အပိုင်း(၁၃၂၆)

ဒဏ္ဍာရီ

ချင်းကျူမြို့သည် နယ်မြေ တစ်ရာဒေသအတွင်းရှိ နန်ဒူနိုင်ငံ၏ အရှေ့ပင်လယ်ဒေသတွင် တည်ရှိသည်။

ကျွန်းမြို့ဘေးဖြစ်သည့် အတွက် အမြဲတစေ အေးချမ်း တိတ်ဆိတ်နေပေသည်။ နန်ဒူနိုင်ငံ၏ အနေအထားသည် ယခင်နှင့် တူညီခြင်းမရှိတော့သော်လည်း လောက၏ အပြင်ဘက်တွင် တည်ရှိနေသကဲ့သို့ ထင်မှတ်ရကာ စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ် ကောင်းပေသည်။

ငြိမ်းချမ်းသော ကျွန်းမြို့လေးအတွင်း ချင်းကျူရေကန်သည် အမြဲပင် လှပသာယာနေဆဲ ဖြစ်သည်။ ကြည်နူးဖွယ် လှေလေးများက အဆုံးမဲ့ ရေကန်မျက်နှာပြင်ထက်တွင် ဖြတ်သန်းသွားလာနေပြီး အထူးသဖြင့် နေကျချိန်တွင် ပို၍ သက်ဝင် စည်ကားပေသည်။ ချင်းကျူမြို့ရှိ များပြားလှသော လူများက ဤနေရာတွင် စုစည်း နေကြပြီး လှပသော ရှုမြင်ကွင်းတွင် ကျေနပ်ပျော်ရွှင်နေကြ၏။

ရေကန်ဘေးရှိ အိမ်တော်ရှေ့တွင် ပုံရိပ်နှစ်ခုသည် စစ်တုရင် ကစားနေကြသည်။ သူတို့သည် အေးမြသည့် လေတဖြူးဖြူး အောက်တွင် သက်သောင့်သက်သာ ထိုင်နေကြ၏။ လူများသည် သူတို့ကို မသိမသာ ခိုးကြည့် နေကြသော်လည်း နှောင့်ယှက်ခြင်းမရှိပေ။ သူတို့သည် ထိုမြင်ကွင်းနှင့် အသားကျနေခဲ့ပြီ ဖြစ်သည်။

“အဖေ၊ ဒီမှာ နေရာမှားရွှေ့လိုက်ပြန်ပြီ။ ကြည့်ရတာ ဦးလေးဟွာနဲ့ ဆယ်နှစ်တောင် မဟုတ်ဘဲ ဘယ်တော့မှ ထိုက်တန်တဲ့ ပြိုင်ဘက်ဖြစ်လာမယ် မထင်ဘူး” သူတို့ ဘေးတွင် အသက်သုံးဆယ်ခန့်ရှိ လှပသော အမျိုးသမီးလေး တစ်ဦး ရှိနေသည်။ သူမ၏ အပြုံးသည် ရိုးရှင်းကာ တောက်ပနေပြီး နှစ်များသည် သူမ အပေါ်တွင် မည်သည့် အမှတ်အသားမှ ချန်ရစ်ခဲ့ပုံမရပေ။

“ဟားဟား၊ ငါက တကယ် အိုနေပြီပဲ။ တဖြည်းဖြည်းနဲ့ ပိုပြီး နမော်နမဲ့ နိုင်လာတယ်” ချင်ရွှီက ပြောလိုက်သည်။

“ငယ်တုန်းကရော နိုင်ခဲ့လို့လား” သူ့ ရှေ့မှ သက်လတ်ပိုင်း အမျိုးသားကြီးက အပြုံးနှင့် ပြောလိုက်သည်။ ထိုသူက ဟွာဖန်းလူ ဖြစ်သည်။ သူ့ကို ကြည့်ရသည်မှာ ဇရာအရိပ်အယောင်များ ထင်ဟပ်နေပြီ ဖြစ်သော်လည်း သူ ငယ်စဉ်က သူရဲကောင်း ဖြစ်ခဲ့မည်ဆိုခြင်းကို သူ့မျက်နှာထက်တွင် တွေ့ရှိနိုင်ပေသည်။

“မင်းက တကယ် ရက်စက်တာပဲ” ချင်ရွှီက ကျားစေ့ကို နေရာချလိုက်ရင်း အပြုံးနှင့် ပြောလိုက်သည်။ “ကစားပွဲက မပြီးသေးဘူးလေ”

“နှစ်တွေ ဒီလောက်ကြာပြီ။ ဦးလေးချင်က ခုထိ အသားမကျသေးဘူးလား” ရယ်သွမ်းသွေးသည့် အသံတစ်ခုက ပျံ့လွင့် လာသည်။ ချင်ရွှီသည် ဇဝေဇဝါနှင့် လှည့်ကြည့်လိုက်လျှင် ချင်းကျူရေကန်ကို ဖြတ်သန်းကာ လာနေသည့် လှေတစ်စင်းကို တွေ့လိုက်ရသည်။ အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ထိုလှေပေါ်တွင် ရှိနေသည်။ သူသည် ကမ်းပေါ်သို့ တက်လာပြီး သူတို့ဆီသို့ လျှောက်လာခဲ့သည်။

ထိုသူသည် တစ်ကိုယ်လုံး အဖြူရောင် ဝတ်ဆင်ထားပြီး သူ၏ ဆံပင်များက ငွေရောင်နှင်းများကဲသို့ ထင်မှတ်ရသည်။ သူသည် သူ့အနီးရှိ ဝန်းကျင်နှင့် တသားတည်း ဖြစ်နေသည်ဟု ထင်မှတ်ရသည်။ သူ၏ ပေါ်ပေါက်လာမှုသည် မည်သည့်မှ ပုံမှန်မဟုတ်သည့်အရာ မရှိသကဲ့သို့ ဖြစ်သည်။ သူသည် ရှုမြင်ကွင်း၏ အစိတ်အပိုင်း ဖြစ်နေပုံ ပေါ်သည်။

ချင်ရွှီသည် မတ်တတ်ရပ်လိုက်ပြီး ထွက်ပေါ်လာသည့် လူငယ်လေးအား အထိတ်တလန့် ကြည့်လိုက်သည်။ သူသည် ပို၍ ထူးချွန်ထက်မြက်သော လူ ဖြစ်နေခဲ့ပြီဖြစ်ကာ အခြားကမ္ဘာမှ သူတစ်ဦးကဲ့သို့ ထင်မှတ် ရပေသည်။

ဟွာဖန်းလူသည်လည်း သူ့ကို ကြည့်လိုက်သည်။ အရင်ဆုံး သူသည် မှင်တက်သွားသော်လည်း ထို့နောက်၌ ပြုံးလိုက်ပေသည်။ သူသည် စစ်တုရင်ခုံကို ပြန်ကြည့်၍ နောက်ထပ် ကျားစေ့တစ်ခုကို ရွှေ့လိုက်သည်။ “မင်း ဒီကနေ အဝေးကြီးမှာ ကျင့်ကြံနေတာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက် အဝေးကြီး လာခဲ့ရတာလဲ” သူက ရေရွတ်လိုက်သည်။

“ဆရာ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲ အိုလာမှာ ကြောက်လို့ပေါ့” ရီဖူရှင်းက သူ့ဘေးသို့ လျှောက်လာပြီး ဆောင့်ကြောင့် ထိုင်လိုက်သည်။ သူသည် စစ်တုရင်ခုံကို ကြည့်ကာ ပြောလိုက်၏။ “ဆယ်နှစ်တောင်ရှိပြီ။ ကျွန်တော့်ကို ပြန်မလာစေချင်လို့များလား”

သူ၏ ခရီးစဉ်က ဆယ်နှစ်ကုန်လွန်ခဲ့ပြီ ဖြစ်သည်။

“မလာစေချင်ဘူး” ဟွာဖန်းလူက ပြောလိုက်၏။

ခါးသီးသော အကြည့်တို့က ရီဖူရှင်း၏ မျက်နှာထက်တွင် ပေါ်ပေါက်လာသည်။ ဟွာဖန်းလူက တကယ့်ကို ခံစားချက် မဲ့လှသည်။

“ပြီးခဲ့တဲ့ရက်တွေကတောင် လူလိမ်လေးဖူရှင်း ထွက်သွားတာ ဆယ်နှစ်တောင် ကြာပြီ ဘယ်လိုများ နေနေလဲတို့ ဘယ်လောက် သားသမီးဝတ္တရား မကျေလိုက်သလဲတို့နဲ့ တစ်ယောက်ယောက် ပွစိပွစိ လုပ်နေသေးတယ် ထင်တာပဲ။ သူက ငါ့အစ်ကိုကိုတောင် အရှေ့မြေရိုင်းဒေသကို သွားပြီး ဘာသဲလွန်စရှိလဲ သွားရှာဖို့ ပြောနေသေးတယ်။ ဒီနေ့မှ ဘယ်လိုဖြစ်ရတာလဲ” ခွက်တစ်ခုကို ကိုင်ထားရင်း ပုံရိပ်တစ်ခုက လမ်းလျှောက်ကာ ထွက်လာသည်။ ယခင်က နန်ဒူနိုင်ငံ၏ ပြိုင်ဘက်ကင်း အလှရှင်သည် ယခုအခါတွင် အချိန်ကာလ၏ အမှတ်အသားများ ထင်ကျန်ရစ်နေပြီ ဖြစ်သည်။ သူမသည် လှပနေဆဲ ဖြစ်သော်လည်း အရေးအကြောင်းများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။

“ဆရာကတော်” ရီဖူရှင်းသည် သူမကို တွေ့သည့်အခါ သူသည် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူသည် တကယ့်ကို သားသမီး ဝတ္တရား မကျေပွန်သူ ဖြစ်လေသည်။

“ဘယ်အချိန်ကလဲ။ ငါ ဘာလို့ မမှတ်မိရတာလဲ” ဟွာဖန်းလူက သူမ စကားကို ငြင်းပယ် လိုက်သည်။

နန်ဒူဝမ်ယန်သည် သူ့ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက အနည်းငယ် စွတ်စိုလာသည်။

သူမသည် သူမ၏ သားအရင်းလေးကဲ့သို့ ချစ်ခင်ရသည့် သားမက်ဖြစ်သူ ရီဖူရှင်းကို ကြည့်လိုက်သည်။

“ဘာလို့ ငိုတာလဲ ဆရာကတော်။ ဒါက ပျော်စရာမဟုတ်ဘူးလား” ရီဖူရှင်းသည် နန်ဒူဝမ်ယန်၏ လက်ထဲမှ ခွက်ကို ယူကာ ပြောလိုက်သည်။ “ကျွန်တော် ပြန်လာပြီလေ”

“မငိုပါဘူး။ မင်းကို မြင်ရတာ ပျော်လို့ပါ။ မင်းက ငါ့ကို ပျော်စေတယ်လေ။” နန်ဒူဝမ်ယန်က လက်ဆန့်ထုတ် လိုက်ပြီး ရီဖူရှင်း၏ မျက်နှာနှင့် ငွေရောင် ဆံပင်တို့ကို ခပ်ဖွဖွ ထိကိုင် လိုက်သည်။

ထိုလူငယ်လေးသည် ပြည်နယ်ကိုးခုတွင် အလွန်ထူးချွန်သော ပါရမီရှင် ဖြစ်သော်လည်း သူမ၏ မျက်လုံးထဲတွင်တော့ သူက ကလေးပင် ဖြစ်သည်။

“မင်း ရှုံးသွားပြီ” ချင်ရွှီက ပြုံးကာ ပြောလိုက်သည်။ ဟွာဖန်းလူက စစ်တုရင်ခုံကို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူ၏ နောက်ဆုံးလှုပ်ရှားမှုက အမှားဖြစ်သွားပုံ ရလေသည်။

“ထပ်မကစားကြရအောင်။ ဒီကလေးက ငါ့ရဲ့ ခံစားချက်လေးကို ဖျက်ဆီးလိုက်လို့ အခု မကစားနိုင်တော့ဘူး” ဟွာဖန်းလူက စစ်တုရင်ခုံကို ဖရိုဖရဲဖြစ်အောင် ဖွလိုက်ပြီး ပြောသည်။

နန်ဒူဝမ်ယန်က တောက်ပစွာ ပြုံးလိုက်သည်။ သူက ရီဖူရှင်းကို ပြန်မလာစေချင်ဟုသာ ပြောသော်လည်း ဘာအတွက်ကြောင့် ဤကဲ့သို့ ဆိုးဆိုးဝါးဝါး ကစားပွဲ ဖြစ်သွားရသနည်း။

“ဆရာ မှန်ပါတယ်။ အားလုံး ကျွန်တော့်အမှားပါပဲ” ရီဖူရှင်းသည် အပြုံးနှင့် ပြောလိုက်သည်။ ရီဖူရှင်းသည် ဟွာဖမ်းလူကို လက်ဖက်ရည်ခွက် ပေးလိုက်ပြီး ပြောသည်။ “လက်ဖက်ရည် သောက်ပါဦး”

ဟွာဖန်းလူသည် လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ပြီး ရီဖူရှင်းသည် နောက်တစ်ခွက်ကို ချင်ရွှီအား ပေးလိုက်သည်။

“အစ်မကတော့ နုပျိုပြီး လှပနေတုန်းပဲနော်” ရီဖူရှင်းက ချင်ယီကို ပြောလိုက်သည်။

ချင်ယီက သူ့ကို ကြည့်လိုက်ပြီး သူမသည်လည်း တောက်ပစွာ ပြုံးနေသည်ကို သူ မြင်လိုက်ရ၏။ သူမ၏ မျက်လုံးများသည် မျက်ရည်စတို့ဖြင့် စွတ်စိုနေသည်။

သူသည် ယခင်ကအတိုင်းပင် ဖြစ်၏။ သူ၏ အရှိန်အဝါက ခန့်ထည်လာသည်မှ လွဲလျှင် မည်သည့်အရာကမှ ပြောင်းလဲ သွားခြင်း မရှိပေ။

“ဒေါက်”

ဟွာဖန်းလူသည် ရီဖူရှင်း၏ ခေါင်းကို ဒေါက်ခနဲခေါက်ကာ ပြောလိုက်သည်။ “မင်းက မင်း ယောက္ခမကို မရှိသလိုကို လုပ်နေတော့တာပဲ”

“ကျွန်တော် မှားသွားပါတယ်” ရီဖူရှင်းက ခါးသီးစွာ ကြည့်ရင်း ပြောလိုက်သည်။

ဟွာဖန်းလူ အပါအဝင် လူတိုင်းက ရယ်မောလိုက်ကြသည်။

အချိန်က ဒဏ်ရာအားလုံးကို ကုစားသွားသည်။ ဟွာဖန်းလူသည် ဆယ်နှစ်ဟူသော အချိန်ကာလကို ဖြတ်သန်းပြီးသည့်အခါ ယခု ချင်ယီသည် သူ၏ သမီးကဲ့သို့ပင် သဘောထားဖြစ်လာခဲ့သည်။ သူမသည် မကြာခဏ သူနှင့် နန်ဒူဝမ်ယန်ကို အဖော်ပြု ပေးတတ်သည်။

“ကန်ဘေးကို သွားကြရအောင်” ဟွာဖန်းလူက မတ်တတ်ရပ်လိုက်ကာ ချင်းကျူရေကန်ဆီသို့ လျှောက်သွားသည်။ ရီဖူရှင်းသည်လည်း သူ့ဘေးမှ လျှောက်လာခဲ့သည်။

ညနေစောင်း သွားသော်လည်း ချင်းကျူရေကန်သည် ပို၍ အသက်ဝင်လာသည်။ လှေများသည်လည်း ရေကန်ပေါ်တွင် ဟိုဟိုဒီဒီ သွားလာနေကြပြီး ဟွာဖန်းလူနှင့် ချင်ရွှီကို မြင်သည့် မည်သူမဆို ရိုသေလေးစားမှုဖြင့် ကြည့်ကြသည်။ သို့သော်လည်း သူတို့ကို မည်သူကမှ မနှောင့်ယှက်ကြပေ။

အချို့သည် ရီဖူရှင်းကို အာရုံစိုက်ကြသည်။ သူတို့သည် သူ့ကို စူးစမ်းနေကြ၏။ သူသည် အလွန် ခန့်ညား ထည်ဝါသည့် အတွက် တစ်ချက် ကြည့်မိရုံမျှဖြင့် မည်သည့်အခါမှ မေ့နိုင်တော့မည် မဟုတ်ပေ။

သို့သော် ဆယ်နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ရေကန်ရှိလူများသည် လူငယ်မျိုးဆက်များ ဖြစ်ကုန်ကြပြီ ဖြစ်သည်။ သူတို့ထဲက မည်သူကမှ ငွေရောင်ဆံပင်နှင့် လူငယ်လေး၏ သရုပ်ကို မသိရှိကြတော့ပေ။

ဆယ်နှစ်ဟူသော အချိန်သည် မြို့ငယ်လေးတွင် ကြာမြင့်လွန်းလှပေသည်။

“အခု ဘယ်မှာ ကျင့်ကြံနေလဲ” သူတို့ ကန်ဘေးသို့ ရောက်သည့်အခါ ဟွာဖန်းလူက ပေါ့ပါးစွာ ပြောလိုက်သည်။ နန်ဒူဝမ်ယန်သည် သူတို့၏ ဘေးတွင် တည်ငြိမ်စွာ ရပ်နေပြီး ချင်ရွှီနှင့် ချင်ယီသည် အခြားတစ်ဖက်၌ ရပ်၍နေသည်။

“သွေးနဂါးဘုံမှာပါ။ ကျွန်တော်က အင်ပါယာရှားဘုံကို ခဏ ပြန်လာတာကြောင့် ဆရာနဲ့ ဆရာကတော်ကို လာတွေ့တာ” ရီဖူရှင်းက ပြောလိုက်သည်။

“ဘုံ.. ဟုတ်လား” ဟွာဖန်းလူက ရေရွတ်လိုက်သည်။ “အဲဒီက တော်တော် ဝေးရမယ်”

“အင်း” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ “အရမ်း အရမ်း ဝေးတယ်”

“မင်းရဲ့ ကျင့်ကြံဆင့်က ဘယ်အထိ ရောက်သွားပြီလဲ” ဟွာဖန်းလူက မေးလိုက်၏။

“ရှန့်ထိုအဆင့်မှာပါ” ရီဖူရှင်းက ပြန်ဖြေလိုက်ပြီး ဟွာဖန်းလူက ခေါင်းညိတ်လိုက်၏။

ရှန့်ထိုအဆင့်သည် ပြည်နယ်ကိုးခုမှ လူများ အမြင့်ဆုံးရောက်ရှိနိုင်သည့် အဆင့်ဖြစ်သည်။ ရီဖူရှင်းက ထိုအဆင့်သို့ ရောက်ရှိနေသည်ဆိုခြင်းမှာ မည်သည့် အဓိပ္ပာယ်ဖြစ်သည်ကို နားလည်ပေသည်။

သို့သော် ဧကရာဇ်ရီချင်၏ ရုပ်တုကို တွေးမိသည့်အခါ ရှန့်ထိုအဆင့်သည် သူ၏ ရည်မှန်းချက်နှင့် အလွန်ပင် ဝေးကွာ နေသေးသည်ကို သိရပေသည်။

“ဖူရှင်း၊ ဒီနှစ်တွေထဲမှာ မင်းအများကြီး ကြုံတွေ့ခဲ့ရမှာပဲ။ မင်းရဲ့ အကြောင်းလေးတွေ နားထောင် ချင်သေးတယ်” နန်ဒူဝမ်ယန်က ညင်သာစွာ ပြောလိုက်သည်။

“ကောင်းပါပြီ။ ကျွန်တော် ပြောပြပါ့မယ်” ရီဖူရှင်းက ဖြည်းညင်းစွာ ခေါင်းညိတ် လိုက်သည်။ ထို့နောက်တွင် သူ ထွက်သွားပြီးသည်မှ စ၍ အရာအားလုံးကို ပြောပြခဲ့၏။

သူသည် အင်ပါယာရှားနှင့် ရှားရှင်းယွန်အပြင် တာလီပြည်ထောင်၏ နန်းတွင်း အကြံပေးနှင့် သွေးနဂါးဘုံအကြောင်းတို့ကိုလည်း ပြောပြပေသည်။

လေပြေက ညင်သာစွာ တိုက်ခတ်နေပြီး မီးပန်းများက ချင်းကျူရေကန် အထက်တွင် ပေါက်ကွဲနေသည်။ ယင်းတို့သည် အလွန်ပင် လှပလေသည်။

ရီဖူရှင်းက ပြောပြနေပြီး တစ်ဖွဲ့လုံးက ကန်ဘေးတွင် ထိုင်နေကြသည်။ ဟွာဖန်းလူနှင့် အခြားလူများက တိတ်ဆိတ်စွာ နားထောင်နေကြ၏။ တိုက်ခတ်နေသည့် လေပြည်ထဲတွင် ရီဖူရှင်း၏ အသံသာလျှင် ပျံ့လွင့် နေသည်။

ဇာတ်ကြောင်းတိုင်းသည် သူ၏ အသက်တစ်ခုလုံးပေါ်တွင် အခြေတည်ထားပုံ ရသည်။ သူတို့သည် ထိုအဖြစ်များကို ကိုယ်တိုင် မကြုံတွေ့ခဲ့ရသော်လည်း ဟွာဖန်းလူနှင့် အခြားလူများသည် ထိုအတွေ့အကြုံများ၏ ကြောက်ရွံ့ဖွယ် ကောင်းသည်ကို ခံစားကြရပေသည်။ သူတို့သည် တစ်ခါတစ်ရံ၌ ရီဖူရှင်းအတွက် စိုးရိမ်ကြပြီး တစ်ခါတစ်ရံ၌ သူ့အတွက် ပျော်ရွှင်ပေးကြသည်။

“နန်းတွင်း အကြံပေးက တကယ့်ကို လေးစားဖို့ ထိုက်တန်တာပဲ။ သူက ငါ့ထက်တောင် ပိုပြီး ‘ဆရာ’ လို့ အခေါ်ခံရဖို့ ထိုက်တန်သေးတယ်” ဟွာဖန်းလူက ပြောလိုက်သည်။

“ကျွန်တော် အဆင့်တိုင်းမှာ တွေ့ခဲ့ရသမျှ ဆရာအားလုံးက အကောင်းဆုံးတွေချည်းပါပဲ။ သူတို့အားလုံးက လေးစားခံရဖို့ ထိုက်တန်တယ်။ ဒါပေမဲ့ ဆရာကတော့ ကျွန်တော့်ရဲ့ ပထမဆုံးဆရာလေ။ ပြီးတော့ ကျွန်တော့် ယောက္ခမကြီးဆိုလည်း ဟုတ်တယ်။ အဲဒါကြောင့် ဆရာက အကောင်းဆုံးပါပဲ” ရီဖူရှင်းက ပြောလိုက်သည်။

“မင်းရဲ့ မြှောက်ပင့်တဲ့ စွမ်းရည်ကတော့ ပျောက်မသွားသေးဘူးပဲ” ဟွာဖန်းလူက ပြောလိုက်သည်။ ထို့နောက် သူသည် တစ်စုံတစ်ခုကို စဉ်းစားကာ ပြောလိုက်သည်။ “မင်းသမီးရှားရှင်းယွန်က အတော်လေးလှမယ် ထင်တယ်”

ရီဖူရှင်းက သူ့ကို တအံ့တသြ ကြည့်လိုက်သော်လည်း ဟွာဖန်းလူက ပြုံးကာ ဆက်ပြောလိုက်သည်။ “အင်ပါယာရှားကလည်း ယောက္ခမကောင်းဖြစ်မှာပါ”

ရီဖူရှင်းသည် ဟွာဖန်းလူ၏ မျက်နှာထက်မှ အပြုံးကို မြင်လိုက်ရသည်။ သူ့ဆရာက ရိုးသား ပွင့်လင်းသည်ကို သူ သိရှိပေသည်။ သူ တစ်ခုခု ပြောလိုသော်လည်း သူ့ပါးစပ်ကို မဖွင့်ခဲ့ပေ။ သူက ဂျီယူ အသက်ရှင်လျက် ရှိသေးကြောင်း ပြောလိုသော်လည်း ထိုသေးငယ်သည့် မျှော်လင့်ချက်ကလေးက ပျောက်ကွယ် သွားခဲ့လျှင် သူ့ဆရာ၏ ဝမ်းနည်းမှုက ပို၍ ကြီးမားလာမည်ကို ကြောက်ရွံ့မိသည်။

ထို့ကြောင့် အဆုံးမှာတော့ သူ မည်သည့်စကားမှ မပြောခဲ့ပေ။ သူသည် ချင်းကျူရေကန်ကိုသာ ကြည့်နေခဲ့၏။

များပြားလှသည့် ကြည်နူးဖွယ် လှေငယ်များက သူ့ရှေ့တွင် ပေါ်ပေါက်လာသည်။ ထိုသေးငယ်သည့် လှေလေးက သူတို့ဆီသို့ လာနေပြီး ထိုအပေါ်တွင် လူများစွာ ပါရှိသည်။ ယင်းက အလွန် ပေါ့ပါးလေသည်။

လှေပေါ်တွင် အသက် ဆယ့်ရှစ် ဆယ့်ကိုးခန့် အရွယ်ရှိ မိန်းမငယ်လေး တစ်ယောက်ရှိသည်။ သူမသည် ကျောက်စိမ်းရုပ်ကလေးသဖွယ် လှပပြီး အနီးဝန်းကျင်ရှိ လူငယ်များမှာ သူမကို ကြည့်နေကြသည်။

ထိုမိန်းကလေးသည် ချင်းကျူမြို့၏ အလှပဂေးလေး မုအိမ်တော်မှ မုရှီယူ ဖြစ်ပေသည်။

သူမသည် သူတို့ အားလုံးကို မြင်တွေ့ပြီး လှေပေါ်မှ ဆင်းကာ သူတို့ဆီသို့ လျှောက်လာသည်။ အနီးသို့ ရောက်လာသည့်အခါ သူမသည် ရီဖူရှင်းကို မြင်သည်။ သူ၏ ချောမောပြီး ကြည်လင်သန့်စင်သည့် မျက်နှာနှင့် သူ၏ ခန့်ညားထည်ဝါသည့် အမူအရာ၊  ငွေရောင်ဆံပင်များကို ကြည့်ကာ စူးစမ်းလိုက်သည်။ သူ့တွင် အတွေ့အကြုံများစွာ ရှိနေသည်မှာ ရှင်းလင်းနေပြီး သူ၏ မျက်လုံးများက တောက်ပနေသည်။

သူမကို ပိုးပန်းနေသူများစွာ ရှိပြီး ချင်းကျူမြို့၏ သူရဲကောင်းများစွာကိုလည်း မြင်ဖူးခဲ့သည်။ သို့သော် ထိုလူငယ်ကို တစ်ချက်ကြည့်လိုက်လျှင် ယခင်က သူမ၏ တည်ငြိမ်သော နှလုံးသားမှာ စတင်၍ ယိမ်းယိုင်လာခဲ့သည်။

သို့သော် သူမသည် ရီဖူရှင်းအတွက် လာခဲ့ခြင်း မဟုတ်ပေ။ သူမသည် ဟွာဖန်းလူဆီသို့ လှည့်ကြည့်ကာ အရိုအသေပြုလိုက်သည်။ “ဂါရဝ ပြုပါတယ် ဆရာ”

“မိန်းကလေး ရှီယူ” ဟွာဖန်းလူက ယဉ်ကျေးစွာ ခေါင်းညိတ်လိုက်သည်။

“ဆရာ ကျွန်မကို တပည့်အဖြစ် လက်ခံပေးဖို့ တောင်းဆိုပါတယ်။ ဆရာက စစ်တုရင်ကစားတာ ဖြစ်ဖြစ် ဂီတဖြစ်ဖြစ် သင်ပေးလည်း အဆင်ပြေပါတယ်။ တပည့်အဖြစ် လက်ခံပေးပါ” မုရှီယူက အယဉ်ကျေးဆုံး အမူအရာကို ပြသ၍ တဖန် ဦးညွတ် လိုက်ပြန်သည်။

ဟွာဖန်းလူသည် ချင်းကျူမြို့၏ အထင်ကရ ပုဂ္ဂိုလ်ဖြစ်သည်။ လွန်ခဲ့သော ကိုးနှစ်က သူသည် ချင်းကျူမြို့မှ ထွက်ခွာသွားသည့် သာမန် လူငယ်လေးကို စောင့်ရှောက်ပေးခဲ့သည်။ သူသည် တစ်နှစ်ကြာ၍ ပြန်ရောက်လာသည့် အခါ နိုဘယ်အဆင့် တန်ခိုးရှင် ဖြစ်နေခဲ့ပြီ ဖြစ်၏။

ထူးခြားသော ပုဂ္ဂိုလ်သည် ရတနာကဲ့သို့ပင် ဖြစ်သည်။ သို့သော် သူပြန်လာပြီးနောက်တွင် ပထမဆုံးလုပ်သည့် အရာမှာ ဟွာဖန်းလူ၏ အိမ်တော်သို့ သွားရောက်ကာ အရိုအသေပြု၍ ကျေးဇူးတင်မှုကို ပြသခဲ့သည်။

ချင်းကျူမြို့မှ လူများကြားတွင် ထိုအကြောင်းအရာက လွှမ်းမိုးထားခဲ့လေသည်။

“မိန်းကလေး ရှီယူ.. ကျုပ် အစကတည်းက ပြောထားပြီးပြီလေ။ မင်းကို တပည့်အဖြစ် ခေါ်မှာ မဟုတ်ဘူး” ဟွာဖန်းလူက ပြန်ဖြေလိုက်သည်။

“ဒါဆို အစေခံအနေနဲ့ရော ဖြစ်နိုင်မလား” မုရှီယူက ဆက်လက်၍ ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

ဟွာဖန်းလူသည် သူ့ခေါင်းကို ယမ်းခါလိုက်သည်။ “ကျေးဇူးပြုပြီး သွားပါတော့ မိန်းကလေး ရှီယူ”

ရှီယူ၏ မျက်နှာထက်တွင် စိတ်ပျက်လက်ပျက် အကြည့်တို့ ပေါ်ပေါက်လာသည်။ ထိုအခိုက်တွင် ရီဖူရှင်းက ပြောလိုက်၏။ “ပြန်ကြရအောင် ဆရာ”

“အင်း” ဟွာဖန်းလူက ခေါင်းညိတ်လိုက်ပြီး တစ်ဖွဲ့လုံးသည် ထွက်ခွာသွားတော့၏။

မုရှီယူသည် ကြက်သေ သေသွားခဲ့သည်။ သူမက ရီဖူရှင်းကို ကြည့်လိုက်သော်လည်း ငွေရောင်ဆံပင်နှင့် လူငယ်သည် သူမကို တစ်ချက်ပင် ကြည့်မသွားခဲ့ပေ။ ကြည့်ရသည်မှာ သူမ၏ အလှအပက သူ့ကို မဖမ်းစားနိုင်ပုံ ရပေသည်။

သူမသည် အနည်းငယ် စိတ်ပျက်သွားရသည်။ ဟွာဖန်းလူက သူမကို တပည့်အဖြစ် အသိအမှတ်မပြုလိုသည်လား။

ထို့အပြင် ငွေရောင်ဆံပင်နှင့် လူငယ်က မည်သည့်အတွက် သူ့ကို ‘ဆရာ’ဟု ခေါ်ရသနည်း။

ရီဖူရှင်းနှင့် အခြားလူများသည် အိမ်သို့ ပြန်ရောက်လာကြသည်။ ဟွာဖန်းလူက ပြောလိုက်၏။ “ကောင်းပြီ၊ အခု မင်း ပြန်ရမယ့် အချိန်ရောက်ပြီ”

“ဆရာ၊ ကျွန်တော့်ကို အဲဒီလောက်ထိ အလောတကြီး နှင်လွှတ်စရာ မလိုပါဘူး။ အရမ်း သွေးအေးတာပဲ” ရီဖူရှင်းသည် ဆွံ့အ လုနီးပါး ဖြစ်သွားရ၏။

“ငါက အိုနေပြီ။ မင်းရဲ့ ဆရာကတော်နဲ့ ငါက ငြိမ်းငြိမ်းချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် နေရတာ ကြိုက်တယ်။ လူတွေက ငါတို့ကို စောင့်ကြည့် နေတာမျိုး မကြိုက်ဘူး” ဟွာဖန်းလူက ပေါ့ပါးစွာ ပြောလိုက်သည်။ ရီဖူရှင်းသည် သူ၏ မျက်နှာကို ပြလိုက်သည့်အတွက် ချင်းကျူမြို့မှ လူများသည် မကြာခင်၌ သူနှင့် တွေ့ဆုံရန် လာရောက်ကြတော့မည် ဖြစ်သည်။

ရီဖူရှင်းသည် ကြိတ်ကာ သက်ပြင်းချလိုက်သည်။ သူက လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်၏။ ဟွာဖန်းလူနှင့် နန်ဒူဝမ်ယန် နှစ်ယောက်လုံးသည် သူ့ကို ကြည့်လိုက်ကြသည်။

“ဒါဆို ကျွန်တော် သွားတော့မယ်။ ဆရာ၊ ဆရာကတော်” ရီဖူရှင်းက ပြောလိုက်သည်။

နန်ဒူဝမ်ယန်သည် သူ၏ မျက်လုံးများထဲတွင် မျက်ရည်စတို့ ခိုတွဲနေသော်လည်း ခေါင်းညိတ် လိုက်သည်။

ရီဖူရှင်းသည် သူတို့နှစ်ယောက်ကို ဦးညွှတ်ကာ အရိုအသေ ပြုလိုက်ပြီးနောက် စစ်သူကြီးချင်နှင့် ချင်ယီတို့ကို လက်ပြ နှုတ်ဆက် လိုက်သည်။ သူသည် ပြန်လှည့်လိုက်ပြီး သူ့ ပုံရိပ်သည် လျှပ်တစ်ပြက်အတွင်း ကောင်းကင်သို့ ထိုးတက်သွားကာ ကြယ်တစ်ပွင့်ကဲ့သို ဖြစ်ပေါ်လာသည်။

ဟွာဖန်းလူသည် သူ့ကို မော့ကြည့်ပြီး ကြယ်အလင်းက မှေးမှိန်သွားသည်အထိ စောင့်ကြည့်နေသည်။ သူ၏ မျက်လုံးများက အနည်းငယ် စိုစွတ်နေပေသည်။

“သူ သွားပြီ” မကြာခင်၌ ထိုသေးငယ်သည့် အလင်းက အပြီးတိုင် ပျောက်ကွယ် သွားခဲ့သည်။ နန်ဒူဝမ်ယန်သည် ဟွာဖန်းလူ၏ လက်ကို ကိုင်ကာ သူ့ မျက်လုံးများထဲသို့ ကြည့်လိုက်သည်။ “ရှင်က သိပ်ကို တည့်တိုးဆန်ပြီး ချုပ်တည်း မထားတတ်တာပဲ။ ဘာလို့ ငိုနေရတာလဲ”

“လေတိုက်လို့ပါကွာ။ အဲဒါကြောင့် မျက်စိစပ်သွားလို့” ဟွာဖန်းလူက နန်ဒူဝမ်ယန်ကို သူတို့၏ အိမ်ဆီသို့ ပြန်ခေါ်သွားသည်။ ချင်ရွှီနှင့် ချင်ယီသည်လည်း သူတို့နှစ်ယောက်ကို ကြည့်ပြီးနောက် အဝေးသို့ လျှောက်သွားကြပေသည်။ သူတို့သည် ပြုံးနေသော်လည်း မျက်လုံးများက အနည်းငယ် စိုစွတ်နေသည်။ သူတို့သည် လှည့်ကာ ထွက်ခွာ သွားကြသည်။

***

ချင်းကျူရေကန်တွင် မုရှီယူသည် သူမ၏ လှေအတွင်း၌ မလှုပ်မယှက် ထိုင်နေသည်။ သက်လတ်ပိုင်း လူကြီးတစ်ယောက်က သူမ၏ ဘေး၌ စောင့်ဆိုင်းနေ၏။ သူသည် သူမ၏ မျက်ဝန်းများထဲမှ စိတ်ပျက်ခြင်းများကို မြင်သည့်အခါ ပြောလိုက်သည်။ “ထပ်ပြီး အငြင်းခံရတာလား”

“ကြည့်ရတာ သူက သမီးကို တကယ်ပဲ တပည့်အဖြစ် မလိုချင်ဘူးထင်တယ် အဖေ” မုရှီယူက ခပ်တိုးတိုး ပြောလိုက်သည်။

“သူ့သမီးကလည်း တစ်ချိန်တုန်းက ချင်းကျူမြို့ရဲ့ အလှဆုံးမိန်းကလေး ဖြစ်ခဲ့တာ။ သမီးသာ ဆက်ကြိုးစား နေမယ်ဆိုရင် သူ လက်ခံလာမှာပါ” သက်လတ်ပိုင်းလူကြီးက အပြုံးနှင့် ပြောလိုက်သည်။

“ဒါပေမဲ့ အဲဒီမှာ သူ့ကို ဆရာလို့ ခေါ်တဲ့ လူငယ်လေး တစ်ယောက် ရှိနေတယ်လေ” မုရှီယူက ပြောလိုက်သည်။

“လူငယ်လေးလား။ ဘာလူငယ်လေးလဲ” သက်လတ်ပိုင်း လူကြီးက မျက်မှောင်ကြုတ်သွားသည်။

“ငွေရောင်ဆံပင်နဲ့ လူငယ်လေး တစ်ယောက်ပဲ။ သူက အတော်လေး ကြည့်ကောင်းပြီးတော့ ခန့်ညားထည်ဝါတဲ့ အမူအရာရှိတယ်။ သူ့လို ထူးကဲတဲ့ လူမျိုး ဘယ်တုန်းကမှ မမြင်ဖူးဘူး။ သူ သမီးကို မြင်တာတောင် နည်းနည်းလေးမှ အနှောင့်အယှက် မဖြစ်စေခဲ့တဲ့အပြင် သူက သမီးကို ဒုတိယ တစ်ခါတောင် မကြည့်ခဲ့ဘူး။ သူက တခြားလူတွေနဲ့ မတူဘူး” သူမ၏ စိတ်ထဲတွင် ထိုလူငယ်၏ ပုံရိပ်ဖြင့် ပြည့်နှက်နေသည်။ ထိုသို့သော တစ်စုံတစ်ယောက်သည် သူ့ကို တစ်ချက်ကြည့်မိရုံမျှဖြင့်ပင် သူ့ မျက်နှာကို မေ့ပစ်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။

“ငွေရောင်ဆံပင်၊ ခန့်ညားတဲ့အမူအရာ၊ သူ့ကို ‘ဆရာ’ လို့ ခေါ်တာ….” သက်လတ်ပိုင်း လူကြီးသည် တုန်ယင်လာသည်။ ထို့နောက် သူသည် ပြန်လှည့်ကာ တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။ “မြန်မြန်၊ ဆရာဟွာရဲ့ အိမ်ကို ပြန်သွားကြမယ်”

“ဘာဖြစ်လို့လဲ အဖေ” ထိုသည်က ပထမဆုံးအကြိမ် အဖြစ် သူမ၏ အဖေ ထိုသို့ ဖြစ်သည်ကို မြင်ဖူးခြင်း ဖြစ်သည်။

သူ၏ တစ်ကိုယ်လုံးက တုန်ယင်နေသည်။ သူ၏ ခြေထောက်များသည် သူ့ကို ကောင်းကောင်း မထောက်ပံ့ ပေးနိုင်တော့ သကဲ့သို့ ထင်မှတ်ရသည်။

သက်လတ်ပိုင်းလူကြီးသည် သူမကို ကြည့်ကာ သူမ၏ မျက်နှာအား လက်နှစ်ဖက်နှင့် ကိုင်လိုက်သည်။ “ရှီယူ” သူက ပြောလိုက်၏။ “မင်း မြင်ခဲ့တယ်ဆိုတဲ့ ငွေရောင် ဆံပင်တွေနဲ့ လူငယ်က ပြည်နယ်ကိုးခုရဲ့ ဒဏ္ဍာရီဧကရာဇ် ဖြစ်နိုင်တယ်”

သူမ ဖခင်၏ စကားလုံးများကို ကြားသည့်အခါ သူမကို မိုးကြိုးပစ်ချ လိုက်သကဲ့သို့ ခံစားလိုက်ရ ပေသည်။ သူမသည် စတင်၍ အနည်းငယ် တုန်ယင်လာသည်။ သူမသည် သူတို့ လာခဲ့သည့် ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

ချင်းကျူမြို့တခွင် ပျံ့နှံ့နေသည့် ဒဏ္ဍာရီသည် အလွန်ဝေးကွာသည်ဟု ထင်မှတ်ရသော်လည်း ယခု ကြည့်ရသည်မှာ အလွန်နီးကပ်ပုံ ရလေသည်။

သူသည် ထိုဒဏ္ဍာရီထဲမှ ပုဂ္ဂိုလ်ပင် ဖြစ်တော့သည်။

***

သွေးနဂါးဘုံတွင် ချန်ယဲ့မြို့မှ လူတိုင်း ထွက်ခွာသွားသည်မှာ လအနည်းငယ် ကြာမြင့်ပြီ ဖြစ်သည်။

သူတို့ ထွက်မသွားခင်တွင် ရီဖူရှင်းသည် လေဟာနယ် ဓားဝင်္ကပါကို အသုံးပြု၍ ရှေးဟောင်း တော်ဝင်မြို့သို့ တိုက်ခိုက်ကာ သူတို့ မည်သည့် မိုက်ရူးရဲလုပ်ရပ်မှ မလုပ်မိစေရန် သတိပေးခဲ့သည်။

နဝမအစေခံသည် တကယ်ပင် မည်သည့် မိုက်ရူးရဲလုပ်ရပ်မှ မလုပ်ဆောင်ခဲ့ပေ။ သူသည် ချန်ယဲ့မြို့မှ မည်သူ့ အကြောင်းကိုမျှ ဂရုမစိုက်ပေ။ သူ၏ ပစ်မှတ်မှာ ရီဖူရှင်းသာလျှင် ဖြစ်သည်။

ရီဖူရှင်းနှင့် အခြားသူများ ထွက်သွားသည့် အချိန်တွင် နဝမအစေခံသည်လည်း မြို့မှ တရားဝင် ထွက်ခွာ သွားခဲ့သည်။

သူသည် ချန်ယဲ့မြို့သို့ လူများ စေလွှတ်ပြီး ထိုနေရာရှိ အခြား လေဟာနယ် ဓားဝင်္ကပါကို ဖျက်ဆီး ပစ်ခဲ့သည်။

ထို့အပြင် သူသည် ရှေးဟောင်း တော်ဝင်မြို့တွင် ကူးပြောင်းရေး ဝင်္ကပါတစ်ခု ဖန်တီးခဲ့သည်။ ထိုသည်မှာ နှစ်လမ်းသွား ပြောင်းရွှေ့ရေး ဝင်္ကပါဖြစ်ပြီး တခြားတစ်ဖက်မှာ ချန်ယဲ့မြို့ အတွင်းမှ အိမ်တော်တွင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နဝမအစေခံနှင့် ရှေးဟောင်း တော်ဝင်မြို့မှ လူများသည် ရီဖူရှင်း၏ ယခင် လက်အောက်ငယ်များကို ဖမ်းဆီးခဲ့ပြီး သတင်းများပျံ့နှံ့စေရန် မြို့မှ ထွက်ခွာခြင်းအား တားဆီးထားသည်။

သူသည် အတိတ်ကာလတွင် လေဟာနယ် ဓားဝင်္ကပါကြောင့် အရင်ဆုံး ဒဏ်ရာရရှိခဲ့သည့် အတွက် ထိုတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ယင်းက သူ၏ တိုက်ပွဲစွမ်းရည်ကို အကြီးအကျယ် သက်ရောက် စေခဲ့ကာ သူ့ပြိုင်ဘက်က သူ့အား ဖိနှိပ်နိုင်မည့် အခွင့်အရေးကို ရရှိစေခဲ့သည်။

ယခု ရီဖူရှင်းနှင့် အခြားလူများသည် ထိုသို့သော ဂရုမစိုက်သည့် အပြုအမူမျိုးဖြင့် အမှန်တကယ် မြို့မှ ထွက်ခွာ သွားရဲပေသည်။ သူတို့အားလုံးသည် လေဟာနယ် ဓားဝင်္ကပါကို ဖျက်ဆီးပစ်ခဲ့ပြီး ရီဖူရှင်း ပြန်လာသည့်အခါတွင် သူသည် ချန်ယဲ့မြို့မှ ထိုအိမ်တော်သို့ ကူးပြောင်းလာနိုင်ပေမည်။

ထိုအချိန်တွင် သူ့ကို မည်သူက ရပ်တန့်နိုင်မည်အား စောင့်ကြည့်ချင်သေးပေသည်။

ရီဖူရှင်း မည်သည့်အခါမှ ပြန်မလာဘဲ နေသည်က လွဲ၍ ဖြစ်သည်။

ဤနည်းလမ်းကသာ သူသည် ရှင်းခိုင်၏ သေဆုံးခြင်းအတွက် အရက်စက်ဆုံး ကလဲ့စား ချေနိုင်လိမ့်မည် ဖြစ်သည်။

ချန်ယဲ့မြို့ရှိ လူများသည် ရီဖူရှင်းအကြောင်း စိတ်ပူနေကြသည်။ ဥပမာအနေနှင့် စစ်ထိုမိသားစုမှ လူကြီးသည် နဝမအစေခံ ကဲ့သို့သော ရန်သူမျိုးသည် လေဟာနယ် ဓားဝင်္ကပါ၏ ထိန်းချုပ်မှုအောက်မှာပင် တိုက်ရိုက် လာရဲသည်ဖြစ်ရာ သူ့တွင် လှည့်ကွက်များ ရှိနေပေလိမ့်မည်။

ရီဖူရှင်းက ပြန်လာရဲလျှင် အန္တရာယ်ဖြစ်လိမ့်မည် ဖြစ်၏။

ယခု ရှေးဟောင်းတော်ဝင်မြို့မှ တန်ခိုးရှင်များသည် ချန်ယဲ့မြို့ကို ဝန်းရံထားသည်။ မည်သူမှ သူတို့ကို ရပ်တန့်ရဲခြင်း မရှိသလို ထိုသို့ လုပ်နိုင်စွမ်းလည်း မရှိပေ။

ထိုအချိန်တွင် စစ်ထိုမိသားစု၏ ခေါင်းဆောင် စစ်ထိုကျုံးသည် ဝင်လာသည့် လူကို မေးလိုက်သည်။ “အပြင်က အခြေအနေ ဘယ်လိုရှိလဲ”

“ရှေးဟောင်းတော်ဝင်မြို့က ချန်ယဲ့မြို့ တစ်ခုလုံးကို ဝန်းရံထားပါတယ်။ ကျွန်တော်တို့က စောင့်ကြည့် နေပေမယ့် အပြင်ထွက်လို့ မရဘူး။ မဟုတ်ရင် နဝမအစေခံက ကျွန်တော်တို့ကို တကယ် တိုက်ခိုက်လိမ့်မယ်” ထိုသူက ပြောလိုက်သည်။

စစ်ထိုကျုံးသည် စိတ်ရှုပ်ထွေးစွာ သက်ပြင်း ချလိုက်သည်။ ရီဖူရှင်းက မည်သို့ တွေးနေသနည်း။ လေဟာနယ် ဓားဝင်္ကပါကဲ့သို့ အစွမ်းထက်လက်နက် မရှိဘဲနှင့် သူတို့က နဝမအစေခံလို ပုဂ္ဂိုလ်မျိုးကို မည်သို့ ရင်ဆိုင်ရမည်နည်း။

မဟုတ်လျှင် သူတို့ ထွက်ခွာမသွားခင်၌ အခြားမြို့များတွင် ခုခံရေး လေဟာနယ် ဓားဝင်္ကပါကို ခင်းကျင်း မထားခဲ့လျှင် သူတို့ ချန်ယဲ့မြို့သို့ ပြန်လာရန် နည်းလမ်းရှိမည် မဟုတ်ပေ။

သို့သော် ရီဖူရှင်းသည် မြို့တွင် မည်သည်တို့ ဖြစ်ပျက်နေသည်လဲ မသိတာလည်း ဖြစ်နိုင်သည်။

သူ ပြန်လာလျှင် ကိစ္စများက အလွန်ဆိုးဝါးနေပေလိမ့်မည်။

“ရှေးဟောင်း တော်ဝင်မြို့က လူ ဘယ်လောက်များများ ရှိနေလဲ” စစ်ထိုကျုံးက မေးလိုက်သည်။

ရှေးဟောင်း တော်ဝင်မြို့သည် သွေးနဂါးမြို့အပြင်ဘက်တွင် အထင်ရှားဆုံးမြို့ ဖြစ်သော်လည်း ထိုသည်မှာ နဝမအစေခံ၏ ဂုဏ်သရေကြောင့် ဖြစ်သည်။ အမှန်တွင်တော့ ရှေးဟောင်း တော်ဝင်မြို့တွင် လူဦးရေ များပြားလှခြင်းမရှိပေ။ နဝမအစေခံသည်သာ မြို့၏ ပြယုဂ်ဖြစ်ပေသည်။

“ရှန်းမြို့က လူတွေလည်း ရှိသေးတယ်။ သူတို့ရဲ့ ပြန်လည် မွေးဖွားခြင်းအဆင့် သေသွားတဲ့ အတွက် ခွင့်မလွှတ်ပေးနိုင်လို့ လက်စား ချေချင်နေပုံ ရတယ်”

“ရှန်းမြို့ပဲလား” စစ်ထိုကျုံးက မျက်မှောင်ကြုတ်လိုက်သည်။ သွေးနဂါး မြစ်တိုက်ပွဲတွင် ယူချင်းကြောင့် အင်ပါယာရှန်းဘုံ၏ ရှန်းနန် ရှုံးနိမ့်ခဲ့ရပြီးနောက် သူတို့သည် အမြဲတစေ ပြဿနာရှာနေခဲ့ခြင်း ဖြစ်သည်။ သူတို့သည် အချိန်တိုင်း ရှုံးနိမ့်ခဲ့သော်လည်း လက်လျှော့ရန် ဆန္ဒမရှိပေ။

“သူတို့ မနာလိုဖြစ်နေတာ ဖြစ်မယ်ထင်တယ်။” စစ်ထိုရန်က ပြောလိုက်ပြီး လမ်းထလျှောက် လိုက်သည်။

“ယူချင်းက ရှန်းနန်ကို ရှုံးနိမ့်စေခဲ့ပြီးတော့ သူက အဲဒါကို လက်မလွှတ်နိုင်ခဲ့ဘူး။ အဲဒါက သူ့ရဲ့ စိတ်အခြေအနေကို သက်ရောက် စေလိမ့်မယ်။ သူက ဒီနေ့အထိ ရှန့်ထို ဖြစ်မလာခဲ့ဘူး။ အဲဒီနောက်မှာ ရှန်းကျယ်က မက်မွန်ပွဲတော်မှာ လာပြီး တက်ရောက်ခဲ့တယ်။ ဒါပေမဲ့ သူက ရီဖူရှင်းနဲ့ ရင်ဆိုင်ခဲ့ရပြီးတော့ အဲဒီကနေ ဘာအကျိုးအမြတ်မှ မရခဲ့ဘူး။ အဲဒီလိုနဲ့ သူက လူယုတ်မာဆိုတဲ့ အဆင့်ကို လျှော့ချချင်ရုံလေးပဲ။ ဒါက ရှန်းကျယ် အတွက်တော့ သည်းခံဖို့ ခက်လိမ့်မယ်။ အဲဒါကို အရင်က ရန်ငြိုးနဲ့ ပေါင်းလိုက်ပြီး ရီဖူရှင်းကို ဆန့်ကျင်တာ ဖြစ်မယ်။ သူက ဒီထဲမှာ ကျိန်းသေ ရောထွေးနေမှာပဲ”

“ဒါဆို အင်ပါယာရှန်းဘုံက ပြန်မဆုတ်ဘဲ ရှေးဟောင်းတော်ဝင်မြို့နဲ့ မဟာမိတ် ဖွဲ့လိုက်တာပေါ့။ သူတို့ရဲ့ စွမ်းအားတွေကို နဝမအစေခံလို တန်ခိုးရှင်ဆီ ပေါင်းထည့်ပေးလိုက်ပြီး ယုံကြည်ချက် ဒီလောက် မြင့်နေတာ ဖြစ်မယ်” စစ်ထိုကျုံးက အေးစက်စွာ ပြောလိုက်သည်။ ရှန်းမြို့မှ လူများသည် အချိန်မရွေး ဆုတ်ခွာနိုင်ပြီး အင်ပါယာရှန်းဘုံသို့ ပြန်ပြေးနိုင်သည်။

ရှန်းမြို့သည် သွေးနဂါးဘုံတွင် ခြေကုပ်ယူထားရုံသာ ဖြစ်သည်။ သူတို့သည် ထိုအားထုတ်မှုကို အဆုံးရှုံး ခံနိုင်ပေသည်။

“အခု သမီးတို့ လုပ်နိုင်တာ ဘာရှိလဲ” စစ်ထိုရန်က မေးလိုက်သည်။

“ဒီလိုအခြေအနေမှာဆိုရင် ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူး။ ငါတို့ရဲ့ မြို့စားမှာ အစီအစဉ် ရှိနေပါစေလို့ပဲ မျှော်လင့်လို့ ရတော့မယ်။ အခု သူက မြို့ထဲက တန်ခိုးရှင်တွေ အားလုံးကို အပြင်ခေါ်ထုတ် သွားတာဆိုတော့ နဝမအစေခံက သူနဲ့ ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ စဉ်းစားပြီး သူ ဘယ်လို တုံ့ပြန်မလဲ ဆိုတာပဲ ကြည့်ရတော့မယ်” စစ်ထိုကျုံးက ပြောလိုက်သည်။

စစ်ထိုရန်က ခေါင်းညိတ်လိုက်၏။ တကယ်ပင် အခြားနည်းလမ်း မရှိပေ။

ထိုသည်မှာ သူတို့သာ မဟုတ်ပေ။ ချန်ယဲ့မြို့ရှိ လူတိုင်းသည်လည်း သူတို့ မည်သည့် အခြေအနေသို့ ကျရောက်နေသလဲ သိကြသည်။ ရှေးဟောင်းတော်ဝင်မြို့သည် သူတို့ကို အပြည့်အဝ ဝန်းရံထားပေသည်။

လူတိုင်းသည် ရီဖူရှင်းနှင့် အခြားလူများ အကြောင်း ပတ်သက်၍ စိုးရိမ်နေကြသည်။

ရီဖူရှင်းသည် ချန်ယဲ့မြို့တွင် ကျော်ကြားသည့် ဂုဏ်သတင်းရှိသည်။ သွေးနဂါးဘုံတခွင် နာမည်ကြီးသည့် ဤသူနှင့် ယူချင်း နှစ်ယောက်လုံးသည် နယ်မြေအတွင်း၌ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့သည် ဒေသဘုရင် အဆင့်သတ်မှတ်ချက်တွင် ပါဝင်သည်။ ဤ အကျော်ဇေယျ ပုဂ္ဂိုလ်များသည် ချန်ယဲ့မြို့မှ ဖြစ်ကာ သူတို့ကြောင့်ပင် ဤမြို့မှ လူများ ဂုဏ်တက်ရပေသည်။

ရှေးဟောင်း တော်ဝင်မြို့ရှိ ခမ်းနားသော နန်းတော်တွင် နဝမအစေခံသည် မျက်လုံးများကို မှိတ်၍ တရားထိုင်နေပေသည်။

ထိုအခိုက်တွင် တစ်စုံတစ်ယောက် ရောက်ရှိလာသည်။ နဝမအစေခံသည် သူ့မျက်လုံးများကို ဖွင့်ကာ ထိုသူကို ကြည့်လိုက်သည်။ ထိုသူမှာ အင်ပါယာရှန်းဘုံမှ မင်းသား ရှန်းကျယ် ဖြစ်သည်။

“အရှင်မင်းသား ဘာကိစ္စရှိလို့လဲ” နဝမအစေခံက မေးလိုက်သည်။

“ကျွန်တော် ကျင့်ကြံနေရင်း အခက်အခဲ နည်းနည်းရှိတာကြောင့် စီနီယာက သင်ပြပေးဖို့ မျှော်လင့်ပါတယ်” ရှန်းကျယ်က ပြောလိုက်သည်။ သူတို့သည် ရှေးဟောင်း တော်ဝင်မြို့၏ မဟာမိတ်များ ဖြစ်ကြသည့် အတွက် နဝမအစေခံသည် သူတို့နှင့် အတိုက်အခံ မလုပ်ပေ။ အင်ပါယာရှန်းဘုံမှ အချို့သော တန်ခိုးရှင်များသည် ရှေးဟောင်း တော်ဝင်မြို့တွင် နေထိုင်နေကြပေသည်။

ရီဖူရှင်း ထွက်ပေါ်လာလျှင် သူသည် လေဟာနယ် ခရီးသွားဝင်္ကပါကို သုံး၍ ချက်ချင်း သွားရောက်နိုင်မည် ဖြစ်သည်။ သူသည် ရီဖူရှင်းကို မည်သည့် အခွင့်အရေးမှ မပေးဘဲ တစ်ချက်တည်းနှင့် သတ်နိုင်လိမ့်မည်။

“ကောင်းပြီ” နဝမအစေခံက ခေါင်းညိတ် လိုက်သည်။ ရှန်းကျယ်သည် သူ၏ အခွင့်အရေးကို အပြည့်အဝ အသုံးချနေပေသည်။ သူသည် အခက်အခဲပေါင်း များစွာအတွက် လမ်းညွှန်မှုရရန် နဝမအစေခံကို မေးမြန်းသည်။

သို့သော် နဝမအစေခံက တွေဝေမနေပေ။ ရှင်းခိုင်သည် အသတ်ခံခဲ့ရပြီး ယခုအခါတွင် သခင်ငယ်လေး ရှင်းချိုးသာ ကျန်ရစ်ပေသည်။ နောက်ခံ ကောင်းကောင်းမှ သူများနှင့် မိတ်ဆွေ ဖြစ်ခြင်းက ရှင်းချိုးအတွက် အကျိုးရှိပေလိမ့်မည်။

နဝမအစေခံသည် သူ၏ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ လမ်းညွှန်မှုအချို့ ပေးပြီးနောက် ရှန်းကျယ်က ပြောလိုက်သည်။  “ရီဖူရှင်းနဲ့ တခြားလူတွေ ထွက်သွားတာ ကြာလှပြီ။ သူတို့ မကြာခင် ပြန်လာလောက်တယ်”

“ကျုပ် စိတ်မပူဘူး” နဝမအစေခံက သာမန်သာ ပြောလိုက်သည်။

ရှန်းကျယ်သည် ခေါင်းညိတ်ကာ ပြုံးလိုက်၏။ “စီနီယာရဲ့ အစွမ်းထက်မှုနဲ့ဆိုရင် တကယ်ပဲ စိတ်ပူစရာ မလိုပါဘူး။ ရန်ဟောင် အဆင့်သာ ဝင်ရောက် စွက်ဖက်တာမျိုး မရှိခဲ့ရင် အင်ပါယာရှားဘုံက ရီဖူရှင်းကို စီနီယာ လွယ်လွယ်လေး သတ်နိုင်မှာပါ။ ဒီနေရာမှာ စောင့်နေစရာတောင် မလိုဘူး”

နဝမအစေခံသည် မည်သည့်စကားမှ မပြောပေ။ သူသည် ရီဖူရှင်းကို သွားရှာပြီး သတ်ရန်မှာ သူက သွေးနဂါးဘုံမှ ထွက်ခွာ၍ မရနိုင်ပေ။ အကယ်၍ သူသာ အင်ပါယာရှားဘုံ တစ်နေရာရာသို့ ရောက်သွားခဲ့လျှင် သူ၏ သေဆုံးခြင်းက ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။

သူသည် အလွန်အားကောင်း သော်လည်း ရန်ဟောင်တစ်ပါးနှင့်တော့ မယှဉ်နိုင်ပေ။ သွေးနဂါးဘုံတွင် သူ့အတွက် အကာအကွယ် ရှိနိုင်သေးသည်။

ရန်ဟောင်အဆင့်အောက်တွင် သူ့ကို ယှဉ်နိုင်မည့်သူ မရှိသလောက်ပင် ဖြစ်သည်။

သူတို့ စကားပြောနေစဉ် ဟိုးအဝေးမှ တိမ်တိုက်များထဲတွင် လေဟာနယ် အလင်းတစ်ခု ထိုးထွက်ကယ လင်းလက်သွားသည်။ နဝမအစေခံသည် ထိုသည်အား မော့ကြည့်လိုက်သည်။ သူသည် ရုတ်ခြည်းပင် မတ်တတ် ရပ်လိုက်ကာ လေထဲသို့ လျှောက်သွားတော့သည်။

ပုံရိပ်တစ်ခုသည် အလွန်လျင်မြန်စွာဖြင့် သူတို့ ဆီသို့ ရောက်ရှိ လာပြီးနောက် ဦးညွှတ်ကာ ပြောလိုက်သည်။ “အရှင်၊ ရီဖူရှင်းက ချန်ယဲ့မြို့ကို ပြန်ရောက်ပါပြီ”

သူသည် ထိုစကားကို ကြားသည့်အခါ အစွမ်းထက်သော အရှိန်အဝါက နဝမအစေခံထံမှ ပေါက်ကွဲထွက်လာသည်။ “သွားကြစို့” သူသည် ရှင်းလင်းကာ ကျယ်လောင်သည့် အသံဖြင့် ပြောလိုက်သည်။

သူသည် ထိုသို့ ပြောပြီးနောက် လေထဲသို့ ခြေလှမ်းလိုက်သည်။ ရှေးဟောင်းတော်ဝင်မြို့စား အိမ်တော်မှ များပြားလှသော ပုံရိပ်များမှာ လေထဲသို့ တစ်ချိန်တည်းတွင် ခြေလှမ်း လိုက်ကြသည်။ ကိုင်ဟွမ်သည်လည်း ထိုနေရာတွင် ရှိနေပြီး ရှန်းကျယ် ခေါ်ဆောင်လာသည့် တန်ခိုးရှင်များသည်လည်း လိုက်ပါသွားကြသည်။

“သွားကြမယ်” ရှန်းကျယ်က ရှင်းလင်းစွာ အော်လိုက်သည်။ သူတို့အားလုံးသည် အလွန် လျင်မြန်စွာ ရွေ့လျားနေကြသည်။ သူတို့သည် ဝင်္ကပါအတွင်းသို့ ဝင်ရောက်ကာ ရီဖူရှင်းနှင့် အခြားသူများ မရောက်ခင် ဝင်္ကပါကို အသက်သွင်း လိုက်သည်။

ထိုအခိုက်တွင် နဝမအစေခံ ဦးဆောင်သည့် လူစုမှာ ဝင်္ကပါအတွင်းသို့ ဆင်းသက်လိုက်ကြသည်။ မဟာလမ်းစဉ်၏ တောက်ပသော လေဟာနယ် အလင်းများက လင်းလက်နေပြီး ရှေးဟောင်း လေဟာနယ်လမ်းကို ဖြတ်တောက် သွားသကဲ့သို့ ထင်မှတ်ရသည်။

သူတို့အားလုံးသည် တစ်ခဏအတွင်းပင် ပျောက်ကွယ် သွားကြသည်။

***

ရီဖူရှင်းနှင့် အခြားသူများ ချန်ယဲ့မြို့သို့ ရောက်ရှိသည့်အခါ သူတို့သည် တစ်ခုခု မှားနေသည်ကို ခံစားမိလိုက်သည်။

“ကြည့်ရတာ တစ်ယောက်ယောက်က ကျုပ်တို့ဆီ သတင်းပို့ထားပုံ ရတယ်” ဝူယုံးက ရီဖူရှင်းကို တီးတိုး ပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သော်လည်း သူ့အမူအရာက ပြောင်းလဲမသွားပေ။ သူတို့သည် ထွက်ခွာသွားပြီး မြို့အလွတ်သာ ချန်ရစ်ခဲ့သည်။ နဝမအစေခံက ဤအတွက် မပြင်ဆင်ဘဲ မည်သို့ နေနိုင်မည်နည်း။ ဤသည်က သံသယမရှိ ကြီးမားသော အခွင့်အရေးပင် ဖြစ်သည်။

သူ့ဆရာသည်သာ အပြည့်အဝ ပြန်မကောင်းသေးပါက ထိုသည်မှာ ပြဿနာဖြစ်လိမ့်မည်။

သို့ပေမယ့် အခုချိန်တွင် ထိုအကြောင်းကို နည်းနည်းမျှပင် တွေးနေရန် မလိုတော့ပေ။

နဝမအစေခံက လက်မလျှော့ဘဲ သူတို့ကို တိုက်ခိုက်လျှင် ဤနေရာ၌ ထာဝရ နေရစ်ရတော့မည် ဖြစ်၏။

မြို့စားရုံးတော်ဆီသို့ လူတစ်စု လမ်းလျှောက် လာကြသည်။ လမ်းတစ်လျှောက်လုံးတွင် အရာအားလုံးသည် ပုံမှန်ဟုတ်ပုံမရပေ။

ထိုအခိုက်တွင် သူတို့၏ အောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ “မြို့စားရီ၊ ကျွန်တော်က စစ်ထိုမိသားစုဝင်ပါ။ မြို့စားရုံးတော်ကို ပြန်မသွားပါနဲ့” ရီဖူရှင်းသည် ထိုနေရာသို့ ငုံ့ကြည့်လိုက်သည်။ သူတို့ အောက်မှ လမ်းထက်တွင် လူတစ်ယောက် ရှိနေသော်လည်း သူတို့ကို ကြည့်မနေပေ။

ရုတ်ခြည်းပင် ရီဖူရှင်းသည် မည်သည့်ကိစ္စတို့ ဖြစ်နေသည်ကို သိရှိသွားသည်။ သို့သော် သူသည် မရပ်တန့်ခဲ့ပေ။

မကြာခင်မှာပင် မြို့စားရုံးတော်က သူတို့၏ မြင်ကွင်းထဲတွင် ပေါ်ပေါက်လာသည်။

သူတို့ ဆင်းသက်မလာခင် အစွမ်းထက်သည့် အရှိန်အဝါက မြို့စားရုံးတော်မှ ထွက်ပေါ်လာသည်။ ယင်းသည် ကောင်းကင်ကို ဖြတ်သန်း၍ သူတို့ကို လွှမ်းခြုံထားသည်။

လူတစ်စုသည် ထိုနေရာတွင် ပေါ်ပေါက်လာပြီး သူတို့ထဲတွင် နဝမအစေခံ၊ ကိုင်ဟွမ်နှင့် အခြားလူများ ပါဝင်သည်။ သူတို့၏ အရှိန်အဝါများသည် ထက်မြက်လှကာ အထူးသဖြင့် နဝမအစေခံပင် ဖြစ်သည်။ သူ၏ စွမ်းအားများ ထွက်ပေါ်လာသည့်အခါ အဝေးရှိ အရာအားလုံးကို ဖုံးလွှမ်းသွားပြီး ကောင်းကင်သို့တိုင် ရောက်ရှိခဲ့လေသည်။ ထိုနေရာအတွင်းရှိ လူတိုင်းသည် မွန်းကြပ်ဖွယ် ကောင်းလှသည့် ဖိအားကို ခံစားမိလေသည်။

ရီဖူရှင်းသည် သူ၏ အကြည့်ကို သူတို့ထံသို့ ပို့လွှတ်လိုက်သည်။ နဝမအစေခံနှင့် ရှေးဟောင်း တော်ဝင်မြို့မှ လူများအပြင် သူသည် အင်ပါယာရှန်းဘုံမှ ရှန်းကျယ်ကိုလည်း မြင်တွေ့ပေသည်။

ထို့အပြင် ရီဖူရှင်းကို ကြည့်နေသည့် ရှန်းကျယ်၏ မျက်လုံးများထဲတွင် အေးစက်သည့် လူသတ်ငွေ့များ ရှိနေပြီး လှောင်ပြောင်သရော်မှုများကိုလည်း ခံစားမိလေသည်။

သူက မျိုးနွယ်စုကိုးခုမှ လူများကို ဆွဲခေါ်လာရုံနှင့် အမှန်တကယ် ဤအတိုင်း ပြန်လာရဲသည်လား။

သို့သော်လည်း သူတို့သည် အနည်းငယ် ပိုသွားသည့် ပြန်လည်မွေးဖွားခြင်း တန်ခိုးရှင်အဆင့်များ ဖြစ်ကာ သူတို့တွေထဲ မည်သူက နဝမအစေခံကို ရပ်တန့်နိုင်မည်နည်း။

ရီဖူရှင်းသည် သေချင်နေသည်သာ ဖြစ်သည်။

နဝမအစေခံသည် လေထဲသို့ ဖြတ်သန်းကာ လှမ်းလာပြီး ခြေတစ်လှမ်းတည်းနှင့် ရီဖူရှင်းထံသို့ ရောက်ရှိ လာသည်။ သူသည် လက်ကို မြှောက်ကာ လေထဲသို့ ထိုးနှက်ခဲ့သည်။

သူ၏ လက်သီး ကျဆင်းလာသည့်အခါ လောကမဟာလမ်းစဉ်က ပြန့်ကျဲ သွားတော့မလို ထင်မှတ် ရပေသည်။ ရီဖူရှင်းရှိနေသည့် နေရာသည် ခွဲခြားခံလိုက်ရသကဲ့သို့ ထင်မှတ်ရပေသည်။

နဝမအစေခံ၏ လက်သီးသည် ကမ္ဘာကို တုန်လှုပ်သွားစေပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ထောင်ချီသော လက်သီးများအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ကျဆင်းလာသည်။

သို့သော် ထိုအချိန်တွင် ရီဖူရှင်း၏ ဘေးတွင် ရှိနေခဲ့သည့် အခြားသော ပုံရိပ်တစ်ခုက ရှေ့သို့ တက်လာခဲ့သည်။

သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ရှေးဟောင်း စာလုံးများ၏ အလင်းက သူ့ကို ရစ်ပတ် လွှမ်းခြုံသွားသည်။ မဟာလမ်းစဉ်၏ နတ်ဝင်္ကပါက ကောင်းကင်တွင် ပေါ်ပေါက်လာပြီး ရီဖူရှင်းနှင့် အခြားသူများ၏ အရှေ့တွင် ကာကွယ် ထားလိုက်သည်။

နဝမအစေခံ၏ လက်သီးများက ထိုအပေါ်သို့ ရိုက်ခတ်သွားခဲ့ပြီး လေထုသည် ရပ်တန့်ခြင်း မရှိ တုန်ခါနေသည်။ ကောင်းကင်နှင့် မြေကြီးသည် ကွဲထွက်တော့မယောင် ထင်မှတ်ရပေသည်။ သို့သော် တလက်လက် တောက်နေသည့် ဝင်္ကပါသည် ဆက်လက်၍ လင်းလက် တောက်ပနေဆဲပင် ဖြစ်သည်။

ချင်ရွှမ်ကန်းသည် သူ၏ လက်ကို တစ်ဖန် ဆန့်ထုတ်လိုက်ပြန်ကာ နတ်ဘုရား ဝင်္ကပါကို ရှေ့သို့ တွန်းကာ လက်သီး အားလုံးကို ချေဖျက်လိုက်ပြီး နဝမအစေခံဆီသို့ လက်ဝါးရိပ် ပို့လွှတ်လိုက်သည်။

နဝမအစေခံ၏ အမူအရာက ပြောင်းလဲသွားသည်။ သူသည် လက်သီးနှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်ကာ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ဖျက်ဆီး လိုက်သည်။ သူသည် နောက်သို့ လွင့်စဉ် သွားခဲ့သည်။ သူသည် ရှေ့တွင် မားမားမတ်မတ် ရပ်နေသည့် ထိုပုံရိပ်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက တောက်ပနေပြီး သူ့နှလုံးသားက ခုန်ပေါက်နေသည်။

ဤလူက မည်သူနည်း။

ကိုင်ဟွမ်၊ ရှေးဟောင်းတော်ဝင်မြို့မှ လူများနှင့် ရှန်းကျယ်တို့ အားလုံးသည် ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် သွားကြသည်။ ထိုသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ထိုသို့ ကြောက်မက်ဖွယ် ပုဂ္ဂိုလ်သည် ရီဖူရှင်း၏ ဘေး၌ ချက်ချင်း ပေါ်ပေါက်လာသည်။

နဝမအစေခံ၏ အဆင့်မျိုးနှင့် လူသည် တွေ့ရှိရန် မလွယ်ကူပေ။ ထိုသည်က ဘုံအားလုံးတွင် အတူတူပင် ဖြစ်သည်။ သူတို့သည် အင်ပါယာရှားဘုံမှာကဲ့သို့ အင်ပါယာရှန်းဘုံတွင် တွေ့ရှိရန် ခက်ခဲပေသည်။

“အဲဒါက တာလီပြည်ထောင်ရဲ့ နန်းတွင်းအကြံပေးပဲ” ရှန်းကျယ် နောက်မှ တစ်ယောက်က ပြောလိုက်သည်။ ထိုသူမှာ သူ၏ ညီ ရှန်းနန် ဖြစ်သည်။ သူသည် ချန်ယဲ့မြို့တိုက်ပွဲတွင် ထိုနေရာ၌ ရှိနေခဲ့၏။ အခု နန်းတွင်းအကြံပေးက ရီဖူရှင်း ဘက်တော်သား ဖြစ်သွားတာလား။

ထို့အပြင် သူက ပို၍ပင် စွမ်းအား ကြီးသေးပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset