ချင်ရွှမ်ကန်း လမ်းလျှောက်လာသည့်အခါ အခြေအနေက ရုတ်တရက် ပြောင်းလဲ သွားသည်။ သူက ရိုးရှင်းသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော်လည်း သူ၏ ခြေလှမ်းများတွင် ကောင်းကင် လမ်းစဉ်နှင့် ပေါင်းစပ် ပျော်ဝင် နေသကဲ့သို့ ခံစားရပေသည်။
ကျုံးကလန်၏ ပြန်လည်မွေးဖွားခြင်း ရှန့်ထိုကို ကြောက်မက်ဖွယ် စွမ်းအားများက လွှမ်းခြုံသွားသည်။ ထိုအချိန်တွင် မရေတွက်နိုင်သော လူများ၏ မျက်လုံးတို့က ချင်ရွှမ်ကန်းပေါ်တွင် ကျရောက် နေကြပေသည်။
သူသည် ထိုနေရာတွင် သူတစ်ယောက်တည်းသာ ရှိနေတော့သကဲ့သို့ ရပ်တန့်လိုက်ပြီး တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။
သူ့ တပည့်တဲ့လား။
ကျုံးကလန်၏ ပြန်လည်မွေးဖွားခြင်း အဆင့်သည် ချင်ရွှမ်ကန်းကို သိရှိပေသည်။ အခုနောက်ပိုင်းမှ သူသည် တော်ဝင်နန်းတော်တွင် ကျော်ကြားလာသူဖြစ်ပြီး မင်းသားက အလွန် လေးစား တန်ဖိုးထားကာ သူ၏ ကျင့်ကြံရေးကို လမ်းညွှန်ပေးရန် မကြာခဏ သွားရောက် ရှာဖွေခဲ့သည်။ ကျို့ချိုးကလန်နှင့် ကျုံးကလန်မှ လူများသည်ပင် သူ့ထံမှ ခြိမ်းခြောက်မှုကို ခံစားမိကြပေသည်။
ကြည့်ရသည်မှာ ထိုသူသည် အင်ပါယာ ချီနယ်မြေအတွင်း ရာထူးအဆင့်အတန်း အတွက် သူတို့နှင့် တိုက်ခိုက်ရန် ကြံရွယ် နေပုံရသည်။ သူ့တွင် ထိုသို့ လုပ်ဆောင်ရန် အခွင့်အာဏာရှိသည်ဟု ထင်မှတ်နေဟန်တူသည်။
ကျို့ချိုးကလန်နှင့် ကျုံးကလန် နှစ်ဖွဲ့လုံးသည် ချင်ရွှမ်ကန်းကို အလွန် သတိထား နေကြပေသည်။
သို့သော် သူတို့ထဲက မည်သူကမှ ချင်ရွှမ်ကန်းသည် တိုက်ပွဲစင်မြင့် ပေါ်သို့ ကိုယ့်သဘောနှင့်ကိုယ် တက်သွားပြီး စိတ်ကြီးဝင်နေသည့် အမူအရာနှင့် ကျုံးချိုးကိုပင် တစ်ချက်တည်းဖြင့် အနိုင်ပိုင်းနိုင်ခဲ့သည့် ပါရမီရှင်၏ ဆရာ ဖြစ်နေလိမ့်မည်ဟု ထင်မှတ် မထားခဲ့ကြပေ။
ထိုသည်အား တွေးလိုက်မိလျှင် နှစ်ဖက်အင်အားစုများမှ လူများသည် ပို၍ပင် မှောင်မိုက် လာကြပေသည်။
သူတို့အတွက်တော့ ထိုအရာများသည် ချင်ရွှမ်ကန်းက ကြိုတင်စီစဉ် ထားသည်နှင့် တူနေပေသည်။
သူ၏ တပည့်သည် လူတိုင်း၏ ခေါင်းပေါ်ကို တက်နင်း၍ အထူးချွန်ဆုံး လူတစ်ယောက်ကိုပင် အနိုင်ရခဲ့ပြီး လူတိုင်းကို ထိတ်လန့် အံ့သြစေကာ အင်ပါယာချီ နယ်မြေတစ်ခွင်တွင် သူ့နာမည်ကို ကျော်ကြားစေခဲ့သည်။ ထို့နောက် တော်ဝင်နန်းတော်မှ လူများကို သူ့တပည့်က မည်မျှ ထူးချွန်ကြောင်း သိရှိစေခဲ့သည်။
ထိုသို့ တွေး၍ လုပ်ဆောင်ရန် စီစဉ်ထားခဲ့သည်ဆိုလျှင် ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ကောင်းကောင်း သဘောပေါက်နိုင်စရာပင် ဖြစ်ကာ အရာရာက နည်းလမ်း ကျသွားပေလိမ့်မည်။
ယွင်ကလန်ဆိုသည်မှာ ဆင်ခြေသာ ဖြစ်သည်။ အသစ် ရောက်လာသူများ၏ ရည်ရွယ်ချက် အမှန်မှာ သူတို့၏ ခေါင်းများကို ချနင်း၍ နာမည်ကို မြှင့်တင်ကာ နန်းတော် စစ်ဆေးပွဲကို ကျော်ဖြတ် နိုင်စေရန်ပင် ဖြစ်သည်။
ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စများအရ လူအများကို ထိုသို့အတွေးများ တွေးမိစေရန် အတွက် လွယ်ကူခဲ့သည်။ သို့သော် အမှန်မှာတော့ ချင်ရွှမ်ကန်းသည် တကယ့်ကို ရီဖူရှင်းအား စောင့်နေခြင်း ဖြစ်သော်လည်း သူ့တပည့်က ထိုသို့သော အပြုအမူမျိုးဖြင့် ထွက်ပေါ်လာမည်ကို သူ လုံးဝ သိရှိခဲ့ခြင်း မရှိပေ။
သို့သော် ရီဖူရှင်းပြောသည့် စကားများမှနေ၍ တကယ်တမ်း မည်သည့် ကိစ္စရပ်များ ဖြစ်ပျက်ခဲ့သည်ကို သတိပြုမိခဲ့သည်။ ကောင်းကင် အာဏာစက်ဘုံတွင် ရီဖူရှင်း၏ မျိုးဆက် တပည့်လေးသည် အတင်းအဓမ္မ ခိုင်းစေကာ အသုံးတော်ခံအဖြစ် အခြားလူများအား ပေးသည့် လက်ဆောင် တစ်ခု ဖြစ်ခဲ့ရသည်။
ကျယ်ပြောလှသည့် နေရာမှ လူတိုင်းသည် သူတို့၏ မျက်လုံးများကို ချင်ရွှမ်ကန်းထံသို့ ပို့ထားကြပြီး သူတို့၏ နှလုံးသားများက ဆက်လက် ခုန်ပေါက်နေဆဲ ဖြစ်သည်။ ထိုလူသည် အလွန် ထူးကဲလှသည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည်ဟု ထင်မှတ်ရပြီး မင်းသား၏ ဘေးတွင်ပင် ယှဉ်၍ လျှောက်လာခဲ့သူ ဖြစ်သည်။ သူ၏ စွမ်းအားများ ပေါက်ကွဲထွက်သည့် အခါတွင် ကောင်းကင်ဘုံ စွမ်းအားများကဲ့သို့ ထင်မှတ်ရပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံထားကာ လူတိုင်းကို သဏ္ဌာန်မဲ့ ဖိအားများ ခံစားရစေသည်။
သို့ဆိုလျှင် ဤသည်က ရီဖူရှင်း၏ ဝှက်ဖဲ ဖြစ်နေသည်လား။
သူက ကျို့ချိုးကလန်နှင့် ကျုံးကလန် တို့ကို စော်ကား၍ အားလုံးသော အင်အားစုများကို ရန်စရဲသည်မှာ မထူးဆန်းတော့ချေ။
လူအုပ်ကြီးထဲမှ ယွင်ထန်နှင့် ယွင်နီသည် သူတို့၏ လက်သီးများကို ကျစ်ကျစ် ဆုပ်ထားလိုက်ကြပြီး အလွန် စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် အမှန်တကယ် မျှော်လင့်ချက် ရှိပြီဟု ထင်မှတ်ရသည်။
ရီဖူရှင်းသည် သွေးနဂါးဘုံမှ ဖြစ်သောကြောင့် သူ၏ ဆရာသည်လည်း သွေးနဂါးဘုံတွင် ကျိန်းသေ ထိပ်သီး ပုဂ္ဂိုလ် ဖြစ်ပေလိမ့်မည်။ ကြည့်ရသည်မှာ သူက ကောင်းကင် အာဏာ စက်ဘုံတွင်လည်း ကျော်ကြား လာပုံရသည်။ ထို့အပြင် သူသည် မင်းသား ချီယို၏ ဘက်မှ ဖြစ်သည်။ သို့သော် မင်းသားသည် မည်သည့်ဘက်ကိုမှ ကူညီရပ်တည် ပေးလိမ့်မည် မဟုတ်ဘဲ သူတို့သည် ကိုယ့်ပြဿနာ ကိုယ်ရှင်း ရပေလိမ့်မည်။
သို့ရာတွင် သူတို့ သိချင်မိသည်က ရီဖူရှင်း၏ ဆရာသည် တစ်ယောက်တည်းနှင့် သူတို့အားလုံးကို ရင်ဆိုင်နိုင်သည်လား သိချင် ကြပေသည်။
ကျုံးကလန်၏ ပြန်လည်မွေးဖွားခြင်း အဆင့်များသည် ချင်ရွှမ်းကန်းကို စူးစိုက်ကြည့် နေကြသော်လည်း တိတ်ဆိတ်စွာ ရှိနေဆဲ ဖြစ်သည်။ ပြန်လည် မွေးဖွားခြင်း အဆင့် တစ်ယောက်အနေနှင့် သူသည် ချင်ရွှမ်ကန်းထံမှ ပေါက်ကွဲ ထွက်လာသည့် စွမ်းအားများကို ခံစားမိပေသည်။ ထိုသူသည် သူ့ထက်ပို၍ မဟာလမ်းစဉ်ကို နားလည် သဘောပေါက် ဟန်ရ၏။
ကြည့်ရသည်မှာ တော်ဝင်နန်းတော် အတွင်းတွင် နောက်ပိုင်း၌ ကျော်ကြားလာသော ပုဂ္ဂိုလ်သည် သူ့ထက်ပို၍ အစွမ်းထက် ပေသည်။
ထိုအခိုက်၌ ကျုံးကလန်ဘက်တွင် ပုဂ္ဂိုလ်တစ်ဦး ထရပ်လိုက်သည်။ သူသည် သေးသွယ်သော်လည်း ထိုနေရာ၌ ရပ်နေရုံဖြင့်ပင် ကျော်လွှား၍ မရနိုင်သော တောင်တစ်လုံးကဲ့သို့ အလားသဏ္ဌာန် တူပေသည်။
သူ ထရပ်လာသည်ကို မြင်သည့််အခါ လူတိုင်းက အံ့သြတုန်လှုပ် သွားကြပေသည်။
သူတို့သည် နန်းတော်စစ်ဆေးပွဲက ထိပ်သီးပုဂ္ဂိုလ်များ တိုက်ခိုက်သည့် ပွဲအဖြစ်သို့ ပြောင်းလဲသွားပြီလား သိချင်နေကြပေသည်။
ထိုလူသည် ကျုံးကလန် ခေါင်းဆောင် ဖြစ်သည်။ ကျုံးလီသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်၍ ချင်ရွှမ်ကန်းကို စိုက်ကြည့်နေပေသည်။
သူသည် မင်းသားက ထိုပြဿနာကို ဝင်စွက်ဖက်မည့် ရည်ရွယ်ချက် မရှိသည်ကို ခံစားမိသည်။ မင်းသားသည် ကြိုတင်၍ သိရှိထားခဲ့ပြီး ဖြစ်နိုင်သည်။
သူတို့သည် အင်ပါယာချီ၏ လက်အောက်ငယ်သားများ ဖြစ်ပြီး အင်ပါယာကို ခစားကြခြင်းဖြင့် အင်ပါယာ၏ စွမ်းအားကို ကိုယ်စားပြုသည်ဟု ဆုံးဖြတ်နိုင်သည်။ သို့သော် အင်ပါယာသည်လည်း သူတို့ ကိုယ်ကျိုး ရှာနေခြင်းကို သိရှိထားလိမ့်မည်။ မည်သည့် ပြဿနာကိုမှ အများသိ မဖော်ထုတ်ကြရာ မည်သူကမှလည်း ထိုအကြောင်းကို ပြောလိမ့်မည် မဟုတ်ပေ။
သို့ပေမယ် ရီဖူရှင်းသည် ယနေ့တွင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖြစ်စေရန် လုပ်ဆောင်ခဲ့သည်။
တော်ဝင်နန်းတော်သည် အဖြစ်အပျက်များကို စောင့်ကြည့်ရုံသာ ကြည့်နေခဲ့ခြင်း ဖြစ်သည့် အတွက် သူတို့၏ ပြဿနာများကို သူတို့ကိုယ်တိုင် ဖြေရှင်းခွင့်ပြုရန် ရည်ရွယ်သည်မှာ ရှင်းလင်းလာသည်။
သူတို့ ရှုံးနိမ့်ခဲ့လျှင် သူတို့၏ ညံ့ဖျင်းမှုကို အပြစ်တင်ရမည် ဖြစ်ကာ ကောင်းကောင်း ဖြေရှင်းနိုင်လျှင် သူတို့အတွက် အခွင့်အရေးကောင်းများ ရောက်လာနိုင်ပေသည်။
“ခင်ဗျားရဲ့ တပည့်က တကယ်ကို ထူးချွန်ထက်မြက်လှပါတယ် ဆရာချင်” ကျုံးလီက ရိုးရှင်းစွာ ပြောလိုက်သည်။ သူ့အသံက သိပ်မကျယ်သော်လည်း ထိုကျယ်ပြောလှသည့် နေရာမှ လူတိုင်း ရှင်းလင်းစွာ ကြားနိုင်ကြပေသည်။
ချင်ရွှမ်ကန်းနှင့် ရီဖူရှင်းနှစ်ယောက်လုံးက စကားပြောလိုက်သည့် ကျုံးလီကို ကြည့်လိုက်ကြသည်။ ကျုံးလီက ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ဆရာချင်က ကျုံးကလန်နဲ့ ပတ်သက်ပြီး စိတ်မကျေလည်တာ တစ်ခုခု ရှိရင် အဲဒီပြဿနာကို ဖြေရှင်းဖို့ တခြား အခွင့်အရေး တစ်ခု ရှာနိုင်ပါတယ်။ တကယ်လို့ ယွင်ကလန်က မိန်းကလေးအတွက် ရည်ရွယ်တာဆိုရင် တည့်တည့်ပြောလို့ရပါတယ်။ ဆရာချင်ဆီကနေ စကားတစ်ခွန်းပဲ ထွက်လာတာနဲ့ ကျုပ်က အဲဒီမိန်းကလေးကို လက်လွှဲပေးလိုက်မှာပါ။ ဒါပေမဲ့ နန်းတော် စစ်ဆေးပွဲမှာ တန်ခိုးရှင်တွေကို စော်ကားပြီး ကျုံးချိုးကို ဒုက္ခိတ ဖြစ်စေရလောက်အောင်ထိ အဲဒီလို အခြေအနေမျိုး ဖန်တီးဖို့ မလိုလောက်ဘူး ထင်တာပဲ။”
သူတို့၏ အဆင့်တွင် ချင်ရွှမ်ကန်းကသာ တစ်စုံတစ်ယောက်ကို လက်လွှဲပေးဖို့ ပြောခဲ့လျှင် သူက သေချာပေါက် လိုက်နာပြီး ထိုတစ်စုံတစ်ယောက်ကို လက်လွဲှပေးမည်သာ ဖြစ်သည်။
သူ့အမြင်အရဆိုလျှင် ချင်ရွှမ်ကန်းနှင့် ရီဖူရှင်းတို့သည် သူတို့၏ မျက်နှာများကို ဖြတ်ရိုက်၍ သူတို့ကို နင်းခြေခဲ့ခြင်း ဖြစ်သည်။
ချင်ရွှမ်ကန်းသည်လည်း ကျုံးလီ ဆိုလိုချင်သည့် စကား အဓိပ္ပာယ်ကို သိရှိနားလည်ပေသည်။ သူက ကျုံးလီကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ် အရှင်မင်းကြီးဆီကနေ ကျို့ချိုးကလန်နဲ့ ကျုံးကလန်နှစ်ခုလုံးကို ချီးမွမ်းတာကို ကြားခဲ့ရတာပဲ။ နှမြောစရာ ကောင်းတာက အချင်းချင်း တွေ့ဆုံမှုက အစမကောင်းခဲ့ဘူးပဲ။ အရှင်မင်းကြီးက ကျုပ်ကို ကျို့ချိုးကလန်နဲ့ ကျုံးကလန်နဲ့ ဘယ်လို ယှဉ်နိုင်လိမ့်မလဲလို့ မေးဖူးတယ်။ ဒီနေ့ မြင်ရသလောက်တော့ ကျုပ် တကယ်ကို ကျုံးကလန်နဲ့ ယှဉ်နိုင်ဖို့ မမျှော်လင့်တော့ပါဘူး”
ကျုံးလီသည် ချင်ရွှမ်ကန်းကို ကြည့်ကာ မျက်ခုံး ပင့်လိုက်သည်။ ဆိုလိုချင်သည်က ကျုံးကလန်က သူနှင့် မယှဉ်သာအောင် နိမ့်ကျနေသည်ဟု ကျိန်ဆဲလိုက်ခြင်းပေလား။
ချင်ရွှမ်ကန်းသည် ခြေလှမ်းလိုက်ပြီး ဖြေးညင်းစွာ အသေးစိတ် ပြောလိုက်သည်။ “ကျုံးကလန်က သူမ အဲဒီလိုလုပ်ဖို့ အတင်းဖိအား ပေးခံခဲ့ရတယ် ဆိုတာကို သိတယ်။ ပြီးတော့ အဲဒါက မလုပ်သင့်တဲ့ အရာဆိုတာကိုလည်း ခင်ဗျား ဒီမှာပဲ။ ဘယ်သူကပဲ သူမကို ခေါ်လာလာ ခင်ဗျားက အဲဒီမိန်းကလေးကို လွှတ်ပေးပြီး အဲဒီကိစ္စကို စုံစမ်းသင့်တယ်။ အဲဒါက ရှန့်ထိုတစ်ပါး လုပ်သင့်တဲ့ လမ်းစဉ်မလား။ တကယ်လို့ ကျုပ်ကသာ အဲဒီမိန်းကလေးကို လက်လွှဲပေးဖို့ တောင်းဆိုပြီး ခင်ဗျားက လိုက်နာခဲ့တယ်ဆိုရင် အဲဒါက အမှားနဲ့အမှန်ကို အဖြေရှာခြင်း ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်ပိုင်အကျိုးအတွက် မျက်နှာလုပ်တာတော့ ဖြစ်သွားလိမ့်မယ်”
မင်းသားချီယိုသည် ချင်ရွှမ်ကန်း၏ စကားများကို နားထောင်နေပြီး သူ့မျက်နှာထက်တွင် အသိအမှတ်ပြုသည့် အမူအရာတို့ ဖြတ်ပြေးသွားသည်။ မင်းသားသည် သူ၏ စကားမှနေ၍ ကြီးကျယ်ခမ်းနားသည့် အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်ခြင်းကို တွေ့ရှိခဲ့သည်။
“ကျုပ် တပည့်သာ ကျုံးချိုးကို တစ်ချက်တည်းနဲ့ အနိုင်မရခဲ့ဘူးဆိုရင် ခင်ဗျား သူ့ကို သတ်မှာပဲမလား။ ကျုံးချိုးက အဲဒီလို လုပ်ရဲတယ်ဆိုမှတော့ ရှုံးနိမ့်သွားရင်လည်း အကျိုးဆက်ကို လက်ခံဖို့ တုံ့ဆိုင်း မနေသင့်ဘူး။ ဒီအကျိုးဆက်က အမှားနဲ့အမှန်ကို ဆုံးဖြတ်တာ မဟုတ်ဘဲ ကိုယ်ပိုင်စွမ်းအားကို ဆုံးဖြတ်တာ ဖြစ်တယ်။ အဲဒီကိစ္စမှာ သူက ကျုံးကလန်ကို စော်ကားပါတယ်လို့ ဘာလို့ အပြစ်တင်ခံရမှာလဲ။ ခင်ဗျားလုပ်ခဲ့တဲ့ ကိစ္စတွေကပဲ အဲဒီလို စော်ကားခံအောင် ဖြစ်စေခဲ့တာ မဟုတ်ဘူးလား”
ချင်ရွှမ်ကန်းသည် လမ်းလျှောက်လာရင်းက ပြောလိုက်သည်။ သူသည် အမှန်တကယ်ပင် ထိုပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုကို ဖြတ်ကျော်ကာ လျှောက်သွားခဲ့သည်။
ပြန်လည်မွေးဖွားခြင်းအဆင့် ရှန့်ထိုသည် ချင်ရွှမ်ကန်း သူ့ကို ကျော်ဖြတ်ကာ လျှောက်သွားသည်အား တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး သူ၏ အမူအရာက အတော်လေး တောင့်တင်း သွားပေသည်။
ချင်ရွှမ်ကန်းသည် ကျုံးကလန်ဆီသို့ လျှောက်သွားပြီးနောက် ကျုံးကလန် တန်ခိုးရှင်များ ကြား၌ ရပ်နေသော ယွင်ချန်းယွဲ့ကို ကြည့်လိုက်သည်။ သူက မေးလိုက်၏။ “မင်းက ကျုံးကလန်ကို ကိုယ့်သဘော ဆန္ဒအလျောက် သွားခဲ့တာလား”
ယွင်ချန်းယွဲ့က ချင်ရွှမ်ကန်းကို ကြည့်ကာ ပြောလိုက်သည်။ “မဟုတ်ပါဘူး စီနီယာ၊ အဲဒါက ကျွန်မရဲ့ ကိုယ်ပိုင်ဆန္ဒ မဟုတ်ရပါဘူး”
ချင်ရွှမ်ကန်းက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။ “ရီဖူရှင်း ပြောတာတော့ မင်းက သူ့ကို ဆရာအဖြစ် သတ်မှတ် ထားပြီးပြီဆို။ ကျုပ်ကို ‘စီနီယာ’ လို့ သုံးနှုန်းနေတာက သိပ်ပြီး မသင့်တော်ဘူးလို့ မထင်ဘူးလား”
ယွင်ချန်းယွဲ့က မင်သက်သွားပြီးနောက် ချင်ရွှမ်ကန်းကို မော့ကြည့် လိုက်သည်။ သူမ၏ မျက်ဝန်းများက နီရဲသွားပြီး သူမ၏ မျက်လုံးထောင့်များက စိုစွတ် လာပေသည်။ သူမက ဦးညွတ် အရိုအသေပြုကာ ပြောလိုက်သည်။ “ကျွန်မနာမည်က ယွင်ချန်းယွဲ့ပါ ဆရာဘိုးဘိုး”
“ဒီလိုပဲ ဖြစ်သင့်တာပေါ့” ချင်ရွှမ်ကန်းက ပြုံးကာ ခေါင်းညိတ် လိုက်သည်။ “ဒီကိုလာခဲ့”
“ဟုတ်ကဲ့ပါ ဆရာဘိုးဘိုး” ယွင်ချန်းယွဲ့က ရှေ့သို့ လှမ်းလိုက်ပြီး ကျုံးကလန်မှ လူစုကို ဖြတ်လျှောက်ရန် ရည်ရွယ် လိုက်သည်။ သို့သော် လူအများအပြားက သူမ၏ လမ်းတွင် ပိတ်ရပ်ထားပြီး သူတို့ အားလုံးထံမှ လွှမ်းမိုးနိုင်စွမ်းသော ဖိအားများ ထုတ်လွှတ်နေသည်။
ကိစ္စက မပြီးဆုံးသေးပေ။ ကျုံးကလန်၏ ပါရမီရှင် ကျုံးချိုးသည် ဒုက္ခိတဖြစ်သွားခဲ့ပြီ ဖြစ်ရာ ကျုံးကလန်မှ လူများက သူမကို လွတ်လွတ်လပ်လပ် လျှောက်သွားခွင့် မပြုနိုင်ပေ။
ထိုအချိန်တွင် ရုတ်ခြည်းပင် ချင်ရွှမ်ကန်းထံမှ အလွန်ကြောက်မက်ဖွယ် စွမ်းအား အရှိန်အဝါများ ပေါက်ကွဲ ထွက်လာသည်။ သူ၏ မဟာလမ်းစဉ် စွမ်းအားများက သူတို့ ဝန်းကျင်ကို လွှမ်းခြုံထားသည်။ သူဝတ်ထားသော ဝတ်စုံသည် လေမတိုက်ပါဘဲ တဖျတ်ဖျတ် လွင့်နေသည်။
သူသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး မဟာလမ်းစဉ်၏ ရွှေရောင်အလင်းတန်းများက ကောင်းကင်တွင် ပေါ်ပေါက်လာကာ အောက်ဖက်သို့ ထိုးဖောက်ဆင်းသက်လာသည်။ ယွင်ချန်းယွဲ့ ဘေးမှ လူအားလုံးသည် မွန်းကြပ်လှသဖြင့် ညည်းညူလိုက်ကြသည်။ သူတို့၏ မျက်နှာများက ဖြူဖျော့နေပြီး နောက်သို့ ဆုတ်ခွာ သွားကြသည်။
သူတို့ အားလုံးသည် ရှန့်ထိုများ ဖြစ်ကြသည်။
ကျုံးကလန်မှ တန်ခိုးရှင်များသည် မော့ကြည့်လိုက်ပြီး ထိတ်လန့်တုန်လှုပ် သွားကြသည်။ ချင်ရွှမ်ကန်း၏ စွမ်းအားက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
“တကယ်လို့ မင်းတို့ ကျုံးကလန်က လူတွေက ကျုပ်တပည့်ရဲ့ တပည့်ကို ဆွဲထားဖို့ ကြံနေတယ်ဆိုရင်တော့ ခက်ခဲတဲ့ နည်းလမ်းသုံးရမယ့် အတွက် ကျုပ်ကို အပြစ်မတင်ကြပါနဲ့” ချင်ရွှမ်ကန်း၏ အသံက အေးစက်နေပြီး သူက လမ်းဆက်လျှောက် လာသည်။ ထိုတန်ခိုးရှင်များ၏ ဖြူဖျော့နေသော မျက်နှာများတွင် မချင့်မရဲ ဖြစ်နေသည့် သဏ္ဌာန်များ အထင်းသား ပေါ်လွင်နေသည်။ သူတို့သည် ချင်ရွှမ်ကန်း ဆက်လျှောက် လာနေသည်ကို ကြည့်ရုံသာ ကြည့်နေနိုင်သည်။
သူတို့ထဲက မည်သူကမှ ယွင်ချန်းယွဲ့ကို မတားဆီးရဲကြပေ။
အလွန် ကြောက်မက်ဖွယ် ကောင်းသော အထွတ်အထိပ် တန်ခိုးရှင်များသည် တစ်ယောက်တည်း၏ စွမ်းအားနှင့် ထိပ်တန်းအင်အားစုများ အားလုံးကို တားဆီးထားနိုင်ရန်မှာ လုံလောက်သည်ထက် ပိုပေသည်။
“ဆရာချင်၊ ခင်ဗျား ကျုံးကလန်ရဲ့ လူငယ်မျိုးဆက်တွေကို အနိုင်ကျင့်ဖို့ ကျုပ်ရဲ့ ခွင့်ပြုချက် ရှိလား” ကျုံးလီ၏ အသံက အေးစက်နေသည်။ အစွမ်းထက် အရှိန်အဝါက ပေါက်ကွဲ ထွက်လာပြီး ချင်ရွှမ်ကန်းဆီသို့ တိုးဝင် လာသည်။
ကြောက်မက်ဖွယ် အရှိန်အဝါရှိသော များပြားလှသည့် ပြန်လည် မွေးဖွားခြင်း အဆင့်များ လျှောက်လာကြသည်။
သူတို့၏ စွမ်းအားများက ချင်ရွှမ်ကန်းပေါ်တွင်သာမက အချို့သော သူများ၏ စွမ်းအားကလည်း ရီဖူရှင်း ပေါ်သို့ ကျရောက် လာပေသည်။
ထိုသည်မှာ ချင်ရွှမ်ကန်းက ကျုံးကလန်မှ လူများကို ဆန့်ကျင်ရဲပါက သူတို့က ရီဖူရှင်းကို တစ်ခုခုလုပ်လိမ့်မည်ဟု ခြိမ်းခြောက်ခြင်း ဖြစ်ပေသည်။
အခုအချိန်တွင် ကျုံးလီအတွက် ကိစ္စများက ခက်ခဲလွန်းပေသည်။
အကယ်၍ သူတို့သာ ဤအခြေအနေကို မကိုင်တွယ်နိုင်ပါက သူတို့သည် အင်ပါယာ ချီနယ်မြေတွင် အောင်မြင်မှုတို့ ရနိုင်တော့မည် မဟုတ်သည့်အပြင် လက်ရှိ အဆင့်အတန်းကိုပင် ဆုံးရှုံး သွားရနိုင်ပေသည်။
သူတို့သာ လက်လျှော့လိုက်လျှင် သူတို့သည် ချောက်ထဲသို့ ပြုတ်ကျ သွားရတော့မည် ဖြစ်သည်။
ချင်ရွှမ်ကန်းသည် သူတို့၏ နေရာကို ယူ၍ အင်ပါယာချီနယ်မြေ၏ အင်အားစုအသစ် ဖြစ်လာ ပေလိမ့်မည်။
ပုံရိပ်တစ်ခုက ရီဖူရှင်း၏ ဘေး၌ ထွက်ပေါ်လာသည်။ ထိုသူက ဝူယုံးပင် ဖြစ်၏။ သူ၏ ပြင်းထန်သော အရှိန်အဝါတို့ ပေါက်ကွဲထွက်လာပြီး ကျုံးကလန်၏ လူများပေါ်သို့ ကျရောက် သွားခဲ့သည်။
များပြားလှသော အရှိန်အဝါများက လူအုပ်ကြီးအတွင်းမှ တစ်ချိန်တည်း ပေါက်ကွဲ ထွက်လာပြီး သူတို့အားလုံးသည် လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ တစ်ယောက်ပြီး တစ်ယောက်သည် ကောင်းကင်သို့ တက်ကာ စင်မြင့်ပေါ်သို့ ရောက်ရှိ လာကြသည်။
ဘုန်း…
သူတို့ထဲမှ တစ်ယောက်သည် နေမင်း၏ နတ်ဘုရားမီးလျှံများနှင့် လွှမ်းခြုံထားသည်။ သူ၏ မျက်လုံးများက ငရဲမီးများကဲ့သို့ လောင်ကျွမ်းနေသည်။ ထိုသူသည် မျိုးနွယ်စုကိုးခု၏ ကျူးကလန်မှ ကျူးခုန် ဖြစ်လေသည်။
“မြို့စား” ကျူးခုန်သည် ရီဖူရှင်း၏ နောက်တွင် ရပ်ရင်း လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုလိုက်သည်။ ထိုအချိန်တွင် ကျူးခုန်သည် ရီဖူရှင်းကို ဆန့်ကျင်နေခြင်း မရှိတော့ပေ။ သူသည်လည်း ရီဖူရှင်း၏ အလားအလာကို မြင်တွေ့နိုင်စွမ်း ရှိခဲ့ပြီ ဖြစ်သည်။ သူ၏ အချိန်များကို ရီဖူရှင်းကို လျှို့ဝှက်ကြံစည်၍ ကုန်ဆုံးရခြင်းထက် ရိုးရှင်းစွာ စောင့်ဆိုင်းနေခြင်းက ပို၍ ဉာဏ်ရှိခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ရီဖူရှင်းသည် အချိန်နှင့်အမျှ အစွမ်းထက်လာနေပြီး သူက သူတို့ကို ထိန်းချုပ်ဖို့ရာ အချိန်အကုန်ခံလိမ့်မည် မဟုပေ။ သူသည် သူတို့ကို အခွင့်အလမ်းများပင် စီစဉ် ပေးနိုင်သေးပေသည်။
“မြို့စား” နောက်ထပ် တစ်ယောက်လည်း ထွက်ပေါ်လာပြန်သည်။ သူသည် ပြန်လည် မွေးဖွားခြင်းအဆင့် ဖိအားများကို ထုတ်လွှတ်ထားသည့် ကျူးချွယ့်ကလန်ခေါင်းဆောင် ဖြစ်သည်။
“မင်း ဒီကို ရောက်နေမလားလို့ ငါ တွေးမိပေမယ့် တကယ် တွေ့ရလိမ့်မယ်လို့ မမျှော်လင့် ထားဘူး။ ဒါပေမဲ့ ဘာလဲ၊ မင်းကို ဒီမှာလည်း မင်းနဲ့ အဆင့်တူ တစ်ယောက်ယောက်က စိန်ခေါ် နေပြန်ပြီလား။ ဒီအနိုင်ကျင့်တဲ့ကောင်ကတော့” အသံတစ်ခုကို ကြားပြီးနောက် ဓားစွမ်းအားများကို ခံစားမိလိုက်သည်။ ဓားအရှိန်အဝါသည် လေထဲတွင် လွှမ်းခြုံထားပြီး မရေတွက်နိုင်သည့် ဓားသမားများက စင်မြင့်ဆီသို့ လျှောက်လာနေသည်။
ထိုလူစုကို ဦးဆောင်လာသူမှာ ဓားအင်ပါယာနန်းတော်မှ ဖေမင် ဖြစ်သည်။
များစွာသော လူများသည် စင်မြင့်ထက်သို့ တဖွဲဖွဲ တက်ရောက် လာကြသည်။ ထိုလူများထဲတွင် ရင်ထျန်းကျောက်လည်း ပါဝင်သည်။ သူမက စင်မြင့်ဆီသို့ လျှောက်လာသောအခါ အခြား လူအများအပြားလည်း လိုက်ပါလာပြီး သူမနှင့် နီးကပ်စွာ နေနေရင်း ပြောလိုက်သည်။ “မင်းသမီး”
သွေးနဂါးဘုံမှ လာရောက်ကြသူများမှာ တကွဲတပြားဖြစ်သွားပြီးနောက် အင်ပါယာချီနယ်မြေတွင် ပွဲတော်ကြီး ကျင်းပသည်ကို ကြားသည့်အခါ အချင်းချင်း တွေ့ဆုံနိုင်ရန် ဤနေရာသို့ လာခဲ့ကြခြင်း ဖြစ်သည်။
သူတို့သည် ရီဖူရှင်းနှင့် မမျှော်လင့်ဘဲ တွေ့ဆုံကြခြင်း ဖြစ်ပေသည်။
တန်ခိုးရှင်တစ်စုလည်း ထွက်ပေါ်လာပြီး သူတို့သည် ရီဖူရှင်း၏ ဘေးသို့ သွားရောက် ခဲ့ကြသည်။ ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်များ တစ်ယောက်ပြီး တစ်ယောက် အဆက်မပြတ် ရောက်ရှိလာနေသည့် ဟန်ပေါ်သည်။
အင်ပါယာချီနယ်မြေမှ လူများသည် ဤအလှည့်အပြောင်းကို ဝေခွဲမရစွာ ကြည့်နေကြပေသည်။
ဤအခြေအနေမျိုးတွင် ကျုံးကလန်မှ လူများသည် အမှန်တကယ် ဆန့်ကျင် တိုက်ခိုက် ကြဦးမည်လား။
***