ဝမ်ပေါင်လဲ့၏ စကားသံများ ကျောင်းတစ်ကျောင်းလုံးထဲ၌ ပဲ့တင်ထပ်သွားသောအခါ ဘေးပတ်ပတ်လည်တွင် ရပ်နေကြသည့် ဆရာတစ်ထောင်ကျော်မှာ ကိုလိုနီနယ်မြေစည်းကမ်းထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။ သူတို့၏ ကျင့်ကြံခြင်း စွမ်းအားများမှာလည်း ချက်ချင်းပင်ထွက်ပေါ်လာသည်။
ထိုဆရာအယောက် တစ်ထောင်ကျော်ပါသော အဖွဲ့ထဲတွင် အားအနည်းဆုံးလူများမှာ ရှေးဟောင်းသိုင်းအဆင့်၏ ဖွံ့ထွားသွေးကြောအဆင့်တွင် ရှိနေကြသည်။ အများစုမှာ အစောပိုင်း အာနာပါနအဆင့်တွင် ရှိနေကြပြီး အလယ်အလတ်အဆင့်တွင် ရှိနေကြသည့် ဆရာအရေအတွက်မှာ ဆယ်ဂဏန်းအထိရှိသည်။ ထို့အပြင် နှောင်းပိုင်းအာနာပါနအဆင့်သို့ ရောက်ရှိနေသည့် ဆရာအရေအတွက်မှာလည်း အနည်းဆုံး အယောက်သုံးဆယ်အထိ ရှိသည်။
ဝမ်ပေါင်လဲ့အား ထည့်မတွက်လျှင် အခြေတည်အဆင့်ကျင့်ကြံသူ နှစ်ယောက်သာ ရှိနေပါသော်လည်း လူဦးရေတစ်ထောင်ကျော်၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်သောအခါ ကြောက်မက်ဖွယ်ရာကောင်းနေ၏။ ထို့ကြောင့် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနမှ လူဆယ်ယောက်ကျော်မှာ တုန်လှုပ်ချောက်ချားသွားရသည်။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့၏ ဦးဆောင်မှုအောက်တွင် ဆရာများသာမက မြူခိုးတာအိုကျောင်းမှ ကျောင်းသားတစ်သောင်းကျော်မှာလည်း ကျင့်သိုကျစ်နှင့် ကျိုးမေတို့၏ နောက်မှလိုက်၍ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ ထိုအခါ သူတို့၏ ခန္ဓာကိုယ်များထဲမှ ထူးကဲသိပ်သည်းသော သွေးချီစွမ်းအားများ ချက်ချင်းဆိုသလိုပင် အံ့ဩမှင်တက်စရာ ကောင်းလောက်အောင် ထွက်ပေါ်လာကြသည်။
ကောင်းကင်ဝါးမျိုခြင်းစွမ်းရည်ကို လူအများစုက လက်ခံကျင့်သုံးနေကြပြီဖြစ်ရာ မြူခိုးတာအိုကျောင်းမှ ကျောင်းသားအများစုမှာ ယောက်ျားလေးများဖြစ်စေ၊ မိန်းကလေးများဖြစ်စေ ဖက်တီးလေးများအဖြစ်သို့ ရောက်နေကြပြီဖြစ်သည်။ သူတို့မှာ ဝကစ်နေကြပါသော်လည်း သူတို့၏ သွေးချီများမှာ အခြားသူများထက် သိသိသာသာပို၍ အစွမ်းထက်နေပြီဖြစ်သည်။ သူတို့၏ အပြင်အားများမှာလည်း အံ့ဩဖွယ်ရာ ကောင်းနေသည်ကို မြင်နိုင်ပေသည်။
ထို့ကြောင့် ဆရာများသာမက သူတို့နှင့်ကျင့်ကြံခြင်းအဆင့်များ တူညီနေကြသည့် ကျောင်းသားပေါင်း တစ်သောင်းကျော်၏ ခန္ဓာကိုယ်များထဲမှ ထွက်ပေါ်လာကြသည့် သွေးချီများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ကိုလိုနီနယ်မြေစည်းကမ်းထိန်းသိမ်းရေးဌာနမှ လူတိုင်းကို လေးဘက်လေးတန်မှ ဝန်းရံထားလိုက်ကြတော့သည်။
ထိုကဲ့သို့ အံ့ဩတုန်လှုပ်ဖွယ်ရာ မြင်ကွင်းကြီးကြောင့် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနမှ အနက်ရောင်ဝတ်စုံနှင့် လူဆယ်ယောက်ကျော်မှာ တုန်လှုပ်ချောက်ချားသွားကြပြီး မျက်နှာများ ဖြူဆုတ်သွားကြတော့သည်။ သူတို့အားလုံးမှာ အထိတ်တလန့်ဖြစ်နေကြ၏။ စွဲမက်ဖွယ်ရာ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးမှာ တချိန်လုံး အမူအရာမပျက် တည်ငြိမ်စွာရှိနေဆဲ ဖြစ်ပါသော်လည်း သူမ၏ဘေးတွင် ရပ်နေသည့် ကျိုးရိရှန်မှာမူ သူမကဲ့သို့ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။ သူသည် ဆရာတစ်ထောင်ကျော်နှင့် ကျောင်းသားတစ်သောင်းကျော်တို့ကို မြင်လိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များထဲမှ ထွက်ပေါ်နေသော သွေးချီများကို အာရုံခံမိလိုက်သောအခါ သူ၏ အသက်ရှူသံများမှာ ထိန်းမနိုင်သိမ်းမရ မြန်ဆန်လာတော့သည်။
အကယ်၍ ကျောင်းအုပ်မှာ ဝမ်ပေါင်လဲ့ မဟုတ်ဘဲ အခြားတစ်ယောက်ယောက်သာ ဖြစ်နေမည်ဆိုပါက သူသည် ဂရုစိုက်နေမည်မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ စိတ်ဆတ်ပြီး သူ၏ဆန္ဒအတိုင်း ဖြစ်မလာလျှင် လက်သီးဖြင့် ဖြေရှင်းလေ့ရှိကြောင်း သူက သိထားသဖြင့် အကယ်၍ ဝမ်ပေါင်လဲ့သာ ဒေါသထွက်သွားမည်ဆိုပါက အခြားလူအားလုံးအား တိုက်ခိုက်ရန် အမိန့်ပေးလိုက်မည်ကို စိုးရိမ်နေသည်။
ထို့ကြောင့် ကျိုးရိရှန်မှာ အလွန်အင်မတန်မှ စိုးထိတ်လာသဖြင့် ဝမ်ပေါင်လဲ့အားကြည့်ကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။
” ဝမ်ပေါင်လဲ့။ မင်းက ပုန်ကန်ဖို့ ကြိုးစားနေတာလား။ မင်းတို့တွေ အကုန်လုံးကရော ပုန်ကန်ဖို့ ကြိုးစားနေတာလားကွ ”
ကျိုးရိရှန်မှာ ဉာဏ်များသူတစ်ယောက်ဖြစ်သည်။ သူသည် ထိုကဲ့သို့ စကားအနည်းငယ် ဆိုလိုက်ရုံမျှဖြင့် ဝမ်ပေါင်လဲ့အား ကျဉ်းထဲကျပ်ထဲသို့ ရောက်သွားအောင် ပို့နိုင်လိုက်သလို သူ၏ပတ်ပတ်လည်မှ လူများကိုလည်း ဖိအားပေးနိုင်လိုက်သည်။ သူပြောချင်သည့် အဓိပ္ပါယ်မှာ သိသာထင်ရှားပေသည်။ အကယ်၍ တစ်ယောက်ယောက်ကသာ တိုက်ခိုက်မည်ဆိုပါက ၎င်းအား ပုန်ကန်ရန် ကြိုးပမ်းမှုတစ်ခု အဖြစ် သတ်မှတ်လိုက်မည်ဖြစ်သည်။
သူ၏စကားမှာလည်း အမှန်တကယ်ပင် အကျိုးသက်ရောက်မှုအချို့ ရှိပေသည်။ ဆရာအချို့မှာ ကြောက်ရွံ့သွားကြပြီး သူတို့၏ ဟိတ်ဟန်အပြည့်ရှိနေသော အမူအရာများမှာလည်း အားလျော့စပြုလာ၏။ ဝရန်တာပေါ်တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့မှာမူ အစပိုင်းတွင် သူ့ကျောင်း၏ တုံ့ပြန်ပုံကို ကျေနပ်အားရနေခဲ့ပါသော်လည်း ကျိုးရိရှန်၏ စကားကို ကြားလိုက်ရပြီးနောက် ဆရာအချို့မှာ တွေဝေတွန့်ဆုတ်သွားကြသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် သူသည် ကြောက်လန့်တကြားဖြစ်နေသော လူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျိုးရိရှန်အား ပြန်ကြည့်ကာ စကားပြောရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် ဝမ်ပေါင်လဲ့အား အကဲခတ်နေခဲ့သော ကျင့်သိုကျစ်မှာ ထိုအခြေအနေကြီး တစ်ခုလုံးကို စိတ်ထဲတွင် ဝေဖန်သုံးသပ်ပြီးသွားသောကြောင့် မျက်လုံးများ အရောင်လက်သွား၏။ သူသည် ဝမ်ပေါင်လဲ့အား ဖားနိုင်မည့် အခွင့်အလမ်းတစ်ခုကို ရှာတွေ့သွားသဖြင့် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားတော့သည်။ ထို့ကြောင့် သူသည် ကောင်းကင်ကြီးမှာ သူ့ဘက်တွင်ရှိနေကြောင်း မှတ်ယူလိုက်ပြီး ကျောင်းအုပ်အား သူ၏ သစ္စာစောင့်သိမှုများကို ပြသနိုင်မည့် အခွင့်အရေးတစ်ခုကို ရရှိသွားပြီဟု ယုံကြည်လိုက်၏။ ထို့နောက် သူသည် စိတ်ကျေနပ်စွာဖြင့် ရှေ့သို့ပြေးထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
” ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနက တော်တော်ဗိုလ်ကျတာပဲ။ သူတို့က အာဏာပိုရှိတယ် ဆိုပြီးတော့ အားနည်းတဲ့ လူတွေကို ဖိနှိပ်နေတာ ”
ကျင့်သိုကျစ်၏ အော်သံမှာ ကျယ်လောင်လွန်းနေ၏။ သူသည် ထိုသို့အော်ဟစ်လိုက်ပြီးနောက် သူ၏လက်ကိုမြောက်ကာ ရင်ဘတ်ပေါ်သို့ အားပါပါ ရိုက်ချလိုက်၏။
သူသည် အားပါပါ ထိုးနှက်လိုက်သောကြောင့် သူ၏ပါးစပ်ထဲမှ သွေးများစွာ ပန်းထွက်လာသည်။ ထို့နောက်သူသည် နောက်သို့ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားပြီး သွေးများပြည့်နှက်နေသည့် ပါးစပ်ဖြင့် သနားစရာကောင်းစွာ ဆိုလိုက်သည်။
” မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့။ ငါ့အဘိုးနဲ့ တိုင်ရမယ် ”
ကျိုးမေမှာလည်း မျက်လုံးများ အရောင်လက်သွားပြီး သူမကိုယ်သူမ ချက်ချင်းပင် ထိုးနှက်လိုက်သည်။ ခဏအကြာတွင် ကျောင်းသားများအားလုံးမှာ ထိုအခြေအနေတစ်ခုလုံးကို ရိပ်စားမိသွားကြသဖြင့် ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။ သူတို့မှာ နောက်ဖြစ်လာမည့် အကျိုးဆက်များကို ကြောက်ရွံ့နေခြင်းမရှိဘဲ သူတို့ကိုယ်သူတို့ အကြိမ်အနည်းငယ်ခန့် ထိုးနှက်လိုက်ကြ၏။ ထို့ကြောင့် သူတို့ထဲမှ အချို့မှာ သွေးများအန်ထွက်လာကြပြီး အချို့မှာမူ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာကြတော့သည်။ ကျောင်းသားဦးရေပေါင်း တစ်သောင်းကျော်ထဲမှ တစ်ဝက်ကျော်မှာ ထိုကဲ့သို့ ပြုမူနေကြသည်ဖြစ်ရာ ထိုမြင်ကွင်းကြီးမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေတော့သည်။ နောက်ဆုံးတွင် သူတို့မှာ နာကျည်းစွာ အော်ဟစ်မြည်တမ်းကာ နောက်သို့ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားကြ၏။
” ကိုလိုနီနယ်မြေစည်းကမ်းထိန်းသိမ်းရေးဌာနက လူတွေက ငါ့ကို တိုက်ခိုက်ခဲ့တာပဲ။ ငါ့အမေကို ဒီကိစ္စနဲ့ပတ်သက်ပြီး လက်တုံ့ပြန်ခိုင်းရမယ် “
” မင်း ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့။ ငါ့အဖေက ကျိုးယွင်တောက်ကွ ”
” ငါ ငယ်ငယ်လေးကတည်းက ဘယ်သူကမှ ငါ့ကို ရိုက်ဖူးတာမဟုတ်ဘူး။ မင်းတို့က ငါ့ကို ရိုက်နှက်ရဲလောက်အောင် သတ္တိကောင်းနေတယ်ပေါ့… ငါ့အဘိုးက ဒီကိစ္စကို ခွင့်လွှတ်မှာမဟုတ်ဘူး ”
ထိုကဲ့သို့ အော်ဟစ်မြည်တမ်းသံများ ပဲ့တင်ထပ်နေစဉ် ဘေးပတ်ပတ်လည်မှ ဆရာများမှာ ဆွံ့အသွားကြ၏။ လင်းတျန်ဟောက်မှာလည်း ကြက်သေသေနေသလို ဝမ်ပေါင်လဲ့ပင်လျှင် အံ့အားသင့်သွားရသည်။ ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနမှ လူများဆိုလျှင် တုန်လှုပ်ချောက်ချားနေရပြီ ဖြစ်သည်။ သူတို့မှာ ကျောင်းသားများ၏ ဒေါသတကြီးအော်ဟစ်သံများကို နားထောင်ရင်း အသားများတုန်ရီနေကြပြီး ရူးသွပ်လုမတတ် ခံစားနေရတော့သည်။
သူတို့ထဲမှ မည်သူကမှ ကျောင်းသားများအား မတိုက်ခိုက်ခဲ့ပေ။ ကျောင်းသားများ၏ ခြိမ်းခြောက်မှုများမှာ ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနမှ လူများကို မဟုတ်မမှန် စွပ်စွဲနေခြင်းသာဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ကြံရာမရဖြစ်ကာ စိတ်ညစ်နေကြတော့သည်။ ကျိုးရိရှန်မှာမူ တုန်လှုပ်ချောက်ချားမှုများကြောင့် အသက်ရှူများပင် ကျပ်လာရပြီး ပို၍ စိုးထိတ်လာရတော့သည်။ ကျောင်းသားအနည်းငယ်မျှသာ ထိုကဲ့သို့လုပ်နေလျှင် ကိစ္စမရှိပါသော်လည်း ယခုတွင် ကျောင်းသားပေါင်း မြောက်မြားစွာ တစ်ပုံစံတည်း လိုက်လုပ်နေကြသည်ဖြစ်ရာ သူတို့၏ ကျောထောက်နောက်ခံ အင်အားများမှာ အလွန်အင်မတန်မှ ကြီးမားနေပြီဖြစ်သည်။ ထို့ကြောင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုပင်လျှင် ထိုအခြေအနေအား အလေးအနက်ထား၍ ဖြေရှင်းရတော့မည်ဖြစ်သည်။
” ဒီကျောင်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲဟ။ ဘာလို့ ငါက သရုပ်ဆောင်ကျောင်းတစ်ကျောင်းကို ရောက်နေသလို ခံစားနေရတာလဲ ”
ကျိုးရိရှန်မှာ ကြောက်ရွံ့တုန်လှုပ်ကာ မကျေမချမ်းဖြစ်နေ၏။ ကျောင်းသားများမှာ ကျင့်ဝတ်သိက္ခာ မဲ့လွန်းနေသည် မဟုတ်ပါလော။
သို့သော် သူတို့မှာ ကျင့်ဝတ်သိက္ခာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့အန်ထုတ်လိုက်သော သွေးများမှာ အစစ်များဖြစ်ကြသည်။ ထို့ကြောင့် သူသည် အလွန်အင်မတန်မှ ခံပြင်းကာ စိတ်သောက ရောက်နေရတော့သည်။ မြူခိုးတာအိုကျောင်းသို့ သွားရန် တွန်းအားပေးခဲ့သူမှာ သူဖြစ်နေသည် မဟုတ်ပါလော။ ပုံမှန်လုပ်ထုံးလုပ်နည်းများအရဆိုလျှင် သူသည် ကျောင်းကော်မတီအဖွဲ့နှင့် အရင်ဆုံးတွေ့ဆုံကာ ဂါရဝပြုရမည်ဖြစ်သည်။ သို့သော် သူသည် ဝမ်ပေါင်လဲ့နှင့် မတည့်သောကြောင့် ထိုလုပ်ထုံးလုပ်နည်းများကို လျစ်လျူရှုခဲ့ခြင်းဖြစ်သည်။
အစပိုင်းတွင် သူသည် ဝမ်ပေါင်လဲ့မှာ မည်မျှပင် မကျေမချမ်းဖြစ်စေကာမူ အနည်းငယ်လေးပင် ပြန်လည်တုံ့ပြန်လိမ့်မည် မဟုတ်ဟု တွေးထား၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ရိုးရှင်းသော စကားလေးတစ်ခွန်းဖြင့် မြူခိုးတာအိုကျောင်း တစ်ကျောင်းလုံးအား ယခုလို အားမာန်အပြည့်ဖြင့် ပြန်လည်တုံ့ပြန်အောင် လုပ်နိုင်လိမ့်မည်ဟု သူက လုံးဝထင်မှတ်မထားခဲ့ပေ။
သူသည် တဖြည်းဖြည်းနှင့် ပို၍ စိတ်သောကရောက်နေရစဉ်တွင် ဝမ်ပေါင်လဲ့မှာ ကျင့်သိုကျစ်နှင့် အခြားသူများကို ဆွံ့အမှင်တက်စွာ စိုက်ကြည့်နေမိတော့သည်။ ထိုကောင်စုတ်လေးများမှာ အံ့ဩဖွယ်ရာ အပြင်ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြသည်ဖြစ်ကြောင်း သူက သိထား၏။ ထို့အပြင် သွေးအန်ထုတ်ခြင်းမှာလည်း သူတို့အတွက်ဆိုလျှင် တံတွေးထွေးသလောက် လွယ်ကူနေသည်မဟုတ်ပါလော။ သူတို့မှာ ဒဏ်ရာရသွားကြသည်ပုံ ပေါက်နေပါသော်လည်း လက်တွေ့တွင်မူ ငါးမိနစ်ခန့် တရားထိုင်လိုက်ရုံမျှဖြင့် အကောင်းပတိအတိုင်း ပြန်ဖြစ်သွားမည်ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ သူတို့၏စွမ်းဆောင်မှုကို ကျေနပ်နေဆဲပင်။ မည်သည့်အခြေအနေသို့ ရောက်နေစေကာမူ သူ၏ကျောင်းမှာ အလျှော့မပေးသင့်ကြောင်း သူက မှတ်ယူထား၏။ အဖမ်းအဆီး ခံလိုက်ရသည့် ဆရာမှာမူ မကြာသေးမီကမှ ခေါ်ထားသည့် ဆရာတစ်ယောက်ဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အား ရင်းရင်းနှီးနှီး မသိပေ။ ထို့အပြင် ထိုဆရာမှာ ကျောင်းထဲ၌ စစ်ဆေးခံနေရဆဲဖြစ်ရာ သူ့အား သင်ကြားမှုတာဝန်များ မပေးအပ်ရသေးပေ။ သူ့အား အပြီးအထိ စစ်ဆေးပြီးမှသာ စာသင်ကြားနိုင်ရန် စီစဉ်ပေးမည်ဖြစ်သည်။
သူသည် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနက ဆရာများကို ဖမ်းဆီးထိန်းသိမ်းရန်အတွက် လူများစေလွှတ်လိုက်သည်ကို စိတ်ပူမနေခဲ့ပေ။ သို့သော် သူတို့မှာ ကြိုတင်ကြေညာခြင်းမရှိဘဲ အတင်းအဓမ္မ ဝင်ရောက်လာခဲ့သောကြောင့် သူသည် နားမလည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရ၏။ ယခုလိုမျိုး ကိုင်တွယ်ဖြေရှင်းပုံများကို သူသည် လက်ခံနိုင်စရာ အကြောင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာ ဒုပဏာမအဆင့်လေးအရာရှိတစ်ယောက် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ကျိုးရိရှန်နှင့် သူ၏အပေါင်းအပါများကို ကြည့်လိုက်ပြီးနောက် သူ၏ညာလက်ကိုမြှောက်ကာ အော်ပြောလိုက်၏။
” တိတ်စမ်း ”
သူ ထိုသို့ အမိန့်ပေးလိုက်သောအခါ ဘေးပတ်ပတ်လည်ရှိ ဆရာများနှင့် ကျောင်းသားများအားလုံး ငြိမ်ကျသွားကြ၏။ ကျင့်သိုကျစ်နှင့် အပေါင်းအပါများ အားလုံးမှာလည်း သတိအနေအထားဖြင့် မတ်တတ်ရပ်ကာ ဝမ်ပေါင်လဲ့အား ကြည့်လိုက်ကြ၏။
ထိုကဲ့သို့ သြဇာညောင်းမှုကြီးကြောင့် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနမှ လူများအားလုံး ဝမ်ပေါင်လဲ့အား ကြောက်ရွံ့လေးစားစွာဖြင့် ချက်ချင်းပင် ကြည့်လိုက်ကြတော့သည်။ ကျိုးရိရှန် တစ်ယောက်သာလျှင် မကျေမချမ်းဖြစ်နေပြီး ဝမ်ပေါင်လဲ့အား ဒေါသတကြီးနှင့် စိုက်ကြည့်နေ၏။
ဝမ်ပေါင်လဲ့ကမူ ကျိုးရိရှန်အား လုံးဝလျစ်လျူရှုလိုက်ပြီး စတင်ရောက်ရှိလာသည့် အချိန်ကတည်းက ယခုအထိ သူ၏ဘေး၌ မလှုပ်မယှက်နှင့် တည်ငြိမ်စွာ ရပ်နေသည့် စွဲမက်ဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်နှင့် အမျိုးသမီးအားကြည့်ကာ တည်ကြည်စွာ ဆိုလိုက်၏။
” တာအိုရောင်းရင်း။ ကျုပ်ရဲ့ပိုင်နက်ထဲက လူတွေကို ဖမ်းခေါ်သွားချင်တယ်ဆိုရင် အနည်းဆုံးတော့ ရှင်းပြဖို့လိုတာပေါ့ ”
” ဝမ်ပေါင်လဲ့။ အပိုတွေမလုပ်နဲ့။ ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနက လိုအပ်လို့ဆောင်ရွက်နေရတာ။ မင်းကို ဘာမှရှင်းပြနေစရာမလိုဘူး။ မင်း… ”
ကျိုးရိရှန်မှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် လှောင်ပြောင်သည့်လေသံဖြင့် ရယ်မောကာ ဆိုလိုက်၏။ သို့သော် သူ စကားမဆုံးခင်မှာပင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို နောက်သို့လှည့်လာပြီး အသံဩကြီးဖြင့် အော်ပြောလိုက်၏။
” ပါးစပ်ပိတ်ထားစမ်း။ ငါက မင်းရဲ့ အထက်လူကြီးနဲ့ စကားပြောနေတာ။ ကြားဖြတ်ဝင်ပြောရဲလောက်တဲ့ အထိကို မင်းက ရဲတင်းနေပါလား။ ရိုင်းလိုက်တဲ့ကောင်။ ငါက ဘာကြောင့် မေးခွင့်ရှိရတာလဲ ဟုတ်လား။ ဘာလို့လဲဆိုတော့ ဝမ်ပေါင်လဲ့ဆိုတဲ့ငါက မြူခိုးတာအိုကျောင်းရဲ့ ကျောင်းအုပ်၊ အင်္ဂါဂြိုဟ်ရဲ့ ဆရာ၊ ဘုရင်ခံကိုယ်တိုင် နာမည်ပေးခဲ့တဲ့ တိမ်ပျံကျောင်းသားတပ်ပေါင်းစုရဲ့ တည်ထောင်သူနဲ့ ဒုပဏာမအဆင့်လေးအရာရှိတစ်ယောက် ဖြစ်နေပြီးတော့ ပြည်ထောင်စုကြီးအတွက်လည်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ပေးခဲ့လို့ပေါ့ကွာ ”
” အဲ့လောက်ဆို လောက်ပြီလား ”
” ပြီးတော့ ကျိုးရိရှန်။ မင်းက ပုန်ကန်မှုဆိုတဲ့ စကားလုံးကို လွယ်လွယ်နဲ့ ပြောထွက်ခဲ့တာနော်။ အဲဒီတော့ ငါက ကျောင်းသားမိဘတွေအားလုံးကို ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနက ကျိုးရိရှန်က ခင်ဗျားတို့ရဲ့ သားသမီးတွေကို ပုန်ကန်မှုတစ်ခု ကြံစည်နေပါတယ် ဆိုပြီးတော့ စွပ်စွဲနေတယ်လို့ သွားပြောပေးမယ်။ ဘုရင်ခံကိုယ်တိုင် နာမည်ပေးထားတဲ့ တိမ်ပျံကျောင်းသားတပ်ပေါင်းစုက ပုန်ကန်ဖို့ စီစဉ်နေပါတယ်ဆိုပြီး စွပ်စွဲနေတယ်လို့ပါ ထည့်ပြောပေးမယ် ”
ကျိုးရိရှန်မှာ ဝမ်ပေါင်လဲ့၏ စကားများကြောင့် အဆက်မပြတ် ထိုးနှက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ အထူးသဖြင့် နောက်ဆုံးစကားတစ်ခွန်းမှာ သူ့အား ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့၏။ သူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် အေးတိအေးစက် အမူအရာနှင့် ရပ်နေသည့် စွဲမက်ဖွယ်ခန္ဓာကိုယ် အချိုးအစားတစ်ခုအား ပိုင်ဆိုင်ထားသော အမျိုးသမီးမှာ မျက်မှောင်ကြုတ်သွားပြီး ကျိုးရိရှန်အား တည်ကြည်စွာ အမိန့်ပေးလိုက်၏။
” တိတ်စမ်း ”
သူမသည် အစပိုင်းတွင် သူမ၏ လက်အောက်ငယ်သားအား ကျေနပ်အားရနေခဲ့ပါသော်လည်း ယခုတွင်မူ အနည်းငယ်ခန့် အားမလိုအားမရ ဖြစ်နေပြီဖြစ်သည်။ ကျိုးရိရှန်မှာ စိတ်နှလုံး တုန်ရီသွားကာ သူမ၏အမိန့်ကို ချက်ချင်းပင် နာခံလိုက်ပြီး စကားတစ်ခွန်းမှ ဆက်မပြောရဲတော့ပေ။ သူသည် အလွန်အင်မတန်မှ ခံပြင်းနေပါသော်လည်း ဤအမျိုးသမီးမှာ သူ အပြစ်လုပ်မိ၍မဖြစ်သော လူတစ်ယောက်ဖြစ်ကြောင်း သူက ကောင်းကောင်းကြီနားလည်ထား၏။ သူမ၏ မိသားစုနောက်ခံအင်အားဖြစ်စေ၊ ရာထူးအဆင့်အတန်းဖြစ်စေ၊ ကျင့်ကြံခြင်းအဆင့်ဖြစ်စေ သို့မဟုတ် သူမ၏အကြောင်းနှင့် ပတ်သတ်၍ ပျံ့နှံ့နေသောသတင်းများဖြစ်စေ၊ ၎င်းတို့အားလုံးမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေသည်သာဖြစ်သည်။
ထိုအမျိုးသမီးမှာ ကျိုးရိရှန်အား ပါးစပ်ပိတ်ခိုင်းလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား အေးတိအေးစက် မျက်ဝန်းများဖြင့် ပေါ်ပေါ်ထင်ထင် စိုက်ကြည့်လိုက်၏။ ထို့နောက် သူမ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုအား ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်သည်။
” ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနက သက်သေအထောက်အထားတွေ ခိုင်လုံမှ လူတွေကို ဖမ်းဆီးတာ။ နင့်ဘာသာနင် ဖတ်ကြည့်လိုက်တော့ ”
သူမသည် ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ဂရုစိုက်မနေတော့ဘဲ ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနမှ သူမ၏ လက်အောက်ငယ်သားများအား အမိန့်ပေးလိုက်သည်။
” ဒီ မိစ္ဆာကျင့်ကြံသူကို ခေါ်သွားလိုက်တော့ “
ဝမ်ပေါင်လဲ့အငယ်စာစလေးတွေ
၂၄ ဝယ်လို့ရဘူး
အခုမှအရောင်းစာရင်းထဲထည့်လိုက်လို့ ပြန်ဝယ်ကြည့်ပေးပါ