ရီဖူရှင်းနှင့် သူတို့ ကျုံးကလန်သို့ ရောက်ရှိသွားခဲ့ပြီး အိမ်တော်မှ အစောင့်များ၏ တားဆီးခြင်းကို ခံခဲ့ရသည်။
ရီဖူရှင်းက ယွင်ထန်နှင့် ယွင်နီကို ဖြည်းညင်းစွာ ခေါင်းညိတ် ပြလိုက်ပြီးနောက် အစောင့်များ၏ ရှေ့သို့ လျှောက်သွားကာ ပြောလိုက်သည်။ “ကျုပ်တို့က လော့မြို့ ယွင်ကလန်က လာတာပါ။ မကြာသေးခင်က ကျုပ်တို့ရဲ့ မိန်းကလေး ယွင်ချန်းယွဲ့က ဒီအိမ်တော်ကို ဝင်လာခဲ့တယ်။ သူတို့က သူမရဲ့ အဘိုးနဲ့ အမေပါ။ ကျေးဇူးပြုပြီး ကျုပ်တို့ ရောက်နေတဲ့ အကြောင်း သတင်းလေး ပို့ပေးပါ”
ကျုံးကလန်နှင့် ကျို့ချိုးကလန်သည် တူညီသော စွမ်းအားအဆင့်တွင် ရှိပြီး ပြန်လည် မွေးဖွားခြင်းအဆင့် လေးယောက် ပိုင်ဆိုင်ကြသည်။ သို့သော် တော်ဝင်မြို့တွင် နန်းတော်စစ်ဆေးပွဲ ကျင်းပနေသည့် အတွက် အင်ပါယာ ချီနယ်မြေမှ လူအားလုံးသည် တော်ဝင်မြို့သို့ ဦးတည် သွားကြမည် ဖြစ်သောကြောင့် ကျုံးကလန် ခေါင်းဆောင်သည် အိမ်တော်၌ မရှိနိုင်ပေ။ ယွင်ချန်းယွဲ့သာ ကျုံးကလန်၌ ရှိနေပါက သူတို့က သူမကို ခေါ်ဆောင် လာပေလိမ့်မည်။
ရီဖူရှင်း၏ စကားများကို ကြားပြီးနောက် အစောင့်၏ အမူအရာက အတော်လေး ယဉ်ကျေး သွားခဲ့သည်။ သူက အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။ “မိန်းကလေး ချန်းယွဲ့ အိမ်တော်ကို ရောက်ရောက်ချင်း သခင်လေးချိုးက သူမကို အတူခေါ်သွားပါတယ်။ သူတို့ အခု တော်ဝင်မြို့က နန်းတော် စစ်ဆေးပွဲမှာ ရှိနေပါလိမ့်မယ်။ အိမ်တော်မှာပဲ သူတို့ကို စောင့်နေမယ် ဆိုရင်တော့ ကျွန်တော် သတင်းပို့ ပေးနိုင်ပါတယ်”
“မလိုတော့ပါဘူး၊ ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ပြန်ဖြေကာ လှည့်ထွက် လိုက်သည်။ ယွင်ထန်နှင့် ယွင်နီသည်လည်း သူ ဆိုလိုသည်ကို နားလည်ကာ သူနှင့် လိုက်ပါလာကြသည်။
ယွင်နီသည် အတော်လေး ဖြူဖျော့နေခဲ့သည်။ ချန်းယွဲ့က ဒီကို ရောက်ရောက်ချင်း ကျုံးချိုး ရွေးချယ်တာကို ခံခဲ့ရတာလား။
“ချန်းယွဲ့က ဒီမှာမရှိဘူး။ နန်းတော် စစ်ဆေးပွဲမှာတဲ့။ သူမ ဘာမှတော့ မဖြစ်လောက် သေးပါဘူး” ရီဖူရှင်းက ခပ်တိုးတိုးပြောလိုက်သည်။ ယွင်နီက ခေါင်းညိတ်လိုက်၏ သူမတွင် ထိုသို့ စဉ်းစားရုံကလွဲ၍ ရွေးချယ်စရာမရှိပေ။ သူမက ကိုယ့်ကိုယ်ကိုယ် စိတ်သက်သာစေရန် ကြိုးစားနေရသည်။
ရီဖူရှင်းက ထိုကိစ္စကို သူ ဖြေရှင်းမည်ဟု ပြောသော်လည်း သူက အမှန်တကယ် ချန်းယွဲ့ကို ကယ်တင် နိုင်ပါမည်လား။
ယခု မရေတွက်နိုင်သော အဆင့်မြင့် တန်ခိုးရှင်များက နန်းတော် စစ်ဆေးပွဲအတွက် စုဝေး နေကြသည်။ သူတို့ လေးယောက်လုံး ရှန့်ထိုအဆင့် ဖြစ်နေလျှင်ပင် အရေးသာနိုင်မည့် အခြေအနေ မရှိပေ။
သူမကို သူတို့ မည်ကဲ့သို့ ကယ်တင်ရမည်နည်း။
သူတို့လေးယောက်သည် တော်ဝင်မြို့သို့ လျင်မြန်စွာ ဦးတည် လိုက်ကြသည်။
ခဏအကြာတွင် သူတို့သည် နန်းတော် အပြင်ဘက်သို့ ရောက်ရှိလာပြီး အဝေးရှိ သူတို့ အရှေ့မှ အလုပ်ရှုပ်နေကြသော လူအုပ်ကြီးကို မြင်တွေ့ရလေသည်။ ဤကြီးမား ကျယ်ပြောလှသည့် နေရာတွင် တန်ခိုးရှင်များက နေရာအနှံ့ တကွဲတပြား ရှိနေကြပေသည်။
တော်ဝင်မြို့ရှိ နန်းတော် စစ်ဆေးပွဲသည် အင်ပါယာချီနယ်မြေတွင် အကြီးမားဆုံး ပွဲတော်ကြီး ဖြစ်သည်။
ရီဖူရှင်းက လူအုပ်ကြီးအတွင်းသို့ ရောနှော ဝင်ရောက်လိုက်သည်။ သူ့အရှေ့တွင် တော်ဝင်နန်းတော် အပြင်ဘက်၌ ကြိုတင်ပြင်ဆင်ထားသည့် ရှေးဟောင်း ရွှေရောင်လမ်းကို ခင်းကျင်းထားပြီး ယင်းသည် ဝင်္ကပါစီရင်ထားသော ကြီးမားသည့် မြေကွက်လပ်ကြီးဆီသို့ ဦးတည်ထားသည်။ တောက်ပသည့် အစီအရင်ပုံစံများက ယင်း၏ မျက်နှာပြင်ထက်တွင် ရေးထွင်းထားသည်။ ထိုနေရာတွင် တန်ခိုးရှင်များ တိုက်ခိုက်ကြပေသည်။
အခြားသုံးဘက်တွင် များပြားလှသော တန်ခိုးရှင်များ တိုက်ပွဲကို ကြည့်ရှုရန် အထူးတန်းများလည်း ရှိသည်။ အင်ပါယာချီနယ်မြေမှ အစွမ်းထက်ဆုံး ကလန်မိသားစုများက ရှေ့တန်းတွင် ထိုင်ကြပေသည်။
ထိုအချိန်တွင် လူအုပ်ကြီးက ဆူညံဆူညံ ဖြစ်နေသည်။ များပြားလှသော တန်ခိုးရှင်များက အံ့အားတသင့် ပြောနေကြသည်။
ရီဖူရှင်းသည် အသံကိုလိုက်၍ ထိုနေရာသို့ ကြည့်လိုက်သည်။ သူသည် အထူးတန်းတွင် လက်ကို နောက်ပစ်ကာ ရပ်နေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်သည်။ သူ၏ အနေအထားက ထူးချွန်ထက်မြက်ပုံ ရသည်။
“သံသယမရှိ ကျို့ချိုးယန်က နယ်မြေအတွင်းမှာ အထူးချွန်ဆုံးလူပဲ။ သူ့ရဲ့ ထူးချွန်မှုတွေက ကျုံးချိုးပဲ သူ့ကို ယှဉ်နိုင်မယ်” လူအများက မှတ်ချက် ချလိုက်သည်။
ရီဖူရှင်းသည် လူများ၏ ချီးမွမ်းသံကို ကြားလျှင် အထူးတန်းတွင် ရှိနေသည့် ထိုသာမန်နှင့် မတူသော လူငယ်ကို ကြည့်လိုက်သည်။ သူ့ အဝတ်အစားများက လေနှင့်အတူ ဝဲလွင့်နေသည်။
“သူက ကျို့ချိုးယန်။ ကျို့ချိုးကလန်နဲ့ လီနတ်ဓားကလန်ကို လက်ထပ်ဖို့အကြောင်းပြောတော့ သူတို့က ကျို့ချိုးယန်နဲ့ လီရို့ရွှမ်းကို ရည်ရွယ်ကြတာ။ သူက အင်ပါယာ ချီနယ်မြေမှာ အထူးချွန်ဆုံး တန်ခိုးရှင် တစ်ယောက်ပဲ” ယွင်ထန်က ရှေ့ကို ဆက်လျှောက်နေရင်း ရီဖူရှင်းကို ပြောလိုက်သည်။ သူသည် အထူးတန်းရှိ ရှေ့ဆုံးမှ ဧည့်သည်တော်များ ထိုင်ခုံသို့ စိုးရိမ်ပူပန်စွာ ကြည့်နေပြီး တစ်စုံတစ်ခုကို ရှာဖွေနေသည်။
မကြာခင်မှာပင် ယွင်ထန်သည် ကျုံးကလန်မှ တန်ခိုးရှင်များ ရှိရာနေရာကို ရှာတွေ့ခဲ့၏။ သူ၏ မျက်လုံးများက ထိုနေရာရှိ ရင်းနှီးနေသော ပုံရိပ်လေးထံတွင် ကျရောက် သွားသည်။
“ချန်းယွဲ့”
ယွင်ထန်သည် အထူးတန်းမှ ပြိုက်ဘက်ကင်း ပုဂ္ဂိုလ်ကို လျစ်လျူရှူကာ သူ၏ မျက်လုံးများက ကျက်သရေရှိလှသည့် ပုံရိပ်လေး ယွင်ချန်းယွဲ့ ထံတွင်သာ ကျရောက်နေသည်။
“ချန်းယွဲ့” ယွင်နီသည်လည်း သူမကို မြင်တွေ့ပေသည်။
ရီဖူရှင်းသည် ယွင်ချန်းယွဲ့ကို မြင်သည့်အခါ အတော်လေး တည်ငြိမ်နေသည်။ သူမသည် ထိုနေရာတွင် တိတ်ဆိတ် ငြိမ်သက်စွာ ရပ်နေသည်။ သူမ၏ ဘေးတွင် မရေတွက်နိုင်သော အစွမ်းထက် တန်ခိုးရှင်များ ရှိသည်။ ဖြူဖျောသော အသားအရေနှင့် ချောမောသည့် လူငယ် တစ်ယောက်က သူမ၏ ရှေ့တွင် ထိုင်နေသည်။ သူ၏ အသားအရေက အမျိုးသမီး တစ်ယောက်ထက်ပင် ညှို့ယူ ဖမ်းစားနိုင်လောက်အောင် နူးညံ့ ချောမွေ့နေသည်။ သူသည် အတော်လေးကို မိန်းမဆန်သည့် အသွင်ရှိသည်။ သူသည် တိုက်ပွဲကွင်းပြင်ကို စောင့်ကြည့်နေသည်။ အေးစိမ့်မှုက သူ၏ အေးစက်၍ တည်ငြိမ်သော မျက်ဝန်းတို့မှ ဖြာထွက်နေသည်။
သူသည် ကျုံးကလန်၏ ကျုံးချိုး ဖြစ်လိမ့်မည်။ သူ၏ ပြိုင်ဘက်ကင်း အရှိန်အဝါက သူ၏ ကျင့်ကြံမှုနှင့် သက်ဆိုင်ပေမည်။
“မိန်းကလေး…ကျွန်တော့် အထင်တော့ ချန်းယွဲ့ အဆင်ပြေပါတယ်” ယွင်နီက ထိုနေရာသို့ ဦးတည် နေသည်ကို မြင်သည့်အခါ ရီဖူရှင်းက သူမကို ခေါ်လိုက်သည်။ ယွင်နီက ပြန်လှည့်လာပြီး သူ့ကို ကြည့်လိုက်သည်။
“အခု ချန်းယွဲ့က အဲဒီမှာ ရှိနေတယ်။ အချိန်ခဏလောက်တော့ သူမ ဘာမှ ဖြစ်ဦးမှာ မဟုတ်ဘူး” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ ယွင်နီက ခေတ္တမျှ ရပ်တန့်သွားပြီး ခေါင်းညိတ် လိုက်သည်။ ထိုသည်ကို သူမလည်း သိရှိပေမယ့် သူမ၏ သမီးထိုနေရာတွင် ရပ်နေရသည်ကို ကြည့်ရင်း သူမ၏ နှလုံးသားက ကြေကွဲသွားသလို ခံစားနေရပေသည်။
“ဆရာ ကျွန်မတို့ ဘယ်လိုလုပ်သင့်လဲ” ယွင်နီက မေးလိုက်သည်။
ရီဖူရှင်းက တွေးတောနေသည့် အချိန်တွင် လူတစ်ယောက်ကို မြင်၍ သတိပြုမိ လိုက်သည့်အခါ ရုတ်ချည်းပင် တစ်ခဏ ရပ်တန့်သွားသည်။
သူ့ ရှေ့တွင် ဂုဏ်သရေရှိ ဧည့်သည်တော်များ ထိုင်ခုံတန်းတွင် ထိုင်နေသည့် တန်ခိုးရှင်အချို့ ရှိနေသည်။ လူငယ်တစ်ယောက်၏ ဘေးတွင် ထိုင်နေသည့် ရင်းနှီးသည့် ပုဂ္ဂိုလ်ကို မြင်လိုက်ရသည်။
“မင်းလည်း ဒီမှာလား” အသံတိုးတိုးက ရီဖူရှင်း၏ နားထဲသို့ တိုးဝင်လာသည်။ ရုတ်ချည်းပင် အပြုံးတစ်ခုက ရီဖူရှင်း၏ မျက်နှာထက်တွင် ပေါ်ပေါက်လာသည်။ သူသည် အဝေးမှ ပြန်ဖြေလိုက်၏။ “ဆရာ ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ”
ထိုနေရာ၌ ထိုင်နေသ့် သူသည် သူ၏ ဆရာ ချင်ရွှမ်ကန်းပင် ဖြစ်တော့သည်။
“လေဟာနယ် ခရီးသွား ဝင်္ကပါက ပျက်စီးသွားပြီးတော့ ငါတို့တွေ တကွဲတပြား ဖြစ်သွားခဲ့တယ်။ အချင်းချင်း ရှာဖို့ ခက်ခဲမယ်လို့ တွေးပြီးတော့ ငါ တော်ဝင်မြို့ကို တိုက်ရိုက်လာပြီး တော်ဝင် နန်းတော်ထဲ ဝင်ခဲ့တာ။ အဲဒါက မင်းတို့နဲ့ တွေ့ဆုံဖို့ ပိုလွယ်လိမ့်မယ်လေ။ မင်းရဲ့ အစ်ကိုတွေလည်း ဒီမှာ ရှိနေတယ်။” ချင်ရွှမ်ကန်းက ပြုံးကာ ပြောလိုက်သည်။ ရီဖူရှင်းက မော့ကြည့်လိုက်လျှင် ဆရာ၏ နောက်တွင် မုချွန်းယန်နှင့် လုချွန်ကို မြင်လိုက်ရသည်။
မုချွန်းယန်နှင့် လုချွန်သည် သူတို့ ဆရာနောက်တွင် နှစ်ပေါင်းများစွာ လိုက်လာသူများ ဖြစ်သည့် အလျောက် ဆရာ့အကြောင်းကို ကောင်းကောင်းသိသူများ ဖြစ်သည်။ သူတို့သည် အလျင်အမြန် လှုပ်ရှားခဲ့ကြသည့် အတွက် ရီဖူရှင်းထက် စောကာ ဆရာနှင့် တွေ့ဆုံခဲ့ကြပေသည်။
“ဝူယုံး မနေ့က ရောက်လာတယ်။ သူက မင်းရဲ့ ဘယ်ဘက်မှာ” ချင်ရွှမ်ကန်းက ပြောလိုက်သည်။ ရီဖူရှင်းက ဘယ်ဘက်ကို ကြည့်လိုက်လျှင် လူအုပ်ကြားထဲ တိုးဝှေ့ကာ ရှေ့ဆက်သွားနေသည့် ဝူယုံးကို မြင်သည်။
“တခြားဘယ်သူတွေ ဒီမှာ ရှိသေးလဲ” ရီဖူရှင်းက မေးလိုက်သည်။
“ကျုပ်လည်း သေချာမသိဘူး။ ဒါပေမဲ့ ဒီနေ့က အင်ပါယာ ချီနယ်မြေရဲ့ နန်းတော် စစ်ဆေးပွဲနေ့ ဆိုတော့ အဲဒီသတင်းကို ရတဲ့ ဘယ်သူမဆို ဒါက ပြန်တွေ့ဆုံဖို့ ကောင်းတဲ့ အခွင့်အရေးဆိုတာ သိသင့်တယ်” ဝူယုံးက ပြောလိုက်သည်။
“ဟုတ်တယ်”
ရီဖူရှင်းသည် စိတ်သက်သာရာရစွာ ခံစားလိုက်ရသည်။ သူက သူ့ဘေးမှ ယွင်ထန်ကို မေးလိုက်သည်။ “ကျွန်တော်တို့ ရှေ့က လူတွေက တော်ဝင် မိသားစုဝင်တွေလား”
“ဟုတ်တယ်” ယွင်ထန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ “အင်ပါယာချီရဲ့ မင်းသားမင်းသမီးတွေ အားလုံးလည်း ပွဲတော်ကို ကိုယ်တိုင် တက်ရောက် ကြရတယ်လေ။ အင်ပါယာချီလည်း ရောက်လာလိမ့်မယ်။ မင်းသားတွေရဲ့ နောက်က လူတွေ အားလုံးက တော်ဝင်နန်းတော်က ဖြစ်ပြီး လေးစားရမယ့် ပုဂ္ဂိုလ်တွေချည်းပဲ”
ရီဖူရှင်းသည် နောက်ဆုံး၌ စိတ်သက်သာရာ ရသွားခဲ့သည်။ သည်မတိုင်ခင်က သူသည် အရာအားလုံးကို အန္တရာယ် ကင်းကင်းနှင့် မည်သို့ ဖြေရှင်းရမည်ကို စိုးရိမ်ပူပန် နေခဲ့သည်။ သို့သော် ယခုတွင် သူသည် စိတ်ပူနေရန်မလိုအပ်တော့ပေ။
အနိုင်ယူရန် ခက်ခဲသော ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့် ဖြစ်သည့် သူ၏ ဆရာက ဤနေရာတွင် ရှိနေသည်။ သူ သွားသည့် နေရာတိုင်းတွင် သူသည် အင်ပါယာချီ၏ တော်ဝင်နန်းတော်မှပင်လျှင် ဂုဏ်သရေရှိ ဧည့်သည်တော် အဖြစ် ဆက်ဆံရပေသည်။
မင်းသား၏ ဘေးတွင် ထိုင်နေရင်း သူသည် လူတိုင်းကို လွယ်ကူစွာ သတိပြုမိနိုင်သည်။ ထိုသည်က အမှန်တကယ် ထက်မြက်လှသည့် အကြံဉာဏ်ပင် ဖြစ်သည်။
“စီနီယာ၊ စိတ်လျှော့ ထားလိုက်လို့ ရပါပြီ။ သွေးနဂါးဘုံက ကျွန်တော်တို့ လူတွေ အများကြီး ဒီမှာ ရောက်နေကြပြီ။ ချန်းယွဲ့ ဘာမှဖြစ်မှာမဟုတ်ပါဘူး” ရီဖူရှင်းက ယွင်ထန်ကို ပြောလိုက်သည်။
ယွင်ထန်က ရပ်တန့် သွားသည်။ သူသည် ရီဖူရှင်းက သွေးနဂါးဘုံမှ လာခြင်းဖြစ်ကာ သွေးနဂါးဘုံ၏ မင်းသားနှင့် အတူ လာခြင်း ဖြစ်သည်ကို သိရှိပေသည်။
ယခု သွေးနဂါးဘုံမှ တော်ဝင်စစ်သည်များလည်း ရောက်ရှိနေသည်ဟု ဆိုလိုသည်လား။
ထိုအတွေးက သူ့ကို ကြီးစွာသော မျှော်လင့်ချက် ဖြစ်စေခဲ့သည်။ ရီဖူရှင်း၏ စကားလုံးများက သူ့ကို ပြန်၍ ယုံကြည်မှု ရှိလာစေသည်။
ရီဖူရှင်းသည် ချက်ချင်း မလှုပ်ရှားသော်လည်း လူအုပ်ထဲမှ အရာအားလုံးကို တိတ်တဆိတ် စူးစမ်း နေခဲ့ပေသည်။
နန်းတော်စစ်ဆေးပွဲကို ကျို့ချိုးကလန်နှင့် ကျုံးကလန်မှ ဦးဆောင် ကျင်းပပေးရခြင်း ဖြစ်သည်။ ကျို့ချိုးကလန်နှင့် ကျုံးကလန်သည် မည်သူ့ကို ရွေးချယ်မည်ဆိုသည်အား ဆုံးဖြတ်ပိုင်ခွင့် ရှိလေသည်။ အားလုံးသော အင်အားစုများက အချင်းချင်း ပူးပေါင်းကြပြီး
နောက်ဆုံးတွင် အင်ပါယာ ချီနယ်မြေမှ အရည်အချင်းအရှိဆုံး ရှန့်ထိုအဆင့် တန်ခိုးရှင်များက နန်းတော် စစ်ဆေးပွဲတွင် စုဝေး လာကြပေသည်။ သူတို့သည် အချင်းချင်း တိုက်ခိုက် ကြပြီး သူတို့၏ အရည်အချင်းများကို ထုတ်ပြကြလိမ့်မည်။
နောက်ဆုံးမှာတော့ ကျို့ချိုးကလန်နှင့် ကျုံးကလန်က အင်ပါယာချီက မည်သူ့ကို ဆင့်ခေါ် သင်ကြားပေးမည်ကို ဆုံးဖြတ်ချက်ချကြပေမည်။
ထိုသည်ကပင် ကျို့ချိုးကလန်နှင့် ကျုံးကလန်တို့သည် အချက်အချာ အဖြစ် အင်အား ကြီးမားလာခြင်း ဖြစ်ကာ ဤကလန်နှစ်ခုသည် အင်ပါယာ ချီနယ်မြေတွင် ထိပ်ဆုံးအဖြစ် ရပ်တည် နေနိုင်ခြင်း ဖြစ်သည်။
အားလုံးသော တန်ခိုးရှင်များသည် စစ်ဆေးပွဲကို ဖြတ်ကျော်နိုင်ရန် ပြင်ဆင်နေပြီး နန်းတော် စစ်ဆေးပွဲတွင် တိုက်ခိုက်နေစဉ်အတွင်း စွမ်းရည်များကို ကောင်းမွန်စွာ ပြသကြသည်။ သို့သော် မည်သူကမှ ကျို့ချိုးကလန်မှ ကျို့ချိုးယန်နှင့် ကျုံးကလန်မှ ကျုံးချိုးကို မကျော်လွှားနိုင်ကြပေ။ အချိန်တိုင်းပင် အထူးတန်းမှ သူတို့ကို ပရိတ်သတ်များက ချီးကျူးနေသည်အား ကြားနိုင်ပေသည်။
များပြားလှသော လူများသည် ထိုလူနှစ်ဦး၏ ပါရမီကို ချီးကျူး လေးစားကြပြီး သူတို့၏ ရည်မှန်းချက် ပန်းတိုင်အဖြစ်ပင် သတ်မှတ်ကြပေသည်။ သို့သော် သူတို့က နန်းတော်စစ်ဆေးပွဲကို မတက်ရောက်လျှင်ပင် အင်ပါယာချီ၏ တပည့်ဖြစ်လာပြီး သင်ကြားပေးမှု ခံရမည်ကို လူအများက သိရှိကြသည်။ ထို့ကြောင့် သူတို့သည် နန်းတော်စစ်ဆေးပွဲတွင် သူတို့၏ စွမ်းရည်များကို ပြသ သင့်ပေသည်။
ရီဖူရှင်းသည် လျှို့ဝှက် ဆက်သွယ်လိုက်ပြီး စုံစမ်းမှုတချို့ ပြုလုပ်ခဲ့သည်။
ထိုအချိန်တွင် ချင်ရွှမ်ကန်း၏ ဘေးမှ မင်းသား ချီယိုက သူ့ကို မေးလိုက်သည်။ “ဆရာ၊ ဒီနေ့ နန်းတော်စစ်ဆေးပွဲ တက်ရောက်တဲ့ တန်ခိုးရှင်တွေကို ဘယ်လိုထင်ပါလဲ”
မင်းသားသည် သူ့အပေါ်တွင် အလွန် လေးစားမှု ထားပေသည်။ တော်ဝင်နန်းတော်၌ ချင်ရွှမ်ကန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်၌ မင်းသားသည် သူ၏ ကျင့်ကြံရေး ဗဟုသုတများနှင့် သူ၏ အရှိန်အဝါတို့ကို အထင်ကြီး လေးစားခဲ့သည်။ မင်းသားသည် ချင်ရွှမ်ကန်းကို သူ၏ ဆရာဖြစ်လာစေရန် ဖိတ်ကြားခဲ့သည်။ ချင်ရွှမ်ကန်းသည် သူ့ကို လမ်းညွှန် ပေးပါမည်ဟု သတိပေး ခဲ့သော်လည်း သူက ဤနေရာတွင် အကြာကြီး နေမည်မဟုတ်ဟု ပြောကြားခဲ့သည်။
“သူတို့ရဲ့ စွမ်းဆောင်ရည်က ကျေနပ်စရာပါပဲ” ချင်ရွှမ်ကန်းက ပြောလိုက်သည်။ “ဒါပေမဲ့ သူတို့က သိပ်ပြီးတော့ မသန်မာဘူး”
“ဘယ်လိုလူမျိုးကို ပြောချင်တာလဲ ဆရာ” မင်းသားချီက မေးလိုက်သည်။
“ပြောဖို့ခက်တယ်။ ဒါပေမဲ့ အရှင်မင်းသား မကြာခင် နားလည်သွားမှာပါ။” ချင်ရွှမ်ကန်းက ပြန်ဖြေလိုက်သည်။
“ဆရာ့ရဲ့ စံနှုန်းက အရမ်းမြင့်မယ် ဆိုတာ ကျွန်တော် ပြောနိုင်တယ်။ ဆရာ ဘာကို ဆိုလိုချင်နေလဲ ဆိုတာ အကြမ်းဖျင်းတော့ ခန့်မှန်းမိပါတယ်။ ဒါပေမဲ့ ဒီမှာ မြင်တွေ့ဖို့ အခွင့်အရေး ရှိပါ့မလား ကျွန်တော်လည်း မသိဘူး” မင်းသားချီက ရယ်မောကာ ပြောလိုက်သည်။
“ဆရာချင်ရဲ့ အမြင်က သိပ်မြင့်လွန်းတော့ နန်းတော် စစ်ဆေးပွဲက ဘယ်သူ့ကိုမှ မျက်လုံးထဲ မဝင်ဘူးထင်တယ်။ ဆရာချင် ပြောနေတာ ဘယ်လိုလူမျိုးလဲ ကျွန်တော် စပ်စု ကြည့်ချင်ပါတယ်” မင်းသားချီနှင့် ချင်ရွှမ်ကန်းကြားမှ စကားတို့ကို ကြားပြီးနောက် ကျို့ချိုးကလန် ခေါင်းဆောင်က ဖြည်းညင်းစွာ ပြောလိုက်သည်။
ထိုကလန် ခေါင်းဆောင်သည် အင်ပါယာချီနယ်မြေ၏ ထိပ်ဖျားတွင် ရပ်တည်နေသူ ဖြစ်ပြီး ကျို့ချိုးယန်သည်လည်း ကလန်အားလုံးကြားမှ တန်ခိုးရှင်များထဲတွင် အရည်အချင်း အရှိဆုံး ဖြစ်သည်။
သို့သော်လည်း ချင်ရွှမ်ကန်း ရောက်ရှိလာပြီးနောက်တွင် အင်ပါယာက တန်ဖိုးထား၍ မင်းသားများက ချစ်ခင် လေးစားကြသည်။ ကျို့ချိုးကလန်၏ ခေါင်းဆောင်သည် အင်ပါယာ၏ ဂုဏ်သရေရှိ ဧည့်သည်တော်က မည်မျှ သန်မာသည်ကို စူးစမ်းလိုပေသည်။
ချင်ရွှမ်ကန်းသည် နန်းတော်စစ်ဆေးပွဲမှ မည်သူမှ သူ၏ သန်မာသော တန်ခိုးရှင် စံနှုန်းနှင့် မကိုက်ညီဟု ဆိုခဲ့သည်။
“ဒီနေ့မှာ တစ်ယောက်ယောက်နဲ့ တွေ့ဖို့ အခွင့်အရေးရမှာပါ” ချင်ရွှမ်ကန်းက ပြောလိုက်သည်။
“တကယ်လား” မင်းသားက ရယ်မောကာ ပြောလိုက်သည်။ “ဒီလိုဆိုရင် ရှေ့ကို သေသေချာချာ ကြည့်နေရတော့မှာပဲ။ နန်းတော်စစ်ဆေးပွဲက ပြီးတော့မယ်။ ဒါပေမဲ့ ဘယ်အရည်အချင်း ရှိတဲ့လူမှ စင်ပေါ်ကို တက်မလာ သေးဘူးမလား”
ထိုသို့ပြောပြီနောက် သယငည် အဝေးသို့ ကြည့်လိုက်သည်။ တိုက်ပွဲများစွာ ပြီးသွားသည့် အချိန်တွင် နန်းတော်စစ်ဆေးပွဲ၌ ပါဝင်သူအားလုံး ထွက်လာ၍ ပြီးသွားပြီ ဖြစ်သည်။
နောက်ဆုံး တန်ခိုးရှင်နှစ်ယောက် ထွက်လာသည်။ တစ်ယောက်မှာ လော့မြို့ ယွင်ကလန်မှ ယွင်မော့ ဖြစ်သည်။ သူ့ကို ကြည့်ရင်း ယွင်ကလန်မှ တန်ခိုးရှင်များက အတော်လေး စိတ်လှုပ်ရှား နေကြသည်။
အခွင့်အရေးက ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့ အားလုံးသည် ယွင်မော့က သူတို့ကို စိတ်မပျက်စေရန် မျှော်လင့် နေကြသည်။
ယွင်မော့သည် ဤတိုက်ပွဲ၌ အမှန်တကယ်ပင် အကောင်းဆုံး ကြိုးစားခဲ့သည်။ သူသည် သူ၏ ရှိသမျှ စွမ်းရည်အားလုံးကို ပြီးပြည့်စုံစွာ ပြသသွားခဲ့ပြီး ထူးခြားအံ့သြဖွယ် စွမ်းဆောင်ရည်နှင့်အတူ ပြိုင်ဘက်ကို အနိုင်ရရှိခဲ့သည်။
တိုက်ပွဲပြီးသည့်နောက်တွင် သူ့မျက်နှာထက်တွင် အပြုံးပေါ် အပြုံးဆင့် နေလေသည်။ သူသည် ယွင်ကလန်မှ တန်ခိုးရှင်များ ရှိရာသို့ ကြည့်လိုက်သည်။
လေပြည်က သူ၏ မျက်နှာကို ဖြတ်တိုက်နေသည်။ သူသည် ထိုနေရာတွင် ရပ်နေနိုင်ခဲ့ပြီး သူ၏ ရည်မှန်းချက်ကို ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။
“တော်တယ်” ကျုံးကလန်မှ တန်ခိုးရှင်တစ်ဦးက မှတ်ချက်ပြုလိုက်သည်။ သူသည် မင်းသားထံသို့ လျှောက်သွားကာ မေးလိုက်သည်။ “အရှင်မင်းသား၊ ဒီနေ့ နန်းတော် စစ်ဆေးပွဲမှာ ပါဝင်တဲ့ ပြိုင်ပွဲဝင်တွေကို ဘယ်လိုထင်ပါလဲ”
မင်းသားချီသည် ချင်ရွှမ်ကန်းကို တစ်ချက်ကြည့်လိုက်ပြီး ကြီးမားသော လူအုပ်ကြီးကို ဝေ့ကြည့်ကာ မေးလိုက်သည်။ “မင်းတို့ရော ဘယ်လိုထင်ကြလဲ”
“ကျွန်တော်တို့ အင်ပါယာချီနယ်မြေမှာ တကယ့်ကို မရေတွက်နိုင်တဲ့ ပါရမီရှင်တွေ ရှိပါတယ်” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ အခြားလူများသည်လည်း သံယောင်လိုက်ကာ ချီးမွမ်း ပြောဆို ကြပေသည်။
“ဒီလိုမျိုးတွေကို နန်းတော်စစ်ဆေးပွဲမှာ ပါဝင်ဖို့ အင်ပါယာချီနယ်မြေ နေရာအနှံ့က အထူး ရွေးချယ်ထားတယ်လို့ ပါရမီရှင်တွေလို့ ခေါ်တာလား” ရုတ်တရက် လူအုပ်ထဲမှ အသံတစ်ခု ထွက်ပေါ် လာသည်။ ယင်းက သိပ်မကျယ်လှသော်လည်း ကြည်လင်ရှင်းလင်း နေသည်။ ထိုစကားသည် လူတိုင်း၏ နားအတွင်း ဝင်ရောက်လာလျှင် ရုတ်ခြည်းပင် ဆူညံနေသော အသံများက တိတ်ဆိတ် ကျသွားလေသည်။
မကြာခင်မှာပင် နေရာတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် သွားခဲ့သည်။
***
Good
Good