အပိုင်း(၁၃၁၃)

ရှုံးနိမ့်ထွက်ပြေးခြင်း

မျက်စိကျိန်းစေသည့် အလင်းများက တဖြည်းဖြည်း လွင့်စဉ်ပပျောက်ကာ လေထဲတွင် တစ်စုံတစ်ယောက် ပေါ်ပေါက်လာသည်။

ထိုလူမှာ အခြားမဟုတ်ဘဲ နဝမအစေခံဖြစ်သည်။

သူ၏ လက်မောင်းတစ်ဖက်က ဖျက်ဆီးခံလိုက်ရသည်။ ဓားစွမ်းအားများက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး သူ့အဝတ်များတွင် အနီရောင်တို့ စွန်းထင်းနေစေသည်။

သူ၏ မျက်နှာကို ကြည့်ရသည်မှာ ဖြူဖျော့နေပြီး သူ့ နှုတ်ခမ်းထောင့်တွင် သွေးစတို့ ရှိနေ၏။

သို့သော်လည်း သူ့ မျက်လုံးများကတော့ နက်ရှိုင်း၍ ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်ကာ အေးစက်မှုများနှင့် တောက်ပနေသည်။

ထိုသည်မှာ ရီဖူရှင်း သူ့အတွက်ပေးသည့် လက်ဆောင်လားဟု သူ တွေးလိုက်သည်။

ထိုဓားသည် သူ့ကို တိုက်ခိုက်သည့်အခါ၌ သူ၏ ညာဘက်လက်ကိုသာ အတိအကျ ဖျက်ဆီးရန် ရည်ရွယ်ခြင်း မဟုတ်ပေ။ ကြောက်မက်ဖွယ် လေဟာနယ်ဖျက်ဆီးခြင်း စွမ်းအားများသည် ထိုတိုက်ခိုက်မှု၌ ပါဝင်နေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပိုင်းပိုင်း အစစ ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်ခြင်း ဖြစ်ပေသည်။ ထို့အပြင် ထိုကြောက်မက်ဖွယ် ဓားစွမ်းအားများသည် သူ့ကို ထိခိုက်စေရန် ရည်ရွယ်သော်လည်း သူ၏ လွှမ်းမိုးနိုင်သော မဟာလမ်းစဉ် စွမ်းအားများကို သုံးကာ အတင်းအကျပ် ဖိနှိပ်၍ သူ၏ ခန္ဓာကိုယ် အပိုင်းပိုင်း ဖျက်ဆီးခံရခြင်းမှ တားဆီးခဲ့ရသည်။

ထိုအချိန်တွင် သူ ရရှိသော ဒဏ်ရာများမှာ ပြင်းထန်လှသည်။

သူက ရှေ့သို့ စူးစိုက်ကြည့်လိုက်သည်တွင် ဆယ်ကျော်သက်အရွယ် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးငယ်လေး တစ်ဦးသည် သူမ၏ ပါးစပ်မှ သွေးစတချို့ စီးကျကာ ရပ်နေသည်ကို မြင်၏။ သူမ၏ ဖြစ်တည်မှုတစ်ခုလုံးသည် ဓားစွမ်းအား အလင်းများနှင့် လွှမ်းခြုံခံထားရပေသည်။ သူမသည်သာလျှင် ဓားတစ်လက်၏ သရုပ်သကန် ဖြစ်နေသည်ဟု ထင်မှတ်ရပေသည်။

သူသည် ထိုမျှထိ ဆိုးဝါးစွာ ထိခိုက်ဒဏ်ရာ ရလိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်မထားခဲ့ပေ။ အဆိုးဆုံးမှာ သူ ချန်ယဲ့မြို့သို့ ခြေချခဲ့သည်မှာ အချိန် အနည်းငယ်မျှပင် မကြာမြင့်သေးသော်လည်း ထိုမျှ ပြင်းထန်သည့် ဒဏ်ရာကို ရရှိခဲ့ပြီ ဖြစ်သည်။

ရှင်းခိုင်၏ သေခြင်းတရားက သူ့ကို အလွန် နာကျင်စေသော်လည်း သူ၏ သခင်လေးသည် အမှန်တကယ် ပြင်းထန်ခက်ခဲသည့် တိုက်ပွဲကို တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။

နဝမအစေခံသည် ရှင်းခိုင်ကို နှစ်ပေါင်းများစွာ ကာကွယ်စောင့်ရှောက် ပေးလာခဲ့သည်။ ရှင်းခိုင်၏ ကျင့်ကြံခြင်းတွင် သူ၏ ပါရမီနှင့် စိတ်အခြေအနေသည် သံသယဖြစ်ရန်မရှိ စစ်မှန်၏။ သို့သော်လည်း သူသည် စိတ်ဓာတ်ကြံ့ခိုင်ခြင်း ကင်းမဲ့နေသည်။ ဤကား ရှင်းခိုင်သည် သေရေးရှင်ရေး အကျပ်အတည်းများနှင့် ခက်ခဲကြမ်းတမ်းသော ဘဝအတွေ့အကြုံများ ကင်းမဲ့၍ ဖြစ်သည်။

ရီဖူရှင်းသည်တော့ ထိုအတွေ့အကြံများကို ဖြတ်ကျော်ပြီး ခိုင်မာသော စိတ်ဝိညာဉ်ကို လက်ကိုင်ထား နိုင်ပေသည်။ သူသည် တစ်ဘက်လူအား သတ်ကိုသတ်ရမည့် မဟာရန်သူများအဖြစ် သတ်မှတ်လိုက်သည်နှင့် တွေဝေခြင်းမရှိ ရှင်းခိုင်ကို သေသည်အထိ တိုက်ခိုက်ရန် စိန်ခေါ်စာ ပို့ဆောင်ခဲ့ကာ သွေးနဂါးမြစ်၌ တိုက်ခိုက်မှု ပြုလုပ်ရန် ခွင့်တောင်းခဲ့သည်။ ထို့အတူပင် ရီဖူရှင်းသည် ချန်ယဲ့မြို့တွင် နဝမအစေခံကို သေစေနိုင်လောက်သည့် ထောင်ချောက်ဆင် ထားခဲ့သည်။

သူသည် ရန်သူများကို ဖယ်ထုတ်ရန် မည်သို့ လုပ်သင့်သည်ကို ကောင်းစွာ သိရှိပြီး သူ့ကို ခြိမ်းခြောက်လာသူ မှန်သမျှအား အမြစ်ဖြတ်သုတ်သင်ရန် ကြိုးစားလေသည်။ ရီဖူရှင်းနှင့် ယှဉ်ကြည့်လျှင် ရှင်းခိုင်သည် သူ၏ ပါရမီ အရည်အချင်းများထက် ပို၍ နိမ့်ကျနေပေသည်။

ထို့အပြင် သူ သိမ်းပိုက်ထားပြီးသော မျိုးနွယ်စုကိုးခုမှ ပြန်လည်မွေးဖွားခြင်း အဆင့်များကိုလည်း သူ့အတွက် တိုက်ခိုက်ပေးရန် စည်းရုံးထားနိုင်ခဲ့ပြီး ဖြစ်လေသည်။

ဤကပင် ရှင်းခိုင်ထံ၌ ချို့တဲ့နေသည့် အရည်အချင်း ဖြစ်သည်။ နဝမအစေခံ၏ မျက်စိရှေ့မှ ထို အဖြူရောင်ဝတ် မိန်းမငယ်လေးသည်လည်း  နဝမအစေခံနှင့် တိုက်ခိုက်ရန်မှာ မည်မျှ အန္တရာယ်များသည်ကို သိရှိပေသည်။

သို့သော် သူမသည် တွေဝေခြင်းမရှိ လှုပ်ရှားခဲ့သည်။ သူမသည် ဒုတိယ တိုက်ခိုက်မှုကိုပင် ဖော်ထုတ်တော့မည် ပြုသည်။

မဟာလမ်းစဉ်၏ ဓားဝင်္ကပါသည် အလယ်တွင် ရပ်နေသည့် သူမကို ဗဟိုပြု၍ ရစ်ပတ်နေသည်။ သူမသည် ကောင်းကင်ကို ဖြတ်ကျော်ပိတ်ဆို့ကာ ဓားဝင်္ကပါ ပတ်လမ်းသည် အဆုံးမဲ့ ဓားအလင်းများနှင့် ပေါင်းစပ်သွားပေသည်။ ပေါင်းစပ်ခြင်းသည် ပြည့်စုံသည် ဓားတစ်လက်တည်း ဖြစ်သွားသည်အထိ ဆက်လက်၍ ပေါင်းစပ်နေပြီးနောက် သူ့ထံသို့ ဝင်ရောက်လာပြန်သည်။

သူမ၏ မျက်လုံးများသည် အေးစက်၍ ဆုံးဖြတ်ချက်များက ခိုင်မာနေသည်။ ထိုမျက်လုံးများထဲတွင် တွေဝေခြင်း အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။ သူမသည် ပစ်မှတ်ကိုသာ အာရုံစိုက်ကာ သတ်ဖြတ်ရန် အခိုင်အမာ ဆုံးဖြတ်ထားလေသည်။

လေဟာနယ်ကို ဖြတ်သန်းလာသည့် ထိုတိုက်ခိုက်မှုသည် အလွန်လျင်မြန်လှသည်။ ထိုအရာအားလုံးသည် အတွေးတစ်ချက် အချိန်မျှပင် ကြာမြင့်ပေသည်။

သို့ရာတွင် နဝမအစေခံကလည်း အလျင်အမြန် တုံ့ပြန်လိုက်သည်။ သူသည် ထိုဓားက လျှပ်ပြက်သကဲ့သို့ လာနေသည့် အချိန်၌ ဖြည်းညင်းစွာ ခြေလှမ်းလိုက်သည်။ သူက ခြေတစ်လှမ်းသာ လှမ်းလိုက်ခြင်း ဖြစ်သော်လည်း သူ့အနီးတွင် ကြောက်မက်ဖွယ် တုန်ခါမှုကြီး ပေါ်ပေါက်လာသည်။ ကြောက်မက်ဖွယ် တုန်ခါမှု မုန်တိုင်းသည် သူ့အနီးတွင် ဖြစ်တည်လာပြီး ယင်းသည် အနီးသို့ မည်သည့် စွမ်းအားမှ ရောက်မလာစေရန် တားဆီးပေးနိုင်စွမ်း ရှိလေသည်။

သူ့ထံလာနေသည့် ထိုဓားအလင်းများသည် ချက်ချင်းပင် ပျက်စီးသွားခဲ့၏။ ထိုဓားလမ်းကြောင်းတွင် အလယ်၌ တောက်ပနေသည့် ဓားတစ်လက်သာလျှင် ဆက်လက် တည်ရှိနေပေသည်။

နဝမအစေခံသည် သူ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားစေသည်။ သူ၏ အရှိန်သည် မယုံနိုင်စရာနှုန်းဖြင့် တိုးမြင့်လာပြီး သူ့ကို မျက်လုံးနှင့်ပင် မြင်ရန် ခက်ခဲသွားရပေသည်။

ထန်…

ဓားက ရောက်ရှိလာပြီး နဝမအစေခံသည် သူ့လက်ကို ဆန့်ထုတ်ကာ ဓားသွားထိပ်ဖျားသို့ ညွှန်လိုက်သည်။

ထိုတောက်ပသည့် ဓားအလင်းများသည် ကြောက်မက်ဖွယ် ဓားမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားကာ အရှိန် ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ဓားဝင်္ကပါသည် နဝမအစေခံ၏ ခုခံကာကွယ်ရေးကို ထိုးဖောက်ကာ သူ့ကို ထိုးနှက်ရန် ရည်ရွယ်ထားသော်လည်း နဝမအစေခံသည် သူတို့ဝန်းကျင်ရှိ လေဟာနယ် အရှင်သခင်ကဲ့သို့ မားမားမတ်မတ် ရပ်နေသည်ဟု ရာရာ ခံစားမိလေသည်။ ထိုလက်တစ်ချောင်းတွင် ပါဝင်နေသည့် စွမ်းအားသည် သူတို့အနီးရှိ မဟာလမ်းစဉ်၏ စွမ်းအား အားလုံးဟု ထင်မှတ်ရပေသည်။

ဘုန်း… ဘုန်း… ဘုန်း…

ဓားဝင်္ကပါသည် လုံးလုံးလျားလျား ဖျက်ဆီးခံ လိုက်ရလေသည်။ ရာရာ၏ ဓားသည် ကြေမွပျက်စီးသွားသည်။ သူမ တိုးသဲ့စွာ ညည်းညူလိုက်သည်။ ကြည့်ရသည်မှာ သူမသည် ပြင်းထန်သည့် တုန်ခါမှုကြောင့် ဒဏ်ရာရရှိသွားပုံပေါ်ပြီး သူမအား နောက်သို့ လွင့်စဉ်သွားစေသည်။ သူမသည် အသုံးပြုခဲ့သည့် စွမ်းအားများ၏ တန်ပြန် သက်ရောက်မှုကြောင့် ခဏချင်းအတွင်းတွင် တိုက်ပွဲကွင်းပြင်မှ အဝေးသို့ ပျံသန်းဆုတ်ခွာ သွားရလေ၏။

ရာရာသည် သွေးတစ်လုတ် အန်လိုက်ရကာ ဖြူဖျော့နေ၏။

သူမကား ယခင်နှစ်များက သူမ၏ ကျင့်ကြံခြင်းအဆင့် အထွတ်အထိပ်သို့ ပြန်ရနေလျှင်ပင် နဝမအစေခံနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်သည်ကို သိရှိပေသည်။

နဝမအစေခံသည် ရန်ဟောင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် ပုဂ္ဂိုလ်ဟု ကျော်ကြားသည် မဟုတ်ပါလား။

သူ၏ လက်မောင်းတစ်ဖက်က ပျက်စီးသွားပြီး ဒဏ်ရာများစွာ အပြင်းအထန် ရရှိထားသော်လည်း သူသည် မျက်တောင်တစ်ချက် မခတ်ခဲ့ပေ။ သူသည် ဘယ်ဘက်လက်ဖြင့် ဆက်လက် တိုက်ခိုက်နေ၏။

သို့ရာတွင် ထိုတိုက်ပွဲ၌ သူမတစ်ယောက်တည်း တိုက်ခိုက်နေခြင်း မဟုတ်ပေ။

နဝမအစေခံသည် ရာရာ နောက်ဆုတ်သွားသည်နှင့် အထက်မှ ကြောက်မက်ဖွယ် ဖိအားကျဆင်းလာသည်ကို ခံစားမိလိုက်သည်။

သူသည် ခေါင်းကို ပင့်မကာ ကြည့်လိုက်လျှင် ကြယ်ခူးဆွတ်သူ ရှန့်ထိုက အထက်မှ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်ကို မြင်လိုက်ရ၏။ လက်သီးကျဆင်းလာလျှင် ကောင်းကင်ကို ဖြတ်သန်း၍ ကြယ်များ ကြွေကျလာသည်ဟု ထင်မှတ်ရပေသည်။ နဝမအစေခံသည် ထိုတိုက်ခိုက်မှု တစ်ချက်တည်းတွင် အလွန်ကြောက်မက်ဖွယ် တိုက်ခိုက်မှု စွမ်းအားများ ပါဝင်နေသည်ကို ခံစားမိလိုက်ပေသည်။

သူနှင့် ကြယ်ခူးဆွတ်သူ ရှန့်ထိုသည် ယခင်က တိုက်ခိုက်ခဲ့ဖူးသည်။ သူသာ အသင့်ဖြစ်နေခဲ့လျှင် ကြယ်ခူးဆွတ်သူ ရှန့်ထိုက သူ့ကို ယှဉ်တိုက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုလူအိုကြီးက အရှက်မရှိ ဒရွတ်ဆွဲ ပြေးရလိမ့်မည် ဖြစ်၏။

သို့သော်လည်း ကြယ်ခူးဆွတ်သူ ရှန့်ထိုသည် သူ့နည်းသူ့ဟန်ဖြင့် အလွန် ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားဆဲ ဖြစ်ကာ အထူးသဖြင့် တိုက်ခိုက်ရေးစွမ်းအားကို ဖော်ထုတ်လိုက်သည့်အခါတွင် တိုက်ကွက်တိုင်း၌ ကြယ်တာရာ စွမ်းအားများ ပါဝင်နေပေသည်။

ကြယ်ခူးဆွတ်သူ ရှန့်ထိုသည် ကြယ်တာရာ တိုက်ပွဲသဏ္ဌာန်ကို ပြောင်းလဲလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပနေပြီး သူ၏ လက်သီးများက ပို၍ ကြောက်မက်ဖွယ် ကောင်းလာပေသည်။  ယင်းတို့သည် ကောင်းကင်ကိုပင် ဖျက်ဆီးပစ်ရန် ရည်ရွယ်နေသကဲ့သို့ ဖြစ်သည်။

နဝမအစေခံက ခြေလှမ်းလိုက်ပြီး သူ့ခန္ဓာက အထက်သို့ ရွေ့လျားလိုက်သည်။ သူသည် ကြယ်ခူးဆွတ်သူ ရှန့်ထို၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရမည့်အစား တည့်တည့် ပြေးဝင်သွားလေသည်။

သူသည် ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ ကောင်းကင်ကို ဆုပ်ဆွဲလိုက်သည်။ ကြီးမားသည့် လက်ဝါးရိပ်ကြီးက အထက်တွင် ပေါ်ပေါက်လာပြီး ကြယ်များအားလုံး အနီးသို့ ကျဆင်းလာကာ ကြယ်စင်ကောင်းကင်ကြီးကို တုန်ခါသွားစေသည်။

ဘုန်း…

ကြယ်ခူးဆွတ်သူ ရှန့်ထို၏ တိုက်ခိုက်မှုသည် သူတို့၏ ပစ်မှတ်ကို ထိမှန်သွားသော်လည်း ချက်ချင်းပင် နဝမအစေခံ၏ လက်က လှုပ်ရှားသွားသည်။ မရေတွက်နိုင်သည့် လက်ဝါးရိပ်များသည် ထိုးထွက်သွားခဲ့ပြီး ကောင်းကင်ထက်မှ တစ်ခုပြီးတစ်ခု လှိုင်းများသဖွယ် ကျဆင်းလာကာ ကြယ်ခူးဆွတ်သူ ရှန့်ထို၏ တိုက်ခိုက်မှု စွမ်းအားစီးကြောင်းကို နောက်ဆုတ်သွားစေရန် လုပ်ဆောင်လိုက်သည်။

သို့သော်လည်း ထိုလက်အရိပ်လှိုင်းများမှာ အဆက်မပြတ် ပြိုကွဲသွားသည်။ ကြယ်ခူးဆွတ်သူ ရှန့်ထိုသည် အောက်ဘက်သို့ ဆက်လက် ရွေ့လျားလာပြီး သူသည် ချက်ချင်းပင် နဝမအစေခံ၏ ရှေ့သို့ ရောက်ရှိလာတော့မလို ထင်မှတ်ရပေသည်။

နဝမအစေခံသည် သူ၏ နောက်ဆုံး လက်ဝါးတိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။ မဟာလမ်းစဉ်၏ ထောင်ချီသော လက်ဝါးရိပ်များသည် တစ်ခုတည်းအသွင် ပေါင်းစည်းသွားသည်။ ကြောက်မက်ဖွယ် မဟာလမ်းစဉ် စွမ်းအားလှိုင်းများသည် ယင်းတို့အနီးရှိ ကြယ်များအားလုံးကို ကြေမွပျက်စီးသွားစေကာ အဆက်မပြတ် ပေါက်ကွဲသွားစေသည်။

သို့ပေမဲ့ တစ်ချိန်တည်းမှာပင် ကြယ်ခူးဆွတ်သူ ရှန့်ထို၏ လက်သီးများက ရောက်ရှိလာသည်။ ထိုလူနှစ်ဦး၏ ပေါက်ကွဲထွက်လာသည့် အပြင်းအထန် တိုက်ခိုက်ပေါက်ကွဲမှု အောက်တွင် အရာအားလုံးသည် မြေစာပင် ဖြစ်သွားရပေသည်။ နဝမအစေခံသည် ထိုစွမ်းအားများ၏ ဖိအားကြောင့် တုန်ခါသွားပေသည်။

ဆန်းထျန်ကျန့် အပါအဝင် ဝူယုံးနှင့် မျိုးနွယ်စုကိုးခုမှ အခြားသော မျိုးနွယ်စုသုံးခု ခေါင်းဆောင်များသည် ပြန်လည်မွေးဖွားခြင်း အဆင့်များ ဖြစ်ကြသည်။ သူတို့သည် ထိုတိုက်ခိုက်မှုအတွက် အချိန်ကြာမြင့်စွာ ကတည်းက ရောက်ရှိ ပြင်ဆင်ထားရခြင်း ဖြစ်တာကြောင့် အခွင့်အရေးကို သေချာပေါက် လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။ သူတို့အကြားတွင် မည်သည့် စကားမှ မလိုအပ်ဘဲ အချင်းချင်း နေရာတကျနှင့် ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်စွမ်း ရှိကြပေသည်။

ကျူးချွယ့်မျိုးနွယ်စု၏ ကြောက်မက်ဖွယ် နတ်မီးလျှံများ ပေါင်းစပ်ပါဝင်နေသည့် နတ်ဓားသည် ကောင်းကင်ကို ဖြတ်သန်း ထိုးနှက်လိုက်သည်။

ဝူယုံးသည် ကျုံးလော်တိုက်ပွဲ သဏ္ဌာန်ကို ပြောင်းလဲလိုက်ပြီး မဟာလမ်းစဉ်၏ လက်ဝါးတိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ကာ အောက်ဘက်သို့ ကျဆင်းလာပြီး ၎င်းတို့ အနီးရှိ ကောင်းကင်ကို လောင်ကျွမ်းသွားစေသည်။

ပေ့လိမျိုးနွယ်နှင့် နန်လိမျိုးနွယ်၏ ခေါင်းဆောင် များသည်လည်း ဆန်းထျန်ကျန့်နှင့်အတူ ပူးပေါင်းတိုက်ခိုက် လိုက်သည်။ ခဏချင်းအတွင်း၌ ကြောက်မက်ဖွယ် လမ်းစဉ်မီးတောက်များက သူတို့အနီးရှိ ကောင်းကင်ကို ဝါးမျိုပစ်တော့မယောင် ထင်မှတ်ရလေသည်။ သူတို့အားလုံးသည် သူတို့အနေအထားနှင့် သူတို့ ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားသည့် ပြန်လည်မွေးဖွားခြင်း အဆင့်များ ဖြစ်ကြပြီး ယခုတွင် သူတို့အားလုံး ပူးပေါင်း၍ နဝမအစေခံအား တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

အဝေးတစ်နေရာမှ လူများသည် တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ ရှန့်ထိုအဆင့်များသာလျှင် ထိုတိုက်ပွဲကို သေချာ စူးစမ်းရဲကြလေသည်။ ရှန့်ထိုများပင်လျှင် မည်သည်တို့ ဖြစ်ပျက်နေသည်ကို ကြည့်ရင်း သူတို့၏ နှလုံးသားများက တုန်ယင်နေကြသည်။

ထိုမျှ မြင့်မားသည့်အဆင့်မှ တိုက်ပွဲသည် အလွန် ကြုံရခဲလေသည်။ ပုံမှန်အတိုင်းဆိုလျှင် သူတို့သည် မည်သည့်အခါတွင်မှ တွေ့ကြုံဖူးခြင်း ရှိလိမ့်မည် မဟုတ်ပေ။

ရှေးဟောင်းတော်ဝင်မြို့၏ မြို့စား နဝမအစေခံသည် ချန်ယဲ့မြို့မှ ပြန်လည်မွေးဖွားခြင်း အဆင့်များ ဝိုင်းဖွဲ့တိုက်ခိုက်ခြင်းကို ခံနေရပြီး သွေးနဂါးမြို့အပြင်ဘက်မှ နံပါတ်တစ်မြို့စားကို ချန်ယဲ့မြို့မှ အသက်ရှင်လျက် ထွက်မသွားနိုင်စေရန် ကြိုးစားနေကြသည်။

ကြောက်မက်ဖွယ် တိုက်ခိုက်မှုများသည် နဝမအစေခံရှိနေသည့် ကောင်းကင်ကို လွှမ်းမိုးနေသည်။ ထို့နောက်၌ သူတို့သည် ညည်းညူသံကိုသာ ကြားလိုက်ကြရပြီး နဝမအစေခံကို မည်သည့်နေရာမှာမှ ရှာမတွေ့ခဲ့ကြပေ။

ကြည့်ရှုနေသူများ၏ နှလုံးသားများသည် ဆက်လက်၍ ကဆုန်ဆိုင်းနေသည်။ သူတို့အားလုံးသည် နဝမအစေခံက ချန်ယဲ့မြို့တွင် အသတ်ခံလိုက်ရပြီလားဟု ထိတ်လန့် အံ့သြနေကြသည်။

ရီဖူရှင်း ထိုတိုက်ပွဲအတွက် ပြည့်စုံစွာ ပြင်ဆင် စီစဉ်ထားခဲ့သော်လည်း နဝမအစေခံသည် သူ့ကိုယ်သူ ယုံကြည်မှု အလွန်မြင့်မားပြီး ရန်သူကို လျှော့တွက်ခဲ့လေသည်။ သူသည် အလွန်အစွမ်းထက်သည်ဟု ယုံကြသည်သည်။ အမှန်တကယ်တွင်လည်း သူ၏ စွမ်းအားက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။

သို့သော် သူလုံးဝ မထင်မှတ်ခဲ့မိသည်က သူ ရောက်လာသည်နှင့် ဓားဝင်္ကပါကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ခြင်းကိုပင် ဖြစ်သည်။

“ဟင်”

ကြည့်ရှုနေသူများသည် ထိုအချိန်၌ သဏ္ဌာန်မဲ့စွမ်းအားများ ရောက်ရှိလာသည်ကို ခံစားမိလိုက်သည်။ ထိုစွမ်းအားများသည် သူတို့၏ သွေးကို ဆူပွက်စေပြီး သူတို့၏ နှလုံးကို အပြင်းအထန် ခုန်ပေါက်နေစေသည်။

အလွန်အားကောင်းသည့် ဖျက်ဆီးခြင်း စွမ်းအားများကို ခံစားမိလိုက်ကြသည်။ ကျယ်ပြောလှသော ပတ်ဝန်းကျင်တစ်ခုလုံးကို မဟာလမ်းစဉ်၏ သဏ္ဌာန်မဲ့ စွမ်းအားများက လွှမ်းခြုံသွားပေသည်။

“အဲဒါ နဝမအစေခံပဲ။ နောက်ဆုတ်ကြ”

တိုက်ပွဲကို အဝေးမှ ကြည့်နေကြသည့် လူများသည် အသည်းအသန် ဆုတ်ခွာလိုက်ကြသည်။ သူတို့က တိုက်ပွဲမှ အလွန်ဝေးကွာသော နေရာ၌ ရှိနေလျှင်ပင် သူတို့သည် နောက်သို့ ဆက်လက် ဆုတ်ခွာနေကြသေး၏။

ထိုစွမ်းအားသည် သူတို့ နီးကပ်နေလေ ပို၍ ပြင်းထန်စွာ ခံစားရလေဖြစ်ကာ ချက်ချင်းပင် အမှုန့်အဖြစ် ညက်ညက်ကြေ သွားရလိမ့်မည် ဖြစ်၏။

“သတိထား”

ကြယ်ခူးဆွတ်သူရှန့်ထိုက အော်ဟစ်လိုက်သည်။ မကြာခင်၌ နားအူမတတ် ဆူညံသံကို ကြားလိုက်ကြရသည်။ နဝမအစေခံကို ဝန်းရံထားသည့် တိုက်ခိုက်မှု အားလုံးသည် ကြေမွပျက်စီးကာ လွင့်ပျယ်သွားလေသည်။ ကြောက်မက်ဖွယ် မုန်တိုင်းက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကောင်းကင်ကို တုန်ခါနေစေသည်။ ကြောက်မက်ဖွယ် မုန်တိုင်း၏ အားလှိုင်းများ ထွက်ပေါ်လာကာ ၎င်းတို့၏ လမ်း၌ ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး ချန်ယဲ့မြို့မှ ပြန်လည်မွေးဖွားခြင်း အဆင့်များကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

သူတို့အားလုံးသည် ဝိညာဉ်များကိုပင် ဖျက်ဆီးခံရတော့မလို ခံစားနေကြရပေသည်။ သူတို့၏ သွေးများက အော်မြည်လျက် ပြင်းထန်စွာ လှည့်ပတ်စီးဆင်းနေသည်။ သူတို့၏ ကိုယ်တွင်းမှ အရှိန်အဝါများသည် ပြင်းထန်စွာ တုန်ခါနေပေသည်။

ညည်းညူသံများ ကြားလိုက်ရပြီး သူတို့အားလုံးသည် နောက်သို့ လွင့်စဉ်သွားကြသည်။ တိုက်ပွဲကို အဝေးမှ စောင့်ကြည့်နေသူများပင် စွမ်းအားလှိုင်းများ အဖျားခတ်မှုကြောင့် သွေးအန်လိုက်ကြရပြီး လေးလံသည့် ဖိအားကို ခံစားနေကြရပေသည်။

နဝမအစေခံ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်နှင့် ရောယှက်နေသကဲ့သို့ ထင်မှတ်ရသည်။ သဏ္ဌာန်မဲ့မုန်တိုင်းများက အလွန်ပြင်းထန်စွာဖြင့် သူတို့၏ ပတ်ဝန်းကျင်ကို ဖိနှိပ်ထားလေသည်။

သို့သော်လည်း အထက်မှ ကြယ်ခူးဆွတ်သူ ရှန့်ထိုသည် တဖန်ထပ်၍ တိုက်ခိုက်လိုက်ကာ နဝမအစေခံ ရှိရာသို့ ထိုးဆင်းသွားလေသည်။ နဝမအစေခံသည် ဒဏ်ရာအများအပြား ပြင်းထန်စွာ ရရှိထားသော်လည်း ထိုကဲ့သို့သော စွမ်းအားမျိုးကို အသုံးပြုနေသေးပေသည်။ ထိုအဓိပ္ပာယ်က သူသည်လည်း အန္တရာယ်နှင့် ကြုံနေရသည်ဟု ဆိုလိုပေသည်။

ရန်ယွင်နှင့် အခြားလူများသည် အဝေးမှ သူတို့၏ ပစ်မှတ်ဆီသို့ ဆက်လက် တိုက်ခိုက်နေကြသည်။

သို့သော် နဝမအစေခံသည် လေထဲသို့ ခြေထပ် လှမ်းလိုက်သည်ကို မြင်ရသည်။ သူက နောက်ထပ် မုန်တိုင်းတစ်ခုကို ဖန်တီးခဲ့သည်။ သူက ဘယ်ဘက်လက်ကို မ ကာ ကြယ်ခူးဆွတ်သူ ရှန့်ထိုဆီသို့ ပစ်လွှတ်လိုက်ပြီး ထိုလူအိုကြီး၏ အားထုတ်မှုကို ရပ်တန့်သွားစေရန် ဖိအားပေးလိုက်သည်။

ဘုန်း…

နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်လျှင် လူအများ၏ နှလုံးသားများသည် ပြင်းထန်စွာ ခုန်လှုပ်သွားခဲ့သည်။ သူတို့အားလုံး၏ ခြေလှမ်းများက ရပ်တန့်သွားသည်။ နဝမအစေခံသည် ထိုခြေလှမ်းနှင့်အတူ လေထဲသို့ ခြေချလိုက်ကာ အကာအကွယ် အတားအဆီးများ ပေါက်ကွဲ ထွက်လာပြီးနောက် အဝေးသို့ ဦးတည်လိုက်သည်။

ကြည့်ရသည်မှာ နဝမအစေခံသည် ဆက်လက်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ဘဲ တိုက်ပွဲကွင်းပြင်မှ ထွက်ခွာသွားရန်သာ ရည်ရွယ်လိုက်ပုံ ရလေသည်။ သူက ထိုပြန်လည်မွေးဖွားခြင်း အဆင့်များကို အပြင်းအထန် ထိခိုက်စေလျှင်ပင် ယခုချိန်၌ သူက သူတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟု မဆိုလိုပေ။ သူသာ ဆက်လက်၍ တိုက်ခိုက်နေပါက အကျိုးဆက်သည် ပြောရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

သူက ဤနေရာ၌ သေသွားရမည်ပင် ဖြစ်နိုင်ပေသည်။

လူတိုင်းသည် လှည့်လိုက်ပြီး လိုက်ဖမ်းရန် ရည်ရွယ်လိုက်သော်လည်း ကြယ်ခူးဆွတ်သူ ရှန့်ထို၏ စကားသံကို ကြားလိုက်ကြရသည်။

“သူ့ကို သွားခွင့်ပေးလိုက်”

သူက ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်းသည် ရပ်တန့်လိုက်ကြသည်။ ကြယ်ခူးဆွတ်သူ ရှန့်ထိုသည် နဝမအစေခံ ထွက်သွားသည်ကို စောင့်ကြည့်နေပေသည်။ နောက်ဆုံး၌ သူသည် အချိန်အတန်ကြာ တင်းခံထားရသည့် သွေးအချို့အန်လိုက်ရသည်။ အနီရောင်အရည်များက မြေပြင်ပေါ်သို့ ကျဆင်းသွားသော်လည်း သူသည် ရှေ့သို့ ဆက်လက် ရွေ့လျားသွားပြီး သူ၏ ပုံရိပ်က တဖြည်းဖြည်း မှုန်ဝါပျောက်ကွယ်သွားသည်။

ကြယ်ခူးဆွတ်သူ ရှန့်ထိုသည် နဝမအစေခံက ဒဏ်ရာအပြင်းအထန် ရသွားသည်ကို သိရှိပေသည်။ မဟုတ်လျှင် သူ ထွက်ပြေးလိမ့်မည် မဟုတ်ပေ။

နဝမအစေခံသည် ဒဏ်ရာအပြင်းအထန် ရရှိသွားလျှင်ပင် သူတို့က လိုက်ဖမ်းပြီး ထိုပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့် လူကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်လျှင် သူတို့ထဲမှ အနည်းဆုံး တစ်ဝက်လောက်က သေဆုံးခြင်းနှင့် အဆုံးသတ်သွားလိမ့်မည် ဖြစ်သည်။

သူတို့၏ အားအကောင်းဆုံး တိုက်ခိုက်မှုဖြစ်သော ထိုဓားချက်ကိုပင် ခံနိုင်ရည်ရှိခဲ့သည့် နဝမအစေခံကို သူတို့ထဲမှ မည်သူကမှ ထိုသို့ တိုက်ခိုက်မှုမျိုးကို ဖော်ထုတ်၍ သတ်ဖြတ်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။ သူ့နောက်ကို လိုက်ပြီး သတ်ဖြတ်ရန်မှာ အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ဤအခွင့်အရေးက အတော်လေး နှမြောစရာ ကောင်းသည်ဟု ယူဆရပေသည်။

သို့သော်လည်း သူတို့သည် ထိုတိုက်ပွဲမှနေ၍ အတွေ့အကြုံများစွာ ရရှိလိုက်ကြသည်။ နဝမအစေခံသည် ဒဏ်ရာအများအပြား ရရှိထားပြီး ပြန်လည် ကောင်းမွန်လာရန်မှာ အချိန်အတော်လေး လိုအပ်လိမ့်မည် ဖြစ်၏။ ထို့အပြင် နဝမအစေခံသည် ထိုတိုက်ပွဲမှနေ၍ ချန်ယဲ့မြို့သည် သူ့ကို ကိုင်လှုပ်နိုင်စွမ်း ရှိသည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်ကို နားလည်သွားပြီး သူတို့ကို နောက်တစ်ခါ မဆန့်ကျင်ခင်၌ နှစ်ခါပြန်၍ တွေးတောရမည် ဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset