတ် ထားတာကြောင့် သူတို့က အဝေးသို့ ရောက်သွားလျှင်ပင် အခြားလူများ၏ အသက်စွမ်းအားကို ထောက်လှမ်း နိုင်စွမ်းရှိ၍ အချင်းချင်း ချက်ချင်း ကူညီထောက်ပံ့ ပေးနိုင်သည်။

ခေါင်းဆောင်ကို ကြည့်ရသည်မှာ အလွန် ငယ်ရွယ်ပုံပေါ်သည်။ သူသည် အေးစက်ပြီး ခြိမ်းခြောက် နိုင်သော အသက်စွမ်းအားများ ထုတ်လွှတ် ထားသည်။

များလှစွာသော တန်ခိုးရှင်များသည် တောင်တန်းများတွင် ရှာဖွေနေပြီး သူတို့ထဲမှ တစ်ယောက်မှာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အသက်ကြီးကြီး တန်ခိုးရှင် ဖြစ်သည်။ သူ့ ခန္ဓာသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ လေထဲ ရောက်ရှိသွားသည်။ သူက တောင်ကြားကို ရောက်လာသည့် အခါ သူသည် အသက်စွမ်းအား မျှင်မျှင်လေးကို ထောက်လှမ်းမိခဲ့သည်။ သူသည် ချက်ချင်းပင် သတိအနေအထား ဖြစ်သွားပြီး ထိုနေရာသို့ တစ်ဟုန်ထိုး ပြေးဝင် သွားတော့သည်။

နက်ရှိုင်းသည့် တောင်ကြားတွင် မြစ်တစ်စင်းရှိသည်။ ဝတ်စုံနက်နှင့် တန်ခိုးရှင်အိုကြီးက မြစ်အထက် ကမ်းပါးပေါ်သို့ ရောက်ရှိလာသည်။ သူသည် သူ့ခန္ဓာကိုယ်မှ အသက်စွမ်းအားကို ထိန်းချုပ်ကာ ငုံ့ကြည့်လိုက်ပြီးနောက် သူ့ကို ကျောပေးထိုင်နေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်သည်။ အသက်စွမ်းအားများက သူ့ခန္ဓာအနီးတွင် ပျံ့လွင့်နေသည်။ ကြည့်ရသည်မှာ သူ့ကိုယ်သူ ကုသနေခြင်း ဖြစ်မည်။

သူ၏ အဝတ်အစားများက သွေးကွက်များဖြင့် စွန်းထင်း နေဆဲပင် ဖြစ်သည်။

လူအိုကြီးသည် သူ့ ခြေလှမ်းများကို ဆက်လှမ်း လိုက်သည်။ သူ့ အကြည့်များက အေးစက်နေပြီး သူ့ ရှေ့မှ ပုံရိပ်ပေါ်တွင် စူးစိုက်နေ၏။  ထိုအဖြူရောင်နှင့် လူငယ်သည်လည်း သူ့ကို သတိပြုမိ သွားပုံ ပေါ်သည်။ သူက ဖြေးဖြေးချင်း လှည့်လာကာ အေးစက်စွာ စိုက်ကြည့်လာ၏။

ဘုန်း…

လူအိုကြီး၏ အသက်စွမ်းအားက အပြည့်အဝ ပေါက်ကွဲထွက်လာကာ တစ်ရှိန်ထိုး မြင့်တက် လာသည်။  သူသည် လက်တစ်ဖက်ကို မြှောက်ကာ ရှေ့သို့ ပစ်လွှတ်လိုက်သည်။ ယင်းသည် ရွှေရောင် ဘီးကဲ့သို့ ပြောင်းလဲသွားကာ လေဟာနယ်ကို ဖြတ်ခွဲသွားသည်။

အဖြူရောင်ဝတ်စုံနှင့် လူသည် သူ့လက်ကို မြှောက်လိုက်ပြီး ရှေ့သို့ ပစ်လွှတ် လိုက်သည်။ ရုတ်တရက် လက်ဝါးရိပ်ကိုးခုက ကောင်းကင်မှာ ဖြစ်ပေါ်လာပြီး တစ်ခုတည်း အဖြစ်သို့ ပြောင်းလဲ သွားသည်။ မဟာလမ်းစဉ်၏ စွမ်းအားများ ထွက်ပေါ်လာပြီး ကောင်းကင် လေဟာနယ်ကို တုန်ခါ သွားစေသည်။ သူ၏ လက်ဝါးရိပ်က ရွှေရောင်ဘီးရိပ်နှင့် တိုက်မိသွားခဲ့ပြီး ပေါက်ကွဲသံ ထွက်ပေါ်လာသည်။

“ဘာလို့ အခု အညံ့မခံတာလဲ” လူအိုကြီးက အော်လိုက်သည်။ သူ၏ လက်ဝါးရိပ်က ရှေ့သို့ တိုးထွက်သွားကာ လူငယ်၏ လက်ဝါးရိပ်ကို ဖျက်ဆီးလိုက်သည်။ လူငယ်သည် ခပ်တိုးတိုး ညည်းညူ လိုက်သော်လည်း သူ၏ လက်ဝါးချက် များကတော့ ခိုင်မာနေဆဲ ဖြစ်သည်။ အေးစက်သော သတ်ဖြတ်ခြင်း အတွေးများက သူ့မျက်လုံးများထဲတွင် ဖြတ်သန်း ပေါ်ပေါက် လာသည်။

ရုတ်တရက် တန်ခိုးရှင်အိုကြီးသည် တစ်ခုခုကို ထောက်လှမ်းမိသွားပုံရကာ သူ၏ မျက်နှာက ဖြူရော်သွားသည်။ သူ၏ သိစိတ်အရ နောက်သို့ လှည့်ကြည့်လိုက်ပြီး လက်ဝါးချက်ကို ပြန်လည် ဆုတ်ခွာရန် ကြိုးစားလိုက်သောအခါ သူတွေ့ရှိ လိုက်ရသည်က ထိုလူ၏ လက်ဝါးက သူ့လက်ဝါးထံသို့ တည့်မတ်စွာ ရိုက်ချလာသည်ကို ဖြစ်သည်။ သူသည် ဘယ်ဘက်လက်ကို အလျင်အမြန် ဆန့်ထုတ် လိုက်သော်လည်း ထိုအချိန်၌ အဖြူရောင်အရိပ်သည် သူ၏ အရှေ့မှ ဖျတ်ခနဲ ပျောက်ကွယ် သွားလေသည်။

ချလပ်…

ရှင်းလင်းသည့် ထိုးဖောက်သံကို ကြားလိုက်ရပြီးနောက် တန်ခိုးရှင်အိုကြီး၏ လည်ပင်းမှ သွေးမှာ စီးကျ လာတော့သည်။ သူ၏ ခေါင်းက ပြတ်ကျသွားပြီး အဖြူရောင် အရိပ်သည် အဖြူရောင် လူငယ်ထံသို့ ပေါင်းစပ်သွားကာ တစ်သားတည်း ဖြစ်သွားလေသည်။

သူက ချောင်းဆိုးလိုက်သည်။ သူ၏ ပါးစပ်မှ သွေးစများ စီးကျလာသည်။ သူသည် အဝေးသို့ ခံစားချက် ကင်းမဲ့နေသော အကြည့်များဖြင့် ကြည့်လိုက်ပြီး လျှပ်တပြက်အတွင်း အဝေးသို့ လှည့်ထွက် သွားတော့သည်။ သူ၏ အသက်စွမ်းအားကို ဖုံးကွယ်လိုက်ပြီး  သူ၏ အရှိန်က အလွန်ပင် လျင်မြန်လာသည်။

ယခုထိတိုင် သူသည် ကောင်းကင် အာဏာစက်ဘုံတွင် သူနှင့် တွေ့ခဲ့သည့် လူများက သူ့အား ဖမ်းဆီးရန် ရုတ်တရက် လူများ ဘာကြောင့် စေလွှတ်သည်ကို မသိရှိသေးပေ။

သူသည် ဤနေရာသို့ ရောက်ကတည်းက သူတို့ကို မဆန့်ကျင်ခဲ့ထူးသေးသလို သူ့တွင်လည်း ရန်သူမရှိပေ။

ကမ္ဘာကြီးက မည်ကဲ့သို့ ဖြစ်နေသနည်း။

သူက အဖြေကို မသိရှိလျှင်ပင် ထွက်ပြေးရုံမှလွဲ၍ အခြား လုပ်နိုင်တာ မရှိပေ။ အရင်ဆုံး တောင်တန်းတွေ ကြားတွင် ပုန်းကွယ် နေခဲ့ပြီးနောက် သူ့ကိုယ်သူ ရုပ်ဖျက်ကာ လူအုပ်ထဲတွင် ပုန်းကွယ် နေခဲ့ပါက သူတို့ သူ့ကို ရှာဖွေ တွေ့လိမ့်ကြတော့မည် မဟုတ်ပေ။

သူထွက်ပြေးသွားပြီး မကြာခင်မှာပင် တန်ခိုးရှင်တစ်စုသည် ထိုနေရာသို့ ရောက်ရှိလာ၏။ ခေါင်းဆောင်လည်း ရောက်ရှိလာသည်။ သူသည် တန်ခိုးအိုကြီး၏ ခေါင်းတခြား ကိုယ်တခြား ဖြစ်နေသော အလောင်းကို မြေပေါ်တွင် တွေ့လိုက်ရသည်။ သူက ခေါင်းဖြတ် ခံလိုက်ရခြင်း ဖြစ်ပေသည်။

ခေါင်းဆောင်၏ မျက်နှာက အတော်လေး သွေးဆုတ် ဖြူရော် သွားခဲ့သည်။ သူတို့သည် ရှန့်ထိုအဆင့် တန်ခိုးရှင်များ အနည်းငယ် ဆုံးရှုံးခဲ့ရပြီး ဖြစ်သော်လည်း ထိုသူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

“သွား” သူက အမိန့်ပေးလိုက်ပြီး လေထဲသို့ လျှပ်တစ်ပြက် ရောက်ရှိသွားကာ ကောင်းကင်နှင့် မြေကြီး အကြားမှ ထိုလူ၏ အသက်စွမ်းအား အငွေ့အသက် အကြွင်းအကျန်များ နောက်မှ လိုက်သွား တော့သည်။

***

ပို၍ အတိအကျဆိုရလျှင် အင်ပါယာချီနယ်မြေ၏ တော်ဝင်နန်းတော်ကို မြို့အတွင်းမှ မြို့တစ်မြို့ဟု ခေါ်သင့်ပေသည်။

တော်ဝင်နန်းတော်သည် ဧက ရာပေါင်းများစွာ ပါဝင်သော အလွန်ကျယ်ပြန့်သည့် နေရာတစ်ခု ဖြစ်သည်။ ထိုနေရာတွင် မရေတွကနိုင်သည့် မြင့်မားသည့် နန်းတော်များ ရှိပြီး ကျင့်ကြံခြင်း အရင်းအမြစ်များ အလျှံပယ် ရှိပေသည်။

ထို့အပြင် တော်ဝင်နန်းတော်တွင် ကြီးမားသည့် ဝင်္ကပါကြီးတစ်ခုဖြင့် လွှမ်းခြုံထားကာ ထူထဲ များပြားသည့် ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက် နေသည်။ မဟာလမ်းစဉ်၏ စွမ်းအားများပင်လျှင် နေရာအနှံ့ ရှိနေပြီး နေရာတစ်ခုလုံးကို စိမ့်ဝင် ပျံ့နှံ့နေပေသည်။

ယင်းသည် ကျင့်ကြံရေး အတွက် ပြီးပြည့်စုံသည့် နယ်မြေဖြစ်ပြီး ဒဏ္ဍာရီဟုပင် ဆိုရလောက်သည့် ကမ္ဘာမြေပေါ်မှ သုခဘုံ ဖြစ်လေသည်။

သို့သော်လည်း ထိုသည်က ရီဖူရှင်း မျှော်လင့်ထားသည့်အတိုင်းသာ ဖြစ်သည်။ ရန်ဟောင်၏ နေထိုင်ရာ နေရာသည် ဤကဲ့သို့သာ ဖြစ်ရပေမည်။ သူက ဒေသနန်းတော်၌ပင် ကျင့်ကြံခဲ့ဖူးပေသည်။

ဒေသနန်းတော်တွင် မီးလျှံစွမ်းအားများက နေရာအနှံ့ ရှိနေပြီး လေထုအတွင်း အလွန်ပင် ထူထဲလှသည်။

ထိုသည်ကလည်း အင်ပါယာ ချီနယ်မြေမှ တန်ခိုးရှင်များအားလုံး နန်းတော်စစ်ဆေးပွဲကို တက်ရောက်၍ အင်ပါယာချီလက်အောက်တွင် ကျင့်ကြံချင်ရသည့် အကြောင်းရင်း တစ်ခု ဖြစ်သည်။

သူတို့သည် အင်ပါယာချီ၏ သင်ကြားပေးမှုကို လိုချင်ရုံမျှမက ဤနယ်မြေတွင် ကျင့်ကြံ လိုကြခြင်း ဖြစ်သည်။ ထိုသည်က သူတို့တွင်သာ လုံလောက်သော ပါရမီရှိပြီး စွမ်းဆောင်ရည် ကောင်းကောင်း ပြနိုင်ခဲ့လျှင် ကြီးမားသော အခွင့်အရေး ရရှိလာပေလိမ့်မည်။

များပြားလှသော ကျော်ကြားသူများမှာ တော်ဝင်နန်းတော်မှ ပေါ်ထွက်လာကြသည်။

ထို့အပြင် ယခုတွင် တော်ဝင်နန်းတော်အတွင်း ရီဖူရှင်းနှင့် အခြားတန်ခိုးရှင်များသည် နန်းတော်၌ ယာယီ နေထိုင်နေကြသည်။

ဤရက်များအတွင်း အချိန်ရလျှင်ရသလို အချို့လူများက ဤနေရာသို့ လာရောက် လည်ပတ်ကြပြီး ကျင့်ကြံမှု စွမ်းရည်များကို လေ့ကျင့်ကြပေသည်။ သူတို့သည် ဤနေရာသို့ လာကြသောအခါ ဂုဏ်ယူ ဝံ့ကြွားမှုများနှင့် ပြည့်နှက် နေကြသည်။

သို့သော် သူတို့ ပြန်သွားသည့် အခါတွင် စိတ်ဓာတ်ကျကာ ခေါင်းများ ငုံ့၍ အားပြတ်သွားသည့် အသွင်များ ဖြစ်သွားကြသည်။

မကြာခင်၌ တန်ခိုးရှင်များသည် ဤယာယီ နန်းဆောင်သို့ လာလည်ခြင်းများ ရပ်တန့်သွားသည်။ ဤနေရာရှိ လူများနှင့် ယှဉ်ပြိုင် ပတ်သက်ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။

သွေးနဂါးဘုံမှ ရီဖူရှင်းနှင့် လိုက်ပါလာသူများမှာ အားလုံးနီးပါး ရောက်ရှိလာနေကြပြီ ဖြစ်သည်။ အင်ပါယာချီ ကိုယ်တိုင်က နန်းတော် စစ်ဆေးပွဲတွင် မည်သည်တို့ ဖြစ်ခဲ့သည့် အကြောင်းကို သတင်းလွှင့်ရန် ကူညီပေးခြင်းကြောင့် အင်ပါယာချီနယ်မြေတစ်ခုလုံး ထိတ်လန့်တုန်လှုပ် သွားကြပြီး သဲလွန်စရရှိသွားသည့် လူတိုင်းသည် တော်ဝင်နန်းတော်သို့ အလျင်အမြန် ရောက်ရှိလာကြကာ သူတို့ ရှာနေသည့် လူများနှင့် လာရောက် တွေ့ဆုံကြသည်။

ချန်ယဲ့မြို့မှ ရီဖူရှင်းနှင့်အတူ လိုက်ပါလာသည့် တန်ခိုးရှင်များ အားလုံး စုံလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ရှားရှင်းယွန်သည်လည်း ရောက်ရှိလာခဲ့သည်။ သူမသည် တော်ဝင်မြို့တွင် နန်းတော်စစ်ဆေးပွဲ ကျင်းပသည့် ရက်ကတည်းက ရောက်ရှိနေခြင်း ဖြစ်ပေသည်။

“အခုထိ သတင်းမရသေးဘူးလား” ရီဖူရှင်းက ကော့တေးမှ ဓားသခင်ကို မေးလိုက်သည်။ သူသည် အပြင်သို့ သတင်းစုံစမ်းရန် ထွက်သွားခဲ့ပြီး ယခုမှ ပြန်လာခဲ့ခြင်း ဖြစ်သည်။

ကော့တေးမှ ဓားသခင်သည် သူ့ခေါင်းကို ခါရင်း ပြောလိုက်သည်။ “မရဘူး။ တုန်းလျှိုက ဘာပဲလုပ်လုပ် အမြဲ ဂရုတစိုက် လုပ်တတ်တာ။ သူသာ တိုက်ပွဲ အကြောင်းကြားရင် ကျိန်းသေ ဒီကို လာဖို့ ကြိုးစားမှာပဲ။ သူ့ကို တစ်ခုခုက တားဆီးနေတာ မဟုတ်ရင်ပေါ့”

ယခု မရောက်သေးသည်မှာ တတိယအစ်ကို ဂူတုံးလျှိုသာလျှင် ဖြစ်ပေသည်။

အခြားလူများအားလုံးက ရောက်ရှိနေကြပြီ ဖြစ်၏။

တတိယအစ်ကို၏ အစစ်အမှန် စွမ်းအားက အားမနည်းချေ။ သူသည် အလွန် ပြင်းထန်သည့် ကိစ္စတစ်ခုခုသာ မဖြစ်ခဲ့လျှင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိပေသည်။

သို့သော် အားကောင်း သန်မာလှသည့် တန်ခိုးရှင်များ နေရာအနှံ့ ရှိနေသော ကောင်းကင် အာဏာစက်ဘုံတွင် ရောက်ရှိနေခြင်း ဖြစ်သည့်အတွက် စိတ်ပူနေခြင်း ဖြစ်ပေသည်။ အကယ်၍ သူသာ လီရို့ရွှမ်းလို လူမျိုးနှင့် တွေ့နေခဲ့လျှင် ကျိန်းသေ ပြဿ       နာကြီး ဖြစ်ပေလိမ့်မည်။

“လေဟာနယ်ခရီးသွား ချို့ယွင်းတာက တခြားနယ်မြေတွေကိုရော ရောက်သွားနိုင်လား” ရီဖူရှင်းက ခပ်တိုးတိုး မေးလိုက်သည်။

“ဖြစ်နိုင်ပါတယ်” ဓားသခင်က ခေါင်းညိတ် လိုက်သည်။ တန်ခိုးရှင်တစ်ယောက်သည် အပြင်၌ တစ်ယောက်တည်း ရှိနေလျှင်ပင် အဆင်ပြေနေသင့်ပေမယ့် သူတို့နှင့် လာရောက် မတွေ့ဆုံခဲ့သည့် ဂူတုံးလျှိုအတွက် အနည်းငယ် စိတ်ပူနေဆဲပင် ဖြစ်သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူတို့ထံသို့ လျှောက်လာသည်။

“ဆရာရီ” ထိုလူသည် အဝေးမှပင် သူ့ကို အရိုအသေ ပေးလိုက်သည်။ ရီဖူရှင်းသည် ရှေ့သို့ လျှောက်သွား ခဲ့သည်။ ထိုလူက တော်ဝင်နန်းတော်မှ ဖြစ်ကြောင်း သူ သိရှိပေသည်။

“အရှင်မင်းကြီးက စားသောက်ပွဲတစ်ခု ပြင်ဆင်ထားတာမို့ ဆရာရီနဲ့ တခြားလူတွေကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်” သူက ပြောလိုက်သည်။

ရီဖူရှင်းက နားထောင်ပြီးနောက် မေးလိုက်သည်။ “ဘယ်အချိန်လဲ”

“အားရင်တော့ အခုပဲ သွားနိုင်ပါတယ်” သူက ဆက်ပြောလိုက်သည်။

“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ သူသည် အင်ပါယာ ချီအပေါ်တွင် လေးစားမှုထားရန် လိုအပ်ပေသည်။ ဤတစ်ကြိမ်၌ အင်ပါယာချီသည် ကျို့ချိုးကလန် နှင့် ကျုံးကလန်ကို ပြစ်ဒဏ် ကျခံစေခဲ့သည်။ ထိုကလန်နှစ်ခုလုံး၏ စွမ်းအားသည် အားနည်းသွားခဲ့ပြီး အထူးသဖြင့် ကျုံးကလန်သည် နိုင်ငံရေးအာဏာ ရုတ်သိမ်း ခံခဲ့ရပေသည်။

သို့သော် ရီဖူရှင်းသည် သူ့အတွက်ချည်းပဲ လုပ်ဆောင်ခဲ့သည်ဟုတော့ မတွေးပေ။ ဖြစ်နိုင်သည်က အင်ပါယာချီသည် ဤကလန် နှစ်ခုပေါ်တွင် သဘော မတွေ့တော့သည်မှာ ကြာမြင့် နေသော်လည်း သူတို့သည် သူ့အတွက် အလုပ်လုပ်ပေးခဲ့ကြသည်။ သို့သော် နန်းတော် စစ်ဆေးပွဲမှာကဲ့သို့ အရာမျိုးကို သူ့နာမည်ခံကာ လုပ်ဆောင်ခဲ့ပေသည်။

ထို့ကြောင့် အင်ပါယာချီသည် သူတို့ကို သတိပေးရန် အခွင့်အရေး အပြည့်အဝ ယူခဲ့ပြီး သူတို့၏ အင်အားကို လျှော့ကျစေခဲ့ကာ မကျေနပ်သံများကို ပိတ်စေခဲ့သည်။

ရီဖူရှင်းနှင့် အခြားလူများသည် ထွက်လာခဲ့ကြပြီး မကြာခင်တွင် အင်ပါယာချီ၏ နေထိုင်ရာ ရန်ဟောင်နန်းတော်သို့ ရောက်ရှိလာသည်။

စားသောက်ပွဲက အသင့်ဖြစ်နေပြီ ဖြစ်သည်။ စားသောက်ပွဲ၏ ဘေးနှစ်ဖက်တွင် များပြားလှသော တန်ခိုးရှင်များ ထိုင်နေကြသည်။

သွေးနဂါးဘုံမှ လူများသည်လည်း အားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့သည် မတူညီသည့် ထိုင်ခုံနေရာများတွင် တကွဲတပြား ထိုင်နေကြသည်။

“ရီဖူရှင်း မင်းမှာ ဘယ်လို အစီအစဉ်ရှိလဲ” ချီရှန်းက မေးလိုက်သည်။ သူသည် ယွီရှီးဖေးနှင့်အတူ ရီဖူရှင်းနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေပေသည်။

“ကျွန်တော့်မှာ အထူးစီစဉ်ထားတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ ကောင်းကင် အာဏာစက်ဘုံက ဘယ်လိုစွမ်းအားတွေ ရှိမယ်ဆိုတာ အရင်ဆုံး ရှာဖွေကြည့်ချင်တယ်” ရီဖူရှင်းက ခပ်တိုးတိုး ပြောလိုက်သည်။

“အင်း” ချီရှန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒီတစ်ကြိမ်တော့ ကျုပ်တို့ ဒီကို ကျင့်ကြံဖို့နဲ့ လေ့လာဖို့သက်သက် လာခဲ့ကြတာ ဆိုတော့ ကြီးလေးတဲ့ ရည်ရွယ်ချက်မျိုးတော့ မရှိကြဘူး။ ကျုပ်တို့ မနက်ဖြန်ကိုပဲ ဒီကနေ ထွက်ခွာဖို့ အသင့်ဖြစ်နေကြပြီ။ ပြီးရင် မတူတဲ့ နေရာတွေကို ကျင့်ကြံဖို့အတွက် သွားကြမယ်”

“ကောင်းပြီ” ရီဖူရှင်းက ပြောလိုက်သည်။ လူအများကြီးအတွက် အတူတကွ ကျင့်ကြံရန်မှာ အဆင်ပြေမည် မဟုတ်ကြောင်း သူသိရှိပေသည်။

သွေးနဂါးဘုံမှ လူအများကြီး လာခဲ့ကြသော်လည်း သူတို့သည် မတူကွဲပြာသော စွမ်းရည်များ ရှိကြသည်။ ထို့ကြောင့် သူတို့သည် အတူတကွ ကျင့်ကြံရန် မဖြစ်နိုင်ပေ။

“မင်း သွေးနဂါးဘုံကို ပြန်ရောက်တဲ့အခါ သွေးနဂါးဘုံမှာ ရန်ဟောင် အဆင့်အောက်မှာ အစွမ်းထက်ဆုံး ထိပ်သီးတန်ခိုးရှင် ဖြစ်လာတာကို မြင်ရဖို့ မျှော်လင့်တယ်ကွာ” ချီရှန်းက ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။

ရီဖူရှင်းက မည်သည့် စကားမှ မပြောပေ။ သူက ထိုအဆင့်သို့ ရောက်ရှိရန် အချိန်အများကြီး ထပ်၍ လိုအပ်မည်လည်း ဖြစ်နိုင်ပေသည်။

သူသည် သူ့ဆရာ ချင်ရွှမ်ကန်းတွင် ထိုသို့ စွမ်းရည်ရှိမရှိ မသိရှိပေ။

သူတို့ စားသောက်ပွဲသို့ ရောက်ရှိသည့် အချိန်တွင် အဖြူရောင်ပုံရိပ်တစ်ခုသည် အင်ပါယာ ချီနယ်မြေ တော်ဝင်မြို့အတွင်းသို့ ရောက်ရှိလာပြီး နန်းတော်သို့ အလျင်စလို ဦးတည် လိုက်သည်။

သို့သော် သူသည် နန်းတော် အပြင်ဘက်တွင် ရပ်တန့်သွား၏။

ထိုအဖြူရောင်နှင့် လူသည် ဂူတုံးလျှိုဖြစ်ပြီး သူ၏ အသက်စွမ်းအားများက သူ့ခန္ဓာကိုယ် တစ်ဝိုက်ကို လွှမ်းခြုံထားကာ သူ၏ အဖြူရောင်အဝတ်အစားများကတော့ သွေးတို့ စွန်းထင်းနေသည်။ အဝေးမှ သူ့ထံသို့ တဟုန်ထိုး တိုးဝင်လာသည့် စွမ်းအားများကို သူ ခံစားမိလိုက်သည်။

“ဒါက တော်ဝင်နန်းတော်ပဲ။ မင်း ဝင်ခွင့်မရှိဘူး” နန်းတော် အပြင်ဘက်မှ အစောင့်က လက်ထဲတွင် လက်နက် ကိုင်ဆောင်ထားသည့် ဂူတုံးလျှိုကို ပြောလိုက်သည်။

“ကျုပ်က သွေးနဂါးဘုံကနေ လာခဲ့တာ။ ဒီမှာ လူလာရှာတာပါ” ဂူတုံးလျှိုက ပြောလိုက်သည်။ သူသည် လမ်း၌ သတင်းရရှိခဲ့ပြီး ဤနေရာသို့ အမြန် လာခဲ့ခြင်း ဖြစ်သည်။

အစောင့်များသည် အချင်းချင်း ကြည့်လိုက်ကြပြီး ဖြည်းညင်းစွာ ခေါင်းညိတ် လိုက်ကြသည်။ သူတို့သည် သူ့အတွက် လမ်းဖယ် ပေးလိုက်ပြီး တစ်ယောက်က လှည့်ကာ ပြောလိုက်သည်။ “လိုက်ခဲ့ပါ”

ထို့နောက်တွင် ဂူတုံးလျှိုသည် ထိုသူ့နောက်မှ လိုက်ကာ တော်ဝင်နန်းတော် အတွင်းသို့ ဝင်ရောက် လာသည်။

သူတို့ အထဲသို့ ခြေချပြီးသည့် နောက်တွင် သူ့နောက်ကို လိုက်လာသည့် လူများ ရောက်ရှိ လာသည်။ ရှေ့ဆုံးမှ လူများ၏ ခြေလှမ်းများက ရပ်တန့်သွားကာ မျက်မှောင်ကြုတ်သွားလေသည်။

ဤနယ်မြေသည် အင်ပါယာချီ၏ နယ်မြေဖြစ်ကာ ယခု နေရာက အင်ပါယာချီ၏ နန်းတော် ဖြစ်သည်။

ကောင်းကင် အာဏာစက်ဘုံအတွင်း များပြားလှသော ရန်ဟောင်များ၏ တော်ဝင် နန်းတော်များသည် သီးခြား တည်ရှိနေကြပြီး လူစိမ်းများကို ဝင်ရောက် ခွင့်မပြုကြပေ။

ကောင်းကင်မှ လူတစ်ယောက် ရောက်ရှိလာသည်။ ထိုလူ၏ ခန္ဓာမှ ထွက်ပေါ်နေသော အသက် စွမ်းအားသည် အလွန် ပြင်းထန်လှသည်။ သူ၏ မျက်လုံးများမှ ကြောက်မက်ဖွယ် ကောင်းလောက်အောင် မီးဝင်းဝင်း တောက်နေသည်။ သူ့အကြည့်များသည် သူ့အရှေ့ရှ အင်ပါယာချီ နန်းတော်ပေါ်တွင် ကျရောက်နေသည်။

အခြားလူများက သူတို့၏ ခေါင်းများကို လှည့်ကာ သူ့အား ကြည့်လိုက်သည်။ သူသည် ရှေ့သို့ တည့်တည့်မတ်မတ် ဆက်သွားနေ၏။

အင်ပါယာ ချီနယ်မြေမှ နန်းတော်ကို မဆိုထားနှင့် အင်ပါယာချီ ရှေ့မှောက်တွင် ရောက်နေလျှင်ပင် သူတို့က သူ့ကို ဖမ်းဆီး သွားရမည် ဖြစ်သည်။

ကောင်းကင်နတ်တံခါးက သူ၏တည်ရှိမှုကို ခြေရာခံမိခြင်းအား တခြားမည်သူတို့ သိမည်နည်း။

***


Comment

Leave a Reply


Options

not work with dark mode
Reset