အပိုင်း(၁၃၀၇)

သွေးနဂါးမြစ်အထက်၌

နဝမအစေခံသည် ရီဖူရှင်း၏ စကားကို ပြန်မဖြေသော်လည်း သူသည် ရီဖူရှင်း၏ ကျင့်ကြံဆင့်နှင့် ပတ်သက်ပြီး စိတ်ပူနေသည်မှာ သေချာလှပေသည်။ အကယ်၍သာ ရီဖူရှင်းက မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ရှန့်ထိုတစ်ပါး ဖြစ်လာခဲ့လျှင် ရှင်းခိုင်သည် အန္တရာယ် များပေလိမ့်မည်။ သူက ရှင်းခိုင်ကို တိုက်ခိုက်ရန် ကျိန်းသေ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ နှလုံးသားလမ်းစဉ် ထိခိုက်ခြင်းက ပြန်လည်ပြင်ဆင်ရန် ဖြစ်နိုင်သော်လည်း တိုက်ခိုက်ရင်း သေဆုံးသွားခဲ့လျှင် အရာအားလုံး ပြီးဆုံးသွားလိမ့်မည် ဖြစ်သည်။

ထို့အပြင် ရီဖူရှင်းက တိုက်ခိုက်ရန် အတွက် ရွေးချယ်ထားသည့် နေရာသည် အလွန်ရက်စက် လှပေသည်။ ဒေသနန်းတော်၏ အပြင်ဘက် သွေးနဂါးမြစ် အထက်တွင် ဖြစ်၏။

သူသည် မည်သည့် ထောက်ထားညှာတာမှုမှ ပြသရန် ရည်ရွယ်ချက် မရှိပေ။ နဝမအစေခံ ကဲ့သို့သော အစွမ်းထက်သည့် တစ်စုံတစ်ယောက်ပင်လျှင် ဒေသနန်းတော် အပြင်ဘက်၌ တိုက်ခိုက်သည့် တိုက်ပွဲတွင် ဝင်ပါရဲလိမ့်မည် မဟုတ်ပေ။ ရှင်းခိုင်သာ စိန်ခေါ်မှုကို လက်ခံလိုက်လျှင် ပြန်လှည့်ရန် လမ်းမရှိပေ။

ထို့ကြောင့်ပင် နဝမအစေခံက သွားရောက် စစ်ဆေးခြင်း ဖြစ်ပေသည်။

ကောင်းကင်အထက်မှ တဖြည်းဖြည်း ထုတ်လွှတ်နေသည့် အစွမ်းထက် အရှိန်အဝါများ နှင့်အတူ ကြီးမားသော မျက်နှာကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ဆန်းထျန်ကျန့်၊ ဝူယုံးနှင့် အခြားလူများသည် သူတို့၏ စွမ်းအားများကို ပြန်ရုပ်သိမ်းလိုက်ကြပြီး ရီဖူရှင်း၏ ဘေးသို့ လျှောက်လာကြသည်။ ဆန်းထျန်ကျန့်က ပြောလိုက်၏။ “သူ သွားပြီ”

နဝမအစေခံသည် အမှန်တကယ်ပင် လာရောက် စစ်ဆေးခြင်း ဖြစ်ပေသည်။ သို့သော်လည်း နဝမအစေခံက လာရောက် စစ်ဆေးလျှင်ပင် ရှင်းခိုင်သည် တိုက်ပွဲမှ လမ်းလျှောက် ထွက်သွားနိုင်ရန် လွယ်ကူမည် မဟုတ်ပေ။ သူသည် ထိုသို့ ပြုလုပ်ရန်အတွက် အကြောင်းရင်းမရှိပေ။

ရှင်းခိုင်သာ ငြင်းဆန်ခဲ့လျှင် သူသည် မျက်နှာပျက်ရမည် ဖြစ်ပြီး သွေးနဂါးဘုံတွင် ရပ်တည်နိုင်စွမ်းရှိမည် မဟုတ်တော့ပေ။ သူသည် ဒေသနန်းတော်သို့ ပြန်သွားနိုင်လိမ့်မည်ပင် မဟုတ်တော့ပေ။

ထိုအရာအားလုံးသည် ရှင်းခိုင်အပေါ်တွင် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည် ဖြစ်သည်။ ရလဒ်အနေနှင့် သူ၏ နှလုံးသား လမ်းစဉ်သည် အစိတ်စိတ် အမြွှာမြွှာဖြင့် အပြီးတိုင် ပျက်စီးသွားကာ တိုးတက်လာရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။ သူသည် ထိုစိတ်ဒဏ်ရာကို ဖြေရှင်းနိုင်စွမ်း မရှိလျှင် သူသည် ဤဘဝ၌ မည်သည့်အခါမှ သံသယ ကင်းစင်ခြင်းအဆင့်  ရှန့်ထို ဖြစ်လာတော့မည် မဟုတ်ချေ။

နဝမအစေခံ ပြန်သွားပြီးနောက်၌ ချန်ယဲ့မြို့တွင် အခြေအနေကြီး တစ်ရပ် ထွက်ပေါ်လာခဲ့သည်။ ရှေးဟောင်းတော်ဝင်မြို့နှင့် ချန်ယဲ့မြို့ကြားမှ ပဋိပက္ခသည် လတ်တလော၌ လူတိုင်း၏ စိတ်ဝင်စားမှုကို ဖမ်းစားထားနိုင်သည်။ လူအများက တွေးထင်ထားကြသည်မှာ ရီဖူရှင်းက ဒေသနန်းတော်သို့ ဝင်ရောက်ရန် သဘောတူသည်နှင့် ဖြေရှင်းပြီးသား ဖြစ်သွားမည်ဟူ၍ ဖြစ်သည်။

သို့ရာတွင် သူတို့ အလျင်အမြန် သိရှိလာရသည်က ရီဖူရှင်းသည် သေခြင်းရှင်ခြင်း တိုက်ပွဲစတင်ရန် စိန်ခေါ်ခဲ့သည်။ ထိုတိုက်ပွဲသည် နောက်ခုနစ်ရက် နေလျှင် ဒေသနန်းတော် အပြင်ဘက် သွေးနဂါးမြစ် အထက်တွင် ဖြစ်ပွားမည် ဖြစ်သည်။ အနိုင်ရရှိသူ သာလျှင် ဒေသနန်းတော်သို့ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်၏။

ရီဖူရှင်းသည် ရှင်းခိုင်နှင့် အတူတကွ ယှဉ်တွဲ၍ နေလိုသော ဆန္ဒမရှိပေ။ သူတို့နှစ်ယောက်တွင် တစ်ယောက်သာလျှင် ရပ်ကျန်ရစ်နိုင်လိမ့်မည် ဖြစ်၏။ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်လေးနှင့် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်မှ ရှင်းခိုင်ကို စိန်ခေါ်သည်မှာ သူ၏ ယုံကြည်မှု ပြင်းပြခြင်းက အခြားလူများနှင့် မတူပေ။ ရီဖူရှင်း၏ ယုံကြည်မှုများက မည်သည့်နေရာက လာသည်လဲ လူတိုင်းက သိချင်နေကြ၏။

ယခင်တိုက်ပွဲတွင် သူနှင့် ယူချင်းက အဖွဲ့ဖွဲ့ကာ ရှင်းခိုင်ကို ဆွဲချရန် လုပ်ဆောင်ခဲ့သော်လည်း ယခုတွင် တစ်ယောက်ချင်း တိုက်ခိုက်မည် ဖြစ်သည့်အတွက် အလွန်ခက်ခဲ ပေလိမ့်မည်။ ထို့အပြင် ဤတိုက်ပွဲသည် သေခြင်းရှင်ခြင်း တိုက်ပွဲ ဖြစ်တာကြောင့် ရှင်းခိုင်က သေချာပေါက် အစွမ်းကုန် ကြိုးစားလိမ့်မည် ဖြစ်သည်။

ရီဖူရှင်းသည် သူ့ကိုသူပင် လွတ်လမ်း ချန်မထားပေ။ လူတိုင်းက ထို ချန်ယဲ့ မြို့စားငယ်လေးက အလွန် ရက်စက်လှသည်ဟု ယူဆကြပေသည်။ သူက ပြိုင်ဘက်ကို ရက်စက်ရုံ သာမကဘဲ သူ့ကိုသူလည်း ရက်စက်ပေသည်။

လူအများသည် တိုက်ပွဲတွင် ရှုံးနိမ့်လျှင် မည်သည့် အကျိုးဆက် ဖြစ်ပေါ်လိမ့်မည်ကို စူးစမ်းလိုနေကြ၏။ နဝမအစေခံက ပြန်သွားခဲ့ပြီး အရာအားလုံးက မျှော်လင့် ထားသလိုပင် ဖြစ်လာခဲ့သည်။ ရှင်းခိုင်က စိန်ခေါ်မှုကို လက်ခံလိုက်၏။ သူသည် နောက်ခုနစ်ရက် အကြာတွင် ရီဖူရှင်းကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် သွေးနဂါးမြစ် အထက်တွင် ထွက်ပေါ်လာလိမ့်မည် ဖြစ်သည်။

ထိုသို့သော ထူးထူးခြားခြား ထိတ်လန့်ဖွယ် ကောင်းသည့် သတင်းသည် တောမီးပမာ မြို့တိုင်းကို ပျံ့နှံ့သွားခဲ့သည်။ ထိုသတင်းကို ကြားရသော မရေတွက်နိုင်သည့် သူတို့မှာ အံ့သြထိတ်လန့် တုန်လှုပ်ကုန်ကြသည်။ ထိုတိုက်ပွဲသည် ဘီလူးသဘက်များ၏ ထိပ်တိုက် တွေ့ဆုံပွဲဟု သတ်မှတ်နိုင်ပေသည်။

ရှင်းခိုင်သည် ကျော်ကြားမှုရပြီး မကြာခင်မှာပင် ရီဖူရှင်းနှင့် ယူချင်းတို့၏ လက်ထဲ၌ ရှုံးနိမ့်ကာ ကျော်ကြားမှုကို ဆုံးရှုံးခဲ့သည်။ ချန်ယဲ့မြို့စား ရီဖူရှင်းသည် အလွန် လျင်မြန်စွာ ကျော်ဇောလာပြီး လောကတစ်ခွင်က သိရှိလာကြသည်။ သူ၏ အပြုအမူက သွေးနဂါးဘုံမှ လူများအတွက် အမှန်တကယ် ထိတ်လန့်ဖွယ်ပင် ဖြစ်သည်။

လက်ရှိတွင် ရီဖူရှင်း၏ အမည်ကို မသိသူ တစ်ဦးတစ်ယောက်မှ မရှိပေ။ ထိုသို့ ပုဂ္ဂိုလ်နှစ်ဦးသည် သွေးနဂါးမြစ် အထက်တွင် တိုက်ခိုက်မည် ဖြစ်ပြီး ထိုအရာသည် မည်မျှ ထိတ်လန့်ဖွယ်ကောင်းသည့် အရာများ ဖြစ်ပေါ်လာမည်ကို ခန့်မှန်း ကြည့်နိုင်ပေသည်။ လူအများသည် ထိုတိုက်ပွဲအကြောင်း ကြားသည်နှင့် သွေးနဂါးမြို့သို့ ခရီးနှင်လာကြသည်။ သူတို့သည် ထိုသို့သော တိုက်ပွဲမျိုးကို လက်လွတ် မခံသင့်ဟု ယူဆထားပေသည်။

အချိန်က ကုန်လွန်သွားပြီး ရီဖူရှင်းသည် ချန်ယဲ့မြို့မှာပင် တံခါးပိတ် ကျင့်ကြံနေခဲ့သည်။

ရှေးဟောင်းတော်ဝင်မြို့မှ ရှင်းခိုင်သည်လည်း အတူတူပင် ဖြစ်သည်။ နဝမအစေခံသည် ရှင်းခိုင်၏ ကျင့်ကြံမှုကို ကိုယ်တိုင် ကြပ်မတ် ပေးနေ၏။ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ရှန့်ထိုတစ်ယောက်အနေနှင့် ရှင်းခိုင်သည် ပြင်ပလမ်းညွှန်မှုမှနေ၍ အကျိုးကျေးဇူး များစွာ ရလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူသည် တိုက်ခိုက်ရေး လှည့်ကွက် အချို့ကို ပိုမိုသင်ယူ ပြင်ဆင် ထားနိုင်ပေသည်။

ရီဖူရှင်းသည် ချန်ယဲ့မြို့မှာပင် ရှိနေပြီး အချိန်ရှိသရွေ့ နှင်တံလမ်းစဉ်၊ လှံရှည်လမ်းစဉ်နှင့် အခြားကျင့်စဉ်များကို လေ့ကျင့်နေသည်။ သူသည် သူ၏ နည်းစနစ်များကို ဆက်လက် တိုးတက်လာအောင် ပြုလုပ်နေပြီး ပို၍ အစွမ်းထက် လာပေသည်။ သူ့ထံသို့ တစ်စုံတစ်ယောက် ချဉ်းကပ် လာနေသည်ကို သတိပြုမိသည့်အခါ သူသည် လေ့ကျင့်နေရာမှ ရပ်တန့်သည်။ ထိုသူသည် ရှားရှင်းယွန်ဖြစ်သည်။

“နင် နိုင်မှာ သေချာရဲ့လား” ရှားရှင်းယွန်က မေးသည်။ ရီဖူရှင်း၏ ပြိုင်ဘက်သည် သာမန် ရှန့်ထိုများကဲ့သို့ မဟုတ်ပေ။ သူ၏ ပြိုင်ဘက်သည် သွေးနဂါးဘုံ တစ်ခွင်တွင် ကျော်ကြားသည့် ရှင်းခိုင်ဖြစ်သည်။ ထို့အပြင် ရီဖူရှင်းသည် ရှန့်ထိုအဆင့်မှ သူ့ထက် မြင့်သည့် ကျင့်ကြံဆင့်ရှိသူနှင့် တိုက်ခိုက်မှာ ဖြစ်၏။

ရီဖူရှင်းက သွေးနဂါးမြို့ တိုက်ပွဲတွင် တစ်ခုခု သင်ယူနိုင်ခဲ့ပြီး ထိုသည်က သူ့ကို သတ္တိရှိရှိနှင့် ရှင်းခိုင်ကို စိန်ခေါ်ရဲစေရန် ပြုလုပ်ပေးသည်ကို သူမ သိသည်။

“မသေချာဘူး” ရီဖူရှင်းက အပြုံးနှင့် ပြောသည်။

ရှားရှင်းယွန်သည် စိတ်ရှုပ်သွားရကာ မျက်လုံးအဝိုင်းသားနှင့် သူ့ကို စူးစိုက်ကြည့်သည်။

အခု သူက အနိုင်ရရန် မသေချာဟု သူမအား ပြောသည်လား။

“ကျုပ် နိုင် နိုင်ပါတယ်” ရီဖူရှင်းက ရှားရှင်းယွန်၏ အမူအရာကို ကြည့်ကာ ရယ်ဖြဲဖြဲ လုပ်သည်။

နိုင် နိုင်ပါတယ်တဲ့လား။

ရှားရှင်းယွန်သည် သူ့ကိုသာ ဆက်လက်၍ စူးစိုက်ကြည့်နေသည်။ ကြည့်ရသည်မှာ မည်သည့်စကားကမှ သူမ လိုချင်သည့် အဖြေ ဟုတ်ဟန်မတူပေ။

“ကျုပ်သာ အနိုင်ရဖို့ ကျိန်းသေတယ်ဆိုတဲ့ ယုံကြည်ချက်ရှိတာ သိသာနေခဲ့ရင် ရှင်းခိုင်က စိန်ခေါ်မှုကို လက်ခံလာစရာ အကြောင်းမှ မရှိတာ။ အဲဒီလိုသာဆိုရင် အစကတည်းက နဝမအစေခံ သဘောမတူလိုက်မှာကို စိုးရိမ်နေခဲ့တာ” ရှားရှင်းယွန်က ဒီအတိုင်း လွှတ်ပေးလိုက်မည့်ပုံ မပေါ်သည်ကို ကြည့်ကာ ရီဖူရှင်း ဆက်ပြောသည်။ “ဒါပေမဲ့ ကျုပ် အနိုင်ရမယ့် အခွင့်အရေး များပါတယ်”

“အနိုင်ရဖို့ အခွင့်အရေးများတယ် ဆိုရုံလေးနဲ့ သေတဲ့အထိ တိုက်မယ်ဆိုတဲ့ စိန်ခေါ်ချက်ကို ဟိုတစ်ယောက်ဆီ ပို့ရဲတယ်လား” အပြစ်တင်သည့် စကားသံ ထွက်ပေါ်လာသည်။ ရီဖူရှင်းသည် လှည့်ကြည့်လိုက်ရာ သူ့ထံသို့ လျှောက်လာနေသည့် ဝူယုံးနှင့် အကြီးအကဲ တစ်ဦးကို မြင်လိုက်ရသည်။

သူသည် ထိုအကြီးအကဲကို မြင်သည့်အခါ အတော်လေး အံ့သြသွားပေသည်။ သူသည် အခြားမဟုတ်ဘဲ ယခင်က သူ့ကို ကူညီရန် ထွက်ပေါ်လာခဲ့သည့် ကြယ်ခူးဆွတ်သူ ရှန့်ထို ဖြစ်ပေသည်။ ထိုလူအိုကြီးသည် သူ ခိုးလာသည့် ပထမလမ်းစဉ် မီးတောက်ကို ရီဖူရှင်းထံ ပေးပြီးနောက် အစအန မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူသည် ယခင် ချန်ယဲ့မြို့ တိုက်ပွဲ၌ ပေါ်လာကာ ကိုင်ဟွမ်ကို တားဆီးခဲ့သည်။

ထို့နောက် သူသည် ထိုတိုက်ပွဲအပြီး၌ တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။ သူသည် စိတ်တိုင်းကျ သွားလိုက်လာလိုက်နှင့် မည်သူကမှ သူ့ကို ဖမ်းမိနိုင်စွမ်း မရှိပေ။ ထိုလူအိုကြီးသည် အမှန်ပင် သူ့ဂုဏ်သတင်းနှင့် အညီ နေထိုင်နေသည်ဟု ထင်မှတ်ရသည်။

ယခု သူသည် တစ်ဖန် ပေါ်ပေါက်လာပြန်သည်။

“ကျွန်တော် ကြားတာတော့ စီနီယာက ရှေးဟောင်းတော်ဝင် မြို့ကဆို” ရီဖူရှင်းက ကြယ်ခူးဆွတ်သူ ရှန့်ထိုကို ကြည့်ကာ ပြောသည်။

လူအိုကြီးက သူ့ကို စိုက်ကြည့်ကာ ပြန်ပြောသည်။ “ပုံပြင်ဟောင်းတွေ တော်လောက်ပြီ”

“ဒါဆို ကောလာဟလတွေ အမှန်ပဲ ထင်တယ်။ ဒါပေမဲ့ နဝမအစေခံကို နိုင်မှာ မဟုတ်တာကို သိရဲ့သားနဲ့ ဘာလို့ ရှေးဟောင်းတော်ဝင် မြို့ကို သွားခဲ့ရတာလဲ” ရီဖူရှင်းက မေးသည်။

လူအိုကြီးက သူ့ကို ပို၍ပင် ပြင်းထန်စွာ စိုက်ကြည့်လာခဲ့သည်။ သည်လူငယ်ကား လုံးဝ အလိုက်ကန်းဆိုး မသိပေ။

ရီဖူရှင်းသည် လူအိုကြီး၏ အမူအရာကို မြင်သည့်အခါ တောင်းပန်လိုသည့် အကြည့်နှင့် ကြည့်သည်။ သူသည် လူအိုကြီးကို လေးစားမှု အပြည့်ဖြင့် ဦးညွှတ်လိုက်ကာ ပြောသည်။ “စီနီယာက ကျွန်တော့်ကို အကြိမ်ပေါင်းများစွာ ကူညီခဲ့ပြီး ကျွန်တော်က အဲဒီအတွက် တကယ် ကျေးဇူးတင်မိပါတယ်။ ဒါပေမဲ့လည်း ကျွန်တော် တကယ် သိချင်တာ စီနီယာက ဘာလို့ ကျွန်တော့်ကို ကူညီရတာလဲ”

“မင်းက ငါ ရှေးဟောင်းတော်ဝင်မြို့က ဆိုတာကို သိတယ်။ ဒါဆို ငါနဲ့ သူတို့ကြားမှာ ရန်ငြိုးရှိတယ် ဆိုတာလည်း သိလိမ့်မယ်။ ရှေးဟောင်းတော်ဝင်မြို့က နဝမအစေခံက သွေးနဂါးမြို့ အပြင်ဘက်မှာ နံပါတ်တစ် ပုဂ္ဂိုလ်အဖြစ် ထင်ရှားတယ်။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအား အမျိုးအစားကလည်း ပြိုင်ဘက်ကင်းလို့ သိကြတယ်။ ငါက သူ့ကို ရှုံးနိမ့်ခဲ့ပြီး အရှုံးသမားအဖြစ် ကဲ့ရဲ့ခံရမှာ ကိုတော့ ကြောက်တယ်။ အရင်တုန်းက အင်ပါယာလီနဲ့ တိုက်ပွဲမှာတုန်းက ငါ တိုက်တိုက်ဆိုင်ဆိုင် မင်းကို မြင်ခဲ့ပြီးတော့ မင်းမှာ အလားအလာ အများကြီး ရှိတာကို သိခဲ့တယ်။ အဲဒါကြောင့် လမ်းစဉ်မီးတောက်တွေကို ငါ မင်းကို ပေးခဲ့တာပဲ။ ပြီးတော့ လူငယ်လေး … မင်းက အင်ပါယာခွာရဲ့ အပျက်အစီး နယ်မြေက အမွေအနှစ်တွေကို လက်ဝယ် ပိုင်ဆိုင်ခဲ့တယ်။ အခုမင်းက ရှေးဟောင်းတော်ဝင်မြို့နဲ့ တိုက်ခိုက်တာကို မြင်ရတော့မှာမို့ ငါ တကယ်ကို လေးစားပြီး စိတ်သက်သာရာလည်း ရခဲ့ပါပြီ”

“ဒါအကုန်ပဲလား” ရီဖူရှင်း၏ မျက်နှာထက်တွင် ထူးခြားသည့် အမူအရာမျိုး ထွက်ပေါ်လာကာ မေးသည်။

“ဒါဆို ငါက တစ်ခုခု ဖုံးကွယ်ထားတယ်လို့ ထင်နေတာလား” လူအိုကြီးက ရီဖူရှင်းကို စိုက်ကြည့်သည်။

“ဒါဆိုလည်း ကောင်းပြီလေ” ရီဖူရှင်းသည် ထိုက်သင့်သည့် အဖြေဖြစ်သည့် အတွက် လက်ခံသည်။ သူသည် ထိုလူအိုကြီးက အလွန် ပရိယာယ်များသည်ကို မြင်နိုင်ပေသည်။ လူအိုကြီးသည် သူ ပြောချင်သည်ကိုသာ ဆွဲလွဲ ပြောဆိုသူ ဖြစ်လေသည်။ သူသာ စကားပြောရန် ငြင်းဆိုပါက ရီဖူရှင်းက မည်သည့် သဲလွန်စကိုမှ အစဆွဲထုတ်၍ ရမည် မဟုတ်တော့ပေ။ ထို့ကြောင့် သူက ထိုအတိုင်းသာ ထားလိုက်တော့၏။

“ဒါဆို ဒီကိုလာတာ ဘာကိစ္စများလဲ စီနီယာ” ရီဖူရှင်းက မေးသည်။

“ငါ ကြားတာက မက်မွန်ပွဲတော် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းမှာတုန်းက ကြယ်တာရာကျောက်တုံး ရှေးဟောင်းလျှောက်လမ်းကို ရွေးလိုက်တယ်ဆို။ ကြယ်တာရာစွမ်းအား ဆိုတာက ငါ အကျွမ်းကျင်ဆုံး စွမ်းရည်ပဲ။ အဲဒါကြောင့် ငါ သိတာတွေ သင်ပေးဖို့ လာခဲ့တာ။ ဒီသင်ခန်းစာတွေက တော်ဝင်နန်းတော်မှာ တွေ့တာတွေလောက်တော့ ကောင်းမှာမဟုတ်ဘူး။ ဒါပေမဲ့ သင်ကြည့်ပြီးမှ မင်းအတွက် အသုံးဝင်မဝင် ကိုယ်တိုင် ဆုံးဖြတ်ခွင့်ပြုမယ်။ အဲဒါက မင်း ရှေးဟောင်းတော်ဝင်မြို့က အကောင်ကို အညှာအတာမရှိ သတ်ပစ်ဖို့ အထောက်အကူ ဖြစ်နိုင်တယ်” လူအိုကြီးက ရှင်းပြသည်။

ရီဖူရှင်း၏ မေးရိုးက ပြုတ်ကျသွားခဲ့သည်။ အသက်တစ်ချောင်းနှင့် ပတ်သက်သည်ကို ပေါ့ပေါ့ပါးပါး ပြောဆိုနေသည်လား။

သို့ရာတွင် လူအိုကြီးသည် ကြယ်ခူးဆွတ်သူ ရှန့်ထိုဟု ကျော်ကြားသည့်အတွက် သူသည် ကြယ်တာရာစွမ်းအား၌ သေချာပေါက် အစွမ်းထက် ပေလိမ့်မည်။

“ဒီလိုဆိုမှတော့ စီနီယာကို ကျေးဇူးတင်ပါတယ်” ရီဖူရှင်းသည် သူ၏ လက်များကို ဆုပ်ကာ အရိုအသေပေးရင်း ပြောသည်။ သူ၏ ကျင့်ကြံရေးကို ကူညီရန် သူ့တံခါးပေါက်ထိ ရောက်လာသူကို ငြင်းဆန်ဖို့ရာအထိ သူက တုံးအလိမ့်မည် မဟုတ်ပေ။

ထို့အပြင် သေချာသည်မှာ ထိုလူအိုကြီးသည် သူ့ကို ထိခိုက်စေလိုသည့် စိတ်မရှိပေ။ “မျက်လုံး၊ နားနဲ့ အရာအားလုံးကို သုံးပြီး တစ်ဆင့်ချင်း ခံစားကြည့်” လူအိုကြီး၏ မျက်လုံးများက ချက်ချင်းပင် အလွန်နက်ရှိုင်း လာသည်။ သူသည် ရီဖူရှင်းဆီသို့ ဖြည်းညင်းစွာ လျှောက်လာနေပြီး ချက်ချင်းပင် ရီဖူရှင်း၏ မျက်လုံးများသည် ယင်းတို့ အတွင်း၌ နစ်မြုပ်သွားသည်ဟု ထင်မှတ်ရသည်။ ရီဖူရှင်းသည် မခုခံဘဲ သူ၏ စွမ်းအားအသိများကို ထိုမျက်လုံးများ အတွင်းသို့ ဝင်ရောက်သည်အား ခွင့်ပြုထားသည်။ အတွင်း၌ ကြယ်များ၏ ကမ္ဘာတစ်ခုကို ရှာဖွေ တွေ့ရှိလေသည်။

ရီဖူရှင်းသည် မကြာခင်မှာပင် ထိုအတွင်းသို့ အပြီးတိုင် နစ်မြုပ်သွားခဲ့သည်။

သူသည် သူ၏ ကျင့်ကြံခြင်း အတွင်းသို့ နစ်မြုပ်နေပြီး လူအိုကြီး ထွက်သွားပြီးနောက် အတန်ကြာသည်အထိ ကျင့်ကြံနေရာ အတွင်းမှ ထွက်မလာခဲ့သေးပေ။

***

ခုနစ်ရက်ဟူသည့် အချိန်သည် မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံးသွားခဲ့သည်။ သွေးနဂါးဘုံတွင် အလွန်တိုတောင်းသည့် အချိန်ဖြစ်ပေသည်။ သူသည် တံခါးပိတ် ကျင့်ကြံနေသည်မှာ သိပ်ပင် မကြာမြင့် သေးသော်လည်း ရှင်းခိုင်နှင့် ရီဖူရှင်း၏ တိုက်ပွဲစတင်မည့် နေ့သို့ ရောက်ရှိလာပြီ ဖြစ်၏။

သွေးနဂါး မြစ်ကမ်းပါးတွင် လူအုပ်ကြီးမှာ လူပင်လယ်ကြီးပင် ဖြစ်နေသည်။ မရေတွက်နိုင်သည့် တန်ခိုးရှင်များ ရောက်ရှိနေကြပြီ ဖြစ်ကာ ထိပ်တန်း အင်အားစုများမှ အချို့သော ပုဂ္ဂိုလ်ကြီးများနှင့် ဘုံအစွန်အဖျားရှိ ထိပ်တန်းအဆင့် ပါရမီရှင်များလည်း ပါဝင်သည်။

သူတို့အားလုံး၏ အာရုံများကို ထိုအော်မြည်နေသည့် မြစ်ဆီသို့ ပို့ဆောင်လိုက်ကြသည်။ သွေးနဂါးမြစ် တိုက်ပွဲသည် နှစ်တိုင်း ဤနေရာ၌ ကျင်းပပြီး လူအများကြီးကို ဆွဲခေါ်နိုင်သည့် ပွဲတော်ဖြစ်ပေသည်။

သို့သော်လည်း ဤရက်တွင် ကျင်းပသည့် တိုက်ပွဲသည် ယခင်နှစ်များ အတွင်း ကျင်းပခဲ့သော သွေးနဂါးမြစ် တိုက်ပွဲတို့ထက် အာရုံအစိုက်ခံရဆုံး ပြိုင်ပွဲ ဖြစ်ပေလိမ့်မည်။

သွေးနဂါးမြစ် တိုက်ပွဲ၏ မူလအဓိပ္ပာယ်မှာ စွမ်းအားအထွတ်အထိပ် ရောက်နေသည့် ပုဂ္ဂိုလ်များကြားမှ တိုက်ပွဲဟု ဆိုလိုသည်။ အပြတ်အသတ် အနိုင်ရသူကို ဒေသနန်းတော်သို့ ဝင်ရောက်ရန် လက်ခံလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ယခုဖြစ်ပွားမည့် တိုက်ပွဲသည်တော့ ဒေသဘုရင် အဆင့် သတ်မှတ်ချက်၌ ဝင်ရောက်နေသည့် အလွန် အစွမ်းထက်လှသော ပုဂ္ဂိုလ်နှစ်ဦးကြားမှ တိုက်ပွဲဖြစ်သည်။ ထို့အပြင် သေခြင်းရှင်ခြင်း တိုက်ပွဲလည်း ဖြစ်နေသေး၏။

သွေးနဂါးဘုံ၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သည့် ပါရမီရှင် နှစ်ဦးက သွေးနဂါးမြစ် အထက်တွင် တိုက်ခိုက်တော့မည် ဖြစ်၏။

အပြင်လူများအပြင် ဒေသနန်းတော်မှ လူများပင်လျှင် ဒေသနန်းတော် အပြင်သို့ ထွက်လာကာ ရပ်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများသည် သူတို့ရှေ့မှ အော်မြည်နေသည့် မြစ်ထက်တွင် ရှိနေသည်။

ဖေမင်၊ ရင်ထျန်းကျောက်၊ ရှုကျီ၊ ရှဲ့ချင်းရှန်းနှင့် အခြားသော ထိပ်သီးပါရမီရှင်များလည်း လာရောက်ကြသည်။ သွေးနဂါးမြစ်၏ ဆန့်ကျင်ဘက် ကမ်းပါးတွင် လော့ယန်၊ ကျန်းထိုက်အယ်နှင့် မက်မွန်ပွဲတော်သို့ တက်ရောက်ခဲ့သည့် လူအများသည်လည်း ထိုနေရာသို့ ရောက်ရှိနေကြပေသည်။ သွေးနဂါးဘုံ တစ်ခုလုံးသည် ဤတိုက်ပွဲကို အာရုံစိုက်နေကြပေ၏။

“ဘယ်သူနိုင်လိမ့်မယ်လို့ ထင်လဲ” ရှဲ့ချင်းရှန်းက စိတ်လှုပ်ရှားစွာနှင့် မေးသည်။

“ငါ ကြားတာတော့ နဝမအစေခံက ချန်ယဲ့မြို့ကို သွားပြီး ရီဖူရှင်းရဲ့ ကျင့်ကြံဆင့်ကို စစ်ဆေးခဲ့တယ်တဲ့။ ကြည့်ရတာ ရီဖူရှင်း အဆင့်တက်သွားပြီ ထင်လို့ ဖြစ်မယ်။ အရင်က ရီဖူရှင်းနဲ့ ယူချင်းက ရှင်းခိုင်ကို ရိုက်နိုင်ခဲ့တယ် ဆိုပေမယ့် အခုက သူတို့နှစ်ယောက်ရဲ့ တစ်ယောက်ချင်း တိုက်ပွဲ ဖြစ်တာမို့လို့ ရှင်းခိုင် နိုင်ဖို့ အခွင့်အရေး များနေမှာ စိုးမိတယ်” ရင်ထျန်းကျောက်က ပြောသည်။ “ဒါက အယူအဆ သက်သက်ပါပဲ။ ဒီစိန်ခေါ်မှုကို စတာ ရီဖူရှင်းဆိုတော့ သူက သေချင်နေတာကြောင့်နဲ့တော့ ဒီလိုလုပ်တာ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ငါတို့က သူ ဘယ်လောက် လုပ်နိုင်စွမ်းရှိလဲ သက်သေပြဖို့ လွှတ်ထားသင့်တယ်။ ရလဒ်ကို ခန့်မှန်းဖို့က အခုချိန်မှာတော့ ခက်နေသေးတယ်”

“ငါ ထင်တာတော့ ရီဖူရှင်းက ယုံကြည်ချက် လွန်ကဲသွားတာ ဖြစ်လိမ့်မယ်” ရှုကျီက ရင်ထျန်းကျောက်၏ အမြင်ကို သဘောမတူပေ။ သူမသည် အေးစက်စက် အသံနှင့် ဆက်ပြောသည်။ “ဒီတိုက်ပွဲမှာ ထူးထူးခြားခြား အံ့သြစရာ ဘာမှ ရှိမှာ မဟုတ်ဘူး”

ကြည့်ရသည်မှာ သူမက ရှင်းခိုင် နိုင်မည်ဟု ထင်နေပုံရလေသည်။

“ကျုပ် အထင်ကတော့ ရီဖူရှင်းက အခွင့်အရေး ပိုများတယ်” ဖေမင်က ရှင်းလင်းစွာ ပြောသည်။ သူ့အသံက ပေါ့ပေါ့ပါးပါးနှင့် အေးဆေးတည်ငြိမ်နေသည်။

ထိုစကား၏ နောက်ကွယ်တွင် မည်သည့် အကြောင်းပြချက်မှ မရှိပေ။ သူတို့၏ ခွန်အားကို ခွဲခြမ်းစိတ်ဖြာ၍ သေချာပေါက် ကောက်ချက်ချရန်လည်း မဖြစ်နိုင်သေးပေ။ သူသည် ရိုးရှင်းစွာပင် သူ ခံစားနေရသည့်အတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။

သူတို့သာလျှင် ခန့်မှန်း ကြည့်နေကြသည် မဟုတ်ပေ။ သွေးနဂါးဘုံ တစ်ခုလုံးမှ လူများသည်လည်း ထိုတိုက်ပွဲ၌ မည်သူ အနိုင်ရရှိမည်ကို ခန့်မှန်းနေကြပေသည်။

မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ် စွမ်းအားများက အထက်မှ ကျဆင်းလာသည်။ သွေးနဂါးမြစ်သည် အော်မြည်ကာ လှိုင်းထန်နေ၏။ ပုံရိပ်တစ်ခုသည် လေထဲတွင် ပေါ်ပေါက်လာပြီးနောက် ရှေ့သို့ လျှောက်လာကာ သွေးနဂါးမြစ်ဆီသို့ တည့်တည့် ဦးတည်သည်။

“ရှင်းခိုင် ရောက်လာပြီ”

အားလုံး၏ မျက်လုံးများက သူ့ပေါ်သို့ ရောက်ရှိလာသည်။ တိုက်ခိုက်ရေး စွမ်းအားများသည် သူ့ကို လွှမ်းခြုံထားပြီး သူ့ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။

တိုက်ပွဲသည် မစတင်သေးသော်လည်း သူ၏ တိုက်ခိုက်ရေး စွမ်းအားများကို ထုတ်လွှတ်ထားသည်။ ယင်းသည် သူ့ပေါ်တွင် ပြင်းထန်စွာ လှုပ်ရှားနေပြီး သွေးနဂါးမြစ် အထက်ရှိ လေဟာနယ်ကို ချက်ချင်း ဝါးမျိုပစ်တော့မလို ထင်မှတ်ရပေသည်။

***


Comment

  1. pyaephyothwe9793@gmail.com says:

    Good

Leave a Reply


Options

not work with dark mode
Reset