အပိုင်း(၁၃၃၁)

ရောက်ရှိခြင်း

အဆင့်မြင့်အင်ပါယာဘုံကိုးခုသည် ဘုံသုံးထောင်၏ အလယ်တွင် တည်ရှိသည်။

ကောင်းကင်အာဏာစက်ဘုံသည် ထိုဘုံကိုးခုထဲမှ တစ်ခု ဖြစ်သည်။

ကောင်းကင်အာဏာစက်ဘုံ၏ ထူထပ်လှသည့် လူဦးရေများကြားတွင် မရေတွက်နိုင်သည့် တန်ခိုးရှင်တို့ ရှိသည်။

ရန်ဟောင်များသည်လည်း ထိုဘုံတွင် သူတို့၏ ကိုယ်ပိုင်ကလန်များနှင့် အင်အားစုများကို တည်ထောင်ထားကြသည်။ အထူးသဖြင့် ထိုဘုံကဲ့သို့သော နေရာမျိုးသည် သူတို့၏ ကိုယ်ပိုင် တိုးတက်မှုများနှင့် ကိုယ်ပိုင်လမ်းကြောင်းများကို ဖန်တီးပေးနိုင်သည့် အတွက် ဖြစ်ပေသည်။

သူတို့အကြားတွင် ထိုဘုံအတွင်း လွှမ်းမိုးထားနိုင်သည့် အဆင့်မြင့်အင်အားစု များစွာ ရှိ၍ အလွန်မြင့်မားသည့် အထွတ်အထိပ်၌ ရပ်တည်နေနိုင်ကြသည်။ သူတို့သည် ရန်ဟောင်အားလုံး၏ နောက်ဆုံး ရည်မှန်းချက် ဖြစ်သည့် စစ်မှန်၍ လွတ်လပ်သည့် အမြင့်ဆုံးအာဏာကို ရှာဖွေရန် ရည်ရွယ်ကြသည်။

ကောင်းကင် အာဏာစက်ဘုံတွင် များပြားလှသော ဘုံများရှိပြီး ဘုံတစ်ခုချင်းစီတိုင်းသည် အလွန် ကျယ်ပြောလှကာ တန်ခိုးရှင်ဦးရေမှာလည်း သန်းရာပေါင်းများစွာ ရှိနေပေသည်။

ရန်ဟောင်အဆင့်ရှိ တန်ခိုးရှင်များသည် အားလုံးကို လွှမ်းမိုးကာ ရပ်တည်နိုင်သော်လည်း မှောင်မိုက်သော နေရာများ၌ အသက်ဆက် နေကြရသည့် အားနည်းသော တန်ခိုးရှင်များလည်း အလွန်များပြားစွာ ရှိနေပေသည်။

သို့သော် ထူထပ်လှသည့် လူဦးရေများကို အလယ်ပိုင်းတွင် တွေ့ရှိနိုင်သည်။ သူတို့သည် ကြမ်းတမ်းလှသည့် ပတ်ဝန်းကျင်တွင် ရုန်းကန် နေကြရသော်လည်း သူတို့ကို တိုးတက်စေကာ သူတို့၏ လမ်းကြောင်းကို ရှေ့သို့ ပိုမို မြင့်မားတိုးတက်လာစေကာ ပြီးမြောက် အောင်မြင်စေသည်။

လော့မြို့မှ လီနတ်ဓားကလန်၊ မိစ္ဆာရှင်းကလန်၊ ယွင်ကလန်တို့သည်လည်း ထိုသို့သော အင်အားစုများ ဖြစ်ကြသည်။ သူတို့သည် သက်ဆိုင်ရာ နယ်မြေများတွင် အထွတ်အထိပ်၌ ရပ်တည် နေနိုင်သော်လည်း ပိုမိုမြင့်မားသည့် အဆင့်အတန်းသို့ ရောက်ရှိနိုင်ရန် ရုန်းကန်လှုပ်ရှား နေကြရဆဲ ဖြစ်သည်။

သို့သော် ထိုသို့ဖြစ်ရန်မှာ ခက်ခဲကြမ်းတမ်းသော စိန်ခေါ်ချက် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ပုကျိုးတောင်တန်းအထက် ကောင်းကင်တွင် အဓိကအင်အားစု သုံးခုမှ တန်ခိုးရှင်များသည် တောင်ပတ်လည်၌ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ဆန့်ကျင်ကာ ရပ်နေကြသည်။

ကောင်းကင်ဘုံကို ဝန်းရံနေကဲ့သို့ မရေတွက်နိုင်သည့် ဓားများမှ ဓားစွမ်းအားများသည် ထိုရှေးဟောင်းတောင်ထွတ် အထက် ကောင်းကင်သို့ ထိုးဖောက် သွားခဲ့သည်။ တစ်နေရာရှိ အဖွဲ့တစ်ဖွဲ့သည် ရှေးဟောင်းဓားများကို သူတို့၏ နောက်ကျောတွင် လွယိထားကြကာ သူတို့၏ ဓားအရှိန်အဝါများက ကျယ်ပြန့်လှသည့် နေရာကို လွှမ်းခြုံထားသည်။ သူတို့၏ မဟာလမ်းစဉ်မှ စတင်လာသည့် စွမ်းအားများသည် ကြောက်မက်ဖွယ်ပင် ဖြစ်သည်။

အခြားတစ်ဖက်တွင်တော့ ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်စုရှိနေသည်။ သူတို့၏ မဟာလမ်းစဉ် စွမ်းအား အရှိန်အဝါများ ပေါက်ကွဲ ထွက်လာကာ နေရာတစ်ခုလုံးကို လွှမ်းခြုံထားပြီး ရွှေရောင်ရောင်ဝါများက တောက်လောင်နေကာ လေထုထဲတွင် မမြင်တွေ့ရသည့် ဓားအရှိန်အဝါများနှင့် ထိပ်တိုက် ရင်ဆိုင်နေပေသည်။

အခြား တစ်ဖက်တွင်လည်း အလွန် ထူးကဲသာလွန်သည့် အရှိန်အဝါများနှင့် လူတစ်စုသည် သူတို့၏ အစွမ်းထက်စွမ်းအားများကို သူတို့ပတ်ဝန်းကျင်တွင် လွှမ်းခြုံထားပြီး သူတို့သည်လည်း ကျန်နှစ်ဖက် အဖွဲ့ကဲ့သို့ပင် စွမ်းအားများကို ထုတ်လွှတ်ကြထားသည်။

အင်အားစု သုံးခုသည် တစ်ဖက်နှင့်တစ်ဖက် သဘောထားကွဲလွဲကာ အချင်းများ နေကြပုံရသည်။ ထိုချောက်ကမ်းပါးတွင် ကြီးမားသည့် နံရံပန်းချီ ရှိနေပုံရကာ ရုပ်တုတစ်ခုနှင့်လည်း အလားသဏ္ဌာန် တူပေသည်။

ထိုအပေါ်မှ မဟာလမ်းစဉ်၏ ပြည့်ဝလှသော စွမ်းအားများကို ကြည့်ကာ ထိုအရာသည် ရန်ဟောင်တစ်ပါး ချန်ရစ်ခဲ့သည့် တစ်ခုခု ဖြစ်ကြောင်း ခန့်မှန်းရပေသည်။

ထိုအင်အားစုသုံးခုမှာ ထိုပစ္စည်းအတွက် တိုက်ခိုက်နေကြပုံ ပေါ်လေသည်။

“ကျုပ်တို့ နတ်ဓားကလန်က ဒီကျောက်စာချပ်ကို ယူရမယ်” ထိုအခိုက်၌ လီကလန်ကို ဦးဆောင်လာသည့် အမျိုးသမီးက ရှေ့သို့ ထွက်လာသည်။ သူမ၏ အသံက အေးစက်ပြီး သူမ၏ ဓားစွမ်းအားများက ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းထားသည်။ သူမသည် ကြုံးဝါးလိုက်ပြီး သူမနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေကြသည့် အခြားနှစ်ဖက်အဖွဲ့မှ လူများကို တိုက်ခိုက်လိုက်သည်။

“မင်းက ပထမနေရာ ရယူနိုင်စွမ်း ရှိမရှိ ကြည့်ရမှာပေါ့” မိစ္ဆာရှင်းကလန်မှ တန်ခိုးရှင် တစ်ဦးက ပြောလိုက်သည်။ ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာပြီး သူမ၏ ဓားစွမ်းအားသည် ထိုတန်ခိုးရှင်ထံမှ ပေါက်ကွဲထွက်လာသည့် အရှိန်အဝါနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

နတ်ဓားကလန်မှ တန်ခိုးရှင်များသည် သူတို့၏ ပြိုင်ဘက်ကင်း တိုက်ခိုက်မှု စွမ်းရည်ကြောင့် ကျော်ကြားကြသော်လည်း မိစ္ဆာရှင်းကလန်မှ တန်ခိုးရှင်များကတော့ အလွန် ဖိနှိပ်နိုင်စွမ်းရှိသော နည်းလမ်းများကို လေ့ကျင့်ကြပေသည်။ သူတို့သည် ရန်ဟောင်တစ်ပါးမှ ချန်ရစ်ခဲ့သည့် အရာအား အခြားလူများထံ၌ လက်လျှော့၍ မပေးခဲ့နိုင်ပေ။

ကောင်းကင် အာဏာစက်ဘုံ တခွင်တွင် ရန်ဟောင်မှ ချန်ရစ်ခဲ့သည့် အပျက်အစီး နယ်မြေများ ဖြစ်စေ အမွေအနှစ်များ ဖြစ်စေ များစွာရှိပေသည်။ ထိုနေရာများမှာ အမြဲပင် အားလုံးသော အင်အားစုများ၏ ပစ်မှတ်ဖြစ်ခဲ့ပြီး သူတို့ အချင်းချင်း တိုက်ခိုက်ကြသည့် အကြောင်းရင်းလည်း ဖြစ်သည်။

ထိုနယ်မြေများနှင့် ပစ္စည်းများကို ကျင့်ကြံရေး အတွက်သာ မဟုတ်ဘဲ အခြားသော အရာများအတွက် အသုံးပြုကြသည်များလည်း ရှိသည်။

ယွင်ကလန်မှ တန်ခိုးရှင်များက မည်သည့်စကားမှ မပြောသော်လည်း သူတို့ထံမှ ထူးကဲ သာလွန်လှသည့် အရှိန်အဝါများ ပေါက်ကွဲ ထွက်လာကာ နေရာတစ်ခုလုံးကို လွှမ်းခြုံ၍ စစ်ပွဲစတင်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

သို့သော်လည်း ထိုအချိန်တွင် တောက်ပသည့် အလင်းတန်း တစ်ခုက လေထဲမှ ထိုးထွက်လာပြီး သူတို့ မည်သည့် လှုပ်ရှားမှုမှ မပြုနိုင်သေးခင် ကျဆင်းလာခဲ့သည်။ မဟာလမ်းစဉ်၏ စွမ်းအားများ ပြည့်ဝနေသည့် အလင်းတန်းသည် နေရာ တစ်ခုလုံးကို လွှမ်းခြုံထားပြီး ထိုတောင်ထွတ် ပေါ်သို့ ထိုးဆင်းလာပေသည်။

မည်သည်တို့ ဖြစ်ပွားလာသည်ကို သတိပြုမိပြီးနောက် လူအုပ်ကြီး၏ အမူအရာက တဖြည်းဖြည်း ပြောင်းလဲလာသည်။ သူတို့၏ မျက်လုံးများသည် ထိုအလင်းတန်းပေါ်တွင် ကျရောက်နေပြီး ကျယ်လောင်သည့် မြည်ဟီးသံကို ကြားလိုက်ရပြီးနောက် တောင်ထွတ်က ပြိုကျသွားလေသည်။

ထိုအလင်းတန်း ဆင်းသက်လာရာ နေရာကို မြင်သောအခါ လူတိုင်း၏ မျက်နှာက ဖြူဖျော့ကာ တင်းမာ သွားသည်။

သူတို့ အချင်းချင်း တိုက်ခိုက်ကြပြီး လိုချင်ခဲ့သည့် ထိုကျောက်စာချပ်က ပြိုကျသွားခဲ့လေသည်။

ထိုကျောက်စာချပ်သည် ရန်ဟောင်တစ်ပါးမှ ချန်ရစ်ထားခဲ့သည့် လက်ရေးမူဖြစ်ကာ ရန်ဟောင်တစ်ပါး၏ မဟာလမ်းစဉ်စွမ်းအားများ အပြည့်အဝ ပါဝင်နေသည်။ သို့သော်လည်း ထိုအရာသည် မည်သည့် အစွမ်းထက်လက်နက်၊ မည်သည့် ရတနာမှ မဟုတ်သည့်အတွက် ထိုသို့သောအရာသည် အစကတည်းက ကြံ့ခိုင်မာကြောခြင်း မရှိပေ။ ထိုကျောက်ချပ် ပျက်စီးသွားလျှင် လက်ရေးမူကလည်း ပျက်စီးသွားမည် ဖြစ်ရာ ထိုအရာအတွင်းမှ မဟာလမ်းစဉ် စွမ်းအားများသည်လည်း ပျောက်ကွယ်သွားမည် ဖြစ်သည်။

“ပျက်စီးသွားပြီလား” လူအုပ်ကြီးထဲမှ လူများ၏ မျက်လုံးများသည် ထိုအရာပေါ်တွင် စွဲမြဲနေကြပြီး သူတို့၏ နှလုံးသားများက ခုန်ပေါက်နေသည်။

ကြည့်ရသည်မှာ လူတိုင်းသည် မည်သည်တို့ ဖြစ်ပျက်သွားသည်အား ဝေခွဲမရ ဖြစ်နေကြဟန်ရှိသည်။

သူတို့ အားလုံးသည် ကျောက်စာချပ်ကို ကွဲကြေသွားအောင် ပြုလုပ်လိုက်သည့် အလင်းတန်းက မည်သည့်အရာ ဖြစ်သည်အား သိရှိချင်နေကြ၏။

ထိုအချိန်တွင် အပျက်အစီးများကြားမှ တစ်စုံတစ်ယောက် ထွက်ပေါ်လာသည်။ သူ၏ အဝတ်အစားများက မသပ်မရပ်နှင့် ရှုပ်ပွနေသည်။ ထိုနေရာ၌ သူတစ်ယောက်သာ ရှိပေသည်။

ထိုသူကို ကြည့်ရသည်မှာ အခုထိ အသိစိတ်မကပ်သေးဘဲ မိန်းမောနေဆဲ ဖြစ်ပုံရသည်။ သူသည် ခေါင်းကို အနည်း ယမ်းခါလိုက်ပြီး သူ၏ ငွေရောင်ဆံပင်များက ဝဲလွင့်သွားသည်။ ထို့နောက် သူသည် အနီးဝန်းကျင်သို့ မော့ကြည့်လိုက်လျှင် အေးစက်သည့် မျက်လုံးများက သူ့အား ဒေါသတကြီး စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရပေသည်။

ထို ငွေရောင်ဆံပင်နှင့်လူက သွေးနဂါးဘုံမှ လာရောက်သည့် ရီဖူရှင်း ဖြစ်သည်။

“တခြားလူတွေ ဘယ်ရောက်သွားလဲ” ရီဖူရှင်းသည် သူ့အနီးဝန်းကျင်ကို ကြည့်လိုက်သည်။ အခြားလူများသည် သူနှင့်အတူ ရှိမနေပေ။ သူက လေဟာနယ်ခရီးကို ဖြတ်သန်းသည့် အချိန်အား ပြန်တွေးလိုက်သည်။

ခရီးသွားဖြစ်စဉ်၌ အလွန်အစွမ်းထက်သော ဖြစ်တည်မှုတစ်ခုသည် လေကို ဖြတ်၍ မဟာလမ်းစဉ် လေဟာနယ်စွမ်းအားကြားတွင် ဖြတ်သန်း သွားသည်အား မပီပြင်ဝိုးတဝါး မှတ်မိလိုက်သည်။ အမှန်တွင်တော့ ထိုသို့ လုပ်ဆောင်ရန်မှာ နှေးကွေးနိုင်သော်လည်း မဟာလမ်းစဉ်၏ ဖွင့်လှစ်ထားသည့် လေဟာနယ်လမ်းကြောင်းကို ဖြတ်ပစ်ကာ သူတို့၏ လမ်းအား ဖြတ်တောက် လိုက်လေသည်။

ထို့နောက်တွင်တော့ သူတို့ခရီးသွားရာ လမ်းကြောင်းများ အားလုံး အလွဲလွဲ အချော်ချော် ဖြစ်သွားတော့သည်။

“ဒါက ကောင်းကင် အာဏာစက်ဘုံလား” ရီဖူရှင်းက တိုးတိုး ရေရွတ်လိုက်သည်။ သူ ရည်ရွယ်သည့် ခရီးသို့ ရောက်ရှိလာခဲ့လား သူမသိပေ။ ထိုဖြစ်တည်မှုသည်  ရန်ဟောင်အဆင့် အစွမ်းထက်သူ တစ်ဦး ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက သူတို့သည် ထိုသို့ မဟာလမ်းစဉ် လေဟာနယ်အတွင်း ဖြတ်သန်းသွားလာရန် မဖြစ်နိုင်ပေ။

သူတို့သည် လေဟာနယ်ကို ဖြတ်သန်းသွားသည့် အချိန်၌ သူတို့ ရှိနေရာသို့ ရှာဖွေကာ သူတို့၏ လမ်းကို ဖြတ်တောက်လိုသည့် ထိုအစွမ်းထက် ဖြစ်တည်မှုနှင့် တွေ့ဆုံခဲ့ရသည်။ သို့သော်လည်း ထိုဖြစ်တည်မှုသည် သူတို့ကို ပို့ဆောင်သည့် လေဟာနယ် ဝင်္ကပါတွင် အလွန် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသည့်အတွက် လမ်းကြောင်းအား ဖြတ်တောက်ရန် မလုပ်ဆောင်နိုင်ခဲ့ပေ။

ထို့အပြင် ရီဖူရှင်းသည် သူ ယခု မည့်သည့်နေရာသို့ ရောက်ရှိနေသည်အား ဖော်ထုတ်နေရမည့် အချိန်မဟုတ်သည်အား သတိပြုမိလိုက်သည်။ ထိုအချိန်တွင် သူ၏ အဓိက ဦးစားပေး လုပ်ဆောင်ရမည့်အရာသည် အသက်ရှင်ရန် ဖြစ်သည်။

သူ ရပ်နေသည့် နေရာကို ဝိုင်းကြည့်နေကြသော မျက်လုံးများက သူ့ကို သတ်ဖြတ်ချင်နေသည်အား ပြောနိုင်ပေသည်။

သူသည် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ဆုပ်ကာ အင်အားစုသုံးခုမှ လူအုပ်ကြီးကို ပြောလိုက်သည်။ “လေဟာနယ် ခရီးသွား ဆက်သွယ်ရေးက တစ်ခုခု ချို့ယွင်းချက် ဖြစ်သွားလို့။ အားလုံးကို ပြဿနာဖြစ်သွားစေခဲ့တာ ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်”

သူသည် ထိုသို့ ပြောပြီးနောက် ထွက်သွားရန် ပြင်လိုက်သည်။

သို့သော်လည်း သူ့ ခြေထောက်ကို ရွှေ့လိုက်သည့် အချိန်မှာပင် အစွမ်းထက် ဓားစွမ်းအားက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်အား ခံစားမိလိုက်သည်။ ထိုဓားစွမ်းအားသည် အလွန်ထက်ရှပြီး ဓား၏ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အငွေ့အသက်များက သူ့ကို လွှမ်းခြုံထားသည်။ အော်မြည်နေသည့် ဓားစွမ်းအား စီးကြောင်းသည် သူ ရပ်နေသည့် အထက်တွင် လွှမ်းမိုးထားကာ သူ့ကို ချက်ချင်းပင် သတ်ဖြတ် ပစ်နိုင်သည်ဟု ထင်မှတ်ရပေသည်။ ထိုဓားစွမ်းအားသည် သူ့ကို နေရာမှ မရွှေ့ရန် ဖိအား ပေးထားပေသည်။

ထိုလူများအားလုံးသည် အလွန်အစွမ်းထက်သည့် အရှိန်အဝါများ ထုတ်လွှတ် ထားသည်။  သံသယ ကင်းစင်ခြင်း အဆင့် ဖြစ်နေသည့် သူများသည် သူတို့ထဲတွင် အတော်များများ ရှိနေပုံ ပေါ်သည်။

“မင်းက ဒီအတိုင်း ထွက်သွားနိုင်မယ်များ ထင်နေလား” မိစ္ဆာရှင်းကလန်မှ တန်ခိုးရှင်တစ်ဦးက အေးစက်သည့် အမူအရာနှင့် မေးလိုက်သည်။ ခန့်ညားသည့် ခေါင်းဆောင် ဖြစ်သူ၏ မျက်လုံးများက ရီဖူရှင်းကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ ထို့နောက် သူက ကျန်သည့် အင်အားစုနှစ်ခုဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ကြည့်ရတာ ကျုပ်တို့ ဒေါသ ထွက်နေရုံနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီကိစ္စကို ဘယ်လိုရှင်းကြမလဲ”

စကားပြောလိုက်သည့် သူသည် သူ၏ အာရုံကို လီနတ်ဓားကလန် ခေါင်းဆောင်ဖြစ်သည့် ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းမလှလေးထံ ပို့ဆောင်လိုက်သည်။ သူမ၏ ကိုယ်ကျပ်ဝတ်စုံသည် သန့်ရှင်းနေပြီး အလှဆင်ထားခြင်း မရှိဘဲနှင့် အားမန်ပြည့်ဝသည့် အသွင်အား ပေးစွမ်းကာ သူမ၏ အနီးဝန်းကျင်တွင် ဓားစွမ်းအားများ လှည့်ပတ်နေသည်။

သူမ၏ အေးစက်သော မျက်လုံးများသည် ရီဖူရှင်းကို စူးစိုက်ကြည့်နေသည်။

“နင့်မှာ ရန်ဟောင်အဆင့် ရတနာတစ်ခုခု ရှိလား” အမျိုးသမီးက အေးစက်စွာ မေးလိုက်သည်။

ရီဖူရှင်းသည် မျက်မှောင်ကြုတ်သွားကာ ပြန်ဖြေလိုက်သည်။ “မရှိဘူး”

သူသည် ထိုအခိုက်တွင် ချက်ချင်း ငြင်းပယ်လိုက်သည်။ အကယ်၍ သူသာ တွေဝေနေလျှင် ထိုလူများသည် သူနှင့် ပတ်သက်၍ တခြားအတွေးများ ဝင်လာပေလိမ့်မည်။

“ဒါဆို နင့်မှာ ရှိသမျှ အဖိုးတန်တာ အကုန်ထုတ်ပေး။ အဲဒီထဲမှာ တစ်ခုခုက ရန်ဟောင်အဆင့် ပစ္စည်းနဲ့ တန်ဖိုးချင်း တူရင် နင် အသက်ရှင်ခွင့်ရမယ်” လီရို့ရွှမ်း၏ အသံက အေးစက်နေပြီး သူမက ဆက်ပြောလိုက်သည်။ “မဟုတ်ရင် အခုပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တော့”

သူမသည် ရန်ဟောင်ချန်ရစ်ခဲ့သည့် အရာကို အလွန် လိုချင်နေပေသည်။

နောက်ဆုံးတွင် ထိုပစ္စည်းသည် ရီဖူရှင်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

“ဖြစ်ပြီးတာက ဖြစ်ပြီးတာပဲ။ သူ့ကို သတ်ရင်ရော ဘာရမှာလဲ။ ပြီးတော့လည်း သူက ကံမကောင်းဘဲ လေဟာနယ် ခရီးသွား ဝင်္ကပါကြောင့် ဒီလို ဖြစ်ခဲ့ရတာလေ။ ဒီတိုင်း သွားခွင့်ပေးလိုက်ပါ” လော့မြို့၏ ယွင်ကလန်မှ အကြီးအကဲက ပြောလိုက်သည်။ ဖိတ်စင်ပြီးသား နို့ကြောင့် ငိုနေလျှင်လည်း အကျိုးရှိတော့မည် မဟုတ်ပေ။

အကယ်၍ လေဟာနယ် ခရီးသွားဝင်္ကပါက ချို့ယွင်းခဲ့သည်ဟု ဆိုလျှင် ရီဖူရှင်းက အင်အားစုကြီးကြီးမှ လာခြင်း မဟုတ်သည်ကို သူ သိရှိပေသည်။ ထို့ကြောင့် သူ့ကို အတင်းအကျပ် ဖိအားပေးနေ၍လည်း အသုံးမဝင်နိုင်သည့် အတွက် လွှတ်ပေးလိုက်ခြင်းက ပိုကောင်းပေသည်။

“ရှင်က အရမ်းသဘောထားကြီးတာပဲ အကြီးအကဲယွင်။ ဒါပေမဲ့ ရန်ဟောင် အမွေအနှစ် ဆုံးရှုံးသွားရတဲ့အပေါ် ဘယ်သူက တာဝန်ခံမှာလဲ” လီရို့ရွှမ်းက အရိုးထဲထိ အေးစိမ့်လောက်သည့် အသံနှင့် ဆက်လက်ပြောဆိုလိုက်သည်။

သူမ အမြင်အရ သူမ ပိုင်ဆိုင်ရမည် ထိုပစ္စည်းက ပျက်စီးခြင်းနှင့် အဆုံးသတ်သွားရခြင်း ဖြစ်သည်။

ထိုပျက်စီးသွားသည့် ပစ္စည်းသည် သူမ၏ အနာဂတ်အစီအစဉ်ကို ထိခိုက်မှု ရှိသည်ဟု သတ်မှတ်ရလိမ့်မည် ဖြစ်သည်။

“ဒါဆို မင်း သူ့ကို သတ်ရင်ရော ဘာရမှာလဲ။” ထို့နောက် အကြီးအကဲယွင်က ဆက်ပြောလိုက်သည်။ “မင်းမှာ ထိပ်တန်းပါရမီ ရှိတယ်။ လီရို့ရွှမ်း မင်းက နတ်ဓားကလန်ရဲ့ ထူးချွန်တဲ့ အလားအလာတွေနဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ။ ဆိုးတာက မင်းရဲ့ စိတ်အခြေအနေက ရက်စက်လွန်းပြီး အေးစက်တယ်။ မင်းက ဓားလမ်းစဉ်ကို အရူးအမူးစွဲလမ်းနေတာပဲ”

“ရှင်က ကျွန်မကို သင်ပြဖို့ အဆင့်မမီဘူး” လီရို့ရွှမ်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။ သူမ၏ မျက်လုံးများက အကြီးအကဲယွင်ကို ကြည့်မနေပေ။ ထိုအကြီးအကဲက သူမ၏ အချိန်များကို ဖြုန်းတီးရန် မထိုက်ရန်ပေ။

သူမ စကားဆုံးသည်နှင့် သူမ၏ ဘေးမှ တန်ခိုးရှင်များက ရှေ့သို့ တက်လာပြီး ရီဖူရှင်းထံ လျှောက်လာကြသည်။

အေးစက်သည့် ဓားစွမ်းအားများက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားကာ ထိုအတွင်းတွင် ပြင်းထန်သည့် လူသတ်ငွေ့များ ပါဝင်နေသည်။ သူတို့သည် အလွန်လေးနက်နေပြီး သူတို့၏ ဆုံးရှုံးမှုအတွက် ရီဖူရှင်း အသက်ကို လိုချင်နေပုံရသည်။

ရီဖူရှင်းသည် မျက်မှောင်ကျုံ့လိုက်သည်။ သူက ထိုမတော်တဆ ဖြစ်ရပ်အတွက် တစ်စိတ်တစ်ပိုင်း အပြစ်တင်ခံသင့်သည်ဟု ဆိုသော်လည်း သူသည် ထိုဖြစ်ရပ်အား တမင် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သူသည် မည်သည့်အရာကိုမှ ထိန်းချုပ်၍ မရနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသူများ ပြောဆိုကြသည့် စကားများကို ဆန်းစစ်ကြည့်လျှင် သူသည် ရန်ဟောင်တစ်ပါး ချန်ရစ်ခဲ့သည့် ကျောက်စာချပ်ကို ဖျက်ဆီး ပစ်လိုက်မိပုံရသည်။

“ကျုပ်မှာ ရန်ဟောင်အဆင့် ရတနာတော့ မရှိပေမယ့် အဲဒီအတွက် ခင်ဗျားတို့ကို ကျုပ် တတ်စွမ်းသလောက် လုပ်ပေးပါ့မယ်။” ရီဖူရှင်းက ထိုအမျိူးသမီးကို ကြည့်ကာ ပြောလိုက်သည်။

လီရို့ရွှမ်းက မလှုပ်ရှားသွားပေ။ သူမ၏ မျက်လုံးများက အေးစက်နေဆဲ ဖြစ်ကာ ပြောလိုက်သည်။ “သူ့ရဲ့ သိုလှောင်လက်စွပ်ထဲကဟာ အကုန်ယူခဲ့”

“လီရို့ရွှမ်း၊ ကျုပ်တို့ မိစ္ဆာရှင်း ကလန်ကလည်း ရသင့်တယ်” မိစ္ဆာရှင်းကလန်မှ တန်ခိုးရှင်က ပြောလိုက်သည်။ သူ့ဘက်မှ တန်ခိုးရှင်များကလည်း ရှေ့သို့ တက်လာကာ ရီဖူရှင်းထံသို့ လျှောက်လာ ကြသည်။

သူတို့ကို ကြည့်ရသည်မှာ ခံစားမှု ကင်းမဲ့နေကြ၏။ သူ့ကို ကြည့်နေကြသည့် သူတို့၏ မျက်လုံးများထဲတွင် အေးစက်မှုမှ လွဲ၍ အကြင်နာတရား တစ်စက်မှ မရှိပေ။

မည်သည်မှ ထပ်ပြောစရာ မလိုတော့အောင် ရီဖူရှင်းသည် သူတို့ထံမှ ထွက်ပေါ်လာနေသည့် သတ်ဖြတ်ခြင်း အငွေ့အသက်များကို ခံစားမိလေသည်။ သူသည် သူ၏ အရှိန်အဝါကို ထုတ်လွှတ် လိုက်ပြီး သူ့အနီးဝန်းကျင်ရှိ မဟာလမ်းစဉ် စွမ်းအားများကို အာရုံခံလိုက်သည်။

“မိမိကိုယ်ကို သိမြင်ခြင်း အဆင့်လား” ရီဖူရှင်း၏ အရှိန်အဝါကို ခံစားမိသည့် သူများက အတော်လေး တွေဝေ သွားလေသည်။ ရီဖူရှင်းသည် အလွန်ငယ်ရွယ်သည်ဟု ထင်ပြီး ထိုအဆင့်ကို မည်သို့ ရောက်ရှိနေသည်အား ခန့်မှန်း၍ မရနိုင်ပေ။

မိမိကိုယ်ကို သိမြင်ခြင်း အဆင့် ဖြစ်သည့် နတ်ဓားကလန်မှ အကြီးအကဲ တစ်ယောက်သည် ရှေ့သို့ ထွက်လာပြီး သူ ထုတ်လွှတ်လိုက်သော ဓားအရှိန်အဝါများက အလွန်ပြင်းထန် လှကာ သူကိုယ်တိုင်က ဓားတစ်လက် အဖြစ် ပြောင်းလဲ သွားသည်ဟု ထင်မှတ်ရသည်။

သူသည် ရီဖူရှင်း၏ ရှေ့သို့ တခဏအတွင်း ရောက်ရှိလာကာ သူ၏ လက်ချောင်းကို ဆန့်ထုတ် လိုက်သည်။ ဓားစွမ်းအားလှိုင်းသည် သူ့လက်ချောင်းထိပ်မှ စီးဆင်းသွားပြီး မဟာလမ်းစဉ်၏ ဓားစွမ်းအားများသည် ကောင်းကင်ဘုံ၏ မြစ်တစ်စင်းကဲ့သို့ သူတို့ အားလုံးကို ဖုံးလွှမ်းသွားကာ ချက်ချင်း ပေါက်ကွဲ ထွက်လာ၍ ရီဖူရှင်းအား ချက်ချင်း သတ်ဖြတ်ရန် ရည်ရွယ်လိုက်သည်။

ဘုန်း…

ကြယ်စွမ်းအင် အလင်းများသည် ရီဖူရှင်း၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ကြယ်စင်တိုက်ပွဲ သဏ္ဌာန် ဖြစ်ပေါ်လာကာ တောက်ပ၍ နေလေသည်။ သူသည် လက်မောင်းကို မကာ လက်ချောင်းကို ညွှန်လိုက်၍ နောက်ဆုတ်သွားခြင်း မရှိဘဲ ပြိုင်ဘက်နှင့် ရင်ဆိုင် တိုက်ခိုက်လိုက်သည်။

“မင်းက သေချင်နေတာပဲ”

ထိုအကြီးအကဲက အေးစက်စွာဖြင့် လက်ချောင်းကို ညွှန်လိုက်သည်။ မရေတွက်နိုင်သည့် သတ်ဖြတ်ခြင်း ဓားစွမ်းအားများက လေဟာနယ်ကို ဖြတ်သန်း၍ သူညွှန်သည့် တစ်လျှောက် ဖြတ်သန်း သွားသည်။

ထိုအချိန်တွင် ရီဖူရှင်း၏ လက်ချောင်းသည်လည်း သူ့ပြိုင်ဘက်ကဲ့သို့ပင် ပစ်မှတ်သို့ ရောက်ရှိ သွားခဲ့သည်။

ဘုန်း.. ဘုန်း.. ဘုန်း…

အလွန် ကြောက်မက်ဖွယ် ကောင်းသော စကြဝဠာ ဖြိုခွင်းခြင်း စွမ်းအားက ထိုသူ့လက်ချောင်း အတွင်းသို့ စိမ့်ဝင်သွားကာ ချက်ချင်း ဖျက်ဆီး ပစ်လိုက်သည်။ ပြင်းထန်လှသည့် စွမ်းအားက ထိုအကြီးအကဲ၏ လက်မောင်းသို့ ပြေးဝင်သွားကာ သူ၏ ခန္ဓာကိုယ်ကို ပေါက်ကွဲ သွားစေသည်။

ကျယ်လောင်သည့် အသံကို ကြားလိုက်ရပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်း ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်ကို သိရှိလိုက်ကြရ၏။ သူ၏ ကျောရိုးသည် ဖိအားကြောင့် ကျိုးကြေသွားပုံရကာ သူ၏ ကိုယ်တွင်းကလီစာ အားလုံးသည်လည်း အရူးအမူး ပျက်စီး ကြေမွကုန်သည်။

သူ့မျက်လုံးများက ချက်ချင်းပင် အေးခဲသွားကာ ရီဖူရှင်းကို တည့်မတ်စွာ စူးစိုက် ကြည့်နေပေသည်။

ရီဖူရှင်းသည် သူ၏ လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ၏ ပြိုင်ဘက်က မြေပေါ်သို့ တအိအိ ပြိုလဲသွားသည်အား မြင်လိုက်ရသည်။

လက်ချောင်း တစ်ခုတည်းဖြင့် တိုက်ခိုက်မှုက သူ့ပြိုင်ဘက်၏ အသက်ကို နှုတ်ယူနိုင်ခဲ့သည်။

သူသည် ဤဘုံသို့ ရောက်ရောက်ချင်းပင် ရှန့်ထို တစ်ယောက်အား သတ်ဖြတ်ခဲ့ရပြီ ဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset