အခန်း (၁၃၆)

အားလုံးကိုကျော်ဖြတ်

အခန်း (၁၃၆) အားလုံးကိုကျော်ဖြတ်

အစီအရင်တောင်ကုန်း၏ အရှေ့ဘက်တွင် ကျောက်ပြားတစ်ချပ် ရှိလေသည်။

ထိုကျောက်ပြားက အစီအရင်တောင်ကုန်းနှင့် ဆက်သွယ်ထားသည့် မှော်ဝင်ကျောက်ပြားတစ်ချပ် ဖြစ်၏။

ထိုကျောက်ပြားထက်တွင် လူအယောက် (၃၀)၏ နာမည်များကို အစဉ်လိုက်ရေးထိုးထားသည်။

နာမည်များ၏ အောက်တွင် အလင်းရောင်တောက်ပနေသည့် နာမည်ကတ်ပြားကဲ့သို့ အကွက်ငယ်လေးများ ရှိနေလေသည်။

ထို တောက်ပနေသည့် နာမည်ကတ်ပြားလေးများထက်တွင် နာမည်များ ရေးထိုးထားခြင်း ဖြစ်သည်။

ယခု တောက်ပနေသည့် နာမည်ကတ်ပြားလေးများကြားတွင် နာမည်ရေးထိုးထားခြင်းမရှိသည့် ကတ်ပြားအလွတ်လေးတစ်ခု ရှိနေလေသည်။

ထိုအမည်မဲ့ကတ်ပြားအလွတ်လေးက အလင်းရောင်တောက်ပလျှက်ရှိပြီး အခြားနာမည်များကို ကျော်တက်ရန် တောက်ပလျှက် ရှိသည်။

ထိုကတ်ပြားလေးက ယခုဆိုလျှင် အဆင့် (၁၉) သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အစီအရင်တောင်ကုန်းထက်သို့ တက်ရောက်နိုင်သူများကို (၁၀)နှစ်လျှင် တစ်ကြိမ် အဆင့်ပြန်လည်သတ်မှတ်ပေးလေ့ ရှိသည်။

ယခု အမည်စာရင်း အဆင့်ပြန်လည်သတ်မှတ်ရန် (၉)နှစ်မြောက် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အချိန် (၁၀)နှစ်အတွင်း အစီအရင်တောင်ကုန်းထက်သို့ တက်ရောက်ကြသူ တပည့်စုစုပေါင်းကို တောင်ကုန်းထက်သို့ ရောက်ရှိသည့် နေရာအလိုက် အဆင့်သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

တပည့်တစ်ယောက် တောင်ကုန်းထက်သို့ တက်သည်နှင့် တောင်ကုန်းရှေ့ရှိ အမည်စာရင်း မှော်ဝင်ကျောက်ပြားတွင် ထိုသူ၏နာမည် ပေါ်လာမည် ဖြစ်သည်။

ထို့နောက် ထိုတပည့်က အခြားသူများရောက်ရှိသည့် နေရာများကို ကျော်တက်သွားနိုင်သည်နှင့် အမည်စာရင်းကျောက်ပြားတွင် ထိုသူ၏ နာမည်က အခြားသူများ၏ နာမည်ကို ချက်ချင်းပင် ကျော်တက်သွားမည် ဖြစ်သည်။

သို့သော် အဆင့်များ သိသိသာသာ ပြောင်းလဲသည်ကတော့ ရှားပါးလှသည်။

ယခု ကျန်းလန်က အနောက်တံခါးမှ တောင်ကုန်းထက်သို့ တက်ခဲ့သူဖြစ်သောကြောင့် နာမည်မပေါ်ဘဲ နာမည်ကတ်ပြားလေးတွင် ကွက်လပ်ဖြစ်နေခြင်း ဖြစ်၏။

ကျန်းလန်က ယခုဆိုလျှင် အဆင့် (၃၀) အတွင်း ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူ တောင်ကုန်းထက်သို့ တက်သွားသည်မှာ အချိန် (၄)လ ရှိပြီဖြစ်သော်လည်း လွန်ခဲ့သည့် (၁)လခန့်ကမှ လူအများက သူ့ကို အာရုံစိုက်မိလာကြသည်။

အစပိုင်းတွင် ကျန်းလန်ကိုမည်သူမှ အာရုံမစိုက်မိခဲ့ကြပေ။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ (၂)ရက် (၃) ရက်လျှင် တစ်ကြိမ် နာမည်ကဒ်ပြားများကို ကျော်ဖြတ်ပြီး အဆင့်တက်နေသည့် ကျန်းလန်ကို အားလုံးက အာရုံစိုက်မိလာကြသည်။

ယခုတော့ အချိန် (၄)လအတွင်း ကျန်းလန်က အဆင့် (၁၉) သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဤသည်က အလွန်ရှားပါးသည့် ဖြစ်ရပ်တစ်ခု ဖြစ်၏။

နှစ်ပေါင်း (၁၀၀)အတွင်း တောင်ကုန်းထက်သို့ ထိုမျှမြန်မြန်ဆန်ဆန်တက်သွားနိုင်သူ တစ်ယောက်မှ မရှိခဲ့ပေ။

တပည့်တစ်ယောက်က…

“ကြည့်… ကြည့်… သူ… အဆင့်တစ်ဆင့် ထပ်တက်သွားပြန်ပြီ… ၊ အဆင့် (၁၈)တောင် ရောက်သွားပြီ… ၊ ဒီအတိုင်းသာ ဆက်သွားရင် သူ ထိပ်တန်း (၁၀)ယောက်စာရင်းထဲ ဝင်တော့မယ်ထင်တယ်…”

နောက်ထပ်တပည့်တစ်ယောက်က…

“သူက တောင်ကုန်းပေါ်က အစီအရင်တွေကို ဒီလောက်မြန်မြန်နဲ့ ဘယ်လိုချိုးဖျက်လိုက်လဲ မသိဘူး… ၊ မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်မြန်မြန် အဆင့်တက်လာမှာတဲ့လဲ…”

“ဟုတ်ပ… ဒါပေမဲ့ အဲဒီလူက ဘယ်သူများလဲ မသိ…”

“နာမည်ကတ်ပြားမှာ သူ့နာမည်မှ မပေါ်တာ… ၊ ကြည့်ရတာ အရှေ့တံခါးကဝင်တာမဟုတ်ဘဲ အနောက်တံခါးက ဝင်သွားတာ ဖြစ်ရမယ်…”

“တောင်သခင်မက အစီအရင်ပါရမီရှင်တစ်ယောက်ကိုလက်ခံပြီး တောင်ကုန်းပေါ် တက်ခွင့်ပြုခဲ့တာများလား… ၊ ဒါမှမဟုတ် အခြားတောင်ထွတ်တွေက ကျုပ်တို့ ပဉ္စမတောင်ထွတ်ကို အစီအရင်ပညာနဲ့ပတ်သက်ပြီး လာရောက်စိန်ခေါ်တာများလား…”

“အခြားတောင်ထွတ်တွေက လာပြီး စိန်ခေါ်တာဆိုရင် အရှေ့တံခါးကပဲ ဝင်မှာပေါ့… မဟုတ်ဘူးလား…”

“………………”

“ဒီလူ ဘယ်လောက်မြန်မြန်တက်သွားမလဲ စောင့်ကြည့်ရအောင်ကွာ…”

“အေးလေ…  ဒီလူက တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေပြီး အခုမှ အစွမ်းပြဖို့ ထွက်လာတဲ့လူများလား မသိဘူး…”

“ဖျက်မြင်းထင်တယ်ကွ…  ၊ ဒီလူက… ထိပ်ဆုံးကလူကို ကျော်တက်ဖို့ ကြိုးစားနေတာ…”

“သူ ဘယ်အထိ သွားနိုင်မလဲကြည့်ကြတာပေါ့…”

……………

တောင်ကုန်းအောက်ခြေတွင် မည်သည့်အရာများ ဖြစ်ပျက်နေပါစေ ကျန်းလန်အပေါ် သက်ရောက်ခြင်း မရှိပေ။

ဤရက်များအတွင်း အစီအရင်များကိုနားလည်ရန် ကျန်းလန် တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကို အသုံးပြုလျှက် ရှိသည်။

ထို့ပြင် အစီအရင်ပညာ လေ့လာချိန်များကိုလည်း ခွဲခြားသတ်မှတ်ထား၏။

သူက နားချိန် ၊ အစီအရင်ပညာကို လေ့လာချိန်နှင့် အစီအရင်များကို ချိုးဖျက်ဖြေရှင်းချိန်ဟု အချိန်ကို ခွဲခြားအသုံးပြုထားသည်။

ဖြည်းဖြည်းချင်းလေ့လာရသောကြောင့် အချိန်ကုန်သွားမည်ကို ကျန်းလန်က စိုးရိမ်ခြင်း မရှိပေ။

အချိန်ကုန်လျှင် ကုန်ပါစေ သေသေချာချာ နားလည်အောင် လေ့လာရန် ဆုံးဖြတ်ထားသည်။

အစီအရင်တစ်ခုကို နားလည်သွားပြီဆိုလျှင် လေ့လာခဲ့သမျှကို မှတ်မိနေစေရန် အနားယူနေသည့်အချိန်တွင် ပြန်လှန်လေ့ကျင့်မှတ်သားခြင်းများ ပြုလုပ်သည်။

အစီအရင်တောင်ကုန်းထက်တွင် သင်ယူထားသမျှကို သူ၏ ကိုယ်ပိုင်ကျွမ်းကျင်ပညာများ ဖြစ်လာစေရန် ကြိုးစားမှတ်သားလျှက်ရှိသည်။

ကျန်းလန်က နေ့တိုင်း ထိုသို့ပြုလုပ်နေခြင်း ဖြစ်၏။ နေ့စဉ်ရက်ဆက် ထိုသို့ ပြုလုပ်နေရသောကြောင့် သူ စိတ်ပျက်ခြင်း မဖြစ်မိပေ။

ဤသည်က ကျင့်ကြံခြင်းနှင့် ဆင်တူသည်။

ကျန်းလန်က နဝမတောင်ထွတ်တွင် ဆယ်စုနှစ်ပေါင်းများစွာ တစ်ယောက်တည်း ကျင့်ကြံခဲ့သူ ဖြစ်သည်။

တစ်ယောက်တည်းကျင့်ကြံသည့် နေ့ရက်များတွင် ယခုကဲ့သို့ပင် ကိစ္စရပ်တစ်ခုကို ထပ်ခါထပ်ခါ ကျင့်ကြံရစမြဲ ဖြစ်သည်။

သင်ယူခြင်းနှင့် ကျင့်ကြံခြင်းက ကျန်းလန် အကျွမ်းကျင်ဆုံး ကိစ္စများ ဖြစ်သည်။

ထို့ကြောင့် အစီအရင်တောင်ကုန်းထက်တွင် ကျန်းလန်နေထိုင်ရည့်ဘဝက သာမန်ဘဝနှင့် မခြားလှဘဲ အသားကျလျှက် ရှိသည်။

ထိုသို့ဖြင့် နေ့ဘက်တွင်နေသာလိုက် ၊ ညဘက်တွင် လဝန်းထိန်ထိန်သာလိုက်ဖြင့် တိမ်တိုက်များသည်လည်း ရွေ့လျားပြောင်းလဲသွားကာ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။

အစီအရင်တောင်ကုန်းပေါ်သို့ ကျန်းလန်တက်လာသည်မှာ အချိန် (၅)လခန့် ရှိပြီ ဖြစ်သည်။

ယနေ့…

ကျန်းလန် တောင်အောက်သို့ ငုံ့ကြည့်သည့်အခါ တောင်ခြေကို တွေ့မြင်ရခြင်း မရှိတော့သလို တောင်ပေါ်သို့ မော့ကြည့်လိုက်သည့်အခါတွင်လည်း တောင်ထိပ်ကို တွေ့မြင်ရခြင်း မရှိပေ။

“ငါ တောင်ကုန်းအလယ်ရောက်နေတာ ဖြစ်ရမယ်…”

ကျန်းလန် တွေးလိုက်သည်။

ထို့နောက် ရှေ့ဆက်တက်လာခဲ့သည်။ သူ့စိတ်ကတော့ တည်ငြိမ်လျှက် ရှိ၏။

အစီအရင်တောင်ကုန်းအောက်ခြေရှိ အဆင့်သတ်မှတ်ချက် မှော်ဝင်ကျောက်ပြားရှေ့တွင်တော့ လူအများ စုရုံးရောက်ရှိနေကြလေသည်။

“သူ အဆင့်(၁၁)ကို ရောက်နေပြီကွ… ၊ ဒီနေ့ အဆင့် (၁၀)ကိုရောက်မလား စောင့်ကြည့်ရအောင်…”

“မဖြစ်နိုင်ပါဘူးကွာ… ဟုတ်တယ်မလား… ၊ အဆင့်သတ်မှတ်ချက်ကျောက်ပြားမှာ အဆင့် (၁၀)ကို တက်နိုင်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ…”

“သူ့အတွက်တော့ ခက်မယ်မထင်ပါဘူး… ၊ သူက အချိန် (၁)လအတွင်း အဆင့် (၁၈)ကနေ အဆင့် (၁၁)ကို ရောက်အောင်တက်သွားတာလေ… ၊ နောက်လဆိုရင် ပထမနေရာကိုတောင် ရောက်သွားမလားပဲ…”

“အေး… ကျုပ် ဥပမာနဲ့ ပြောပြမယ်နော်… ကျုပ်က (၃)ရက်အတွင်း ချီစွမ်းအားသန့်စင်ခြင်းအဆင့်ကို အောင်မြင်ခဲ့တယ်ဆိုရင် (၁)လအတွင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်နိုင်မလား ပြောကြည့်လေ… ၊ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အချိန် (၁)လနဲ့ အဆင့်တက်နိုင်တယ်ပဲ ထားလိုက်ဦး… ရွှေပြဒါးအမြုတေအဆင့်ကို အချိန် (၂)လနဲ့ အဆင့်တက်နိုင်မယ်လို့ ပုံသေသတ်မှတ်လို့ ရမလား… ၊ ဒီလိုပဲလေ … ဒီလူ တောင်ကုန်းထိပ်ရောက်ဖို့ဆိုတာလည်း ခန့်မှန်းလို့ ရတဲ့ကိစ္စ မဟုတ်ဘူး…”

“ဒါပေမဲ့… အဲဒီလူ ထိပ်ဆုံးရောက်အောင် တက်သွားနိုင်ချေရှိတယ်ဆိုတာ မင်းငြင်းလို့မရပါဘူးကွာ… ၊ သူက အခုချိန်ထိ အရှိန်နှေးသွားတာမှ မဟုတ်တာ…”

“သူ… ထိပ်ဆုံး(၁၀)ယောက်ထဲ ရောက်တဲ့အထိ စောင့်ကြည့်ရအောင်…”

သူ့စကားဆုံးသွားသည်နှင့် အလင်းရောင်တောက်ပနေသည့် အမည်မဲ့နာမည်ကတ်လေးက အထက်သို့ နောက်တစ်ဆင့် ခုန်တက်သွားလေသည်။

အဆင့် (၁၀)…။

ထိပ်ဆုံး (၁၀)ယောက် စာရင်းဝင်သွားပြီ ဖြစ်သည်။

“သောက်ကျိုးနဲ… ယုံတောင်မယုံနိုင်ဘူး… ၊ ဒီပုံအတိုင်းဆို သူ… ထိပ်ဆုံး (၅)ယောက်ကို ရောက်တော့မယ်ကွ…”

ထိုသို့ဖြင့်…

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။

ယနေ့ ကျန်းလန် တောင်ကုန်းပေါ်တက်သွားသည်မှာ အချိန် (၆)လပြည့်သည့်နေ့ ဖြစ်၏။

ထိုအချိန် အစီအရင်တောင်ကုန်းအောက်ခြေမှ ဟေးကနဲ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

“ထိပ်ဆုံး (၃)ယောက်စာရင်းကို ရောက်သွားပြီကွ… ထိပ်ဆုံး (၃)ယောက်… ၊ သူက တကယ် ပထမနေရာရဖို့ ရည်ရွယ်နေတာပဲ…”

“ဒီလူက ဘယ်တောင်ထွတ်ကလဲ မသိဘူး… ၊ အင်မော်တယ်ဖြစ်သွားတဲ့ ဂိုဏ်းတူအစ်ကိုတစ်ယောက်ယောက်များ ကျုပ်တို့ကို လာနောက်နေတာလား မသိဘူး…”

……………

ပဉ္စမတောင်ထွတ် ခန်းမဆောင်…

မြောင်ယွဲ့ ခန်းမဆောင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

သူမနားထဲတွင် အပြင်ဘက်ဆီမှ ဆူညံသံများကို ကြားနေရသည်။

“တပည့်တွေအကုန်လုံးကို လိုက်ထိန်းနေလို့လည်း မဖြစ်နိုင်ဘူးပဲ…”

ထို့နောက် သူမ ဆူညံသံများကို အာရုံမစိုက်တော့ပေ။

မြောင်ယွဲ့ အစီအရင်တောင်ကုန်းရှိရာသို့ လှမ်းကြည့်လိုက်သည်။

“အချိန်နှစ်ဝက်ရှိပြီ… အခုဆို ကျန်းလန် တောင်ကုန်းပေါ်က ပြန်ဆင်းလာဖို့ အချိန်ကျပြီ… ၊ အစီအရင်နဲ့ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို ဒီကလေး ဘယ်လောက်လေ့လာနိုင်မလဲဆိုတာ သိချင်မိတယ်…”

သူမက ကျန်းလန်ကို အာရုံစိုက်နေမိသည်။

ယခု အချိန် နှစ်ဝက်ခန့်ကြာမြင့်ပြီဖြစ်လေရာ ကျန်းလန် တောင်ကုန်းထက်မှ ပြန်ဆင်းလာရန် အချိန်ကျပြီ ဖြစ်သည်။

သူမက ကျန်းလန်ကို ပညာကုန်သင်ပေးရန် ဆုံးဖြတ်ထားသည်။ သို့သော် သူက ဆရာစားမချန် သင်ပြပေးသည့်တိုင် သင်ယူသူဘက်မှ လက်ခံနိုင်ခြင်းမရှိလျှင် အလကားပင် ဖြစ်သည်။

အစီအရင်ပညာ၏ အဓိကအချက်မှာ နားလည်ခြင်းပင် ဖြစ်သည်။ ပညာရပ်ကို နားမလည်လျှင် မည်မျှပင် သင်ယူပါစေ တတ်မြောက်မည် မဟုတ်ပေ။

အခြေခံခိုင်မာလေ ပိုပြီး နားလည်လေ ဖြစ်ပြီး အခြေခံအားနည်းလျှင် နားလည်မှု လျော့ပါးမည် ဖြစ်သည်။

အစီအရင်ပညာကို လေ့လာရာတွင် ဖြတ်လမ်းဟူသည် မရှိပေ။

“ဝိုး… ဝိုး… အဆင့် (၃) ရထားတဲ့ ကျုပ်တို့ ဂိုဏ်းတူအစ်ကိုကြီးတောင် အဆင့် (၄)ကို ကျသွားပြီကွ… ၊ သူတော့ ဖိအားတွေခံရတော့မယ်… ၊ ဟိုလူက သူ့ကို ဖြတ်တက်သွားပြီ…”

အချိန်ကြာလာသည်နှင့်အမျှ အပြင်ဘက်မှ အသံများက ပိုမိုဆူညံလာသောကြောင့် မြောင်ယွဲ့ အနည်းငယ် သိချင်စိတ် ဖြစ်လာမိသည်။

သူမ အခြေအနေစုံစမ်းရန်အတွက် ပဉ္စမတောင်ထွတ်ခန်းမဆောင် တံခါးဝသို့ ထွက်လာခဲ့၏။

“ဘာတွေ ဖြစ်နေတာလဲ…”

ခန်းမဆောင်တံခါးတွင် အစောင့်ကျနေသော တပည့်မလေးတစ်ယောက်ကို မြောင်ယွဲ့က မေးမြန်းလိုက်သည်။

“အစီအရင်တောင်ကုန်းမှာ ဖျက်မြင်းပေါ်လာတယ်လို့ကြားတယ်… ဆရာ… ၊ လွန်ခဲ့တဲ့ (၆)လလောက်က အဲဒီလူက တောင်ကုန်းပေါ်ကို တက်သွားတာ… ၊ အခုဆိုရင် ထိပ်ဆုံးအဆင့် (၃)ယောက်မှာ စာရင်းဝင်နေပြီလို့ ကြားပါတယ်…”

တပည့်မလေးက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

သူမ၏မျက်နှာတွင် မြောင်ယွဲ့ကို အလွန်ရိုသေလေစားဟန်ဖြင့် ပြည့်နက်နေသည်။

ပဉ္စမတောင်ထွတ်မှ တပည့်များက ပဉ္စမတောင်ထွတ်မှ တောင်သခင်မအကြောင်း ကောင်းကောင်း သိရှိကြသည် မဟုတ်ပါလား။

တပည့်မလေးစကားကြားသည်နှင့် မြောင်ယွဲ့က အပြင်ပန်းတွင် တည်ငြိမ်နေသည့်တိုင် မျက်ဝန်းများက အေးစက်သွားသည်။

“ဖျက်မြင်း…တဲ့…”

မြောင်ယွဲ့က…

“ဘယ်သူ့ကိုပြောတာလဲ…”

တပည့်မလေးက…

“အမည်စာရင်း ကျောက်ပြားမှာ သူ့နာမည်ကိုတော့ မတွေ့ရပါဘူး… နာမည်က အလွတ်ဖြစ်နေပါတယ်…”

မြောင်ယွဲ့ အနည်းငယ် မှင်တက်သွားသည်။

“ကောင်းပြီ… အဲဒီလူ အဆင့်ထပ်တက်သွားရင် ငါ့ကို အကြောင်းကြားပေးပါ…”

ပြောပြီးသည်နှင့် မြောင်ယွဲ့ ခန်းမဆောင်ထဲ ပြန်ဝင်သွားသည်။

ခန်းမဆောင်ထဲပြန်ရောက်သည်နှင့် မြောင်ယွဲ့ အစီအရင်တောင်ကုန်းရှိရာနေရာသို့ လှမ်းကြည့်လိုက်၏။ သူမကိုကြည့်ရသည်မှာ အနည်းငယ် အံ့အားသင့်နေဟန် ရှိသည်။

“ဒီလောက်အချိန်တိုလေးနဲ့ အဆင့် (၃)ကိုတောင် ရောက်အောင်တက်သွားနိုင်တယ်… ၊ နားလည်နိုင်စွမ်း အရမ်းမြန်တဲ့အပြင် အားလုံးကိုလည်း နားလည်အောင် သင်ယူသွားတာပဲ… ၊ ဒီတောင်ကုန်းပေါ်တက်တယ်ဆိုတာ နားမလည်တဲ့အရာတွေကို ချန်ထားခဲ့မယ်ဆိုရင် ရှေ့ဆက်တက်လို့ မရနိုင်ဘူး… ၊ မဟုတ်ရင် သူတောင်ထိပ်ကို ရောက်နိုင်မှာ မဟုတ်ဘူး…”

မြောင်ယွဲ့ တွေးလိုက်သည်။

“သူ့ကို ဘာမှသင်ပေးစရာမလိုဘူးလို့ ဂိုဏ်းတူအစ်ကိုမော့ကျန်းသုန့်ပြောခဲ့တဲ့စကားကို မအံ့သြတော့ပါဘူး ၊ သူက ပညာရပ်တစ်ခုရဲ့ အနှစ်သာရကို နားလည်နိုင်စွမ်းရှိတယ်… ၊ ဇွဲလည်းကောင်းတယ်…”

ထို့နာက် မြောင်ယွဲ့ သက်ပြင်းတစ်ချက်ချလိုက်သည်။

“ကြည့်ရတာ အချိန် (၆)လလို့ သတ်မှတ်ပေးလိုက်တဲ့ ငါ့စကားတွေလည်း သူ့စိတ်ထဲ မရှိလောက်တော့ဘူး… ၊ အင်း… (၆)လပြည့်သွားလည်း သူ တောင်ကုန်းပေါ်က ဆင်းလာမှာ မဟုတ်လောက်တော့ဘူး…”

……………

ထိုသို့ဖြင့်…

ကျန်းလန် အစီအရင်တောင်ကုန်းပေါ်သို့ တက်သွားသည်မှာ အချိန် (၇)လ ပြည့်ခဲ့ပြီ ဖြစ်သည်။

“သူ အခု ဒုတိယနေရာကို ရောက်သွားပြီကွ… ၊ ပထမနေရာအထိ ရောက်တော့မလား မသိဘူး…”

“အဲဒီလူ ဘယ်သူလဲ မသိဘူးကွာ… ၊ သိချင်လိုက်တာ… ၊ မင်း တောင်ပေါ်မှာ လျှောက်စုံစမ်းမကြည့်ဘူးလား…”

“စုံစမ်းပြီးပြီကွ… ဒါပေမဲ့ ဘယ်သူမှန်းကို မသိရဘူး…”

“တပည့်ရင်းတွေတောင် ဒီလူ ဘယ်သူလဲဆိုတာ မသိကြဘူးလား…”

ထိုအချိန်…

သစ်သားဓားတစ်လက်ကို ကိုင်ဆောင်ထားသည့် ရှောင်ယွိသည်လည်း အစီအရင်တောင်ကုန်းရှေ့ရှိ အဆင့်သတ်မှတ်ချက် ကျောက်ပြားနားတွင် မတ်တတ်ရပ်လျှက် ရှိလေသည်။

ဒုတိယနေရာရောက်နေသည့် အလင်းရောင်တောက်ပနေသော နာမည်ကတ်ပြားအလွတ်လေးကိုကြည့်ပြီး သူမစိတ်ထဲ ထိုသူမည်သူဖြစ်ကြောင်း သိချင်နေမိသည်။

“နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးများလား…”

ရှောင်ယွိ တွေးလိုက်သည်။

ကျန်းလန် ပဉ္စမတောင်ထွတ်တွင် အစီအရင်ပညာ သင်ယူနေကြောင်း သူမ သတင်းရထားလေသည်။

ထို့ကြောင့် သူမက အခြေအနေလာကြည့်ခြင်း ဖြစ်၏။

သူမနှင့် လက်ဆက်မည့်သူ၏ အခြေအနေများကို သူမ သိရှိထားသင့်သည်ဟု ယူဆသည်။ သို့မှသာ အနာဂတ်တွင် သူတို့ (၂)ယောက်အတွက် ပြဿနာနည်းပါးနိုင်မည် မဟုတ်ပါလား။

လက်ရှိတွင် သူမက အဋ္ဌတောင်ထွတ်သို့ ဓားသိုင်းပညာသင်ယူရန် ရောက်ရှိနေခြင်း ဖြစ်သည်။

ကျန်းလန်က အစီအရင်ပညာတွင် တော်သူ ဖြစ်သည်။ ထို့ကြောင့် အမည်မဲ့နာမည်ကတ်လေးသည် အမှန်ပင် ကျန်းလန် ဖြစ်ရမည်ဟု သူမ ခံစားနေရသည်။

ထိုစဉ်…

အစီအရင်တောင်ကုန်းထိပ်တွင် အလင်းရောင်တစ်ခု ထွက်ပေါ်လာလေသည်။ အလင်းရောင်က ပဉ္စမတောင်ထွတ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ပဉ္စမတောင်ထွတ်မှ တပည့်တိုင်းက တောင်းကုန်းထိပ်ဆီသို့ လှမ်းကြည့်လိုက်ကြ၏။

ခန်းမဆောင်ထဲမှ မြောင်ယွဲ့သည်လည်း အစီအရင်အရင်တောင်ကုန်းရှိရာသို့ လှမ်းကြည့်လိုက်လေသည်။

ထို့နောက် မျက်နှာထက်ဖုံးလွှမ်းထားသည့် ဇာပုဝါပါးအောက်မှ နှုတ်ခမ်းများ ပြုံးရိပ်သမ်းသွားသည်။

“အတော်မြန်တာပဲ…”


Comment

Leave a Reply


Options

not work with dark mode
Reset