Switch Mode

အပိုင်း(၁၃၃၆)

မတော်တဆဖြစ်ပွားခြင်း

ယွင်ထန်သည် ရီဖူရှင်း ရှိနေသည့် အိမ်တော်ဝန်းအတွင် လာရောက်ခဲ့သည်။

“စီနီယာ” ရီဖူရှင်းက သူ့မျက်လုံးများကို ဖွင့်၍ နှုတ်ဆက် လိုက်သည်။ သူက ကျင့်ကြံနေခြင်း ဖြစ်သည်။

“ကျုပ် လော့မြို့အနားမှာ လှည့်ပတ်သွားနေတဲ့ တန်ခိုးရှင် တစ်ယောက်ကို တွေ့ခဲ့တယ်။ သူ့နာမည်က ယူချင်းတဲ့။ မင်း သူ့ကို သိလား” ယွင်ထန်က မေးလိုက်သည်။

ရီဖူရှင်းက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပြုံးကာ ခေါင်းညိတ် လိုက်သည်။ သူက ယူချင်း ဤအနီးအနားတွင် ရှိနေမည်ဟု ထင်မှတ်မထားခဲ့ပေ။

“သူ ဘယ်မှာလဲ” သူက မတ်တပ်ရပ်ရင်း မေးလိုက်သည်။

“သွားကြမယ်” ယွင်ထန်က လှည့်ထွက်ရင်း ပြောလိုက်သည်။ ရီဖူရှင်းက သူ့နောက်သို့ လိုက်သွားပြီး မကြာခင်တွင် သူတို့သည် ယွင်အိမ်တော်နှင့် အတော်ဝေးဝေးသို့ ရောက်ရှိလာသည်။

လော့မြို့တွင် လူများသည် တစ်နေရာတည်းတွင် စုဝေးနေကြပြီး ဆူဆူညံညံ အသံများနှင့် လှုပ်ရှားနေကြသည်။ အချို့သော တန်ခိုးရှင်များသည် မြေပေါ်တွင် လဲကျနေကြသည်။ သူတို့ အားလုံးသည် လော့မြို့တွင် ကျော်ကြားသော ရှန့်ထိုအဆင့် တန်ခိုးရှင်အချို့ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် သူတို့ကို ပါရမီရှင်များဟု သတ်မှတ်နိုင်ပေသည်။

သို့သော် ယခုအချိန်တွင် သူတို့သည် မြေပြင်ပေါ်တွင် လဲကျနေအောင် အရိုက်အနှက် ခံထားရပေသည်။ ဘေးတွင်တော့ သူတို့၏ စီနီယာများသည် ထွားကျိုင်းသန်မာသည့် လူတစ်ယောက်ကို ဒေါသတကြီး ဝိုင်းရံထားကြသည်။

“ယွင်ကလန်က လူတွေကရော ဝင်စွက်ဖက်ချင်တာလား” စီနီယာတစ်က ဒေါသတကြီး မေးလိုက်သည်။ ဤ သန်မာထွားကျိုင်းသော လူသည် အလွန် မောက်မာလှသည်။

ရီဖူရှင်းသည် အံ့အားသင့်လွန်းသဖြင့် စကားမပြောနိုင်အောင် ဖြစ်သွားရသည်။ သူသည် ချက်ချင်းပင် အဝေးမှ ထိုသန်မာထွားကျိုင်းသော လူကို သတိပြုမိလိုက်သည်။ ထိုသူမှာ ယူချင်းသာလျှင် ဖြစ်တော့၏။

အမှန်တွင် ဤကောင်က ရီဖူရှင်းထက် ပို၍ပင် ပြဿနာ ရှာနိုင်လွန်းသူ ဖြစ်သည်။

“ယူချင်း” ရီဖူရှင်းက အော်လိုက်သည်။ ရက်စက်ကြမ်းကြုတ်သော အသက်စွမ်းအားများ ထုတ်လွှတ်ထားသည့် သားရဲလို သန်မာထွားကျိုင်းသည့် ထိုသူသည် ခေတ္တမျှ ရပ်တန့်သွားပြီး လှည့်လာသည်။ သူသည် ရီဖူရှင်းကို မြင်သည့်အခါ ရယ်လိုက်သည်။ သူ့ကိုယ်ပေါ်မှ အသက်စွမ်းအားများက ရုတ်တရက် ကွယ်ပျောက် သွားသည်။ သူသည် ရီဖူရှင်း၏ ရှေ့သို့ ဖျတ်ခနဲ ရောက်ရှိ လာပေသည်။

ရီဖူရှင်းက သူ့ကို စိုက်ကြည့်နေသည်အား ကြည့်ပြီး ယူချင်းသည် သူ့ခေါင်းကို လှည့်ကာ မည်သည်နှ မဖြစ်ပျက်ခဲ့သလို ဝန်ဆောင်နေလေသည်။

“ကျုပ်မျက်နှာကို ထောက်ထားပြီး ဒီနေ့မှာ ဒီကိစ္စကို ထားလိုက်တော့လို့ ရနိုင်မလား” ယွင်ထန်သည် ထိုလူများကို ကြည့်ကာ တောင်းလိုက်သည်။ သူတို့သည် အလွန်ပင် ရက်စက်ကာ တရားလက်လွတ် ပြုတတ်သူများသဖွယ် ထင်မှတ်ရသော်လည်း ယွင်ထန်ကိုတော့ ကြောက်ရွံ့ ပေသည်။ ယွင်ကလန်က ဤမြို့၏ အရှင်သခင်ဟု ဆိုရမည် ဖြစ်သည်။ ယွင်ထန်သည် သံသယကင်းစင်ခြင်း အဆင့် ဖြစ်သည့်အတွက် သူ့ကို မည်သူမှ စိန်မခေါ်ရဲကြပေ။

“ခင်ဗျားက ဒီလိုပြောမှတော့ ကျုပ်တို့လည်း ပြင်းပြင်းထန်ထန် အရေးမယူတော့ပါဘူး။ ဒါပေမဲ့ ဒီကောင်က အတော်လေး မောက်မာတယ်။ သူ့မျက်လုံးထဲမှာ ကျုပ်တို့က ဘာမှ မဟုတ်သလိုပဲ။ ကျုပ်တို့က သူ့ကို နည်းနည်းလေးမှ သင်ခန်းစာ မပေးရရင် ဒေါသပြေမှာ မဟုတ်ဘူး” စီနီယာတစ်ယောက်က ပြောလိုက်သည်။ သူသည် ယခုထိတိုင် အတော်လေး ဒေါသ ထွက်နေကြပုံ ရသည်။ အသေးအဖွဲ ရန်ဖြစ်မှုလေးကြောင့်နှင့် သူသည် သူတို့အားလုံးကို ရိုက်နှက်ခဲ့ပြီး အချို့လူများမှာ လက်များနှင့် ခြေထောက်များပင် ကျိုးသွားခဲ့သည်။ သူက ထိုသို့ မကောင်းဆိုးဝါးပင် ဖြစ်သည်။

“ဒီလိုဆိုမှတော့ ခင်ဗျား ကူညီဖို့ မလိုပါဘူး” ယူချင်းက ယွင်ထန်ကို ပြောလိုက်သည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ထိုမကျေမနပ်ဖြစ်နေသည့် လူများကို ပြောလိုက်သည်။ “မကျေနပ်တဲ့လူ ရှိရင် ထွက်လာပြီး ကျုပ်နဲ့ လာတိုက်”

ထိုသို့ ပြောပြီးနောက် သူသည် သူ့ခန္ဓာကိုယ်မှ ရက်စက်သော အသက်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ထိုစီနီယာများ၏ ပါးစပ်များက မဲ့ရွဲ့ သွားလေသည်။ ယခုလေးတင် သူတို့ တစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သူတို့က မိမိကိုယ်ကို သိမြင်ခြင်းအဆင့်မှ စီနီယာများ ဖြစ်သော်လည်း ယူချင်းသည် နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့် အထွတ်အထိပ်သာ ဖြစ်သည်။ သူက သူတို့ထက် နိမ့်ကျသော အဆင့်တွင် ရှိသော်လည်း သူ၏ လက်သီးချက်က သူတို့၏ လက်အရိုးများ ကျိုးလုနီးပါး ဖြစ်သွားခဲ့ရသည်။

သူတို့သာ အမှန်တကယ် တိုက်ခိုက်ခဲ့လျှင်….. သူတို့တွင် ယုံကြည်ချက် မရှိပေ။

ဤ မကောင်းဆိုဝါးကောင်က မည်သည့်နေရာမှ လာခဲ့သနည်း။

သူနှင့် အဆင့်တူသော တန်ခိုးရှင်များကို လက်သီးတစ်ချက်နှင့် ပွဲသိမ်းပေးခဲ့ပြီး သူ့ထက် ပိုမြင့်သော အဆင့်မှ တန်ခိုးရှင်များပင်လျှင် ထောက်ထား ညှာတာမှု မပြသခဲ့ပေ။

ယွင်ထန်သည် ရီဖူရှင်းကို ကြည့်လိုက်သည်။ ရီဖူရှင်းသည်လည်း အတော်လေး နေရခက်နေပုံ ရသည်။ သူသည် မိမိကိုယ်ကို သိမြင်ခြင်း အဆင့်ဖြစ်သော ရှင်းခိုင်နှင့် တိုက်ခိုက်ခဲ့စဉ်က နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်သာ ရှိသေးသည်။ သူသည်ပင် သွေးနဂါးဘုံ၏ အသန်မာဆုံး တန်ခိုးရှင် ဖြစ်သည့် ရှင်းခိုင်ကို အနိုင်ယူနိုင်သည်။ ယခု ယူချင်းက နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့် အထွတ်အထိပ် ဖြစ်ရာ လော့မြို့မှ မိမိကိုယ်ကို သိမြင်ခြင်း အဆင့်များနှင့် တိုက်ခိုက်ရာ၌ ရင်ဆိုင်ရခက်ခြင်းမျိုး မဖြစ်သင့်ပေ။

“စီနီယာ၊ ကျွန်တော့် သူငယ်ချင်းက စည်းကျော်ခဲ့တာပါ။ သူက နည်းနည်းလောက် သင်ခန်းစာရဖို့ လိုတယ်။ ဝင်မပါပါနဲ့တော့” ရီဖူရှင်းက ယွင်ထန်ကို ပြောလိုက်သည်။

ယွင်ထန်သည် ခေတ္တမျှ ရပ်တန့်သွားသော်လည်း ရီဖူရှင်းက မည်သည်ကို ဆိုလိုသည်အား မသိပေ။ သူက တကယ်ပင် သူ့သူငယ်ချင်းကို ထိုကဲ့သို့ ဆက်ဆံသည်လား။

သို့သော် ရီဖူရှင်းက ပြောသည့်အတွက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒီလိုဆိုမှတော့ ငါ မင်းကိစ္စ မင်းရှင်းဖို့ ခွင့်ပြုလိုက်မယ်။ ဒါပေမဲ့ ညှာညှာတာတာ လုပ်ဖို့ မမေ့နဲ့”

ရီဖူရှင်း ပြောပြီးသည့်အခါ ယုချင်းသည် ရှေ့သို့ လှမ်းသွားသည်။ ရုတ်ချည်းပင် သူ့ခန္ဓာအနီးတွင် ရက်စက် ကြမ်းကြုတ်သော နတ်ဆိုးစွမ်းအားများ လွှမ်းခြုံလာသည်။ သူသည် နတ်မိစ္ဆာချပ်ဂတ်ကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်သွားသည်။ အားအကောင်းဆုံး မိမိကိုယ်ကို သိမြင်ခြင်း အဆင့် စီနီယာသည်ပင်လျှင် သူ၏ ပါးစပ်များက ရွဲ့သွားပြီး လက်မောင်းများက တုန်ယင်နေကာ ထိုနတ်ဆိုးမျက်လုံးများကို စိုက်ကြည့်နေသည်။

သူသည် ဤနေရာ၌ ထိုလူငယ်ကြောင့် ရှုံးနိမ့်ခဲ့ရလျှင် သူ အချိန်အတော်ကြာ တည်ဆောက် ထားခဲ့ရသည့် ကျော်ကြားမှုက ယနေ့တွင် ပျက်စီးသွားရတော့မည် ဖြစ်သည်။

ထိုအကြောင်းကို တွေးကာ သူက ပြောလိုက်သည်။ “ထားလိုက်ပါတော့။ လူငယ်လေးကို အနိုင်ကျင့်တယ်ဆိုတဲ့ အငြင်းပွားမှုတွေကို မတွေ့ချင်ဘူး”

သူက လက်ကို ဝှေ့ယမ်းလိုက်ကာ မတိုက်ခိုက်ချင်သည်ကို ဖော်ပြလိုက်သည်။

“အမ်း… ကျုပ်က စိတ်ထဲမထားပါဘူး” ယူချင်းက ပြောလိုက်သည်။ သူသည် ဆက်လက်၍ ရှေ့သို့ တိုးလာနေသည်။ ရက်စက် ပြင်းထန်သည့် စွမ်းအားများက ထိုးထွက်လာပြီး သွေးဆုတ်ဖြူရော် သွားသည့် စီနီယာပေါ်သို့ ဖိအားများ ကျရောက် လာသည်။

ဒီ မကောင်းဆိုးဝါးကောင်က မည်သည့် သဘောကို ဆိုလိုသနည်း။

ထိုစီနီယာက သူ့အင်္ကျီလက်များကို ဆတ်ခနဲ ခါလိုက်ပြီး ပြောသည်။ “ကျုပ်က ရန်ငြိုးရန်စ မဖြစ်ချင်ဘူး။ ဆရာယွင်က တောင်းဆိုတဲ့အတွက် ကျုပ် ဒီနေရာမှာပဲ အဆုံးသတ်လိုက်မယ်”

ထို့သို့ ပြောလိုက်ပြီးနောက် သူသည် လှည့်ထွက်လိုက်ကာ မြေပြင်တွင် လဲကျနေသည့် လူငယ်လေးများကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။ သူက ထိုကဲ့သို့ ထွက်ခွာ သွားခဲ့သည်။

ထိုသည်က အလွန်ပင်…….

သူတို့ အနီးရှိ လူအုပ်ကြီးမှာ မယုံကြည်နိုင် ဖြစ်နေကြပေသည်။ ဤသည်က မည်သည့် အခြေအနေနည်း။

ယခုလေးတင် သူတို့သည် တိုက်ခိုက်ရန် မစောင့်နိုင်တော့သကဲသို့ ပြုမူနေပြီး ယွင်ကလန်မှ လူက ဝင်ရောက် စွက်ဖက်၍ ရပ်တန့်လိုက်ရသည်။ သို့သော် ယခု မည်သည့်အတွက် ဤသို့ လွှတ်ပေးလိုက်ရသနည်း။

ယွင်ထန်သည်လည်း နားလည်နိုင်ခြင်း မရှိပေ။

ယူချင်းက အခြားလူများဆီသို့ ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျား ကျုပ်နဲ့ လာတိုက်ရင် ဘယ်လိုလဲ”

“အာ.. ကျုပ်တို့လည်း လူငယ်ကို အနိုင်မကျင့်ချင်ဘူး”

“ဆရာယွင်က ပြောနေမှတော့ ကျုပ်တို့ကလည်း ပြဿနာ ထပ်မရှာသင့်တော့ဘူး” သူတို့ အားလုံးသည် ထိုသို့ ပြောကာ သူတို့၏ လူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။ အခြားလူများ ထွက်ခွာ သွားသည်ကို ကြည့်ပြီး သူတို့သည် မည်သည်တို့ ဖြစ်နေသည်အား သိရှိသွားကြပေသည်။

သူတို့က သူ့ကို အနိုင်ရဖို့ ယုံကြည်ချက်မရှိကြခြင်း ဖြစ်သည်။

မကြာခင်တွင် သူတို့အားလုံးသည် စိတ်ပျက်အားငယ်စွာ ထွက်ခွာ သွားတော့သည်။ မည်သူကမှ လက်စားချေချင်သည်ဟု မပြောကြပေ။

ယူချင်းသည် အလယ်ဗဟိုတွင် ရပ်နေခဲ့သော်လည်း မည်သူကမှ မတိုက်ခိုက်နိုင်ခဲ့ပေ။ သူ့ကို ကြည့်ရသည်မှာ အလွန် မပျော်မရွှင် ဖြစ်နေပုံရပြီး သက်ပြင်းချရင်း ရေရွတ်လိုက်သည်။ “သူတို့က ငကြွားတွေပဲ”

ထို့နောက် သူသည် စွမ်းအားများကို ရုတ်သိမ်းပြီး ရီဖူရှင်း၏ ဘေးသို့ လျှောက်လာခဲ့သည်။

ယွင်ထန်သည် ပဟေဠိ ဖြစ်ကျန်နေခဲ့ပေသည်။

သူတို့…. မတိုက်ခိုက်ရဲကြသည်လား။

သူသည်လည်း တစ်စုံတစ်ခုကို သတိပြုမိခဲ့ပြီး အနည်းငယ် အံ့အားသင့် နေခဲ့သည်။ ရီဖူရှင်း၏ ဤသူငယ်ချင်းသည် နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်မှ လူငယ်လေး ဖြစ်သော်လည်း မိမိကိုယ်ကို သိမြင်ခြင်း အဆင့်မှ လူများက ကြောက်ရွံ့ပြီး အဝေးသို့ ထွက်ပြေး သွားရသည်လား။

သူတို့ အားလုံးက ထိုကဲ့သို့ပင် အဝေးသို့ ထွက်ပြေး သွားခဲ့လေသည်။

ရီဖူရှင်းက လီနတ်ဓားကလန်မှ လူများကို တစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့သည်အား တွေးမိသည့်အခါ သူသည် ပြောစရာစကား ကင်းမဲ့သွားခဲ့သည်။ ကြည့်ရသည်မှာ သွေးနဂါးဘုံမှ လူများအားလုံးက တိုက်ပွဲစွမ်းရည် မြင့်မားကြပုံရလေသည်။

သို့ဆိုလျှင် ရီဖူရှင်းက သူ့ကို ကြားဝင် မစွက်ဖက်ရန် ပြောသည့်အချိန်က ရီဖူရှင်းက ယူချင်းအား သင်ခန်းစာပေးရန် လုပ်ခဲ့ခြင်းမဟုတ်ပေ။ သူသည် သိသာစွာပင်… သူတို့ကို အရူးလုပ် အနိုင်ကျင့်ခဲ့ခြင်း ဖြစ်သည်။

“ဘာဖြစ်တာလဲ” ရီဖူရှင်းက ယူချင်းကို ကြည့်ကာ ပြောလိုက်သည်။ သူသည် မည်သို့ ပြောရမည် မသိတော့ပေ။ မင်း သူတို့ကို အဲဒီလို အနိုင်ကျင့်ရတာ ပျော်စရာ ကောင်းနေတာလား။

“သူတို့က အရမ်းအားနည်းပေမယ့် လေကြီးလေကျယ် သိပ်ပြောတာပဲ” ယူချင်းက ပြောလိုက်သည်။ ရီဖူရှင်းသည် ဆွံ့အသွားရပြီး မည်သည်ကိုမှ ထပ်မေးရန် မလိုအပ်တော့ဟု ခံစားလိုက်ရပေသည်။ ယူချင်းသည် တိုက်ခိုက်ရာတွင် အညှာအတာ မဲ့တတ်သော်လည်း သူက အခြေအနေနှင့် အချိန်အခါအလိုက် လုပ်ဆောင်ရမည်ကို သိပေသည်။ တစ်စုံတစ်ယောက်က သူ့ကို ရန်စခဲ့ခြင်းမရှိပါက သူက စတင်၍ တိုက်ခိုက်ရန် အကြောင်းမရှိပေ။

“တခြားဘယ်သူနဲ့မှာ မတွေ့ခဲ့ဘူးလား” ရီဖူရှင်းက မေးလိုက်သည်။

“မတွေ့ဘူး။ လေဟာနယ်က ထွက်လာပြီးတော့ မြို့ပြင်ကို ကျသွားခဲ့တာ။ နောက်တော့ ငါ မြို့ထဲကို တန်းဝင်လာခဲ့တာပဲ” ယူချင်းက ပြောလိုက်သည်။

“ဒါဆို ငါတို့ရဲ့ နေရာတွေက သိပ်မဝေးလောက်ဘူး။ လေဟာနယ်က ထွက်လာပြီးတော့ တခြားလူတွေလည်း အင်ပါယာချီ နယ်မြေကိုပဲ ရောက်လာလောက်တယ်။” ရီဖူရှင်းက ညင်သာစွာ ပြောလိုက်သည်။ “စီနီယာ၊ ရက်အနည်းငယ်နေရင် ကျွန်တော်တို့ စီနီယာနဲ့အတူ တော်ဝင်မြို့ကို သွားပါ့မယ်”

သူတို့အားလုံး အင်ပါယာချီနယ်မြေမှာ ရှိခဲ့လျှင် သူတို့ထဲမှ တချို့အား တော်ဝင်မြို့တွင် ရှာတွေ့နိုင်လိမ့်မည်ဟု ခန့်မှန်းမိပေသည်။

“ကောင်းပါပြီ။” ယွင်ထန်က ခေါင်းညိတ် လိုက်သည်။ နောက်ရက်အနည်းငယ်တွင် သူတို့သည် တော်ဝင်မြို့သို့ ထွက်ခွာကြလိမ့်မည် ဖြစ်သည်။

သူတို့သာလျှင် မဟုတ်ဘဲ အင်ပါယာချီနယ်မြေမှ အခြားသော တန်ခိုးရှင်များသည်လည်း သွားကြမည် ဖြစ်သည်။

များလှစွာသော တန်ခိုးရှင်များအတွက် တော်ဝင်မြို့မှ နန်းတော် စစ်ဆေးပွဲသည် ကြီးမားသော အခွင့်အလမ်း ဖြစ်လာမည် ဖြစ်သည်။

ထိုအခွင့်အလမ်းသည် သူတို့၏ ကံကြမ္မာကိုပင် ပြောင်းလဲနိုင်လိမ့်မည် ဖြစ်သည်။

မကြာခင်တွင် သူတို့သည် ယွင်အိမ်တော်သို့ ပြန်ရောက်လာကြသည်။ ယူချင်း ရောက်လာသည်ကို သိသောအခါ ယွင်ချန်းယွဲ့က လာလည်ခဲ့သည်။ သူမသည် သူ့ကို အထက်အောက် စုန်ဆန်ကြည့်ကာ စူးစမ်းနေသည်။ ယူချင်းထံမှ သူမသည် မမြင်နိုင်သော ဖိအားကို ခံစားမိပေသည်။ သူ၏ ခန္ဓာကိုယ် အတွင်းတွင် ပြိုင်ဘက်ကင်းသော စွမ်းအားများ ကိန်းဝပ် နေသကဲ့သို့ ဖြစ်သည်။ သူသည် နတ်ဘုရားဆေးကြောသန့်စင်ခြင်း အဆင့်သာ ရှိသေးသော်လည်း မိမိကိုယ်ကိုယ်သိမြင်ခြင်းအဆင့် များစွာကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ ဆိုလိုသည်မှာ သူသည် သာမန်လူမျိုး မဟုတ်ပေ။

သို့သော် ယွင်ချန်းယွဲ့ သူမ၏ အဖိုးထံမှ ကြားသိခဲ့သည်မှာ ယူချင်းက ဆရာရီ၏ စကားကို နားထောင်သည် ဟူ၍ ဖြစ်သည်။

ဆရာရီသည် သူမအတွက် အလွန်ပင် လျှို့ဝှက်ဆန်းကြယ် လှပေသည်။ သူမသည် ရီဖူရှင်း၏ လက်အောက်တွင် ရက်အနည်းငယ်သာ ကျင့်ကြံ ရသေးသော်လည်း သိသိသာသာ တိုးတက် လာခဲ့ပေသည်။

သူသည် အမြဲပင် နူးညံ့ညင်သာပြီး အပြုအမူကောင်းများ ရှိသော်လည်း သူမသည် ဆရာရီကို မည်သည့်အခါမှ လက်လှမ်း မမီသကဲ့သို့ အလှမ်းကွာလှပေသည်။ သူသည် ပင်လယ်ကြီးနှင့် တူသလို ကောင်းကင်တွင်းမှ ကြယ်များနှင့်လည်း တူသည်။

“ဆရာယူ၊ တွေ့ရတာ ဝမ်းသာပါတယ်” ယွင်ချန်းယွဲ့က ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။ ယူချင်းသည် ထိုသို့ အမည်တပ်ခံရသည်က အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသော်လည်း သူက အနည်းငယ် ခေါင်းညိတ် လိုက်သည်။

ယွင်ချန်းယွဲ့သည် ယူချင်းက အလွန် မလွယ်ကူသူဟု ခံစားလိုက်ရတာကြောင့် လက်လျှော့ကာ ရီဖူရှင်းကို ပြောလိုက်သည်။ “ဆရာ၊ ကျွန်မ အမေ့ကို ဆရာရဲ့ တပည့်အဖြစ်နဲ့ ကျင့်ကြံချင်တယ်လို့ ပြောလိုက်တာ အမေက ခွင့်ပြုတယ်။ ကျွန်မကို ဆရာ့တပည့်အဖြစ် လက်ခံပေးနိုင်မလား”

ယွင်ချန်းယွဲ့က ထိုသို့ ထပ်ကာ ပြောလာသည်ကို ကြည့်ရင်း ရီဖူရှင်းက အတင်းလုပ်၍ ခြောက်ကပ်ကပ် ပြုံးလိုက်ရသည်။ ယွင်ချန်းယွဲ့၏ ပါရမီက အလွန်ထူးချွန်ပြီး သူမက လူကောင်းလေးလည်း ဖြစ်သည်။ ရီဖူရှင်းသည် သူမ၏ ဖော်ရွေ ကြည်သာသော ပင်ကိုစရိုက်ကိုလည်း နှစ်သက်သည်။ သူသာ အင်ပါယာရှားဘုံတွင် ဖြစ်ပါက သူမကို တပည့်အဖြစ် လက်ခံရန် တွေဝေနေမည် မဟုတ်ပေ။ သို့သော် ကောင်းကင်အာဏာစက်ဘုံတွင် ဖြစ်ပွားခဲ့ပြီးသည့် ကိစ္စရပ်များကြောင့် သူက ယွင်ချန်းယွဲ့ကို သူနှင့်အတူ မလိုက်ပါစေလိုပေ။

ချန်ယဲ့မြို့တွင် သူ ချန်ရစ်ထားခဲ့သည့် ရှီအဆင့်တန်ခိုးရှင် များစွာ ရှိပေသည်။

သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ချန်းယွဲ့၊ ငါက မင်းကို တပည့်အဖြစ် မလိုချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ကောင်းကင်အာဏာစက်ဘုံမှာ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ လုပ်ဆောင်စရာ ရှိနေတာမို့လို့ မင်းကို ဂရုစိုက်မပေးနိုင်ဘူး”

ယွင်ချန်းယွဲ့က ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် စိတ်ပျက် အားလျော့ခြင်းများ ရှိနေသည်။ သူမက ပြောလိုက်သည်။ “ဆရာ လုပ်ချင်တဲ့ ကိစ္စက အရမ်းခက်ခဲမယ် ထင်တယ်”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူသည် သူ၏ ဇာစ်မြစ်ကို ရှာလိုသည့်အတွက် ဗြဟ္မာသန့်စင် ကောင်းကင် သို့ သွားချင်သည်ဖြစ်ရာ ယင်းက မလွယ်ကူနိုင်ပေ။

“ဒါဆို ကျွန်မ ခေါင်းဆောင် ပြောတာကို လက်ခံလိုက်တော့မယ်” ယွင်ချန်းယွဲ့က ပြုံးကာ ပြောလိုက်သည်။ “ခေါင်းဆောင်ပြောတာက သူက ကျွန်မကို မြေတောင်မြှောက်ပေးချင်တယ်တဲ့။ ပြီးတော့ အနာဂတ်မှာ နန်းတော် စစ်ဆေးပွဲကို ဖြေစေပြီးတော့ တစ်နေ့မှာ ကျွန်မက အင်ပါယာချီရဲ့ လက်အောက်မှာ ကျင့်ကြံခွင့် ရလာလိမ့်မယ်တဲ့”

ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “မင်းရဲ့ ပါရမီက အရမ်း ထူးချွန်တယ်။ အဲဒါကြောင့် အခက်အခဲရှိမှာ မဟုတ်ဘူး။ အနာဂတ်မှာ မင်းက ရန်ဟောင်တစ်ပါးရဲ့ လက်အောက် သင်ယူပြီး ကျင့်ကြံနိုင်ပါလိမ့်မယ်”

“ဆရာလည်း ရန်ဟောင် ဖြစ်လာမှာပါ” ယွင်ချန်းယွဲ့က ရယ်မောကာ ပြောလိုက်သည်။ “ကျွန်မ ပြန်သင့်ပြီ။ နောက်ရက် နည်းနည်းနေရင် ကျွန်မလည်း ဆရာတို့နဲ့အတူ တော်ဝင်မြို့ကို သွားရမှာ”

“ကောင်းပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

ယွင်ချန်းယွဲ့ ထွက်သွားပြီးနောက် ယူချင်းက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “သူမက မင်းကို တကယ် သူမရဲ့ ဆရာဖြစ်စေချင်နေတာ ထင်တယ်။ ဘာလို့ သူမကို တပည့်အဖြစ် လက်မခံရတာလဲ”

“ငါ သူမကို တပည့်အဖြစ် လက်ခံပြီးရင် သူမအတွက် တာဝန်ယူရလိမ့်မယ်။ ငါတို့က နောက်ရက် အနည်းငယ်ဆို ထွက်သွားတော့မှာ။ ဘာလို့ သူများကို စိတ်ပူနေစေရမှာလဲ” ရီဖူရှင်းက ပြောလိုက်သည်။ ယူချင်းက မည်သည့်စကားမှ မပြောတော့ပေ။

ဤရက်တွေအတွင်း ယွင်အိမ်တော်တွင် အရာအားလုံးက တိတ်ဆိတ်ငြိမ်သက် နေသည်။ ထွက်ခွာရမည့် ရက်က နီးကပ်လာပြီ ဖြစ်သည်။

ထိုနေ့တွင် ရီဖူရှင်းသည် ကျင့်ကြံပြီးသွားသည်နှင့် လက်သီးသိုင်းကို လေ့ကျင့်နေ၏။ ရုတ်တရက် သူသည် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရ၏။

“ဘာဖြစ်နေတာလဲ” ရီဖူရှင်းက မျက်မှောင်ကြုတ် လိုက်သည်။ သူသည် အဝေးသို့ ကြည့်လိုက်ပြီး ယွင်အိမ်တော် အတွင်းသို့ စူးစမ်းလိုက်သည်။ ထိုနေရာတွင် မိုးကြိုးလျှပ်စီး အလင်းများ ကောင်းကင်မှ ကျဆင်းလာနေသည်။ ထိုသည်က တိုက်ပွဲဖြစ်ပွားရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“အဖေ၊ ဒါက ကျွန်တော့်ကို ဆက်ဆံတဲ့ နည်းလမ်းလား” တစ်စုံတစ်ယောက်၏ ဒေါသတကြီး အော်ဟစ်လိုက်သံက ယွင်အိမ့တော်အတွင်း ပဲ့တင်ထပ်လာသည်။

ရီဖူရှင်း၏ နှလုံးသားက ရုတ်ခြည်း တုန်လှုပ်သွားလေသည်။ ထိုသည်က ယွင်ထန်၏ အသံ ဖြစ်ပေသည်။

“သွားကြည့်ရအောင်” ရီဖူရှင်းက ယူချင်းကို ပြောလိုက်သည်။ သူတို့သည် လူများ စုဝေးနေသည့် နေရာသို့ ချက်ချင်း ရောက်ရှိလာကြသည်။

ယွင်ထန်နှင့် ယွင်နီက လူအုပ်ကြားထဲတွင် ရပ်နေ၏။ ယွင်နီကို ကြည့်ရသည်မှာ အလွန် ပူဆွေးသောက ရောက်နေပုံရသည်။ ယွင်ကလန်မှ လူများကို စိုက်ကြည့်နေသည့် ထိုမျက်လုံး အစုံသည် စိတ်ပျက်အားငယ်ခြင်းနှင့် အမုန်းတရားတို့ကို ရှိနေကြောင်း တွေ့ရှိရပေသည်။

“ဘာတွေဖြစ်နေတာလဲ” ရီဖူရှင်းက တိုးတိုး ရေရွတ်လိုက်သည်။ သူသည် ထိုကိစ္စနှင့် ပတ်သက်ပြီး မကောင်းသော ခံစားချက်များ ရနေပေသည်။

“ချန်းယွဲ့ကို အဝေးပို့လိုက်တာ အဲဒါ သူမရဲ့ အနာဂတ်အတွက်ပဲ” လူအိုကြီးတစ်ယောက်က ယွင်ထန်နှင့် ယွင်နီကို ကြည့်ကာ ပြောလိုက်သည်။ သူ၏ အမူအရာက တည်ကြည်ကာ ခန့်ညားထည်ဝါပြီး သူ၏ အသံကလည်း ခေါင်းလောင်းကြီး တစ်လုံးမှ ထွက်လာသော အသံကဲ့သို့ အသံ အောင်လှပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset