အပိုင်း(၁၃၂၈)

လက်ထပ်ခြင်း

ချန်ယဲ့မြို့နှင့် ရှေးဟောင်း အင်ပါယာမြို့တို့၏ စစ်ပွဲကား ချန်ယဲ့မြို့က အလုံးစုံ အနိုင်ရခြင်းဖြင့် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ ရှေးဟောင်း အင်ပါယာမြို့၏ မြို့စားဖြစ်သော နဝမမြောက် အစေခံမှာလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

အင်ပါယာကျန်း၏ မျိုးဆက်များ ဖြစ်ကြသော ရှင်းခိုင်နှင့် ရှင်းချိုးတို့ ညီအစ်ကိုမှာလည်း ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံရကာ မျိုးဆက် ပြတ်တောက် သွားပြီဟု ဆိုနိုင်ပေသည်။

ထို့နောက်တွင် ရီဖူရှင်းက ပေ့လိမျိုးနွယ် ခေါင်းဆောင်အား မြို့စားအဖြစ် ခန့်အပ်လျက် မြို့ကို အပိုင်စားပေးခဲ့သည်။ ဝူယုံး၏မျိုးနွယ်အပြင် တခြားသော မျိုးနွယ်စုများကလည်း မြို့ကို ပြောင်းရွှေ့ကာ ဝင်ရောက် ထိန်းချုပ်ကြသည်။

သို့သော်လည်း ရှေးဟောင်း အင်ပါယာမြို့သည် ချန်ယဲ့မြို့၏ လက်အောက်တွင် ရှိသည်ကို လူတိုင်း သိကြ၏။

ထို့အပြင် ပေ့လိမျိုးနွယ်၏ အဆင့်အတန်းမှာလည်း လုံးဝ ပြောင်းလဲ သွားခဲ့သည်။

ဝူယုံးသည်ကား မူလက သူ့ကို ရီဖူရှင်းက မြို့စားအဖြစ် ခန့်အပ်လိုသော်လည်း သူက ရီဖူရှင်း၏ ဘေးတွင်သာ ဆက်လက်၍ ကျင့်ကြံလိုခဲ့ရာ မြို့စားနေရာကို လက်လွှတ်ခဲ့ပေသည်။

သိပ်မကြာခင် အင်ပါယာရှန်းဘုံက ကိုယ်စားလှယ်များအား စေလွှတ်ခဲ့၏။ သူတို့အား အင်ပါယာရှန်း ကိုယ်တိုင်က စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ သူတို့က များစွာသော လက်ဆောင် ပဏာများအား လာရောက် ဆက်သကာ ယနေ့မှစ၍ အင်ပါယာရှန်းဘုံက သွေးနံဂါးဘုံမှ ထွက်သွားတော့မည်ဟု ကတိပေးခဲ့သည်။ သူတို့က အနာဂတ်တွင်လည်း လက်စားခြေခြင်း ပြုလုပ်မည်မဟုတ်ဟု ကတိပေးကြသည်။ သူတို့က ရန်ငြိုးများ အားလုံးကို သင်ပုန်းခြေလိုကြ၏။

အင်ပါယာ ရှန်း၏ သတ္တိအား လူတိုင်းက သက်ပြင်းချကြသည်။ သူတို့က ရီဖူရှင်းနှင့် ပဋိပက္ခတွင် များစွာ ဆုံးရှုံးနစ်နာ ခဲ့ကြရသော်လည်း ထိုရန်ငြိုးကို ဆက်လက် သယ်ဆောင် ထားပါက နောင်တွင် အခြေမလှ ဖြစ်မည်မှာ သေချာသလောက် ရှိသည်။ သွေးနဂါးဘုံတွင် ရီဖူရှင်း၏ အာဏာစက်မှာ ပြိုင်ဘက်ကင်းသည့် အခြေအနေ တစ်ခုသို့ ရောက်နေခဲ့ပြီ ဖြစ်ကာ သူ၏ အလားအလာမှာလည်း အလွန်ကောင်းမွန် နေသေးသည်။

ကိုယ်စားလှယ်တော်များမှ ရှန်းကျယ်နှင့် ရှန်းနန်တို့ ကိစ္စကိုလည်း ဆက်လက်၍ ရန်ငြိုးဖွဲ့မည် မဟုတ်ကြောင်း ကတိပြုခဲ့ကြပေသည်။ ထို့အပြင် ရှန်းကျယ်နှင့် ရှန်းနန် တို့ကိုလည်း ကြိုက်သည့် အချိန်တွင်သာ အင်ပါယာရှန်းဘုံသို့ ပြန်ပို့နိုင်ကြောင်း ပြောခဲ့ကြသည်။

ရီဖူရှင်းက ရန်ဟောင် တန်ခိုးရှင် တစ်ပါး၏ ကတိစကားကို ယုံကြည်ပေသည်။ မည်သို့ဆိုစေ သည်ကိစ္စက သေခြင်းရှင်ခြင်း အရေးမဟုတ်ပေ။

အင်ပါယာရှန်းဘုံမှ လူများ ထွက်ခွာ သွားပြီးနောက်တွင် ရှန်းမြို့၏ ကိစ္စရပ်များအား စီမံခန့်ခွဲရန် ကျန်နေသေးသည်။ ရီဖူရှင်းက ၎င်းကိစ္စအား သူ၏ဆရာနှင့် ဆွေးနွေးခဲ့သည်။ အဆုံးသတ်တွင် ချင်ရွှင်ကန်းနှင့် သူ့တပည့်များက ထိုမြို့သို့ သွားကာ မြို့ကို စီမံခန့်ခွဲခဲ့ကြ၏။ ရီဖူရှင်းက သူ၏ဆရာကို ရှန်းမြို့အား အုပ်ချုပ်စေခြင်းမှာ သူ၏ကိုယ်ပိုင်သီးသန့်နေရာတစ်ခု ရရှိစေလိုသောကြောင့်ဖြစ်ပေသည်။

သည်နည်းဖြင့် ချန်ယဲ့မြို့၊ ရှေးဟောင်း အင်ပါယာမြို့နှင့် ရှန်းမြို့တို့သည် သွေးနဂါးဘုံတွင် အင်အား အကြီးဆုံး မြို့သုံးမြို့ ဖြစ်လာခဲ့ပေသည်။

အရာအားလုံး နေသားတကျ ဖြစ်သွားပြီးနောက်တွင် ရီဖူရှင်းသည် ဒေသနန်းတော်သို့ ဝင်ကာ တံခါးပိတ် ကျင့်ကြံခဲ့သည်။

ယခု သူသည် မိမိကိုယ်ကို သိမြင်နားလည်ခြင်း အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူ၏ နောက်တစ်ဆင့်မှာ သံသယ ကင်းစင်ခြင်း အဆင့် ဖြစ်သည်။

သူ၏စိတ်အတွင်းမှ အတားအဆီးများစွာကို ချိုးဖျက်ပြီး ဖြစ်သော်လည်း ၎င်းတို့မှာ သူ့ဘေးနားမှ လူများ၏ အကူအညီကြောင့် ဖြစ်သည်ကို နားလည်၏။

ယခု သွေးနဂါးဘုံကား လုံးဝ တည်ငြိမ်သွားပြီ ဖြစ်သည်။

သူက ရန်ဟောင်အဆင့် တစ်ဦးတစ်ယောက်ကို ရန်မပြုသရွေ့ သူ့အား ထိခိုက်စေနိုင်သူ မရှိတော့ပေ။

***

ရက်များ ကုန်ဆုံးသွာခဲ့ကာ ကောင်းကင် ပြက္ခဒိန်၏ ၁၀၀၂၇ခုနစ်သည် ကုန်ဆုံးခါနီး ဖြစ်လာခဲ့၏။ သွေးနဂါးဘုံကို သတင်းတစ်ခု အံ့အားသင့်ဖွယ် ရောက်လာခဲ့ကာ ကံကောင်းသည်ကား ထိုသတင်းသည် သတင်းကောင်း ဖြစ်၏။

သွေးနဂါးဘုံ၏ မင်းသား ချီရှန်းသည် ယွီကလန်မှ ယွီရှီးဖေးနှင့် တရားဝင် လက်ထပ်တော့မည် ဖြစ်သည်။ သွေးနဂါးဘုံ၏ သူရဲကောင်း လူငယ်စုံတွဲသည် ယခု ရွှေလက် တွဲကြတော့မည် ဖြစ်ရာ လူတိုင်းက ပျော်ရွှင်ကြ၏။ မရေမတွက်နိုင်သော မိန်းကလေးများသည် ယွီရှီးဖေးအား အားကျကြသည်။

သူမသည် သွေးနဂါးဘုံ၏ အမြင့်ဆုံး အဆင့်အတန်းပိုင်ရှင်ကိုသာ လက်ထပ်ရခြင်း မဟုတ်ဘဲ သူမအား ချစ်ခင် မြတ်နိုးသူနှင့်လည်း အတူရှိနေနိုင်ခြင်း ဖြစ်ပေသည်။ ထို့အပြင် သူမကိုယ်တိုင်သည်လည်း အလွန်ပါရမီ မြင့်မားပေသည်။

နှစ်ကုန်ပိုင်းတွင် သွေးနဂါးဘုံမှ မရေမတွက်နိုင်သော လူများသည် သွေးနဂါးမြို့သို့ စတင် ထွက်ခွာကြ၏။ သူတို့က ထိုနတ်ဖက်သည့် စုံတွဲအား ကောင်းချီး ထောပနာ ပြုလိုကြသည်။ များစွာသော စွမ်းအားကြီး တန်ခိုးရှင်များက သူတို့၏ လက်ဆောင်ပဏာများအား ဆက်သကာ ဂုဏ်ပြုလိုကြ၏။

နှစ်ကုန်ခါနီး လေလေ သွေးနဂါးဘုံမှာ ပို၍ စည်ကား သိုက်မြိုက်လေ ဖြစ်သည်။

ဒေသနန်းတော်တွင် လေ့ကျင့်နေသော ရီဖူရှင်းနှင့် ယူချင်းတို့သည်လည်း မင်္ဂလာပွဲ ဖိတ်ကြားလွှာကို ရရှိသည်။ ဖိတ်ကြားလွှာအား ချီရှန်း၏နာမည်ဖြင့် ပေးပို့ခြင်းဖြစ်ကာ ရီဖူရှင်းတို့အား နန်းတော်သို့ တိုက်ရိုက် လာစေခဲ့သည်။ သွေးနဂါးဘုံတွင် ထိုသို့သော အခွင့်အရေးအား ရရှိသူ သိပ်မရှိပေ။ လူအများစုမှာ နန်းတော် အပြင်မှာသာ ကြည့်ရှု နိုင်ကြပေသည်။

ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၂၈ခုနစ်သည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ယနေ့ကား ချီရှန်း၏ လက်ထပ်ပွဲနေ့လည်း ဖြစ်၏။

နန်းတော်၏ အပြင်ဘက်တွင် လူအုပ်ကြီးမှာ ပင်လယ်တမျှ ကြီးမားများပြား လှပေသည်။ ရွှေနန်းတော် ရှေ့တွင် လေထဲ မြောလွင့်နေသော စင်မြင့်တစ်ခု ရှိဟန်ရသည်။ စင်မြင့်အား နဂါးနှင့် ဖီးနစ်တို့ဖြင့် ရစ်ပတ် ထားကာ ပျော်ရွှင်ဖွယ် ခံစားမှုများအား ပေးသည်။

သွေးနဂါးဘုံမှ လူတိုင်းအတွက် နန်းတော်မှ ပြုလုပ်ပေးထားသော ဧည့်ခံပွဲနေရာတွင် အမျိုးမျိုးသော လူများ ရှိနေပေသည်။ သူတို့က လှေကားထစ်များ ပေါ်တွင် လမ်းလျှောက်ကာ စင်မြင့်အား ကြည့်လျက် ပြုံးနေကြသည်။ သူတို့အားလုံး ပျော်ရွှင်နေကြ၏။

ရီဖူရှင်းကလည်း ယူချင်း၊ ရှားရှင်းယွန်၊ ဖေမင်၊ ရင်ထျန်းကျောက်တို့နှင့် အတူ ဒေသနန်းတော်မှ အတူ ရောက်လာခဲ့သည်။

သူတို့အားလုံးက ရန်ဟောင်ဘုံများကို ကိုယ်စားပြုကာ ဂုဏ်ပြုတက်ရောက်ကြ၏။

“ရီဖူရှင်း” အသံတစ်သံကို ကြားရသည်။ ရီဖူရှင်းက လှည့်ကြည့်လျှင် လူတစ်ယောက် သူ့ထံသို့ လျှောက်လာသည်ကို မြင်၏။

ထိုလူအား မြင်လျှင် ရီဖူရှင်းက ပြုံးသည်။ သူ့ထံသို့ လျှောက်လာသူမှာ အရှေ့ဘက်နန်းတော်မှ ဂုဏ်ပြု တက်ရောက်လာသော သွမ့်ဝူကျိဖြစ်သည်။ သူ့ဘေးတွင် မိန်းမလှ တစ်ဦးလည်း ပါလာကာ သူမကား သွမ့်ဝူကျိ၏ညီမဖြစ်ကာ အရှေ့ဘက် နန်းတော်၏ မင်းသမီးလည်းဖြစ်သည်။

“မတွေ့တာ ကြာပြီ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

“မတွေ့တာ တကယ်ပဲ ကြာခဲ့ပြီ။ ဒါပေမဲ့ မင်းနာမည်က ဒီနောက်ပိုင်းမှာ ပိုကျော်ကြားလာတာတော့ ကြားတယ်” သွမ့်ဝူကျိက ပြုံးလျှက်ပြောသည်။

“ငါမင်းကို မိတ်ဆက် ပေးဦးမယ်။ ဒါက ငါ့ညီမ လို့ယွီ။ သူမက မင်းအကြောင်း အမြဲမေးနေတာပဲ။”

“ညီမလေး… ဖူရှင်းကို မင်းတွေ့ရပြီ။ ဘယ်လိုနေလဲ” သွမ့်ဝူကျိက ရီဖူရှင်းအား ပြောရင်းက သူ့ညီမကို မေးသည်။

“…”

ရီဖူရှင်းက သွမ့်ဝူကျိအား ကြည့်ကာ ဆွံ့အသွား၏။

သူ့ဘေးမှ မိန်းကလေးသည်လည်း ရှက်ရွံ့သွားဟန်ရကာ သူမ၏ သွေးသွယ်သော လက်ဖြင့် သွမ့်ဝူကျိ၏ ပခုံးကို ထုရိုက်လိုက်သည်။

ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်ကာ နှုတ်ဆက်သည် “မင်းသမီး”

မင်းသမီးလို့ယွီက ပြုံးလျက် ဦးညွတ်သည်။

“သွားရအောင် … ပွဲစတော့မယ်” ရှားရှင်းယွန်က ဘေးမှ အေးစက်စွာ ပြောသည်။ သူမက ရှေ့ကိုသာ ကြည့်နေ၏။

“အတူသွားကြမယ်” ရီဖူရှင်းက သွမ့်ဝူကျိကို ကြည့်ကာ ပြုံးလျက် ပြောသည်။ သွမ့်ဝူကျိကလည်း ခေါင်းညိတ်၏။

သူတို့က ပွဲကြည့်စင်မြင့်၏ အောက်ခြေသို့ ရောက်လာခဲ့ကြသည်။ သည်နေရာအထိ ရောက်လာသူများ အားလုံးမှာ အဆင့်အတန်း မြင့်မားသူများချည်း ဖြစ်ကြသည်။ ရီဖူရှင်းက လုရန်နှင့် ကျန်းထိုက်အယ်တို့ ကဲ့သို့သော နာမည်ကျော်များ အားလည်း ထပ်တွေ့ရသည်။

သူတို့က ရီဖူရှင်း ရောက်လာသည်ကို မြင်ကြ၏။ ရီဖူရှင်းသည် မက်မုံပွဲတော်တွင် သူ၏ ပြိုင်ဘက်ကင်း ပါရမီကို ထုတ်ပြခဲ့၏။ သွေးနဂါးမြစ်ကမ်း တိုက်ပွဲတွင် ရှင်းခိုင်ကို အနိုင်ယူခဲ့သည်။

ယခု သူသည် မိမိကိုယ်ကို သိမြင်နားလည်ခြင်း အဆင့်သို့ ရောက်နေပြီဖြစ်ရာ သူမည်မျှ သန်မာ လာသည်ကို သိလိုကြ၏။

သို့သော်လည်း သည်အချိန်က တိုက်ခိုက်ရန် အချိန်အခါကောင်း မဟုတ်ပေ။

မကြာမီ သူတို့က အကြည့်အား လွှဲလိုက်ကြ၏။ သူတို့က အခန်းအနားစင်မြင့်ကို ပြန်ကြည့် လိုက်ကြသည်။

ကောင်းကင်ထက်မှ နေရောင်ခြည်များ လင်းလက်စွာဖြင့် ဖြာကျနေသည်။ ရွှေရောင် နတ်ငှက် တစ်ကောင်သည် နေရောင်ခြည်ထဲတွင် ပျံသန်းနေ၏။ ထိုငှက်ကြီးပေါ်တွင် ရပ်နေသူမှာ ချီရှန်း ဖြစ်ပေသည်။

တခြားတစ်ဘက်တွင် ရေခဲသလင်း ကျောက်၏ အရောင်ကဲ့သို့ ထူးဆန်းဖီးနစ် တစ်ကောင် ပေါ်လာသည်။ ထိုဖီးနစ်ငှက်ပေါ်တွင် လှပသော မိန်းကလေး တစ်ဦးရှိနေ၏။

ရွှေရောင်နတ်ငှက်နှင့် ရေခဲဖီးနစ်တို့သည် ကောင်းကင်ထက်တွင် ယှဉ်တွဲ၍ ဝဲပျံနေကြသည်။

ချီရှန်းအား နတ်ဘုရား မီးတောက်များ ရစ်ပတ်ထားကာ ယွီရှီးဖေးအားနှင့်ရေခဲတို့ ရစ်ပတ်ထား၏။ သူတို့က အခန်းအနား စင်မြင့်ပေါ်သို့ တက်လျှင် လောကကြီးသည်ပင် အရောင်မှိန် သွားဟန်ရပေသည်။

ယွီကလန်မှ လူများအားလုံး တောက်ပစွာ ပြုံးလိုက်ကြသည်။ သူတို့က ယနေ့ကို ကြာမြင့်စွာ စောင့်ဆိုင်း နေခဲ့ကြခြင်း ဖြစ်ပေသည်။

လူနှစ်ယောက် နန်းတော်မှ ဆင်းသက်လာလျှင် လင်းလက်ရောင်စဉ်များ ဖြာထွက်လာနေသည်။

သွေးနဂါးအင်ပါယာနှင့် ဧကရီတို့ ပေါ်လာကြသည်။ သူတို့ကား နတ်ဘုရားတို့၏ အကြီးအမှူးအလား ကြီးမားသော အရှိန်အဝါရှိကာ အဆုံးစွန်သော ကျက်သရေတော်ကို ဆောင်သည်။

“အရှင်မင်းကြီးနဲ့ဧကရီကို နှုတ်ဆက်ပါတယ်။ လက်ထပ်ပွဲကို ဂုဏ်ပြုပါတယ်” တစ်ယောက်က စတင် ဦးညွတ်သည်။ ထို့နောက်တွင် မရေမတွက်နိုင်သော လူများကလည်း သံပြိုင်အော်ကာ ဦးညွတ်ကြ၏။

“အရှင်မင်းကြီးနဲ့ဧကရီကို နှုတ်ဆက်ပါတယ်။ လက်ထပ်ပွဲကို ဂုဏ်ပြုပါတယ်”

ဂုဏ်ပြု ချီးကျူး ထောက်ပနာသံများသည် ကောင်းကင်ယံသို့တိုင် တက်၏။ မရေမတွက်နိုင်သော လူများသည် လက်ထပ်ပွဲ၏ အသိသက်သေများ ဖြစ်ကြသည်။

နန်းတော်မှ အမျိုးသမီးများ အားလုံးသည် ယွီရှီးဖေးအား အားကျစွာ ကြည့်ကြသည်။

“သူမက အရမ်းလှတာပဲ” ရှားရှင်းယွန်က တီးတိုးပြောသည်။ ထိုအခိုက်တွင် ယွီရှီးဖေးကား အမှန်တကယ် လှပ လွန်းပေသည်။ သူမ၏အလှကို ရှားရှင်းယွန်သည်ပင် မဟန်နိုင်ပဲ ချီးကျူးရသည်အထိပင်။

သည်အခိုက်အတန့်က သူမဘဝအတွက် အလှပဆုံး အချိန်အခါ ဖြစ်ပေလိမ့်မည်။

သူမ၏အပြုံးကား တစ်လောကလုံးကို အရည်ပျော်စေ လောက်အောင် နွေးထွေးပေသည်။ သူမ၏ အလှတရားက လူတိုင်း၏ နှလုံးအိမ်ထဲ ကမ္မည်းတွင်စေသည်။

လောကရှိ အမျိုးသမီးတိုင်းမှာ သည်ကဲ့သို့ လှပသော အခိုက်အတန့်အား အိပ်မက် မက်ဖူး ကြပေလိမ့်မည်။

သူမက သည်ကဲ့သို့ နေ့ရက်မျိုးအား ပိုင်ဆိုင်နိုင်ပါမည်လော။

***


Comment

Leave a Reply


Options

not work with dark mode
Reset