အခန်း (၁၃၉)

နဂါးသုတ်သင်ဓားသိုင်း

အခန်း (၁၃၉) နဂါးသုတ်သင်ဓားသိုင်း

နဝမတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် ကျန်းလန် ဆရာဖြစ်သူကို အရင်ဆုံးသွားရောက်နှုတ်ဆက်လိုက်သည်။

ထို့နောက် နဝမတောင်ထွတ်ခန်းမဆောင်သို့ သန့်ရှင်းရေးပြုလုပ်ရန် ထွက်ခွာလာခဲ့သည်။ ခန်းမဆောင်သို့ သွားရာလမ်းတစ်လျှောက် ခြုံနွယ်ပိတ်ပေါင်းများကိုလည်း ရှင်းလင်းရဦးမည် ဖြစ်သည်။

အချိန် (၁)နှစ်ခန့် သန့်ရှင်းရေးမလုပ်ရသောကြောင့် လမ်းတစ်ခုလုံး ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေပြီ ဖြစ်သည်။

နဝမတောင်ထွတ်တွင် မည်သူမှ မနေထိုင်ကြသော်လည်း ကျန်းလန်ကတော့ အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ထားလေ့ရှိသည်။

သူနေထိုင်ရာ ခြံဝန်းထဲတွင်လည်း ကျန်းလန်က ပန်းပင်များ သပ်သပ်ရပ်ရပ် စိုက်ပျိုးပေးထားသည်။

ကိုယ်နေထိုင်ရာပတ်ဝန်းကျင်က လှပသန့်ရှင်းနေလျှင် စိတ်လည်း ကြည်လင်သည် မဟုတ်ပါလား။

သန့်ရှင်းရေးပြုလုပ်ပြီးနောက် ကျန်းလန်က နဝမတောင်ထွတ်ရင်ပြင်တွင် သူ ယခင်က ပြုလုပ်ထားသည့် အစီအရင်များကို ဖယ်ရှားပစ်လိုက်သည်။

ယခုဆိုလျှင် ကျန်းလန်က အစီအရင်ပညာ ကျွမ်းကျင်ပညာရှင်အဆင့် မရောက်သေးသည့်တိုင် နက်နဲသောအစီအရင်များကို နားလည်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် ကလေးဆန်လွန်းပြီး စွမ်းအားနည်းပါးသည့် ယခင်အစီအရင်များကို ဖယ်ရှားပစ်လိုက်ခြင်း ဖြစ်သည်။

အချိန် (၂)ရက်ခန့် သေသေချာချာ စဉ်းစားပြီးနောက် ရင်ပြင်ထက်တွင် အစီအရင်အသစ်များကို စတင်တည်ဆောက်လိုက်သည်။

ကျန်းလန်က နဝမတောင်ထွတ်တစ်ခုလုံးကို အစီအရင်များ ပြုလုပ်ပြီး ဖုံးလွှမ်းထားရန် ရည်ရွယ်ချက် မရှိပေ။

နဝမတောင်ထွတ်၏ ခန်းမဆောင် ၊ ရင်ပြင် ၊ သူနေထိုင်သည့် အဆောက်အဦနှင့် မရဏဂူများတွင် အစီအရင်များ ပြုလုပ်ထားရန် ကျန်းလန်က စဉ်းစားထားသည်။

ဒေါ်လေးမြောင်ယွဲ့ထံမှ အတုယူစရာများစွာ ရရှိခဲ့သည်။

တောင်ကုန်းထက်မှ ဖုံးကွယ်ထားသည့် လျှို့ဝှက်အစီအရင်ကို ကျန်းလန် အတော်လေး သဘောကျသည်။

ထိုသို့သောအစီအရင်မျိုးကို ပြုလုပ်ရန်ခက်ခဲသော်လည်း အခြေခံပုံကြမ်းတည်ဆောက်ရန် ကျန်းလန်အတွက် အချိန်ရှိသေးသည်ဟု ဆိုနိုင်သည်။

ပုံကြမ်းအရင်တည်တောက်ပြီး နောက်ပိုင်းမှ ဖြည်းဖြည်းချင်း အဆင့်မြှင့်တင်ခြင်းများကို ပြုလုပ်ရမည် ဖြစ်သည်။

ထိုသို့ဖြင့်…

(၄)လဆိုသည့်အချိန်က မြစ်ရေပမာ ခဏတာအတွင်း စီးဆင်းကုန်ဆုံးသွားလေသည်။

ယနေ့တော့ ဆရာဖြစ်သူက ကျန်းလန်ထံသို့ စာတစ်စောင်ပို့လာလေသည်။

အဋ္ဌမတောင်ထွတ်တွင် နဂါးသုတ်သင်ဓားသိုင်း သွားရောက်သင်ယူရန် အချိန်ကျပြီဟု ဆရာဖြစ်သူက လှမ်းအကြောင်းကြားခြင်း ဖြစ်၏။

နဂါးသုတ်သင်ဓားသိုင်း၏ အနှစ်သာရကို သိရှိနားလည်လိုပါက ကျန်းလန်အနေဖြင့် အားလပ်ချိန်ရောက်မှ သွားရောက်သင်ယူခြင်းထက် အချိန်တစ်ခု သေသေချာချာ စီစဉ်ပြီး သွားရောက်သင့်လေသည်။

မရဏဂူတွင် သူပြုလုပ်နေသည့် အစီအရင်က အရေးကြီးသည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် သူက ဆက်လက်မလုပ်ဆောင်တော့ဘဲ အဋ္ဌမတောင်ထွတ်သို့ သွားရန် ရွေးခြယ်လိုက်သည်။

သင်ယူရမည့်အချိန်တွင် သွားရောက်သင်ယူရမည် ဖြစ်သည်။

ပြောထားပြီးမှ သူ့ဘက်က ပျက်ကွက်သည်ဆိုလျှင် မျက်နှာပျက်ရမည့်သူက ဆရာဖြစ်သူ ဖြစ်နေပေလိမ့်မည်။

သူ၏ အစီအရင်က ပြီးလုနီးပါး ဖြစ်နေပြီ ဖြစ်၏။ အခြေခံပုံကြမ်းကို အကြမ်းဖျင်း တည်ဆောက်ပြီးသွားပြီ ဖြစ်သည်။

ယခု ကျန်းလန်က အစီအရင်များအားလုံးကို ကိုယ်ပိုင်နားလည်တတ်ကျွမ်းမှုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ရင်ပြင်ထက်မှ အစီအရင်က တိုက်ခိုက်မှုများကြောင့် ထွက်ပေါ်လာသည့် စွမ်းအားများကိစုပ်ယူနိုင်သည့် ခုခံမှုအစီအရင်ကို ပြုလုပ်ထားခြင်း ဖြစ်သည်။

အစီအရင်က စွမ်းအားများကို စုပ်ယူပြီး မြေကြီးအောက်တွင် သိုလှောင်ထားမည် ဖြစ်သည်။ ပြီးမှ အားပြောင်းအားလွှဲပညာဖြင့် စွမ်းအားများကို အခြားတစ်နေရာသို့ တစ်ဆင့်ပြန်လည် လွှဲပြောင်းပေးမည် ဖြစ်သည်။

ထို့ပြင် လွန်ခဲ့သည့်လအနည်းငယ်ခန့်က သူနေထိုင်သည့်အဆောက်အဦ ခြံဝန်းထဲတွင်လည်း မက်မွန်ပင်များကို ကျန်းလန် စိုက်ပျိုးထားသည်။

ယခုဆိုလျှင် ခြံဝန်းတစ်ခုလုံး မက်မွန်ပင်များနှင့် ပြည့်နက်နေပြီး ဝင်ပေါက်ကို ရှာဖွေရန်ပင် ခက်ခဲနေပြီ ဖြစ်သည်။ ဤသည်က ကျန်းလန် ပြုလုပ်ထားသည့် မက်မွန်ဝင်္ကပါ အစီအရင် ဖြစ်၏။

မရဏဂူတွင်လည်း ရှုတ်ထွေးလွန်းသည့် အစီအရင်တစ်ခုကို ပြုလုပ်ထားသည်။ ထိုအစီအရင်ထဲတွင်တော့ ကာကွယ်မှုရော တိုက်ခိုက်မှုပါ ပါဝင်သည်။

အရေးကြီးဆုံးမှာ အစီအရင်ကို အချက်ပြစနစ်ထည့်သွင်းထားခြင်း ဖြစ်သည်။

မရဏဂူသို့ တစ်စုံတစ်ယောက် ခိုးဝင်လာသည်နှင့် ကျန်းလန် ချက်ချင်း သိရှိမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျန်းလန် တစ်ယောက်တည်းကျင့်ကြံနေစဉ်တွင် ပြဿနာ ရှိနိုင်တော့မည် မဟုတ်ပေ။

သို့သော် အစီအရင်တွင် အချက်ပြစနစ်ထည့်သွင်းခြင်းက အချိန်ပိုမိုလိုအပ်လေရာ အစီအရင်က ပြီးဆုံးခြင်း မရှိသေးပေ။

ထို့ကြောင့် စေ့စပ်ပွဲပြီးမှသာ ဆက်လုပ်နိုင်တော့မည် ဖြစ်သည်။

စေ့စပ်ပွဲပြီးလျှင်တော့ အင်မော်တယ်ဖြစ်သည်အထိ တစ်ယောက်တည်းကျင့်ကြံရန် ဆုံးဖြတ်ထားသည်။

ယခုလောလောဆယ်မှာတော့ နဂါးသုတ်သင်ဓားသိုုင်းကို သွားရောက်သင်ယူရမည် ဖြစ်သည်။

သူ့တွင် တာအိုနားလည်ခြင်းလက်ဖက်ခြောက် တစ်ခါစားရန် ကျန်ရှိနေသေးသည်။

အချိန် (၈)လအတွင်း နဂါးသုတ်သင်ဓားသိုင်း၏ အနှစ်သာရကို နားလည်သဘောပေါက်အောင် ကြိုးစားရန် လုံလောက်ပေလိမ့်မည်။

“ဆရာ…”

နဝမတောင်ထွတ်အစွန်းသို့ ရောက်ရှိလာပြီး ကျန်းလန်က ဆရာဖြစ်သူကို လေးလေးစားစားဖြင့် နှုတ်ဆက်လိုက်သည်။

မော့ကျန်းသုန့်က…

“နဂါးသုတ်သင်ဓားသိုင်းကို မင်း သင်ယူချင်တာ သေချာသလား…”

ကျန်းလန်က ခေါင်းညိတ်ပြလိုက်ရင်း…

“ဆရာ စိတ်မပူပါနဲ့… ၊ ကျွန်တော် နဂါးမျိုးနွယ်တွေကို စိန်ခေါ်ဖို့ ဒီဓားသိုင်းသင်ယူတာ မဟုတ်ပါဘူး…”

မော့ကျန်းသုန့် မျက်ခုံးတစ်ချက် ပင့်လိုက်၏။

သူက ကျန်းလန် နဂါးမျိုးနွယ်များကို စိန်ခေါ်မည်ကို စိုးရိမ်ခြင်း မဟုတ်ပေ။

တပည့်ဖြစ်သူက နဂါးများကို ရင်ဆိုင်ရန်အတွက် နဂါးသုတ်သင်ဓားသိုင်း သင်ယူထားသည်ကို သူက သဘောပင်ကျသေးသည်။

သို့သော် အဓိကအချက်မှာ ကျန်းလန် လက်ထပ်ရမည့်မိန်းကလေးက နဂါးမျိုးနွယ် ဖြစ်သည်။

မတော် လင်မယား (၂)ယောက် ရန်ဖြစ်ကြပါက ထိုဓားသိုင်းဖြင့် တိုက်ခိုက်မည်ဆိုလျှင် ပြဿနာ ရှိလာနိုင်သည်။

မော့ကျန်းသုန့်က…

“ကျန်းလန်… ငါ မင်းကို မေးစရာ ရှိတယ်…”

ကျန်းလန်က…

“မေးလေ… ဆရာ…”

မော့ကျန်းသုန့်က…

“မင်းသိတဲ့အတိုင်း… လင်နဲ့မယားလျှာနဲ့သွားဆိုတာ ရှိတယ်လေ… လင်ရယ် မယားရယ်ဖြစ်လာရင် ရန်ဖြစ်ကြမှာပဲ… ၊ အဲဒီအချိန်ကျ ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ မင်းနဲ့ ရန်ဖြစ်တဲ့အခါ မင်းဘက်က နဂါးသုတ်သင်ဓားသိုင်းကို အသုံးပြုမှာလား…”

“………………”

ဆရာဖြစ်သူ မေးသည့်မေးခွန်းကြောင့် ကျန်းလန် ဆွံ့အသွားသည်။

အရင်ကလည်း ဆရာက ထိုသို့သောမေးခွန်းမျိုး မေးခဲ့ဖူးသေးသည် မဟုတ်လား။

သူ့ပုံစံက လင်မယားရန်ဖြစ်ရုံဖြင့် တုတ်ဆွဲ ဓားဆွဲ လုပ်မည့်ပုံစံ ပေါက်နေလေသလား…။

“မဟုတ်တာ… ဆရာကလည်း… အစိုးရိမ်လွန်နေပြန်ပြီ…”

သူသာ လုန်ယွိကို တကယ်တမ်း သတ်ဖြတ်ချင်သည်ဆိုလျှင် နဂါးသုတ်သင်ဓားသိုင်းကိုပင် တကူးတက သင်ယူနေမည် မဟုတ်ပေ။

နွားရိုင်းကိုးကောင်စွမ်းအားဖြင့် တစ်ချက်တည်းထုကာ အမှုန့်ချေပစ်လိုက်ရုံသာ ရှိသည်။

မော့ကျန်းသုန့် မည်သည့်မေးခွန်းမှ ထပ်မမေးတော့ပေ။

ကျန်းလန်က သူ့ကိုယ်သူနားလည်နိုင်စွမ်း ရှိသူပဲလေဟု တွေးတောရင်း မော့ကျန်းသုန့် စိတ်သက်သာရာ ရသွားသည်။

သို့သော် ရုတ်တရက် ကျန်းလန်၏ ခန္ဓာကိုယ်ပေါ်တွင် ဖုံးကွယ်ထားသည့် မြူခိုးလွှာတစ်ခုကို သတိပြုလိုက်မိသည်။

သူ့တပည့်က ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာလား…။

“ဒါ မြောင်ယွဲ့ သင်ပေးလိုက်တဲ့ ပညာပဲ ဖြစ်ရမယ်…”

မော့ကျန်းသုန့် တွေးလိုက်သည်။

ထို့နောက် မော့ကျန်းသုန့်က ဓားမြှောင်ငယ်တစ်လက်ကို ကျန်းလန်ရှိရာသို့ ကမ်းပေးရင်း…

“ဒါလေးကို ယူသွား… ၊ ဒါလေးက မင်းကို အဋ္ဌမတောင်ထွတ်က တောင်သခင်ဆီကို ခေါ်သွားပေးလိမ့်မယ်… ၊ သူက ခွန်လွန်တောင်မှာ နဂါးသုတ်သင်ဓားသိုင်းကို တတ်မြောက်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပဲ…”

အဋ္ဌမတောင်ထွတ်၏ တောင်သခင်…။

သူပညာသင်ဖို့အတွက် ဆရာဖြစ်သူက တောင်သခင်(၂)ပါးထံမှာ အကူအညီတောင်းခဲ့ရသည်တဲ့လား…။

ဆရာဖြစ်သူက ထိုမျှကူညီပေးလိမ့်မည်ဟု ကျန်းလန် ထင်မထားမိပေ။

ခွန်လွန်တောင်တွင် တပည့်တစ်ယောက်ကို ထိုမျှဂရုစိုက်သည့်ဆရာဆို၍ အနည်းငယ်သာ ရှိနိုင်သည်။

ကျန်းလန် ဓားငယ်လေးကို လှမ်းယူလိုက်ရင်း…

“ကျေးဇူးတင်ပါတယ် ဆရာ…”

ထို့နောက် ကျန်းလန် အဋ္ဌမတောင်ထွတ်သို့ ထွက်ခွာလာခဲ့လေတော့၏။

မော့ကျန်းသုန့်ကတော့ ထွက်ခွာသွားသည့် ကျောပြင်ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ကျန်ရစ်ခဲ့သည်။

“အင်း… ဂိုဏ်းတူညီမလေးမြောင်ယွဲ့ကတော့ ငါ့တပည့်လေးကို ဘာတွေသင်ပေးလိုက်သေးလဲ မသိဘူး…”

သူ့တပည့် လူတော်လူကောင်းလေးတော့ အတတ်ကောင်းတွေတတ်ကာ ပျက်စီးရပေတော့မည်။

ပြီးတော့ အဋ္ဌမတောင်ထွတ်သို့ ပညာသင်ရန်မှာလည်း လွှတ်သာလွှတ်လိုက်ရသည် ကျိုးကျုန်းထျန်းက ဘယ်လို အတတ်ကောင်းတွေ သင်ပေးလိုက်ဦးမည်လဲ မဆိုနိုင်ပေ။

………………

ကျန်းလန် ဓားကိုစီးနှင်ပြီး အဋ္ဌမတောင်ထွတ်သို့ ထွက်ခွာလာခဲ့သည်။

သူက တာအိုလက်တွဲဖော်ကိစ္စနှင့်ပတ်သက်ပြီး ဆရာဖြစ်သူကို အနည်းငယ် တီးခေါက်ကြည့်ချင်မိသည်။

ပြီးမှ ပဉ္စမတောင်ထွတ်မှ ဆရာဒေါ်လေးမြောင်ယွဲ့အကြောင်း မသိမသာဖြင့် ပြောပြပြီး ဆရာဖြစ်သူ၏ တုန့်ပြန်မှုကို စောင့်ကြည့်ရန် စဉ်းစားထားသည်။

သို့သော် ယခုအချိန်မှာတော့ မသင့်တော်သေးပေ။ သူ အချိန်ယူရဦးမည် ဖြစ်သည်။

ကျန်းလန် အဋ္ဌမတောင်ထွတ်သို့ ရောက်သည်အထိ မရပ်မနား ဓားကို စီးနှင်ကာ ပျံသန်းလာခဲ့သည်။

သူက ကတိုက်ကရိုက်ပျံသန်းလာခြင်း မဟုတ်ပေ။ သူ့လက်ထဲမှ ဓားငယ်လေးက သူ့ကို ခေါ်ဆေင်သွားခြင်း ဖြစ်သည်။

ထို့ကြောင့် အလွန်အမင်း လျှင်မြန်နေခြင်း ဖြစ်၏။

“ဘုန်း…”

ကျန်းလန် ရေကန်တစ်ခုအနားသို့ ပြုတ်ကျလာသည်။

သူ ချက်ချင်းပင် ဖုန်များခါလိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။

ထိုစဉ်…

“ဂိုဏ်းတူမောင်လေး…”

သူ့ကိုခေါ်လိုက်သည့် ရင်းနှီးသည့်အသံတစ်သံကို ကျန်းလန် ကြားလိုက်ရသည်။ ထိုအသံက မိန်းကလေးသံ ဖြစ်၏။

သူလှည့်ကြည့်လိုက်သည့်အခါ သစ်သားဓားတစ်လက်ကို ကိုင်ထားသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။

ကျန်းလန် အံ့အားသင့်သွားပြီး…

“ဂိုဏ်းတူအစ်မ ရှောင်ယွိ…”

ဟု နှုတ်ဆက်လိုက်သည်။

ရှောင်ယွိက တတိယတောင်ထွတ်က မဟုတ်ဘူးလား…။ အဘယ့်ကြောင့် အဋ္ဌမတောင်ထွတ်သို့ ရောက်ရှိနေရပါသနည်း။

သူမလည်း ဓားသိုင်းသင်ယူရန် အဋ္ဌမတောင်ထွတ်သို့ ရောက်ရှိနေခြင်းလား။

ထို့နောက် ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။

ထိုအခါ အဋ္ဌမတောင်ထွတ်၏ တောင်သခင်ကို တွေ့လိုက်ရလေ၏။

ရေကန်နံဘေးတွင် အဆောင်ငယ်လေးတစ်ခု ရှိလေသည်။ ထိုအဆောင်ငယ်လေးထဲတွင် ကျိုးကျုန်းထျန်း ငုတ်တုတ်ထိုင်လျှက် ရှိသည်။

သူက ကျန်းလန်ကို ကြည့်နေလေသည်။

ကျန်းလန်က ချက်ချင်းပင် ဦးညွှတ်ဂါရဝပြုလိုက်ရင်း…

“ကျန်းလန် ဆရာဦးလေးကို ဂါရဝပြုပါတယ်…”

ကျိုးကျုန်းထျန်း၏ လက်ထဲတွင် သေရည်အိုးတစ်အိုး ကိုင်ထားသည်။

သူ့ဆံပင်များက ရှုတ်ပွနေပြီး မျက်နှာကလည်း မဲသဲညစ်ပတ်လျှက် ရှိသည်။

မျက်ဝန်းများကတော့ အိပ်ချင်မူးတူးဖြစ်နေဟန်ပင်။ ကြည့်ရသည်မှာ ယခုမှ အိပ်ယာက နိုးလာဟန် ရှိသည်။

သူက ကျန်းလန်ကို သေသေချာချာကြည့်ရင်း အကဲခတ်နေ၏။

ကျန်းလန်ထံမှ ဓားဝိညာဉ်အငွေ့အသက်များ ခံစားရခြင်း လုံးဝမရှိပေ။

ကျိုးကျုန်းထျန်းက…

“မင်းရဲ့ဆရာပြောတာတော့… မင်းက နဂါးသုတ်သင်ဓားသိုင်း သင်ချင်လို့ဆို…”

ထိုသတင်းကိုကြားစက သူ အတော်လေး အံ့သြမိသည်။

နဂါးသုတ်သင်ဓားသိုင်းက သင်ယူရန် မလွယ်ကူပေ။ လိုအပ်ချက်များအားလုံးနှင့် ပြည့်စုံလျှင်တောင်မှ သင်ယူနိုင်ရန် ခက်ခဲလှသည်။

ထိုသို့သာ မခက်ခဲပါက တပည့်များအားလုံး ထိုဓားသိုင်းကို ဝိုင်းဝန်းသင်ယူကြပေလိမ့်မည်။

နဂါးသုတ်သင်ဓားသိုင်းကိုသင်ယူရန်မှာ ကံကောင်းမှသာ သင်ယူနိုင်မည် ဖြစ်သည်။ ထို့ပြင် နဂါးမျိုးနွယ်များအပေါ် လုံလောက်သည့် နားလည်မှုရှိရန်လည်း လိုအပ်သည်။

နဂါးတစ်ကောင်ကိုပင် တွေ့မြင်ဖူးသူ မဟုတ်ပါက ထိုဓားသိုင်းကို သင်ယူရန် မဖြစ်နိုင်ပေ။

ကျန်းလန်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့…”

ကျန်းလန်က နဂါးသုတ်သင်ဓားသိုင်းကို စနစ်မှ ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် တကယ်တမ်းတွင် ထိုဓားသိုင်းက ခွန်လွန်တောင်တွင် အစကတည်းက ရှိနေသည့် အထင်ကရဓားသိုင်းတစ်မျိုး ဖြစ်သည်။

ထိုဓားသိုင်းက ဒဏ္ဍာရီထဲမှ ဓားသိုင်း ဖြစ်၏။

ထိုဓားသိုင်းကို နားလည်နိုင်သူသာလျှင် ဓားသိုင်းကို သင်ယူနိုင်မည်ဖြစ်ပြီး နားမလည်နိုင်ပါက သင်ယူနိုင်မည် မဟုတ်ပေ။

သို့သော် ထိုဓားသိုင်းကို နားလည်ရန်မှာလည်း အလွန်ခက်ခဲသည်။ ဓားသိုင်းကို သင်ယူနိုင်ရန်အတွက် လိုအပ်ချက်များကလည်း များစွာရှိသည်။

“ဒီကိုလာခဲ့…”

ကျိုးကျုန်းထျန်းက ကျန်းလန်ကို ရေကန်အနားသို့ လှမ်းခေါ်လိုက်သည်။

ရေကန်နားရောက်သည့်အခါ ရေကန်နံဘေးတွင်ထိုင်နေသည့် အဋ္ဌမတောင်ထွတ်မှ တပည့်များစွာကို တွေ့လိုက်ရသည်။ မိန်းကလေးများရော ယောကျ်ားလေးများပါ ရှိနေကြလေသည်။

သူတို့ ကျင့်ကြံနေကြသည်လား သို့မဟုတ် အခြား မည်သည့်အလုပ် လုပ်နေကြသည်လဲ ကျန်းလန် သိရှိခြင်း မရှိပေ။

ရေကန်နားသို့ ရောက်သည်နှင့် ကျိုးကျုန်းထျန်းက လက်တစ်ဖက်ဝှေ့ရမ်းလိုက်သည်။

ကန်ရေပြင်က ချက်ချင်းပင် လှိုင်းများပြင်းထန်လာပြီး ရေကန်ထဲမှ ကြီးမားသည့် နဂါးပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

“ဗွမ်း…”

ဦးချိုတစ်ချောင်းရှိသည့် မိစ္ဆာနဂါးကြီးတစ်ကောင် ရေကန်ထဲမှ ထိုးဖောက်ထွက်လာပြီး လေထဲတွင် ရပ်တန့်နေလေ၏။

နဂါးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးက သွေးနီရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး နဂါးလက်သည်း (၄)ခုစလုံးမှ ချွန်ထက်လျှက် ရှိသည်။

နဂါးကြီး၏ တန်ခိုးစွမ်းအားကတော့ အံ့မခန်း ဖြစ်လေသည်။

ရုတ်တရက် မိစ္ဆာနဂါးကိုတွေ့လိုက်ရသောကြောင့် ကျန်းလန် ချက်ချင်း သတိအနေအထား ဖြစ်သွားသည်။

“အရမ်းစွမ်းအားကြီးမားတာပဲ… ၊ အနည်းဆုံး အင်မော်တယ်အဆင့်ရှိမယ်ထင်တယ်…”

သွေးနီရောင်မိစ္ဆာနဂါးကြီးကိုကြည့်ပြီး ကျန်းလန် အံ့သြတုန်လှုပ်နေမိသည်။

ရေကန်အောက်တွင် မိစ္ဆာနဂါးကြီးတစ်ကောင်ရှိနေမည်ဟု ကျန်းလန် အာရုံမခံခဲ့မိပေ။

ထို့ပြင် ထိုနဂါးကြီးကို ခေါ်ထုတ်လိုက်သူမှာ အဋ္ဌမတောင်ထွတ်၏ တောင်သခင် ဖြစ်၏။

မိစ္ဆာနဂါးကို ထိန်းချုပ်နိုင်သည့် အဋ္ဌမတောင်ထွတ်၏ တောင်သခင်က အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားလွန်းလှသည်။

ယခုတော့ နဂါးမျိုးနွယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲတွင် ကျိုးကျုန်းထျန်းက နဂါးမျိုးနွယ်များကို စိန်ခေါ်ရဲခြင်းကို ကျန်းလန် မအံ့သြတော့ပေ။

“လာ… မင်း ရှိသမျှအစွမ်းနဲ့ ဒီကောင်ကြီးကို တိုက်စမ်းကွာ…”

ကျိုးကျုန်းထျန်း၏ အသံ ထွက်ပေါ်လာသည်။

ရှောင်ယွိက ကျန်းလန်နံဘေးတွင် မတ်တတ်ရပ်ရင်း မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

သူမလည်း ထိုတိုက်ပွဲကို ကြည့်ရှုရန် မျှော်လင့်နေမိသည်။

နောက်ဆုံးတော့ နဂါးသုတ်သင်ဓားသိုင်းကို သူမ မျက်ဝါးထင်ထင် တွေ့မြင်ရတော့မည် မဟုတ်ပါလား။


Comment

Leave a Reply


Options

not work with dark mode
Reset