Switch Mode

အပိုင်း(၁၃၃၂)

ရန်ဟောင်နယ်မြေများ

ဓားအရှိန်အဝါသည် ပျောက်ကွယ် သွားနေပြီး လီနတ်ဓားကလန်မှ တန်ခိုးရှင်တစ်ဦးသည် နေရာတွင်ပင် အသတ် ခံခဲ့ရသည်။ အင်အားစု သုံးခုမှ လူအားလုံးသည် ကြက်သေ သေသွားခဲ့ကြသည်။

သူတို့၏ အမြင်အရဆိုလျှင် လေဟာနယ် ခရီးသွားဝင်္ကပါ ချို့ယွင်း၍ ရောက်ရှိလာသော ထိုသူသည် ကျိန်းသေပင် ထိပ်တန်း အင်အားစု အချို့မှ ဖြစ်လိမ့်မည် မဟုတ်ပေ။ တစ်ကိုယ်တော် ကျင့်ကြံသူများသာလျှင် ထိုသို့ အမှားအယွင်းမျိုး ဖြစ်ပေါ်နိုင်ပြီး ကြီးမားသည့် အင်အားစုများမှ လေဟာနယ် မဟာဝင်္ကပါများမှာ တည်ငြိမ်လှသည်ဖြစ်ရာ ထိုသို့သော အမှားမျိုး ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။

သူတို့သည် သူတို့ရှေ့၌ ထွက်ပေါ်လာသည့် ထိုသူက အခြားသော ဘုံမှ ရောက်ရှိလာသည်ဟု မတွေးဘဲ ရန်ဟောင်အဆင့် ပစ္စည်းကြောင့် နှောင့်ယှက်သည်ဟု တွေးခဲ့ကြသည်။

ကောင်းကင် အာဏာစက်ဘုံရှိ တန်ခိုးရှင်အချင်းချင်း ကြားမှ ပြိုင်ဆိုင်မှုများက ပြင်းထန် လှသည်။ ဤနေရာရှိ တိုက်ခိုက်မှုများမှာ သွေးနဂါးဘုံထက်ပင် ပို၍ ပြင်းထန်သည်။ ထိုအဆင့်မြင့် အင်ပါယာဘုံသည် ပို၍ ကျယ်ပြန့်ပြီး တန်ခိုးရှင် အများအပြား စုဝေးရာနေရာ ဖြစ်သည်။ တန်ခိုးရှင်များကို ကန့်သတ်ထားခြင်း မရှိဘဲ စည်းမျဉ်း စည်းကမ်းများနှင့် ချည်နှောင် ထားခြင်းမျိုးလည်း မရှိပေ။ သူတို့သည် မည်သည့် ကျင့်ကြံခြင်း အရင်းအမြစ် အတွက်မဆို ရှာဖွေနိုင်သမျှ ရှာဖွေ၍ တိုက်ခိုက်ရန် လိုအပ်သည်။ ရန်ဟောင်များ ချန်ရစ်ခဲ့သည့် ပစ္စည်းမျိုး အတွက်ဆိုလျှင် ပိုဆိုးပေသည်။

ရီဖူရှင်းသည် ထိုသို့သော ပစ္စည်းတစ်ခုကို ပျက်စီးစေခဲ့ပြီး သူတို့၏ အစီအစဉ် အားလုံးကို နှောင့်ယှက်ခဲ့သည်။ ထို့သည်ကပင် လီနတ်ဓားကလန်နှင့် မိစ္ဆာရှင်းကလန်မှ တန်ခိုးရှင်များက ရီဖူရှင်းထံမှ ရသလောက် အကုန်ယူဆောင်၍ လူကိုပင် သတ်ချင်ရသည့် အကြောင်းရင်းပင် ဖြစ်တော့သည်။

သို့သော် သူ့ထံမှ ထိုလက်ချောင်း တိုက်ခိုက်မှု တစ်ခုနှင့်ပင် သူက အားမနည်းကြောင်းကို ရှင်းလင်းစွာ ပြသနိုင်ခဲ့သည်။ သူသည် သူနှင့် အဆင့်တူ၌ ရှိနေသော လီနတ်ဓားကလန်မှ တန်ခိုးရှင်တစ်ဦးအား သတ်ဖြတ်ခဲ့ပြီး သူ၏ တိုက်ခိုက်မှုက အလွန် လွှမ်းမိုးနိုင်ကာ ပြင်းထန်လှသည်။

လီရို့ရွှမ်း၏ အမူအရာက အရိုးထိ အေးစိမ့်စေသည့် အေးစက်မှုများ ကျန်ရှိနေသော်လည်း သူမသည် အလွန် အံ့အားသင့် နေသည်။ သူမသည် ထိုမျှ အစွမ်းထက်သည့် ဓားစွမ်းအားက ထိုသူ့အား ချက်ချင်း သတ်ဖြတ်နိုင်လိမ့်မည်ဟု တွေးတောခဲ့သည်။

ကြည့်ရသည်မှာ သူမက ရီဖူရှင်း၏ စွမ်းအားကို လျှော့တွက်မိခဲ့ပုံပေါ်လေသည်။

များပြားလှသော ဓားသမားများမှာ ကောင်းကင်သို့ ခြေလှမ်းလိုက်ကြပြီး ဓားစွမ်းအားများသည် ရီဖူရှင်း၏ ခေါင်းထက်၌ အော်မြည်နေသည်မှာ ဓားမိုးက အချိန်မရွေး ရွာသွန်း လာတော့မယောင်ပင် ဖြစ်သည်။ သံသယကင်းစင်ခြင်းအဆင့် ရှန့်ထို အကြီးအကဲများသည်လည်း ရှေ့သို့ ထွက်လာကာ သူတို့၏ ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ် လိုက်ကြသည်။

ရီဖူရှင်းက မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုသံသယ ကင်းစင်ခြင်း အဆင့်များနှင့် ရင်ဆိုင် ရမည်ဆိုလျှင် ဖြစ်လာမည့် တိုက်ပွဲသည် အလွန် ပြင်းထန်လိမ့်မည် ဖြစ်သည်။

ထိုအကြီးအကဲသည် သူ့ကို ချက်ချင်းပင် သတ်ဖြတ်ပစ်ရန် ရည်ရွယ်လေသည်။ သို့သော်လည်း သူသည် ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရုံမှလွဲ၍ အခြားနည်းလမ်း မရှိပေ။ သူသည် အဆုံးစွန်ထိ ဖိအားပေးခံရပါက အင်ပါယာခွာ၏ စွမ်းအားကို ထုတ်ဖော်ရပေလိမ့်မည်။

သို့သော် သူသည် ဤဘုံသို့ ယခုမှ ရောက်ရှိသော အသစ်ကလေး ဖြစ်သည့်အတွက် ရောက်ရောက်ချင်းမှာပင် ထိုသို့ ပြုလုပ်လိုခြင်း မရှိပေ။ အကျိုးဆက်က ဆိုးဝါးလိမ့်မည် ဖြစ်သည်။

ရတနာလှံရှည်က သူ့လက်ထဲတွင် ပေါ်ပေါက်လာကာ ပြင်းထန်သည့် လေဟာနယ် စွမ်းအားများ ပါဝင်နေသည့် မဟာလမ်းစဉ် စွမ်းအားများက ထိုအတွင်းသို့ ပေါင်းစပ် သွားသည်။ သူ့အနီးဝန်းကျင်ရှိ လူများက မျက်လုံးများက အရောင် တောက်ကုန်ကြပေသည်။

ထိုနတ်လက်နက်သည် အလွန် အစွမ်းထက်ပုံပေါ်ကာ သူ့တွင် အချို့သော အဖိုးတန် ရတနာများလည်း ရှိနေဟန်တူသည်။

ဘုန်း…

တောက်ပသည့် မဟာလမ်းစဉ် ဓားအလင်းများက အထက်မှနေ၍ ရီဖူရှင်းကို ပစ်မှတ်ထားကာ တည့်မတ်စွာ ကျဆင်းလာသည်။ သူသည် ချက်ချင်းပင် သူရပ်နေရာမှ ပျောက်ကွယ် သွားသည်။ ဓားသမားနှစ်ဦးသည် သူတို့၏ ဓားများကို ကိုင်စွဲကာ တစ်ချိန်တည်းတွင် ပြင်းထန်လှသော အရှိန်အဟုန်နှင့် ရီဖူရှင်းအား တိုက်ခိုက် လိုက်သည်။

ဓားအရှိန်အဝါများက ရီဖူရှင်းထံသို့ မိုးကြိုးမုန်တိုင်းကဲ့သို့ ရောက်ရှိလာသည်။ လွှမ်းမိုးနိုင်စွမ်း ရှိသော မဟာလမ်းစဉ် စွမ်းအားများက ရီဖူရှင်း၏ လက်မှ ထွက်ပေါ်လာကာ တည့်မတ်စွာ လာနေသည့် အဆုံးမဲ့ ဓားစွမ်းအားများနှင့် တွေ့ဆုံခဲ့ပြီး တန်ခိုးရှင် တစ်ဦးထံသို့ ဦးတည် သွားခဲ့သည်။

ရတနာလှံကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး နေရာအနှံ့မှ လာနေသည့် ပြင်းထန်သော ဓားအရှိန်အဝါ စီးကြောင်းများသည် အလယ်တွင် တားဆီးခံလိုက်ရကာ  ယင်းတို့သည် ဆိုးဆိုးဝါးဝါး ဖျက်ဆီး ခံလိုက်ရပေသည်။

ထိုဓားသမားသည် တစ်စုံတစ်ခုက ဝင်လာနေသည်ကို သတိပြုမိလိုက်ပြီး နောက်သို့ ဆုတ်ခွာရန် ရည်ရွယ် လိုက်သော်လည်း သူ၏ မဟာလမ်းစဉ် စွမ်းအားများက ပိတ်ဆို့ ခံထားရပေသည်။

ကလင်…

ကျိုးကြေသည့် အသံလိုမျိုး ကြားလိုက်ရပြီး ထိုအချိန်၌ အဝေးတွင် ရပ်နေသော ရီဖူရှင်းလက်ထဲမှ လှံရှည်သည် ဓားစွမ်းအားစီးကြောင်းကို ချက်ချင်း ဖျက်ဆီး ပစ်လိုက်ကာ သူ့၏ မျက်ခုံးကြားမှ နေရာသည် မျက်စိတစ်မှိတ်အတွင်း ထိုးဖောက်ခံလိုက်ရသည်။

သို့သော်လည်း ထိုသံသယ ကင်းစင်ခြင်း အဆင့် ရှန့်ထိုသည် ရှေ့သို့ ထွက်လာကာ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။ သူ ခြေသို့ လှမ်းလိုက်သည်နှင့် ပြင်းထန်သည့် ဓားအလင်းများသည် ကြောက်မက်ဖွယ် ဓား မုန်တိုင်းသဖွယ် ကောင်းကင်အတွင်း ရစ်ဝဲနေကာ ကျဆင်းလာသည်။

ဓားများသည် တစ်လက်ပြီး တစ်လက် ကျဆင်းလာနေသည်။

ထိုဓားသွားများ၏ လှုပ်ရှားမှုမှာ မယုံနိုင်လောက်အောင် မြန်ဆန်ပေသည်။

ရီဖူရှင်းသည် သူ့လက်ကို မကာ လက်ဝါးရိပ်ကို ဖော်ထုတ်လိုက်သည်။  ဆူညံသည့် ပေါက်ကွဲသံကို ကြားလိုက်ရ၏။ လက်ဝါးရိပ်သည် အဆက်မပြတ် ပျက်စီးနေပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ဆက်လက်၍ ဖိနှိပ်ခံနေရသည်။

ထိုဓားမြစ်ကြီးသည် သူ့ကို လွှမ်းခြုံသွားကာ ဓားသွားများကြားတွင် အပြီးတိုင် မြှုပ်နှံကာ ခြိမ်းခြောက်မှု ဖြစ်ပေါ်လာစေသည်။

ထိုအချိန်တွင် အေးစက်စက် နှာမှုတ်သံကို ကြားလိုက်ရသည်။ ယွင်ကလန်၏ ထိုအကြီးအကဲက ရှေ့ထွက်လာပြီး ရီဖူရှင်း၏ အထက်သို့ ရောက်ရှိ လာသည်။ သူ့ထံမှ ကြောက်မက်ဖွယ် မိုးကြိုးမုန်တိုင်းစွမ်းအားများ ပေါက်ကွဲထွက်နေသည်။

သူသည် သူ့လက်ကို မြှောက်လိုက်ကာ သူ့နောက်တွင် မိုးကြိုးနတ်ဘုရား တစ်ပါး ပေါ်ထွက် လာသည်ဟု ထင်မှတ်ရပြီး ထိုအရာကြီးသည်လည်း သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ ထိုနတ်ဘုရား၏ မိုးကြိုးလက်ဝါးကို ဖော်ထုတ်လိုက်ကာ ချက်ချင်းပင် အဆုံးမဲ့ မိုးကြိုးစွမ်းအား ပေါက်ကွဲ ထွက်လာကာ ကျဆင်းလာနေသည့် ဓားစွမ်းအားများနှင့် ပြင်းထန်စွာ ဝင်ဆောင့်မိသည်။ ကောင်းကင်သည်  ထိုစွမ်းအားများနှင့် ဖုံးလွှမ်းခံထားရပြီး ဖျက်ဆီးခြင်း စွမ်းအားများက ကောင်းကင် တစ်ခုလုံးကို ဖျက်ဆီး ပစ်တော့မလို ထင်မှတ်ရသည်။

သို့သော် မရေတွက်နိုင်သည့် ဓားစွမ်းအားများက ကောင်းကင် အတွင်းတွင် ဓားတစ်လက် အသွင် ပေါင်းစည်း သွားနောက် ကြီးမားသည့် ဓားကြီးတစ်လက် ဖြစ်ပေါ်လာကာ မြေပြင်သို့ ဦးတည် လိုက်သည်။

ယင်းဓားသွားအနီး လှည့်ပတ်နေသည့် ဓားမုန်တိုင်းသည် အဆုံးမဲ့ ဓားစွမ်းအားများကို ထိုဓားအတွင်းသို့ ပေါင်းစည်း ပေးသည်။

ထိုသံသယကင်းစင်ခြင်း အဆင့် ရှန့်ထိုသည် ဓားဘေးတွင် ရပ်နေကာ အောက်ဘက်သို့ ညွှန်ပြရင်း ပြောလိုက်သည်။

“သတ်”

သူ ထိုသို့ ပြောလိုက်သည်နှင့် သူတို့၏ ပတ်ဝန်းကျင်သည် ပြင်းထန်စွာ မြည်ဟည်းလာသည်။ ထိုကြီးမားသည့် ဓားက မုန်တိုင်းအတွင်း လှည့်ပတ်နေပြီး ချက်ချင်း ပျောက်ကွယ် သွားကာ အလင်းတန်း တစ်ခုအဖြစ် ထိုးဆင်းလာသည်။

ယွင်ကလန်မှ အကြီးအကဲသည် မော့ကြည့်လိုက်ပြီး ခဏချင်းအတွင်းတွင် ပြင်းထန်သည့် မိုးကြိုးစွမ်းအားများကို အလင်းတန်းတစ်ခု အဖြစ်သို့ ပေါင်းစည်း လိုက်သည်။ ထို့နောက် ဓားတစ်လက်ကဲ့သို့ ကောင်းကင်ကို ဖြတ်သန်း သွားတော့သည်။ ထိုကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးတန်းသည် ကောင်းကင်ကိုပင် အပိုင်းပိုင်း စုတ်ဖြဲ ပစ်တော့မတတ် ထင်မှတ်ရသည်။

ဖျက်ဆီးခြင်း စွမ်းအား အလင်းများက သူတို့ဝန်းကျင်ရှိ ကောင်းကင်ကို လွှမ်းခြုံသွားခဲ့သည်။ တန်ခိုးရှင်များသည် တစ်ယောက်ပြီး တစ်ယောက် ဆုတ်ခွာသွားခဲ့သည်။ ထိုကြောက်မက်ဖွယ် အလင်းတန်းများက သူတို့အနီးရှိ တောင်ထိပ်တစ်ခွင်ကို ဖျက်ဆီးပစ်လိုက်သည်။ ကောင်းကင်မှ ဓားစွမ်းအားများနှင့် မိုးကြိုးစွမ်းအားများက အတူတူ ပျောက်ကွယ် သွားခဲ့၏။

ယွင်ကလန် အကြီးအကဲနှင့် ရီဖူရှင်းနှစ်ဦးလုံးက ယွင်ကလန်သား တန်ခိုးရှင်များ ရှိသည့်ဘက်သို့ ပြန်ဆုတ်ခွာ သွားခဲ့သည်။

“လီခူး၊ ခင်ဗျားက ဒီလောက် အသက်ကြီးနေပြီး ကိုယ့်ထက် အများကြီးငယ်တဲ့ သူကို အနိုင်ကျင့်တာ ကောင်းတယ်များ ထင်နေလား” ယွင်ကလန်အကြီးအကဲက မော့ကြည့်လိုက်ပြီး လီဓားကလန်မှ တန်ခိုးရှင်ကို ပြောလိုက်သည်။

လီခူး၏ အမူအရာက အေးစက်သွားကာ သူ၏ မျက်လုံးများထဲတွင် ဓားစွမ်းအားများဖြင့် ပြည့်နေသည်။ ထို့နောက် သူသည် ပြင်းထန်သည့် သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ကျွမ်းလောင်ရင်း ရှေ့သို့ တိုးလာသည်။

ရီဖူရှင်းသည် သူတို့၏ ရှန့်ထိုနှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး သူက သေချာပေါက် အားနည်းလိမ့်မည် မဟုတ်ပေ။ သူက အလွန် အစွမ်းထက်သည်ဟုပင် ပြောနိုင်ကာ ထို့ကြောင့်ပင် သူက ဤကိစ္စအား ချက်ချင်း ဖြေရှင်းရန် လိုပေသည်။ သူသည် ရီဖူရှင်းကို အသက်ရှင်လျက် ထွက်သွားစေရန် ရည်ရွယ်ချက် မရှိပေ။

သို့သော်လည်း ယွင်ကလန်မှ ထိုအကြီးအကဲက ရီဖူရှင်းကို ကာကွယ်နေကာ လီနတ် ဓားကလန်ကို အခက်အခဲတွင်း ရောက်အောင် တွန်းပို့နေသည်။

သို့ရာတွင် ထိုအင်အားစုသုံးခုမှာ အမြဲပင် တစ်ဖက်နှင့်တစ်ဖက် ယှဉ်ပြိုင်နေခဲ့ကြသည်။ သူတို့သည် အမြဲ ရန်လိုနေသည့် ဆက်ဆံရေး ဖြစ်သောကြောင့် ထိုအကြီးအကဲ၏ အပြုအမူမှာ ပုံမှန်ပင် ဖြစ်သည်။

“အဲဒီတော့ ရှင်တို့ မိစ္ဆာရှင်းကလန်က ဒီတိုင်းပဲ ထိုင်ကြည့်နေတော့မှာလား” လီရို့ရွှမ်းက မိစ္ဆာရှင်းကလန်မှ လူများကို ကြည့်ကာ အေးစက်စက် မေးလိုက်သည်။

“စဉ်းစားကြည့်ရင် ယွင်ထန် ပြောတာ မှန်တယ်။ အဲဒီအရာက ပျက်စီးသွားပြီးတော့ ဒီကလေးကို သတ်ဖို့လည်း အကြောင်းရင်း မရှိဘူး။ အဲဒါကြောင့် ကျုပ်တို့က ဒီကိစ္စကို အကျယ်အကျယ် ဖြစ်ဖို့ ဆန္ဒမရှိတာမို့ လက်ရှောင်လိုက်မယ်။ ကျုပ်တို့ကို ဖယ်ထားလိုက်” မိစ္ဆာရှင်းကလန်မှ တန်ခိုးရှင်များသည် သူတို့၏ စိတ်ကို ဆုံးဖြတ်လိုက်ကာ ထိုတန်ခိုးရှင် စကားပြောပြီး ခဲ့သည်နှင့် ထိုနေရာ၌ တစ်စက္ကန့်မျှပင် ရှိမနေချင်တော့ သကဲ့သို့ ချက်ချင်း ထွက်ခွာ သွားပေသည်။

ထိုနေရာ၌ ပေါ်လာသည့် ဆံပင်ငွေဖြူရောင်နှင့် လူငယ်သည် အလွန် အစွမ်းထက်လှသည့် အတွက် သူတို့က သူ့ကို သတ်ဖြတ်ရန် တိုက်ခိုက်ပါက ရလာနိုင်သည့် အကျိုးအပြစ်များကို ချင့်တွက်ရပေမည်။

ထို့အပြင် ယွင်ကလန်ကလည်း ရှေ့ထွက်ကာ သူ့ကို ကာကွယ် ပေးနေသေးသည်။ ထို့ကြောင့် သူတို့သည် လက်လျှော့ကာ ချက်ချင်း ထွက်သွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူတို့သည် စကတည်းက ရီဖူရှင်းနှင့် ရန်ငြိုးကြီးကြီးမားမား မရှိခဲ့သည်ဖြစ်ရာ မည်သည်မှ မဖြစ်ခဲ့သလို ဟန်ဆောင်၍ ထွက်ခွာသွားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“ခွေးကောင်…” လီရို့ရွှမ်း၏ အမူအရာက အေးစက်နေခဲ့သည်။ ဓားစွမ်းအားများက သူမကို ရစ်ပတ်နေပြီး သူမ၏ အကြည့်များက ယွင်ကလန်မှ တန်ခိုးရှင်ထံ ကျရောက်သွားသည်။ ထို့နောက် သူမက ပြောလိုက်၏။ “ယွင်ထန် သူက ကျွန်မတို့ လူနှစ်ယောက်ကို သတ်ခဲ့တယ်။ ရှင် သူ့ကို ကာကွယ်ပေးမယ်ဆိုတာ တကယ် သေချာပြီလား”

“သေချာတယ်”

ယွင်ထန်က အေးစက်စွာ ပြန်ဖြေလိုက်သည်။ လီရို့ရွှမ်းသည် အလွန်ထူးချွန်သော အရည်အချင်း ရှိကာ ထိုဒေသအတွင်း တွေ့နိုင်သည့် အထူးချွန်ဆုံးများထဲမှ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် သူမသည် ထိုအကြီးအကဲကို ကြောက်ရွံ့ခြင်း လေးစားခြင်းတို့ မရှိသည် ဖြစ်၏။

သို့သော် သူမသည် ရီဖူရှင်းကို သတ်ဖြတ်ရန် ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

သူတို့ အနီးရှိ ကောင်းကင်အတွင်း ဓားအရှိန်အဝါများ အော်မြည်နေခြင်းက ထိုနေရာကို အလွန်မွန်းကျပ်ဖွယ် ကောင်းလာစေသည်။

လီရို့ရွှမ်းသည် သူမ၏ ရှေ့၌ ရပ်နေသော သူကို စူးစူးရဲရဲ ကြည့်လိုက်သည်။ သူမက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပြီး လှည့်ထွက်သွားကာ ပြောလိုက်သည်။ “သွားစို့”

သူမ၏ အဖွဲ့သည် ပြန်လှည့်ကာ ထွက်သွားတော့သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ရီဖူရှင်းအား သတ်ရန်မှာ ခက်ခဲလိမ့်မည်။

ရီဖူရှင်း ကိုယ်တိုင်သည်လည်း အလွန်ကြောက်မက်ဖွယ် စွမ်းအားရှိပြီး သူ့ကို ရင်ဆိုင်ရန်မှာ ကျိန်းသေ ခက်ခဲလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ယခုချိန်တွင် လက်လျှော့လိုက်ရန်သာ ရွေးချယ်ရမည် ဖြစ်သည်။

လီနတ်ဓားကလန်မှ လူများ ထွက်သွားပြီးနောက် ရီဖူရှင်းသည် လက်နှစ်ဖက်ကို အရိုအသေ ပြုဟန် ဆုပ်လိုက်ကာ ယွင်ထန်ကို ပြောလိုက်သည်။ “ကျွန်တော့်ကို ကယ်လို့ ကျေးဇူးတင်ပါတယ် စီနီယာ”

“အဲဒါလေးက ဘာမှမဟုတ်ပါဘူး။ ကျုပ်က လော့မြို့ ယွင်ကလန်က ယွင်ထန်” အကြီးအကဲက ပြုံးကာ ပြောလိုက်သည်။ သူသည်ရီဖူရှင်း ရောက်လာစဉ် အခါက ရေရွတ်နေသည်အား မြင်ခဲ့သည်။ သူ့ကို ကြည့်ရသည်မှာ တွေဝေနေပုံရသည်။ ထိုလူငယ်သည် အစွမ်းထက်ပုံ ရသော်လည်း ထူးဆန်းပေသည်။ ထိုအရာအားလုံးက အကြီးအကဲ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားခြင်း ဖြစ်သည်။

“ကျွန်တော့်နာမည်က ရီဖူရှင်းပါ” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ “စီနီယာယွင်၊ ဒါက ကောင်းကင် အာဏာစက်ဘုံလား”

ယွင်ထန်၏ မျက်လုံးများထဲတွင် ပဟေဠိဖြစ်သွားသော အရိပ်အယောင်များ ဖြတ်သန်း သွားသည်။ထို့နောက် သူသည် ရီဖူရှင်းအား စပ်စုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ထိုကလေးက ဤနေရာကို ကောင်းကင်အာဏာ စက်ဘုံလားဟု မေးနေသည်။

အကြီးအကဲက တွေးနေပြီးနောက် ဆက် ပြောလိုက်သည်။ ”ဒါက ကောင်းကင် အာဏာစက်ဘုံ ဟုတ်တယ်။ မင်းက တခြားဘုံကနေ လာခဲ့တာလား။ မင်းရဲ့ လေဟာနယ် ခရီးသွား ဝင်္ကပါက တစ်ခုခု အမှားအယွင်း ဖြစ်ခဲ့လို့လား”

ထိုအကြီးအကဲ ပြောသည်ကို ကြားလိုက်ပြီးနောက် ရီဖူရှင်းသည် အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။

တော်သေးသည်က သူသည် နေရာမှားသို့ ရောက်ရှိမသွားခဲ့ပေ။ သူက အခြားဘုံများသို့ မှားယွင်း ရောက်ရှိသွားမည်ကို စိတ်ပူနေခြင်း ဖြစ်သည်။

သည်နေရာသည် ကောင်းကင်အာဏာ စက်ဘုံ၏ အစွန်အဖျားဒေသ တစ်ခု ဖြစ်ဟန်ရကာ သူတို့ ခရီးသွားစဉ် ရန်ဟောင်တစ်ပါးက သူတို့အား မြင်၍ တားဆီး လိုခဲ့သောကြောင့် နေရာလွဲမှား ရောက်လာခြင်း ဖြစ်ရပေမည်။

“ဟုတ်ပါတယ်။ ကျွန်တော်က သွေးနဂါးဘုံက လာခဲ့တာပါ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ ခရီးသွားဝင်္ကပါက နှောင့်ယှက် ခံလိုက်ရသော်လည်း  အခြားလူများသည် ကောင်းကင် အာဏာစက်ဘုံ သို့သာ ရောက်ရှိလိမ့်မည် ဖြစ်ကာ သိပ်၍ ဝေးကွာလှမည် မဟုတ်ပေ။

သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်က သူတို့သည် သူ ဖြစ်ခဲ့သလို မဖြစ်ဘဲ ပို၍ ကံကောင်းဖို့သာလျှင် ဖြစ်သည်။

ကံကောင်းစွာနှင့် သူသည် ဤခရီးစဉ်၌ ရှန့်ထိုများကိုသာလျှင် ခေါ်ဆောင် လာခဲ့သည်။ ကောင်းကင် အာဏာစက်ဘုံတွင် ရှန့်ထိုများကို သန်မာသည်ဟု မဆိုနိုင်သော်လည်း အနည်းဆုံးတော့ သူတို့ဘာသာသူတို့ ရပ်တည်နိုင်ကြမည် ဖြစ်သည်။ သူတို့သာ ပြဿနာ ကြီးကြီးမားမားနှင့် မတွေ့ခဲ့လျှင် မည်သည့် အခက်အခဲမှ ဖြစ်ကြလိမ့်မည် မဟုတ်ပေ။

“ကျုပ် သိထားတာအရဆိုရင် အခြားဒေသဘုံတွေဆို အဆင့်မြင့် တော်ဝင်ဘုံက ကောင်းကင် အာဏာစက်ဘုံကို လာဖို့ အတော်လေး ခက်ခဲတယ်။ ကျုပ်မြင်တာဆိုရင် မင်းက အစွမ်းထက်တယ်လို့ ဆုံးဖြတ်လို့ ရတယ်။ အဲဒါကြောင့် မင်းက သွေးနဂါးဘုံက ရန်ဟောင်တစ်ပါးရဲ့ မျိုးဆက်လို့ ယူဆမိတယ်.. ဟုတ်လား။” ယွင်ထန်က ပြုံးကာ ပြောလိုက်သည်။ ရီဖူရှင်းက ပထမဆုံး ရောက်ရှိလာသည့် အခါတွင် အတော်လေး ရှုပ်ထွေးနေပုံပေါ်ပြီး သူ၏ ဆံပင်နှင့် အဝတ်အစား များကလည်း မသပ်မရပ် ဖြစ်နေသည်။

သို့သော် သူက တိုက်ခိုက်သည့် အခါတွင် အလွန် ထူးကဲသာလွန်သည့် အရည်အချင်း ရှိသည်အား မြင်တွေ့ရန်မှာ မခက်လှပေ။

“မဟုတ်ပါဘူး” ရီဖူရှင်းက ခေါင်းယမ်း လိုက်သည်။ “ကျွန်တော်တို့က ကောင်းကင် အာဏာစက်ဘုံကို လာတဲ့ ဒီခရီးမှာ သွေးနဂါးဘုံက မင်းသားနဲ့ လိုက်လာရုံပါ။ ဒါပေမဲ့ ခရီးသွားဝင်္ကပါက တစ်ခုခု ဖြစ်သွားပြီးတော့ အားလုံး တကွဲတပြား ဖြစ်သွားတော့တာပဲ”

အကြီးအကဲက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အဲဒီလို ဖြစ်ခဲ့တာကိုး”

“မင်းက အခုမှ ရောက်ပြီး မင်းရဲ့ မိတ်ဆွေတွေနဲ့လည်း ကွဲသွားခဲ့တယ်။ ကျုပ်တို့ လော့မြို့က ယွင်ကလန်ကို ခဏသွားကြရင် ဘယ်လိုလဲ။ ကျုပ် ဒီအနား ဝန်းကျင်တွေမှာ မင်းရဲ့ မိတ်ဆွေတွေကို ရှာဖို့ လူလွှတ်ပေးမယ်။ အဆင်ပြေလား” ယွင်ထန်က ဆက်ပြောလိုက်သည်။ မင်းသားနှင့်အတူ ခရီးစဉ်ကို လိုက်ပါနိုင်သူများသည် သွေးနဂါးအင်ပါယာ၏ မျိုးဆက် မဟုတ်ခဲ့လျှင်ပင် အလွန် အရည်အချင်းရှိသော သူ ဖြစ်မည်မှာ မလွဲမသွေပင် ဖြစ်၏။ မဟုတ်လျှင် သူတို့သည် ထိုသို့သော ခရီးစဉ်ကို လိုက်ပါခွင့် ရှိလိမ့်မည် မဟုတ်ပေ။

ကောင်းကင် အာဏာစက်ဘုံသည် အဆင့်မြင့် တော်ဝင်ဘုံတစ်ခုဖြစ်ပြီး အစွမ်းထက်သော သူများ နေရာအနှံ့ ရှိသော်လည်း သူတို့အားလုံးက ဟိတ်ဟန်များပြီး သီးသန့်ဆန်သည် ဟုတော့ မဆိုလိုပေ။ လော့မြို့၏ ယွင်ကလန်သည် ရန်ဟောင်အင်အားစု ဖြစ်လာရန် အမြဲရည်ရွယ်ခဲ့သည်။ အခြားဘုံများ၏ ရန်ဟောင် အင်အားစုမှ လာသောသူများသည် ကျိန်းသေ ထူးချွန်ထက်မြက်လှမည် ဖြစ်ကာ ကောင်းကင်အာဏာ စက်ဘုံမှ လူများနှင့်ပင် နှိုင်းယှဉ်နိုင်ပေမည်။ သူတို့သည် ဘုံအတွင်းရှိ အထွတ်အထိပ် ပုဂ္ဂိုလ်များနှင့်သာ နှိုင်းယှဉ်နိုင်ခြင်း မရှိရုံဖြစ်သည်။

ရီဖူရှင်းသည် ခေတ္တမျှ တိတ်ဆိတ်စွာ စဉ်းစားနေပြီးနောက် ခေါင်းညိတ်၍ ပြောလိုက်သည်။ “ကောင်းပါပြီ။ ဒါဆိုလည်း စီနီယာကိုပဲ အကူအညီ တောင်းရတော့မယ်”

သူသည် ကောင်းကင်အာဏာ စက်ဘုံသို့ ယခုမှ ရောက်ရှိခြင်း ဖြစ်ကာ မည်သည့် အရာကိုမှ မသိရှိသေးပေ။ သူသည်လည်း ဤဘုံ၏ အကြောင်းကို ပိုမို၍ ဂဃနဏ သိရှိလိုသေးပေသည်။

ယွင်ထန်သည် သူ ထွက်ပေါ်လာကတည်းက သူ့ကို လွှတ်ပေးရန် အဆိုပြုခဲ့ပြီး ထိုအကြီးအကဲက သူ့ကို ထိခိုက်အောင် လုပ်ဆောင်ရန် မည်သည့် ရည်ရွယ်ချက်မှ မရှိဟု ယူဆပေသည်။

သူသည် ယူချင်း၊ ရှားရှင်းယွန်၊ သူ့ဆရာ၊ သူ့အစ်ကိုများနှင့် အခြားလူများကို ရှာဖွေရပေဦးမည်။

“ဒါဆို သွားကြတာပေါ့” ယွင်ထန်က ခေါင်းညိတ်လိုက်ပြီး လူတိုင်းက စတင်ထွက်ခွာ ကြသည်။ ရီဖူရှင်းက ယွင်ထန်၏ ဘေးမှ လိုက်ပါလာရင်း မေးလိုက်သည်။ “စီနီယာ၊ ကျွန်တော် ဖျက်ဆီးလိုက်မိတဲ့ ကျောက်စာချပ်က ဘာကြီးလဲ”

“ဖြစ်နိုင်တာက ရန်ဟောင်တစ်ပါး ဒီနေရာမှာ ကျင့်ကြံခဲ့တုန်းက ရေးထားခဲ့တာ တစ်ခုခု ဖြစ်လိမ့်မယ်။ ကောင်းကင်အာဏာ စက်ဘုံမှာ ရန်ဟောင်တွေ အများကြီးရှိပေမယ့် ကျုပ်တို့က ရန်ဟောင်အင်အားစုတွေ မဟုတ်တာမို့ ရန်ဟောင်တစ်ပါး ချန်ခဲ့တဲ့ ဘယ်အရာမဆို တန်ဖိုး ရှိတယ်လေ။ အဲဒါကြောင့်ပဲ မင်း ဖျက်ဆီးလိုက်မိတဲ့ အဲဒီအရာအတွက် ကျုပ်တို့ တိုက်ခိုက် ခဲ့ကြတာ”

ထို့နောက် ယွင်ထန်က အသေးစိတ်ရှင်းပြခဲ့သည်။ “ကျုပ်တို့ အခုသွားမယ့် လော့မြို့မှာ ကျုပ်တို့အပြင် အခုနက မင်းတွေ့ခဲ့တဲ့ လီနတ်ဓားကလန်နဲ့ မိစ္ဆာရှင်းကလန်လည်း ရှိတယ်။ ကျုပ်တို့အားလုံးက အင်ပါယာ ချီနယ်မြေ အတွင်းမှာ ရှိတယ်။ ကျုပ် သိထားသလောက်ဆိုရင်တော့ လီရို့ရွှမ်းက အဲဒီပစ္စည်းကို ယူပြီး အင်ပါယာချီနန်းတော်ကို လက်ဆောင် ဆက်သချင်တာ။ အဲဒါမှ အင်ပါယာဆီက သင်ကြားမှုကို ရရှိနိုင်မှာလေ။ ဒါပေမဲ့ မင်း ရောက်လာတာက သူမရဲ့ အစီအစဉ်တွေကို ဖျက်ဆီး ပစ်လိုက်တာမို့ သူမက မင်းကို သတ်ချင်တာပဲ”

ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး ထိုရန်ဟောင်များက ကောင်းကင်အာဏာ စက်ဘုံအတွင်း ကိုယ်ပိုင်နယ်မြေများ တည်ထောင် ထားကြသည်အား သတိပြုမိလိုက်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset