Switch Mode

အပိုင်း(၁၃၁၂)

သတ်ဖြတ်ခြင်းဓားသွား

ချန်ယဲ့မြို့အတွင်း မြို့စားရုံးတော်၌ အလွန်ပင် တိတ်ဆိတ်နေသည်။

မြို့စားရီဖူရှင်းက သွေးနဂါးမြစ်ကမ်းပါးတွင် ရှင်းခိုင်နှင့် သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲ သွားရောက်တိုက်ခိုက်ရာ လူတိုင်းက ထိုနေရာသို့ သွားရောက် ကြည့်ရှုကြသည်။

ထိုတိုက်ပွဲသည် အလွန်တရာ အရေးကြီးလှပေသည်။

ရီဖူရှင်း အနိုင်ရမည် ရှုံးနိမ့်မည်ကို မသိကြသော်လည်း တိုက်ပွဲက ခက်ခဲမည်ကိုတော့ သိနားလည်ကြ၏။

အချို့သည် ကောင်းကင်သို့ မော့ကြည့်လိုက်ကာ မကြာခင်တွင် တိုက်ခိုက်မှု ပြီးဆုံးတော့မည်ဟု တွေးလိုက်ကြသည်။

“ဟင်”

အချို့သည် ထိုအခိုက်တွင် ပြင်းထန်သည့် အရှိန်အဝါကို ခံစားမိလိုက်ကြသည်။ ပြင်းထန်သည့် လေမုန်တိုင်းက ရုတ်တရက် တိုက်ခတ်လာပြီး သူတို့အားလုံးကို အေးစိမ့်သည့် ခံစားမှု ဖြစ်ပေါ်စေသည်။ သူတို့သည် ထိုလေပြင်းအတွင်းမှ ပြင်းထန်သည့် ဖိအားကို ခံစားမိကြလေသည်။

ထိုဖိအားသည် တဖြည်းဖြည်း ပို၍ အားကောင်းလာသည်။

ဘုန်း…

အချို့သည် ရုတ်ခြည်း နာကျင်စွာ ညည်းညူလိုက်ရပြီး ထိုဖိအားမှာ တောင့်ခံထားနိုင်ရန် ခက်ခဲသည်ကို ရှာဖွေတွေ့ရှိ လိုက်ကြသည်။ သူတို့သည် ချက်ချင်းပင် မြေပေါ်တွင် ဒူးထောက်ကျသွားကြ၏။ သူတို့မျက်နှာများမှာ ဖြူဖျော့နေသည်။

သူတို့အားလုံးသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြပြီး ကြောက်ရွံ့ထိတ်လန့်သည့် အမူအရာများ ဖြစ်ပေါ်လာကြ၏။ လေပြင်းများသည် အထက်တွင် အော်မြည်နေပြီး အလွန်ပြင်းထန်သည့် မဟာလမ်းစဉ်၏ ကြီးမားသောဖိအားက အထက်မှ ကျဆင်းလာပြီး အောက်ဘက်ရှိ အရာအားလုံးကို ဖျက်ဆီးသွားတော့မည်ဟု ထင်မှတ်ရသည်။

မြို့စားရုံးတော်ကို ဗဟိုပြု၍ နေရာတခွင်လုံးသည် မဟာလမ်းစဉ်၏ ဖိအားကို ခံစားနေကြရသည်။

“ဘာလဲ …”

“ဘာတွေဖြစ်နေတာလဲ”

လူတိုင်းသည့် အလွန်ပင် ထိတ်လန့်အံ့သြ နေကြသည်။ တစ်စုံတစ်ယောက်က မြို့စားရုံးတော်ကို ပစ်မှတ်ထားနေပြီး ထိုတစ်စုံတစ်ယောက်က အလွန်ပင် အစွမ်းထက်လှသည်။

ထိုဖိအားသည် ကောင်းကင်၏ အမိန့်အာဏာကဲ့သို့ ထင်မှတ်ရသည်။ ပြန်လည် မွေးဖွားခြင်းအဆင့် တစ်ယောက်လား။

ထိုပုံရိပ်သည် ကောင်းကင်ထက်တွင် ပေါ်ပေါက်လာ၏။ သူ ဝတ်ဆင်ထားသည့် ဝတ်စုံသည် လေထဲတွင် ကြမ်းတမ်းစွာ လူးလွန့်နေသည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများထဲတွင် အေးစက်သည့် လူသတ်ငွေ့များ ထင်ဟပ်နေသည်။

“ရှေးဟာင်းတော်ဝင်မြို့က နဝမအစေခံ”

လူအများက ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ ထိုသည်က ယခင်တစ်ခါ နဝမအစေခံ ချန်ယဲ့မြို့သို့ လာရောက်သည်နှင့် မတူတော့ပေ။ ဤသည်က သူ ဒုတိယအကြိမ်မြောက် ရောက်လာခြင်း ဖြစ်ပေသည်။

သူသည် ချန်ယဲ့မြို့သို့ တဖန်ထပ်ကာ ကိုယ်တိုင် လာရောက်ပြန်သည်။

ထိုသည်က မည်သည့်အဓိပ္ပာယ်လည်း ဆိုသည်အား သူတို့ သိချင်နေကြသည်။

သူရောက်လာခြင်းမှာ ချန်ယဲ့မြို့စား ရီဖူရှင်းက သွေးနဂါးမြစ်အထက် တိုက်ပွဲတွင် ရှင်းခိုင်အား အနိုင်ရရှိခဲ့၍ ဖြစ်နိုင်သည်။ ထို့အပြင် ရှင်းခိုင်သည် မြို့စားကြောင့် အသတ်ခံခဲ့ရ ပေလိမ့်မည်။

ထို့ကြောင့် နဝမအစေခံက ဤနေရာသို့ လာရောက် လက်စားချေခြင်း ဖြစ်ရပေမည်။

ရှင်းခိုင်သာ ရီဖူရှင်းကို အနိုင်ရရှိနိုင်ခဲ့လျှင် နဝမအစေခံ ကဲ့သို့သော လူက ကိုယ်တိုင် လှုပ်ရှားလာရန် မလိုအပ်ပေ။

သူ၏ အစွမ်းထက် စိတ်ဝိညာဉ် စွမ်းအားသည် နေရာတစ်ခုလုံးကို လွှမ်းမိုးထားသည်။ နဝမအစေခံသည် အောက်ဘက်သို့ အေးစက်သည့် မျက်လုံးများဖြင့် ကြည့်နေပြီး မြို့စားရုံးတော်အတွင်းမှ လူအရေအတွက်ကို ကြည့်နေပေသည်။

မြို့စားရုံးတော်အတွင်းမှ ထွက်လာသည့် လူအနည်းငယ်သည် အားလုံး၌ အစွမ်းထက်သည့် အရှိန်အဝါများ ပိုင်ဆိုင်ထားကြပေသည်။

ဤကပင် ရီဖူရှင်း မည်မျှ ပြင်ဆင်ထားခဲ့သည်ဟူသော သက်သေပင်ဖြစ်ကာ သူသည် ရှင်းခိုင်အား အနိုင်ရလိမ့်မည်ဖြစ်ပြီး နဝမအစေခံက ချန်ယဲ့မြို့သို့ လာရောက်မည်ကို သူ သိရှိနေခဲ့ပေသည်။

ရီဖူရှင်းနှင့်အတူ သွေးနဂါးမြစ်သို့ သွားရောက်ခဲ့သူများမှာ မည်သည့်အတွက် ကျင့်ကြံခြင်းအဆင့် နိမ့်သူများသာ ဖြစ်နေခြင်းမှာ အံ့သြဖွယ်မရှိတော့ပေ။

မည်သို့ဆိုစေ ရီဖူရှင်းသည် ချန်ယဲ့မြို့၌ ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်များ ချန်ထားခဲ့သည့်အတွက် သူက ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ဟု တွေးထင်နေသည်လား။ နဝမအစေခံက တွေးလိုက်သည်။

သူသည် ရီဖူရှင်းက သူ့ကိုပါ ရင်ဆိုင်ရန် ရည်ရွယ်နေသည်လား သိချင်မိသည်။

သူသည် သွေးနဂါးမြစ်တွင် ရှင်းခိုင်အား သတ်ဖြတ်ခဲ့သည့် ခေါင်းမာပြီး ရက်စက်လှသည့် လူငယ်အား အသိအမှတ် ပြုလိုက်သည်။ ရီဖူရှင်းသည် သူ့ကိုယ်သူပင် လွတ်လမ်း မချန်ရစ်ဘဲ ရှင်းခိုင်အား သတ်ဖြတ်ပြီးနောက် ဖြစ်နိုင်ချေ ရှိသည်တို့အား ကောက်ချက်ချကာ နဝမအစေခံ လက်စားလာချေရန် ကြိုးစားလျှင် ခုခံရင်ဆိုင်ရန်အတွက်ပါ အစီအစဉ်ဆွဲထားခဲ့သည်။

ဤသည်က သူ့ကို တားဆီးနိုင်လိမ့်မည်ဟု စဉ်းစားထားသလား။ နဝမအစေခံက တွေးလိုက်သည်။

ရန်ဟောင်အဆင့်အောက်မှ မည်သူက သူ့အား တိုက်ခိုက်နိုင် လိမ့်မည်နည်း။

သွေးနဂါးမြို့တွင် ထိုသို့ ပြုလုပ်နိုင်သူ အနည်းငယ် ရှိနိုင်သော်လည်း သွေးနဂါးမြို့ အပြင်ဘက်၌ သူ့ကို မည်သူက တားဆီးနိုင်မည်နည်း။

“အရှင်မင်းကြီး၊ အရှင့် အစေခံက တာဝန်ကို ကျရှုံးခဲ့ပါတယ်။ သခင်လေးကို ကာကွယ်ပေးနိုင်စွမ်း မရှိခဲ့ဘူး”

နဝမအစေခံက ပြင်းထန်စွာ ပင့်သက်ရှိုက်လိုက်ရင်း သူ့လက်ကို မ ကာ အောက်သို့ ဖိနှိပ်လိုက်သည်။

အလွန်ပြင်းထန်သည့် စွမ်းအားစီးကြောင်းက တခဏအတွင်း အောက်သို့ ကျဆင်းလာပြီး မြို့စားရုံးတော်ဆီ အရှိန်ပြင်းပြင်း တိုးဝင်သွားသည်။

ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများက အောက်ဘက်ရှိ အရာအားလုံးပေါ်သို့ ဖိနှိပ်လာလေသည်။ ကြီးမားသည့် လက်ဝါးက လေဟာနယ်ကို ဖြတ်သန်းကာ တိုက်ခိုက်လာပြီး အဝေးရှိလူတိုင်းသည် မြို့စားရုံးတော်က တစ်ခဏအတွင်း၌ အပြင်းအထန် ပေါက်ကွဲကာ ကြေမွ ပျက်စီးသွားတော့မည်ကို မြင်တွေ့လိုက်ကြရသည်။ နေရာတစ်ခုလုံးသည် တိုက်ချက် တစ်ချက်တည်းဖြင့် ပြားပြားဝပ် ဖျက်ဆီးခံရတော့မည် ဖြစ်သည်။

ချန်ယဲ့မြို့၏ မြို့စားရုံးတော်သည် မကြာခဏ ဖျက်ဆီးခံရကာ ပြန်တည် ဆောက်ထားရသည်။ ယနေ့မှာတော့ နောက်တစ်ကြိမ် ထပ်ကာ ဖျက်ဆီးခံရပြန်ပြီ ဖြစ်၏။

မြို့စားရုံးတော် အပြင်ဘက်ရှိ လူအုပ်ကြီးမှာ အသည်းအသန် ပြန်ဆုတ်ခွာလိုက်ကြပြီး ထိုနေရာမှ ဝေးဝေးပြေး လိုက်ကြသည်။ နဝမအစေခံကဲ့သို့ ကျင့်ကြံဆင့်မျိုးနှင့် လူသည် သူတို့သာ အဆောတလျင် တိုက်ခိုက်ခဲ့ပါက သူတို့ကို အကြီးအကျယ် ထိခိုက်သွားစေနိုင်စွမ်း ရှိသည်။ သူသာ ဆန္ဒရှိသလို တိုက်ခိုက်မှု နေရာကို ချဲ့ထွင်လိုက်လျှင် အပျက်အစီးက အတော်ကြောက်မက်ဖွယ် ကောင်းလာလိမ့်မည် ဖြစ်၏။

ကျင့်ကြံဆင့်နိမ့်သောသူ မည်သူကမှ ထိုသို့သော တိုက်ခိုက်မှုမျိုးကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ထိုဖုန်မှုန့်များ၏ အလယ်တွင် လူအချို့ ပေါ်ပေါက်လာသည်။ သူတို့ တစ်ယောက်ချင်း စီတိုင်းတွင် လွှမ်းမိုးနိုင်သော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ် နေကြပေသည်။

ဤနေရာ၌ ဝူယုံးနှင့် အခြားသော မျိုးနွယ်စုကိုးခုမှ မျိုးနွယ်စုသုံးခု၏ ခေါင်းဆောင်များ ရောက်ရှိနေသည်။

သူတို့အားလုံးသည် ပြန်လည်မွေးဖွားခြင်း အဆင့်များ ဖြစ်ကြသည်။ ဆန်းထျန်ကျန့်သည်လည်း ဤနေရာတွင် ရှိနေသည်။

သူတို့အားလုံးသည် နဝမအစေခံ၏ ပေါ်ထွက်လာခြင်းကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

သူတို့အားလုံးသည် ပြန်လည်မွေးဖွားခြင်း အဆင့်များ ဖြစ်ကြသော်လည်း နဝမအစေခံနှင့် ကွာခြားပေသည်။ နဝမအစေခံသည် ဒေသနန်းတော် အဆင့်သတ်မှတ်ချက်ရှိ ပြန်လည်မွေးဖွားခြင်း အဆင့်များတွင် စာရင်းဝင်ပြီး သွေးနဂါးမြို့အပြင်ဘက် မြို့စားများတွင် နံပါတ်တစ်အဖြစ် ကျော်ကြားကာ ရန်ဟောင်အဆင့်အောက်၌ ပြိုင်ဘက်ကင်းအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ ထို့ကြောင့် ပြန်လည် မွေးဖွားခြင်းအဆင့် အများအပြား ပူးပေါင်း၍ သူ့ကို ရင်ဆိုင်လျှင်ပင် သူတို့သည် သူ့ကို ရှုံးနိမ့်စေနိုင်မည်လား သေချာမှုမရှိကြပေ။

ထို့ကြောင့် နဝမအစေခံသည် သူ ထွက်ပေါ်လာသည်နှင့် ဤလူများ ရောက်ရှိလာသည်ကို သိသော်လည်း သူက ဂရုမစိုက်ပေ။

ပျက်စီးနေသည့် မြို့စားရုံးတော်နေရာ၌ ရပ်နေသည့် အားနည်းပုံပေါ်သော ပုံရိပ်တစ်ခု ရှိနေသေးသည်။ သူမ၏ နက်မှောင်နေသော ဆံနွယ်များက လေထဲဝဲလွင့်နေသည်။ သဏ္ဌာန်မဲ့ ဓားမုန်တိုင်းများက သူမအနီးတွင် လွှမ်းခြုံထားသည်။ ပြန့်ပြူးသော မြေပြင် အလယ်တည့်တည့်တွင် သူမကို မြင်တွေ့နိုင်သည်။

ထိုအခိုက်တွင် အလွန်တောက်ပသော ဓားအလင်းရောင်များသည် ပြန့်ပြူးသော မြေပြင်မှ ရုတ်ခြည်း မြင့်တက်လာသည်။ ကြည့်ရသည်မှာ ထိုခဏအတွင်းတွင် ကြီးမားသည့် ဝင်္ကပါတစ်ခု အသက်ဝင်လာသကဲ့သို့ ထင်မှတ်ရပေသည်။

ထိုဓားဝင်္ကပါအလယ်တွင် ရပ်နေသည့် ထိခိုက်လွယ်ပြီး အားနည်းပုံပေါ်သော အမျိုးသမီးသည် ရာရာပင် ဖြစ်သည်။ သူမ၏ အရှိန်အဝါသည် အလွန်ပင် ထက်ရှနေသည်။ သူမ၏ စိတ်စွမ်းအားများသည် တစ်ခဏအတွင်း ကျယ်ပြောသော နေရာကို လွှမ်းခြုံကာ ဓားကမ္ဘာတစ်ခု အသွင်သို့ ပြောင်းလဲသွားပေသည်။

ဓား၏ အလင်းရောင်များဖြင့် နေရာတစ်ခုလုံးကို နစ်မြုပ်သွားစေသည်။ သူမသည် တောက်ပနေပြီး ထွင်းဖောက်မြင်နိုင်သော ဓားသွားတစ်လက် အသွင်သို့ ပြောင်းလဲသွားပေသည်။ ဝင်္ကပါ၏ ကြောက်မက်ဖွယ် အလင်းတန်းများက တိမ်တိုက်များဆီ ထိုးဖောက် ဝင်ရောက်သွားသည်။ ထိုအချိန်တွင် ချန်ယဲ့မြို့အတွင်းမှ မရေတွက်နိုင်သော လူများသည် ထိုနေရာသို့ ကြည့်လိုက်ကြပြီး ဓားအလင်းတန်းများက ကောင်းကင်သို့ ထိုးတက်သွားသည်အား မြင်လိုက်ကြရ၏။

များပြားလှသော ဓားသမားများသည် သူတို့၏ စွမ်းအားများက သူတို့ ထိန်းချုပ်မှုအောက်၌ မရှိတော့ကြောင်း ခံစားမိလိုက်ကြသည်။ ဓားစွမ်းအားများသည် ထိုနေရာသို့ တဟုန်ထိုး ပြေးထွက်သွားလေသည်။ သူတို့ထဲမှ အချို့၏ နောက်ကျော၌ လွယ်ထားသော ဓားများမှ ပြင်းထန်သော အော်မြည်သံများ ထွက်ပေါ်လာသည်။ အချို့သော ဓားများသည် ချက်ချင်းပင် လေထဲသို့ ပြေးထွက်သွား ကြလေသည်။

နဝမအစေခံ၏ ခန္ဓာကိုယ်သည် ဓားအလင်းများ၏ အောက်တွင် အလွန်တောက်ပ လာခဲ့သည်။ သူသည် ဓားစွမ်းအားများကို ခံစားမိသည်နှင့် သူ့မျက်လုံးများထဲတွင် သတိအပြည့် ဖြစ်သွားခဲ့သည်။

သူသည် ထိုအဆင့်နိမ့်များက သူ့ကို ရင်ဆိုင်ရန်အတွက်နှင့် ဤမျှ အစွမ်းထက်သည့် ဓားဝင်္ကကို ပြင်ဆင်ထားခဲ့သည့်အတွက် အံ့အားသင့်နေပေသည်။

ဓားအလင်းရောင်များသည် နေရာတစ်ခုလုံး၏ လေဟာနယ်ကို ဖြတ်သန်းသွားပြီး နဝမအစေခံ၏ အပေါ်တွင် တောက်ပနေကာ သူ့ကို ပိတ်ဆို့ထား သကဲ့သို့ပင် ဖြစ်သည်။ ဓားအလင်းတန်းများက သူ့အပေါ်တွင် တောက်ပလာသည့်အခါ သူသည် အလွန်ပြင်းထန်သည့် ဓားစွမ်းအား တိုက်ခိုက်မှုကို ခံစားမိလိုက်သည်။ သို့သော်လည်း သူသည် မည်သည်ကိုမှ မလုပ်ဆောင်ဘဲ ရပ်၍သာ နေလေသည်။

ထိုဝင်္ကပါသည် အလွန် အားကောင်းလှပြီး ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ် အဆင့်ကိုပင် သတ်ဖြတ်ပစ်လုနီးပါး အစွမ်းထက်လေသည်။ သူပင်လျှင် အောက်ဘက်မှ လာနေသည့် ခြိမ်းခြောက်မှုကို ခံစားမိသည်။

သို့ရာတွင် ထိုဝင်္ကပါ တစ်ခုတည်းဖြင့် သူ့ကို တွန်းလှန်နိုင်မည်ဟု ထင်နေလျှင် ရယ်စရာပင် ဖြစ်ပေတော့မည်။

ထိုအခိုက်တွင် အခြားသော ပုဂ္ဂိုလ်တစ်ဦး ဝင်္ကပါအလယ်သို့ ရောက်လာသည်။ ထိုသူတွင် ခမ်းနားထည်ဝါ၍ အားကောင်းသည့် အရှိန်အဝါရှိပြီး သန့်စင်သော အလင်းများနှင့် တောက်ပနေကာ ထိုအလင်းများသည် ဝင်္ကပါနှင့် ရောယှက်နေသည်။

ဝင်္ကပါသည် ထိုခဏအတွင်းတွင် ပို၍ တောက်ပသော အလင်းများ မြင့်တက်လာသည်။ ယင်းတွင် တောက်ပနေသည့် စာလုံးသင်္ကေတများ ပေါ်ပေါက်လာပြီး လှည့်ပတ်နေကာ ထိုအဖြစ်က ဓားဝင်္ကပါကို ပို၍ အားကောင်းသော အရှိန်အဝါတို့ ထုတ်လွှတ်လာစေနိုင်သည်။ ကြည့်ရသည်မှာ ဝင်္ကပါသည် သူတို့အနီးရှိ မဟာလမ်းစဉ် စွမ်းအားများကို အရူးအမူ စုပ်ယူနေသည်ဟု ထင်မှတ်ရပေသည်။

နဝမအစေခံသည် ထိုပုံရိပ်ဆီသို့ ကြည့်လိုက်သည်။ ဓားဝင်္ကပါ၏ အလင်းများသည် ဆက်လက်၍ ပြင်းထန်စွာ မြင့်တက်လာနေသည်။ ယင်းအဆုံးမဲ့ အလင်းများသည် ထိုးထွက်သွားပြီး ထိုကြီးမားသည့် ဓားဝင်္ကပါကြီးက ဆက်လက်၍ လုပ်ဆောင်နေသည်။

သူသည် ထိုစွမ်းအားသည် ရီဖူရှင်း၏ စွမ်းရည်နှင့် ဆင်တူသည်ကို တွေ့ရှိခဲ့သည်။

ယင်းသည် မဟာလမ်းစဉ်နှင့် ပေါင်းစပ်နိုင်စွမ်း ရှိပြီး တသားတည်း ဖြစ်သွားစေသည်။

ထိုသူက အင်ပါယာလီဘုံမှ တစ်ယောက်ယောက်လားဟု သူ တွေးလိုက်သည်။

ထိုထွက်ပေါ်လာသည့် အခြားတစ်ယောက်သည် ရန်ယွင်ပင် ဖြစ်သည်။ သူသည် ရာရာက ဓားဝင်္ကပါကို ဖော်ထုတ်ရာတွင် ကူညီပေးနေပြီး ရာရာ၏ စွမ်းအား အထွတ်အထိပ်တွင် ရှိနေစဉ်ကအတိုင်း ဝင်္ကပါစွမ်းအားကို တိုးမြှင့်ပေးနိုင်ရန် လုပ်ဆောင်ပေးနေသည်။ ရန်ယွင် ကိုယ်တိုင်သည်လည်း ပြန်လည်မွေးဖွားခြင်း အဆင့်ပင် ဖြစ်၏။

သူတို့သည် နဝမအစေခံနှင့် ရင်ဆိုင်ရမည် ဖြစ်သည့်အတွက် သူတို့သည် ပြင်းထန်သည့် အားအကောင်းဆုံး တိုက်ကွက်ကို ဖော်ထုတ်၍ နဝမအစေခံအား တစ်ချက်တည်းနှင့် ရိုက်ချနိုင်ရန် လိုအပ်ပြီး သူ့ကို ပြန်ကောင်းစေရန် အခွင့်အရေး ပေး၍ မဖြစ်ပေ။

နဝမအစေခံသည် ခြိမ်းခြောက်မှုက ပို၍ ပြင်းထန်လာသည်ကို ခံစားမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။

ကြည့်ရသည်မှာက သူက သူ့ပြိုင်ဘက်ကို လျှော့တွက်ခဲ့မိပုံ ရလေသည်။

ချန်ယဲ့မြို့သည် ကောင်းကောင်း ပြင်ဆင်ထားခဲ့ပြီး သူ ရောက်သည်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

သူသည် တိုက်ပွဲအတွင်း ရီဖူရှင်း ပြောခဲ့သည့် ‘လုပ်ရဲရင်’ ဟူသည့် စကားက သူ့ကို သွေးထိုးရန် သက်သက်လား သိချင်မိသည်။

ဘုန်း…

နဝမအစေခံသည် မြို့စားရုံးတော်အထက် လေဟာနယ်မှ ထွက်ခွာရန် ရည်ရွယ်လိုက်သည်။ ဓားဝင်္ကပါမှ စွမ်းအားများသည် လှည့်ပတ်နေပြီး နဝမအစေခံကို ရင်ဆိုင်ရန် အမြင့်ဆုံးစွမ်းအားထိ ရောက်အောင် မြှင့်တင်နေသည်။

သို့သော်လည်း ထိုအချိန်တွင် သူ့ အနီးဝန်းကျင် ကောင်းကင်၌ ကြယ်များ ပေါ်ပေါက်လာသည်။ ကောင်းကင်အထက်တွင် တစ်စုံတစ်ယောက် ပေါ်ထွက်လာကာ သူသည် ကြယ်များနှင့် ရောယှက်နေသကဲ့သို့ ထင်မှတ်ရပေသည်။

ထိုလူသည် အခြားမဟုတ်ဘဲ ကြယ်ခူးဆွတ်သူ ရှန့်ထို ဖြစ်လေသည်။

နဝမအစေခံသည် ထိုလူအိုကြီး၏ တည်ရှိမှုကို အစောကြီးကတည်းက သိရှိခဲ့ပြီး ဖြစ်သော်လည်း စိတ်အနှောင့်အယှက် မဖြစ်ဘဲ အခြားလူများနှင့်အတူ ရှင်းပစ်ရန် တွေးထားခဲ့ခြင်း ဖြစ်သည်။ ကြယ်ခူးဆွတ်သူရှန့်ထို ယခင်တစ်ခေါက်က ထွက်ပြေးနိုင်စွမ်း ရှိခဲ့သည်မှာ ကံကောင်းမှုသာ ဖြစ်၏။

သို့သော်လည်း တစ်ဖက်လူတို့သည် နဝမအစေခံ ရောက်မလာခင်ကပင် သူ့ကို ရင်ဆိုင်ရန် အရာအားလုံးကို တွက်ချက်ထား ခဲ့ကြသည်။

ဝူယုံးနှင့် အခြားသော ပြန်လည်မွေးဖွားခြင်း အဆင့် သုံးယောက်သည် ထောင့်လေးထောင့်အဖြစ် နေရာယူလိုက်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိသည့် အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

ဘုန်း…

တုန်လှုပ်စေသော ဆူညံသံကို ကြားလိုက်ရပြီး ကြယ်ခူးဆွတ်သူ ရှန့်ထိုက သူ့အောက်မှ ပုံရိပ်အား စတင်တိုက်ခိုက် လိုက်သည်။ သူ၏ ကြီးမားသော ကြယ်ဆွတ်လက်သည် အောက်သို့ တဟုန်ထိုး ကျဆင်းလာပြီး သူနှင့်အတူ ကြယ်များ ကြွေဆင်းလာသကဲ့သို့ ထင်မှတ်ရပေသည်။

နဝမအစေခံသည် သူ့လက်ကို မ ကာ လာနေသည့် လက်ဝါးတိုက်ကွက်ဆီသို လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ လက်သီးက ထွက်ပေါ်လာပြီး လက်ဝါးတိုက်ခိုက်မှုနှင့် ပြင်းထန်စွာ ထိတွေ့သွားသည်။ ယင်းတွင် အက်ရာများက နေရာအနှံ့ ပေါ်ပေါက်လာ၏။ ယင်းတို့အနီးရှိ ကြယ်များမှာ ပြင်းထန်စွာ တုန်ခါနေကြသည်။ သဏ္ဌာန်မဲ့စွမ်းအား တချို့က လေဟာနယ်ကို ဖြတ်၍ အဆက်မပြတ် တုန်ယင်လာစေသည်။ ယင်းတို့တွင် အက်ကြောင်းများ စတင်၍ ဖြစ်ပေါ်လာသည်။

နဝမအစေခံသည် တိုက်ခိုက်ခံရသည်နှင့် အထက်သို့ ရှောင်တိမ်းလိုက်သည်။

သို့သော်လည်း အလွန်တောက်ပသည့် အလင်းတန်းများသည် ပေါက်ကွဲထွက်လာသည်။ ရာရာသည် ချက်ချင်းပင် ဝင်္ကပါတွင်း ခြေလှမ်းလိုက်ကာ သူမသည် ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ကြီးမားသည့် ဓားဝင်္ကပါမှ နေရာတစ်ခွင်လုံးကို လွှမ်းမိုးနေသော မရေတွက်နိုင်သည့် ဓားစွမ်းအားများသည် ဓားတစ်လက်အဖြစ် ပေါင်းစပ်သွားကြသည်။ ဓားများသည် မပေါက်ကွဲသေးဘဲ ရှိနေသော်လည်း ယင်းသည် ကောင်းကင် တိမ်တိုက်များကိုပင် ဖျက်ဆီးနိုင်သည့် ဓားအလင်းများနှင့် လောင်ကျွမ်းနေပေသည်။

ထို့နောက် ၎င်းသည် ရှေ့သို့ ပျံသန်းထွက်သွားသည်။

အလွန် ပြင်းထန်သည့် ဓားစွမ်းအား အလင်းတန်းများသည် ပျက်စီးနေသည့် မြို့စားရုံးတော်နှင့် ကောင်းကင်အကြားတွင် ပေါ်ပေါက်လာသည်။ ထိုအလင်းတန်းများသည် ကောင်းကင်ကို ထိုးဖောက်သွားခဲ့သည်။

ဝင်္ကပါတစ်ခုလုံး၏ စွမ်းအားများသည် ဓားတစ်ချောင်းအတွင်းသို့ ပေါင်းစပ်သွားကာ နောက်တွင် မည်သည်မှ မချန်ရစ်ခဲ့ပေ။

အစမှာကတည်းက အားကောင်းလှသော တိုက်ခိုက်မှုကို အသုံးပြုခဲ့ကြသည်။ နဝမအစေခံကဲ့သို့သော ရန်သူကို အချိန်ဆွဲ၍ တိုက်ခိုက်ရန်မှာ သူတို့အတွက် မဖြစ်နိုင်ပေ။

မည်သူမှ ထိုသို့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

နဝမအစေခံသည် ဓားအလင်းများ ပေါက်ကွဲထွက်လာသည်ကို သိရှိလိုက်သည်။ သူ၏ အမူအရာသည် မည်းမှောင်သွားသည်။ သူသည် သူ့လက်ကို အောက်သို့ ရိုက်ချလိုက်သည်။ မဟာလမ်းစဉ်၏ အလင်းများ ပေါက်ကွဲလာပြီး နတ်ဘုရားကျောက်နံရံ ပေါ်ပေါက်လာကာ တိုးဝင်လာနေသည့် ဓားတိုက်ကွက်ကို တားဆီးရန် ရည်ရွယ်လိုက်သည်။

ဘုန်း…

ဓားအလင်းများသည် လေဟာနယ်ကို ဖြတ်သန်းစုတ်ဖြဲ၍ ကျောက်နံရံကို ဖျက်ဆီးသွားခဲ့သည်။ ဓားစွမ်းအားများသည် အားနည်းသည်ဟု ထင်မှတ်ရသော်လည်း ယင်းသည် အကာအကွယ်နံရံကို မည်သည်မှ မကျန်သည်အထိ ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။

နဝမအစေခံသည် ထိုပြင်းထန်သည့် တိုက်ခိုက်မှုမှ တွန်းအားကို အသုံးပြုကာ ဆုတ်ခွာလိုက်သည်။ သူ့ခန္ဓာကိုယ်သည် မရေတွက်နိုင်သော မဟာလမ်းစဉ်၏ လက်ဝါးရိပ်များဖြင့် လွှမ်းခြုံထားသည်။ ထိုလက်ဝါးရိပ်များသည် သူ့ထံလာနေသည့် ဓားများထံသို့ တိုးဝင်သွားသော်လည်း ၎င်းတို့ အားလုံးသည် ခဏချင်းမှာပင် ဖျက်ဆီးခံလိုက်ရသည်။

သူသည် လက်ကို အောက်ဘက်သို့ ရိုက်ချလိုက်ပြီး ပြင်းထန်သည့် ဆူညံသံတို့ လေထဲတွင် ဖြစ်ပေါ်လာသည်ကို ကြားလိုက်ရသည်။ တစ်ချက်တည်းနှင့် တစ်စုံတစ်ခုက ကြေမွပျက်စီး သွားပုံရလေသည်။

ဓားစွမ်းအားများသည် ထိုအခိုက်လေးတွင် ရပ်တန့်သွားသော်လည်း ခဏအကြာတွင် ရှေ့သို့ ဆက်လက်တိုးဝင်လာကာ ကောင်းကင်ကို ဖြတ်သန်း ဖျက်ဆီးသွားသည်။

ဘုန်း…

ကောင်းကင်တွင် ပြင်းထန်သည့် ဓားအလင်းများ ပေါက်ကွဲထွက်နေပြီး ယင်း၏ ဝန်းကျင်ရှိ လေဟာနယ်ကို ဝါးမျိုသွားသည်။

အနီးရှိ လူတိုင်းသည် ထိုမြင်ကွင်းကို မျက်တောင်မခတ်တမ်း ကြည့်နေကြ၏။ အချိန်ကြာမြင့်စွာ ကတည်းက နဝမအစေခံအတွက် ပြင်ဆင်ထားခဲ့သည့် မဟာဓားဝင်္ကပါမှ ဓားတိုက်ခိုက်မှု တစ်ခုတည်းနှင့် နဝမအစေခံကို သတ်ဖြတ်နိုင်စွမ်း ရှိပါလိမ့်မည်လားဟု သူတို့ သိလိုနေကြ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset