Switch Mode

အပိုင်း(၁၃၀၆)

စိန်ခေါ်မှုတစ်ခု

ချန်ယဲ့မြို့၏ မြို့စားရုံးတော်သို့ တန်ခိုးရှင်တစ်စု ရောက်ရှိလာကြသည်။ ဆန်းထျန်ကျန့်သည် သူတို့ကို ကိုယ်တိုင် လက်ခံ တွေ့ဆုံလေသည်။ ထိုရောက်ရှိလာကြသူများမှာ လွှမ်းမိုးနိုင်သော အရှိန်အဝါများကို ထုတ်လွှတ်နေပြီး အားလုံးသည် ဒေသနန်းတော်၏ သွေးနီရောင် လွှမ်းသည့် ဝတ်စုံများ ဝတ်ဆင်ထားကြသည်။ ဦးဆောင်လာသည့် လူတစ်ဦးမှာ ပြန်လည် မွေးဖွားခြင်းအဆင့် ထိပ်သီးပုဂ္ဂိုလ် တစ်ဦး ဖြစ်ပေသည်။

“ဘာကိစ္စများရှိလို့လဲ” ဆန်းထျန်ကျန့်က သူ့လက်များကို ဆုပ်ကာ အရိုအသေပြုရင်း မေးသည်။

“ကျုပ်တို့က မြို့စားရီကို လာရှာတာပါ” ဦးဆောင်လာသည့် သူက ပြန်ဖြေသည်။

“မြို့စားရီက အခု တံခါးပိတ် ကျင့်ကြံနေပါတယ်။ အခုတလော ဖြစ်သွားတဲ့ တိုက်ပွဲအကြောင်း ခင်ဗျားတို့ အားလုံးလည်း သိကြမယ်လို့ ထင်ပါတယ်။ သူက တစ်ယောက်တည်း ကျင့်ကြံဖို့ အချိန်တချို့ လိုအပ်နေတယ်” ထို့နောက် ဆန်းထျန်ကျန့်က ထပ်ပြောသည်။ “တကယ်လို့ စိတ်မရှိဘူးဆိုရင် အမှာစကားကို ကျုပ်ကတစ်ဆင့် အကြောင်းကြား ပေးပါ့မယ်”

“အဲဒီလို လုပ်လိုက်ပါ” သံတမန်က ဖြည်းညင်းစွာ ခေါင်းညိတ်ရင်း ဆက်ပြောသည်။ “ဒေသနန်းတော်ကနေ ဒီကို ရောက်လာရတာ ရီဖူရှင်းနဲ့ ရှားရှင်းယွန်ကို ဒေသနန်းတော်မှာ ကျင့်ကြံဖို့ ဖိတ်ကြားချင်လို့ပါ။ ဖိတ်ကြားခံရတဲ့ သူတွေက သွေးနဂါးမြစ်ကို အချိန်မရွေး လာရောက်နိုင်ပါတယ်”

မြို့စားရုံးတော်မှ လူအများသည် ရောက်ရှိလာသူများကို မော့ကြည့်လိုက်ကြပြီး အတော်လေး တုန်လှုပ်သွားကြသည်။ သူတို့က ဤကဲ့သို့ ဖြစ်လိမ့်မည်ဟု ခန့်မှန်း ထားကြလျှင်ပင် တကယ်တမ်း ဖြစ်လာသည့်အချိန်၌ ထိတ်လန့်တုန်လှုပ် သွားကြဆဲပင် ဖြစ်သည်။

ဒေသနန်းတော်က နောက်ထပ် ခြွင်းချက်တစ်ခု ပြုလုပ်ပေးနေပြန်၏။

သွေးနဂါးဘုံတွင် သွေးနဂါးမြစ်၌ ရွေးချယ်ပွဲမှာ လွဲချော် သွားသူများသည် ဒေသနန်းတော်သို့ ဝင်ရောက်ရန် အခွင့်အရေး မရရှိနိုင်တော့ပေ။ ဒေသနန်းတော်သို့ ဝင်ရောက်လိုသည့် ရည်ရွယ်ချက် ရှိသူသည် လုံလောက်စွာ ထူးကဲသည့် အရည်အချင်းကို ပြသနိုင်ခဲ့လျှင် ထိုနေရာသို့ ဝင်ရောက်ခွင့်ရနိုင်ပေသည်။

ရီဖူရှင်းနှင့် ရှားရှင်းယွန်သည် ဒေသနန်းတော်၏ ခွင့်ပြုချက်ကို ရရှိခဲ့ကြသည်။ သူတို့ မက်မွန်ပွဲတော်မှ အပြန်တွင် ဖြစ်ပျက်ခဲ့သည်များမှာ ခြွင်းချက်ဖြစ်ပေးရန် လုံလောက်ခဲ့သည် ဖြစ်၏။ ရီဖူရှင်းသည်တော့ အနည်းငယ်ပင် ပြောရန်မလိုပေ။ ရှားရှင်းယွန်သည်လည်း ရှုကျီကို ရှုံးနိမ့်စေခဲ့ခြင်းဖြင့် သူမ၏ ပါရမီ အရည်အချင်းကို သက်သေပြခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဒေသနန်းတော်မှ သူမကို ဖိတ်ကြားချက် ကမ်းလှမ်းသည်မှာ ထူးဆန်းသည့် အရာတော့ မဟုတ်ပေ။

“သိပ်ကောင်းတာပဲ။ ကျုပ်က မြို့စားရီဆီ သတင်းပို့ပေးပါ့မယ်” ဆန်းထျန်ကျန့်က ခေါင်းညိတ်ကာ ပြောသည်။ လူအများစုသည် ထိုသို့ သတင်းမျိုး ကြားရလျှင် အလွန် ရွှင်မြူးနေလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဒေသနန်းတော်သို့ အမှန်တကယ် ဝင်ရောက်ခွင့် ရသူများသည် မည်သည့်အခါမှ အလွန်အကျူး စိတ်လှုပ်ရှားမည် မဟုတ်ပေ။ ထိုသည်မှာ သူတို့သည် အခြားလူ အများစု၏ အထက်တွင် ရပ်တည်နေသူများ ဖြစ်သောကြောင့် ဂုဏ်ယူဝင့်ကြွားမှုနှင့် ယုံကြည်ချက် အပြည့် ရှိကြခြင်း ဖြစ်သည်။

ရီဖူရှင်း အတွက်သည်တော့ ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် ဝင်ရောက်ရန် အရည်အချင်း ပြည့်မီသည်ထက် သာလွန်နေသည်ကြောင့် ဒေသနန်းတော်သည်ပင် သူ့ကို အဆင့် သတ်မှတ်ချက်၌ ခြွင်းချက်အဖြစ် ထည့်ပေးခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ဒေသနန်းတော်တွင် ကျင့်ကြံရန် အရည်အချင်း ပြည့်မီသည်ဟု ယူဆခြင်းမှာ သာမန်ပင် ဖြစ်၏။

ဆန်းထျန်ကျန့်သည် ထိုအကြောင်းအရာနှင့် ပတ်သက်၍ မည်သည့် အံ့သြခြင်းမှ မခံစားရပေ။ ရီဖူရှင်း ယခင်က လုပ်ဆောင်ခဲ့သည်များနှင့် နှိုင်းယှဉ်လျှင် ခက်ခဲသည့် ဒေသနန်းတော်သို့ ဝင်ရောက်ခွင့်ရသည်မှာ အဓိပ္ပာယ် ရှိပေသည်။ သို့သော်လည်း  သူ့ကို စိတ်သက်သာရာ ရစေသည်မှာ ထိုဖိတ်ကြားချက်သည် ရီဖူရှင်းက ဒေသနန်းတော်သို့ ဝင်ရောက်ကျင့်ကြံရန် သဘောတူသည်နှင့် ဒေသနန်းတော်၏ ကာကွယ် စောင့်ရှောက်မှုကို ရရှိသည်နှင့် တူပေသည်။ ထိုအဓိပ္ပာယ်မှာ နဝမအစေခံက သူ့ကို ဒုက္ခပေးရန် လက်လှမ်းမမီတော့ ဟူ၍ ဖြစ်ပေသည်။

နဝမအစေခံသည် မကြာသေးခင်က ဒေသနန်းတော်၏ လိုဏ်ဂူသခင်နှင့် ကတောက်ကဆ ဖြစ်ပွားခဲ့ချိန်တွင် သူက မောက်မာမှုနှင့် ခက်ထန်ကြမ်းတမ်းမှုကို ပြသခဲ့သည်မှာ သူ၏ ခွန်အားနှင့် နောက်ခံကြောင့် သာလျှင် ဖြစ်သည်။ အကယ်၍ သူတို့၏ အင်အားစုများ သန်မာမှုကို နှိုင်းယှဉ်လျှင် ရှေးဟောင်းတော်ဝင်မြို့သည် ဒေသနန်းတော်နှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် ဒေသနန်းတော်သည် သွေးနဂါးအင်ပါယာ ကိုယ်တိုင်က ကျောထောက်နောက်ခံ ပြုပေးထားခြင်း ဖြစ်သည်။

“ကောင်းပြီ” ဒေသနန်းတော်မှ လူများသည် ခေါင်းညိတ်လိုက်ပြီး ကောင်းကင်ထဲသို့ ပျံသန်းထွက်ခွာ သွားပေတော့သည်။ သူတို့သည် ထိုနေရာသို့ သတင်းလာပို့ရုံသာ ဖြစ်ပုံရလေသည်။

ရီဖူရှင်းက မည်သည်လမ်းကို ရွေးချယ်သည်ဖြစ်စေ ထိုသည်က သူ့ကိစ္စဖြစ်သည်။

လူအနည်းငယ်သာလျှင် ထိုသတင်းကြောင့် အံ့သြထိတ်လန့် ကြပေသည်။ ဆန်းထျန်ကျန့်သည် လှည့်ထွက်လိုက်ပြီး ရှားရှင်းယွန်ကို ပြောပြရန် အသင့်ဖြစ်နေကာ ရီဖူရှင်းနှင့် သူမက ဘာလုပ်မည်ကို ဆုံးဖြတ်ချက်ချလိမ့်မည် ဖြစ်သည်။

ရီဖူရှင်းသည် ဒေသနန်းတော်၏ ဖိတ်ကြားချက်ကို လက်ခံ၍ ထိုနေရာ၌ ကျင့်ကြံမည့် သတင်းသည် ချန်ယဲ့မြို့စား ရုံးတော်မှ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ထိုသတင်း ထွက်ပေါ်လာသည်နှင့် ပြင်းထန်နေသည့် လေထု အခြေအနေက ပေါ့ပါးသွားခဲ့သည်။ လူတိုင်းသည် ထိုအဓိပ္ပာယ်က တိုက်ပွဲကြီးကို ရှောင်ရှားရန် ဖြစ်လာမည်လားဟု သိချင်နေကြသည်။

ရီဖူရှင်းသည် အချိန်တစ်ခုထိ နဝမအစေခံနှင့် ထိပ်တိုက်တွေ့မည်ကို ရှောင်ရှားလိုခဲ့သည်။ သူသည် သူ၏ အချိန်များကို ကျင့်ကြံရန်နှင့် သူ့စွမ်းအားများကို တိုးမြှင့်ရန်သာ မြှုပ်နှံထားလိုသည်။ သို့သော်လည်း လူအများသည် ရီဖူရှင်းနှင့် ရှင်းခိုင် နှစ်ယောက်လုံးက တူညီသည့် နေရာတွင် ကျင့်ကြံနေကြခြင်း ဖြစ်သည်ကို သတိပြု မိလိုက်ကြပြီး ထူးထူးခြားခြား အမူအရာများ ဖြစ်ကုန်ကြသည်။ ထိုနှစ်ယောက်သည် ဒေသနန်းတော်တွင် တွေ့ဆုံသည့်အခါ မည်သို့ ဖြစ်ပျက်လိမ့်မည်ကို သူတို့ သိလိုနေကြ၏။

သူတို့က ဆက်လက်၍ တိုက်ခိုက် နေကြဦးမည်လား လူအများက စိတ်ဝင်စားနေကြသည်။

ရှင်းခိုင်သည် ရှေးဟောင်းတော်ဝင်မြို့ အတွင်း၌ ငြိမ်းချမ်းစွာ ကျင့်ကြံနေသည်။ ကောင်းကင်ပြစ်ဒဏ် တိုက်ခိုက်ရေး စွမ်းအားများမှ တောက်ပသည့် အလင်းများသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး ထည်ဝါသည့် အရှိန်အဝါများကို ထုတ်လွှတ်ပေးနေသည်။ သို့ရာတွင် ရှင်းခိုင်၏ အမူအရာမှာ သူ့ပခုံးပေါ်တွင် လေးလံသည့် တစ်စုံတစ်ခုကို ထမ်းထားရသကဲ့သို့ ကျင်ကြံရာ၌ ပြင်းထန်သော အမူအရာ ကျန်ရှိနေသည်။

သွေးနဂါးမြို့မှ ထိုတိုက်ပွဲသည် သူ့အတွက် ပြင်းထန်သည့် ကံဆိုး မိုးမှောင်ကျမှုဟု ခံစားရပေသည်။ သူ့ အသက်ရှင်သန်ရန် အတွက် နဝမအစေခံပင် ထွက်ပေါ် လာရလိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ် မထားခဲ့ပေ။ ထိုသည်က သူ့ကို စော်ကားလိုက်ခြင်းနှင့် မခြားနားပေ။

သူသည် နီးကပ်လာသည့် ခြေသံများကို ကြားလိုက်ရသည်။ ရှင်းခိုင်သည် သူ့မျက်လုံးများကို ဖွင့်ကာ နဝမအစေခံကို ကြည့်သည်။ သူ့မျက်လုံးများတွင် ယခင်ကကဲ့သို့ သန့်စင်သည့် ခိုင်မာ ပြတ်သားခြင်းများ ရှိမနေတော့ပေ။ ယင်းတို့တွင် အခြားသော အတွေးများ စွန်းထင်းနေပုံ ရလေသည်။

နဝမအစေခံသည် ရှင်းခိုင်၏ မျက်လုံးများကို ကြည့်သည်။ သူသည် ထိုမျက်လုံးများကို ကြည့်ရုံဖြင့် ရှင်းခိုင်၏ လက်ရှိ စိတ်အခြေအနေကို ပြောနိုင်ပေသည်။ ရှင်းခိုင်သည် ရီဖူရှင်းနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် အတွင်းစိတ်ရိုင်းများ မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

“မင်းက ကျင့်ကြံခြင်း လမ်းစဉ်မှာ ဘယ်လမ်းကိုပဲ လျှောက်လျှောက် ကိုယ်တိုင် ရင်ဆိုင်ဖို့ လိုအပ်တာတွေ ရှိတယ်။ မင်းက ဒီတစ်ခေါက်မှာ ပြိုင်ဘက်ကောင်းနဲ့ တွေ့ခဲ့တာလို့ ပြောလို့ရတယ်။ သူက မင်း အရင်က တွေ့ဖူးခဲ့တဲ့ သူတွေထက်ပိုပြီး ထူးချွန်တယ်။ မင်းသာ အဲဒီ အရိပ်ဆိုးကို မကျော်လွှားနိုင်ဘူး ဆိုရင် တစ်သက်လုံး သူ့လွှမ်းမိုးမှု အောက်မှာပဲ နေရလိမ့်မယ်” နဝမအစေခံက ပြောသည်။

“မင်း လုပ်နိုင်မယ်လို့ ယုံကြည်တယ်”

ရှင်းခိုင်သည် တိတ်ဆိတ်နေဆဲပင် ဖြစ်၏။

“မကြာသေးခင်က သတင်းတစ်ခု ထွက်လာတယ်။ သူက ဒေသနန်းတော်ရဲ့ ဖိတ်ကြားချက်ကို ရရှိပြီး ဒေသနန်းတော်မှာ ကျင့်ကြံဖို့ ဝင်လာလိမ့်မယ်။ မင်းတို့နှစ်ယောက်က နောက်ပိုင်းလည်း တွေ့ကြရမှာပဲ” နဝမအစေခံသည် ဆက်ပြောသည်။ ရှင်းခိုင်၏ မျက်လုံးများက ချက်ချင်းပင် အေးစက်သွားသည်။

သို့ဆိုလျှင် ရီဖူရှင်းက ဒေသနန်းတော်၏ အဆင့် သတ်မှတ်ချက်သို့ ဝင်ရောက်သွားခဲ့ပြီလား။

ရှင်းခိုင်သည် ထရပ်လိုက်ပြီး အပြင်သို့ လျှောက်ထွက်သွားသည်။ သူသည် ခြေလှမ်းအတော်များများ လျှောက်သွားပြီး သူ့အကြည့်က အဝေးသို့ ငေးကြည့်နေသည်။

“ဆရာ ကျွန်တော့်ကို စိတ်ပျက်နေလား” ရှင်းခိုင်က မေးသည်။

နဝမအစေခံသည် ရှင်းခိုင်၏ နောက်ကျောကို ကြည့်လိုက်ပြီး တိတ်ဆိတ်နေသည်။

“ကျွန်တော် အမှန်တရားကို ကြားချင်တယ်” ရှင်းခိုင်က ထပ်ပြောသည်။

“ငါက မင်းကို အမြင့်ကြီး အထိ မျှော်မှန်း ထားတာကြောင့် စိတ်ပျက်မိတာတော့ အမှန်ပဲ။ ငါ့ မျှော်လင့်ချက်တွေ အကုန်လုံးကို မင်းအပေါ် ပုံအပ်ထားတာကို မင်းလည်း သိသင့်တယ်။ ဒါပေမဲ့ ကျင့်ကြံနေရင်းနဲ့ ဒီလိုနေ့မျိုးက အနှေးနဲ့အမြန် ရောက်လာနိုင်တာပဲ။ အဲဒါကြောင့် ငါကတော့ မင်းကိုမင်း အရင်ဆုံး ဆန့်ကျင် အနိုင်ရစေဖို့ မျှော်လင့်မိတယ် သခင်လေး” နဝမအစေခံက ဦးညွှတ်ကာ ပြောသည်။ ချက်ချင်းပင် သူ၏ သဘောထားက ပြောင်းလဲသွားသည်။

“သူတို့ကို အနိုင်မယူနိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် အနိုင်ယူရမယ်လား” ရှင်းခိုင်သည် သက်ပြင်းချလိုက်၏။ ထိုသည်က သူအလွယ်တကူ လွှတ်ပေးလိုက်နိုင်သော အရာမျိုးမဟုတ်ပေ။ သူသည် နဝမအစေခံ လာကယ်ခဲ့သောကြောင့်သာ အသက်ရှင်ခဲ့ခြင်း ဖြစ်သည်။

သူက တခြားလူများကို မည်သို့ မျက်နှာပြရမည်နည်း။

သူက တစ်ဖန်ထပ်၍ အင်ပါယာကျန်း၏ မျိုးဆက်အဖြစ် မည်ကဲ့သို့ ဆိုရမည်နည်း။

သူသည် သူ့ကိုသူ ပို၍ စိတ်ပျက်မိသည်။

“မင်းသာ ခွင့်ပြုရင် ချန်ယဲ့မြို့ကို ချက်ချင်း စစ်ချီလိုက်မယ်။ ပြီးရင် သူတို့ရဲ့ ခေါင်းတွေကို ဖြတ်ပြီး ရှေးဟောင်းတော်ဝင်မြို့ကို ပြန်ယူလာခဲ့လိုက်မယ်။ ဒီလို လုပ်လိုက်မယ်ဆိုရင် မင်းလည်း နောက်ထပ် စိတ်ပူနေစရာ မလိုတော့ဘူး” နဝမအစေခံသည် ရှင်းခိုင်၏ နောက်ကျောကို ကြည့်ကာ ပြောသည်။

ရှင်းခိုင်သည် နဝမအစေခံကို သံသယမရှိပေ။ သူသာ ထိုလူအိုကြီးကို အမှန်တကယ် ထိုသို့ လုပ်စေလိုလျှင် သူက နဝမအစေခံကို တစ်ချက်သာ ပြောလိုက်ရန်လိုပြီး လူအိုကြီးက သူ့အတွက် အားလုံး လုပ်ဆောင်ပေလိမ့်မည်။ သို့သော်လည်း သူ ရှုံးနိမ့်ခဲ့ရသည့် တစ်စုံတစ်ယောက်ကို သတ်ရန် နဝမအစေခံကို စေလွှတ်ပါက ပို၍ပင် လူရယ်စရာ ဖြစ်လာလိမ့်မည် ဖြစ်၏။

“ဆရာ” လှေကားအောက်ခြေမှ အသံတစ်ခု ကြားလိုက်ရသည်။ တစ်ယောက်ယောက် ရောက်ရှိလာကာ အရိုအသေ ပြုသည်။

“ဘာကိစ္စလဲ” နဝမအစေခံသည် စကားပြောလာသည့်လူကို လှည့်ကြည့်သည်။ သူ၏ ထက်ရှသော မျက်လုံးများက လေဟာနယ်ကို ထွင်းဖောက်သွားမတတ် ဖြစ်သည်။ ထိုကဲ့သို့သော အချိန်တွင် တစ်စုံတစ်ယောက်က မည်သည့်အတွက် လာရောက်နှောင့်ယှက်သည်ကို သူ သိချင်မိသည်။

ထိုလူသည် စာကို ကိုင်ထားသည့် လက်နှစ်ဖက်ကို ကမ်းကာ ပေးလိုက်၏။ ကြည့်ရသည်မှာ ဖိတ်ကြားချက် တစ်ခုခုနှင့် တူပေသည်။ နဝမအစေခံသည် လေကို ဆုပ်ဆွဲသည်။ ထို့နောက် စာသည် ပျံသန်းကာ သူ့လက်ထဲသို့ ရောက်ရှိသွားသည်။

နဝမအစေခံသည် စာကို ဖွင့်ကာ အကြောင်းအရာကို ဖတ်ရှုသည်။ ထိုအချိန်တွင် အမြဲတည်ငြိမ် နေတတ်သည့် သူ၏ အမူအရာက တုန်လှုပ်ချောက်ချားမှုတို့ ဖြစ်ပေါ်လာသည်။

နဝမအစေခံ၏ မျက်လုံးများက လေဟာနယ်ကို ထိုးဖောက်သွားသည်ဟု ထင်မှတ်ရသည်။ သူသည် ချန်ယဲ့မြို့ဘက်သို့ ဦးတည်ကာ ကြည့်နေပေသည်။

ချန်ယဲ့မြို့၏ မြို့စားရီဖူရှင်း။

သူက တကယ့်ကို တစ်ခုခုပဲ။

“အဲဒါ ဘာလဲ” နဝမအစေခံ၏ ဘေး၌ ရပ်နေသည့် ရှင်းခိုင်သည် သူ့အမူအရာကို မြင်လိုက်တာကြောင့် မေးလိုက်၏။

နဝမအစေခံသည် ရှင်းခိုင်ကို ကြည့်လိုက်သော်လည်း စာကိုတော့ မပေးခဲ့ပေ။ ရှင်းခိုင်သည် လွဲမှားမှု တစ်ခုခုကို ခံစားမိလိုက်တာကြောင့် သူ့လက်ကို ဆန့်ကာ စာကို ယူရန် ရည်ရွယ်သည်။ နဝမအစေခံသည် ထို့နောက်မှသာ စာကို သူ့ထံ ပေးလိုက်၏။

ရှင်းခိုင်သည် စာကို တစ်ချက်ကြည့်သည်။ သူ၏ မျက်လုံးများက တစ်ခဏအတွင်းတွင် အလွန် ထက်ရှလာသည်။ အစွမ်းထက်သည့် တိုက်ခိုက်ရေး စွမ်းအားများက သူ့ခန္ဓာမှ အထိန်းအချုပ် ကင်းမဲ့ကာ ရက်စက်စွာ ပေါက်ကွဲ ထွက်ပေါ်လာသည်။

ရီဖူရှင်း …

ဒါက တကယ့်ကို ရူးသွပ်တာပဲ …

ထိုစာသည် ရှေးဟောင်းတော်ဝင်မြို့သို့ စိန်ခေါ်ရန် ပို့လိုက်ခြင်း ဖြစ်သည်။ ဒေသနန်းတော် အပြင်ဘက် သွေးနဂါးမြစ် အထက်တွင် သေခြင်းရှင်ခြင်း တိုက်ပွဲကို တိုက်ခိုက်ရန် စိန်ခေါ်ထားခြင်း ဖြစ်သည်။ ဒေသနန်းတော်က မျက်မြင်သက်သေ လုပ်ပေးမည် ဖြစ်၏။

ရီဖူရှင်းသည် ဒေသနန်းတော်သို့ မဝင်ရောက်မီ သွေးနဂါးမြစ် အထက်၌ သေခြင်းရှင်ခြင်း တိုက်ပွဲပြုလုပ်ကာ ရှင်းခိုင်နှင့် တိုက်ခိုက်ရန် ရည်ရွယ်ထားသည့် အတွက် သူတို့နှစ်ယောက်သည် ဒေသနန်းတော် အတွင်းမှာ တွေ့ဆုံကြရလိမ့်မည် မဟုတ်တော့ပေ။

အသက်ရှင် ကျန်ရစ်သူ တစ်ဦးသာလျှင် ဒေသနန်းတော်သို့ ဝင်ရောက်ခွင့် ရှိပေလိမ့်မည်။

ရီဖူရှင်းသည် ဒေသနန်းတော် အတွင်း၌ သူနှင့်အတူ ကျင့်ကြံရမည်ကို မလိုချင်ခဲ့ပေ။ စာကို ဖတ်ပြီးသည့်အခါ ရှင်းခိုင်၏ စိတ်ထဲ၌ မည်သို့ ဖြစ်နေမည်ကို မှန်းဆကြည့်၍ ရနိုင်ပေသည်။ သူသည် မကြာသေးခင်က သွေးနဂါးမြို့တွင် ရီဖူရှင်းနှင့် ယူချင်းကို ရှုံးနိမ့်ခဲ့သည်။

ယခု ရီဖူရှင်းက ရှင်းခိုင်ထံသို့ စိန်ခေါ်စာ ပို့ခဲ့သည်။ သူသည် ဤတစ်ကြိမ်၌ ရှင်းခိုင်နှင့် နှစ်ယောက်တည်းသာ တိုက်ခိုက်မည် ဖြစ်၏။ ထို့အပြင် တိုက်ပွဲသည် သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်ကာ ဒေသနန်းတော်မှ လူများလည်း မျက်မြင်သက်သေ အဖြစ် ရှိနေမည် ဖြစ်သည်။ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်သာလျှင် အသက်ရှင်လျက် ထွက်လာနိုင်မည် ဖြစ်၏။

မောက်မာခြင်းနှင့် ပမာမခန့်ပြုခြင်း တွင်တော့ ပြိုင်ဘက်ကင်း အဆင့်ပင် ဖြစ်၏။ ရီဖူရှင်းက သေခြင်းရှင်ခြင်း တိုက်ပွဲ ဖန်တီး၍ တစ်ယောက်ချင်း တိုက်ခိုက်ရန် စိန်ခေါ်လိမ့်မည်ဟု ရှင်းခိုင် မည်သည့်အခါကမှ မျှော်လင့်မထားခဲ့ပေ။

သူ့ ဘေးရှိ နဝမအစေခံ သည်လည်း တူညီစွာပင် အံ့သြနေသည်။ သူက တွေးနေသည်မှာ ရီဖူရှင်း ဒေသနန်းတော်တွင် ကျင့်ကြံရန် သဘောတူသည်မှာ ရှေးဟောင်းတော်ဝင်မြို့နှင့် ထိပ်တိုက်တွေ့ခြင်းမှ ရှောင်ရှားလို၍ ဖြစ်သည်ဟူ၍ ဖြစ်သည်။

သို့သော်လည်း သူသည် ရီဖူရှင်းက ဒေသနန်းတော်သို့ မဝင်ရောက်ခင်တွင် ထိုသို့ စိန်ခေါ်မှုမျိုး လုပ်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ အဆိုးဆုံးမှာ ရှင်းခိုင်၏ နှလုံးသားလမ်းစဉ်က ထိခိုက်ထားပြီး သူ၏ စိတ်အခြေအနေက ယိမ်းယိုင်နေလေသည်။

စာကို လက်ခံရရှိပြီးနောက် သူသည် တိုက်ပွဲကို ငြင်းဆန်နိုင်ရန် အခွင့်အရေး မရှိတော့ပေ။ သူသည် စိန်ခေါ်မှုကို ငြင်းဆန်လိုက်လျှင် သူ့နာမည် ရှင်းခိုင်သည် ဂုဏ်ယူရန် ထိုက်တန်တော့မည် မဟုတ်ဘဲ အရှက်တရားများနှင့်သာ ပြည့်နှက်နေလိမ့်မည် ဖြစ်သည်။

ရှင်းခိုင်သည် သူ၏ လက်ရှိစိတ် အခြေအနေကို မည်သည့်အခါမှ ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း မည်သည့်အရာက ရီဖူရှင်းကို အနိုင်ရစေမည် ဟူသော ယုံကြည်ချက်ကို ရရှိစေပြီး မောက်မာဝင့်ကြွားစေလဲ ဆိုသည်အား သိချင်မိပေသည်။ ရီဖူရှင်းက မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ဖြစ်လာခဲ့ပြီလားဟု သူ တွေးနေမိသည်။

“စိန်ခေါ်မှုကို လက်ခံမှာလား” နဝမအစေခံက မေးသည်။

ရှင်းခိုင်သည် သူ့ကို ကြည့်လိုက်၏။ နဝမအစေခံသည် ရှင်းခိုင်၏ မျက်လုံးများကို ကြည့်၍ မည်သည့် ဆုံးဖြတ်ချက်အား ချလိုက်သည်ကို သေချာလုနီးပါး ရှိနေပြီ ဖြစ်၏။ ရှင်းခိုင်သည် စိန်ခေါ်စာကို လက်ခံပြီး ဖြစ်သည့်အတွက် သူသည် ရွေးချယ်စရာမရှိ တိုက်ခိုက်ရမည် ဖြစ်သည်။

“ခဏလောက် ခွင့်ပြုပါ” နဝမအစေခံက ပြောသည်။ သူသည် ပြောပြီးသွားသည်နှင့် ခြေတစ်လှမ်း လှမ်းလိုက်ကာ အဝေးသို့ ထွက်ခွာသွားသည်။ မကြာခင်တွင် သူ့ခန္ဓာက လေထဲတွင် ပျောက်ကွယ်သွားခဲ့၏။

မကြာခင်တွင် ချန်ယဲ့မြို့၏ မြို့စားရုံးတော်ပေါ်သို့ ပြင်းထန်သည့် စွမ်းအားတို့ ကျဆင်းကာ လွှမ်းခြုံလာသည်။ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်သို့ တက်လာကြ၏။ လေထုအလယ်သို့ အားလုံးသော ပြန်လည်မွေးဖွားခြင်း အဆင့်များ ရောက်လာကာ မော့ကြည့်လိုက်ကြသည်။ အထက်မှ ကျဆင်းလာသည့် ထိုဖိအားသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ဘုန်း …

လေထုအလယ်တွင် ကြီးမားသည့် မျက်နှာတစ်ခု ပေါ်ပေါက်လာပြီး မဟာလမ်းစဉ်၏ စွမ်းအားအသိများက ကျဆင်းလာသည်။ ထိုသည်မှာ နဝမအစေခံ၏ စွမ်းအားအသိမှ ဖြစ်တည်လာသည့် သဏ္ဌာန်ပင် ဖြစ်တော့၏။ ကြောက်မက်ဖွယ် စွမ်းအားများက အရူးအမူး ကျဆင်းလာနေပြီး မြို့စားရုံးတော်ဆီသို့ ဦးတည်သွားသည်။

မြို့စားရုံးတော် အတွင်းမှ ငွေဖြူရောင်ဆံပင်နှင့် ပုံရိပ်တစ်ခု ထွက်လာကာ ကောင်းကင်သို့ တက်သွားသည်။ သူက ကောင်းကင်ရှိ မျက်နှာကို မော့ကြည့်ကာ မေးသည်။ “ကျုပ် အဆင့်တက်သွားမှာ စိုးလို့ လာစစ်ဆေးကြည့်တာလား”

နဝမအစေခံသည် ရှင်းညီအစ်ကိုကို ကာကွယ်ရန် စစ်နတ်ဘုရား၏ မုဒြာကို ထည့်သွင်းပေးထားခဲ့သည်။ သူသည် ရှင်းခိုင်က စိန်ခေါ်မှုကို လက်ခံပြီးနောက် အန္တရာယ်တွင်းသို့ ကျရောက်သွားမည်ကို လွယ်လွယ်နှင့် ခွင့်ပြုမည် မဟုတ်ပေ။ အကယ်၍ ရီဖူရှင်းသာ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်သို့ ရောက်သွားခဲ့လျှင် ရှင်းခိုင်၏ သေခြင်းတရားက နီးကပ်သွားလိမ့်မည် ဖြစ်၏။

နဝမအစေခံသည် သွေးနဂါးမြို့ တိုက်ပွဲမှာကတည်းက သေချာသိရှိသည်မှာ သူတို့နှစ်ဦးက တူညီသော အဆင့်၌ ရှိခဲ့ပြီး သေခြင်းရှင်ခြင်း တိုက်ပွဲသာ တိုက်ခဲ့လျှင် ရှင်းခိုင်သည် သေချာပေါက် သေခြင်းတရားနှင့် အဆုံးသတ်ရလိမ့်မည် ဟူသည်ကို ဖြစ်၏။

ထို့ကြောင့် သူက ကိုယ်တိုင် လာရောက် စစ်ဆေးကြည့်ခြင်း ဖြစ်ပေသည်။

ပြင်းထန်သည့် စွမ်းအားဖိအားများက နေရာတစ်ခုလုံးကို ဆက်လက် လွှမ်းခြုံထားသည်။ ထိုကြီးမားသည့် မျက်နှာကြီးသည့် အောက်ဘက်ရှိ လူအုပ်ကြားထဲမှ ရီဖူရှင်းကို စူးစိုက်ကြည့်နေသည်။

နဝမအစေခံသည် ထိုလူငယ်လေးက နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်၌သာ ရှိသေးသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့်ပင် ထိုလူငယ်က မည်သည့် အတွက်ကြောင့် ထိုမျှ ယုံကြည်ချက်ရှိရှိဖြင့် ရှင်းခိုင်နှင့် တစ်ယောက်ချင်း တိုက်ခိုက်ရန် စိန်ခေါ်ရဲသည်ကို သူ သိချင်သွားမိသည်။

ယခင် သွေးနဂါးမြို့ တိုက်ပွဲတွင် ယူချင်းနှင့် ရတနာလှံက သူ့အား အကူအညီပေးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူတို့နှစ်ယောက်က တစ်ယောက်ချင်း အသေတိုက်မည် ဆိုလျှင် ကိစ္စများက အလွန် ကွဲပြားသွားလိမ့်မည် ဖြစ်သည်။

ရီဖူရှင်းသည် အမှန်တကယ် ရှင်းခိုင်နှင့် ရင်ဆိုင်နိုင်ရန် လိုအပ်သည်။ မဟုတ်လျှင် သေဆုံးခြင်းနှင့် အဆုံးသတ်ရမည့် သူမှာ ရီဖူရှင်း ဖြစ်သွားပေလိမ့်မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset