ဤဝံပုလွေသည် သေချာပေါက် တောရိုင်းဝံပုလွေစစ်စစ် ဖြစ်ပြီး အလွန် ရန်လို၏။ ရဲ့လင်းချန်၏ ရင်ထဲ၌ စိတ်အေးသလို ဖြစ်သွားလေသည်။
သူ ခေါင်းလောင်းများ ကြိုနေရာချထားမိ၍ တော်သေးသည်။ သို့မဟုတ်ပါက ဤဝံပုလွေသည် သူတို့အား လုံးဝ ရှာမတွေ့နိုင်အောင် တိုက်ခိုက်နေလောက်သည်။ ထိုသို့ဆိုလျင် သေကြေထိခိုက်ဒဏ်ရာရသူများ ရှိလာပေ လိမ့်မည်။
“ခင်ဗျားတို့ နောက်ဆုတ်ကြ”
ရဲ့လင်းချန် အလေးအနက် ပြောလိုက်သည်။ ထို့နောက် သူ ဝံပုလွေထံသို့ ချဉ်းကပ်သွားသည်။
“အဲ့ကို မသွားနဲ့လေ”
ရှောင်ဖေးဖေး ထိတ်လန့်ကာ မျက်နှာ ဖြူဖပ်ဖြူရော်နှင့် ရဲ့လင်းချန်၏ အင်္ကျီစကို တင်းနေအောင် ဆုပ်ကိုင်လာသည်။
“စိတ်အေးအေးထားပါ ကျွန်တော် အဆင်ပြေပါတယ်”
ရဲ့လင်းချန်က နောက်လှည့်၍ ပြုံးလိုက်ပြီး ရှောင်ဖေးဖေး၏ လက်ကို ညင်သာစွာ ဖယ်ရှားလိုက်သည်။ ရဲ့လင်းချန် မှလွဲ၍ အခြားလူများအားလုံး တစ်ကိုယ်လုံး တောင့်တင်းကာ လှုပ်ရှားရန် ကြောက်နေကြသည်။
မျက်စိရှေ့၌ ရှိနေသော အရာသည် တောရိုင်းဝံပုလွေတစ်ကောင် ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုတည်းနှင့်တင် လူတိုင်းအား ကြောက်စိတ် ဝင်လာအောင် လုပ်နိုင်၏။
“ဂီး …”
ရဲ့လင်းချန် ချဉ်းကပ်လာသည်ကိုမြင်ပြီး ဝံပုလွေက ကိုယ်ကိုကိုင်း၍ ခပ်တိုးတိုး မာန်လေသည်။ ဒါရိုက်တာလီသည် ထိတ်လန့်နေရာမှ ချက်ချင်း အသိဝင်လာပြီး တီးတိုး ပြောလိုက်သည်။
“မြန်မြန်လုပ် ကင်မရာတွေကို မြန်မြန် အသင့်ပြင် ငါတို့ ဒီအခန်းကို ရိုက်ထားမှ ဖြစ်မယ်”
ကျောက်ဟန်သည် ထိတ်လန့်မှုကြောင့် မျက်ရည်များ ဝဲနေလေသည်။ ဒါရိုက်တာလီ၏ စကားကို ကြားသော် သူ့မျက်နှာသူ သုတ်ရန် အချိန်မရလိုက်ပေ။ သူသည် ကင်မရာအား ဝံပုလွေနှင့် ရင်ဆိုင်နေသော ရဲ့လင်းချန် ရှိရာသို့ ဖြည်းဖြည်းချင်း ချိန်လိုက်သည်။
“ငါ့ကောင် ဒီနေရာက ငါစောင့်ကြည့်နေတဲ့ နေရာပဲ၊ ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ ထွက်သွားလိုက်ပါ”
ရဲ့လင်းချန်က ဝံပုလွေအား အရှုံးပေးလာစေရန် ကြိုးစားလေသည်။
“ဂါး”
သို့သော် လုံးဝ အသုံးမဝင်ပေ။ ဝံပုလွေက မာန်ဖီ၍ ရဲ့လင်းချန်ထံသို့ ခုန်အုပ်လာသည်။ ဝံပုလွေ၏ တိုက်ခိုက်မှုသည် တစ်ဘဝလုံး မရေတွက်နိုင်အောင် အမဲလိုက်ခဲ့ရ၍ ပြေပြစ်သွက်လက်ပြီး မြန်ဆန်ကာ ကြမ်းကြုတ်လေသည်။
ရဲ့လင်းချန်သည် သူ သင်ယူခဲ့သမျှ အရာအားလုံး အသုံးမဝင်တော့ကြောင်း သတိထားမိလိုက်ပြီး မြေကြီးပေါ်၌ လှိမ့်၍ တိုက်ခိုက်မှုကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နိုင်သည်။
*ငါ ဝံပုလွေကို ဦးအောင် တိုက်ခိုက်ခွင့် ပေးလို့မဖြစ်ဘူး*
ရဲ့လင်းချန်၏ စိတ်ထဲ၌ ထိုသို့အတွေးပေါ်လာ၏။ သူ ဆတ်ခနဲ ပြန်ခုန်ထ၍ ကိုယ်ကို မတ်လိုက်သည်။ ထို့နောက် နောက်ဆုတ်ရမည့်အစား ဝံပုလွေထံသို့ ပြေးဝင်သွားသည်။
ရဲ့လင်းချန် ပေါ့ပေါ့တန်တန် မလုပ်ရဲဘဲ လက်သီးများကို ဆက်တိုက် ပစ်သွင်းလိုက်လေသည်။
“ဒုန်း”
ဝံပုလွေသည် နာနာကျင်ကျင် ညည်းတွားလိုက်မိပြီးနောက် ၎င်း၏ မျက်လုံး၌ သတ်ဖြတ်လိုစိတ်များ ပြင်းထန် လာသည်။ ထို့နော်က တစ်ဖက်လှည့်၍ ရဲ့လင်းချန်အား ပြေးကိုက်လေသည်။
*တောင်ဖြိုလက်သီး*
ရဲ့လင်းချန်သည်လည်း ထိုးစစ်ဆင်နေ၏။ ဝံပုလွေ၏ ခြေထောက်တစ်ဖက်ကို ဖမ်းချုပ်၍ တစ်ပတ်လှည့်ကာ ကျောဖြင့် ဝင်တိုက်လိုက်သဖြင့် ဝံပုလွေ၏ ဦးခေါင်း ယိုင်ထွက်သွားသည်။
ထို့နောက် သူသည် တံတောင်ဆစ်ကိုမြှောက်၍ ဝံပုလွေ၏ လည်ပင်းကို အားဖြင့် ထောင်းချလိုက်သည်။ လှုပ်ရှားမှုတိုင်းက မြန်ဆန်လှပြီး အားကုန်သုံးထားရသဖြင့် ရဲ့လင်းချန် ချွေးများဖြင့် ရွှဲနစ်နေသည်။
သားရဲနှင့် ရင်ဆိုင်ရသည့် ဖိအားက လူတစ်ယောက်နှင့် ယှဉ်ချရသည်ထက် အဆပေါင်းများစွာ ပိုပြင်းထန် လေသည်။
အစောပိုင်းက တိုက်ခိုက်မှုမျိုးနှင့် သာမန်လူကို တိုက်ခိုက်ပါက တစ်ဖက်လူ ထပင်ထနိုင်မည် မဟုတ်ပါ။ သို့သော် ဤဝံပုလွေသည် အားအပြည့်ဖြင့် ရှိနေသေးသည်။
သူ လက်နက်တစ်ခု ရှာရန် လိုအပ်ပေသည်။ ရဲ့လင်းချန် ဘေးဘီကို ဝေ့ကြည့်၍ လိုက်ရှာနေမိသည်။ သူ့ခန္ဓာကိုယ်က တောင့်တင်းနေပြီး အလွန် သတိထားနေရသည်။
ဝံပုလွေကြီးသည် ရဲ့လင်းချန်အား သားကောင်သဖွယ် မှတ်ယူနေပြီး လည်ချောင်းသံဖြင့် မာန်ဖီလေသည်။ ၎င်းက ရဲလင်းချန်ကို တစ်ပတ်ပတ်နေပြီး အခွင့်ကောင်းကို စိတ်ရှည်လက်ရှည် စောင့်နေ၏။
ရဲ့လင်းချန်သည်လည်း ထိုနည်းတူ ပြုမူနေမိသည်။ ဝံပုလွေကြီးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး ချွေးပင် သုတ်ချိန် မရှိချေ။
လူသားတစ်ယောက်နှင့် ဝံပုလွေတစ်ကောင်တို့သည် အခွင့်သာမည့် အချိန်ကို စောင့်နေသော်လည်း သတိလွတ် မနေကြပါ။
အခြားသူများသည် နှလုံးဖောက်သွားမည်ကို စိုးရိမ်ပြီး အသက်ပင် အောင့်ထားမိသည်။ ရှောင်ဖေးဖေးသည် လက်သီးကို တင်းနေအောင် ဆုပ်ထားမိပြီး ရဲ့လင်းချန်ကို စိုးရိမ်တကြီး ကြည့်နေကာ လက်ကြားထဲ၌ ချွေးစေး များပင် ထွက်နေ၏။
“လင်းချန် ကြိုးစားထား”
“ဂါး”
အချိန်အတော်ကြာ စောင့်ကြည့်နေပြီးနောက် ဝံပုလွေ စိတ်မရှည်တော့ချေ။ မာန်ဖီသံ ပေးလိုက်ပြီးနောက် ရဲ့လင်းချန်ကို ထပ်မံ၍ ခုန်အုပ်လေသည်။
ရဲ့လင်းချန်၏ မျက်လုံးက ချက်ချင်း လက်ခနဲ ဖြစ်သွားပြီး ကိုယ်ကို နောက်ပြန်လှဲချလိုက်သည်။ မြေကြီးနှင့် ကြောကိုကပ်ကာ ခြေထောက်နှစ်ချောင်းလုံးကို လေပေါ်ထောင်၍ သူ့ပေါ် ခုန်အုပ်လာသည့် ဝံပုလွေ၏ ဝမ်းဗိုက်အား ကန်ထုတ်လိုက်သည်။
ထိုကန်ချက်ကြောင့် ဝံပုလွေ လွင့်ထွက်သွားသည်။ ထို့နောက် သူ တစ်ပတ်လှည့်၍ ပြန်ထကာ မြေကြီးပေါ်မှ တုတ်တစ်ချောင်းကို ကောက်ယူလိုက်သည်။
၎င်းတုတ်ချောင်းသည် သိပ်မထူပေ။ ရဲ့လင်းချန်က လက်ဖြင့် နှစ်ပိုင်းပိုင်း၍ ချွန်နေသော ဘက်ကို ရှေ့သို့လှည့်ကာ ကိုင်ထားလေသည်။
“လာလေ”
လက်ထဲ၌ လက်နက်တစ်ခု ရှိလာသောကြောင့် ရဲ့လင်းချန် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ ဝံပုလွေက လျှာဖြင့် နှုတ်သီးကို ပြန်သပ်လိုက်သည်။ ချွန်ထက်နေသော ၎င်း၏သွားများကို မြင်နေရသည်။ ထို့နောက် ၎င်းသည် ပါးစပ်ကို ဖြဲ၍ ရဲ့လင်းချန်ထံ ပစ်ဝင်လာ၏။
*အရဟာ လက်သီးရဲ့ လစန္ဒာကို ရှာဖွေခြင်း*
ထိုအခါ ရဲ့လင်းချန်က မရှောင်ဘဲ ညာလက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ သူ့လက်သီးက ဝံပုလွေ၏ ပါးပေါ် ကျရောက် သွားသည်။
“ဒုန်း”
လက်သီးနှင့် ဝံပုလွေဦးခေါင်းတို့ အပြင်းအထန် တိုက်မိသွားလေသည်။ ထိုအားက ရဲ့လင်းချန်၏ လက်မောင်းတစ်ခုလုံးကို တစ်ခဏမျှ ထုံကျဉ်သွားစေသည်။ ချွန်ထက်နေသော သွားစွယ်များက ရဲ့လင်းချန်၏ လည်ပင်းနားမှ ကပ်ကာ လွဲချော်သွားလေသည်။
*ဒါ အခွင့်ကောင်းပဲ*
ရဲ့လင်းချန် အံကြိတ်၍ ဘယ်လက်ဖြင့် တုတ်ချွန်ကိုကိုင်၍ ဝံပုလွေ၏ လည်ပင်းကို ထိုးစိုက်လိုက်သည်။
“ရွှစ်”
သွေးများ ပန်းထွက်လာသည်။ ဝံပုလွေသည် နာကျင်သွားသဖြင့် တစ်ကိုယ်လုံး တုန်ယင်ကာ ထွက်ပြေးရန် ကြိုးစား လေသည်။ ရဲ့လင်းချန် ညှာတာမနေတော့ဘဲ ဝံပုလွေ၏ ဝမ်းဗိုက်ကို ခုန်ကန်လိုက်သည်။
“အာဝူး …”
ဝံပုလွေ အနောက်သို့ ငါးမီတာကျော် လွင့်ထွက်သွားပြီး သစ်ပင်တစ်ပင်နှင့် ဆောင့်မိသွားသည်။ ဝံပုလွေ၏ အခြေအနေက ပုံပျက်ပန်းပျက် ဖြစ်သွားပြီး ကိုယ်ကိုကိုင်း၍ တောထဲသို့ ထော့နဲ့ထော့န့် ဝင်သွားလေသည်။
“ခင်ဗျားတို့ ဒီမှာပဲ နေခဲ့၊ ဘယ်မှမသွားနဲ့”
ရဲ့လင်းချန်၏ မျက်လုံးများ ဖျတ်ခနဲ လက်သွားပြီး သူတို့ကို သတိပေးပြီးသည်နှင့် ဝံပုလွေနောက်သို့ ပြေးလိုက် သွားသည်။
ဝံပုလွေသည် ဒဏ်ရာရထားသဖြင့် သွားနှုန်းက နှေးကွေးသည်။ လမ်းတစ်လျှောက် သွေးစက်များလည်း ကျနေ သဖြင့် ရဲ့လင်းချန် နောက်ယောင်ခံလိုက်ရ လွယ်နေ၏။
မကြာခင်မှာပင် ဝံပုလွေသည် ခံနိုင်ရည် ကုန်ဆုံးသွားပြီး အပေါက်တစ်ပေါက်ရှိသော သစ်ပင်ရှေ့၌ ပစ်လဲကျ သွားသည်။
“အီ …”
သစ်ပင်မှ အပေါက်သည် လူတစ်ယောက်၏ ကိုယ်တစ်ဝက်မျှ အမြင့်ရှိသည်။ အထဲ၌ ဝံပုလွေပေါက်လေး နှစ်ကောင် ရှိနေပြီး တစ်ကောင်မှာ မီးခိုးရောင်ရှိကာ ကျန်တစ်ကောင်က အစိမ်းရောင် ဖြစ်သည်။ သားပေါက်လေး နှစ်ကောင်လုံး မျက်လုံးပင် မပွင့်သေးချေ။ သူတို့သည် ကြေကွဲဖွယ်ကောင်းသော တစ်စုံတစ်ရာကို အာရုံခံမိပုံရပြီး အချင်းချင်း တိုးဝှေ့ပူးကပ်ကာ အီနေလေသည်။
“ဂီး …”
ရဲ့လင်းချန်ကိုမြင်သော လဲကျနေသည့် ဝံပုလွေကြီးက ခပ်တိုးတိုး မာန်ပြီး တုန်တုန်ယင်ယင်နှင့် ထနိုင်ရန် အစွမ်းကုန် ကြိုးစားရှာသည်။ ၎င်း၏ လည်ပင်းမှ သွေးများ စိမ့်ထွက်လာ၏။
“အီ …”
မာန်သံမှနေ၍ ညည်းသံအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ ဝံပုလွေကြီး၏ မျက်လုံး၌ အသနားခံသော အရိပ်အယောင်များကို ရဲ့လင်းချန် မြင်လိုက်ရသည်။
“စိတ်မပူနဲ့ ငါ မင်းကလေးတွေကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်”
ရဲ့လင်းချန်က အသံတိုးတိုးဖြင့် ပြောလိုက်ပြီး သက်ပြင်းချလိုက်သည်။ ၎င်းဝံပုလွေက ရဲ့လင်းချန်၏ စကားကို နားလည်ပုံ ပေါ်ပြီး နောက်ဆုံးတစ်ကြိမ် အီသံပေးကာ အသက်ထွက် သွားလေသည်။
ရဲ့လင်းချန်သည် ဝံပုလွေထံမှ အကြည့်လွှဲ၍ သစ်ပင်အပေါက်သို့ ကြည့်လိုက်သည်။ ယင်းသစ်ပင်၏ အပြင်ဘက်သည် မထင်မှတ်ထားလောက်အောင် သပ်ရပ်ပြီး အထဲကလည်း သန့်ရှင်းလွန်းသည်။ ထို့အပြင် အောက်ဘက် သုံးမီတာမျှလည်း ရှင်းလင်းနေ၏။ ၎င်းသည် ဝံပုလွေတစ်ကောင် လုပ်နိုင်သည့် အစွမ်းအဆထက် ကျော်လွန် နေသည်။
“ဒီမှာ တစ်ယောက်ယောက် နေခဲ့တာများလား”
ရဲ့လင်းချန် သစ်ပင်အပေါက်ကို သေချာလေ့လာလိုက်သည်။ အတွင်းပိုင်းက သူ ထင်ထားသည့်အတိုင်းပင် ကျယ်ပြန့်ပြီး လူနှစ်ယောက်ပင် တိုးကြိတ်ခြင်း မရှိဘဲ နေနိုင်လောက်သည်။
“ဒီလောက် ရူးတဲ့ ခရီးသွား မရှိလောက်ပါဘူး၊ ရှန်နုန်ကျားမှာ တကယ်ပဲ လူရိုင်းတွေ ရှိနေတာလား”
“လူရိုင်းတွေက သစ်ပင်တစ်ပင်ကို ဒီလိုမျိုး သပ်သပ်ရပ်ရပ် အပေါက်ဖောက်ဖို့ သိပါ့မလား”
ရဲ့လင်းချန်သည် ဤအပေါက်က ရိုးရှင်းသော ကိစ္စမဟုတ်မှန်း သိသော်လည်း လက်ရှိတွင် သူ ဘာမှမတတ်နိုင်ချေ။ နောက်ဆုံး၌ သူသည် ဝံပုလွေပေါက်လေး နှစ်ကောင်ကို ချီ၍ ထွက်လာခဲ့လိုက်သည်။
“လင်းချန် နင် ပြန်လာပြီပဲ”
ရဲ့လင်းချန် ပြန်လာသည်ကို မြင်ပြီးမှ ရှောင်ဖေးဖေး သက်ပြင်းချလိုက်မိသည်။
“ဟင် … ဒါက ဘာလဲ”
“ခုက ဝံပုလွေရဲ့ ကလေးတွေထင်တယ်၊ အဲ့ကောင်က ဒီမှာ တစ်ကောင်တည်း ဖြစ်နေတဲ့ပုံပဲ၊ ကလေးတွေကို စောင့်ရှောက်ရင်း အဖွဲ့နဲ့ ကွဲသွားတဲ့ပုံပဲ”
ရဲ့လင်းချန် ခန့်မှန်းပြောဆိုလိုက်သည်။
“ဝါး … ချစ်ဖို့ကောင်းလိုက်တဲ့ အကောင်ပေါက်လေးတွေ”
ဝံပုလွေပေါက်လေးတွေကို ကြည့်ပြီး သူတို့၏ ချစ်စဖွယ်ကောင်းပုံကြောင့် ရှောင်ဖေးဖေး၏ နှလုံးသားလေး အရည်ပျော် ကျသွားသည်။ တစ်ချိန်တည်းမှာပင် သူမ သနားစိတ် ဖြစ်ပေါ်လာ၏။
“နင် တော်တော် ရက်စက်တာပဲ၊ သူတို့အမေကို သတ်လိုက်မှတော့ သူတို့တွေ နောက်ပိုင်း ဘာဖြစ်သွားမလဲ”
ရဲ့လင်းချန် ထိုစကားကို ပြန်အဖြေမပေးတတ်တော့ချေ။
“…”
Xxxx