အခန်း (၁၃၈) လက်ရေးစုတ်ပြတ်
စေ့စပ်ပွဲက သူ့အတွက် အရေးပါသည့် ကိစ္စတစ်ခု ဖြစ်သည်။
ထို့ကြောင့် ကျန်းလန်အနေဖြင့် စေ့စပ်ပွဲကို လုံး၀ လျစ်လျူမရှုရဲပေ။
သူ လုန်ယွိနှင့် စေ့စပ်ပြီးပါက သူ့အနေဖြင့် သူမကို လုံးလုံးလျားလျား တာဝန်ယူရတော့မည် ဖြစ်သည်။
သူ့တွင် ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်သည့် စွမ်းအားရှိဦးတော့ ယခု စေ့စပ်ပွဲကတော့ ပုံသေသတ်မှတ်ထားသည့် ကိစ္စတစ်ခုပင်။
ထို့ကြောင့် သူ့အနေဖြင့် အလေးအနက်မထားဘဲ မနေဝံ့ပေ။
ဂိုဏ်းတူအစ်မလုန်ယွိက သူ့ကို အထင်သေးနှိမ့်ချပြီး မောက်မာသူတစ်ယောက်ဖြစ်နေလျှင်တောင်မှ သူ့ဘက်က သည်းခံပြီး စေ့စပ်ပွဲကို အလေးအနက်ထားသွားမည် ဖြစ်သည်။
သို့သော် လုန်ယွိကလည်း သူ့အပေါ် ထိုသို့သဘောမထားခဲ့ပေ။ ထို့ကြောင့် သူ့အနေဖြင့် လုန်ယွိကို ပိုမိုတန်ဖိုးထား လေးစားရမည် ဖြစ်၏။
အင်မော်တယ်ဖြစ်လာသည်နှင့် ကျန်းလန်က ပျက်သုဉ်းတစပြင်လောကကြီးကို လှည့်လည်သွားလာရန် ကြံစည်ထားသူ ဖြစ်သည်။
သို့သော် ယခုတော့ သူ့ဘဝထဲသို့ ဝင်ရောက်လာမည့် ဇနီးလောင်းလေး လုန်ယွိရှိလာပြီဖြစ်လေရာ ထိုရည်မှန်းချက်ကိုပင် စွန့်လွှတ်ရတော့မလို ဖြစ်လာသည်။
ထို့ကြောင့် သူ အလေးအနက်ထားသည့် စေ့စပ်ပွဲက မနက်ဖန်တွင် ကျင်းပမည်ဖြစ်ကြောင်း မြောင်ယွဲ့က ပြောလိုက်သည့်အခါ ကျန်းလန် အံ့သြတုန်လှုပ်သွားရခြင်း ဖြစ်သည်။
သူက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ မည်သည့်ပြင်ဆင်မှုမှ ပြုလုပ်ရခြင်း မရှိသေးပေ။
မြောင်ယွဲ့က…
“အချိန် (၂)နှစ်ကြာသွားလို့ လန့်သွားတာလို့ ပြောမယ်ထင်နေတာ…”
ကျန်းလန် မြောင်ယွဲ့ကို စကားပြန်မပြောဘဲ တိတ်ဆိတ်နေလေသည်။
မြောင်ယွဲ့က ဆက်ပြီး မေးခွန်းထုတ်သည်။
“မင်း ကျောက်စိမ်းရေကန်နတ်ဘုရားမကို သဘောကျသလား…”
မေးခွန်းက ဖြေရန်ခက်သည့် မေးခွန်းတစ်ခု မဟုတ်ဟု မြောင်ယွဲ့ ယူဆမိသည်။
ခဏမျှ တုန့်ဆိုင်းနေပြီးမှ ကျန်းလန်က အဖြေပေးလိုက်၏။
“ကျွန်တော် သူ့ကို မမုန်းပါဘူး…”
အရင်တုန်းက ရှောင်ယွိလည်း ထိုသို့သောမေးခွန်းမျိုး မေးခဲ့ဖူးသည်။
သို့သော် သူ အဖြေကို မစဉ်းစားတတ်ခဲ့ပေ။
မြောင်ယွဲ့က…
“မမုန်းဘူးဆိုတော့ သဘောကျတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့…”
ကျန်းလန် တိတ်ဆိတ်သွားသည်။
ထိုသို့ ကောက်ချက်ချနိုင်မလား သူလည်း သေချာမသိရှိပေ။
“ကဲ… မင်း ဘာတွေ နားလည်ခဲ့သလဲဆိုတာ ပြောကြရအောင်… ၊ တကယ်တော့ မင်း တောင်ကုန်းပေါ်တက်သွားတာ အချိန် (၇) လပဲ ရှိပါသေးတယ်… ၊ ဒီတော့… အချိန် (၇)လအတွင်း မင်း ဘာတွေ နားလည်ခဲ့သလဲ…”
မြောင်ယွဲ့က ခမ်းနားသည့် ထိုင်ခုံတစ်ခုထက်တွင်ထိုင်ရင်း အလေးအနက်ထားရမည့်ကိစ္စများကို စတင်ပြောဆိုလာသည်။
ကျန်းလန်က…
“ဟုတ်… တောင်ကုန်းပေါ်မှာ အစီအရင်ပညာတွေကို လေ့လာရတဲ့အတွက် အရင်ကထက်ပိုပြီး အစီအရင်ပညာအကြောင်းကို နားလည်လာပါတယ်… ၊ ကျွန်တော့်ရဲ့ စွမ်းရည်လည်း အရင်ကထက်ပိုပြီးမြင့်မားလာတယ်…”
“အရင်ကထက်ပိုပြီး နားလည်လာသည်” ဆိုသည့် စကားမှလွဲပြီး ကျန်းလန် နောက်ထပ်စကားအများကြီး မပြောရဲပေ။
သူနားလည်ခဲ့သမျှကို စကားထဲထည့်ပြောနေပါက ကိုယ်ရည်သွေးသလို ဖြစ်နေပေလိမ့်မည်။
“ဒီလောက်ကြီးလည်း မနှိမ့်ချစမ်းပါနဲ့… ၊ နည်းနည်းလောက်တော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ပြီး ပြောစမ်းပါ…”
စိတ်ရှုတ်ထွေးနေဟန်ရှိသည့် ကျန်းလန်ကိုကြည့်ပြီး မြောင်ယွဲ့က ရယ်သံစွက်၍ ပြောလိုက်သည်။
ထို့နောက် သူမက…
“ဆရာတွေ… ဒါမှမဟုတ် အကြီးတန်းတပည့်တွေက မာနကြီးတဲ့ တပည့်အငယ်တွေကို နှိပ်ကွပ်ရတာ သဘောကျတယ်… ၊ ဒါပေမဲ့ အဲဒီလို အကြီးတန်းတပည့်တွေရှေ့မှာ မင်းတော်တယ်ဆိုတဲ့အကြောင်း ပြသရတာ မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး… ၊ မင်းတော်လို့ သူတို့က မင်းနဲ့ ယှဉ်ပြိုင်ဖို့ စိန်ခေါ်မယ်ဆိုရင် အတွေ့အကြုံတောင် ရသေးတယ်… ၊ ပြီးတော့ ဒါက မင်းကို အောင်မြင်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တာပဲ မဟုတ်လား…”
ကျန်းလန် တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ဤကိစ္စက အနည်းငယ်ရှုတ်ထွေးသည်ဟု ကျန်းလန် တွေးမိသည်။
သို့သော် နဝမတောင်ထွတ်တွင် ဂိုဏ်းတူအစ်ကို ၊ ဂိုဏ်းတူအစ်မများ မရှိဘဲ သူတစ်ယောက်တည်းရှိလေရာ သူ့အနေဖြင့် ထိုသို့ပြုလုပ်ရန် မလိုအပ်ပေ။
ဆရာဖြစ်သူနှင့်ကတော့ ပြောစရာပင် မလိုတော့ပေ။
သူ ဆရာ့ထံတွင် အေးအေးဆေးဆေးနေလာသည်မှာ နှစ်ပေါင်း (၁၀၀) ကျော်ခဲ့ပြီ ဖြစ်သည်။
သူသာ ရုတ်တရက် ပြောင်းလဲသွားပါက ဆရာဒေါ်လေးမြောင်ယွဲ့က သူ့ကို အတတ်ကောင်းများ သင်ပေးလိုက်သည်ဟု ဆရာဖြစ်သူ တွေးထင်သွားပေလိမ့်မည်။
ထို့ပြင် နဝမတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် သူက ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားရန် ကြိးစားကြည့်မည် ဖြစ်သည်။ ထိုအချက်ကို ဆရာဖြစ်သူက သေချာပေါက် ရိပ်မိပေလိမ့်မည်။
ကျန်းလန်က…
“ဆရာဒေါ်လေး သင်ပြပေးတာ… ကျေးဇူးအများကြီးတင်ပါတယ်…”
မြောင်ယွဲ့ခေါင်းညိတ်ပြလိုက်သည်။
သို့သော် သူမပြောသည့်အတိုင်း ကျန်းလန် လိုက်နာချင်မှ လိုက်နာမည်ကို မြောင်ယွဲ့ သိရှိပြီးသား ဖြစ်သည်။
သူမ၏ဂိုဏ်းတူအစ်ကို မော့ကျန်းသုန့်က ရိုးရှင်းပြီး အရာရာကို တရားသေသတ်မှတ်လွန်းသူ ဖြစ်သည်။ ကျန်းလန်သည်လည်း ဆရာတူတပည့် ဖြစ်မည်လားဟု သူမ သိချင်မိသည်။
“ဖမ်းလိုက်…”
မြောင်ယွဲ့က စာအုပ်တစ်အုပ်ကို ကျန်းလန်ထံသို့ ပစ်ပေးလိုက်ရင်း ပြောလိုက်၏။
ကျန်းလန်က စာအုပ်ကို လှမ်းဖမ်းလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ စာအုပ်တွင် နာမည် ရေးထိုးထားခြင်း မရှိပေ။
“စာအုပ်ကို ဖွင့်လိုက်…”
မြောင်ယွဲ့၏အသံထွက်ပေါ်လာသည်။
ကျန်းလန် ချက်ချင်းပင် စာအုပ်ကို ဖွင့်လိုက်သည်။
စာအုပ်ကိုကြည့်လိုက်သည်နှင့် အစီအရင်ပညာနှင့်ပတ်သက်သော ပုံစံချခြင်းများနှင့် မှတ်စုများရေးသားထားသည်ကို တွေ့လိုက်ရသည်။
“အစီအရင်တွေရဲ့ ဖွဲ့စည်းပုံတွေကို မင်း အတန်အသင့် နားလည်ပြီလို့ ငါ ယူဆတယ်… ၊ ဒီနေ့တော့ မင်းကို အစီအရင်တစ်ခု ဘယ်လိုတည်ဆောက်ရမယ်ဆိုတာ သင်ပြပေးမယ်…”
ထို့နောက် မြောင်ယွဲ့က ထိုင်ရာမှ ထလိုက်ပြီး လက်ဖျောက်တစ်ချက် တီးလိုက်သည်။
“ဖျောက်…”
ထိုအခါ ပဉ္စမတောင်ထွတ်၏ ခန်းမဆောင်ထဲတွင် အလင်းရောင်များ လင်းလက်သွားပြီး ကြီးမားသည့် အစီအရင် အစိတ်အပိုင်းတစ်ခု ထွက်ပေါ်လာသည်။
“ကောင်းမွန်တဲ့ အစီအရင်တစ်ခုကို တည်ဆောက်ဖို့အတွက် အချိန်မှန် ၊ နေရာမှန် ၊ လူမှန် ဖြစ်ဖို့ အရေးကြီးတယ် ၊ ဒါပေမဲ့ မှန်ကန်တဲ့အချိန်ရောက်ဖို့က ခက်ခဲပြီး မှန်ကန်တဲ့နေရာ ရှာဖွေဖို့ကလည်း ခက်ခဲတယ်… ၊ ဒါကြောင့် အစီအရင်ပညာကို လေ့လာတဲ့သူတစ်ယောက်က အချိန်မှန် နေရာမှန်ကို သိရှိဖို့အတွက် အခြေခံအုတ်မြစ် ခိုင်မာဖို့လိုတယ်…. ၊ အဲဒီလိုလုပ်ဖို့အတွက် အစီအရင်ရေးထွင်းခြင်းပညာကို သိထားရမယ်…”
ကျန်းလန် တိတ်ဆိတ်စွာဖြင့် နားထောင်နေသည်။
မြောင်ယွဲ့က အစီအရင်ပညာအကြောင်း ကျန်းလန်ကို အတန်ကြာ ရှင်းပြနေသည်။
ကျန်းလန်ကလည်း သူ့လက်ထဲမှ စာအုပ်ကို တစ်ရွက်ချင်းလှန်ဖတ်ရင်း မြောင်ယွဲ့ပြောသမျှကို နားထောင်ပြီး စိတ်တွင်မှတ်သားနေသည်။
ထိုနေ့မှစပြီး ကျန်းလန်တစ်ယောက် ခန်းမထဲတွင် မတ်တတ်ရပ်လျှက်ဖြင့်ပင် ခန်းမပတ်ဝန်းကျင်တွင်ထင်ဟပ်နေသည့် အစီအရင်ပုံစံများကို ကြည့်လိုက် ၊ လက်ထဲမှ စာအုပ်ကိုကြည့်လိုက်ဖြင့် အစီအရင်ပညာကို အပတ်တကုပ် လေ့လာနေလေတော့၏။
မြောင်ယွဲ့ကတော့ တစ်နေ့လျှင် အချိန်တစ်ချိန်ပေးပြီး ကျန်းလန်ကို သင်ခန်းစာများ ပို့ချပေးသည်။
သူမ သင်ပေးသမျှ ကျန်းလန် နားလည်မည်လား ၊ နားမလည်ဘူးလား ဆိုသည်ကိုတော့ သူမ သိရှိခြင်း မရှိပေ။
ထိုသို့ဖြင့်…
ရာသီများ ပြောင်းလဲခဲ့ပြန်လေသည်။
ဆောင်းရာသီသို့ ဝင်လာခဲ့ပြီး ဆောင်းရာသီ ကုန်ဆုံးသွားခဲ့သည်။
(၅)လဆိုသည့်အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။
ယနေ့တော့ ကျန်းလန်က သူ့လက်ထဲမှ စာအုပ်ကို ပြန်ပိတ်လိုက်သည်။ သူ စာအုပ်တစ်အုပ်လုံးကို နားလည်အောင် ဖတ်ရှုပြီးသွားပြီ ဖြစ်သည်။
ဆရာဒေါ်လေးမြောင်ယွဲ့ကလည်း သူ သိသင့်သိထိုက်သည်များအားလုံးကို ရှင်းလင်းပြောပြခဲ့ပြီး ဖြစ်သည်။
လွန်ခဲ့သည့်ရက်များတွင် ကျန်းလန်က နာမည်ကြီးအစီအရင်များနှင့်ပတ်သက်သည့် တည်ဆောက်မှုများကို ဆက်လက်မလေ့လာတော့ဘဲ ရပ်တန့်လိုက်သည်။
ထို့နောက် သူက အစီအရင်တည်ဆောက်ခြင်း လိုအပ်ချက်များနှင့် အစီအရင်အောင်မြင်ခြင်း ၊ ကျရှုံးခြင်းများကို လေ့လာနေခဲ့သည်။
ဆရာဒေါ်လေးမြောင်ယွဲ့က သူ့ကိုအစီအရင်ပညာသင်ပြပေးရာတွင် ပုံသေကားချပ် သင်ပြပေးခြင်းမဟုတ်ဘဲ ရှေ့ဆက်လေ့လာနိုင်ရန် လမ်းရှည်တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။
ထိုလမ်းကြောင်းရှည်က ကျန်းလန် မည်မျှအထိသွားနိုင်မည်လဲဆိုသည့်အပေါ်မူတည်ပြီး ပညာရပ်ကို ဆက်လက်ချဲ့ထွင်လေ့လာနိုင်မည် ဖြစ်သည်။
ဆရာဒေါ်လေးက သူ့ကို ဤမျှအထိ သေသေချာချာ ကျကျကနနဖြင့် သင်ပြပေးရန်အတွက် ဆရာဖြစ်သူက သူမကို မည်သို့အပေးအယူလုပ်ခဲ့ရသည်ကို ကျန်းလန် သိချင်သွားမိသည်။
အစပိုင်းတွင် ကျန်းလန်တွေးမိသည်က ဆရာဒေါ်လေးက အစီအရင်နှင့်ပတ်သက်သည်များကို အကြမ်းဖျင်းသဘောသာ ပြောပြလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် သူမက ကျန်းလန်အတွက် ရှေ့ဆက်လျှောက်လှမ်းနိုင်ရန် တံခါးကိုပါ ဖွင့်ပေးခဲ့သည်။
“မင်း ဘယ်လောက်နားလည်လိုက်သလဲ…”
ကျန်းလန် စာအုပ်ကိုပိတ်လိုက်သည်နှင့် မြောင်ယွဲ့က မေးမြန်းလိုက်သည်။
ကျန်းလန်က ခေါင်းငုံ့လိုက်ရင်း…
“နည်းနည်းလောက်တော့ နားလည်ပါတယ်…”
မြောင်ယွဲ့က ခေါင်းညိတ်လိုက်ရင်း…
“မင်းမှာ အချိန် (၁)နှစ် ကျန်သေးတယ်… ၊ အချိန် (၁)နှစ် ကုန်သွားရင်တော့ မင်းနဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမ စေ့စပ်ပွဲကျင်းပတဲ့နေ့ရက်ကို ရောက်လာလိမ့်မယ်… ၊ ဒီတော့ကာ နောက်နှစ်မှာ ရင်ဆိုင်ရမှာတွေအတွက် မင်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပြင်ဆင်ထားပေတော့… ၊ အစီအရင်ပညာကို ဆက်ပြီး လေ့လာဖို့အတွက်က စာအုပ်တွေလည်း ယူသွားလို့ရတယ်…”
“ကျေးဇူးတင်ပါတယ် ဆရာဒေါ်လေး…”
မြောင်ယွဲ့ကို ကျေးဇူးတင်စကားဆိုပြီးနောက် ကျန်းလန် ပဉ္စမတောင်ထွတ် ခန်းမဆောင်ထဲမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
သို့သော် ခြေလှမ်း (၂)လှမ်းခန့် လှမ်းပြီးနောက်…
“ခဏ…”
ဒေါ်လေးမြောင်ယွဲ့တားဆီးလိုက်သောကြောင့် ကျန်းလန် ခြေလှမ်းများ ရပ်တန့်သွားသည်။
ကျန်းလန်က ချက်ချင်းလှည့်ကြည့်လိုက်ပြီး…
“ဆရာဒေါ်လေး… ဘာများ ညွှန်ကြားစရာ ရှိလို့လဲ…”
မြောင်ယွဲ့က…
“မင်းဆရာဆီပြန်ရောက်ရန် လက်ရေးလှစာလုံးလေးဘာလေး သင်လိုက်ဦး… မင်းလက်ရေးက စုတ်ပြတ်နေတာပဲ…”
“………………”
သူ လက်ရေးမလှတာ ဆရာဒေါ်လေး ဘယ်လိုလုပ် သိသွားတာလဲ…။
ပဉ္စမတောင်ထွတ်တစ်ခုလုံးမှ တပည့်များ သူ့လက်ရေးကို တွေ့မြင်ခဲ့ကြရသည်ကို ကျန်းလန် သိရှိခြ့ခင်းမရှိပေ။
ကျန်းလန် မအူမလည်ဖြင့်…
“ဟုတ်…”
ဟု တစ်ခွန်းဆိုပြီးနောက် ပဉ္စမတောင်ထွတ်မှ ထွက်ခွာလာခဲ့လေတော့၏။
ထွက်ခွာသွားသည့် လူငယ်ကိုကြည့်ပြီး မြောင်ယွဲ့က ပန်းလေးတစ်ပွင့်ပမာ လှပစွာ ရယ်မောလိုက်လေသည်။
“သူ့ဆရာကို တာအိုလက်တွဲဖော်အကြောင်း သွားပြောနေဦးမလားမသိဘူး… ဟားဟား…”
ထိုကိစ္စကိုတော့ သူမ အတော်လေး စိတ်ဝင်စားနေမိသည်။
ထို့ပြင် သူမ သိရှိထားသည့် နောက်တစ်ခုမှာ ကျန်းလန်က အစီအရင်ပညာ မည်မျှအထိ တတ်ကျွမ်းသွားခဲ့သည်ကို ဖုံးကွယ်ထားသည်ဆိုသည့် အချက်ဖြစ်သည်။
အစီအရင်တောင်ကုန်းကို အချိန် (၇)လအတွင်း ထိပ်ဆုံးအရောက်တက်နိုင်ခဲ့သူက မှတ်စုစာအုပ်ကိုတော့ အနည်းငယ်သာ နားလည်သည်ဟု ပြောခြင်းမှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
ဒီကောင်လေးက သူ့ကိုယ်သူ နှိမ့်ချနေခြင်းလည်း ဖြစ်နိုင်သည်။
ထို့နောက် သူမ အတွေးများကို ရပ်တန့်လိုက်သည်။ ကျန်းလန်က သူမတပည့်မှ မဟုတ်ဘဲလေ။
သို့သော် ကျန်းလန်က အစီအရင်ပညာနှင့်ပတ်သက်ပြီး ပါရမီရှိသူတစ်ယောက် ဖြစ်သည်။ အံ့မခန်းပါရမီရှင်တစ်ယောက် မဟုတ်သည့်တိုင် အခြားသူများထက် များစွာသာလွန်သည်ဟု ဆိုနိုင်သည်။
ထို့နောက် မြောင်ယွဲ့လည်း အခြားအလုပ်များ ပြုလုပ်ရန် ထွက်ခွာလာခဲ့သည်။
သူမက နဂါးမျိုးနွယ်များတောင်းဆိုထားသည့် အချက်များကို အခြားတောင်သခင်များနှင့် ညှိနှိုင်းပြီး ဖြည့်ဆည်းပေးရန် ပြင်ဆင်နေရသည်။
လုန်ယွိနှင့် ကျန်းလန်၏ စေ့စပ်ပွဲကိစ္စကိုလည်း ခေါင်းထဲထည့်ထားရသေးသည်။
နောက်ထပ် နှစ်အနည်းငယ်ဆိုလျှင်တော့ ထိုကိစ္စများအားလုံး ပြီးဆုံးပြီဟု မျှော်လင့်ရလေသည်။
………………
လေနုအေးက တိုက်ခတ်လျှက် ရှိလေသည်။
ခွန်လွန်တပည့်များက ကောင်းကင်ထက်တွင် ဓားများစီးကာ ပျံသန်းသွားလာလျှက် ရှိကြသည်။
သို့သော် ကျန်းလန်ကတော့ ဓားကို စီးနှင်ပျံသန်းလာခြင်း မရှိပေ။
သူက အေးအေးဆေးဆေး ဟိုတွေးဒီတွေးဖြင့် လမ်းလျှောက်လာလေသည်။
အချိန် (၁)နှစ်လိုသေးသည့်အတွက် စေ့စပ်ပွဲအတွက် ပြင်ဆင်စရာများကို အလောသုံးဆယ်ပြုလုပ်ရန် မလိုသေးပေ။
စေ့စပ်ပွဲအတွက် အစစအရာရာ ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သော်လည်း တကယ်တမ်း စေ့စပ်ပွဲနေ့တွင် ရင်ဆိုင်ရမည့် အဖြစ်အပျက်များအတွက်တော့ ကျန်းလန် ကြိုတင်ပြင်ဆင်ထားနိုင်မည် မဟုတ်ပေ။
“ငါ နဝမတောင်ထွတ်မှာ အစီအရင်တွေ အရင်လုပ်ရမှာလား… ဒါမှမဟုတ် နဂါးသုတ်သင်ဓားသိုင်း သွားသင်ရမလား…”
စေ့စပ်ပွဲမတိုင်ခင် နဂါးသုတ်သင်ဓားသိုင်းလည်း သင်ယူရဦးမည် ဖြစ်သည်။
(၁)နှစ်ဆိုသည့်အချိန်က လုံလောက်ပါမည်လား ကျန်းလန်လည်း မသိရှိပေ။
ထို့ပြင် နဝမတောင်ထွတ်ကိုကာကွယ်ရန်လည်း အစီအရင်များ ပြုလုပ်ရဦးမည် ဖြစ်သည်။ အစီအရင်များကတော့ စောလျဉ်စွာပြုလုပ်နိုင်လေ ကောင်းလေဖြစ်၏။
“အစီအရင်တွေကို (၄)လလောက်အချိန်ယူပြီး လုပ်လိုက်မယ်… ကျန်တဲ့ အချိန် (၈)လမှာ အဋ္ဌမတောင်ထွတ်မှာ ဓားသိုင်းသွားသင်လည်း ဖြစ်တာပဲ…”
ထိုသို့ ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကျန်းလန် နဝမတောင်ထွတ်သို့ ဦးတည်ထွက်ခွာလာခဲ့လေတော့သည်။
လမ်းတစ်လျှောက် နောက်ပိုင်းမျိုးဆက်တပည့်များနှင့် တွေ့ခဲ့ရပြီး သူတို့စကားပြောနေသံများကို အမှတ်မထင် ကျန်းလန် ကြားသိခဲ့ရသည်။
“နှစ်ဝက်တောင်ကြာသွားပြီကွာ… ၊ အခုမှပဲ အဲဒီ ဂိုဏ်းတူအစ်ကိုရေးထားတဲ့ စာကြောင်းကိုကြည့်ဖို့ အချိန်ရတော့တယ်…”
“ဇွဲရှိသူကိုကောင်းကင်ဘုံက ဆုချမည်… တဲ့… ၊ အဲဒီစာကြောင်းက တစ်နှစ်ပတ်လုံး ပဉ္စမတောင်ထွတ်က အစီအရင်တောင်ကုန်းပေါ်မှာ ပေါ်နေတာတဲ့… ၊ ပြီးတော့ တောင်ကုန်းပေါ်က ကျောက်စာတိုင်ထိပ်ဆုံးမှာလည်း ရေးထိုးခံရတယ်ဆိုပဲ… ၊ အဲဒီဂိုဏ်းတူအစ်ကိုက တကယ်အားကျစရာပဲကွာ… နော်…”
“ဒါပေမဲ့ ကျုပ်ကြားတာတော့ အဲဒီဂိုဏ်းတူအစ်ကိုရဲ့ လက်ရေးက အတော်စုတ်ပြတ်ဆိုပဲ…”
“ပါရမီရှင်တိုင်းမှာလည်း အားနည်းချက်တွေ ရှိကြတာပေါ့ကွာ… ဘယ်တတ်နိုင်မလဲ… ၊ လာ သွားကြည့်ရအောင်…”
“…………………”
ထိုတပည့်ငယ်များ၏ စကားကိုနားထောင်ရင်း ကျန်းလန် ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။