Switch Mode

အပိုင်း(၁၃၂၉)

ကောင်းကင်အာဏာစက်ဘုံ

ကောင်းကင်ပြက္ခဒိန် ၁၀၀၂၈ခုနစ်၏ ပထမဆုံးနေ့တွင် သွေးနဂါးဘုံ၏ တော်ဝင်နန်းတော်၌ အလွန်တရာ ကြီးကျယ်ခန်းနားသော မင်္ဂလာပွဲအား ဆင်ယင် ကျင်းပခဲ့သည်။ နာမည်ကျော်ကြား သူများ အားလုံး ရောက်လာခဲ့ကြ၏။

ရီဖူရှင်းနှင့် တခြားလူများ အားလုံးသည် စင်အောက်တွင် ငြိမ်သက်စွာ ကြည့်နေကြကာ နောက်ဆုံးတွင် ချီရှမ်းနှင့် ယွီရှီးဖေးတို့သည် မိုးနှင့်မြေတို့အား သက်သေ တိုင်တည်၍ မင်္ဂလာဆောင်နှင်းခြင်း အမှုကို ပြီးစီးခြင်းသို့ ရောက်၏။

လက်ချင်းတွဲကာ သူတို့သည် အိုမင်းသည်အထိ အတူတူ နေထိုင်ကြတော့မည် ဖြစ်သည်။

သို့သော်လည်း သူတို့ နှစ်ယောက်အတွက် အိုမင်းရန်မှာ သိပ်မလွယ်ကူပေ။

“ဒီနေ့ တစ်လောကလုံးက ချီရှန်းနဲ့ ရှီးဖေးတို့ရဲ့ လက်ထပ်ပွဲကို တက်ရောက်ခဲ့ကြတယ်။ ကျုပ်တို့က တက်ရောက် လာသူ အားလုံးကို ဂုဏ်ယူစွာဖြင့် ကြိုဆိုပါရစေ”

သွေးနဂါးအင်ပါယာက ပြောသည်။ သူ၏အသံသည် နန်းတော် တစ်ခုလုံးအား ဟိန်းနေသည်။

လေထဲတွင် ရောင်စဉ်ရောင်ဝါများနှင့် အတူ နတ်ဘုရား သစ်ပင်တစ်ပင် ပေါ်လာခဲ့၏။ သစ်ပင်က များပေါ်တွင် အနီရဲရဲ သစ်သီးများ ရှိနေသည်။

“ဒီသစ်သီးက ဖူဆွန်ကန်းယွင်သစ်ပင်က လာတာဖြစ်ပြီးတော့ နှစ်တစ်ထောင်ကျော် စုစည်းထားတဲ့ မဟာလမ်းစဉ် မီးတောက် အဆီအနှစ်တွေပါတယ်။ သစ်သီးက ဘယ်သူ့ဆီကိုပဲ ကျပါစေ သူ့ဆီက ဘယ်သူမှ လုယူခွင့်မရှိဘူး” အင်ပါယာဘေးမှ ဧကရီက ပြောသည်။ သစ်ပင်သည် ကောင်းကင်ကို ဖုံးအုပ်ထားကာ လှုပ်ယမ်းလျှင် သစ်သီးသည် အောက်မှ လူများထံသို့ ကျဆင်းလာခဲ့၏။

အားလုံးက သစ်သီးအား လှမ်းကြည့်ကြသည်။ သစ်သီးအား စားသုံးခြင်းသည် မဟာလမ်းစဉ် မီးတောက်ကို ဝါးမျိုခြင်းနှင့် တူညီပေသည်။ သို့သော်လည်း ဧကရီက မည်သူမှ လုယက်ခွင့် မရှိဟု ပြောထားရာ မည်သူမှ မလုပ်ရဲကြပေ။

ရီဖူရှင်းတို့ကလည်း သစ်သီး ကျဆင်းလာသည်ကို ကြည့်နေကြသည်။ သစ်သီးက သူ့ထံသို့ ကျဆင်းလာသည်ကို မြင်လျှင် ရီဖူရှင်းကလည်း အလိုက်သင့် ဖမ်းယူလိုက်၏။

ထို့နောက် သစ်သီး တစ်စသည်လည်း နှင်းဖြူရောင် လက်ကလေးထံသို့ ကျဆင်း လာခဲ့သည်။

ရီဖူရှင်းက ရှားရှင်းယွန်ကို ကြည့်ကာ ပြောသည် “ကြည့်ရတာ မင်းသမီးလည်း တော်တော် ကံကောင်းတာပဲ”

သူမက သူ့အား ကြည့်ကာ ပြုံးသည်။ ထိုအခိုက်တွင် သူမသည် အလွန် လှပသည်ဟု ရီဖူရှင်းက တွေးမိ၏။ သူမကား ရှားရှားပါးပါး ပြုံးခဲ့ပေသည်။ သူမက မည်သို့သော ပျော်စရာ ကိစ္စအား တွေးတော နေသည်ကို ရီဖူရှင်း မသိပေ။

သစ်သီးစကို ရရှိသူများအားလုံးသည် ပျော်ရွှင်ကြ၏။

ထို့နောက် ဧည့်ခံပွဲ စတင်သည်။ များစွာသော အစေခံများက လူအုပ်ထဲတွင် စားဖွယ် သောက်ရာများဖြင့် ဧည့်ခံကြ၏။

အင်အားစု များစွာကလည်း လက်ဆောင်ပဏာများ ဆက်သကြသည်။ ရီဖူရှင်းတို့ကလည်း ချန်ယဲ့မြို့ နာမည်ဖြင့် လက်ဆောင် ပေးကြသည်။ သူတို့၏လက်ဆောင်က ချီရှန်းအတွက် သိပ်တန်ဖိုး မရှိသော်လည်း သူတို့၏ စိတ်ရင်း စေတနာများ ပါဝင်ပေသည်။

လက်ဆောင်က အရေးမကြီးပေ။ သို့သော်လည်း သည်နေရာသို့ ရောက်လာသူများ အားလုံးမှာ နာမည် ကျော်ကြားသူများဖြစ်ရာ မည်သူမှ တန်ဖိုးနည်းသော လက်ဆောင်ကို ပေးမည်မဟုတ်ပေ။

“နေဦး… တစ်ခုကျန်သေးတယ်” ချီရှန်းက ရုတ်တရက် ပြောသည်။ အားလုံးက အံ့အားသင့်စွာဖြင့် အခမ်းအနားစင်မြင့်ကို ကြည့်ကြသည်။ ချီရှန်းက သူ၏ မင်္ဂလာဝတ်စုံအား ချွတ်လိုက်ပြီး သူ့မျက်နှာပေါ်၌ လွတ်လပ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

လူအုပ်ကြီးတစ်ခုလုံး အံ့အားသင့် သွားကြသည်။ သူတို့အားလုံး စိတ်လှုပ်ရှား သွားကြ၏။

သည်အရာကား သွေးနဂါးဘုံ၏ ရိုးရာ အစဉ်အလာ တစ်ခုဖြစ်ကာ သတို့သားက သူတို့၏ မင်္ဂလာဝတ်စုံအား မင်္ဂလာပွဲသို့ တက်ရောက် လာသူများထဲမှ တစ်ဦးကို ရွေးချယ်ကာ ပေးခြင်း ဖြစ်ပေသည်။ ပုံမှန်အားဖြင့် သတို့သားသည် သူ၏ဆွေမျိုးနှင့် ညီအစ်ကိုမိတ်ဆွေများထဲမှ တစ်ဦးကို ပေးလေ့ရှိသည်။

သိသာစွာပင် ချီရှန်းက ထိုသို့ပေးရန် ရည်ရွယ်သည်။

သို့သော်၊ သူက မည်သူ့ကို ပေးရန် ရည်ရွယ်သနည်း။

သွေးနဂါးအင်ပါယာနှင့် ဧကရီတို့သည်ပင် အံ့အားသင့်ရပေသည်။ သူတို့ကလည်း ချီရှန်း ထိုသို့လုပ်မည်ဟု မထင်ထားခဲ့ကြပေ။ ယနေ့တွင် သတို့သားက ထိုကိစ္စများအား သူ့ဘာသာ ဆုံးဖြတ် နိုင်ပေသည်။

ချီရှန်းနှင့် ယွီရှီးဖေးတို့သည် စင်မြင့်ထက်မှ နေ၍ လူအုပ်ထဲသို့ ဆင်းလာကြသည်။ အားလုံး၏ မျက်လုံးများက သူတို့ထံသို့ ရောက်လာသည်။

ကြည့်ရသည်မှာ ချီရှန်းက သူ၏ညီအစ်ကိုများအား ပေးလိုခြင်းရှိဟန်မရပေ။

သို့ဆိုလျှင် သူက သွေးနဂါးဘုံ၏ပါရမီရှင်တစ်ဦးဦးကို ပေးမည်လော။

မည်သူဖြစ်မည်နည်း။

သူတို့အားလုံးက ကြည့်နေစဉ်မှာပင် ချီရှမ်းက လူငယ်တစ်ယောက် ရှေ့တွင် ရပ်လိုက်သည်။

ငွေရောင် ဆံပင်ဖြင့် လူငယ်ကား လူအများကြားတွင် ရပ်နေလျှင်ပင် အမြဲတမ်းအားဖြင့် ထင်ပေါ်နေဆဲ ဖြစ်သည်။ သူ၏ချောမောသော ရုပ်ရည်သွင်ပြင်က မင်းသားချီရှန်းထက် မလျော့ပေ။

သည်သူရဲကောင်းလေးကား သွေးနဂါးဘုံတွင် အမြင့်ဆုံးပါရမီကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ချီရှန်းက သူ၏ မင်္ဂလာဝတ်စုံအား သူ့ကို ပေးမည် ကြံရွယ်နေသည်လား။

အမှန်ပင် ချီရှန်းက သူ၏ဝတ်စုံအား ရီဖူရှင်း၏ကိုယ်ပေါ်တွင် ခြုံပေးလိုက်သည်။

သူက ပြုံးလျှက်ပြောသည် “တစ်နေ့ ချန်ယဲ့မြို့ တိုးတက်အောင်မြင်လာမှာကို ကျုပ်မြင်တွေ့ ရမယ်လို့ မျှော်လင့်တယ်”

ယွီရှီးဖေးကလည်း ပြုံးလျှက် သူမ၏ မင်္ဂလာဝတ်စုံအား ရှားရှင်းယွန် ကိုယ်ပေါ်တွင် ခြုံပေးသည်။

ရှားရှင်းယွန်က မည်သို့မှ မတုံ့ပြန်ဘဲ ထိုနေရာတွင်ပင် မှင်တက်စွာ ရပ်နေသည်။ ချီရှန်းနှင့် ယွီရှီးဖေးတို့သည် လွတ်လပ်ပေါ့ပါးစွာဖြင့် လှည့်ပြန်သွားကြ၏။

“ကံကောင်းပါစေ” ယွီရှီးဖေး၏အသံက သူမ၏နားထဲကို ဝင်ရောက်လာခဲ့သည်။ ရှားရှင်းယွန်က သူမ၏ နောက်ကျောအား ကြည့်သည်။ သူမက ဘာကို ဆိုလိုသည်ကို ရှားရှင်းယွန် နားမလည်ပေ။

မက်မုံပွဲတော်တွင် ရှားရှင်းယွန်သည် တစ်စုံတစ်ယောက်အား တိတ်တခိုး ချစ်နေသည်ကို ချီရှန်းနှင့် ယွီရှီးဖေးတို့ တွေ့ရှိခဲ့ကြသည်။ ထို့နောက်တွင် ရီဖူရှင်းနှင့် သူမတို့အကြား ပတ်သက်မှုက မည်သို့ဖြစ်သည်ကို နားလည်ခဲ့ကြ၏။

ငွေရောင် ဆံပင်လူငယ်နှင့် အင်ပါယာရှား မင်းသမီးတို့ အကြားတွင် ကောင်းမွန်သော ပုံပြင်တစ်ပုဒ် ရှိနေပေလိမ့်မည်။

ဒေသနန်းတော်မှ လူအချို့ပင် အံ့အားသင့်ကြသည်။ ဖေမင်နှင့် သွမ့်ဝူကျိတို့က ပြုံးကြ၏။ ၎င်းကပင် ချီရှန်း၏ သဘာဝ ဖြစ်ပေသည်။ သူကား အမြဲတမ်းအားဖြင့် လွတ်လပ်ပေါ့ပါးစွာ နေတတ်သူဖြစ်ကာ သူ့တွင် သည်ကဲ့သို့ လုပ်ဆောင်ခြင်း အတွက် ထူးခြားသော သဘောရှိမည် မဟုတ်ဘဲ သူ့စိတ်မှ ဖြစ်လာသည့် အတိုင်းသာ ပြုမူ တတ်ပေသည်။

သို့သော်လည်း ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့က မင်္ဂလာမောင်နှံ၏ ကောင်းချီးပေးမှုကို ရရှိရာ အားလုံးက စိတ်ဝင်စားစွာ ဝိုင်းကြည့်ခြင်း ခံရပေသည်။

“ကျေးဇူးတင်ပါတယ် အရှင့်သား” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

ဘေးမှ ရှားရှင်းယွန်ကား တချိန်လုံး တိတ်ဆိတ်နေ၏။

လော့ကလန်မှ တန်ခိုးရှင်များ၊ ကျန်းကလန်နှင့် တခြားလူများအားလုံးက ရီဖူရှင်းကို ကြည့်ကြသည်။ ချန်ယဲ့မြို့မှ သည်မြို့စားကား သူ၏ပြိုင်ဘက်များ အားလုံးကို အပြတ်အသတ် အနိုင်ယူကာ သွေးနဂါးဘုံတွင် လျှမ်းလျှမ်းတောက် ကျော်ကြားနေခဲ့သည်။

ယခု ချီရှန်းကား သေချာပေါက် သူ့အား စောင့်ကြည့်နေခဲ့ပြီဖြစ်သည်။

သူတို့မသိသည်ကား မက်မုံပွဲတော်၊ သိုင်းပညာ လျှောက်လမ်းတွင် ချီရှန်းနှင့် နန်းတော်မှ လူများသည် မည်သည့် တန်ခိုးရှင်က အတော်ဆုံးဖြစ်သည်ကို တွေ့မြင်ခဲ့ကြပြီးဖြစ်သည်။

ဧည့်ခံပွဲကြောင့်ပင် ထိုနေရာက ပိုမိုလှုပ်ရှား သက်ဝင်လာခဲ့ကြကာ မိတ်ဆွေဟောင်းများကလည်း အချင်းချင်း စကားစမြည် ပြောဆိုကြသည်။

ဒေသနန်းတော်မှ လူများထံသို့ လူတစ်ယောက် လျှောက်လာသည်။ သူကား ကျန်းထိုက်အယ် ဖြစ်သည်။ သူက ရီဖူရှင်းနှင့် ဖေမင်ကို ကြည့်ကာ ခွက်ကို မြှောက်လျက် ပြောသည် “ခင်ဗျားက မိမိကိုယ်ကို သိမြင်နားလည်ခြင်း အဆင့်ကို ရောက်သွားပြီလို့ ကြားတယ်။ ဒေသနန်းတော်မှာ ခင်ဗျားက ပြိုင်ဘက် မတွေ့တော့ဘူးဆို”

“ဒေသနန်းတော်မှာ ပါရမီရှင်တွေ အများကြီးပဲ။ ငါက ပြိုင်ဘက်ကင်းတယ်လို့ မပြောရဲပါဘူး” ရီဖူရှင်းက နှိမ့်ချစွာ ပြောသည်။

ကျန်းထိုက်အယ်က ဖေမင်ကို ကြည့်သည်။ ရီဖူရှင်းက သူ၏ ပြိုင်ဘက်များ အားလုံးကို ရိုက်နှက်ခဲ့ပြီး ဖြစ်ကြောင်း သူကြားထားသည်။

“ခင်ဗျားက အရမ်းနှိမ့်ချတာပဲ အရှင်ရီ။ တကယ်လို့ အခွင့်အရေးရရင် ကျုပ်က ချန်ယဲ့မြို့ကို လာပြီး လက်ရည် စမ်းချင်ပါတယ်” ကျန်းထိုက်အယ်က ယဉ်ကျေးစွာ ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ သဘောတူသည် “သေချာတာပေါ့” ကျန်းထိုက်အယ် နောက်လှည့် ထွက်ခွာသွားသည်။

လော့ယန်ကလည်း ရီဖူရှင်းအား ကြည့်နေသည်။ သူကလည်း ရီဖူရှင်းနှင့် လက်ရည်စမ်းလို၏။ သူက ရီဖူရှင်းကို မနာလို၍ မဟုတ်ဘဲ ရီဖူရှင်း လိုသန်မာသောလူနှင့် တစ်ကြိမ် တစ်ခါမျှ စမ်းကြည့်လိုခြင်းသာ ဖြစ်သည်။

အကြီးအကဲများအား ဦးညွတ်နှုတ်ဆက်ပြီး ချီရှန်းက လူငယ်များထံသို့ လျှောက်လာကာ ပြောသည် “အားလုံးက ကိုယ့်ရဲ့လက်ရည်ကို စမ်းကြည့်ချင်နေကြပြီထင်တယ်” သူတို့အုပ်စုက မက်မုံပွဲတော်ကို ပါဝင် ဆင်နွှဲခဲ့ကြသည်။ ယခု အားလုံး အတူဆုံနေကြရာ ထိုအခွင့်အရေးအတွက် လက်လွတ်ခံလိုကြဟန်မတူ။

“ကျုပ်တို့ကို အပြစ်မတင်ပါနဲ့ အရှင့်သား” ကျန်းထိုက်အယ်က ပြောသည်။

“သေချာတာပေါ့။ ကျုပ်နားလည်ပါတယ်။ ဒေသနန်းတော်ရဲ့ အဆင့်ဇယားဝင် တစ်ယောက်ဟာ သွေးနဂါးဘုံမှာ ပြိုင်ဘက် သိပ်များများစားစား ရှိတာမှ မဟုတ်တာ။ ဒါကြောင့် ပြိုင်ဘက်တွေကောင်းနဲ့ တွေ့တဲ့အချိန် လူတိုင်းက လက်ရည် စမ်းချင်ကြမှာပဲ” ချီရှန်းက ပြုံးလျက် ပြောသည်။ အမှန်တကယ်တွင်လည်း သူသည် ရှန့်ထို ဖြစ်လာပြီးနောက်ပိုင်း သွေးနဂါးဘုံသည် အနည်းငယ်ပျင်းစရာ ကောင်းလာသည်ဟု တွေးတောမိသည်။

သူ့အဆင့်အတန်းကြောင့် သူ့ထက်သန်မာသူများက ရှီချန်းအား ယှဉ်ပြိုင် တိုက်ခိုက်ရဲခြင်း မရှိကြပေ။

“အရှင့်သားက ဘာကို ပြောချင်တာပါလဲ” လော့ယန်က ချီရှန်းတစ်စုံတစ်ခုကို ပြောလိုကြောင်း သတိထားမိသည်။

“အခမ်းအနားပြီးသွားရင် ကျုပ်တို့က ဒါကို စဉ်းစားကြတာပေါ့။ ကျုပ်နဲ့ ယွီရှီးဖေးတို့က ကောင်းကင် အာဏာစက်ဘုံသို့ သွားဖို့ စီစဉ်ထားတယ်” ချီရှန်းက ပြောသည်။ အားလုံးက ထိုစကားကို ကြားလျှင် စိတ်လှုပ်ရှား သွားကြသည်။

သိသာစွာပင် ချီရှန်းက လေ့ကျင့်လိုခဲ့သည်။

“ကောင်းကင်အာဏာစက်ဘုံ” အားလုံးက တီးတိုး ရေရွက်လိုက်ကြသည်။ ထိုနာမည်ကား ထူးလည်း ထူးဆန်းသလို ရင်းနှီးကျွမ်းဝင်မှုလည်း ရှိသည်။

ပုံမှန်အားဖြင့် ထိုနာမည်ကို သူတို့ ကြားဖူးပေသည်။ ၎င်းဘုံကား ဘုံသုံးထောင်၏ အမြင့်ဆုံး အဆင့်အတန်းရှိဘုံ တစ်ခုလည်း ဖြစ်ပေသည်။ သူတို့ မည်သို့ မသိဘဲ နေမည်နည်း။

ကောင်းကင် အာဏာစက်ဘုံကား ရာချီသော ရန်ဟောင်ဘုံများကို အုပ်ချုပ်သော ဘုံတစ်ခု ဖြစ်ပေသည်။

သွေးနဂါးဘုံသည်လည်း ကောင်းကင်အာဏာစက်ဘုံ လက်အောက်တွင် ရှိသည်။

ထိုနေရာကား ဘုံသုံးထောင်၏ နာမည်အကျော်ကြားဆုံး ပုဂ္ဂိုလ်များ ရှိသော နေရာလည်းဖြစ်သည်။

“ကောင်းကင် အာဏာစက်ဘုံ”

ရီဖူရှင်းက ချီရှန်းပြောသည်ကို ကြားလျှင် သူ့စိတ်က ပြင်းစွာ လှုပ်ရှားသည်။ သူက ကောင်းကင်ကို မော့ကြည့်၏။

အင်ပါယာရှားနှင့် ရှားရှင်းယွန်တို့ပြောသော ထိုပြိုင်စံရှား ဧကရီသည် ထိုနေရာတွင် ရှိပေသည်။

သူကား သည်နေ့သည်ရက်ကို ရှည်ကြာစွာ စောင့်ဆိုင်း နေခဲ့ရ၏။

သူက ယူချင်းအား ဒေသနန်းတော်သို့ ဝင်စေခြင်းမှာ သည်အချက်ကြောင့်ဖြစ်ပေသည်။

နောက်ဆုံးမှာ သူသည် ကောင်းကင်အာဏာစက်ဘုံဟူသော နာမည်အား ကြားသိရပြီ ဖြစ်သည်။

“အရှင်ရီ။ ခင်ဗျားက မြို့စားအနေနဲ့ပဲ ဆက်နေပြီး သွေးနဂါးစစ်တတ်မှာ ရာထူးတစ်ခုခု ယူမှာလား။ ကျုပ်တို့နဲ့ အတူ လိုက်မှာလား” ချီရှန်းက မေးသည်။ ရီဖူရှင်းသာ သွေးနဂါးစစ်တပ်ကို ဝင်ပါက အရေးပါသော နေရာအား သူပေးလိုပေသည်။

သို့သော်လည်း ရီဖူရှင်း၏ အနာဂတ်သည် သွေးနဂါးဘုံထက် မြင့်ကြောင်း သူသိပေသည်။

“ကျုပ် အရှင့်သားနဲ့ အတူလိုက်ပါမယ်” ရီဖူရှင်းက အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။ ရှားရှင်းယွန်ကလည်း ခေါင်းညိတ်၏။ သူမသည် အနည်းငယ် ဝမ်းနည်းနေဟန် ရသည်။

ထိုနေ့ကား မြန်ဆန်စွာ ရောက်လာခဲ့ပြီ ဖြစ်သည်။

အနှေးနှင့်အမြန် သူက အရာအားလုံးကို သိနားလည်  သွားပေလိမ့်မည်။ ဟွာဂျီယူ အသက်ရှင်လား၊ သေပြီလား သူသိပေလိမ့်မည်။

သူ့အား အမှန်ကို ရှာဖွေတွေ့ရှိရန် သူမက ကူညီရပေဦးမည်။

“အရမ်းကောင်းတယ်” ချီရှန်းက ခေါင်းညိတ်သည်။ သူက တခြားလူများကို ကြည့်ကာ မေးသည် “မင်းတို့ အားလုံးကရော။ ဒေသနန်းတော်က လူတွေက အထူးတလေ ပြောဖို့မလိုဘူး။ မင်းတို့ ဆန္ဒရှိရင် အဆင့်မြင့်ဘုံတွေကို ကျုပ်နဲ့အတူ လိုက်ပါနိုင်တယ်”

အားလုံး၏စိတ်နှလုံးများ တုန်ခါနေကြသည်။ အများအပြားက ခေါင်းညိတ်ကြ၏။

သည်ကဲ့သို့သော အခွင့်အရေးအား သူတို့ လက်လွှတ်မခံနိုင်ပေ။

သူတို့က ပိုမိုမြင့်မားသော နေရာများသို့သွားလိုကြသည်။ ဤကပင် သူရဲကောင်းတို့၏ အိပ်မက်များ မဟုတ်ပါလား။

***

Comment

Leave a Reply

Options

not work with dark mode
Reset