ကျုံးကလန်မှ တန်ခိုးရှင်များသည် အခြားတစ်ဖက်မှ တန်ခိုးရှင်အရေအတွက် တိုး၍ တိုး၍ လာသည်ကို မြင်လိုက်ရသောအခါ ရပ်တန့်ကာ အေးခဲသွားကြပေသည်။ သူတို့သည် သူတို့၏ ရင်ဘတ်ပေါ်၌ ကြီးမားသော ဖိအားကြီး ရောက်ရှိလာသလို ခံစားလိုက်ကြရသည်။
သူတို့သည် မည်သည်တို့ ဖြစ်ပျက်သွားသည်လဲ လိုက်၍ပင် မမီတော့ပေ။
ဤသည်က မည်သည့်ငရဲမျိုးနည်း။
မည်သည့်အတွက်ကြောင့် ရုတ်တရက်ကြီး တန်ခိုးရှင်အများကြီး ထွက်ပေါ်လာရသနည်း။ ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင် အများအပြားသည်လည်း ရီဖူရှင်း၏ နောက်၌ ရပ်နေ ကြပေသေးသည်။ သူတို့အားလုံးသည် သူ့ကို မြို့စားဟုခေါ်ကာ သူက သူတို့၏ ခေါင်းဆောင်ကဲ့သို့ အလွန်ရိုသေ လေးစားကြောင်း ပြသနေကြသည်။
ထွက်ပေါ်လာသည့် လူများအားလုံးသည်လည်း သူ့ကို သိရှိနေကြပုံပေါ်သည်။
ထိုသို့သော အင်အားမျိုးနှင့် ချင်ရွှမ်ကန်းကိုပါ ထည့်တွက်လျှင် ကျုံးကလန်မှ ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်နည်းနည်းလေးက ကိုက်ညီမည့်ပုံမပေါ်ပေ။
ထိုအချိန်တွင် နောက်ထပ် လူတစ်စု ရောက်ရှိလာသည်။ ထိုသူတို့မှာ သွေးနဂါးဘုံမှ မင်းသား ချီရှန်းနှင့် ယွီရှီးဖေးတို့ ဖြစ်သည်။ လေဟာနယ်ခရီးသွားဝင်္ကပါက ချို့ယွင်းသွားပြီး တကွဲတပြား ဖြစ်သွားသည့် အခါက သူတို့သည် အချင်းချင်း လက်တွဲထားခဲ့ကြသည့် အတွက် အတူတူ ကျန်ရှိပြီး တစ်နေရာတည်း တစ်ချိန်တည်းတွင် ထွက်ပေါ်လာနိုင်ခြင်း ဖြစ်သည်။ သူတို့သည် အခြားလူများနှင့် ပွဲတော်တွင် တွေ့ဆုံခဲ့ကြပြီး သူတို့၏ နောက်လိုက်များနှင့်လည်း တွေ့ဆုံခဲ့ကြသည်။
သူတို့သည် ယနေ့ များပြားလှသည့် လူအုပ်ကြီးကြားတွင် သွေးနဂါးဘုံမှ လူများနှင့် မည်သူ့ကိုမဆို ပြန်ဆုံတွေ့ရန် ကြိုးစားခဲ့ကြသည်။ သူတို့အားလုံးသည် အတွေးတူညီ နေကြ၍ ဤပွဲတော်၌ လူတိုင်း လာရောက် ဆုံစည်းကြခြင်း ဖြစ်ပေသည်။
ရီဖူရှင်းသည် ပွဲတော်၌ ထိုမျှ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေရန်ပင် သတ္တိကောင်းကောင်းနှင့် လုပ်ဆောင်ခဲ့ပေသည်။
“ကျုပ် တော်ဝင်မြို့မှာ နေတဲ့တလျှောက် ကျို့ချိုးကလန်နဲ့ ကျုံးကလန်ရဲ့ လုပ်ရပ်တွေ အကြောင်း ကြားခဲ့ရတယ်။ မထင်ထားတာက အဲဒီကလန်နှစ်ခုလုံးက ကျုပ် ခန့်မှန်းထားတာထက် ပိုပြီး အင်အား ကောင်းနေတာပဲ။ ဒီကလန်နှစ်ခုလုံးက တကယ်ပဲ အင်ပါယာ ချီနယ်မြေတခွင်မှာ သူတို့ရဲ့ အင်အားနဲ့ လွှမ်းမိုး ဖိနှိပ်ထားနိုင်စွမ်း ရှိတယ်” ချီရှန်းက ပြုံးကာ ဆက်ပြော လိုက်သည်။ “အရှင်မင်းကြီး အင်ပါယာချီက သူ့ရဲ့ လူတွေကို စစ်ဆေးပြီး ထိန်းသိမ်းသင့်တယ်”
ချီယိုသည် တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာနေသည့် များပြားလှသော တန်ခိုးရှင်များကို မြင်နေရကာ ထူးဆန်းစွာ ခံစားနေရသည်။ သူတို့အားလုံးသည် ထူးခြားသော အရှိန်အဝါများ ရှိပြီး သူတို့အကြား၌ လူများစွာက ထူးကဲ သာလွန်လှသည် ဟူသော ခံစားချက်ကို ပေးစွမ်းသည်။ အထူးသဖြင့် လူငယ်တန်ခိုးရှင်များ ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းက အသန်မာဆုံး ဖြစ်ပုံ မပေါ်သော်လည်း သူတို့၏ အရှိန်အဝါများ ထူးကဲသာလွန်နေကာ အင်ပါယာချီနယ်မြေမှ ပါရမီရှင်များထက် သာလွန်သည်ဟု ထင်မှတ်ရပေသည်။
အင်ပါယာချီနယ်မြေက ရန်ဟောင်အုပ်စိုးသည့် နယ်မြေတစ်ခုဟု ဆိုနိုင်သော်လည်း ကောင်းကင်အာဏာစက်ဘုံ တစ်ခုလုံးတွင်မှ ရန်ဟောင်အုပ်စိုးသည့် နေရာလေးတစ်ခုသာ ဖြစ်သည်။ ဤနေရာထက်ပို၍ အားကောင်းသော နေရာအများအပြားရှိပြီး ထို့အတွက်ကြောင့်ပင် သူတို့သည် အကောင်းတကာ့ အကောင်းဆုံးများကို ထိန်းသိမ်းမထားနိုင်ခြင်း ဖြစ်သည်။ အရည်အချင်းချင်း ယှဉ်မည်ဆိုလျှင် သွေးနဂါးဘုံမှ အထွတ်အထွတ်တွင် ရပ်တည်နေသည့် ပါရမီရှင်များသည် အင်ပါယာ ချီနယ်မြေထက် နိမ့်ကျမည် မဟုတ်ပေ။ သူတို့သည်ပင် ပို၍ သန်မာဦးမည် ဖြစ်သည်။
သူတို့ကြားထဲတွင် ရန်ဟောင်မှ ဆင်းသက်လာသည့် မျိုးဆက် အများအပြား ပါဝင်သည်။
ယနေ့သည် အင်ပါယာချီနယ်မြေ၏ နန်းတော်စစ်ဆေးပွဲ ကျင်းပသည့် ရက်ဖြစ်သော်လည်း ကိစ္စရပ်များက ပြောင်းလဲ သွားခဲ့သည်။ မုန်တိုင်းသည် ယွင်ချန်းယွဲ့မှ စတင်ကာ ပို၍ ပြင်းထန် လာခဲ့ပေသည်။
အဓိကတရားခံမှာ ဆံပင်ငွေဖြူရောင်နှင့် လူငယ်တစ်ယောက် ဖြစ်ပြီး သူကပင် ထိုသို့ ဖြစ်ရပ်မျိုး ဖြစ်ပေါ်စေခဲ့သည်။
ထိုလူငယ်က မည်သူနည်း။
ကျုံးလီ၏ အမူအရာက လုံးဝကို မှောင်မိုက်နေခဲ့သည်။ ကျုံးကလန်က ရည်ရွယ်သည်မှာ ချင်ရွှမ်ကန်းနှင့် သူ့လူများကို ဤမတော်တဆမှုနှင့် အတင်း ဖိအားပေးကာ ဖိနှိပ်၍ ဖြေရှင်းရန် ရည်ရွယ်ခဲ့သည်။ နောက်ပိုင်းမှ သူတို့သည် အင်ပါယာချီကို တောင်းပန် ရပေလိမ့်မည်။ ထိုသည်က ဤကဲ့သို့ နေရာမျိုးတွင် အပုပ်သတင်းများ ဖော်ထုတ်ခံရ၍ ချောင်ပိတ်မိ သွားသည်ထက်စာလျှင် ပိုကောင်းလိမ့်မည်။
သို့သော် ပြောင်းလဲသွားသည့် အဖြစ်အပျက်များက သူတို့ကို အကူအညီ ကင်းမဲ့သွားသလို ခံစားရစေသည်။
နှစ်ဖက်အင်အားသည် အစကကဲ့သို့ တူညီသော အခြေအနေတွင် မရှိတော့ပေ။
ကျို့ချိုးကလန်က ဤပဋိပက္ခအတွင်း ပါဝင်လာမည်ဆိုလျှင်ပင် ကျုံးကလန်၏ အခြေအနေက ရှုံးနိမ့်နေဆဲပင် ဖြစ်လိမ့်မည်။ ယခု ကျုံးကလန်သည် အကျဉ်းထဲ အကျပ်ထဲသို့ ကျရောက်နေခဲ့ပြီ ဖြစ်သည်။
ကျို့ချိုးကလန်မှ လူများသည်လည်း တူညီစွာပင် အံ့အားသင့် နေကြပေသည်။ လီနတ်ဓားကလန်နှင့် လော့မြို့ ယွင်ကလန်မှ တန်ခိုးရှင်တို့သည် သူတို့ရှေ့မှ ဖြစ်ရပ်ကြောင့် မှင်တက်နေကြပေသည်။
“ငါ့လူတွေကို စစ်ဆေးပြီး ထိန်းသိမ်းဖို့ ပြောတယ်ဆိုတော့… မင်းက တကယ့်ကို သတ္တိကောင်းတာပဲ” အသံတစ်ခုကို အဝေးမှ ကြားလိုက်ရပြီး လူတိုင်းသည် တော်ဝင်နန်းတော်မှ ဆင်းသက်လာသော သန့်စင်၍ တောက်ပသည့် အလင်းတန်းကို မြင်တွေ့ကြရသည်။ တော်ဝင်နန်းတော် အတွင်းမှ ပုဂ္ဂိုလ်သည် သူတို့၏ အရှေ့တွင် လမ်းလျှောက် လာခဲ့ပြီး လူအုပ်ရှိရာသို့ ဦးတည်လိုက်သည်။
သူ၏ ထွက်ပေါ်လာမှုတွင် ကျယ်ပြန့်သည့် နေရာတစ်ခုလုံးမှ မရေတွက်နိုင်သည့် လူများက ဦးညွှတ်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
ကျို့ချိုးကလန်၊ ကျုံးကလန်မှ တန်ခိုးရှင်များနှင့် အခြားသူများသည်လည်း ဂါရဝ ပြုလိုက်ကြသည်။
အင်ပါယာချီသည် သူတို့၏ ရှေ့သို့ ခြေတစ်လှမ်းတည်းနှင့် ရောက်ရှိ လာခဲ့သည်။ ချီယိုသည်လည်း ထရပ်ကာ သူ့ရှေ့မှ လူကို ခေါ်လိုက်သည်။ “ခမည်းတော်”
အင်ပါယာချီသည် လူအုပ်ဆီသို့ ခေါင်းညိတ်ပြရင်း သူ၏ လက်ကို ဝှေ့ယမ်းကာ သက်သာစွာ နေရန် ပြောလိုက်သည်။ သူ၏ မျက်လုံးများက ရီဖူရှင်း၊ ချီရှန်းနှင့် အခြားလူများထံသို့ ရောက်ရှိ သွားသည်။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ ကျွန်တော်က သွေးနဂါးဘုံက ချီရှန်းပါ” ချီရှန်းက ပြောပြီး ဦးညွတ် လိုက်သည်။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ ကျွန်တော်က ရီဖူရှင်းပါ။” ရီဖူရှင်းသည်လည်း ဦးညွှတ်လိုက်သည်။ ထိုသူများသည် ရန်ပွဲဖြစ်နေသည့် အချိန်တွင်ပင် သူတို့သည် အစစ်အမှန် ရန်ဟောင်ကို မြင်တွေ့သည့်အခါတွင် အလွန်ယဉ်ကျေးသည်ကို မြင်နိုင်ပြီး သင့်တော်သည့် အပြုအမူနှင့် လေးစားမှုကို ပြသပေသည်။
အင်ပါယာချီသည် ပြုံးကာ ပြောလိုက်သည်။ “မင်းက သိပ်ကို ရဲတင်းတာပဲ။ မင်းက သွေးနဂါးဘုံရဲ့ တော်ဝင်မိသားစုဝင် ဖြစ်ရမယ် ဟုတ်တယ်မလား။ အဆင်ပြေမယ်ဆို ခင်ဗျားကပဲ မိတ်ဆက်ပေးလို့ ရမလား ဆရာချင်”
ချင်ရွှမ်ကန်းက ခေါင်းညိတ်လိုက်ပြီး ချီရှန်းကို ကြည့်ကာ ပြောလိုက်သည်။ “သူက သွေးနဂါးဒေသအတွင်း သွေးနဂါးဘုံရဲ့ တော်ဝင်နန်းတော်က အိမ်ရှေ့စံမင်းသား ချီရှန်းပါ။ သူ့ဘေးက မိန်းကလေးကတော့ သူ့ရဲ့ ဇနီးဖြစ်ပြီး ကျန်တဲ့လူတွေ အကုန်လုံးက သွေးနဂါးဘုံကပါပဲ။ ရီဖူရှင်းက ကျုပ်ရဲ့ တပည့်ဖြစ်ပြီး သူက သွေးနဂါး ဒေသအတွင်း အင်ပါယာရှားဘုံက လာတာပါ။ သူတို့အားလုံးက ကောင်းကင် အာဏာစက်ဘုံကို လေ့လာရေးခရီး ထွက်လာကြတာ။ ရှေးဟောင်း လေဟာနယ်လမ်းက ချို့ယွင်းသွားတာမို့ ကျုပ်တို့ အကုန် တကွဲတပြား ဖြစ်သွားပြီးတော့ ဒီနေ့မှ ပြန်ဆုံကြတာပါ”
“ဒါဆို သွေးနဂါးဒေသထဲမှာလည်း ရန်ဟောင်မျိုးဆက်လေးတွေ အများကြီးရှိတယ်လို့ ပြောလို့ရတာပေါ့” အင်ပါယာချီက ပြုံးကာ မေးလိုက်ရင်း သူ့ မျက်လုံးများက သူတို့ထံသို့ ရောက်ရှိလာသည်။ သူသည် သူတို့ထဲမှ တစ်ခုခု ထူးခြားမှုကို ခံစားနိုင်စွမ်း ရှိပေသည်။
“ဟုတ်ပါတယ်” ချင်ရွှမ်ကန်းက ခေါင်းညိတ်လိုက်လျှင် လူအုပ်ကြီးက ဆူညံဆူညံ အသံများ ထွက်ပေါ် လာလေသည်။
ရန်ဟောင် မျိုးဆက်ကလေးများစွာလား။
ယခုထွက်ပေါ်လာသည့် အဖွဲ့သည် ဤမျှထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ကြပေ။ ထိုသည်က အတော်ပင် ရယ်စရာကောင်းလှသည်။ ကျို့ချိုးကလန်နှင့် ကျုံးကလန်သည် အင်ပါယာချီနယ်မြေတွင် ဖြစ်သည့်အတွက် မည်သည့် ပြဿနာ ကြီးကြီးမားမားမှ ရင်ဆိုင်ရမည် မဟုတ်သော်လည်း အခြားတစ်ဖက်နှင့် ယှဉ်လျှင် သူတို့သည် အလွန်ပင် သေးနုပ် လှပေသည်။
ရီဖူရှင်းသည် သူတို့ကို လေးစားမှုမရှိ ကြောက်ရွံ့မှု မရှိသည့်အပြင် လှောင်ပြောင် သရော်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
သူတို့သည် သွေးနဂါးဘုံ၌ ရီဖူရှင်း၏ သရုပ်က မည်ကဲ့သို့ ဖြစ်မည်ကို စူးစမ်းလိုကြပေသည်။
သူတို့သည် သူ၏ အဆင့်အတန်းက မည်သို့ဖြစ်မည်ကို သိလိုနေကြသည်။
“ဒါဆို ကြည့်ရတာ တော်ဝင်နန်းတော်ကို လာတာ ကိုယ်ပိုင်ရည်ရွယ်ချက် ရှိတယ်ထင်တယ် ဆရာရီ။ မင်းတို့ လူတွေက နန်းတော်စစ်ဆေးပွဲ ကျင်းပတဲ့ နေရာကို မင်းတို့လူတွေ ပြန်လည် ဆုံတွေ့တဲ့ နေရာအဖြစ် ကျင်းပလိုက်တာကို ငါကိုယ်တော် မြင်တယ်” အင်ပါယာချီက သူတို့ကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ် အရှင်မင်းကြီး” ချင်ရွှမ်ကန်းက ဦးညွတ်ကာ ပြောလိုက်သည်။
“ခင်ဗျားက ဒီမှာ ကြာကြာမနေဘူးလို့ ပြောထားတာပဲ။ အဲဒီတော့ ကျုပ်က ဘယ်လိုအပြစ်တင်ရပါ့မလဲ။ ဒါပေမဲ့ မင်းရဲ့ ဒီတပည့်ကတော့ တကယ့်ကို သွေးနားထင်ရောက်နေတဲ့ ကောင်လေးပဲ။ သူက နန်းတော် စစ်ဆေးပွဲကိုတောင် ပြဿနာရှုပ်ကုန်အောင် လုပ်ပစ်တယ်” အင်ပါယာချီက သူ၏ အာရုံကို ရီဖူရှင်းထံသို့ ပို့ကာ မေးလိုက်သည်။ “အင်ပါယာချီနယ်မြေက ထိပ်တန်းပါရမီရှင်တွေကိုတောင် လွှမ်းမိုးနိုင်တဲ့ တစ်စုံတစ်ယောက်… ဆရာချင် ခင်ဗျား တပည့်ရဲ့ အဆင့်အတန်းက ဘာများလဲ”
“ညွှန်းဆိုရလောက်အောင် ထိုက်တန်နဲ့ အဆင့်အတန်းမျိုး မပိုင်ဆိုင်ပါဘူး။ သူက အင်ပါယာရှားဘုံက တန်ခိုးရှင်တစ်ယောက် ဖြစ်ပြီးတော့ သွေးနဂါးဘုံကို ဝင်ရောက်ခဲ့တယ်” ချင်ရွှမ်ကန်းက ဖြေလိုက်သည်။
“ခင်ဗျားက အမှန်ပြောပြဖို့ တွန့်ဆုတ် နေတာလား” အင်ပါယာချီက ရီဖူရှင်းကို ကြည့်ကာ သူ့အနီးက ပြန်လည်မွေးဖွားခြင်း အဆင့်များကို ကြည့်လိုက်သည်။ သူတို့အားလုံးသည် သူ့ကြောင့်သာ အင်အားစု တစ်ခုတည်း အဖြစ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုသို့သော တစ်စုံတစ်ယောက်က ညွှန်းဆိုရအောင် ထိုက်တန်သည့် အဆင့်အတန်းကို မပိုင်ဆိုင်ဟု ချင်ရွှမ်ကန်းက ပြောနေပေသည်။
“အရှင်မင်းကြီး သူ့ရဲ့ အဆင့်အတန်းကို တကယ် သိချင်တယ်ဆိုရင်တော့ ကျွန်တော် ပြောပြပါ့မယ်။ ရီဖူရှင်းက သွေးနဂါးဘုံမှာ ပြဿရှာရတာ တော်တော်လေး နှစ်သက်တဲ့ လူမျိုးပဲ။ သူက မြို့စားတစ်ယောက် ဖြစ်ပြီးတော့ သူ့လက်အောက်မှာ သူ့ကို ခစားနေတဲ့ အစွမ်းထက် တန်ခိုးရှင်တွေ အများကြီး ရှိတယ်” ချီရှန်းက ပြုံးကာ ဆက်ပြောလိုက်သည်။ “သြော်.. ဒါနဲ့.. ရီဖူရှင်းက သွေးနဂါးဒေသအတွင်း သူ့မျိုးဆက်တွေကြားမှာ နံပါတ်တစ် တန်ခိုးရှင် ဆိုလည်း ဟုတ်တယ်နော်။ ဆန္ဒသာရှိရင် အထွတ်အထိပ်မှာ ရပ်တည်နိုင်တဲ့ ပါရမီရှင်မျိုး။ ကျုံးကလန်က ကျုံးချိုးကို ဖယ်လိုက်ပြီးရင်တောင် ဒီ နန်းတော်စစ်ဆေးပွဲမှာ ဘယ်သူကမှ သူ့ကို မယှဉ်နိုင်မှာ စိုးမိတယ်”
“နံပါတ်တစ် တန်ခိုးရှင်လား”
ချီရှန်းသည် ရီဖူရှင်း၏ အရည်အချင်းကို အလွန်အမင်း မြင့်မားစွာ သုံးသပ်ခဲ့ပြီး မည်သည့် သုံးသပ်ချက်မဆို သူ ပြောသည်ထက် သာလွန်နိုင်ရန် ခက်ခဲပေမည်။
မင်းသားပြောသည့် ထိုနံပါတ်တစ် ဟူသော စကားကို ဆုံးဖြတ်ကြည့်ရလျှင် မင်းသားသည်ပင် ရီဖူရှင်းထက် အရည်အချင်းနိမ့်ကျသည်ဟု ပြောသွား သကဲ့သို့ပင် ဖြစ်သည်။
ထို့ပြင် သူသည် သွေးနဂါးဘုံ အစား သွေးနဂါးဒေသ ဟု သုံးနှုန်းသွားခဲ့ပေသည်။
အင်ပါယာချီသည် သွေးနဂါးဒေသအတွင်းရှိ ထိုဘုံများတွင် ထိပ်သီးပါရမီရှင်များ မည်မျှ အများအပြား စုဝေးနေမည်ကို သိရှိသော်လည်း ချီရှန်းသည် ရီဖူရှင်းက သွေးနဂါးဒေသ အတွင်းမှ လူငယ်မျိုးဆက်တွင် နံပါတ်တစ် တန်ခိုးရှင်ဟု ပြောသွားခဲ့ပေသည်။
ထိုသို့ သုံးသပ်သွားသည့် စကားနှင့်ပင် ရီဖူရှင်းက မည်မျှ ထိတ်လန့်ဖွယ် ကောင်းစွာ အစွမ်းထက်သည်ကို ပြောနိုင်ပေသည်။
ကျုံးချိုးက တိုက်ကွက်တစ်ကွက်ပင် ခံနိုင်ရည် မရှိခဲ့ခြင်းက အံ့သြစရာမရှိတော့ပေ။ သူသည် ထိုသို့သော လူမျိုးနှင့် တွေ့ဆုံမိခဲ့ခြင်းက အလွန် ကံဆိုးခြင်းပင် ဖြစ်တော့သည်။
ကျို့ချိုးယန်၏ ပါးစပ်ထောင့်များက မဲ့ရွဲ့သွားသည်။ သူက အတော်လေး အထင်မြင်သေး နှိမ့်ချခဲ့သည့် ရီဖူရှင်းက ကျို့ချိုးကို တစ်ချက်တည်းနှင့် အလဲသိပ်နိုင်ခဲ့သည်။ ထို့နောက်တွင် ကျို့ချိုးယန်သည် အမှန်တကယ် တုန်လှုပ်မှုကို ခံစားနေရပေသည်။
“ဆရာရီက သွေးနဂါးဒေသရဲ့ နံပါတ်တစ်တန်ခိုးရှင်တဲ့လား” ယွင်ချန်းယွဲ့၏ အမူအရာက တွေဝေ ငေးမော သွားသည်။ ထိုသည်က သူမ သိသော အမြဲ နူးညံ့စွာ ပြောဆိုတတ်ပြီး ယဉ်ကျေး သိမ်မွေ့သည့် ဆရာရီ ဟုတ်ပါ့မလားဟု သိချင်နေမိသည်။
သွေးနဂါးဒေသမှ တန်ခိုးရှင်အားလုံးအပြင် မင်းသားကဲ့သို့သော လူမျိုးပင်လျှင် သူ့အတွက် ဂုဏ်ယူဝံ့ကြွား နေပေသည်။
ထိုသို့ဆိုလျှင် ဆရာရီ၏ ပါရမီက သွေးနဂါးဒေသတခွင်လုံးရှိ ပါရမီရှင်များစွာကို သေချာပေါက် လွှမ်းမိုးနိုင်စွမ်း ရှိပေမည်။
“အဲဒါက အဲဒီလိုလား” အင်ပါယာချီက ပြုံးကာ ပြောလိုက်သည်။ “ဒီလိုဆိုမှာတော့ ဒီနေ့ နန်းတော် စစ်ဆေးပွဲက အဓိပ္ပာယ် အပြည့်ရှိတဲ့ အလှည့်အပြောင်း ဖြစ်သွားတာပေါ့။ သွေးနဂါးဒေသက နံပါတ်တစ်နဲ့ ကျုပ်တို့ နယ်မြေမှာရှိတဲ့ သူတွေနဲ့ ဘယ်လိုကွာခြားမှုရှိလဲ တွေ့မြင် နိုင်ခဲ့တော့လေ။ မင်းတို့အားလုံးလည်း ဒီနေ့ ဖြစ်သလို အဖြစ်မျိုး ထပ်မဖြစ်ဖို့အတွက် မင်းတို့ရဲ့ ကျင့်ကြံခြင်းမှာ လုံ့လဝီရိယရှိရှိ ကြိုးစားသင့်တယ်။ မင်းတို့ရဲ့ အင်ပါယာက ဒီနေ့မှာ မျက်နှာပျက်ခဲ့ ရပြီပဲမလား”
“ကျွန်တော်တို့လည်း နယ်မြေအတွင်းမှာ ရှိတဲ့ ပါရမီရှင်တွေကို အကောင်းဆုံး ဖြစ်အောင် သေချာ ရွေးချယ်ပါ့မယ် အရှင်မင်းကြီး” ကျို့ချိုးကလန်ခေါင်းဆောင်က အင်ပါယာချီကို ဦးညွတ်ကာ ပြောလိုက်သည်။
“ချီရှန်း ပြောတဲ့စကားက နားဝင်မချိုပေမယ့် အချက်ကျတယ်။ တကယ်ပဲ ကျုပ်လူတွေကို စစ်ဆေးပြီး ထိန်းသိမ်းဖို့ လိုအပ်နေပြီ” အင်ပါယာချီက ပြောလိုက်သည်။ သူတို့က ထိုစကားကို ကြားသည့်အခါ ကျုံးကလန်နှင့် ကျို့ချိုးကလန်မှ တန်ခိုးရှင်များ၏ စိတ်အခြေအနေက ဟိုးအောက်ဆုံးထိ ထိုးကျ သွားခဲ့သည်။
“ဒီနေ့ ဖြစ်ခဲ့တာတွေအတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ကို အပြစ်ပေးတော်မူပါ အရှင်မင်းကြီး” ကျို့ချိုးကလန် ခေါင်းဆောင်က လက်ဦးမှုယူကာ အပြစ်ပေးရန် တောင်းဆိုလိုက်သည်။
“ချီယို၊ မင်း ကျို့ချိုးကလန်က ပါဝင်ယှဉ်ပြိုင်ခွင့် နေရာကို အပေးအယူလုပ် လာဘ်စားပြီး အာဏာ အလွဲသုံးစား လုပ်တဲ့ ကိစ္စကို မင်းကိုယ်တိုင် ပူးပေါင်းပါဝင်ပြီး အရာအားလုံးကို စစ်ဆေးရမယ်။ ကျို့ချိုး၊ မင်းက ကျုပ်နောက်ကို နှစ်ပေါင်းများစွာ လိုက်ပါခဲ့တယ်။ ဒီလိုအမှားမျိုးကို မင်း မလုပ်ခဲ့သင့်ဘူး။ မင်း ကိုယ့်တာဝန် ကိုယ်သိမယ်လို့ပဲ ငါကိုယ်တော် မျှော်လင့်ခဲ့တာ” အင်ပါယာချီက ဆက်ပြော လိုက်သည်။ “ကျုံးကလန်ကတော့ နယ်မြေအရေးကိစ္စတွေမှာ ထပ်ပြီး တာဝန်ယူစရာမလိုတော့ဘူး။ ချီယို ကျုံးကလန်ရဲ့ ကျင့်စဉ်တွေကို သေချာစစ်ဆေးပြီး သူတို့ တခြားလူတွေကို ဖိအားပေးပြီး ခြိမ်းခြောက်ခိုင်းစေလားဆိုတာ စုံစမ်း”
“အမိန့်အတိုင်းပါ ခမည်းတော်” ချီယိုက ထရပ်ကာ ခေါင်းညိတ်လိုက်သည်။ ကျုံးလီ၏ အမူအရာက စက္ကူကဲ့သို့ ဖြူဖျော့သွားပေသည်။ ကျုံးကလန်မှ တန်ခိုးရှင် များသည်လည်း တုန်လှုပ် ကုန်ကြ၏။
ထိုသည်က သူတို့၏ အဆုံးသတ် ဖြစ်သည်။
အင်ပါယာသည် ကျုံးကလန်ကို ထုတ်ပယ်ခဲ့ပြီး လုပ်ပိုင်ခွင့် အာဏာကို ချက်ချင်း ပြန်သိမ်းယူခဲ့သည်။
ထို့ပြင် သူ့တို့၏ ကလန်တွင်း စစ်ဆေးမှုများလည်း လုပ်ဆောင်မည် ဖြစ်ပြီး သူတို့ မည်မျှ တရားလွန်ခဲ့သည်ကို လူတိုင်း သိကြသည်။ ထိုကြီးမားသည့် ကလန်သည် အတိတ်က များပြားလှသော လာဘ်ပေးလာဘ်ယူများ ပြုလုပ်ခဲ့သည်။ သူတို့ လုပ်ခဲ့သမျှထဲမှ မည်သည့် အရာမဆို ပေါ်ထွက်လာပါက အင်ပါယာက သူတို့ကို လွယ်လွယ်လေး ခွင့်လွှတ် ပေးလိမ့်မည် မဟုတ်ပေ။
အင်ပါယာသည် ဤတစ်ခေါက် အခြေအနေကို အခွင့်ကောင်းယူ၍ ကိစ္စများကို ဖြေရှင်းခဲ့ပေသည်။
“နောက်ဆုံးအနေနဲ့ နန်းတော်စစ်ဆေးပွဲကို တစ်ရက် ထပ်ကျင်းပပေးပြီးတော့ ပြိုင်ပွဲဝင်တွေကို မျှမျှတတ ဖြစ်စေရမယ်” အင်ပါယာချီက လူအုပ်ကြီးကို ပြောလိုက်သည်။
“ကြီးမြတ်လှပါတယ် အရှင်မင်းကြီး” လူတိုင်းက ဦးညွှတ် လိုက်ကြသည်။ လူအများတို့၏ နှလုံးသားထဲတွင် မျှော်လင့်ချက်တို့ ရှင်သန် လာခဲ့သည်။
ယွင်ထန်နှင့် ယွင်နီသည်လည်း ပြုံးလိုက်ကြသည်။ အဆုံးမှာတော့ ချန်းယွဲ့သည်လည်း အဆင်ပြေ သွားခဲ့ပြီ ဖြစ်သည်။
ကျုံးကလန်သည်လည်း သူတို့နှင့် ထိုက်တန်သော အပြစ်ပေး ခံပေလိမ့်မည်။
ယွင်ချန်းယွဲ့သည် စင်္ကြံထက်မှ ရီဖူရှင်းဆီသို့ လျှောက်လာခဲ့သည်။ သူမသည် ရီဖူရှင်းကို မျက်ရည်များအိုင်နေသည့် မျက်ဝန်းများနှင့် ကြည့်နေသော်လည်း သူမထက် မျက်နှာထက်တွင် အပြုံးစတို့ ရှိနေသည်။ သူမက မေးလိုက်သည်။ “ကျွန်မကို တပည့်အဖြစ် လက်ခံပေးဖို့ တကယ် ဆန္ဒရှိတာလား ဆရာ”
“တကယ်ပါ” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ “မင်းကို ငါ့ တပည့်အဖြစ် အသိအမှတ် ပြုလိုက်ပေမယ့် ကျင့်ကြံတာမှာ မင်းကိုယ်မင်း အားကိုး နေရဦးမှာပဲ။ ငါ မင်းကို အတူ ခေါ်မသွားနိုင်သေးဘူး”
“ရပါတယ်” ယွင်ချန်းယွဲ့က ခေါင်းညိတ်လိုက်သည်။ “ကျွန်မနားလည်ပါတယ်”
သူမက နောက်ထပ် ထပ်ကာ မမေးရဲတော့ပေ။
“ဒါဆို သူမကို တော်ဝင်နန်းတော်မှာ နေစေပြီး ကျုပ် လက်အောက်မှာ ကျင့်ကြံခိုင်းလိုက်ပါ” အင်ပါယာချီက ပြောလိုက်သည်။ ရီဖူရှင်းနှင့် ယွင်ချန်းယွဲ့နှစ်ယောက်လုံး အင်ပါယာချီကို ကြည့်လိုက်ပြီး ကြက်သေ သေသွားကြ၏။
“ကျုံးကလန်က ကျုပ်ကို ခစားရတာမို့ အဲဒီအမှားတွေ အတွက် ကျုပ်မှာလည်း တာဝန်ရှိတယ်။ အဲဒါကို လျော်ကြေးအနေနဲ့ သတ်မှတ်လိုက်ပါ” အင်ပါယာချီက ပြောလိုက်သည်။
“အရှင်မင်းကြီးက တကယ့်ကို သဘောထားကြီးပြီး မျှတတာပဲ” ရီဖူရှင်းက အရိုအသေ ပြုကာ ဆက်ပြောလိုက်သည်။ “ကျေးဇူးအထူးတင်ပါတယ် အရှင်မင်းကြီး”
ယွင်ချန်းယွဲ့သည်လည်း ပြုံးလိုက်သည်။ သူမက ပြုံးနေရင်းနှင့်ပင် မျက်လုံးများက စိုစွတ်နေသည်။
သူမ၏ မိသားစုက ယွင်မော့ နန်းတော် စစ်ဆေးပွဲတွင် ပါဝင်ခွင့်ရရန် သူမကို စွန့်ပစ်ပြီး အသုံးတော်ခံ အဖြစ် အတင်းအဓမ္မ စေလွှတ်ခဲ့သည်။
သို့သော် ယခုတွင် သူမသည် အင်ပါယာချီ၏ လက်အောက်တွင် ကျင့်ကြံခွင့် ရခဲ့ပြီ ဖြစ်သည်။ ထိုအရာအားလုံးက ဟာသပမာပင် ဖြစ်သည်။
ယွင်ကလန်သည် ထိုမြင်ကွင်းကို သွေးဆုတ်ဖြူရော် နေသည့် မျက်နှာများနှင့် မော့ကြည့် နေကြသည်။ သူတို့ ခံစားနေရသည်များကို မည်သူကမှ နားမလည်နိုင်ပေ။
***