Switch Mode

အပိုင်း(၁၃၀၅)

ပေါ်ပေါက်လာသည့် စွမ်းအားအသစ်

ရီဖူရှင်းသည် ချန်ယဲ့မြို့သို့ ပြန်ရောက်သည်နှင့် တံခါးပိတ် ကျင့်ကြံခဲ့သည်။ မြို့စားရုံးတော်၌ နေသည့် တန်ခိုးရှင်များမှာ အားလုံး အလုပ်ရှုပ် နေကြလေသည်။ ရှားရှင်းယွန်သည် သွေးနဂါးဘုံ အနောက်ဘက်ရှိ မျိုးနွယ်စု ကိုးခုထံသို့ သွားရောက်ရန် လူတချို့ကို အမိန့်ပေးကာ ထိုမျိုးနွယ်စုများမှ တန်ခိုးရှင်များကို စုစည်းစေ၍ အသင့်ပြင် ထားပေသည်။

ရှေးဟောင်းတော်ဝင်မြို့နှင့် ချန်ယဲ့မြို့သည် သွေးနဂါးမြို့တွင် ထိုတိုက်ပွဲ၌ ထိပ်တိုက် တွေ့ဆုံခဲ့ကြပြီး  တရားဝင် ရန်သူများ ဖြစ်လာကြသည်။ မြို့စားနှစ်ယောက်သည် ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေပြီး နဝမအစေခံသည် ရီဖူရှင်းကို တိုက်ခိုက်ရန် ရှင်းခိုင်၏ ခန္ဓာကိုယ်ကို ငှားရမ်း အသုံးပြုခဲ့သည်။

ထိုတိုက်ပွဲသည် သွေးနဂါးမြို့ အပြင်ဘက်ရှိ အားအကောင်းဆုံး မြို့နှစ်မြို့က အချင်းချင်း စစ်ကြေညာလိုက်ခြင်းနှင့် တူပေသည်။ ထိုကဲ့သို့သော အခြေအနေအောက်တွင် ချန်ယဲ့မြို့သည် စစ်အတွက် အသင့် ဖြစ်နေစေရန် အားထုတ်ပြင်ဆင် နေကြရ၏။

ဤတစ်ကြိမ်၌ သူတို့၏ ပြိုင်ဘက်များသည် ဘုံတစ်ခုလုံး ဒေသတစ်ခုလုံး မဟုတ်ဘဲ မြို့တစ်မြို့သာလျှင် ဖြစ်သည်။ သို့သော်လည်း ဆိုးကျိုးကတော့ သူတို့၏ ယခင်တိုက်ပွဲများနှင့် နှိုင်းယှဉ်နိုင်မည်ဟု ထင်မှတ်ရသည်။ တန်ခိုးရှင်လောက အတွင်းတွင် အဆင့်တစ်ဆင့်၏ အထွတ်အထိပ်ကို ရောက်နေသည့် ပုဂ္ဂိုလ်တစ်ဦးသည် တစ်ယောက်က အရေအတွက် အများအပြားနှင့် တိုင်းတာလျှင် သာလွန်ကြောင်း သတ်မှတ်နိုင်သည်။

သွေးနဂါးမြို့ အပြင်ဘက် နံပါတ်တစ်ပုဂ္ဂိုလ် အဖြစ် ထင်ရှားသော နဝမအစေခံ၏ ခြိမ်းခြောက်မှုသည် တန်ခိုးရှင်များ အားလုံး ပေါင်းစပ်ထားသည့် အတိတ်က ပဋိပက္ခများထက် ပို၍ ကြီးလေးနေသည်ဟု ယူဆနိုင်ပေသည်။ ချန်ယဲ့မြို့မှ လူများသည် ထိုအခြေအနေ အောက်တွင် အသင့် ဖြစ်နေစေရန် ပြင်ဆင်နေကြသည်။

မက်မွန်ပွဲတော်၌ ဖြစ်ပျက်ခဲ့သည့် သတင်းများနှင့် သွေးနဂါးမြို့တွင် ဖြစ်သည့် တိုက်ပွဲ သတင်းသည် မကြာခင်မှာပင် အလျင်အမြန် ပျံ့နှံ့သွားပေသည်။ ရီဖူရှင်းနှင့် ယူချင်းတို့၏ နာမည်များသည် သွေးနဂါးဘုံ တစ်ခွင်တွင် ကျော်ဇောလာခဲ့၏။ မရေတွက်နိုင်သည့် လူများသည် သူတို့အကြောင်းကို ပြောဆိုနေကြသည်။

ချန်ယဲ့မြို့မှ လူနှစ်ယောက်သည် ထိုတိုက်ပွဲ၌ ထိတ်လန့်အံ့သြဖွယ် ပါရမီ အရည်အချင်းနှင့် တိုက်ပွဲစွမ်းရည်တို့ကို ထုတ်ဖော် ပြသခဲ့သည်။ မက်မွန်ပွဲတော်အတွင်း သူတို့၏ စွမ်းဆောင်ရည်မှတစ်ဆင့် ဆုံးဖြတ်ရလျှင်ပင် သူတို့သည် လူတိုင်းထက် သာလွန်၏။

ရှင်းခိုင်သည် သူ ရရှိရမည့် ဂုဏ်သရေတို့ကို လုယူခံလိုက်ရသည့် အတွက် မနာလို ဖြစ်သွားဟန်ရကာ ထို့ကြောင့်ပင် သူက ရီဖူရှင်းကို သတ်ချင်လာအောင် လှုံ့ဆော်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ချန်ယဲ့မြို့၏ အနာဂတ်သည် ကြီးမားသော ဖိအားများ အောက်သို့ ရောက်လာ၏။

ချန်ယဲ့မြို့စား အနေနှင့် ရီဖူရှင်း၏ စွမ်းအားများသည် ကျော်ကြားလာသည်။ သူသည် အင်ပါယာခွာမှ ချန်ရစ်ခဲ့သည့် မျိုးနွယ်စုကိုးခု၏ အရှင်သခင် ဖြစ်လာပြီး သူတို့အားလုံးကို သူတစ်ယောက်တည်း၏ လက်အောက်သို့ သိမ်းသွင်းစုစည်း နိုင်ခဲ့သည်။ သူသည် အင်ပါယာခွာ၏ အမွေအနှစ်ကိုလည်း ဆက်ခံ ရရှိခဲ့သေး၏။

မက်မွန်ပွဲတော်တွင် ဖြစ်ပွားခဲ့သည့် အရာများနှင့် ဆက်စပ်၍ ချန်ယဲ့မြို့စားသည် ရှေးဟောင်းတော်ဝင်မြို့နှင့် အငြင်းပွားခဲ့သော်လည်း လွတ်မြောက် လာနိုင်သည်ကို ကြည့်လျှင် သူ၏ အနာဂတ် အောင်မြင်မှုသည် တိုင်းတာ၍ပင် ရမည် မဟုတ်ပေ။

လူအများ မျှော်လင့်ထား သကဲ့သို့ပင် မကြာခင်၌ သတင်းများ ထပ်မံ ထွက်ပေါ်လာသည်။ သတင်းသည် ဒေသနန်းတော်မှ ဖြစ်ပြီး ရီဖူရှင်းက ဒေသဘုရင် အဆင့်သတ်မှတ်ချက်သို့ ဝင်ရောက်သွားခဲ့ပြီဟူ၍ ဖြစ်ပေသည်။

မက်မွန်ပွဲတော်၌ သူ ပြသခဲ့သော ပါရမီ အရည်အချင်းနှင့် တိုက်ပွဲစွမ်းရည်အပြင် သွေးနဂါးမြို့မှ တိုက်ပွဲများက သူ့ကို အဆင့် သတ်မှတ်ချက်သို့ ဝင်ရောက်စေရန် ပြုလုပ်ခဲ့သည်မှာ ယုံမှားဖွယ်ရာ မရှိပေ။

သူသည် ဒေသဘုရင် အဆင့် သတ်မှတ်ချက်ရှိ အကျော်အမော်များကို လွှမ်းမိုးနိုင်ခဲ့ပြီး မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်မှ ရှင်းခိုင်ကိုလည်း ယူချင်းနှင့် ပူးပေါင်းတိုက်ခိုက်၍ ရှုံးနိမ့်စေခဲ့ကာ နဝမအစေခံပင် ထွက်လာကာ ဖိအားပေး၍ ရှင်းခိုင်ကို ကယ်တင် သွားရပေသည်။

ထိုတိုက်ပွဲ၏ ရည်ရွယ်ချက်ကို အသေးစိတ် ဖော်ပြရန် အနည်းငယ် လိုသည်။ မတူကွဲပြားသည့် အဆင့်များတွင် သိသာစွာပင် နှစ်ယောက်သည် ကောင်းကောင်း ပူးပေါင်းနိုင်ကာ စွမ်းအား ကွာခြားမှုကို ဖာထေး၍ ရှင်းခိုင်ကို အနိုင်ယူ နိုင်ခဲ့သည်။ သူတို့ သုံးယောက်လုံးသည် တူညီသော အဆင့်တွင် ရှိနေမည်ဆိုလျှင် ယူချင်းနှင့် ရီဖူရှင်း နှစ်ယောက်လုံးသည် ရှင်းခိုင်ကို တစ်ယောက်ချင်း ရင်ဆိုင်ကာ ရှုံးနိမ့်စေနိုင်မည် ဖြစ်၏။

ရှင်းခိုင်သည် အတော်လေး ကျော်ကြားပေသည်။ သူသည် ဒေသဘုရင် အဆင့်သတ်မှတ်ချက်၌ ပါဝင်သူ ဖြစ်၏။ ထိုသည်ကပင် ရီဖူရှင်းက အဆင့် သတ်မှတ်ချက်တွင် ဝင်ရောက်လာရန် လုံလောက်သော အကြောင်းအရင်း ဖြစ်ပေသည်။ သို့သော်လည်း ထိုအချိန်တွင် ရီဖူရှင်းသည် အပြင်ဘက်လောက၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သိရှိခြင်း အလျဉ်း မရှိပေ။ သူသည် ပြန်ရောက်လာသည့် အချိန်မှ စ၍ မြို့စားရုံးတော် အတွင်း တံခါးပိတ် ကျင့်ကြံနေသည်။

ရီဖူရှင်းသည် သီးသန့်ကျင့်ကြံရေး နေရာရှိ မြေပြင်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ ကမ္ဘာ့သစ်ပင်၏ ကျောက်စိမ်းရောင် အရွက်များနှင့် အကိုင်းအခက်များသည် သူ့ကို လွှမ်းမိုးထားသည်။ အသက်စွမ်းအားများသည် သူ့ကို လွှမ်းခြုံထားပြီး သူ့ခန္ဓာကိုယ်ရှိ ထိခိုက်ထားသော ဒဏ်ရာများကို ပြန်လည် ကုသနေသည်။

သူသည် သွေးနဂါးမြို့မှ ထိုတိုက်ပွဲတွင် သူ၏ သက်စောင့် ဟော်နန်းထဲမှ မီးဝိညာဉ်လုံးကို အသက်သွင်းကာ ပြင်ပစွမ်းအား အဖြစ် ပြောင်းလဲ ထုတ်ဖော်ခဲ့သည့် အတွက် သူ၏ ကိုယ်ပိုင်အဆင့်ထက် ပိုမိုသော တိုက်ပွဲစွမ်းရည်ကို သုံးစွဲနိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်က ကြီးမားသည့် တန်ပြန်သက်ရောက်မှုကို ဖြစ်ပေါ်စေသည်မှာ သဘာဝပင် ဖြစ်ကာ ပြန်လည် အားပြည့်လာစေရန် သေချာပေါက် အချိန်လိုအပ်မည် ဖြစ်၏။

ကံကောင်းစွာနှင့်ပင် ရီဖူရှင်းထံ၌ ကိုယ်တိုင် ကုသနိုင်သည့် အထူးစွမ်းရည် တစ်မျိုး ရှိလေသည်။ ထို့အပြင် သူ၏ ခန္ဓာတည်ဆောက်ပုံသည် အလွန်သန်မာပြီး ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့လျှင်ပင် အလွန်အမင်း စိုးရိမ်ဖွယ် မရှိပေ။

ထိုအချိန်တွင် သူသည် ကျင့်ကြံခြင်း၌သာ နှစ်မြှုပ်ထားလေသည်။

သူ့ခန္ဓာကိုယ်၏ အတွင်းနှင့် အပြင် ထိခိုက်ဒဏ်ရာများသည် ပြန်လည် ကုသနေကြသည်။ အခြား တစ်ဖက်တွင်လည်း သူ၏ သက်စောင့်ဟော်နန်း အတွင်းမှ မြင်ကွင်းသည် အလားတူ ဖြစ်ပျက်နေပေသည်။

သူ၏ သက်စောင့်ဟော်နန်း အတွင်း စွမ်းအားများမှ ပေါ်ပေါက်လာသည့် ပုံရိပ်တစ်ခုသည် သင်ယူထားသမျှကို ကျေညက်ရန် ကျင့်ကြံနေသည်။ သူသည် မက်မွန်ပွဲတော်မှ အသိပညာ အများအပြား ရရှိခဲ့သည်။ သူသည် ယခုချိန်၌ မှော်ကု့ချင်းကို အသုံးမပြု နိုင်သေးသော်လည်း စာလုံးထောင်ချီ မှော်စာလိပ်နှင့် ကြယ်တာရာ ကျောက်တုံးတို့မှာ အလွန်အသုံးဝင် လှပေသည်။ သူသည် အချိန်တချို့ ပေး၍ ယင်းတို့ကို ကျေညက်အောင် ကျင့်ကြံလိုက်လျှင် သူ၏ လက်ရှိစွမ်းအားများနှင့် ထိုပညာရပ်များက ပေါင်းစပ် သွားပေလိမ့်မည်။

စာလုံးထောင်ချီ မှော်စာလိပ်ဖြစ်စေ၊ ကြယ်တာရာ ကျောက်တုံးဖြစ်စေ နှစ်ခုလုံးသည် ရန်ဟောင်အဆင့် ကျင့်စဉ်များ ဖြစ်သည့်အတွက် သူ၏ တိုက်ပွဲစွမ်းရည်ကို တိုးတက် လာစေလိမ့်မည်။

ထို့အပြင် ထိုစွမ်းရည် နှစ်ခုလုံးသည် တစ်ခုနှင့်တစ်ခု ကွဲပြားမှုရှိသော်လည်း အချင်းချင်း ဖြည့်စွက်နိုင်စွမ်းရှိပြီး သတ်မှတ်ထားသည့် ဖြစ်တည်မှု တစ်ခုခုထံ ပျော်ဝင် ပေါင်းစပ်နိုင်ကာ ပို၍ ကြီးမားသော စွမ်းအားကို ဖန်တီးနိုင်သည်။

ရှေးဟောင်းစာလုံး သင်္ကေတများသည် ရီဖူရှင်း၏ ဘေးတွင် လှည့်ပတ်ရစ်ဝဲ နေကြသည်။ သင်္ကေတများသည် အနီးဝန်းကျင်ရှိ မဟာလမ်းစဉ် စွမ်းအားများနှင့် တစ်သားတည်း ဖြစ်နေသည်။ သင်္ကေတတိုင်းသည် မဟာလမ်းစဉ်၏ စွမ်းအားများ ပါဝင်နေပြီး သူ၏ စွမ်းအားအသိများ အတွင်း ပြည့်လျှံနေသည်။ မည်သည့် သင်္ကေတစာလုံးများ တွင်မဆို မဟာလမ်းစဉ်၏ အလွန်အစွမ်းထက်သော အရှိန်အဝါများ ပါဝင်နေသည်။

စာလုံးထောင်ချီ မှော်စာလိပ်နှင့် ကျင့်ကြံခြင်းသည် သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့် အကန့်အသတ်ကြောင့် တိုက်ပွဲစွမ်းအား အပြည့်အဝကို သုံးစွဲရန် ခွင့်မပြုခဲ့ပေ။ သူသည် ယခင်က ရရှိပြီး ဖြစ်သည့် သင်္ကေတစာလုံး စွမ်းအားများကိုသာ သုံးစွဲနိုင်စွမ်း ရှိပေသည်။ ထိုသို့သော တိုက်ခိုက်ရေး နည်းလမ်းမှာ ဝါးမျို လောင်ကျွမ်းပစ်ခြင်းနှင့် ဆင်တူပေသည်။

သို့သော်လည်း သင်္ကေတစာလုံးများ တိုက်ခိုက်သည့်အခါ သယ်ဆောင်လာသည့် မဟာလမ်းစဉ်၏ စွမ်းအားများသည် နားလည် သဘောပေါက်အောင် လေ့ကျင့်ရန် ထိုက်တန်ပေသည်။ သူက လုံလောက်စွာ နားလည် သဘောပေါက်မှု ရှိခဲ့လျှင် သူသည် မည်သည့် အချိန်တွင်မဆို ထိုသို့သော စွမ်းအားကို ထိန်းချုပ် အသုံးချနိုင်စွမ်း ရှိပေလိမ့်မည်။

သူသည် ထိုစွမ်းအားများကို အပြည့်အဝ ထုတ်ဖော် အသုံးပြုနိုင်စွမ်း မရှိခင် ရန်ဟောင်အဆင့်သို့ နီးစပ်လာစေရန် လုပ်ဆောင်ဖို့ရန် လိုအပ်သည်ဟု ယူဆပေသည်။ ထိုသို့ လုပ်ဆောင်ပါမှ သူသည် သင်္ကေတစာလုံးများ အတွင်းမှ စွမ်းအားများကို သုံးစွဲရန် လက်တွေ့ကျကျ ခွင့်ပြုလိမ့်မည် ဖြစ်ကာ သူ၏ စိတ်ထဲတွင် သင်္ကေတစာလုံးများ ပေါ်ပေါက်လာသည့် အချိန်တိုင်း မဟာလမ်းစဉ်မှ ပေါက်ကွဲထွက်လာသည့် စွမ်းအားများကို ရရှိနိုင်မည် ဖြစ်သည်။

ကြယ်တာရာကျောက်တုံးပေါ်ရှိ တိုက်ခိုက်ရေး နည်းစနစ်မှာ စာလုံးထောင်ချီ မှော်စာလိပ်နှင့် အချို့အရာများ ဆင်တူသော်လည်း ယင်းတို့သည် ကွဲပြားခြားနားပေသည်။ ရီဖူရှင်းသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းပေါ်တွင် ယင်း၏ လုပ်ဆောင်နိုင်စွမ်း အများစုကို မြင်တွေ့ခဲ့သည်။ ယင်းသည် ကြယ်တာရာ စွမ်းအားများကို ဆင့်ခေါ်နိုင်သော မဟာလမ်းစဉ်၏ အစစ်အမှန် ကျောက်စာချပ်ဖြစ်ပြီး ယင်းရှေ့မှ အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။

ထိုသည်မှာ အချို့သော ရှန့်ထိုများ လုပ်ဆောင်နိုင်စွမ်း ရှိသည့်အရာမျိုး မဟုတ်ဘဲ သူသည်လည်း ထိုသည်ကို နားလည် သဘောပေါက်၍ လေ့ကျင့်နိုင်ရန် အချိန်ယူရန် လိုအပ်ပေသည်။ ရန်ဟောင်အဆင့် ကျင့်စဉ်တွင် သိုလှောင်ထားသည့် စွမ်းအားများသည် ရှန့်ထိုအဆင့်မှ မည်သူမှ တောင့်ခံနိုင်သည့် စွမ်းအားမျိုးဖြစ်လိမ့်မည် မဟုတ်ပေ။

အချိန်တချို့ ကျင့်ကြံပြီးနောက် သူ့စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် အရိပ်သည် နိုးထလာခဲ့သည်။ သူ့လက်ထဲတွင် နှင်တံတစ်ခု ပေါ်ပေါက်လာပြီး သူသည် နှင်တံ နည်းစနစ်ကို စတင်အသုံးပြုသည်။ သူ၏ နှင်တံနှင့်အတူ လှုပ်ရှားမှုတွင် ပျက်စီးခြင်း စွမ်းအားများ မပါဝင်သော်လည်း ရိုက်ချက်တိုင်းတွင် မဟာလမ်းစဉ်၏ စွမ်းအားများ ပါဝင်နေသည်။ လှုပ်ရှားမှုတိုင်းသည် မဟာလမ်းစဉ်နှင့် တစ်သားတည်း ရောယှက်နေသည်။

ကောင်းကင်ဘုံ ကိုးဆင့်ရိုက်ချက်သည် ယခုရက်ပိုင်း လေ့လာ ဆန်းစစ်ထားသည့် အသိပညာများနှင့် နှစ်ပေါင်းများစွာ လေ့ကျင့်ထားသည့် စွမ်းအားအသိများ ပါဝင်နေပြီး သူ့ကို နှင်းလူဝံကြီး သင်ကြားပေးခဲ့သော လှုပ်ရှားမှုများ သက်သက်သာ မဟုတ်တော့ပေ။ လှုပ်ရှားမှုများသည် သူ နှစ်ပေါင်းများစွာ ကျင့်ကြံရင်း နားလည် သဘောပေါက်ခဲ့သည့် စွမ်းအားများလည်း ပေါင်းစပ် ပါဝင်နေသည်။ တိုက်ကွက်များက အမြဲပြောင်းလဲ နေသည်။ လွန်ခဲ့သည့် နှစ်များက နှင်းလူဝံကြီး သင်ကြားပေးခဲ့သော လှုပ်ရှားမှု အဆင့်များသည် သိပ်အစွမ်း မထက်တော့သော်လည်း သူ၏ လက်ရှိ အခြေအနေတွင် အသုံးပြုရန် အသင့်တော်ဆုံး ဖြစ်ပေသည်။

သူ၏ သက်စောင့်ဟော်နန်း အတွင်းမှ ဆူညံသံများကို ကြားနေရသည်။ ရီဖူရှင်းသည် နှင်တံနှင့် လေ့ကျင့်ပြီးနောက် တစ်ခဏ ရပ်တန့်သည်။ ထို့နောက် သူသည် လှံရှည်နှင့် စတင်လေ့ကျင့်တော့သည်။ လှံရှည် တိုက်ကွက်များသည် သူက ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်နှင့် အခြားသော နည်းစနစ်များကို အခြေခံ၍ ကိုယ်တိုင် တီထွင် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုသည်က လှံရှည်နှင့် သူ၏ လမ်းစဉ်ကို ပြည့်စုံစေရန် ကူညီပေးသည်။

နှင်တံ ကျင့်စဉ်ကို သူ၏ လှံရှည် တိုက်ကွက်တွင် မြင်နိုင်သော်လည်း သူ၏ လှံရှည်ကို သုံးစွဲသည့် နည်းလမ်းမှာ ကွဲပြားစွာ ကျန်ရစ်လေသည်။ သူ၏ နှင်တံလမ်းစဉ်က ရက်စက်ကြမ်းတမ်းပြီး လွှမ်းမိုးနိုင်သော်လည်း လှံရှည် လမ်းစဉ်သည်တော့ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်၏။ နှစ်ခုလုံးတွင် တူညီသောအချက်မှာ တိုက်ခိုက်ရေးကို အဓိက ဦးတည်ထားခြင်း ဖြစ်ပေသည်။ ယင်းတို့ကို ယှဉ်ကြည့်လျှင်လည်း တူညီသော ခွန်အားကို ပိုင်ဆိုင်ထားပေမည်။

သူ သွေးနဂါးမြို့တွင် ရှင်းခိုင်နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် သူသည် လှံရှည်လမ်းစဉ်ကို အဆုံးစွန်ထိ ထုတ်ဖော်ခဲ့သည်။ လှံချက်တိုင်းသည် နောက်တစ်ချက်ထက် ပို၍ သန်မာလာပြီး ရှင်းခိုင်ကို တောင့်ခံနိုင်ခြင်း မရှိစေရန် ပြုလုက်နေသည်။

ရီဖူရှင်းသည် သူ၏ သက်စောင့်ဟော်နန်း အတွင်း ကျင့်ကြံနေဆဲ ဖြစ်ပြီး လှံရှည်နှင့် ဆက်လက် ကစားနေသည်။ သူ၏ တိုက်ကွက်များ၏ ခွန်အားသည် သဘာဝကျကျနှင့် ဆက်လက် သန်မာလာနေကာ မဟာလမ်းစဉ်၏ စွမ်းအားများနှင့် ပြည့်နှက်နေသည်။

ထို့နောက် သူသည် လက်နက်နှင့် ထိုးဖောက်သည်။ သူ့အနီးရှိ လေထုသည် တုန်ခါသွားပြီးနောက် ရပ်တန့်သွားလေသည်။ သူသည် ငြိမ်သက်စွာ ရပ်နေပြီး တစ်ခုခု တိုးတက် လာသကဲ့သို့ ထင်မှတ်ရပေသည်။

သူသည် သက်သေပြရန် ခက်ခဲမှုကို ဆုပ်ကိုင်ရန် ကြိုးစားနေသကဲ့သို့ တိုက်ကွက်များကို အကြိမ်များစွာ ထုတ်ဖော်လှုပ်ရှားခဲ့သည်။ နောက်ဆုံး၌ သူသည် ရပ်တန့်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ အတွေးထဲ နစ်မြောနေတော့သည်။

တိတ်ဆိတ်နေသော ကျင့်ကြံရေးမြေပြင်မှ ရီဖူရှင်း မျက်လုံးများ ပွင့်လာခဲ့သည်။ သူသည် ရပ်လိုက်ပြီး လက်ကို ဆန့်ထုတ်သည်။ လှံရှည်သည် သူ့လက်ထဲတွင် ရုတ်ခြည်း ပေါ်ပေါက်လာသည်။ ပြင်းထန်သည့် စွမ်းအင်စီးကြောင်းများက သူ ရှေ့သို့ လှမ်းသည့်အတိုင်း သူ့ခန္ဓာအနီးတွင် လှည့်ပတ်စီးဆင်း အော်မြည်နေသည်။ သူ့လက်များက တိုက်ကွက်များကို ဖော်ဆောင်နေပြီး ရှေ့သို့ လှမ်းကာ လက်နက်ဖြင့် သူ၏ အရှေ့ဘက် လေဟာနယ်သို့ ထိုးသည်။

ဘုန်း …

မွန်းကျပ်ဖွယ် ဆူညံသံကို ကြားလိုက်ရသည်။ ကြောက်မက်ဖွယ် လေဟာနယ် ဖြိုခွဲခြင်း စွမ်းအားကို လှံရှည်ထိပ်ဖျားတွင် ခံစားလိုက်ရသည်။ ယင်းတွင် နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည့် လေးလံပြင်းထန်သော ကြယ်စွမ်းအားများ ပါဝင်နေသည်။

“တစ်ခုခု မှားနေသေးတယ်” ရီဖူရှင်းက တီးတိုးရေရွတ်သည်။ သူသည် ရှာနေသည့် ခံစားမှုကို ရှာတွေ့နိုင်စွမ်း မရှိသေးပေ။

သူသည် ဘေးသို့ ရွှေ့ကာ သူ၏ လက်များမှ အခြားသော တိုက်ခိုက်မှုကို ထုတ်ဖော်ကာ ခန္ဓာကိုယ်ကို ရှေ့သို့ ရွေ့လျား သွားစေသည်။ အစွမ်းထက်သည့် မဟာလမ်းစဉ် စွမ်းအားများသည် နေရာတစ်ခုတည်းသို့ ပေါင်းစပ် ဆုံစည်းလာသည်ဟု ထင်မှတ်ရပြီး ဖျက်ဆီးခြင်း မုန်တိုင်းကို ဖြတ်ပေါ်လာစေသည်။

ရီဖူရှင်းသည် မိန်းမောနေသည့် အသွင်ရှိပြီး လှုပ်ရှားမှုများကို ထပ်ကာ ထပ်ကာ ပြုလုပ်နေသည်။ သူသည် ထိုလှုပ်ရှားမှုများကို အကြိမ်ပေါင်းများစွာ ပြုလုပ်နေပြီး သူသည် ဒဏ်ရာများကိုလည်း မေ့ပျောက်နေပုံ ရသည်။

တိုက်ကွက်များကို အကြိမ်ပေါင်းများစွာ ကြိုးစားပြီးသည့်နောက် သူပင် သတိမထားမိဘဲ ပညာရှိကျမ်းက အသက်ဝင် လာပေသည်။ မဟာလမ်းစဉ်၏ စွမ်းအားများသည် သူ့ခန္ဓာ၏ မဟာလမ်းစဉ် မီးပြင်းဖိုအတွင်း စီးဝင်နေသည်။ လှံရှည်ကို ဖြတ်၍ ပေါက်ကွဲထွက်လာသည့် စွမ်းအားများသည် အလွန်ပြင်းထန်ကာ အစွမ်းထက်လာသည်။

သန့်စင်သည့် ငွေရောင် အလင်းများသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ သူသည် နောက်တစ်ကြိမ် ထိုးနှက်လိုက်ပြန်သည်။ ထိုအခိုက်တွင် တောက်ပသည့် အလင်းရောင်စဉ်များသည် လေထုကို ဖြတ်၍ ဖြောင့်တန်းသည့် မျဉ်းတန်း တစ်ခုကဲ့သို့ ပြေးထွက်သွား၏။

ဘုန်း …

ဆူညံသံတစ်ခုကို ကြားလိုက်ရပြီး သူ့အနီးဝန်းကျင်ရှိ လေဟာနယ်မှာ ဖျက်ဆီးခံလိုက်ရသည်။ ကျင့်ကြံရေးမြေပြင်ရှိ သီးခြားဝင်္ကပါသည် ချက်ချင်းပင် ကွဲထွက်သွားခဲ့သည်။

ရီဖူရှင်းသည် နောက်ဆုံး၌ ရပ်တန့်လိုက်၏။ သူသည် လက်ထဲမှ လှံရှည်ကို ကြည့်လိုက်ပြီး သူ ထုတ်ဖော်လိုက်သည့် စွမ်းအားကို ခံစားနေသည်။ သူသည် ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်၏။ အစွမ်းထက်သည့် အရှိန်အဝါသည် ထိုလက်မှ ထွက်ပေါ်လာသည်။

တောက်ပနေသည့် ဖျက်ဆီးခြင်း အလင်းများနှင့် တဖိတ်ဖိတ် တောက်နေသော လျှပ်စီးများသည် အဝေးသို့ ထိုးထွက်သွားသည်။ ထိုအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာသည့် လျှပ်စီး အလင်းတန်းတိုင်းသည် မိုးကြိုးများအဖြစ် ရှေ့သို့ ထိုးထွက်သွားကာ ဖြတ်သန်းသွားသမျှ နေရာရှိ အရာရာကို ဖျက်ဆီးသွားခဲ့သည်။

ထိုမဟာလမ်းစဉ်၏ စွမ်းအားများသည် ကောင်းကင်ထဲတွင် နေရာအနှံ့ ရှိနေသည်ဟု ထင်မှတ်ရသည်။

ရီဖူရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်ကို မော့ကြည့်သည်။

သူသည် သင်ယူလာခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကို ကျင့်ကြံရန် ကြိုးစားနေစဉ် မမျှော်လင့်ဘဲ အခြားသော မဟာလမ်းစဉ်၏ ဆန်းကြယ်သော စွမ်းအားက ပေါ်ပေါက်ကြီးထွား လာသည်။ ထိုစွမ်းအားအသစ်သည် သူ ပိုင်ဆိုင်ထားသည့် စွမ်းအားမျိုး မဟုတ်ပေ။

ထိုလမ်းစဉ်စွမ်းအားတွင် အစွမ်းထက်သော လေဟာနယ် ဖြိုခွဲစွမ်းအားများ ပါဝင်နေသည်။ တစ်ချိန်တည်းမှာပင် အလွန်ကြောက်မက်ဖွယ် ကြယ်စွမ်းအားများနှင့် ပေါင်းစပ်နိုင်စွမ်း ရှိပြီး ဖျက်ဆီးခြင်း စွမ်းအားအပြည့် ပါဝင်သည်။

တိုက်ခိုက်မှုမှ ပေါက်ကွဲထွက်လာသည့် စွမ်းအားများသည် မဟာလမ်းစဉ်၏ စွမ်းအားမျိုးစုံနှင့် ပေါင်းစပ်ကာ ထွက်ပေါ်လာသည်ဟု ဆုံးဖြတ်နိုင်ပေသည်။

“စကြဝဠာ ဖြိုခွင်းခြင်း” ရီဖူရှင်းက ရေရွတ်သည်။ ထိုစွမ်းအား၏ အမည်မှာ စကြဝဠာ ဖြိုခွင်းခြင်း ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားတစ်ခု ဖြစ်သည်။ မဟာလမ်းစဉ် စွမ်းအားများသည် ယင်းနှင့် ပေါင်းစပ်၍ တိုက်ခိုက်မှုတိုင်းကို စွမ်းအား တိုးမြှင့်ပေးလိမ့်မည် ဖြစ်ပြီး ယင်းတို့ကို လွှမ်းမိုးနိုင်ကာ ကြောက်မက်ဖွယ် ဖြစ်အောင် လုပ်ဆောင်ပေးလိမ့်မည်။ တိုက်ကွက်တစ်ခုသည် အရာအားလုံးကို ဖျက်ဆီးပစ်ရန်ပင် လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။

ရီဖူရှင်းသည် မဟာလမ်းစဉ်၏ စွမ်းအားအသစ် ပေါ်ထွက် လာခဲ့ပြီးနောက် သူ့ဖြစ်တည်မှု တစ်ခုလုံးသည် သန့်စင်သော အလင်းများနှင့် တောက်ပနေခဲ့သည်။ ပညာရှိကျမ်း၏ အလင်းများသည် ပို၍ပင် မျက်စိကျိန်းလောက်အောင်  တောက်ပလာပေသည်။

သူ၏ အရှိန်အဝါသည်လည်း သန်မာအားကောင်းလာပြီး မဟာလမ်းစဉ်၏ စွမ်းအားများနှင့် ရောယှက်နေသည်။ မဟာလမ်းစဉ်အပေါ် သူ၏ နားလည်သဘောပေါက်မှုက နက်ရှိုင်းလာပြီး သူသည် သတိပင် မပြုမိလိုက်ဘဲ နတ်ဘုရားဆေးကြော သန့်စင်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset