Switch Mode

အပိုင်း(၁၃၃၇)

တော်ဝင်မြို့သို့ ဦးတည်ခြင်း

“အနာဂတ် အတွက်တဲ့လား” ယွင်ထန်က မေးခွန်းထုတ်လိုက်သည်။

ယွင်ထန်၏ မျက်လုံးများထဲတွင် အေးစက်မှုတို့ ရှိနေ၏။ သူက ယွင်ကလန် ခေါင်းဆောင်ဖြစ်သည့် သူ့အဖေကို ကြည့်လိုက်သည်။

သူ့အဖေသည် ယခင်က ချန်းယွဲ့ ကျင့်ကြံရန် ထောက်ပံ့ပေးမည်ဟု ကတိပေးခဲ့သည်။ သူက ထိုသည်ကို အမှန်ဟု ယုံကြည်ခဲ့ပြီး သူ့ဖခင်က ချန်းယွဲ့ အဖေ၏ သေဆုံးခြင်းအတွက် ဤနည်းလမ်းဖြင့် ပြန်ပေးဆပ်လိုသည်ဟု တွေးထင်ခဲ့သည်။

သို့သော်လည်း သူ အတွေးလွန်ခဲ့ပေသည်။

ချန်းယွဲ့သည် သူတို့နှင့်အတူ တော်ဝင်မြို့သို့ မသွားခဲ့ရပေ။ သူမသည် ကလန်၏ အခြားသော ထူးချွန်သည့် မိန်းကလေးများနှင့်အတူ အဝေးသို့ ကြိုတင်စေလွှတ်ခြင်း ခံခဲ့ရသည်။

သို့သော် သူတို့ကို ရွေးချယ် ခေါ်ဆောင်သွားသည့် သူမှာ တော်ဝင်မြို့ရှိ ကျုံးကလန်မှ လူများ ဖြစ်ပေသည်။

ယွင်ထန်က သူ့မိသားစုဖြစ်သော ယွင်ကလန်၏ လုပ်ရပ်ကို မည်သို့ နားမလည်နိုင်ဘဲ နေမည်နည်း။ ချန်းယွဲ့သည် ယွင်ကလန်အကျိုးအတွက် ရောင်းစားခံလိုက်ရခြင်း ဖြစ်ပေသည်။

“အဲဒီတော့ အဖေက အနာဂတ်အတွက် ချန်းယွဲ့ကို ကျုံးကလန်ဆီ ရောင်းစား လိုက်တာပေါ့လေ” မိုးကြိုးလျှပ်စီးအလင်းများက ယွင်ထန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူသည် သူ၏ ဒေါသကို ထိန်းချုပ်ရန် ကြိုးစားနေပြီး တိုးတိမ်သောအသံဖြင့် ကြိမ်းဝါးလိုက်သည်။ “ချန်းယွဲ့က ငယ်သေးတယ်။ ဒါပေမဲ့ သူမက သာမန်မဟုတ်တဲ့ အရည်အချင်းတွေနဲ့ တောက်ပနေတာ။ ကလန်က သူမရဲ့ အဖေ သေဆုံးခြင်းကြောင့် သူမ အပေါ်မှာတောင် အကြွေးဆပ်လို့ မကုန်နိုင်မှာကို… ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ”

လော့မြို့၏ ယွင်ကလန်က ထိုသို့သောအရာမျိုးတွေ လုပ်နိုင်တာကို သူ ယုံကြည်ရန် တွန့်ဆုတ်နေခဲ့သည်။

သူတို့က ထိုမျှလောက် သွေးအေးသည့်သူများ မဖြစ်နိုင်ပေ။

“ချန်းယွဲ့ရဲ့ ထူးချွန်တဲ့ ပါရမီတွေကြောင့်သာ ကျုံးကလန်က သူမကို သတိထားမိတာပေါ့။ မင်းလည်း ကျုံးကလန်ရဲ့ အဆင့်အတန်းကို ရှင်းရှင်းလင်းလင်း သိတာပဲ။ သူမက သူတို့နဲ့ အတူနေရင် အနာဂတ်က ပိုပြီး ကောင်းမွန်လိမ့်မယ်” ခေါင်းဆောင်ယွင်က ဆက်ပြောလိုက်သည်။

“အဖေ့ ပါးစပ်က ဒီလို မျက်နှာပြောင်တိုက်တဲ့ စကားမျိုး ထွက်လာလိမ့်မယ်လို့ မယုံနိုင်ဘူး” ယွင်ထန်က ပြောလိုက်ပြီး မိုးကြိုးလျှပ်စီး အလင်းများက သူ့ခန္ဓာအနီးတွင် စီးဆင်းနေသည်။ “အင်ပါယာ ချီနယ်မြေမှာ လူတိုင်းက ကျုံးကလန်ရဲ့ ကျင့်စဉ်နည်းလမ်းကို သိကြတယ်။ ကျုံးကလန်ရဲ့ လက်ရှိ ဆက်ခံသူ ကျုံးချိုးက သူ့ရဲ့ အဆုံးမဲ့ရေခဲစွမ်းအား ကျင့်စဉ်ကြောင့် ကျော်ကြားတယ်။ သူက မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ကို သုံးပြီးတော့ ယင်ယန်စွမ်းအားက သန့်စင်တဲ့ ယင်စွမ်းအင်ကို ကျင့်ကြံတယ်။ လူတိုင်းက သူတို့နဲ့ ဝေးဝေးနေဖို့ ကြိုးစားကြတယ်။ အရှက်မဲ့တဲ့ မိသားစုတွေကပဲ ကောင်းမွန်တဲ့ မိန်းကလေးတွေကို အသုံးတော်ခံအဖြစ်နဲ့ ကျုံးကလန်ဆီ ပို့ပြီး ဆက်ဆံရေး ကောင်းအောင် တည်ဆောက် ကြတာလေ။ အဖေကလည်း သူတို့ထဲက တစ်ယောက် ဖြစ်နေမယ်လို့ ထင်မထားဘူး။ အရမ်း ရယ်စရာ ကောင်းလွန်းတယ်”

အသုံးတော်ခံဟူသည်မှာ တန်ခိုးရှင်လောကတွင် နိမ့်ကျသော အလုပ်ဖြစ်သည်။ ကျုံးကလန်မှ ကျုံးချိုးသည် လက်မထပ် ရသေးသော်လည်း အသုံးတော်ခံပေါင်း များစွာက သူ့ကို ကူညီကျင့်ကြံပေးခြင်းဖြင့် ကျော်ကြားမှုကို ရရှိလာပေသည်။

ထိုသို့သော ကျင့်ကြံခြင်း နည်းလမ်းသည် အထင်အမြင် သေးခံရသင့်သော်လည်း ကျုံးကလန်သည် ကောင်းကင် အာဏာစက်ဘုံတွင် အလွန်မြင့်သော အဆင့်အတန်း၌ ရပ်တည်နေပြီး မည်သည့်အခါမှ အခြားလူများကို အတင်းအကျပ် ဖိအားပေးခြင်းမျိုး မရှိခဲ့တာကြောင့် အစွမ်းထက် ကလန်များက မကြာခဏဆိုသလို သူတို့ကလန်မှ မိန်းကလေးများကို ကျုံးကလန်သို့ ပို့ဆောင် တတ်ကြသည်။ ယွင်ထန်သည် ထိုသို့သော ကိစ္စမျိုးက သူတို့ထံတွင် ဖြစ်ပျက်လိမ့်မည် မဟုတ်ဟု တွေးထင် ထားခဲ့သည်။

သူသည် ယွင်ကလန်က ကျုံးကလန်နှင့် ဆက်သွယ်ရန် ကြိုးစားနေသည်ကို သိရှိသော်လည်း ထိုသို့ စက်ဆုပ်စရာ နည်းလမ်းကို အသုံးပြုလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

“မင်းစကားကို ကြည့်ပြော” ခေါင်းဆောင်ယွင်က သူ့ကို ပြင်းပြင်းထန်ထန် အပြစ်တင် လိုက်သည်။ “ကျုံးကလန်က ချန်းယွဲ့ရဲ့ ပါရမီကြောင့် ဂရုစိုက်ပေးတာ။ ကျုံးချိုးက အင်ပါယာ ချီနယ်မြေက အားအကောင်းဆုံး တန်ခိုးရှင် တစ်ယောက်ပဲ။ ချန်းယွဲ့သာ သူနဲ့ နေရင် အနာဂတ်မှာ သူမက ကျုံးချိုးနဲ့ လက်ထပ်ဖို့ အခွင့်အရေးရှိတယ်။ ငါက သူတို့ ချန်းယွဲ့ကို ကောင်းကောင်းဆက်ဆံဖို့ အကူအညီ တောင်းထားခဲ့တယ်။ နောက်ပိုင်းမှာ ချန်းယွဲ့က သူ့ရဲ့ တရားဝင်ဇနီး ဖြစ်မလာရင်တောင် ချန်းယွဲ့ ကောင်းကောင်း လုပ်နိုင်ခဲ့ရင် သူ့ရဲ့ ဒုတိယဇနီး ဖြစ်လာဖို့တော့ ခက်ခဲမှာ မဟုတ်ဘူး။ အဲဒါက ဘာမှားနေလို့လဲ ငါ မသိတော့ဘူး”

“ရှင်က သူမကို တခြားလူတွေရဲ့ အမြှောင်မယား ဖြစ်လာစေချင်တာလား” ယွင်နီက မျက်ရည် သွင်သွင်ကျရင်း သူမ၏ နှလုံးသားတို့ ကွဲကြေစွာဖြင့် ပြောလိုက်သည်။ “သူမရဲ့ မျိုးရိုးနာမည်က ‘ယွင်’ မဟုတ်တာကြောင့်လား”

“ရှင်က တော်တော် စက်ဆုပ်စရာ ကောင်းတာပဲ ယွင်ချုံး။ အဲဒါ ရှင့်ရဲ့ အကြံအစည်မလား။ ရှင်က ကျွန်မရဲ့ သမီးလေးကို ရှင့် သားရဲ့ အနာဂတ်အတွက် ရောင်းစားလိုက်တယ်ပေါ့ ဟုတ်လား”

သူမက လူအုပ်ထဲမှ လူများကို ဝေ့ဝဲကြည့်လိုက်သည်။ နောက်ဆုံး၌ သူမ၏ နီရဲနေသော မျက်လုံးများက ယွင်ချုံးနှင့် သူ၏ သား ယွင်မော့ ထံသို့ ကျရောက်သွားခဲ့သည်။

ယွင်မော့သည် ယွင်ကလန်၏ မျိုးဆက်များ အတွင်း ရှန့်ထိုအဆင့်များတွင် အရည်အချင်း အရှိဆုံး ဖြစ်သည်။ ယွင်ကလန်သားတို့၏ မျှော်လင့်ချက်များကို သူ့အပေါ်တွင် ပုံအပ်ထားကြပြီး ခေါင်းဆောင်ယွင်ကပင် ယွင်မော့ကို ကူညီရန်အတွက်နှင့် သူမ၏ သမီးကို အလဲအလှယ် အဖြစ် အသုံးချခဲ့သည်။

“ခင်ဗျား ပါးစပ်ပေါက် ပိတ်ထားစမ်း”

ယွင်မော့သည် ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့် ယွင်နီကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ “ယွင်ကလန်က လူအားလုံးက ကလန်ရဲ့ အကျိုးအတွက်ပဲ လုပ်နေကြတာ။ ခင်ဗျားက အပြင်လူကို ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်နဲ့ လက်လွှဲပေးဖို့ ငြင်းဆန်ခဲ့ပြီးတော့ ကျို့ချိုးကလန်ကို အတိုက်အခံ လုပ်ခဲ့တယ်။ အဲဒီအတွက် ခင်ဗျားတို့က တစ်ခုခုတော့ ပြန်ပေးသင့်တာပေါ့။ ကျုပ်က တော်ဝင်မြို့ကနေ လီနတ်ဓားကလန်က ကျို့ချိုးကလန်နဲ့ လက်ထပ်ပြီး ပူးပေါင်းမယ်လို့ သတင်းရခဲ့တယ်။ ကျုံးကလန်ကပဲ ကျို့ချိုးကလန်ကို တိုက်ခိုက် နိုင်မယ်ဆိုတာ ခင်ဗျားလည်း သိသင့်တယ်။ ပြီးတော့လည်း ကျုံးကလန်က ကျုံးချိုးကပဲ ကျို့ချိုးကလန်က ပါရမီရှင်နဲ့ ယှဉ်နိုင်စွမ်း ရှိတာလေ။ ခင်ဗျားတို့က ကလန်အကျိုးကို မစဉ်းစားဘဲ အမှားတွေ လုပ်ခဲ့တယ်။ အခု ပြန်ပေးဆပ်ရမယ့် အချိန်ပဲ။ ဒီနေရာမှာလာပြီး မတန်မရာတွေ မျက်နှာပြောင်တိုက် လာလုပ်မနေနဲ့။ ကျုပ် ခင်ဗျားကို သတိပေးလိုက်မယ်။ ခင်ဗျားရဲ့ မျိုးရိုးနာမည်က ဘာလဲဆိုတာ မမေ့နဲ့”

ရီဖူရှင်းသည် တိတ်ဆိတ်စွာပင် မည်သည်တို့ ဖြစ်ပျက်နေသလဲ ဆိုသည်အား လေ့လာ နေသည်။ ယခုတွင် သူက အရာအားလုံးကို နားလည် သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။

လူကောင်းယောင်ဆောင်ထားသည့် ယွင်ချုံးက နောက်ဆုံးတွင် သူ၏ လက်သည်းကို ထုတ်ပြလာပြီ ဖြစ်သည်။

ကလန်အကျိုးအတွက်တဲ့လား။

သူက သူ၏ သားအတွက်နှင့် သူများ ကလေးကို စတေးရန် လုပ်ဆောင်ခဲ့ပြီး သူ့ကလေးကပင် ကလန်အကျိုးအတွက်ဟု ဆိုခဲ့သည်။

ချန်းယွဲ့သည် ကျုံးကလန်သို့ ခေါ်ဆောင်သွားခံရပြီး ကုန်ပစ္စည်းတစ်ခုလို အလဲအထပ် ပြုခံခဲ့ရသည်လား။

အသုံးတော်ခံ အဖြစ်တဲ့လား။

အသုံးတော်ခံဟူသည့် အဆင့်အတန်းက နိမ့်ကျလှပြီး သူမသည် သခင်၏ အမိန့်မှန်သမျှကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အားလုံးဖြင့် နာခံရမည် ဖြစ်သည်။

သူ မည်ကဲ့သို့ ထိုသည်က ချန်းယွဲ့အတွက်ဟု ပြောရဲရသနည်း။

ယွင်ထန် ပြောသလိုပင် သူတို့အားလုံးက အမှန်တကယ် အရှက်မဲ့လှသည်။

ကျင့်ကြံခြင်းလောက ရက်စက်လွန်းလှပြီး တစ်ကိုယ်ကောင်းဆန်သည့် သူများလည်း ပေါများ လှပေသည်။

သို့သော် ဒေါသထွက်နေလျှင်ပင် အဓိပ္ပာယ် မရှိသည်ကို သူ သိရှိပေသည်။

ထိုသို့သော တွေးခေါ်ပုံမျိုးက သူတို့၏ သွေးကြောထဲ၌ အမြစ်တွယ် နေခဲ့ကြပြီ ဖြစ်သည်။ ထိုသို့သော စက်ဆုပ်ဖွယ် လူများသည် သူတို့ကိုယ်သူတို့ စက်ဆုပ်ဖွယ် ကောင်းသည်ဟု တွေးလိမ့်မည် မဟုတ်ဘဲ သူတို့ လုပ်သမျှ အရာအားလုံးသာ အမှန်ဖြစ်သည်ဟု ယုံကြည် ကြပေလိမ့်မည်။ မဟုတ်လျှင် သူတို့ကိုယ်သူတို့ မေးခွန်းထုတ်နေရသည်နှင့် လက်ရှိ ကျင့်ကြံဆင့်သို့ ရောက်လာ ကြလိမ့်မည် မဟုတ်ပေ။

“စီနီယာ၊ မိန်းကလေး… သူတို့နဲ့ အပြိုင်ငြင်းနေတာက အဓိပ္ပာယ် မရှိဘူး။ တော်ဝင်မြို့ကို သွားကြအောင်” ရီဖူရှင်းက ယွင်ထန်နှင့် ယွင်နီကို ပြောလိုက်သည်။

ချန်းယွဲ့ အဝေးသို့ ပို့ခံရသည်မှာ သိပ်ကြာမြင့်ဦးမည် မဟုတ်ပေ။ သူတို့သာ မြန်မြန် လှုပ်ရှားလျှင် သူမကို မီနိုင်သေးသည်။

“ဒီနေရာမှာ စကားပြောဖို့ မင်းမှာ အခွင့်အရေးရှိလား”

မောက်မာလှသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ ယွင်ချုံး၏ သား ယွင်မော့ဖြစ်ပြီး သူက ရီဖူရှင်းကို အေးစက်စွာ ကြည့်၍ နေသည်။ “ဘယ်သူက ပြဿနာ ဖြစ်စေခဲ့တာလဲ မမေ့နဲ့”

ယူချင်းသည် ယွင်မော့၏ ထိုသို့ ပြုမူပုံကို မြင်သည့်အခါ သူ့ခန္ဓာကိုယ်မှ အားကောင်းလှသည့် အသက်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ရီဖူရှင်းသည် အတော်လေး တည်ငြိမ်နေသည်။ သူက သတ်ဖြတ်ရန် တွေးနေသော်လည်း သူ၏ ဒေါသကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့သည်။

ထိုသို့ ပြောနေသူမှာ ယွင်ကလန်၏ အနာဂတ်ဟု ခေါ်ရမည့်သူ ဖြစ်ပြီး ယွင်ကလန်က လုပ်ခဲ့သမျှ အရာအားလုံးသည် သူ့အတွက် ဖြစ်သည်။

“ချန်းယွဲ့က ကျုပ်နဲ့ အတူတူ ကျင့်ကြံခဲ့တယ်။ အဲဒါကြောင့် သူမက ကျုပ်ရဲ့ တပည့်တပိုင်းပဲ။ သူမဆီမှာသာ တစ်ခုခု ဖြစ်ခဲ့ရင် ခင်ဗျားတို့ ဘယ်သူ့ကိုမှ အလွတ်ပေးမှာ မဟုတ်ဘူး” ရီဖူရှင်းက တည်ငြိမ်စွာ ပြောလိုက်သော်လည်း ထိုတည်ငြိမ်မှု အောက်တွင် ကွယ်ဝှက်ထားသည့် အေးစိမ့်မှုများ ပါဝင်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို အပူချိန် ကျဆင်းသွားသည်ဟု ခံစားရစေသည်။

ယွင်ကလန်၏ ခေါင်းဆောင်က သူ့ကို ကြည့်လိုက်သည်။ ထိုအခိုက်မှပင် သူသည် ဤ မိမိကိုယ်ကို သိမြင်ခြင်း အဆင့်မှ လူငယ်၏ စိတ်နေစိတ်ထားကို လေ့လာမိသည်။ သူ၏ အရှိန်အဝါသည် ယွင်ကလန်ကို စက်ဆုပ် ရွံရှာနေသည့် အဆင့်အတန်း မြင့်မားသော ခေါင်းဆောင် တစ်ဦးကဲ့သို့ ထင်မှတ်ရသည်။

သူသည် ပြန်လည် မွေးဖွားခြင်းအဆင့် တစ်ဦးအနေနှင့်ပင် ထိုလူငယ်လေးထံမှ ခြိမ်းခြောက်မှုကို ရုတ်တရက် ခံစားမိလေသည်။

ယွင်ချုံးနှင့် ယွင်မော့သည် ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ သူ၏ အကြည့်များတွင် မထီမဲ့မြင်ပြုမှုများ ရှိနေသည်။ သူက မည်သူ့ကိုမှ အလွတ် မပေးဘူးတဲ့လား။

သူ့ကိုယ်သူ ဘယ်သူများ ထင်နေသလဲ။

ရီဖူရှင်းသည် ရှေ့တစ်လှမ်းတိုးလာကာ ယွင်ထန်နှင့် ယွင်နီကို ပြောလိုက်သည်။ “ကျုပ်တို့ မြန်မြန်လုပ်တာ ကောင်းမယ်။ ဒီနေရာမှာ ဖြုန်းနေဖို့ အချိန်မရှိဘူး”

“ကောင်းပြီ” ယွင်ထန်က သူ၏ ဒေါသကို ထိန်းချုပ်ရန် ကြိုးစား၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူသည် ယွင်နီနှင့် အတူ ထွက်ခွာ သွားလိုသော်လည်း တစ်စုံတစ်ယောက်က သူတို့၏ လမ်းကို ပိတ်ဆို့ တားဆီးလိုက်သည်။ သို့သော် ခေါင်းဆောင်ယွင်က ပြောလိုက်၏။ “သူတို့ကို သွားခိုင်းလိုက်”

သူသည် ယွင်နီနှင့် ယွင်ထန်အတွက် မမျှတသည်ကို သိသော်လည်း လီနတ်ဓားကလန်က ကျို့ချိုးကလန်နှင့် လက်ထပ်ခြင်းဖြင့် ပူးပေါင်းတော့မည်ဟု ယွင်ချုံးက ပြောလာသည်။ ထိုအခြေအနေတွင် သူတို့က လီနတ်ဓားကလန်နှင့် ရန်ငြိုးရှိထားသည့် အတွက် အန္တရာယ်တွင်းသို့ ကျရောက်နေခဲ့သည်။

သူတို့သည် ထိုအခြေအနေကို ဖြေရှင်းရန် လိုပြီး သူတို့ ရှာဖွေနိုင်သည့် အကောင်းဆုံး နည်းလမ်းမှာ ကျုံးကလန်ကို ချဉ်းကပ်ရန်သာ ဖြစ်သည်။

သို့ဖြစ်ရာ ကလန်အတွက် တစ်ခုခုကို စတေး ရပေမည်။

“ငါတို့လည်း ထွက်ခွာသင့်ပြီ” ခေါင်းဆောင်ယွင်က ဆက်ပြောလိုက်သည်။ ယွင်ထန်သည် သံသယ ကင်းစင်ခြင်း အဆင့်ဖြစ်ကာ သူက ပြန်လည် မွေးဖွားခြင်း အဆင့် ဖြစ်သည်။ ယွင်ထန်တို့ တော်ဝင်မြို့သို့ မရောက်ခင် သူတို့က အရင်ရောက်ရှိပြီး ကျုံးကလန်ကို သတင်းပေးရပေမည်။

ယွင်ထန့်ကို မည်သည့်အရာမှ ဆိုးဆိုးဝါးဝါး လုပ်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ ယွင်ထန်သည် သူ၏ သွေးသားသာ ဖြစ်သည့်အတွက် ယွင်ထန်ထံ၌ မည်သည့်အရာမှ မဖြစ်ပျက်စေလိုပေ။

ယွင်ထန်၏ ကျင့်ကြံဆင့်နှင့် တော်ဝင်မြို့သို့ ရောက်သွားလျှင်ပင် သူ ရှိနေပါက မည်သည့် အရာမှ ကြီးကြီးမားမား လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

ယွင်ကလန်မှ ကြီးမားသည့် အဖွဲ့ကြီးက သူတို့၏ ခရီးစဉ်ကို စတင်ခဲ့ကြသည်။ သူတို့သည် လမ်းလျှောက်ရမည့်အစား နတ်လက်နက်များကို စီးနင်းသွားကြသဖြင့် ကောင်းကင်တခွင်တွင် လျှပ်စီးရောင်များဖြင့် လင်းလက်နေတော့သည်။  သူတို့သည် ယွင်ထန်နှင့် အခြားလူများကို ကျော်ဖြတ်ကာ ဝေးကွာ သွားခဲ့ကြသည်။

ယွင်ထန်နှင့် အခြားလူများသည် အတော်လေး ဒေါသဖြစ်နေပေသည်။ အစီအစဉ်အရ ဆိုလျှင် သူတို့သည် အခြားကလန်သားများနှင့်အတူ ထွက်ခွာကြမည်ဖြစ်ပြီး နန်းတော်စစ်ဆေးပွဲကို အချိန်မီ ရောက်ရှိလိမ့်မည် ဖြစ်သည်။

“စီနီယာယွင်၊ နန်းတော်စစ်ဆေးပွဲ ရက်ကနီးနေပြီမလား” ရီဖူရှင်းက မေးလိုက်သည်။ သူ၏ အစီအစဉ်သည်လည်း ယွင်ကလန်မှ တန်ခိုးရှင်များနှင့်အတူ လိုက်သွားရန် ဖြစ်ခဲ့သည်။

“ဟုတ်တယ်” ယွင်ထန်က ခေါင်းညိတ် လိုက်သည်။

“ဒီလိုဆိုရင် ကျုံးကလန်ကလည်း နန်းတော် စစ်ဆေးပွဲအတွက် ပြင်ဆင်နေမှာပဲ။ အဲဒါကြောင့် ခဏလောက်တော့ ချန်းယွဲ့က ဘေးကင်းနေဦးမှာပါ။ စီနီယာနဲ့ Ma’am သိပ်ပြီးတော့ စိတ်ပူနေဖို့ မလိုသေးပါဘူး” ရီဖူရှင်းက ပြောလိုက်သည်။

ရီဖူရှင်းက ထိုသို့ ပြောလိုက်သော်လည်း ယွင်ထန်နှင့် ယွင်နီကတော့ စိတ်မအေးနိုင်ပေ။ သူတို့က မည်ကဲ့သို့ စိတ်မပူဘဲ နေနိုင်မည်နည်း။

မည်သည့်အရာမှ မဖြစ်ခဲ့လျှင်ပင် အခြေအနေက….

သူတို့ချည်းပဲ မဆိုထားနှင့် ယွင်ကလန်သည်ပင် ထိုသို့ အင်အားကြီးလှသည့် ကျုံးကလန်ကို ရန်မစရဲပေ။ သူတို့ တော်ဝင်မြို့သို့ ရောက်လျှင်ပင် အလုပ်ဖြစ်နိုင်ပါမည်လား။

သို့သော် သူတို့သည် အများကြီး တွေးနေရန် အချိန်မရှိပေ။ ထိုနေရာသို့ အရင်ရောက်အောင် သွားရမည် ဖြစ်သည်။

“ချန်းယွဲ့က ကျွန်တော့်ရဲ့ တပည့်တစ်ပိုင်းပါ။ တော်ဝင်မြို့ကို ရောက်တဲ့အခါ ကျွန်တော် ကြည့်စီစဉ်ပါ့မယ်” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ ယွင်ထန်နှင့် ယွင်နီ နှစ်ယောက်လုံး ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ရီဖူရှင်းသည် ခေါင်းဆောင်ယွင်ကို ခြိမ်းခြောက်စဉ်က ကဲ့သို့ပင် လေးနက်နေပေသည်။ သူက အလွန် ယုံကြည်မှု ရှိနေသည့်ပုံ ပေါ်သည်။

“ကောင်းပါပြီ” ယွင်နီက ခေါင်းညိတ်ကာ ပြောလိုက်သည်။ ချန်းယွဲ့က ဆရာရီကို ယုံကြည်သည်။ သူမသည် သူ၏ တပည့်ပင် ဖြစ်လိုခဲ့ပြီး ကျင့်ကြံရန် လိုက်ပါလိုခဲ့သည်။ ကျင့်ကြံပြီးသည့် အချိန်တိုင်းတွင် ချန်းယွဲ့သည် မကြာခဏ သူမရှေ့တွင် ဆရာရီကို ချီးမွမ်း ပြောဆိုတတ်သည်။

ထို့ကြောင့် မသိစိတ်ထဲတွင် သူမသည် ရီဖူရှင်းကို သာမန်လူမဟုတ်ဟု ခံစားနေရပေသည်။

ယခု သူက ထိုသို့ ပြောသည့်အတွက် သူမ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်တို့ ကြီးထွား လာပေသည်။

သူက ထိုသို့ အခွင့်အရေး ရှိခဲ့လျှင် အလွန်သေးငယ်သော အခွင့်အရေး ဖြစ်သည်ဆိုလျှင်ပင် အနည်းဆုံး မျှော်လင့်၍ ရနိုင်သေးပေသည်။

***

အင်ပါယာ ချီနယ်မြေတွင် ခန့်ထည်သော တော်ဝင်မြို့ အထက် ကောင်းကင်တွင် တန်ခိုးရှင် အများအပြား ခရီးနှင်နေကြသည်။

ယနေ့တွင် အင်ပါယာ ချီနယ်မြေ အတွင်းမှ အားလုံးသော တန်ခိုးရှင်များ တော်ဝင်မြို့တွင် စုဝေးလာကြပြီး မြို့အလယ်သို့ ဦးတည်နေကြသည်။

ယနေ့သည် အင်ပါယာ ချီနယ်မြေ၏ နန်းတော်စစ်ဆေးပွဲ စတင်သည့်ရက် ဖြစ်သည်။ ရွေးချယ်ခံရသည့် သူများမှာ အင်ပါယာချီ၏ လက်အောက်တွင် ကျင့်ကြံကာ သူ၏ သင်ပြမှုကို ခံရမည့် အခွင့်အရေး ရရှိပေလိမ့်မည်။

ကောင်းကင်အာဏာ စက်ဘုံသည် ရန်ဟောင်များ၏ နယ်မြေဖြစ်သည်။ သိုင်းပညာ ဝိညာဉ်ကို အမြင့်ဆုံး ချီးမြှောက် ခံထားရသည့် ဘုံသုံးထောင်ကြားမှ တစ်ခု ဖြစ်သည်။ ဤနေရာ၌ လူတိုင်းသည် သိုင်းပညာလမ်းစဉ်ကို လိုက်စားကြသည်။ ထိုသို့ စိတ်အား ထက်သန်မှုက အဆုံးမဲ့ဘုံ တစ်ခွင် ပျံ့နှံ့နေပေသည်။

လူအများသည် နေရာအနှံ့မှ ရောက်လာနေကြပြီး ထိုပွဲတော်ကြီးကို လွဲချော်မသွားလိုပေ။

များပြားလှသော အင်အားစုများသည် ကြိုတင်၍ပင် ရောက်ရှိနေပြပေသည်။

နန်းတော်စစ်ဆေးပွဲ စတင်သောအခါ ရီဖူရှင်းနှင့် ကျန်သုံးယောက်လည်း ရောက်ရှိလာသည်။ သို့သော် သူတို့သည် နန်းတော်စစ်ဆေးပွဲ ကျင်းပသည့် နေရာသို့ တိုက်ရိုက် မသွားရောက်ခဲ့ပေ။ ထို့အစား ယွင်ထန်ကို ဦးဆောင်စေ၍ ကျုံးကလန်သို့ သွားရောက်ခဲ့ပေသည်။

နန်းတော်စစ်ဆေးပွဲနှင့် ယှဉ်ပါက သူတို့သည် ယွင်ချန်းယွဲ့၏ ဘေးကင်းလုံခြုံမှုကို ပို၍ ဂရုစိုက် ကြပေသည်။ နန်းတော် စစ်ဆေးပွဲကိုတော့ သူတို့က ဂရုစိုက်ခြင်း အလျဉ်းမရှိပေ။

သူတို့၏ အရှိန်က အလွန် လျင်မြန်လှသည်။ သူတို့သည် ယွင်ချန်းယွဲ့ထံတွင် တစ်စုံတစ်ခု ဖြစ်ပျက်သွားမှ အလွန် စိုးရိမ်နေသည့် အတွက် အလျင်မြန်ဆုံး လှုပ်ရှား နေကြပေသည်။

နောက်ဆုံးတွင် နန်းတော်စစ်ဆေးပွဲ စတင်ခဲ့ပြီး သူတို့သည်လည်း တော်ဝင်မြို့မှ ကျုံးကလန်သို့ ရောက်ရှိ သွားခဲ့ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset