ဝမ်ပေါင်လဲ့မှာ ထိုကျောက်စိမ်းပေလွှာကို လှမ်းဖမ်းလိုက်စဉ် ဖမ်းဆီးခံထားရသည့် ဆရာမှာ ထိုအမျိုးသမီး၏ အမိန့်ကို ကြားလိုက်ရသဖြင့် ရုတ်တရက်ဆိုသလို ရုန်းကန်လိုက်၏။ သူသည် စကားတစ်ခွန်း ပြောချင်နေသည့်ပုံ ပေါက်နေပါသော်လည်း သူ ပါးစပ်မဟနိုင်ခင်မှာပင် စွဲမက်စရာ ကိုယ်လုံးကိုယ်ပေါက်နှင့် အေးတိအေးစက်အကြည့်များ ပိုင်ဆိုင်ထားသည့် အမျိုးသမီးမှာ သူ့အား အေးစက်စက် စိုက်ကြည့်လိုက်၏။ ထို့နောက် သူမသည် သူ့ဆီသို့ လျှောက်လှမ်းသွားလိုက်ပြီး သူမ၏ ညာဘက်လက်ဖြင့် သူ့အား ရိုက်နှက်လိုက်တော့သည်။
သူမ လက်မြှောက်လိုက်သောအခါ အခြေတည်အဆင့် ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီး အမြုတေအဆင့်သို့ ဖောက်ထွက်လုဆဲဆဲ ဖြစ်နေသည့် လူတစ်ယောက်၏ စွမ်းအားများ သူမ၏ခန္ဓာကိုယ်ထဲမှ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာသည်။ ထိုစွမ်းအားကြောင့် အရပ်မျက်နှာအနှံ့သို့ တုန်ခါလှိုင်းများ ပျံ့နှံ့သွားရပြီး သူမ၏လက်ဝါးမှာ မြူခိုးတာအိုကျောင်းမှ ဆရာ၏ ရင်ဘတ်ပေါ်သို့ ရောက်သွားသောအခါ သူသည် ချက်ချင်းပင် သွေးများအန်ထွက်လာတော့သည်။ သူ၏ ရင်ဘတ်ကြီးတစ်ခုလုံး အသားစများနှင့် သွေးစများဖြင့် ဗရပွဖြစ်သွားပြီး သူ၏နံရိုးများမှာလည်း ပေါ်လာတော့သည်။
သို့သော် သူသည် သေဆုံးသွားခြင်းမရှိပေ။
” နင့်ကို လွယ်လွယ်နဲ့ သေခွင့်ပေးမယ် မထင်နဲ့ ”
ထိုအမျိုးသမီးမှာမူ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ထိုဆရာ၏ ရင်ဘတ်ပေါ်ရှိ သွေးသံတရဲရဲဖြစ်နေသော ဒဏ်ရာကြီးထဲသို့ လက်ဖြင့်နှိုက်ကာ သူ၏နံရိုးသုံးချောင်းကို ချိုးလိုက်၏။ ထိုနာကျင်မှုကြောင့် ထိုဆရာမှာ သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းနေရတော့သည်။ ထို့နောက် ထိုအမျိုးသမီးမှာ သူမ၏ သွေးများပေကျံနေသော လက်ဝါးကို ထိုဆရာ၏ အင်္ကျီပေါ်တွင် အလွယ်တကူပင် သုတ်လိုက်ပြီး နောက်သို့လှည့်ကာ ဘေးပတ်ပတ်လည်တွင် ရပ်နေသော ဆရာများနှင့် ကျောင်းသားများကို အေးစက်စက်ကြည့်လိုက်၏။
ဆရာများအားလုံးမှာ အသက်များအောင့်ထားကြပြီး ကျောင်းသားများပင်လျှင် ရင်ထဲ၌ စိုးထိတ်နေရတော့သည်။ ကျင့်သိုကျစ်မှာ ထိုအမျိုးသမီးအား သေသေချာချာ အကဲခတ် ကြည့်ရှုလိုက်ပြီးနောက် သူမမှာ မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိသွား၏။ ထို့ကြောင့် သူသည် အလောတကောနှင့် သတိဆွဲလိုက်ပြီး ဒေါင်ဒေါင်မြည် ရှိနေဆဲဖြစ်နေသည့်ပုံပေါက်အောင် ကြိုးစားလိုက်၏။ စောစောတုန်းက အခြင်းအရာအားလုံးမှာ ဟန်ဆောင်မှု တစ်ခုကဲ့သို့ပင်။
ထိုအမျိုးသမီးမှာ လူတိုင်းအား ကြောက်ရွံ့တုန်လှုပ်သွားအောင် လုပ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့ကို တစ်ချက်လေးပင် ကြည့်မနေတော့ဘဲ သင်္ဘောပျံကြီးပေါ်သို့ တန်း၍ တက်သွားလိုက်၏။ ထိုအခါ သူမ၏နောက်တွင် ရပ်နေသော ကျိုးရိရှန်မှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချမိ လိုက်၏။ ထို့နောက် သူသည် ထိုအမျိုးသမီး၏ ဩဇာအာဏာကို အခွင့်ကောင်းယူကာ ဝမ်ပေါင်လဲ့အား ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သတိမေ့မျောနေပြီဖြစ်သည့် မြူခိုးတာအိုကျောင်းမှ ဆရာဖြစ်သူအား ဖမ်းဆီးချုပ်နှောင်လိုက်သည်။ ထို့နောက် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနမှ အခြားသူများနှင့်အတူ သင်္ဘောပျံကြီးဆီသို့ ခေါ်ဆောင်သွားတော့သည်။ ခဏအကြာတွင် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာမှ သင်္ဘောပျံကြီးများအားလုံးမှာ ကောင်းကင်ပေါ်သို့ ပျံတက်သွားကြပြီး ခပ်လှမ်းလှမ်း၌ ပျောက်ကွယ်သွားကြတော့သည်။
သူတို့ထွက်ခွာသွားသောအခါ ထိုနေရာတစ်ဝိုက်တွင်ရှိနေသည့် ဝိညာဉ်ကျောက်တုံးများဖြင့် မောင်းနှင်ထားသော စက်ပစ္စည်းကိရိယာများမှာ တစ်ဖန်ပြန်၍ လည်ပတ်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်မိသွား၏။ သူသည် ကျောက်စိမ်းပေလွှာထဲတွင် မှတ်တမ်းတင်ထားသည့် အရာများကို ဖတ်ရှုပြီးသွားသောအခါ အံ့ဩတုန်လှုပ်သွားရတော့သည်။
” လူတွေရဲ့အသက်တွေကို ယဇ်ပူဇော်တဲ့နေရာမှာ သုံးပြီးတော့ တားမြစ်ကျင့်ကြံခြင်းပညာရပ်တစ်ခုကို လေ့ကျင့်နေတာပဲ။ ရှေးဟောင်းသိုင်းအဆင့်က လူခုနစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့အပြင် သာမန်လူ ဆယ့်တစ်ယောက်ကိုပါ သတ်ခဲ့သေးတယ်… ”
ကျောက်စိမ်းပေလွှာထဲတွင် စကားလုံးအနည်းငယ်မျှသာ ပါဝင်ပါသော်လည်း ထိုစာကြောင်း အနည်းငယ်မျှဖြင့် ထိုဆရာဖြစ်သူ ကျူးလွန်ခဲ့သည့် ပြစ်မှုများမှာ သိသာထင်ရှားနေပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြထားသော ရာဇဝတ်မှုများကို ဖတ်ရှုလိုက်ပြီးနောက် ခပ်လှမ်းလှမ်း ကောင်းကင်ယံထဲရှိ ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာမှ သင်္ဘောပျံကြီးများကို လှမ်း၍ကြည့်လိုက်သည်။ သူသည် ဆိတ်ငြိမ်နေဆဲဖြစ်ပြီး သူ၏ဘေးတွင်ရပ်နေသော လင်းတျန်ဟောက်မှာမူ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် တည်ကြည်လေးနက်စွာ ဆိုလိုက်တော့သည်။
” ကျောင်းအုပ်။ အဲဒီ မိန်းမရူးကို ရန်သွားမစနဲ့နော်။ သူက ရူးနေတာ ”
” မင်းက သူ့ကိုသိတယ်လား။ ဘယ်သူလဲ သူက ”
ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ ဖျတ်ခနဲလက်သွား၏။ သူသည် လင်းတျန်ဟောက်မှာ စောစောကတည်းက စကားပြောချင်နေခဲ့ပါသော်လည်း သူ့ကိုယ်သူ ပြန်၍ စိတ်ထိန်းလိုက်သည်ကို သတိထားမိခဲ့၏။ ထိုအမျိုးသမီး ရှိနေခြင်းကြောင့် လင်းတျန်ဟောက်မှာ စကားတစ်ခွန်းမှ မပြောရဲခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ကျင့်သိုကျစ်သည်လည်း ထိုအမျိုးသမီးအား သတိထားမိလိုက်ပြီးနောက် သူ၏အကြည့်များ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားသည်ကိုလည်း သူက သတိထားမိခဲ့သေးသည်။ ထို့ကြောင့် သူသည် ထိုအမျိုးသမီးမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိထားပြီး သူမအား ရန်စလိုစိတ် မရှိကြောင်း သိသာထင်ရှားပေသည်။
လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ သူသည် စောစောတုန်းက အနည်းငယ်ခန့် ကြောက်ရွံ့နေခဲ့သည့်ဖြစ်ကြောင်း စိတ်ထဲတွင် သိထား၏။ သို့သော် ထိုမိန်းမရူးမှာ သူ၏ရှေ့တွင် ရပ်နေသည်ဖြစ်ရာ သူသည် အသံတစ်သံပင် မထွက်ရဲခဲ့ပေ။ ယခုတွင်မူ သူသည် အဖတ်ဆယ်လိုသော ရည်ရွယ်ချက်ဖြင့် တိုးတိုးလေး ပြောလိုက်၏။
” ကျောင်းအုပ်။ လီရှိ့ကို မှတ်မိတယ်မလား။ လွှတ်တော်အမတ်ရဲ့ သားလေ။ ဒီ မိန်းမရူးက သူ့ရဲ့ အစ်မအရင်းပဲ ”
လင်းတျန်ဟောက်၏ အဖြေကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။
” လီရှို့ရဲ့အစ်မ ဟုတ်လား ”
ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာလည်း ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူသည် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် ရှိခဲ့စဉ်တုန်းက လီရှို့တစ်ယောက် မျက်နှာတည်ကြီးဖြင့် သူ့အား သူ၏အစ်မဖြစ်သူနှင့် မိတ်ဆက်ပေးမည်ဟု ဆိုခဲ့သောစကားကို ပြန်၍အမှတ်ရသွားသည်။
” ဟုတ်တယ်။ သူ့နာမည်က လီဝမ်အာတဲ့။ နာမည်လေးကတော့ သိမ်မွေ့ပုံရပေမဲ့ သူ့ရဲ့ မျက်နှာအမူအရာကတော့ အေးတိအေးစက်နဲ့ပဲ။ လီရှို့တစ်ယောက်တည်းနဲ့တောင် ဘယ်လောက်အထိဆိုးသွမ်းနေသလဲဆိုတာ ကြည့်လိုက်လေ။ အဲဒါဆို သူ့အစ်မက ဘယ်လိုလူစားမျိုးလဲဆိုတာ သိရလိမ့်မယ် “
” ဒီ လီဝမ်အာဆိုတဲ့ မိန်းမက ပါရမီအရမ်းပါတဲ့အပြင် အခြေတည်အဆင့် ထိပ်ဆုံးအဆင့်ကိုပိုင်ဆိုင်ထားပြီး အမြုတေအဆင့်နားအထိ ရောက်နေပေမဲ့လို့ ကျနော်တို့ထက် နှစ်နှစ်သုံးနှစ်လောက်ပဲ အသက်ပိုကြီးတာ။ ပြီးတော့ သူ့ရဲ့ပုံစံက အေးတိအေးစက်နဲ့ တော်တော်လေးကို ဖိနှိပ်ချုပ်ချယ်တတ်တာ။ သူက နှစ်တစ်သန်းနေလို့တောင် အရည်ပျော်မသွားမဲ့ ရေခဲတောင်ကြီးတစ်လုံး အတိုင်းပဲ။ ပြီးတော့ သူက အကြင်အနာတစ်စက်ကလေးမှ မရှိသလို ဇီဇာလည်း ကြောင်လွန်းတာမလို့ အခုထိ အပျိုကြီးဖြစ်နေတုန်း။ ဒါပေမဲ့ ရုပ်လေးကချောတော့ ပြီးခဲ့တဲ့နှစ်တွေတုန်းက သူ့ကို ပိုးပန်းခဲ့ဖူးတဲ့လူတွေ အများကြီးပဲ။ ဒါပေမဲ့လည်း သူ့လက်ချက်နဲ့ သူတို့အကုန်လုံး သေလုမျောပါးအထိ ဖြစ်ခဲ့ကြတာ…. ”
” ကျောင်းအုပ် ကျင့်သိုမင်ကို သိတယ်မလား။ သူလည်း အရင်တုန်းက သူ့ကို ပိုးပန်းဖူးတယ်။ သူက စကားနဲ့ပဲ ညုတုတု လုပ်ရသေးတာကို လီဝမ်အာက သူ့ကို သင်းကွပ်ပစ်ခါနီးဆဲဆဲ အခြေအနေအထိ ရောက်သွားတာတဲ့။ အဲဒါကြောင့် သူက မိန်းမဆိုးတစ်ယောက်ပဲ… တခြားလူတွေ ပြောကြတာကတော့ လီရှို့က ငယ်ငယ်လေးကတည်းက သူ့ရဲ့ အရိုက်အနှက်တွေကို ခံခဲ့ရတာဆိုပဲ။ အဲဒါကြောင့် သူက ခွင့်အရေးရတိုင်း သူ့ရဲ့အစ်မကို ရုပ်ဆိုးပြီး အရှက်မရှိတဲ့ နှာဗူး လူယုတ်မာတစ်ယောက်နဲ့ပဲ ပေးစားမှာဆိုပြီး ကျနော်တို့ရှေ့မှာ အမြဲတမ်း ကျိန်ပြောခဲ့တာ ”
လင်းတျန်ဟောက်မှာ ထိုသို့ စကားဖောက်သည်ချရင်း တဖြည်းဖြည်းနှင့် ပို၍စိတ်လှုပ်ရှားလာသောကြောင့် ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာ ရုပ်ပျက်ဆင်းပျက် ဖြစ်လာသည်ကို သတိမထားမိလိုက်ပေ။
နောက်ဆုံးမှသာ လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့ မျက်နှာပျက်နေသည်ကို သတိထားမိလိုက်သဖြင့် ချက်ချင်းဆိုသလိုပင် စကားလမ်းကြောင်း ဖြတ်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့ ထိုသို့ဖြစ်နေရသည့် အကြောင်းအရင်းကို မသိပါသော်လည်း သူထိုနေရာ၌ ဆက်ရှိနေပါက အန္တရာယ်နှင့် ကြုံရနိုင်ကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် အကြောင်းပြချက်တစ်ခုပေးကာ အလောတကြီးနှင့် ထွက်ခွာသွားပြီး ဘေးပတ်ပတ်လည်မှ လူအုပ်ကြီးကိုပင် လူစုခွဲရန် အမိန့်ပေးလိုက်၏။
မြူခိုးတာအိုကျောင်းမှ လူများအားလုံး ထွက်ခွာသွားသောအခါမှသာ ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်လာပြီး အံကြိတ်ကာ တင်းမာနေသော မျက်နှာထားဖြင့် သူ၏ ရုံးခန်းဆီသို့ ပြန်သွားလိုက်တော့သည်။
” လီရှို့။ မင်း ငါ့ရှေ့မှာ ပေါ်မလာဖို့သာ ဆုတောင်းထား။ တောက်ကွာ။ မင်းရဲ့မျက်လုံးထဲမှာ ငါက ရုပ်ဆိုးပြီး အရှက်မရှိတဲ့ နှာဗူး လူယုတ်မာတစ်ယောက်ပေါ့ ဟုတ်လား။ ငါက ဒီလောက်ချောတာတောင် သူက မမြင်နိုင်ဘူးဆိုတော့ ကန်းနေတာပဲ ဖြစ်ရမယ် ”
လီရှို့မှာ သူ့အား ရုပ်ဆိုးသည်ဟု ယူဆခဲ့သည့်အချက်ကို သူက စိတ်အဆိုးဆုံး ဖြစ်နေ၏။ ထို့ကြောင့် သူသည် လီရှို့နှင့်သာ ပြန်လည်ဆုံတွေ့ရမည်ဆိုပါက သူ့အား စစ်မှန်သော အလှတရားအကြောင်းနှင့် ပတ်သတ်၍ သင်ခန်းစာကောင်းကောင်းပေးရန် စိတ်ထဲ၌ တေးထားလိုက်တော့သည်။
သူသည် ထိုသို့တွေးတောကာ သူ၏စိတ်နှလုံးထဲရှိ မကျေနပ်ချက်များကို ချုပ်တည်းထားလိုက်ပြီး ကျောက်စိမ်းပေလွှာအား နောက်ထပ်တစ်ခေါက် ထပ်ကြည့်၍ ဘေးသို့ချထားလိုက်၏။ အမှန်အတိုင်းဆိုရလျှင် ထိုကိစ္စမှာ သူနှင့် လုံးဝသက်ဆိုင်မှုမရှိပေ။ သူသည် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာန၏ လုပ်ပုံကိုင်ပုံကိုသာ အစာမကြေ ဖြစ်နေခြင်းဖြစ်သည်။ ယခုတွင် သူသည် ပြန်လည်တည်ငြိမ်သွားပြီဖြစ်ရာ သူ၏ ခံတပ်ကြီးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များအတွက် လိုအပ်သော ပုံစံစာရွက်များကို ဆက်လက်ရေးဆွဲနေလိုက်တော့သည်။
ထိုသို့ဖြင့် တစ်ရက်တိတိ ကုန်ဆုံးသွား၏။ နောက်နေ့ နေ့ခင်းတွင် ဝမ်ပေါင်လဲ့မှာ သူ၏ အိမ်ရာထဲမှ ထွက်လာပြီး ယမန်နေ့က ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနကြောင့် ဖြစ်ပျက်သွားခဲ့သည့် အဖြစ်အပျက်ကြီးကို ပြန်လည်တွေးတောရင်း ကျောင်းအုပ်ရုံးခန်းထဲသို့ ဝင်သွား၏။ သူသည် သူတို့၏ လုပ်ပုံကိုင်ပုံကို မကျေမနပ် ဖြစ်နေသည့်တိုင်အောင် သူ၏နာမည်ကို အတိုင်းအတာ တစ်ခုအထိ ပြန်၍ အဖတ်ဆယ်နိုင်လိုက်သည်။ သို့သော် သူသည် ရုံးခန်းထဲသို့ရောက်ရှိပြီး သိပ်မကြာခင် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနမှ သင်္ဘောပျံများမှာ နောက်ထပ်တစ်ကြိမ် ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။
ယခုအကြိမ်တွင်မူ သင်္ဘောပျံကြီး တစ်စင်းထဲ ရောက်လာခြင်းဖြစ်သည်။ ၎င်းမှာ မြူခိုးတာအိုကျောင်းထဲသို့ ဗြုန်းစားကြီး ရောက်ရှိလာခြင်းမဟုတ်ဘဲ အပြင်ဘက်တွင် ရပ်ထားခြင်းဖြစ်ပါသော်လည်း ထိုသင်္ဘောပျံထဲမှ ထွက်လာသူမှာ သူ၏တာဝန်များအား အင်အားသုံး၍ တည့်တိုးဖြေရှင်းရသည်ကို ကျင့်သားရနေပြီးသား ဖြစ်နေသည့်ပုံပင်။ သူသည် ဝမ်ပေါင်လဲ့၏ ရုံခန်းထဲသို့ ရောက်နေသည့်တိုင်အောင် မျက်နှာအမူအရာ တည်ကြည်ရှိနေပြီး တည့်တိုးသာ ပြောလိုက်၏။
” ကျောင်းအုပ်ဝမ်။ ကျနော်တို့ရဲ့ ဝန်ကြီးက ဒီ စုံစမ်းစစ်ဆေးမှုမှာ ကျောင်းအုပ်ကိုယ်တိုင် ဝင်ရောက်ကူညီပေးဖို့ ဖိတ်ခေါ်ထားပါတယ် ”
ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင် မျက်နှာသေကြီးဖြင့် ရပ်နေသည့် အနက်ရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးကို အေးစက်စက်ကြည့်လိုက်ပြီး မျက်လုံးများမှေးသွား၏။
” ဘာ စုံစမ်းစစ်ဆေးမှုလဲ ”
” ကျောင်းအုပ်ဝမ်။ အဲဒါကိုတော့ ကျနော်မသိပါဘူး။ ဒါ ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနရဲ့ အမိန့်ပါ။ အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေက ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အရဆိုရင် ဒုပဏာမအဆင့်သုံးအရာရှိအောက်မှာရှိတဲ့ ဘယ်သူမဆို ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ကျောင်းအုပ်ဝမ် … ကျေးဇူးပြုပြီး ရှေ့ကကြွပါ ”
ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွား၏။ သူသည် မကျေမနပ် ဖြစ်သွားပါသော်လည်း အမှားမလုပ်ထားသည့်အပြင် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနမှာ သူ့အား ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုနေသည်ဖြစ်ရာ အကယ်၍ သူ့ဘက်မှ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက လူများမှာ သူ၏နောက်တွင် အတင်းအဖျင်း ပြောနေကြမည်သာဖြစ်သည်။ ထို့ကြောင့် သူသည် တွေးတောလိုက်ပြီးနောက် သူ၏ ကျောက်စိမ်းပေလွှာကိုထုတ်ကာ ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးအား လှမ်း၍ဆက်သွယ်လိုက်သည်။
ဂိုဏ်းချုပ်ကြီးအား ထိုကိစ္စအကြောင်း အသိပေးလိုက်သောအခါ ဂိုဏ်းချုပ်ကြီးကလည်း ဝမ်ပေါင်လဲ့အား စောင့်ကြည့်ပေးနေမည်ဟု ကတိပေးလိုက်ပြီး ပူပေါင်းဆောင်ရွက်ရန် အကြံပေးလိုက်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မတ်တတ်ထလာ၏။ သူသည် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနမှ သင်္ဘောပျံထဲသို့ ဝင်သွားခြင်းမရှိဘဲ သူ၏ ကိုယ်ပိုင်သင်္ဘောပျံကြီးပေါ်သို့သာ တတက်သွား၏။ ထို့နောက် သူသည် မျက်နှာသေကြီးဖြင့် ထို သက်လတ်ပိုင်းလူကြီး၏ နောက်မှလိုက်ကာ နယ်မြေဆယ့်ကိုးထဲရှိ ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနဆီသို့ သွားလိုက်တော့သည်။
ခဏအကြာတွင် သူသည် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနထဲသို့ ရောက်ရှိလာ၏။ ထိုဌာနထဲတွင် အနက်ရောင်အဆောက်အဦများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့ဆီမှ အလွန်အင်မတန်မှ အေးစက်သည့် ဖိနှိပ်စွမ်းအားများ ထွက်ပေါ်နေသည်။ ထိုဌာနထဲရှိ လူတိုင်းမှာ အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားကြပြီး သူတို့၏ မျက်နှာအမူအရာများမှာလည်း အလွန်အမတန်မှ တည်ကြည်နေကြသည်။
ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနမှ ဝန်ကြီး၏ရုံးခန်းမှာ ထိုအဆောက်အဦများ အားလုံး၏ အလယ်ရှိ အထပ်မြင့် အဆောက်အဦကြီး၏ ထိပ်ဆုံးအထပ်တွင် တည်ရှိသည်။ ဝမ်ပေါင်လဲ့မှာ ထိုအထပ်သို့ ရောက်ရှိသွားပြီး တံခါးဖွင့်လိုက်သောအခါ ရုံးခန်းထဲ၌ ထိုင်နေပြီး သူ့အား အေးစက်စက်စိုက်ကြည့်နေသော လီရှို့၏ အစ်မဖြစ်သူ လီဝမ်အာကို တွေ့လိုက်ရသည်။ သူမ၏ အခြေတည်အဆင့် ထိပ်ဆုံးအဆင့်တွင်ရှိသော ကျင့်ကြံခြင်းစွမ်းအားမှာ ဖိအားတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား လွှမ်းခြုံထား၏။
လီဝမ်အာမှာ ခံစားချက် ကင်းမဲ့နေပြီး အေးတိအေးစက် ဖြစ်နေပါသော်လည်း သူမ၏ပုံစံမှာ ကျောက်ယမုန့်နှင့် ဆင်တူနေသည်ဟု ဝမ်ပေါင်လဲ့ ခံစားနေရ၏။ ထို့အပြင် သူမ၏ စွဲမက်ဖွယ်ရာ ခန္ဓာကိုယ်အချိုးအစားကြောင့် ရုပ်ရည်အပိုင်းတွင် သူမသည် အတိုင်းအတာတစ်ခုအထိ ပိုသာနေ၏။
” ကျောင်းအုပ်ဝမ်။ တချို့ကိစ္စလေးတွေမှာ ရှင် ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုနေလို့ ကျမတို့က ရှင့်ကို ဖိတ်လိုက်ရတာပါ။ ကျေးဇူးပြုပြီး မှန်မှန်ဖြေနော် ”
လီဝမ်အာမှာ ဝေ့လည်ကြောင်ပတ်လုပ်မနေပဲ တည့်တိုးပြောချလိုက်၏။ မေးခွန်းအများစုမှာ ဖမ်းဆီးခံခဲ့ရသည့်ဆရာနှင့် ဆက်နွှယ်နေ၏။ ” သူ့အား မည်သည့်အချိန်တွင် စတင်အလုပ်ခန့်ခဲ့ခြင်း ဖြစ်သနည်း…. သူနှင့် အများဆုံး ထိတွေ့ဆက်ဆံခဲ့သူမှာ မည်သူဖြစ်သနည်း ” အစရှိသော မေခွန်းများဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ မကျေမနပ်ဖြစ်နေပါသော်လည်း ထိုမေးခွန်းများနှင့် ပတ်သက်၍ မည်သည့်အချက်အလက်ကိုမှ ထိမ်ချန်ထားစရာ အကြောင်းမရှိပေ။ ထို့ကြောင့် သူသည် မေးခွန်းတိုင်းကို အမှန်အတိုင်းသာ ဖြေလိုက်၏။ နောက်ဆုံးတွင် လီဝမ်အာမှာ စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ခေါင်းငုံ့ကာ စာရွက်စာတမ်းများကို စစ်ဆေးနေရင်း ဝမ်ပေါင်လဲ့အား တစ်ချက်ပင်် မော့မကြည့်ဘဲ အေးစက်စက်နှင့် ပြန်ပြောလိုက်၏။
” ရှင် သွားလို့ရပြီ။ စည်းမျဉ်းစည်းကမ်းတွေအရ ဒီရုံးခန်းထဲမှာ ပြောခဲ့တဲ့ အကြောင်းအရာတွေကို တခြားဘယ်သူမှ သိလို့မဖြစ်ဘူး။ အဲဒီလိုမှမဟုတ်ရင်တော့ ရှင် နောင်ဖြစ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူရမယ် ”
ဝမ်ပေါင်လဲ့မှာမူ အေးတိအေးစက် ဖြစ်နေဆဲဖြစ်သည့် လီဝမ်အာကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် တံခါးပေါက်ဆီသို့ လျှောက်လှမ်းသွားရင်း နောက်သို့လှည့်လာပြီး စာရွက်စာတမ်းများအား ဖတ်ရှုနေသည့် လီဝမ်အာကို အေးစက်စက်နှင့် စိုက်ကြည့်လိုက်ပြီး တည်ကြည်စွာ ဆိုလိုက်၏။
” ဝန်ကြီးလီ။ ကျုပ်က ပြည်ထောင်စုကြီးထဲမှာ လူသစ်တစ်ယောက် မဟုတ်ဘူးနော်။ ကျုပ်ကောင်းကင်တာအိုကျောင်းကို ရောက်ရောက်ချင်းတုန်းက ကျုပ်ရဲ့ တာဝန်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ရတာပဲ။ ကျုပ် အဆင့်မြင့်ကျွန်းပေါ်မှာ လက်ထောက်ကျောင်းအုပ် ဖြစ်လာတော့လည်း စုံစမ်းစစ်ဆေးရေးကိစ္စတွေကို ကျုပ်ပဲ တာဝန်ယူရတာ။ ဒီလိုကိစ္စတွေနဲ့ ပတ်သတ်ရင် ကျုပ်က ခေါင်းအစ ခြေအဆုံး အကုန်သိထားပြီးသား။
” ကျုပ် အပြစ်ရှိ၊မရှိက ဝန်ကြီးရဲ့ စကားပေါ်မှာပဲ မူတည်နေတာ။ အဲဒီတော့ ဝန်ကြီးဆီမှာ သက်သေအစစ်အမှန်တွေ ရှိတာ သေချာရဲ့လား။ ကျုပ်ရဲ့ ရှေ့မှာတင် အဲဒီဆရာကို မဟုတ်မမှန်ပဲ ထိခိုက်နစ်နာစေခဲ့တာ မဟုတ်ဘူးဆိုတာရော သေချာရဲ့လား ”
” ပြီးတော့ ကျုပ်ကို ဝန်ကြီးရဲ့ အခြေတည်အဆင့် ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းစွမ်းအားနဲ့ ဖိနှိပ်ဖို့ မကြိုးစားနဲ့။ ကျုပ်က အခြေတည်အဆင့် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို မသတ်ဖူးပေမဲ့ အခြေတည်အဆင့်ကို စရောက်ခဲ့တဲ့ အချိန်ကတည်းက အစောပိုင်း အခြေတည်အဆင့် ကျင့်ကြံသူတွေနဲ့ အလယ်အလတ် အခြေတည်အဆင့် ကျင့်ကြံသူတွေ အများကြီးကို သတ်ခဲ့တာ။ ကျုပ် လက်တစ်ချောင်း လှုပ်လိုက်ရုံနဲ့ကို နှောင်းပိုင်း အခြေတည်အဆင့် ကျင့်ကြံသူတွေကိုပါ သတ်ရင် သတ်ပစ်နိုင်တယ်။ ဝန်ကြီးလို အခြေတည်အဆင့် ထိပ်ဆုံးအဆင့်မှာရှိတဲ့ ကျင့်ကြံသူတစ်ယောက်က ကျနော့်ကို အန္တရာယ်ပေးနိုင်မှာ မဟုတ်ဘူး ”
ဝမ်ပေါင်လဲ့၏ စကားများကြောင့် လီဝမ်အာမှာ မျက်မှောင်ကြုတ်သွားရ၏။ ထို့ကြောင့် သူမမှာ ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့အား ယခင်ကထက်ပင် ပို၍အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာလည်း အလျှော့မပေးဘဲ သူမအား ပြန်ကြည့်လိုက်သဖြင့် ထို အကြည့်ချင်းပြိုင်သည့် ပြိုင်ပွဲကြီးမှာ အချိန်အတော်အတန်ကြာမြင့်သွားတော့သည်။
Ggg