Switch Mode

အပိုင်း(၁၃၃၀)

ထွက်ခွာခြင်း

တော်ဝင်လက်ထပ်ပွဲ ပြီးသည့်နောက်တွင် လူတိုင်း မိမိနေရပ်သို့ ပြန်လာခဲ့ကြသည်။

လူအများသည် နက်နဲသော ခံစားချက်များကို ခံစားမိနေဆဲ ဖြစ်သော်လည်း အချို့သော ထိပ်တန်း ပါရမီရှင် များသည်တော့ အလွန်ပင် စိတ်မသက်မသာ ခံစားနေကြရပေသည်။ အကြောင်းမှာ လက်ထပ်ပွဲကြောင့် မဟုတ်ဘဲ ချီရှန်း ပြောလိုက်သည့် စကားကြောင့်သာ ဖြစ်သည်။

သွေးနဂါးဘုံရှိ တော်ဝင်နန်းတော်မှ မဟာဝင်္ကပါသည် နောက် ခုနစ်ရက်အတွင်း အသက်ဝင် လာလိမ့်မည် ဖြစ်ပြီး ကြီးမားသည့် မဟာလမ်းစဉ် လေဟာနယ် ပွင့်ဟလာပြီး အထက်တော်ဝင် ဘုံများသို့ သွားသည့် လမ်းဖြစ်ပေါ် လာပေမည်။

ထိုသို့သော ဝင်္ကပါများသည် အသက်သွင်း၍ အသုံးပြုသည့် အခါတိုင်းတွင် များပြားလှသော ကုန်ကျစရိတ်များသည် မမျှော်လင့်နိုင်သော ပမာဏအထိ ရှိပြီး သွေးနဂါးဘုံရှိ ထိပ်သီး အင်အားစုများသည်ပင် တတ်စွမ်းနိုင်သည့် ပမာဏ မဟုတ်သော အသုံးစရိတ်မျိုး ဖြစ်လေသည်။ ထိုကုန်ကျ စရိတ်သည် သွေးနဂါးဘုံ တစ်ခွင်လုံးကို လွှမ်းမိုး ထားသည့် သွေးနဂါး အင်ပါယာ အတွက်သည်ပင် ကြီးမားသည့် ပမာဏဖြစ်သည်။

ထိုသို့သော ဝင်္ကပါသည် တော်ဝင်နန်းတော် အတွင်းတွင် တစ်ခုသာရှိပြီး အရေးကြီးသည့် ပုဂ္ဂိုလ်များသာလျှင် ဖြတ်သန်း သွားလာခွင့် ရှိပေသည်။ သူတို့ ဤတစ်ခေါက် ဖွင့်မည့်ဝင်္ကပါ ဖြတ်သန်းခွင့်ကို လွဲချော်သွားပါက အထက်တော်ဝင်ဘုံသို့ သွားရောက်ရန် အခွင့်အရေး မည်သည့် အချိန်မှ ရရှိတော့မည်ကို မည်သူမှ မသိရှိကြပေ။

ချီရှန်းသည် ဤအခွင့်အရေးကို ရယူရန် သူတို့အား ဖိတ်ကြားချက်ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

မည်သူကမှ ထိုသို့သော အခွင့်အရေးကို လက်လွတ်ခံချင်မည် မဟုတ်ဘဲ အားလုံးသော ထိပ်သီး ပုဂ္ဂိုလ်တို့သည် မကြာခင် ရက်အတွင်း သွားရမည့် ခရီးစဉ်အတွက် အသင့်ဖြစ်စေရန် စိတ်စော နေကြပေသည်။

ထိုနေရာသည် အထက်တော်ဝင်ဘုံ ဖြစ်ပြီး မဟာလမ်းစဉ်ရှိ သုံးထောင်သော ဘုံများ၏ အဓိကဘုံ ဖြစ်သည်။ ထိုဘုံသည် သုံးထောင်သော ဘုံတို့ ဝန်းရံထားသည့် ဘုံမျိုးဖြစ်သည်။

ပြောကြသည်မှာ အထက်တော်ဝင်ဘုံ ကိုးခုတွင် တွေ့ရသည့် ထိပ်တန်း တန်ခိုးရှင် အရေအတွက်သည် သုံးထောင်သော ဘုံများတွင် တွေ့ရသည့် တန်ခိုးရှင် အားလုံးပေါင်း အရေအတွက်ထက် သာလွန်သည်ဟူ၍ ဖြစ်သည်။ မည်သူကမှ ထိုယူဆချက်ကို မယုံမကြည် မဖြစ်ခဲ့ပေ။

အကြောင်းမှာ အားလုံးသော အစွမ်းထက် တန်ခိုးရှင်များက သုံးထောင်သော ဘုံများကို ဖြတ်သန်း၍ ထိုနေရာသို့ သွားရောက် ကြသောကြောင့် ဖြစ်ပေသည်။

ဘုံဒေသတစ်ခုလုံးအတွင်း အဓိကဘုံ၏ အရှင်သခင် သွေးနဂါး အင်ပါယာ ကဲ့သို့သော လူမျိုး မရှိသလောက် ရှားပါးသည်မှာ အကြောင်းပြချက် ရှိလေသည်။

တစ်စုံတစ်ယောက်က ရန်ဟောင်အဆင့်သို့ ရောက်ရှိသွားသည့်အခါ သူတို့သည် အင်ပါယာ ရှားဘုံနှင့် အင်ပါယာလီဘုံမှ အင်ပါယာကဲ့သို့ ဘုံတစ်ခုကို အုပ်စိုးကြလိမ့်မည် ဖြစ်သည်။

ရန်ဟောင်များသည် သူတို့ကိုယ်တိုင် ဘုံကို မအုပ်ချုပ်နိုင်သည့် အခါ သွေးနဂါးအင်ပါယာ၏ အုပ်ချုပ်မှု လက်အောက်ခံများ ဖြစ်လာ ကြပေလိမ့်မည်။ ထို့ကြောင့်ပင် သူတို့အတွက် အဆင့်မြင့်ဘုံ များသို့ သွားရန် အကြောင်းမရှိကြပေ။

ထိုဘုံအတွင်း သူတို့သည် ပိုမိုများပြားသည့် ပြိုင်ဘက်များကိုလည်း တွေ့ရှိနိုင်ပြီး သူတို့ ရည်ရွယ်ထားသည့် အရာများကိုလည်း ဖော်ထုတ်နိုင်လိမ့်မည် ဖြစ်သည်။

ထို့ကြောင့် မဟာလမ်းစဉ်ရှိ သုံးထောင်သော ဘုံများအားလုံးတွင် အထွတ်အထိပ် ဖြစ်နေသည့် သူများမှာ သူတို့ကိုယ်တိုင် ဘုံတစ်ခုကို အုပ်စိုးခြင်း ဖြစ်စေ အထက်တော်ဝင်ဘုံမှ အစွမ်းထက်ဆုံး ဘုံများတွင် ကျင့်ကြံခြင်းဖြစ်စေ ပြုလုပ်ကြပေသည်။

သွေးနဂါးဘုံတွင် အထွတ်အထိပ် အဖြစ် ရပ်တည်နိုင်သည့် ပြန်လည် မွေးဖွားခြင်းအဆင့် ထိပ်သီး အင်အားစုများသည်ပင် ကောင်းကင် အာဏာစက်ဘုံသို့ ရောက်ရှိသည့်အခါ  အရေးပါ အရာရောက်သူများ အဖြစ် ဆက်လက် မရပ်တည်နိုင်ပေ။ သူတို့၏ နောက်ခံကို အားကိုးနေခြင်းက မည်သည့် အဓိပ္ပာယ်မှ မရှိပေ။

ထို့ကြောင့် သူတို့သည် သူတို့၏ သက်ဆိုင်ရာ အင်အားစုများ၌ ထိပ်တန်း ပါရမီရှင်များ ဖြစ်သော်လည်း ဤအခြေအနေအတွက် စိတ်လှုပ်ရှား ပူပန်နေကြသည်မှာလည်း မလွဲဧကန်ပင် ဖြစ်တော့သည်။

တဖန်ထပ်ကာ စိုးရိမ်ပူပန်ခြင်းဟု ဆိုခြင်းထက် သူတို့ အမှန်တကယ် ခံစားနေရသည်မှာ စိတ်လှုပ်ရှားခြင်းနှင့် မျှော်လင့် စောင့်စားခြင်းတို့ပင် ဖြစ်သည်။

ထိုသည်က ကျင့်ကြံခြင်း လောကပင် ဖြစ်တော့သည်။

ရီဖူရှင်းသည် ချန်ယဲ့မြို့သို့ ပြန်ရောက်လာပြီး သူ၏ စိတ်အခြေအနေသည် ပုံမှန်ကဲ့သို့ပင် ဖြစ်ကာ တုန်လှုပ်နေခြင်း မရှိခဲ့ပေ။

သည်နေ့သည်ရက်က သူ့ထံတွင် အနှေးနဲ့အမြန် ဖြစ်ပေါ်လာရမည့် ကိစ္စဖြစ်ပြီး သူသည် ဤကိစ္စအတွက် အချိန်အတော်ကြာ စိတ်ကို ပြင်ဆင်ထားခဲ့သည့်အတွက် ဖြစ်ပေသည်။

အဆုံးတွင်တော့ သည်အခွင့်အရေးက သူ အမြဲ ရည်ရွယ်ထားခဲ့သည့် ရည်မှန်းချက်ပင် မဟုတ်ပါလား။

ဂျီယူအတွက် ဖြစ်စေ သူ၏ ဖုံးကွယ်ထားသော အတိတ်ကို အဖြေရှာရန် ဖြစ်စေ သူသည် ထို့ထက် ပိုမိုသော အမြင့်သို့ ရောက်ရှိရမည်မှာ ကံတရားပင် ဖြစ်သည်။

သူသည် ချန်ယဲ့မြို့မှ ပြန်ရောက်ပြီးနောက် လူတိုင်းကို စုစည်းစေခဲ့သည်။

ချင်ရွှမ်ကန်း၊ ရန်ယွင်နှင့် အခြားလူများသည် ရှန်းမြို့မှ ချန်ယဲ့မြို့သို့ ဦးတည် လာခဲ့သည်။ ရှေးဟောင်း တော်ဝင်မြို့မှ ရောက်လာသည့် မျိုးနွယ်စုကိုးခုမှ ပြန်လည် မွေးဖွားခြင်း အဆင့်များသည်လည်း ချန်ယဲ့မြို့တွင် စုစည်းလာကြသည်။

ထို လေဟာနယ် မဟာဝင်္ကပါကို  အသက်သွင်းသည့် အခါ၌ ထိုခရီးစဉ်တွင် သူတို့၏ လူများကို ခေါ်ဆောင်သွားခွင့်လည်း ရှိပေသည်။

ရီဖူရှင်းသည် ထိုခရီးစဉ်၌ သူနှင့်အတူ မည်သူ့ကို ခေါ်ဆောင် သွားရမည်အား တွေးတော နေပေသည်။

ယူချင်းနှင့် ရှားရှင်းယွန်ကတော့ ထိုခရီးစဉ်၌ လိုက်ပါမည်မှာ ကျိန်းသေပင် ဖြစ်သည်။ ထိုအချက်အား ပြောနေရန်ပင် မလိုအပ်ပေ။

သူ၏ အစ်ကိုကြီး ဓားသခင်၊ ဂူတုံးလျှိုနှင့် အခြားသူများသည်လည်း ခေါ်သွားရမည်သာ ဖြစ်သည်။

ထိုထွက်ခွာမှုသည် အလွယ်တကူပင် ဖြစ်သည်။ သို့သော်လည်း အဓိကအချက်မှာ ပြန်လည် မွေးဖွားခြင်း အဆင့်များကိုလည်း သူနှင့်အတူ ခေါ်ဆောင်သွားရမည် ဖြစ်သည်။

ချန်ယဲ့မြို့သည် သွေးနဂါးဘုံတွင် အခိုင်အမာ အခြေတည်နေပြီဟု ဆုံးဖြတ်နိုင်ပေသည်။ အကြောင်းပြချက် ကောင်းကောင်း မရှိဘဲနှင့် မည်သူကမှ ရန်စရဲမည် မဟုတ်သော်လည်း စောင့်ကြပ်ရန် တစ်ယောက်ယောက်ကတော့ နေရစ်ခဲ့ရဦးမည် ဖြစ်သည်။

“ငါ ချွန်းယန်၊ လုချွန်းကို ခေါ်ပြီး မင်းတို့နဲ့အတူ လိုက်ခဲ့မယ်။ ရန်ယွင်နဲ့ နန်ကျိုင်းက ရှန်းမြို့မှာပဲ ဖေးရွှီကို စောင့်ရှောက်ဖို့ နေခဲ့ကြ” ချင်ရွှမ်ကန်းက ပြောလိုက်သည်။ သူသည် ကောင်းကင် အာဏာစက်ဘုံကဲ့သို့ နေရာမျိုးကို သူတို့နဲ့အတူ လိုက်ပါသွားပေးရန် လိုအပ်ပေသည်။

“သမီးလည်း လိုက်မယ် အဖေ” ဖေးရွှီက ပြောလိုက်သည်။ သူမလည်း ထိုခရီးကို အတူ လိုက်ပါလိုပေသည်။

“မဟုတ်ဘူး… သမီး အထက်တော်ဝင်ဘုံကို သွားလို့မရဘူး” ချင်ရွှမ်ကန်းက ပြောလိုက်သည်။ ထိုသို့သော ဘုံမျိုးတွင် အလွန် များပြားလှသော တန်ခိုးရှင်များ ရှိပေသည်။ ထိုနေရာ၌ ထူးခြားသော စွမ်းရည်များနှင့် အပြုအမူအမျိုးမျိုး ရှိသည့် လူများကို တွေ့နိုင်ပြီး သူတို့၏ စရိုက်များကလည်း အမျိုးမျိုး အထွေထွေ ဖြစ်နိုင်ပေသည်။

ဖေးရွှီကို ခေါ်ဆောင်သွားခြင်းသည် အလွန်ပင် အန္တရာယ်များနိုင်ပေသည်။

သူမ၏ အခြေအနေအရ လျှို့ဝှက်ချက်သာ ပေါက်ကြားသွားခဲ့လျှင် ချင်ရွှမ်ကန်းကဲ့သို့ ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ် အဆင့်ပင်လျှင် သူမကို ကာကွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူသည် အထက်တော်ဝင်ဘုံကဲ့သို့သော နေရာမျိုးကို ဖေးရွှီအား ခေါ်ဆောင် မသွားလိုပေ။ ဖေးရွှီသည် သူမ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားကို ထိန်းချုပ်နိုင်လောက်အောင် သန်မာလာပြီး သူမ၏ ကိုယ်ပိုင်စွမ်းအား အတွင်းသို့ ပေါင်းစပ် အသုံးပြုနိုင်သည့် တိုင်အောင် စောင့်ဆိုင်းရမည် ဖြစ်သည်။

သို့သော် သူမသည် ထိုသို့ လုပ်ဆောင် လာနိုင်သည့် အချိန်တွင် သူမ၏ ဖခင်ကိုပင် သာလွန်သွားနိုင်မည် ဖြစ်သည်။

ဖေးရွှီသည် အခြားလူများ၏ စိတ်ခံစားချက်တို့ကို ခံစားနိုင်စွမ်း ရှိသည်။ သူမသည် နန်းတွင်းအကြံပေးက သူမ လိုက်ပါဖို့ရန်ကို တာဆီးလိမ့်မည်ကို သိရှိပေသည်။ သူမက အနည်းငယ် ဒေါသ ဖြစ်မိသော်လည်း မည်သည့် စကားမှမဆိုဘဲ စိတ်ပျက်အားငယ်မှုတို့သာ ဝင်ရောက် လာတော့ပေသည်။

ရန်ယွင်နှင့် နန်ကျိုင်းတို့၏ အဆင့်သည် တည်ငြိမ်ပြီး သူတို့တွင် ထူးခြားသော စိတ်အခြေအနေ ရှိပေသည်။ ရန်ယွင်သည် ပြန်လည် မွေးခြင်းအဆင့် ရောက်ရှိပြီးဖြစ်ကာ နန်ကျိုင်းသည်လည်း ထိုအဆင့်သို့ ရောက်ရှိရန်မှာ အနှေးနှင့်အမြန်ပင် ဖြစ်သည်။

ထို့ကြောင့် သူသည် မုချွန်းယန်နှင့် လုချွန်းကို သူနှင့်အတူ ထိုခရီးစဉ်သို့ ခေါ်ဆောင်သွား၍ ကောင်းကင်အာဏာ စက်ဘုံအား သူတို့၏ မျက်စိဖြင့် မြင်တွေ့နိုင်စေရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ရန်ယွင်နှင့် နန်ကျိုင်းသည် ကျန်နေခဲ့ပြီး ဖေးရွှီကို ဂရုစိုက် စောင့်ရှောက်လိမ့်မည် ဖြစ်သည်။

“ဖူရှင်း၊ လိုက်ဖို့အတွက် ကျန်တဲ့လူတွေကို ရွေးဖို့ မင်းနဲ့ အပ်ထားခဲ့မယ်။ အများကြီး ခေါ်မလာဖို့ သတိထားရမယ်။ ဒါက အဲဒီကို သွားတာ ပထမဆုံး အကြိမ်မို့လို့ ဟိုကအခြေအနေကို ဂဃနဏ မသိသေးဘူး။ နောက်ပိုင်းမှာ တခြားအခွင့်အရေး ထပ်ရှိ လာလိမ့်ဦးမယ်။ အဲဒီကျမှ လူများများ ခေါ်ကြတာပေါ့” ချင်ရွှမ်ကန်းက ရီဖူရှင်းကို သတိပေးသည့် အနေနှင့် ပြောလိုက်သည်။

ရီဖူရှင်းသည်လည်း များပြားလှသည့် လူများနှင့် အဖွဲ့လိုက် လှုပ်ရှားခြင်းက ခက်ခဲစေလိမ့်မည် ဆိုသည်အား သိရှိပေသည်။

အထူးသဖြင့် သူတို့ ပြဿနာနှင့် ရင်ဆိုင်တွေ့ရသည့် အခါတွင် လူအများအပြား ပါဝင်သည့် အဖွဲ့က သူတို့ကို ဆုတ်ခွာစေရာတွင် အခက်အခဲ ဖြစ်စေလိမ့်မည်။

“ဟုတ်ကဲ့ပါ” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက ချင်ရွှမ်ကန်း ဆိုလိုသည်အား နားလည်ပေသည်။

“အစ်ကိုကြီး၊ ကျွန်မကို မထားခဲ့ပါနဲ့” လောင်လင်းအာက ရီဖူရှင်းကို တောင်းပန်သည့် အကြည့်နှင့် ကြည့်လိုက်သည်။ သူမသည် ထိုကိစ္စနှင့် ပတ်သက်ပြီး ဆိုးဝါးစွာ ခံစားနေရသည်။

“ကလေးတွေက ဒီမှာ နေခဲ့ပြီး ကျင့်ကြံဖို့ လိုတယ်” ရီဖူရှင်းသည် သူမ၏ ခေါင်းကို ခပ်ဖွဖွ ခေါက်လိုက်ကာ လောင်လင်းအာကို စိတ်ရှုပ်ထွေး သွားစေသည်။ သူမက ကလေးတဲ့လား။

“လင်းအာလည်း အခု အသက်ကြီးနေပါပြီ” လောင်လင်းအာက မကျေမနပ်ဖြင့် ရေရွတ် လိုက်သည်။ သို့သော်လည်း ကျင့်ကြံသူတို့၏ သက်တမ်းသည် သာမန်လူသားများနှင့် ကွာခြား လှပေသည်။ သူမသည် အရွယ်ရောက်နေပြီး ဖြစ်သော်လည်း သွက်လက်ထက်မြက်၍ ငယ်ရွယ်သည့်ပုံ ပေါ်လေသည်။

သူမသည် နှစ်ပေါင်းများစွာ ကျင့်ကြံ၍ တိုးတက် လာသော်လည်း ရီဖူရှင်းနှင့် ယှဉ်ပါက သူမသည် သိသိသာသာ ပေါ်လွင်ထင်ရှားခြင်း မရှိဘဲ ဖြစ်နေသည်။

အမှန်မှာတော့ သူမသာလျှင် မဟုတ်ဘဲ လူတိုင်းသည်လည်း တိုးတက် လာကြပေသည်။

“အခုထိ ရှန့်ထို မဖြစ်သေးတဲ့ သူတွေကတော့ ဒီတစ်ခေါက် မလိုက်ခဲ့တာ ကောင်းလိမ့်မယ်” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ “ဒီ သွေးနဂါးဘုံမှာပဲ နေပြီး မင်းတို့ရဲ့ အချိန်တွေကို ကျင့်ကြံခြင်းမှာ မြှုပ်နှံထားလိုက် ပြီးတော့ ရှန့်ထိုအဆင့်ကို ရောက်အောင် လုပ်ပါ”

လူအများသည် ရီဖူရှင်း၏ စကားများကြောင့် စိတ်ဓာတ် ကျသွားရသည်။ ရှန့်ထိုအဆင့် ဖြစ်မလာခင် ဤခရီးကို သွားခွင့် မရှိဘူးတဲ့လား။

ရှန့်ထိုအဆင့်သို့ မရောက်သေးသူမှာ အများအပြား ရှိလေသည်။

သို့သော် ရီဖူရှင်းက သူတို့အား သွေးနဂါးဘုံတွင်သာ ကျင့်ကြံ၍ နေရစ်ခဲ့ရန် ပြောလေသည်။ သွေးနဂါးဘုံအတွင်း သူတို့ မစူးစမ်းရသေးသော နေရာများစွာ ကျန်ရှိနေသေးသည့် အတွက် အထက် တော်ဝင်ဘုံသို့ သွားရန် ယခု စွန့်လွှတ် လိုက်နိုင်ပေသည်။ သူတို့ ရှန့်ထိုအဆင့်သို့ ချိုးဖြတ် ရောက်ရှိပြီးနောက်၌ အရာအားလုံးကို ဆုံးဖြတ်နိုင်ပေလိမ့်သည်။

ယခု သူတို့ လိုက်သွားပါက ဝန်ထုပ်ဝန်ပိုးများမှ လွဲ၍ အကူအညီ ဖြစ်နိုင်မည် မဟုတ်ပေ။

***

ခုနစ်ရက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပေသည်။ ထိုနေ့တွင် ချန်ယဲ့မြို့အတွင်းမှ တန်ခိုးရှင်များသည် သူတို့၏ မြို့စားနှင့် အခြားသူများကို လိုက်ပါ ပို့ဆောင်ကြပေသည်။

ကျူးကော့ မင်းယွီသည်ပင် ရှန့်ထို မဖြစ်သေးသည့်အတွက် နေရစ်ခဲ့ရသည်။ သူမသည် ဒုတိယ အစ်မဟူသော အာဏာဖြင့် ထိုခရီးကို လိုက်ပါ၍ ရရန် လုပ်ဆောင်နိုင်သော်လည်း ရီဖူရှင်းနှင့် အခြားသူများကို ဒုက္ခ မပေးလိုပေ။

သူမ၏ မောင်ငယ်လေးက ထိုသို့ ဆုံးဖြတ်ခဲ့သည်ဖြစ်၍ သူတို့၏ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံခြင်း၌ မြှုပ်နှံထားရမည် ဖြစ်ပြီး ရှန့်ထိုအဆင့်ကို ချိုးဖြတ်ဝင်ရောက်နိုင်ရန် အပြင်းအထန် ကြိုးစား အားထုတ်ရမည် ဖြစ်သည်။

ရီဖူရှင်းသည် သန့်စင်သည့် ဝိညာဉ်ကျောက်တုံးများနှင့် ကျင့်စဉ်များကို ချန်ထားပေးခဲ့သည်။ သူတို့၏ ကျင့်ကြံခြင်းကို အရင်းအမြစ်များနှင့် မြှင့်တင်လျှင် သူတို့သည် အနည်းဆုံး ရှန့်ထို အဆင့်အောက် အထွတ်အထိပ်သို့ ရောက်ရှိရန် လိုအပ်ပေသည်။ သို့မှသာ သူတို့၏ စိတ်အခြေအနေက အသင့်ဖြစ်သည့် အခါ၌ ရှန့်ထိုအဆင့်သို့ တက်လှမ်းရာတွင် အခက်အခဲ မရှိဘဲ နေလိမ့်မည် ဖြစ်သည်။

ရှန့်ထိုအဆင့်သို့ ရောက်ရှိရန် အတွက် စိတ်အခြေအနေသည် အလွန် အရေးကြီးပေသည်။

“ငါ အိမ်ပြန်လာတာကို စောင့်ပေး” ဂူတုံးလျှိုသည် ကျူးကော့မင်းယွီ ရှေ့တွင် ရပ်ကာ ပြောလိုက်သည်။

“စိတ်ချစမ်းပါ.. ငါ တခြားတစ်ယောက်နဲ့ ထွက်မပြေးပါဘူး။ မောင်ငယ်လေးကိုသာ ဂရုစိုက်” ကျူးကော့မင်းယွီက ပြုံးကာ ပြောလိုက်သည်။

ရီဖူရှင်းသည် ပြောစရာစကား ကင်းမဲ့သွားရ၏။ သူ၏ ဒုတိယအစ်မသည် ယခုထိတိုင် အရှုံးမပေးဘဲ ချိုးချိုးဖဲ့ဖဲ့ ပြောတတ်နေဆဲ ဖြစ်သည်။

“ဒုတိယအစ်မ၊ တကယ်ပဲ ကျွန်တော်က ဂရုစိုက်ပေးတာကို လိုအပ်နေသေးတယ်လို့ ထင်နေတာလား” ရီဖူရှင်းက ပခုံးတွန့်ရင်း ပြောလိုက်သည်။

“ဒါပေါ့ ဟုတ်တယ်လေ” ကျူးကော့မင်းယွီသည် ရီဖူရှင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “ဒီနေရာမှာ လူတွေ အများကြီး ဘာလို့ ရောက်နေတယ်လို့ ထင်လဲ။ သူတို့ထဲက ဘယ်သူကများ မောင်ငယ်လေးကို ဂရုမစိုက်တဲ့လူ ရှိလဲ”

ရီဖူရှင်းသည် တဖန် ဆွံ့အသွားရပြန်ကာ ဘေးဘက်မှ လူများကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ “ထိရှသွားပြီ၊ အစ်မ၂ရေ”

“ကြားရတာ နားဝင်ချိုသားပဲ။ ဂျီယူသာ အသက်ရှင်နေသေးရင် ငါနဲ့ တွေ့ဖို့ ကျိန်းသေ ပြန်ခေါ်လာရမယ်နော်” ကျူးကော့မင်းယွီက တည်ငြိမ်သည့် အမူအရာဖြင့် ပြောလိုက်သည်။ သူမနှင့် ဟွာဂျီယူသည် အမှန်တကယ် သွေးရင်းညီအစ်မများနှင့် တူပေသည်။ သူမသည် ဂျီယူကို နယ်မြေတစ်ရာ ဒေသမှ ရွေးချယ်ခဲ့ပြီး ထိုမိန်းမငယ်လေးကို ကျူးကော့ကလန်တွင် ကျင့်ကြံ စေခဲ့သည်။ ကျူးကော့မင်းယွီသည် နတ်သမီးလေးလို နူးညံ့လှပသော်လည်း အစွမ်းထက်လှသည့် မိန်းကလေးကို အမှန်တကယ် ထပ်၍ မြင်တွေ့လိုပေသည်။

ရီဖူရှင်းသည် သူ့ ဒုတိယအစ်မ၏ စကားကို ကြားသည့်အခါ ဝမ်းနည်းမှုကို ခံစားလိုက်ရသော်လည်း တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် လှည့်ကာ လျှောက်ရင်း ပြောလိုက်သည်။ “သွားကြမယ်”

သူတို့ အားလုံးသည် ချစ်ခင်ရသူများကို နှုတ်ဆက်ပြီးနောက် ခရီးစဉ်ကို စတင် ခဲ့ကြပေသည်။

ထိုခရီးစဉ်သည် အမှန်တကယ် စူးစမ်းလေ့လာမည့် ခရီးဖြစ်သည်။ သူတို့ ရှိနေသည့် နေရာနှင့် သွားရောက်မည့် နေရာကြားမှ အကွာအဝေးသည် အင်ပါယာရှားဘုံမှ သွေးနဂါးဘုံသို့ သွားရောက်သည့် အကွာအဝေးထက် အများကြီး ပိုဝေးပေသည်။

သူတို့ ဦးတည်သွားနေသည့် အထက်တော်ဝင်ဘုံသည် အစွမ်းထက် တန်ခိုးရှင်များ အများအပြား ရှိနေသည့် နေရာဖြစ်ပြီး ထိုနေရာသည် သုံးထောင်သော ဘုံတို့၏ အထွတ်အထိပ်တွင် တည်ရှိနေသည့် နေရာဖြစ်သည်။

ထိုသည်မှာ အမှန်ပင် ရီဖူရှင်းနှင့် သက်ဆိုင်သည့် နေရာ ဖြစ်လာပေလိမ့်မည်။

သူသည် မဟာလမ်းစဉ် သုံးထောင်သော ဘုံများမှ အထူးချွန်ဆုံးသော ပါရမီရှင် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရလိမ့်မည်။

သူသည် ထိုနေရာတွင် သူ၏ စစ်မှန်သော ပြိုင်ဘက်ကို ရှာဖွေ တွေ့ရှိလိမ့်မည်။

ထို့အပြင် သူသည် ထိုနေရာ၌ မိတ်ဆွေများလည်း ရရှိနိုင်ပေသည်။

ရီဖူရှင်းနှင့် အခြားလူများ ရောက်သည့်အခါ လူအများက တော်ဝင်နန်းတော်သို့ ရောက်ရှိ နေကြပြီး ဖြစ်ကာ ဘုံ၏ နေရာအသီးသီးမှ အစွမ်းထက် ပုဂ္ဂိုလ်များ ပါဝင်သည်။

ရီဖူရှင်းသည် သူ ရင်းနှီးနေသော မျက်နှာအများအပြားကို မြင်တွေ့ရပေသည်။ ဖေမင်၊ သွမ့်ဝူကျီ၊ ရင်ထျန်းကျောက်၊ ကျန်းထိုက်အယ်နှင့် အခြားသော ထင်ရှားကျော်ကြားသည့် သူများ ပါဝင်သည်။ သူတို့သည်လည်း ထိုခရီးကို သွားကြမည်ဖြစ်ကာ သူတို့နှင့်အတူ များပြားလှသော တန်ခိုးရှင်များကို ခေါ်ဆောင် လာကြသည်။

ချီရှန်းနှင့် ယွီရှီးဖေးသည်လည်း ထိုနေရာတွင် ရှိနေသည်။ သူတို့သည် အတူ ရပ်နေရုံမျှဖြင့် ကောင်းကင် နတ်ဖက်စုံတွဲကဲ့သို့ ထင်မှတ်ရသည်မှာ သူတို့ အချင်းချင်းကြား၌ အလွန်များပြားသော အချစ်တို့ဖြင့် ထုံမွှမ်းထားခြင်းကြောင့် ဖြစ်နိုင်ပေသည်။

သွေးနဂါး အင်ပါယာသည်လည်း သူ့လူများကို စေလွှတ်ခဲ့သည်။ သို့ပေမဲ့ သူတို့သည် လက်တစ်ဆုပ်စာမျှပင် ရှိပြီး အားလုံးသည် ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။

“နှုတ်ဆက်ပါတယ် စီနီယာ၊ ကျွန်တော်က ချီရှန်း ပါ” ရီဖူရှင်း၏ ဘေးမှ ချင်ရွှမ်ကန်းကို မြင်သည့်အခါ သူက ခေါင်းညိတ်ရင်း နှုတ်ဆက်လိုက်သည်။ နဝမအစေခံကိုပင် သတ်ဖြတ်နိုင်သည့် ချင်ရွှမ်ကန်းကဲ့သို့သော လူမျိုးသည် တော်ဝင်နန်းတော်မှာပင် ရှာတွေ့ရန် ခဲယဉ်းလှပေသည်။

“အရှင်မင်းသား ယဉ်ကျေးလွန်းနေပါပြီ” ချင်ရွှမ်ကန်းက ပြန်ပြောလိုက်သည်။

“ဒေသနန်းတော်မှာ စီနီယာက ဒေသဘုရင် အဆင့်သတ်မှတ်ချက်မှာ ဝင်နေခဲ့ပါပြီ။ ကြည့်ရတာ ကျွန်တော်တို့ သွေးနဂါးဘုံမှာ ရန်ဟောင်တစ်ပါး ပေါ်ထွက်လာတာ မြင်ရတော့မယ် ထင်ပါတယ်” ချီရှန်းက ပြုံးကာ ပြောလိုက်သည်။

သူတို့ စကားပြောနေစဉ်တွင် သူတို့ အနီးရှိလူများမှာ အသင့်ပြင်ရင်း အလုပ်ရှုပ် နေကြပေသည်။

အလွန်ကြီးမားသည့် မဟာဝင်္ကပါက တဖြည်းဖြည်း မြင့်တက်လာသည်။ မရေတွက်နိုင်သည့် ပုံရိပ်များက တောက်ပလာပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုမဟာ ဝင်္ကပါကြီးတွင် များပြားလှသည့် ကျောက်တိုင်များ ရှိနေပြီး အောက်ဘက်တွင် ရစ်ခွေထားသည့် ပုံရိပ်များက ပ်ု၍ တောက်ပလာခဲ့ပေသည်။ အလင်းတန်းသည် ကောင်းကင်သို့ ရိုက်ခတ်သွားကာ မဟာဝင်္ကပါ၏ အလယ်တွင် မဟာလမ်းစဉ်၏ လေဟာနယ် အက်ကြောင်း ဖြစ်ပေါ်လာသည်။

“အားလုံးပဲ သွားကြရအောင်” ချီရှန်းက ပြောလိုက်ပြီးနောက် လူတိုင်းကို မဟာဝင်္ကပါဆီသို့ ဦးဆောင် ခေါ်သွားခဲ့ပေသည်။

တောက်ပသည့် အလင်းတန်းများက ကြောက်မက်ဖွယ် တိုးမြင့်လာပြီး သူတို့၏ အနီးဝန်းကျင်ကို ဝါးမျိုသွားကာ အလွန် ကြီးမား သန်မာသည့် မဟာလမ်းစဉ် လေဟာနယ် စွမ်းအားများက ကျယ်ပြောလှသည့် တော်ဝင်နန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထိုမဟာဝင်္ကပါသည် လေဟာနယ် စွမ်းအားများကို အရူးအမူး ဝါးမျိုနေပြီး သူ၏ ပတ်ဝန်းကျင် တစ်ခွင်လုံးကို သက်ရောက်စေသည့် စွမ်းအားကို တော်ဝင်နန်းတော် အပြင်ဘက်ထိ ရောက်စေရန် တိုးချဲ့နေသည်။

သူတို့ အနီးရှိ လောကသည် တုန်ခါနေပြီး အလင်းတန်းများက မြင့်တက်လာကာ မယုံနိုင်ဖွယ် ကျယ်ပြန့်သည့် နေရာတစ်ခုလုံးရှိ လူများသည် ပြင်းထန်သည့် ထိတ်လန့်တုန်လှုပ်မှုကို ခံစားခဲ့ရသည်။ လူတိုင်းသည် ကောင်းကင်သို့ ထိုးတက်သွားသော လေဟာနယ် အလင်းတန်းကို မြင်တွေ့ ခဲ့ကြပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset