Switch Mode

အပိုင်း(၁၃၀၈)

ရက်စက်ပြင်းထန်သည့် တိုက်ပွဲ

သွေးနဂါးမြစ်သည် အော်မြည်ကာ လှိုင်းထန်နေသည်။ ပူပြင်းသည့် မီးလျှံများက ကောင်းကင်ထက်တွင် စွန်းထင်းပြီး အရာအားလုံးကို နီရဲနေစေသည်။

ရှင်းခိုင်သည် သူ့ခန္ဓာကို တိုက်ခိုက်ရေး စွမ်းအားများနှင့် ရစ်ပတ်ထားပြီး ရပ်နေသည်။ သူ၏ မျက်လုံးများက ခိုင်မာသော ဆုံးဖြတ်ချက်များနှင့် အေးစက်နေ၏။ သူ၏ မြင့်မားပြီး ထည်ဝါသည့် ခန္ဓာသည် ကျောက်တိုင်ကြီးကဲ့သို့ မားမားမတ်မတ် ရှိနေပြီး သူ၏ အဝတ်များသာလျှင် လေထဲတွင် လူးလွန့်နေသည်။

သူက အရှိန်အဝါကို အလိုက်သင့် ပြုပြင်ပြီးနောက် အပြည့်စုံဆုံး အခြေအနေကို ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။ ရှင်းခိုင်အတွက်တော့ ဤတိုက်ပွဲသည် ကျိန်းသေပေါက် ရှုံးနိမ့်၍ မရပေ။ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်သာ ရှိသေးသည့် ရီဖူရှင်းသည် သူ့ကို သေခြင်းရှင်ခြင်း တိုက်ပွဲအတွက် စိန်ခေါ်ခဲ့၏။

ရှင်းခိုင်သည် သွေးနဂါးဘုံရှိ မျိုးဆက်တူများ အကြားတွင် ထင်ရှားကျော်ကြားသူ ဖြစ်ပြီး ယခင်က မည်သည့်အခါတွင်မှ မရှုံးနိမ့်ဖူးသူ ဖြစ်၏။ ထို့ကြောင့် သူသည် ယနေ့ သွေးနဂါးမြစ်အထက် တိုက်ပွဲတွင်လည်း အနိုင်ရရှိရန် လိုပေသည်။

သူသည် ရီဖူရှင်းကို သတ်၍ လက်စားချေရမည် ဖြစ်ပြီး သို့မှသာ သူ၏ နှလုံးသားလမ်းစဉ်ကို တဖန် ပြန်လည်တည်ဆောက် နိုင်လိမ့်မည်။

ယနေ့တွင် နဝမအစေခံလည်း ရောက်ရှိလာပေသည်။ သွေးနဂါးမြစ်ကမ်းပါးရှိ လူများသည် သူ့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။ အားလုံးသော မျက်လုံးများသည် နဝမအစေခံဆီသို့ ရောက်ရှိလာပေသည်။

ဤတိုက်ပွဲသည် ရှင်းခိုင်၏ အသက် ရှင်သန်ခြင်း သေဆုံးခြင်းကို အဆုံးအဖြတ် ပေးပေလိမ့်မည်။

ထိုအခိုက်တွင် ကမ်းခြေတွင် အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ လူအများသည် လမ်းဖွင့်ပေး လိုက်ကြသည်။ လူတစ်စုသည် လူအုပ်ကို ဖြတ်ကာ ရှေ့သို့ လာနေကြသည်။

ထိုလူစုကို ဦးဆောင်လာသူမှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေရောင်ဆံပင်ရှိသည့် သူဖြစ်ပေသည်။ သူ့ကို ကြည့်ရသည်မှာ အလွန် တက်ကြွဖျတ်လတ်ပုံ ရလေသည်။ ထိုသူမှာ အခြားမဟုတ်ဘဲ ရီဖူရှင်းပင် ဖြစ်တော့သည်။

ချန်ယဲ့မြို့မှ များပြားလှသည့် တန်ခိုးရှင်များသည်လည်း ထိုနေရာသို့ ရောက်ရှိလာသည်။ ရှားရှင်းယွန်နှင့် ယူချင်း နှစ်ယောက်လုံးသည် သူ့ဘေး၌ ရပ်နေကြသည်။ အကယ်၍ ရီဖူရှင်း အနိုင်ရလျှင် သူတို့ သုံးယောက်သည် ဒေသနန်းတော်သို့ အတူတကွ ဝင်ရောက်၍ ကျင့်ကြံကြလိမ့်မည် ဖြစ်သည်။

နောက်ဆုံးတော့ အချိန်ကျရောက်လာပြီ ဖြစ်သည်။

များပြားလှသည့် လူများသည် သူတို့၏ မျက်လုံးများကို ရီဖူရှင်းထံသို့ လှည့်လိုက်ကြသည်။ သွေးနဂါးမြစ်အထက်တွင် ရှင်းခိုင်သည် ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင် လှည့်လိုက်၏။ သူ့ခန္ဓာကိုယ်ကို လွှမ်းမိုးထားသည့် တိုက်ခိုက်ရေး စွမ်းအားများသည် ပို၍ အားကောင်းလာသည်။

သူက ရီဖူရှင်းကို သတ်ဖြတ်နိုင်စွမ်း ရှိလိမ့်မည်မှာ သေချာလှသော်လည်း ရန်သူကို လျှော့တွက်ခြင်းတော့ မရှိပေ။ သူသည် သူ၏ ထိုက်တန်မှုကို သက်သေပြရန် ရှိသမျှ အင်အားအကုန် ထုတ်သုံးကာ ရီဖူရှင်းကို သတ်ဖြတ်မည် ဖြစ်သည်။

ရီဖူရှင်းသည် ကမ်းခြေသို့ ရောက်သည့်အခါ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သွေးနဂါးမြစ်၏ အလယ်သို့ ဦးတည်သွားလေသည်။

ပြင်းထန်လှသည့် စွမ်းအား မြောက်များစွာက သွေးနဂါးမြစ်ထက် အမြင့်လေထုထဲတွင် လွှမ်းမိုးထားသည်။ ယင်းတို့သည် ဒေသနန်းတော်မှ လူများ ဖြစ်သည်။ ဤတိုက်ပွဲတွင် မျက်မြင်သက်သေ လုပ်ပေးရန် ရီဖူရှင်းက ဒေသနန်းတော်သို့ အကူအညီ တောင်းထားခြင်း ဖြစ်ပေသည်။

အခြားသော ပြင်းထန်သည့် အရှိန်အဝါက ကျဆင်းလာပြီး လူအုပ်၏ အထက် လေထုကို ဖြတ်သန်း ရိုက်ခတ်သွားသည်။ များပြားလှသော လူများသည် သွေးနဂါးမြစ်အထက်ကို မော့ကြည့်လိုက်ကြသည်။

အောက်ဘက်မှ လူအုပ်ကြီးသည် မူလက ဒေါသထွက်သွား ကြသော်လည်း ထိုလူများ၏ သွင်ပြင်များကို မြင်ပြီးနောက် သူတို့၏ ဒေါသများက အလျင်အမြန် ပျောက်ကွယ် သွားလေသည်။ တော်ဝင်နန်းတော်မှ လူများ ရောက်ရှိလာကြခြင်း ဖြစ်သည်။

ထိုလူများသည် လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်ပေါက်လာပြီး သွေးနဂါးမြစ်၏ အစွန်းဘက်တွင် ရပ်တန့်လိုက်ကြသည်။ သူတို့သည် လူအုပ်၏ အရှေ့ဆုံးတွင် ရပ်နေသော်လည်း မည်သူကမှ စောဒက မတက်ရဲကြပေ။

“အဲဒါ မက်မွန်ပွဲတော်ကို ကျင်းပတဲ့ ချီရှန်း မဟုတ်ဘူးလား။ သူကရော ဒီမှာ တိုက်ပွဲ လာကြည့်တာလား”

များပြားလှသော လူများသည် သူတို့၏ အရှေ့ဆုံးတွင် ရပ်နေသည့် ပုဂ္ဂိုလ်ကို ကြည့်လိုက်ကြသည်။ အမှန်တကယ်ပင် ထိုသူမှာ ချီရှန်း ဖြစ်ပေသည်။ သူ့ဘေးမှ လူကတော့ သူ၏ ချစ်သူ ယွီရှီးဖေးမှ လွဲ၍ အခြားသူမဟုတ်ပေ။ သူတို့ နှစ်ယောက်သည် ဒေသဘုရင် အဆင့်သတ်မှတ်ချက်တွင် ဝင်ရောက်နေသူများ ဖြစ်ကြသည်။

“အတော်လေး နှမြောဖို့ကောင်းတာပဲ”

ချီရှန်းက သွေးနဂါးမြစ်ဆီသို့ ကြည့်ကာ ပြောလိုက်သည်။ ထိုအစွမ်းထက်လှသည့် လူစွမ်းကောင်း နှစ်ဦးသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းတွင် သူတို့၏ စွမ်းအားကို သက်သေပြခဲ့ပြီး ဖြစ်ကာ ရီဖူရှင်းသည် အလားအလာ ပိုကောင်းသည့် အရည်အချင်းကို ပိုင်ဆိုင်ထားလေသည်။ သို့သော်လည်း ရှင်းခိုင်သည် ယခင် မက်မွန်ပွဲတော်မှ သမိုင်းဝင်စံချိန်ကို အမီလိုက်နိုင်ခဲ့သူ ဖြစ်၏။ နှမြောစရာ ကောင်းသည်မှာ သူသည် ရီဖူရှင်း၊ ယူချင်းတို့နှင့် တွေ့ဆုံခဲ့ရခြင်းပင် ဖြစ်သည်။

ထို့အပြင် သူက ထိုနှစ်ယောက်သည် သူ့ထက် ပို၍ ထူးချွန်သည်ကို လက်ခံနိုင်ခဲ့ခြင်း မရှိပေ။

ဒဏ္ဍာရီပုဂ္ဂိုလ် နှစ်ဦးသည် အတူတကွ ယှဉ်တွဲနေထိုင်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် ဤနေ့တွင် သူတို့နှစ်ဦးမှ တစ်ဦး ကျရှုံးရမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ဤကား အတော်ပင် နှမြောစရာ ကောင်းလှသည်။ အဆုံးမှာတော့ ထိုနှစ်ယောက်လုံးသည် သွေးနဂါးဘုံ၏ ထိပ်သီးပါရမီရှင်များ ဖြစ်သည်မဟုတ်ပါလား။

ချီရှန်းသည် တိုက်ပွဲနှင့် ပတ်သက်ပြီး နှမြေတသ တွေးနေသော်ငြား သူက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ကျင့်ကြံခြင်း လောကအတွင်းမှ ရန်ငြိုးများသည် စကားနှင့်ပြောဆိုရုံဖြင့် ဖြေရှင်း၍ မရနိုင်ပေ။ သူတို့နှစ်ဦးက သေသည်အထိ တိုက်ခိုက်မည်ဟု သဘောတူခဲ့ပြီး ဖြစ်သောကြောင့် သူက စောင့်ကြည့်နေရုံသာ တတ်နိုင်၏။

လူအုပ်ကြီးသည် ချီရှန်းနှင့် ယွီရှီးဖေးကို ကြည့်နေသည့် သူတို့၏ မျက်လုံးများကို သွေးနဂါးမြစ် အထက်ဆီသို့ လျင်မြန်စွာ ပို့ဆောင်လိုက်ကြသည်။ ကြည့်ရသည်မှာ ရီဖူရှင်းနှင့် ရှင်းခိုင်တို့ အကြားမှ သေခြင်းရှင်ခြင်း တိုက်ပွဲသည် ယင်းတိုက်ပွဲကို လာရောက်ကြည့်ရှုသည့် မင်းသားကဲ့သို့သော လူများထက်ပင် ပို၍ စိတ်ဝင်စားမှုကို ရရှိနေပုံရလေသည်။

ထို့အပြင် ထိုသူနှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် အတော်ဝေးဝေးတွင် ရပ်နေသော်လည်း သူတို့၏ အရှိန်အဝါများကတော့ ထိပ်တိုက်တွေ့ဆုံကြပြီး ဖြစ်သည်။

ရီဖူရှင်းက ရှေ့သို့ လျှောက်လာသည့်အခါ ရှင်းခိုင်၏ တိုက်ခိုက်ရေး စွမ်းအားများသည် လေဟာနယ်ကို ဖြတ်သန်းကာ ကျဆင်းလာပြီး သူတို့၏ ဝန်းကျင်ကို လွှမ်းခြုံသွားကာ ရီဖူရှင်းကို ဖိနှိပ်လိုက်သည်။ ထိုတိုက်ခိုက်ရေး စွမ်းအားများသည် တိုက်ကွက်အတွင်း ပေါင်းစပ်ပါဝင်နေပြီး ရီဖူရှင်းကို ရက်စက်စွာ ဆက်တိုက် ထိုးနှက်တိုက်ခိုက် လိုက်သည်။

ရီဖူရှင်းသည် ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာပြီး ခြေလှမ်းတိုင်းသည် သူ့အနီးဝန်းကျင်မှ လေဟာနယ်ကို တုန်ခါစေသည်။ အောက်ဘက်ရှိ သွေးနဂါးမြစ်သည် အော်မြည်ကာ လှိုင်းထန်နေသည်။

သူသည် တွေဝေခြင်းမရှိဘဲနှင့် ပညာရှိကျမ်း၏ စွမ်းအားများကို တိုက်ကွက်တွင် ပေါင်းစည်းလိုက်ကာ မဟာလမ်းစဉ်နှင့် ရောယှက်၍ သူ့ဝန်းကျင်ရှိ လောကမှ အရာအားလုံးသည် သူ့လက်ထဲ ကျဆင်းလာသကဲ့သို့ ဖြစ်ပေါ်စေပြီး သူ့အပေါ် ကျဆင်းလာသည့် တိုက်ခိုက်ရေး စွမ်းအားများကို ခုခံလိုက်သည်။

ရှင်းခိုင်၏ တောက်ပ လင်းလက်နေသည့် တိုက်ခိုက်ရေးစွမ်းအား အလင်းများသည် သဏ္ဌာန်တစ်ခုအဖြစ် ဖွဲ့စည်းလာသည်။ ယင်းသည် ချိပ်တံဆိပ်သဏ္ဌာန် ဖွဲ့စည်းလာကာ သူတို့၏ ဝန်းကျင်ကို ဖြတ်သန်း၍ သွေးနဂါးမြစ်အထက် ကောင်းကင်ကို လွှမ်းခြုံ၍ ရီဖူရှင်းထံသို့ တည့်မတ်စွာ တိုးဝင်သွားလေသည်။ ရှင်းခိုင်သည် ကျယ်ပြောလှသည့် မြစ်ကို ဖြတ်၍ ရီဖူရှင်းကို စတင်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ရီဖူရှင်းသည် ကျယ်ပြောလှသည့် လေဟာနယ်ကို ဖြတ်၍ ရှင်းခိုင်ကို စူးစိုက်ကြည့်လိုက်သည်။ သူ့ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ရှိမနေပေ။ ရုတ်ခြည်းပင် ဖျက်ဆီးခြင်း မိုးကြိုးလျှပ်စီးနှင့် တူသော အဖျက်အဆီးစွမ်းအား စီးကြောင်းများက သူ့အနီးတွင် ရစ်ပတ်လာသည်။

သူ့ဝန်းကျင်မှ လောကသည် ပျက်သုဉ်းခြင်း လောကအဖြစ်သို့ ပြောင်းလဲသွားသည်။ မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ် ကပ်ဆိုးစွမ်းအားများက သူ့ဝန်းကျင်တွင် ပြင်းထန်စွာ လှည့်ပတ်နေသည်။ မရေတွက်သော ကပ်ဆိုးစွမ်းအား မိုးကြိုးလျှပ်စီးများက ရက်စက်ပြင်းထန်စွာ ထိုးထွက်သွားသည်။

တောက်ပသည့် ရွှေရောင် ကပ်ဆိုး အလင်းတန်းသည် ချိပ်တံဆိပ်နှင့် ထိပ်တိုက်တွေ့ဆုံကာ ရလဒ်အဖြစ် ကြောက်မက်ဖွယ် တုန်ခါမှု ဖြစ်ပေါ်လာလေသည်။ ထိုဖျက်ဆီးခြင်း စွမ်းအားများနှင့် ရိုက်ခတ်မိသည်နှင့် ချိပ်တံဆိပ်သည် ချက်ချင်း ကွဲအက်ပျက်စီး သွားလေသည်။

ရီဖူရှင်း အနီးဝန်းကျင်ကို လွှမ်းခြုံထားသော ပြင်းထန်သည့် ကပ်ဆိုး အလင်းများသည် လေဟာနယ်ကို စုတ်ဖြဲဖြတ်သန်းကာ ယင်းနှင့် ရိုက်ခတ်မိသည့် ချိပ်တံဆိပ်များ အားလုံးကို ဖျက်ဆီးပစ်လေသည်။ သွေးနဂါးမြစ်သည် အော်မြည်နေပြီး မြစ်အထက်ရှိ ကောင်းကင်သည် ကမ္ဘာပျက်သုဉ်း နေ့ရက်နှင့် အလားသဏ္ဌာန် တူနေပေသည်။ များပြားလှသော ချိပ်တံဆိပ်များမှာ တောက်ပနေသည့် ကပ်ဆိုးအလင်းများကြောင့် ဖျက်ဆီးခံလိုက်ရသည်။

“သူ့ရဲ့ တိုက်ခိုက်မှုက ဒီလောက် အစွမ်းထက်တယ်လား”

မရေတွက်နိုင်သည့် မျက်လုံးများသည် ဖျက်ဆီးခြင်းကပ်ဆိုး အလင်းများနှင့် လွှမ်းခြုံခံထားရသည့် ပုံရိပ်ပေါ်တွင် မြဲမြံနေကြသည်။ ရီဖူရှင်း၏ ကျင့်ကြံခြင်း အဆင့်သည် ရှင်းခိုင်အောက် နိမ့်ကျသော်လည်း သူသည် မဟာလမ်းစဉ်၏ စွမ်းအားကိုသာ အသုံးပြုကာ ရှင်းခိုင်၏ မဟာလမ်းစဉ် စွမ်းအားကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။

သူသည် မည်သည့် အားနည်းချက်မှ ရှိမနေခဲ့ပေ။

ရှင်းခိုင်သည် အရာအားလုံး တိတ်ဆိတ်သွားသည်ကို ကြည့်နေသော်လည်း သူသည် တုံ့ဆိုင်းသွားခြင်း မရှိပေ။ ထို့နောက် သူသည် ရီဖူရှင်းက သူ့ထံ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ သူသည် ထုတ်ဖော်ထားသည့် တိုက်ခိုက်ရေး စွမ်းအားများကို ပို၍ သန်မာလာစေရန် လုပ်ဆောင်လိုက်သည်။

ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားများသည် သူ့ခန္ဓာ မှ ရက်စက်ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်လိုက်ကာ သူ့ကို မြင်ရသည်မှာ စစ်နတ်ဘုရားတစ်ပါး နိုးထလာသည်နှင့် တူနေစေသည်။ တောက်ပလင်းလက် နေသည့် အလင်းစက်ဝန်းများက သူ့ခန္ဓာထက်တွင် ပေါ်ပေါက်လာသည်။ ထိုတိုက်ခိုက်ရေး စွမ်းအားများသည် သူ့အနီးရှိ မဟာလမ်းစဉ်၏ စွမ်းအားများကို သက်ရောက်ရှိသည်။ သွေးနဂါးမြစ်၏ အော်မြည်သံက ပို၍ ပြင်းထန်လာပြီး ကြောက်မက်ဖွယ် ကောင်းလာကာ ယင်းတို့အထက်ရှိ သွေးနီရောင် တိမ်တိုက်များကို ဒေါသတကြီး ဟိန်းဟောက်နေသကဲ့သို့ ထင်မှတ်ရပေသည်။

ရှင်းခိုင်၏ ခန္ဓာသည် စစ်နတ်ဘုရား နိုးထလာသကဲ့သို့ အလွန် မြင့်မားကာ ကြီးထွားလာပြီး ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားများကို အဆုံးစွန်ထိရောက်အောင် တိုးမြှင့်လိုက်ကာ သူ့အနီး ကောင်းကင်တခွင်ကို ဖိအားများ ထုတ်လွှတ်လိုက်သည်။

သူသည် သွေးနဂါးမြို့မှ ယခင်တိုက်ပွဲတွင် ယူချင်းထံ၌ အဆက်မပြတ် ထိုးနှက်ခံခဲ့ရပြီး သူ၏ တိုက်ပွဲစွမ်းရည်ကို ကြီးမားသည့် သက်ရောက်မှု ဖြစ်ခဲ့၍ ထိုသည်က သူ့အား ပြည့်စုံသည့် စွမ်းအားကို ဖော်ထုတ်ရန် အချိန်မရအောင် ဖြစ်စေခဲ့သည်။

လက်ရှိတိုက်ပွဲတွင် တိုက်ခိုက်ရာ၌ သူသည် ယခင်နှင့်မတူသော အင်ပါယာကျန်း၏ မျိုးဆက်အနေနှင့် ရှင်သန်နေသည့် အခြားသောရှင်းခိုင်ကို ရီဖူရှင်းအား မြင်တွေ့စေမည်ဟု စိတ်ဆုံးဖြတ်ထားသည်။

အကန့်အသတ်မဲ့ ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားများသည် သူ ဆန့်ထုတ်လိုက်သည့် လက်နှင့် ပေါင်းစည်းသွားပြီး သန့်စင်သည့် အလင်းများ ထွက်ပေါ်နေသော လှံကြီးတစ်ချောင်း ဖြစ်တည်လာသည်။ ပိုကြောက်စရာ ကောင်းသည်ကား ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားများနှင့် ပြည့်နှက်နေသည့်  မဟာလမ်းစဉ်၏ ဖျက်ဆီးခြင်း အလင်းတန်းများသည် ကောင်းကင်ထက်မှ မိုးများကဲ့သို့ ကျဆင်းလာသည်ဟု ထင်မှတ်ရကာ သူတို့ ဝန်းကျင်ရှိ လေဟာနယ်ကို ဖြတ်သန်း ဖျက်ဆီးသွားပြီး ရီဖူရှင်းထံသို့ တိုးဝင်သွားခြင်း ဖြစ်သည်။

လူအများသည် အထက်မှ မြင်ကွင်းကို မော့ကြည့်လိုက်ကြပြီး အလွန်ကြောက်မက်ဖွယ် ကောင်းသည်ကို တွေ့ရှိလိုက်ကြသည်။

ရှင်းခိုင်သည် လတ်တလော၌ ရှုံးနိမ့်ထားသည် ဆိုလျှင်ပင် သူ၏ ကျော်ကြားခဲ့မှုက အလဟဿတော့ မဟုတ်ပေ။ ရှင်းခိုင်သည် အမှန်တကယ် အစွမ်းထက်လှသည်ကို များပြားလှသည့် တိုက်ပွဲများတွင် အကြိမ်ကြိမ် သက်သေပြခဲ့ပြီး ဖြစ်သည်။ သူ၏ စွမ်းအားသည် သေချာပေါက် ထိပ်တန်းအဆင့်ဝင်ပြီး သွေးနဂါးဘုံတစ်လျှောက် အနည်းငယ်သာလျှင် သူနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။ ထိုအချိန်တွင် သူ့ထံမှ ထွက်ပေါ်လာသည့် ဖိအားသည် သူ၏ အစွမ်းထက်မှု သက်သေပင် ဖြစ်သည်။

ထိုအကြွင်းမဲ့ လွှမ်းမိုးနိုင်သော ရပ်တည်မှုနှင့် အပြုအမူသည် လူအများအား သူ၏ လက်ရှိအဆင့်ကို မေ့လျော့စေပြီး သူ့ကို အသက်ဝင်နေသည့် စစ်နတ်ဘုရား တစ်ပါးအသွင် ထင်မှတ်ရစေသည်။ ရီဖူရှင်းက မော့ကြည့်လိုက်သည်။ တောက်ပနေသော ရွှေရောင် အလင်းတန်းများသည် လှံများကဲ့သို တဖျောဖျော ကျဆင်းလာပြီး သူ့ဆီသို့ တည့်မတ်စွာ တိုးဝင်လာနေသည်။

သူသည် ရှေ့သို့ ပြင်းထန်သော ခြေတစ်လှမ်းကို လှမ်းလိုက်ပြီး နေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။ ပညာရှိကျမ်းမှ ထွက်ပေါ်လာသည့် အလင်းများသည် လေဟာနယ် အေးခဲစေသည့် စွမ်းအားများအဖြစ် ထုတ်လွှတ်ခံရပြီး သူ့ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ မြင်ကွင်းသည် ခဏချင်းအတွင်း၌ ကြယ်ကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားသည်။ ကြယ်များသည် စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်နေပြီး သူ့ကို ကာကွယ်ပေးထားသည်။

ကျဆင်းလာသည့် လှံများသည် ကြီးမားသော ကြယ်များနှင့် ထိပ်တိုက် တွေ့ဆုံသွားကြကာ ရလဒ်အနေနှင့် ကမ္ဘာတုန်လှုပ်စေသော မြည်ဟည်းသံကြီး ထွက်ပေါ်လာလေသည်။ ကြောက်မက်ဖွယ် ပေါက်ကွဲသံကို သွေးနဂါးမြစ် တခွင်လုံးမှ ကြားလိုက်ရလေသည်။

ဘုန်း…

ရှင်းခိုင်သည် လေထဲတွင် ရွေ့လျားသွားပြီး လှံများ ကျဆင်းလာရာ နေရာတိုင်း၌ ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားများသည် အလွန်ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။ သူတို့ ဝန်းကျင်ရှိ ကောင်းကင်တခွင်လုံးသည်  စွမ်းအားများဖြင့် လွှမ်းခြုံခံထားရပေသည်။ မိုးရွာသကဲ့သို့ ကျဆင်းလာသော မရေတွက်နိုင်သည့် လှံများက လေဟာနယ်ကို ဖြတ်သန်း၍ ရီဖူရှင်းဆီသို့ ဦးတည်သွားလေသည်။

ရှင်းခိုင်သည် တိုက်ပွဲစတင်စဉ်ကပင် သူ၏ ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားများကို အရူးအမူး ထုတ်လွှတ်ထားသည်။ သူသည် ရီဖူရှင်းနှင့် ယှဉ်ပြိုင် တိုက်ခိုက်ရာတွင် အချိန်ကုန်ခံလိုသည့် ဆန္ဒအနည်းငယ်ပင် ရှိမနေပေ။ သူသည် အနည်းငယ်မျှပင် ယဉ်ကျေးမှုကို မပြသခဲ့ဘဲ တိုက်ပွဲ အစကတည်းက ရီဖူရှင်းကို ဖိနှိပ်ထားရန် ကြိုးစားနေပေသည်။

ရီဖူရှင်းသည် ရှင်းခိုင်၏ ရည်ရွယ်ချက်ကို ခံစားမိသည်။ တိုက်ခိုက်မှုများသည် တိုက်ပွဲစတင်စဉ် ကတည်းက ကျော်လွှားရန် ခက်ခဲသော စွမ်းအားများ ပါဝင်နေသည်။ ရှင်းခိုင်၏ သူ့အပေါ် ထားရှိသည့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များမှာ သိသိသာသာ အားကောင်းလှပေသည်။

အစွမ်းထက်သည့် ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး သူတို့အနီး ကျယ်ပြောလှသော ပတ်ဝန်းကျင်နှင့် ရောယှက်သွားစေသည်။

မဟာလမ်းစဉ်သည် ကျယ်ပြန့်ပြီး မြောက်မြားစွာသော အရာများ ပါဝင်ကာ စကြဝဠာအတွင်းရှိ အရာအားလုံးကို မွေးဖွားပေးသည်။ မဟာလမ်းစဉ်၏ စွမ်းအားများက မည်သည့်နေရာသို့ ရောက်ရှိသည် ဖြစ်စေ အရာအားလုံးသည် ယင်းတို့၏ ကိုယ်ပိုင် စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားစေသည်။

တောက်ပသည့် ကြယ်တာရာစွမ်းအင် ကမ္ဘာကြီးသည် သွေးနဂါးမြစ် အထက်တွင် တဖိတ်ဖိတ် လင်းလက်နေသည်။ ပိုမိုများပြားသော ကြယ်များက သူတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်တည် ပေါ်ပေါက်လာပြီး ယင်းတို့သည် အလွန် တောက်ပသော အလင်းများကို ထုတ်လွှတ်ပေးနေသည်။

ထိုကြယ်များသည် ရီဖူရှင်း၏ ခန္ဓာကို လှည့်ပတ်နေပြီး သူသည် ကြယ်များနှင့် တသားတည်း ဖြစ်နေသည်ဟု ထင်မှတ်ရကာ ကြယ်ကမ္ဘာ၏ အလယ်တွင် ရှိနေသကဲ့သို့ ဖြစ်စေသည်။

သူ့အနီးရှိ ကြယ်များသည် လျှို့ဝှက်ဆန်းကြယ်သည့် ပတ်လမ်းအတိုင်း လှည့်ပတ် လှုပ်ရှားနေကြသည်။ ယင်းတို့၏ ပတ်ဝန်းကျင်သည် မြည်ဟည်းနေပြီး လှည့်ပတ်နေသည့် ကြယ်များသည် အထက်မှ ကျဆင်းလာသည့် ကြီးမားသည့် လှံများကို  ရိုက်ခတ်မိကာ ကောင်းကင်ကို တုန်ခါသွားစေသည့် ဖျက်ဆီးခြင်း စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

ကမ်းခြေတွင် ရပ်နေသည့် နဝမအစေခံသည် မျက်မှောင် ကြုတ်လိုက်ပြီး ထိုတိုက်ခိုက်မှုများသည် ကြယ်ခူးဆွတ်သူ ရှန့်ထို၏ တိုက်ခိုက်ရေး ပညာရပ်များနှင့် ဆင်တူနေသည်ကို ရှာဖွေတွေ့ရှိလိုက်သည်။

ကိုင်ဟွမ်၏ ပြောပြချက်အရ ထိုလူအိုကြီးသည် သူ့ကို ချန်ယဲ့မြို့တွင် တားဆီး တိုက်ခိုက်ခဲ့သည်ဟူ၍ ဖြစ်သည်။ ကြည့်ရသည်မှာ ထိုကြယ်ခူးဆွတ်သူ ရှန့်ထိုက တကယ်ပင် ချန်ယဲ့မြို့ ဘက်တွင် ရှိနေခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း စစ်နတ်ဘုရား၏ လှံများကို တားဆီးရန်မှာ ထိုမျှထိ လွယ်ကူနေမည် မဟုတ်ပေ။

ရှင်းခိုင်သည် ထိုအခိုက်တွင် ရွှေရောင် လျှပ်စီးတန်းကဲ့သို့ ပြောင်းလဲသွားပြီး လေဟာနယ်ကို ထွင်းဖောက်ကာ တစ်ချိန်တည်းမှာပင် မရေတွက်နိုင်သည့် လှံများ ပေါက်ကွဲထွက်လာကာ မဟာလမ်းစဉ်၏ ကြယ်စွမ်းအင်များနှင့် လွှမ်းခြုံထားသည့် ရီဖူရှင်းထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ ပြင်းထန်သည့် မြည်ဟည်းသံများကို အဆက်မပြတ် ကြားနေရကာ ကြယ်များက ပျက်စီးသွားပြီး လှံများက ကွဲကြေသွားသည်။

ရွှေရောင် နတ်ဘုရားလှံများ ပေါ်ပေါက်လာကာ လှည့်ပတ်နေသည့် ကြယ်များကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ အဆုံးမဲ့ ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားများမှ ဖြစ်တည်လာသည့် အလင်းများသည် ချက်ချင်းပင် ထိုးထွက်လာ၍ ကြယ်ပတ်လမ်းကို ထိခိုက်သွားကာ အပျက်အစီးများအဖြစ် ပြောင်းလဲသွားစေပြီး ပြင်းထန်စွာ ဖျက်ဆီးခံလိုက်ရသည်။

လှံများမှ ထွက်ပေါ်လာသည့် ဖျက်ဆီးခြင်း အလင်းများသည် ရှေ့သို့ ဆက်လက်၍ ရွေ့လျားနေပြီး  အလင်းမျက်နှာပြင်ကို ရိုက်ခတ်လိုက်ကာ ရီဖူရှင်းကို သတ်ဖြတ်ရန် ရည်ရွယ်လိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် ရီဖူရှင်းသည် ရှေ့သို့ လှမ်းလိုက်သည်။ သူသည် လှည့်ပတ် ရွေ့လျားလိုက်ပြီး သူ့လက်ထဲတွင် လှံရှည်တစ်ချောင်း ပေါ်ပေါက်လာသည်။ ထို့နောက် သူသည် လှံရှည်ကို ချိန်ရွယ်လိုက်သည်။ သူ့ကို လှည့်ပတ်နေသော ကြယ်များသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ရှင်းခိုင်၏ ခန္ဓာကိုယ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကာ သူ့ကို ကြယ်များနှင့် နစ်မြုပ်ပစ်လိုက်ရန် ရည်ရွယ်နေသည်။

ရှင်းခိုင်သည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ၏ လှံများကို ဆက်လက် ပစ်လွှတ်နေသည်။ သူ၏ စွမ်းအားများသည် ခိုင်မာစွာနှင့် သူ့ လမ်းတွင် ရှိနေသည့် မည်သည့်အရာမဆို ဖျက်ဆီးပစ်တော့မလိုနှင့် ကြယ်များကို တစ်ခုပြီးတစ်ခု ဆက်လက်ကာ ဖျက်ဆီးပစ်နေသည်။

ထိုအခိုက်အတန့်တွင် ရီဖူရှင်းအနီးရှိ အားလုံးသော ကြယ်များ၏ အလင်းသည် တစ်နေရာတည်းသို့ စုဝေးလာကြသည်။ လှံရှည်သည်  ထိုးထွက်သွားကာ သူ့ထံသို့ ဦးတည် လာနေသည့် လှံနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ကြယ်များမှ အဆုံးမဲ့အလင်းများ စီးဆင်းထွက်လာ လှံရှည်တွင် ပေါင်းစပ်သွားပြီး ထိုရိုက်ချက် တစ်ချက်တွင် ကြယ်များအားလုံး၏ စွမ်းအားကို သယ်ဆောင်ထားသည်။

ထိုအချိန်၌ လှံရှည်နှင့် လှံသည် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။ လက်နက်များရှိ ဝန်းကျင်ရှိ အရာအားလုံးသည် မည်သည့်အရာမှ မကျန်ရစ်သည် အထိ ပျက်စီးသွားလေသည်။ အောက်ဘက်ရှိ သွေးနဂါးမြစ်သည် အော်မြည်နေပြီး ပြင်းထန်စွာ အရူးအမူး လှုပ်ရှားနေပေသည်။ မြစ်အတွင်းမှ လောင်ကျွမ်းနေသည့် ချော်ရည် မီးတောက်များသည် ပွက်ပွက်ထလာပြီး အနီးရှိ လေဟာနယ်ကို ဆွဲချသွားလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset